ဘီတယ်လ် ဂျပန်ပြည်သို့ ရောက်လာစဉ်က ကိုဆုကေသည် သူတို့အကြောင်းကို သိပ်မသိသေးချေ။ နိုင်ငံခြားရပ်မှ နာမည်ကြီး အဆိုတော် လေးယောက်အဖွဲ့ ဟုသာ သူ သိသည်။ ထို့ကြောင့် တီဗီမှ နောက်ကျထုတ်လွှင့်သော ဘီတယ်လ်၏ ဂျပန်ပြည် ခရီးစဉ်အကြောင်းကို ကြည့်၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသော ဝမ်းကွဲအစ်ကိုကို မြင်ရသောအခါ သူ တအံ့တဩ ဖြစ်နေခဲ့သည်။ ထိုစဉ်က အစ်ကိုသည် အထက်တန်း ကျောင်းသားရွယ်သာ ရှိသေးသော်လည်း ၉ နှစ်အရွယ် ကိုဆုကေ၏ အမြင်၌မူ လူကြီးတစ်ယောက်ဟုသာ ထင်မှတ်နေလေသည်။ လောကတွင် ဤမျှ ကြီးကျယ်သောလူများ ရှိသေးကြောင်း သူ နားလည်သဘောပေါက်လာခဲ့သည်။ မည်မျှ ကြီးကျယ်သနည်းဟူမူ သူတို့ ဂျပန်ပြည်သို့ လာလည်ပတ်ရုံမျှဖြင့် အရွယ်ရောက်သော လူကြီးတစ်ယောက်သည် ဝမ်းသာလုံးဆို့၍ ထိုအတွက် မျက်ရည်ကျနေသည်။
သုံးနှစ်ကြာသောအခါ သူ၏ အစ်ကို ရုတ်တရက် ကွယ်လွန်သွားသည်။ မော်တော်ဆိုင်ကယ် မှောက်၍ ဖြစ်သည်။ သားအား ယာဉ်မောင်းလိုင်စင် လုပ်ပေးခဲ့သည့်အတွက် နောင်တရကာ သူ့မိဘများ မျက်ရည်လည်ရွှဲ ငိုခဲ့ကြသည်။ ထို့နောက် နာရေးအခမ်းအနားတွင် သူတို့က ထိုသို့ ပြောကြပြန်သည်။ “ဒီလို အရေမရ အဖတ်မရတွေ နားထောင်လို့ ကလေကချေတွေနဲ့ တစ်နေကုန် လျှောက်လှိမ့်နေတော့တာပဲ” သူတို့က ဘီတယ်လ်ကို အပြစ်တင်နေခြင်း ဖြစ်သည်။ ဝမ်းကွဲအစ်ကို၏ မိခင်က ထိုအခွေများ အားလုံးကို လွှင့်ပစ်မည်ဟု ကြိမ်းဝါးနေသည်။
“လွှင့်ပစ်မယ်ဆိုရင် ကျွန်တော်ကို ပေးပါလား” ကိုဆုကေက ပြောလိုက်သည်။ လွန်ခဲ့သော သုံးနှစ်က အကြောင်းကို သူ ပြန်မြင်ယောင်လာသည်။ အစ်ကို့ကို ဤမျှ ရူးသွပ်စေခဲ့သည့် ဘီတယ်လ် ဆိုသော ဂီတအဖွဲ့သည် မည်သို့သော အရာမျိုး ဖြစ်လေမည်နည်း။ သူ ကိုယ်တိုင် နားထောင်ကြည့်ချင်သည်။ ထိုစဉ်က သူသည် အလယ်တန်းကျောင်း ရောက်ခါစ အရွယ်ဖြစ်၍ ဂီတအပေါ် စိတ်ဝင်စားခါစ အရွယ်လည်း ဖြစ်သည်။
တခြား ဆွေမျိုးများက ကိုဆုကေ၏ မိဘများကို ဤမျှ အလိုမလိုက်ရန် ပြောကြသည်။ အစ်ကိုနည်းတူ လမ်းသရဲတစ်ယောက် ဖြစ်သွားနိုင်ကြောင်း ဆိုကြသည်။ သို့သော် ကိုဆုကေ၏ မိဘများက ထိုသူများ၏ စကားကို အဖက်မလုပ်ခဲ့။
“ခေတ်ပေါ်သီချင်းကို နားထောင်ရုံနဲ့ လမ်းသရဲဖြစ်သွားရမယ်လို့ဗျာ။ ပြီးတော့ တတ်ဆုအိုကလည်း လမ်းသရဲ မဟုတ်ပါဘူး။ ဒီခေတ်မှာ သွက်လက်ချက်ချာတဲ့ အထက်တန်း ကျောင်းသားတိုင်း ဆိုင်ကယ် စီးနေကြတာပဲဟာ” ဖခင် ဆာဒါယုကိက နောင်တော် ဆွေမျိုးသားချင်းများ၏ စိုးရိမ်ပူပန်မှုကို အပြုံးဖြင့် တုံ့ပြန်လိုက်သည်။
“ဟုတ်ပါတယ်။ ကျွန်မတို့သားအတွက် မပူပါနဲ့” မိခင် ကီမီကိုကလည်း ထောက်ခံလေသည်။
ခေတ်ရှေ့ပြေးသော ပစ္စည်းများကို လူငယ်များက သဘောကျ နှစ်ခြိုက်လာပြီ ဆိုလျှင် တချို့ မိဘများသည် အမြင်မကြည်တော့ဘဲ လူငယ်များကို လမ်းသရဲများဟု ကင်ပွန်းတပ်ကြတော့သည်။ သို့သော် ကိုဆုကေ၏ မိဘများကမူ ထိုသို့သော အစားမျိုး မဟုတ်။
မကွယ်လွန်ခင် အချိန်ထိ ဂျပန်တွင် ဖြန့်ချိခဲ့သမျှသော ဘီတယ်လ်၏ အခွေတိုင်းကို သူ့အစ်ကိုက စုဆောင်းထားခဲ့သည်။ ၎င်းတို့ကို နားထောင်ပြီး ကိုဆုကေ ယစ်မူးနေလေပြီ။ ထိုသို့သော ဂီတသံမျိုးကို တစ်သက်နှင့်တစ်ကိုယ် သူ တစ်ခါမျှ မကြားခဲ့စဖူး။ ပထမဆုံး အကြိမ် သူ နားဆင်ရသော ထိုသံစဉ်၊ ထိုတီးလုံးများသည် သူ၏ ကိုယ်တွင် ယခင်က မရှိခဲ့ဖူးသော ပိုးတစ်မျိုးကို မွေးဖွားပေးခဲ့လေသည်။
ဘီတယ်လ်အဖွဲ့ ဂျပန်သို့ လည်ပတ်ပြီးနောက်တွင် ဂီတလောကအတွင်း၌ လျှပ်စစ်ဂီတာများ အသုံးပြု၍ သီဆိုကြသော လူငယ်အဖွဲ့သစ်များ မိုးဦးကျ မှိုများလို အလျှိုလျှို ထွက်ပေါ်လာကြသည်။ ၎င်းအဖွဲ့များသည် ဘီတယ်လ်ကို အားကျသောကြောင့် အတုယူနေသော အဖွဲ့များ မဟုတ်။ ဘီတယ်လ်လို နာမည်ကြီးလို ကြီးငြား ညာစားနေကြခြင်းသာ ဖြစ်သည်ဟု ကိုဆုကေက ယူဆသည်။ သိပ်မကြာလိုက်ပါ။ ၎င်းအဖွဲ့များအားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြသည်။
သူ အလယ်တန်းကျောင်းသို့ စတက်ရသောအခါ သူ၏ အတန်းဖော် အများစုသည် ဘီတယ်လ်၏ ပရိသတ်များ ဖြစ်နေကြောင်း ကိုဆုကေ သတိထားလိုက်မိသည်။ တစ်ခါတစ်ရံတွင် သူငယ်ချင်းတချို့ကို အိမ်သို့ အလည်လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။
ကိုဆုကေ၏ အခန်းတွင်းသို့ ဝင်၍ အခန်းထဲမှ ဂီတနှင့်ဆိုင်သော စက်ပစ္စည်းများကို မြင်လိုက်ကြရာတွင် အံ့အားမသင့်သောသူ ဟူ၍ တစ်ယောက်မျှ မရှိချေ။ ဖြစ်လည်း ဖြစ်ထိုက်ပေသည်။ သူတို့၏ မျက်လုံးထဲတွင် ဤမျှ ခေတ်မီသော အသံချဲ့စက်နှင့် စပီကာစနစ်သည် တခြား ဂြိုဟ်ကမ္ဘာမှ ရောက်ရှိလာသကဲ့သို့ ထင်နေကြပေမည်။ ထိုမျှ ခမ်းနားသော ပစ္စည်းများသည် ကလေးတစ်ယောက်၏ အိပ်ခန်းထဲတွင် မြင်နေရတတ်သော အရာများ မဟုတ်ကြ။ ပိုမိုပြည့်စုံသော မိသားစုများသည်ပင် ထိုကဲ့သို့သော စက်ကိရိယာမျိုးကို ဧည့်ခန်းတွင် မှန်ကောင်တာဖြင့် အကျအန ထားတတ်ပြီး မိသားစုပိုင် ဘုံပစ္စည်းအဖြစ် ထားကာ အတူတကွ နားထောင်တတ်ကြသည်။
“ငါ့အဖေရဲ့ ခံယူချက်က အနုပညာနဲ့ ပတ်သက်လာရင် ငွေ မနှမြောရဘူး။ ဂီတကို နားထောင်မယ် ဆိုရင် အသံအရည်အသွေး အကောင်းဆုံးကိုပဲ နားထောင်ရမယ်။ အဲဒီလိုမှ မဟုတ်ရင် ဘာအဓိပ္ပာယ် ရှိဦးမှာလဲ တဲ့”
“မိုက်လိုက်တာကွာ” ကိုဆုကေ၏ အဖြေစကားကြောင့် သူငယ်ချင်းအားလုံးက သူ့ကို အားကျနေခဲ့ကြသည်။
ကိုဆုကေသည် နောက်ဆုံးပေါ် ကက်ဆက်တွင် ဘီတယ်လ်အခွေ ထည့်၍ သူတို့ကို သီချင်းဖွင့်ပြခဲ့သည်။ ဂျပန်တွင် ဖြန့်ချိသော သီချင်းအခွေမှန်လျှင် သူ့တွင် ရှိသည်ချည်းသာ။ ၎င်းအချက်ကိုလည်း သူငယ်ချင်းများက အံ့ဩချီးကျူးနေကြသည်။
“မင်းအဖေက ဘာအလုပ်လုပ်တာလဲ” ကိုဆုကေ၏ အိမ်သို့ လာလည်ကြသော သူငယ်ချင်းတိုင်းက ထိုမေးခွန်းကို မေးတတ်ကြသည်။
“အတိအကျတော့ ငါလည်း မသိဘူး။ ကုန်ပစ္စည်းအစုံ အရောင်းအဝယ် လုပ်တာပဲကွာ။ ဈေးနည်းနည်းနဲ့ ဝယ်ပြီး ဈေးမြင့်မြင့်နဲ့ ပြန်ရောင်းနိုင်ရင် အမြတ်ရမှာပေါ့။ သူက အဲဒီလို ကုမ္ပဏီမျိုး လုပ်နေတာပဲ”
“ဒါဆို သူက ကုမ္ပဏီပိုင်ရှင်လား”
“အဲ့လို ထင်တာပဲ” ကိုဆုကေက ပြောသည်။ ဂုဏ်ယူဝံ့ကြွားသော လေသံများ နှောလျက်။
အမှန်တကယ်လည်း သူသည် အင်မတန် ကံကောင်းသူတစ်ယောက် အဖြစ် သူကိုယ်သူ ခံယူထားသည်။
ကိုဆုကေ၏ အိမ်သည် ကုန်းမြင့်တစ်ခုပေါ်တွင် ရှိပြီး အနောက်တိုင်းပုံစံ နှစ်ထပ်တိုက်တစ်လုံး ဖြစ်သည်။ ထို့အပြင် ခြံနှင့် ဝင်းနှင့် မြက်ခင်းပြင်နှင့်။ ရာသီဥတု သာယာသော နေ့များ၌ ပန်းခြံထဲတွင် တစ်အိမ်သားလုံး အကင်လုပ်စားတတ်ကြသည်။ ထိုအချိန်မျိုးတွင် ဖခင်၏ ကုမ္ပဏီမှ ဝန်ထမ်းများလည်း အတူတကွ လာရောက် စားသောက်ကြသည်။
“အခုချိန်ထိတော့ ဂျပန်ဟာ ကမ္ဘာပေါ်မှာ ဈေးသည် သာသာပဲ ရှိသေးတယ်” လက်အောက်ဝန်ထမ်းများ၏ ရှေ့တွင် ဖခင်သည် ဤကဲ့သို့ မကြာခဏ ပြောတတ်သည်။ “ဒါပေမယ့် ရှေ့လျှောက်တော့ အဲဒီလို မဟုတ်တော့ဘူး။ ဦးဆောင်သူ နေရာကို မကြာခင် ရောက်လာတော့မယ်။ အဲဒီအတွက် ငါတို့က ကမ္ဘာ့အခြေအနေကို နားလည်နေဖို့ လိုတယ်။ နိုင်ငံခြားသားတွေဟာ ငါတို့ရဲ့ စီးပွားရေး ပြိုင်ဖက် ဖြစ်သလိုပဲ ငါတို့ရဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်တယ်။ ဒီအချက်ကိုတော့ မေ့ထားလို့ လုံးဝ မဖြစ်ဘူး”
ဆာဒါယုကိ၏ ရဲရင့်ပြတ်သားသော ယောက်ျားကြီးအသံကို ကြားရသောအခါ ကိုဆုကေသည် များစွာ ဂုဏ်ယူနေမိသည်။ ဖခင်၏ စကားကို တစ်ချက်ကလေးမျှ သံသယ မဝင်။ ဖခင်ထက် ယုံကြည်ရမည့်သူ ဤလောကတွင် မရှိနိုင်တော့ပြီဟု သူ ခံယူထားသည်။
မိမိအိမ်တွင် သုံးမကုန်သော ရွှေငွေဥစ္စာများ ရှိနေသည် ဆိုသည့်အချက်ကို ကိုဆုကေ မည်သို့မျှ သံသယ မရှိ။ ကစားစရာများ၊ သီချင်းခွေများ – သူလိုချင်သည့် မည်သည့် အရာကိုမဆို သူ့မိဘများက အပုံလိုက် ဝယ်ပေးတတ်သည်။ သူ မလိုချင်သည့် ပစ္စည်းများကိုပင် သူ့အား ဝယ်ပေးတတ်သေးသည်။ ဥပမာ လက်ပတ်နာရီ၊ တန်ဖိုးကြီး အဝတ်အစားများ။
မိဘများကလည်း ဂုဏ်ရှိရှိ နေထိုင်ပြီး လောကစည်းစိမ်ကို အပြည့်အဝ ခံစားကြသည်။ ဆာဒါယုကိ၏ လက်တွင် ရွှေရောင် လက်ပတ်နာရီကို ပတ်လျက်၊ ပါးစပ်တွင် အကောင်းဆုံး ဆေးပြင်းလိပ်ကို ခဲလျက်။ ထို့အပြင် ကားအသစ်များကိုလည်း ဟောတစ်စီး ဟောတစ်စီးဖြင့် ထည်လဲ ပြောင်းစီးနေတတ်သည်။ ကီမီကိုကလည်း သူ့နည်းသူ့ဟန်ဖြင့် သူ့ယောက်ျားကို အမှီလိုက်သည်။ ကုန်တိုက်ကြီးများမှ ပြင်ပအရောင်းဝန်ထမ်းများကို အိမ်သို့ ခေါ်ယူပြီး ကုန်ပစ္စည်းများကို တစ်သီကြီး မှာယူတတ်သည်။
“ဈေးပေါတဲ့ ပစ္စည်းတွေကို ဝတ်ဆင်ထားရင် လူကပါ လိုက်ပြီး တန်ဖိုးကျလာရော” ကီမီကိုက ဤသို့ ပြောခဲ့သည်။ “အမြင်အရတင် တန်ဖိုးမဲ့အောင် လုပ်တာ မဟုတ်ဘူး။ တကယ်လည်း လူကိုယ်နှိုက်က ဖြည်းဖြည်းချင်း တန်ဖိုးမရှိတော့ဘူး။ ဂုဏ်သိက္ခာတွေပါ လုံးပါး ပါးကုန်တာပဲ။ ဒါကြောင့် ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ ပစ္စည်းတွေကိုပဲ ကိုယ်ပေါ် အတင်ခံတာ ကောင်းမယ်”
ကီမီကိုသည် မိမိ၏ အလှအပကို ဂရုစိုက်တတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် သူ့ကို ကြည့်လိုက်လျှင် သက်တူရွယ်တူ သူငယ်ချင်းများထက် နုနေသည်။ သူတို့အောက် ဆယ်နှစ်မျှ ပိုငယ်နေသည်ဟု ထင်ရလေသည်။ ကိုဆုကေ၏ ကျောင်းမှ ကျင်းပသော မိဘစုံညီပွဲတွင် ကီမီကိုကို တွေ့ရသည့် အခါတိုင်း သူ့အတန်းဖော် သူငယ်ချင်းများက အံ့အားသင့်ကြသည်။ “မင်းအမေလို ငယ်ရွယ်နုပျိုတဲ့ အမေတစ်ယောက်လောက် လိုချင်လိုက်တာ ငါ့ကောင်ရာ” ဟု သူကြားဖူးနေသည်မှာ ရေတွက်၍ပင် ရတော့အံ့ မထင်။
အဆုံးအစ မရှိသော ကောင်းကင်ပြင်ကြီးတွင် နွေးထွေးသော နေရောင်ခြည်တို့ အတိုင်းအဆမဲ့ ဖြာကျနေကြသည်။ ကိုဆုကေ၏ ဘဝသည်လည်း ထိုသို့ပင် ဖြစ်လိမ့်မည်ဟု သူ ယုံကြည်ခဲ့သည်။ သို့သော် ….
တစ်ခုသော အချိန်မှ စ၍ အပြောင်းအလဲတချို့ကို သူ စတင် ခံစားလာရသည်။ အစပိုင်းတွင် မသိမသာ ပြောင်းလဲလာခဲ့သော်လည်း ၁၉၇၀ ခုနှစ် လွန်သောအခါ မိုးကုပ်စက်ဝန်းအထက်တွင် မိုးတိမ်တောင်များ ပြိုကျတော့မည့်နှယ် အုံ့မှိုင်းလာလေသည်။
၁၉၇၀ ပြည့်နှစ်၏ ရေပန်းအစားဆုံး အကြောင်းအရာမှာ အိုဆာကာတွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲပင် ဖြစ်သည်။ ၎င်းအပေါ် ထားရှိသော တစ်တိုင်းပြည်လုံး၏ စိတ်ဝင်စားမှုသည် အထွတ်အထိပ်သို့ ရောက်နေလေသည်။
ဤနှစ် ဧပြီလတွင် အလယ်တန်း ဒုတိယနှစ် တက်ရတော့မည် ဖြစ်သော ကိုဆုကေသည် နွေဦးကျောင်းပိတ်ရက်အတွင်း ကုန်စည်ပြပွဲသို့ သွားလည်ရန် စိတ်ကူးထားသည်။ အိုဆာကာသို့ အစောဆုံး ရောက်ခဲ့သူသည်သာ သူတစ်ပါးကို မော်ကြွားနိုင်ခွင့် ရှိမည် မဟုတ်ပါလား။ ဖခင်ကလည်း နွေဦးကျောင်းပိတ်သည်နှင့် သူ့ကို လိုက်ပို့ပေးမည်ဟု ကတိပြုသည်။
မတ်လ ၁၄ ရက်နေ့တွင် ဂျပန် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲကို စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့သည်။ ကိုဆုကေသည် ၎င်းဖွင့်ပွဲအခမ်းအနားကို တီဗီပေါ်မှ ကြည့်ရှုအားပေးသည်။ မှုန်မွဲသောအရောင်၊ ကျဉ်းမြောင်းသော ဖန်သားပြင်ပေါ်မှ ဖွင့်ပွဲအခမ်းအနား အစီအစဉ်ကို ကြည့်နေရသည်မှာ ကိုဆုကေအတွက် အားမလို အားမရ ဖြစ်နေမိသည်။ သို့သော် လျင်မြန်သော အဟုန်ဖြင့် တိုးတက်အောင်မြင်နေသော ဂျပန်ပြည်၏ စီးပွားရေး အခြေအနေကို တစ်ကမ္ဘာလုံးသို့ ထုတ်ဖော် ပြသခွင့် ရသည့်အတွက် ကိုဆုကေက ဂုဏ်ယူနေမိပြန်သည်။ ဖခင် ပြောခဲ့သော စကားမှာ အလွန်မှန်သည်ဟု သူ တွေးနေသည်။ ဂျပန်သည် ယခုအခါတွင် တစ်ကမ္ဘာလုံး၏ ဦးဆောင်သူအဆင့်သို့ ရောက်ခဲ့ပြီ မဟုတ်ပါလော။
သို့သော် ဆာဒါယုကိသည် ကုန်စည်ပြပွဲသို့ သွားမည့် ကိစ္စကို မဟတော့ချေ။ တစ်ညတွင် ကိုဆုကေက ခရီးသွားဟန်လွဲ သဘောမျိုးဖြင့် မေးလိုက်သည်။ ဖခင်၏ အဖြေက သူ့ကို အံ့အားသင့်စေခဲ့သည်။
“ကုန်စည်ပြပွဲလား။ အခုတော့ မသွားသေးဘူး။ ငါ့မှာ အလုပ်ရှိနေသေးတယ်” သူ၏ လေသံက မာဆတ်ဆတ်။
“မေလ ကျောင်းပိတ်ရက် ကျရင်ရော”
ဖခင်ထံမှ ဘာအသံမျှ မကြားရ။ မကြည်သာသော မျက်နှာထားဖြင့် စီးပွားရေး နေ့စဉ်သတင်းစာကို ဖတ်နေလေသည်။
“ကုန်စည်ပြပွဲက ဘာထူးမှာမို့လဲ သားရယ်” အနားရှိ ကီမီကိုက ဝင်ပြောသည်။ “နိုင်ငံတွေ အများကြီးက သူတို့ရှိတာကို ထုတ်ကြွားနေကြတာ။ အဲဒါ ဘာကြည့်စရာ ရှိလို့လဲ။ တစ်ခါတလေတော့လည်း ကစားကွင်း အသေးလေးတွေ ပါတတ်တာပေါ့။ သားက ကလေးမှ မဟုတ်တော့တာဘဲ။ အဲဒီလိုမျိုး ကစားချင်နေသေးတာလား”
မိခင်က ထိုသို့ ပြောလိုက်သောအခါ ကိုဆုကေမှာလည်း ပြန်ပြောစရာ စကားမရှိ။ သူ သွားချင်သည့် အကြောင်းအရင်းကလည်း ဘာမျှ မည်မည်ရရ မဟုတ်။ သူငယ်ချင်းများကို အကြွားလွန်ထားသောကြောင့် မသွားလျှင် အကဲ့ရဲ့ခံရတော့မည်ကို စိုးရိမ်နေခြင်းသာ ဖြစ်သည်။
“ဒီနှစ် စာ ကောင်းကောင်း ကြိုးစားနော် သား။ နောက်နှစ်ဆိုရင် တတိယတန်း ရောက်ပြီ။ နောက်ဆို တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဖို့ကိစ္စတွေ စဉ်းစားရတော့မယ်။ တစ်နှစ်ဆိုတဲ့ အချိန်က ဖင်လှည့် ခေါင်းလှည့်နဲ့ ကုန်သွားတာ။ ဘာမဟုတ်တဲ့ ကုန်စည်ပြပွဲကို ထည့်စဉ်းစားနေဖို့ အချိန်မရှိပါဘူး သားရယ်” ကီမီကိုက စကားပြန်ကို စောင့်မနေတော့ဘဲ တစ်ဆက်တည်း ပြောနေလေသည်။ ကိုဆုကေလည်း နှုတ်ပိတ်၍သာ နေနေလိုက်ရသည်။
မိသားစု အခြေအနေမှာ မူမမှန်တော့ကြောင်း သူ့အား ခံစားသိရှိစေခဲ့သည်မှာ ထိုကိစ္စတစ်ခုတည်းသာ မဟုတ်။ သူ ကြုံတွေ့နေရသော ကိစ္စအတော်များများက သူ့ကို သတိပေးနေကြသည်။ သူ့ပတ်ဝန်းကျင်တွင် အပြောင်းအလဲကြီး တစ်စုံတစ်ရာ ဖြစ်ပေါ်နေကြောင်း တပ်လှန့်နေကြသည်။
အားကစားဝတ်စုံ ကိစ္စပဲ ဆိုကြပါစို့။ ခန္ဓာကိုယ် အဆက်မပြတ် ဖွံ့ထွားနေသော အရွယ်ဖြစ်သောကြောင့် ကိုဆုကေ၏ အင်္ကျီများသည် တစ်ခဏအတွင်းမှာပင် သေးကုန်ကြတော့သည်။ ယခင်ကဆိုလျှင် ကီမီကိုသည် ချက်ချင်း အင်္ကျီအသစ် ဝယ်ပေးတတ်သော်လည်း ယခုတစ်ကြိမ်တွင်မူ သူ၏ တုံ့ပြန်မှုက တစ်မူ ထူးခြားနေသည်။
“သေးသွားပြန်ပြီလား။ မနှစ် ဆောင်းတွင်းတုန်းကမှ ဝယ်ထားတာ မဟုတ်လား။ သည်းခံပြီး ခဏ ဆက်ဝတ်လိုက်ပါဦး သားရယ်။ အသစ်ထပ်ဝယ်ပြန်ရင်လည်း ခဏလေးနဲ့ သေးသွားဦးမှာ” သူ၏ လေသံက ထွားကျိုင်းလာသော ကိုယ်ခန္ဓာကိုပင် အပြစ်တင်နေသယောင်။
ပန်းခြံအတွင်းမှ အကင်ပါတီပွဲလည်း မရှိတော့ပေ။ ရုံးပိတ်ရက်များတွင်လည်း ဝန်ထမ်းများ အိမ်သို့ လာရောက်လည်ပတ်ခြင်း မရှိကြတော့။ ဆာဒါယုကိလည်း ဂေါက် ထွက်ကစားခြင်း မရှိတော့ချေ။ ၎င်းနေရာများတွင် အစားထိုး ဝင်ရောက်လာသည်မှာ အိမ်တွင်းမှ ပဋိပက္ခများ။ ဆာဒါယုကိနှင့် ကီမီကိုတို့သည် မျက်နှာချင်း ဆိုင်လိုက်သည်နှင့် ရန်ဖြစ်တတ်လာကြသည်။ အကြောင်းအရင်း အတိအကျကို ကိုဆုကေ မသိသော်လည်း သေချာသည်မှာ ငွေနှင့် ပတ်သက်နေသည်။
“မင်းသာ သောက်ချိုးပြေမယ်ဆိုရင် …..” ဤသို့ ဆာဒါယုကိက အပြစ်တင်လိုက်သည်နှင့် ကီမီကိုကလည်း နှုတ်သီးချွန်ကာ နှုတ်လှန်ထိုးလေတော့သည်။ “အဲဒါ ရှင်အသုံးမကျလို့ ဒီလို ဘဝမျိုး ရောက်လာရတာ”
ဆာဒါယုကိ၏ အကြိုက်ဆုံးကားဖြစ်သော ဖို့ဒ်ကားလေးလည်း ဘယ်အချိန်ကတည်းက ကားဂိုဒေါင်ထဲမှ ပျောက်ဆုံးသွားသည် မသိ။ သူအလုပ်သွားလျှင် ဓာတ်ရထား စီးလာရသည်။ ကီမီကိုလည်း ရှော့ပင် မထွက်တော့။ နှစ်ယောက်စလုံး စက္ကန့်မလပ် မျက်နှာကြော တင်းနေကြသည်။ ရန်စောင်နေကြသည်။
ထိုသို့သော အဆိုးဆုံး အခြေအနများနှင့် ကြုံတွေ့နေရစဉ်မှာပင် ကိုဆုကေအတွက် မည်သို့မျှ ယုံနိုင်စရာ မရှိသော ကောလာဟလ သတင်းတစ်ခု ပျံ့နှံ့လာသည်။ ဘီတယ်လ်အဖွဲ့ ပြိုကွဲသွားခြင်း။ အင်္ဂလန်သတင်းစာ တစ်စောင်တွင် ကြေညာထားသည်ဟု ဆိုသည်။
သူသည် သူငယ်ချင်းထံသို့ သွားပြီး ထိုသတင်းကို စုံစမ်းကြည့်သည်။ ထိုခေတ်အခါက အင်တာနက်မရှိ၊ မီဇီ (Facebook ကဲ့သို့သော လူမှုကွန်ယက်၊ ဂျပန်ပြည်တွင်းဖြစ်။ Mixi – ဘာသာပြန်သူ) လည်း ရှိသေးသည် မဟုတ်။ စာနယ်ဇင်းမှာ တစ်ခုတည်းသော သတင်းဖြန့်ဖြူးရာ မီဒီယာ ဖြစ်သည်။ “ငါလည်း အဲဒီလို ကြားတာပဲ” “ရေဒီယိုမှာ သူတို့ ကြေညာသွားတယ်” “နိုင်ငံခြား သတင်းစာတချို့မှာ သတင်းပါလာတယ်” – ထို့သို့သော သတင်း အစအနများကို စုစည်းလိုက်ခြင်းဖြင့် ကောက်ချက်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းသတင်းသည် အမှန်ပင် ဖြစ်တန်ရာသည် ဟူ၍။
ကိုဆုကေကတော့ မယုံချင်သေး။ အဘယ်ကြောင့် ယခုလို အချိန်မျိုးမှ ဖြစ်လာရသနည်း။
အဖွဲ့ ပြိုကွဲရသည့် အကြောင်းအရင်းနှင့် ပတ်သက်သော ကောလာဟလ သတင်းမှာ ပို၍ပင် ဗရုတ်သုတ်ခ နိုင်လှသည်။ တချို့က ပေါလ် မက်ကာ့တ်နေ၏ ဇနီးနှင့် ယိုကိုအိုနိုတို့ ဆက်ဆံရေး မပြေလည်သောကြောင့်ဟု ဆိုကြသည်။ တချို့က ဂျော့ဟာရီဆန်ကို အပြစ်တင်ကြသည်။ အမျိုးစုံလွန်း၍ မည်သူ့စကားက မှန်သည်၊ မည်သူ့စကားက မှားသည်ဟု ခွဲခြားရန်ပင် မဖြစ်နိုင်တော့ပေ။
“မင်းသိပြီးပြီလား” သူငယ်ချင်းတစ်ယောက်က ကိုဆုကေကို ပြောသည်။ “ဘီတယ်လ်အဖွဲ့က နဂိုကတည်းက ဂျပန်ကို လာချင်တာ မဟုတ်ဘူးကွ။ ငွေများများ ဝင်နိုင်လို့ ကုမ္ပဏီက လူတွေက အတင်းအကျပ် စီစဉ်ကြတာတဲ့။ အဲဒီတုန်းကတည်းက စတိတ်ရှိုး ဆိုရမှာတွေကို ဘီတယ်လ်အဖွဲ့က စိတ်ပျက်နေကြလို့ ရပ်တန်းက ရပ်ချင်နေခဲ့ကြတာ။ တကယ်လည်း ဂျပန်က ပြန်ပြီးနောက်ပိုင်း သူတို့ စတိတ်ရှိုးပွဲတွေ လက်မခံတော့ဘူး”
ထိုသို့သော စကားမျိုးကိုလည်း ကိုဆုကေ ကြားဖူးပြီး ဖြစ်သည်။ သို့သော် သူ မယုံကြည်ခဲ့။ အတိအကျ ဆိုရပါမူ သူ မယုံချင်။
“ဒါပေမယ့် ငါကြားတာတော့ စတိတ်ရှိုးပွဲကလည်း စည်လိုက်တာမှ ကြက်ပျံမကျပဲ။ ပြီးတော့ ဘီတယ်လ်အဖွဲ့လည်း တီးနေ ဆိုနေလိုက်တာမှ အားတက်သရောပဲတဲ့”
“အဲဒီလို မဟုတ်ပါဘူးကွာ။ အစပိုင်းမှာ ဘီတယ်လ်က စိတ်မပါ့တပါနဲ့ ဆိုနေကြတာ။ သူတို့က ဂျပန်ပရိသတ်ကို အဖက်လုပ်ချင်တာ မဟုတ်ဘူး။ ပရိသတ်တွေက ဆူဆူညံညံ အားပေးနေလိမ့်မယ်လို့ သူတို့ ထင်ထားပုံ ရတယ်။ အဲဒီလို ဆူညံနေရင် သီချင်းဆိုသံတွေ၊ တီးလုံးသံတွေက သဲသဲကွဲကွဲ ကြားရတော့မှာမှ မဟုတ်ဘဲ။ ဒီတော့ ဖြစ်သလို တီး၊ ဖြစ်သလို ဆိုလိုက်လည်း ဘယ်သူကမှ သတိထားမိမှာ မဟုတ်ဘူးလို့ ကြံစည်ထားမှာပေါ့။ ဒါပေမယ့် ငါတို့ ဂျပန်ပရိသတ်က စည်းကမ်းရှိရှိ ငြိမ်ငြိမ်ဆိမ်ဆိမ် နားထောင်နေကြတော့ သူတို့ ထင်ထားသလို ဖြစ်မလာခဲ့ဘူး။ ဒီတော့ သူတို့ရဲ့ နဂိုအစီအစဉ်ကို ပြောင်းပြီး စိတ်ပါလက်ပါ ဆိုကြ တီးကြရတော့တာပေါ့”
ကိုဆုကေက ခေါင်းကို တွင်တွင် ခါနေသည်။ “ယုတ္တိမရှိတာပဲကွာ”
“အဖြစ်မှန်က အဲဒီအတိုင်းပဲလေ။ ငါလည်း မယုံချင်ဘူး။ ဒါပေမယ့် ဘယ်တတ်နိုင်မှာလဲ။ ဘီတယ်လ်လည်း လူပဲဟာ။ အဲဒီကောင်တွေရဲ့ မျက်လုံးထဲမှာ ငါတို့ ဂျပန်ဟာ ချောင်ကြိုချောင်ကြားထဲက နိုင်ငံသေးသေးလေး တစ်ခုပဲ။ သူတို့က ငါတို့ကို ရွှီးရွှန်းဖြီးဖြန်းပြီး သူတို့ အင်္ဂလန်ကို မြန်မြန် ပြန်ရဖို့ပဲ စိတ်ကူးနေမှာ”
ကိုဆုကေကတော့ ခေါင်းကို ခါးယမ်းနေဆဲ။ ဘီတယ်လ် ဂျပန်ပြည်သို့ ရောက်စဉ်က ရိုက်ကူးထားသည့် လှုပ်ရှား သွားလာမှု မှတ်တမ်းကို တီဗီထဲတွင် မြင်ခဲ့ရသည့်အတိုင်း သူ ပြန်လည် မြင်ယောင်လာသည်။ ထို့အပြင် ၎င်းကို ကြည့်ရင်း မျက်ရည်လည်ရွှဲ ဖြစ်နေသော အစ်ကို၏ မျက်နှာ။ အကယ်၍သာ သူငယ်ချင်း၏ ပြောစကားက မှန်နေလျှင် အစ်ကို၏ မျက်ရည်များသည် ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။
ကျောင်းမှ ပြန်ရောက်သည်နှင့် ကိုဆုကေသည် မိမိ၏ အခန်းတွင်းတွင် အောင်းနေလိုက်ပြီး ဘီတယ်လ်၏ သီချင်းများကို တစ်ပုဒ်ပြီးတစ်ပုဒ် နားထောင်နေလေသည်။ နောက်နောင်တွင် သီချင်းအသစ် ထွက်တော့မည် မဟုတ်ကြောင်းကို မယုံကြည်နိုင်ဘဲ ဖြစ်နေသည်။
စိတ်မချမ်းမြေ့နေသည့် အကြားမှာပင် အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားကြသည်။ နွေရာသီ ကျောင်းပိတ်ရက်သည်လည်း ကိုဆုကေကို တက်ကြွလာအောင် မဆောင်ကြဉ်းနိုင်ပေ။ ဘီတယ်လ်အကြောင်းကို လွမ်းတငွေ့ငွေ့ ရှိနေဆဲပင်။ ‘Let It Be’ ရုပ်ရှင်ကားအကြောင်း သူ သိထားသော်လည်း သူတို့၏ မြို့ကလေးတွင် ၎င်းကို ရုံတင် ပြသလိမ့်မည် မဟုတ်ပေ။ ၎င်းရုပ်ရှင်ကားကို ကြည့်လိုက်သည်နှင့် ဘီတယ်လ်အဖွဲ့ အဘယ်ကြောင့် ကွဲပြဲခဲ့ရကြောင်းကို နားလည်သွားလိမ့်မည်ဟု ကောလာဟလ ဖြစ်ပေါ်နေသည်။ ရုပ်ရှင်ထဲတွင် မည်သည့်အကြောင်းများ ပါလာလိမ့်မည်နည်းဟု စိတ်ကူးကြည့်ရုံနှင့်ပင် ညည တော်တော်နှင့် အိပ်မပျော်တော့ချေ။
ထိုသို့သော လောကဓံ လှိုင်းတံပိုးများ အကြားတွင် သူ့ဘဝ၏ အရေးအကြီးဆုံးသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရန် အတင်းအကျပ် စေခိုင်းခြင်း ခံလာရတော့သည်။
တစ်ညတွင် ယခင်နေ့များကအတိုင်း ဘီတယ်လ်သီချင်း နားထောင်နေစဉ် သော့ပိတ်မထားသော သူ၏ အခန်းတံခါးကို တွန်းဖွင့်၍ ကီမီကို ဝင်ရောက်လာသည်။ တံခါးမခေါက်ဘဲ ဝင်လာသည်ကို အပြစ်ပြောရန် ပါးစပ်ပြင်ပြီးကာမှ သူ့အမေ၏ မျက်နှာကို မြင်လိုက်ရသောအခါ မပြောဖြစ်တော့ပေ။ မိခင်၏ ထိုမျှ ညိုပုတ်နေသော မျက်နှာကို သူ ယခင်က မမြင်ခဲ့ဖူးချေ။
“အရမ်း အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောစရာ ရှိလို့ အပြင်ခဏ ထွက်ခဲ့ဦး”
ကိုဆုကေက ဘာမျှ မပြောဘဲ ခေါင်းညိတ်ပြပြီး သီချင်းကို ပိတ်လိုက်သည်။ မိဘများက သူ့အား မည်သည့်စကားများ ပြောလာလိမ့်မည်ကို သူ မသိသော်လည်း အခြေအနေ မကောင်းသည်ကိုတော့ သူ ရိပ်စားမိနေသည်။
ဆာဒါယုကိသည် ဧည့်ခန်းထဲတွင် ဘရန်ဒီ သောက်နေသည်။ ၎င်းမှာ အလွန် တန်ဖိုးကြီးသော ဘရန်ဒီ ဖြစ်သည်။ နိုင်ငံခြား သွားစဉ်က လေယာဉ်ကွင်းတွင် အခွန်ကင်းလွတ်ခွင့် ရသောကြောင့် ၎င်းကို ဝယ်လာခဲ့သည်။
ကိုဆုကေ ထိုင်ပြီးသည်နှင့် သူ့အဖေ စကားစသည်။ သူပြောသည့် စကားများကြောင့် ကိုဆုကေ၏ ကမ္ဘာလေးမှာ ဇောက်ထိုးမိုးမျှော် ဖြစ်သွားရတော့သည်။
“အဖေတို့ ဒီလကုန်ကျရင် အိမ်ပြောင်းကြမယ်။ မင်းပစ္စည်းတွေကို အခုကတည်းက အသေအချာ စုထားချေ။ ဒီကိစ္စ ဘယ်သူ့ကိုမှ မပြောမိစေနဲ့”
ကိုဆုကေက နားမလည်နိုင်ဘဲ ဖြစ်နေသည်။ “ဘာတွေ ဖြစ်ကုန်လို့လဲ” သူက မေးလိုက်သည်။ “ဘာဖြစ်လို့ အလောတကြီး ပြောင်းရတာလဲ”
“ငါက စီးပွားရေးသမား။ စီးပွားရေး လုပ်ရတာ စစ်တိုက်နေသလိုပဲ။ အရေးအကြီးဆုံး အချက်က ပြိုင်ဖက်ဆီကနေ ဘယ်လောက် ရအောင် ပြန်ယူနိုင်သလဲ ဆိုတာပဲ။ မင်း သဘောပေါက်ရဲ့လား”
၎င်းမှာ ဆာဒါယုကိ အမြဲ ပြောလေ့ရှိသော စကား ဖြစ်သောကြောင့် ကိုဆုကေက ခေါင်းညိတ်ပြလိုက်သည်။
“စစ်တိုက်တယ် ဆိုမှတော့ကွာ တစ်ခါတလေလည်း ထွက်ပြေးရတဲ့ အချိန်မျိုး ရှိတတ်သေးတာပေါ့။ ဒါလည်း သဘာဝ ကျတာပဲ။ အသက်ကိုတော့ အသေခံလို့ ဘယ်ဖြစ်မလဲ။ ဒါကိုလည်း မင်း နားလည်တယ် မဟုတ်လား”
ကိုဆုကေ ခေါင်းမညိတ်မိ။ အကယ်၍ စစ်တိုက်နေသည် ဆိုလျှင် ထိုသို့ ဖြစ်နိုင်စရာ ရှိသေးသည်။ သို့သော် ယခု စီးပွားရေး လုပ်နေခြင်းမျှသာ ဖြစ်သောကြောင့် အသက် သေသည်အထိ ဖြစ်လာနိုင်စရာ အကြောင်း ရှိပါမည်လော။
ဆာဒါယုကိက ဘာမျှ အမှုမထားဘဲ ဆက်ပြောနေသည်။
“ဒီလကုန်မှာ အိမ်ကနေ ထွက်ခွာဖို့ အဖေတို့ ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် မင်း ဘာမှ စိုးရိမ်မနေနဲ့။ ငါတို့နောက် တိတ်တိတ်ဆိတ်ဆိတ် လိုက်ခဲ့ရုံပဲ။ အေးပေါ့လေ။ မင်း ကျောင်းပြောင်းဖို့ ကိစ္စတွေပါ လုပ်ရဦးမှာပေါ့။ ဒါပေမယ့် လတ်တလောတော့ ပူစရာ မလိုသေးပါဘူး။ အခုက နွေရာသီ ကျောင်းပိတ်ရက် မဟုတ်လား။ ကျောင်းပြန်ဖွင့်တဲ့ အချိန်ရောက်ရင် အားလုံး နေသားတကျ ဖြစ်နေလောက်ပါပြီ”
အရာအားလုံး သူ့အတွက် သူစိမ်းပြင်ပြင် ဖြစ်နေသော ကျောင်းသစ်တစ်ကျောင်းသို့ ပြောင်းရွှေ့ရတော့မည်လော။ ကိုဆုကေ အံ့အား အသင့်ကြီး သင့်နေမိသည်။
“ရေးကြီးခွင်ကျယ် လုပ်လို့ကွာ” ဆာဒါယုကိက ပြောသည်။ “အဖေတွေ အလုပ်ပြောင်းတဲ့ အခါတိုင်း ကလေးတွေပါ တစ်ကြိမ်မက ကျောင်းလိုက်ပြောင်းကြရတာပဲ။ ဒါက ထူးဆန်းတဲ့ ကိစ္စမှ မဟုတ်တော့တာ”
ဖခင်၏ စကားကို ကြားရသောအခါ ကိုဆုကေ၏ ဘဝတွင် ပထမဆုံး အကြိမ် မသက်မသာ ခံစားလိုက်ရသည်။ သူ့ဘဝအတွက် စိတ်မသက်မသာ ဖြစ်ခြင်း။
နောက်တစ်နေ့တွင် ကိုဆုကေသည် ဟင်းချက်နေသော သူ့အမေအနီးသို့ ကပ်သွားသည်။ “ကျွန်တော်တို့ လူမသိ သူမသိ ထွက်ပြေးကြမလို့လား”
ဒယ်ပြားဖြင့် ဟင်းရွက်ကြော်ရန် ဟန်ပြင်နေသော ကီမီကို၏ လက်များ ရပ်တန့်သွားသည်။ “သားကို ဘယ်သူ ပြောလဲ”
“ဘယ်သူမှ မပြောပါဘူး။ ဒါပေမယ့် အဖေ့စကား ကြားပြီး ဒီလိုပဲ ဖြစ်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်တာပဲ”
ကီမီကိုက သက်ပြင်းချပြီး ဟင်းရွက်ကြော်နေသည်။ “ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့နော်”
မိခင်က သူ၏ စကားကို ပယ်ချလိမ့်မည်ဟု မျှော်လင့်ချက် ထားခဲ့မိသည်။ အသွေးထဲ အသားထဲက မျှော်လင့်ထားခဲ့သည်။ သူ့ကမ္ဘာလေး အမှောင်အတိ ဖုံးလွှမ်းသွားသည်။
“ဘယ်လိုဖြစ်လို့ အဲဒီအခြေကို ရောက်ကုန်ကြရတာလဲ။ ကျွန်တော်တို့ အဲဒီလောက်တောင် မွဲကုန်ကြပြီလား”
ကီမီကိုသည် ဘာမျှ ပြန်မဖြေဘဲ တိတ်တဆိတ် သူ့ဟင်းသူ ချက်နေလေသည်။
“ဘာတွေ ဖြစ်နေတာလဲ အမေရာ။ ကျွန်တော့်ကျောင်းကို ဘယ်လို လုပ်ရမှာလဲ။ ကျွန်တော် ဘယ်မှာသွားပြီး အလယ်တန်း ဆက်တက်ရမှာလဲ”
ကီမီကို၏ ခေါင်းက အနည်းငယ် လှုပ်ရှားသွားသည်။
“အဲဒီကိစ္စကို အမေတို့ ဟိုဘက်ရောက်မှ အေးအေဆေးဆေး တိုင်ပင်ကြတာပေါ့”
“ဟိုဘက်ဆိုတာက ဘယ်ဘက်လဲ။ ကျွန်တော်တို့ ဘယ်ကို သွားကြမှာလဲ”
“နားငြီးလိုက်တာဟာ” ကီမီကိုသည် သူ့ကို ကျောပေးထားလျက် ပြောနေသည်။ “ပြောချင် နင့်အဖေနဲ့ သွားပြော။ အဲဒါ သူ ဆုံးဖြတ်တာ”
ကိုဆုကေ ဘာဆက်လုပ်ရမည်မှန်း မသိတော့။ သူ ဝမ်းနည်းရမည်လော၊ သို့မဟုတ် စိတ်ဆိုးရမည်လော ဆိုသည်ကိုပင် သူ မသိတော့ပေ။
ထိုနေ့များအတွင်း အခန်းထဲမှ သူ အပြင် မထွက်တော့။ သူ၏ ဘီတယ်လ်သီချင်းများကိုသာ နားထောင်နေသည်။ နားကြပ်တပ်ထားပြီး အသံကို အစွမ်းကုန် တင်ထားခြင်းဖြင့် သူ၏ စိတ်သောကများကို မောင်းထုတ်ထားသည်။
သို့သော် သူ၏ နောက်ဆုံး လက်ကျန် သုခဘုံသည်လည်း မကြာခင် ပြိုပျက်သွားလေသည်။ ဆာဒါယုကိသည် ၎င်းသီချင်းဖွင့်စက်များကို ရောင်းထုတ်ပစ်တော့မည် ဖြစ်ကြောင်း ကြေညာလိုက်သည်။
ထုံးစံအတိုင်း ကိုဆုကေကတော့ လွယ်လွယ်နှင့် အလျှော့မပေးခဲ့။ သို့သော် ဆာဒါယုကိ၏ ဆုံးဖြတ်ချက်ကလည်း ခိုင်မာ ပြတ်သားလှသည်။
“ငါတို့က အိမ်ပြောင်းရမှာ။ ဒီလို စက်ပစ္စည်း အကြီးကြီးတွေ သယ်သွားဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ အားလုံး အေးအေးဆေးဆေး ဖြစ်သွားတဲ့ အချိန်ကျရင် ငါ မင်းကို အသစ်တစ်စုံ ပြန်ဝယ်ပေးမယ် ဟုတ်ပြီလား။ အခုတော့ ခဏလောက် သည်းခံစမ်းပါဦး” ဆာဒါယုကိက အေးတိအေးစက် လေသံဖြင့် ပြောနေလေသည်။
ကိုဆုကေသည် အောင့်မနေနိုင်တော့ဘဲ ပေါက်ကွဲလေတော့သည်။ “ကြားကောင်းအောင် အိမ်ပြောင်းတယ်လို့ ပြောမနေပါနဲ့ဗျာ။ ပွင့်ပွင့်လင်းလင်းပဲ လူမသိအောင် ထွက်ပြေးတယ်လို့ ပြောလိုက်ပါတော့”
ဆာဒါယုကိသည် ဝါးစားတော့မတတ် သူ့ကို စိုက်ကြည့်နေသည်။
“မင်းဆီက ပေါက်ကြားသွားလို့ကတော့ မင်း သေပြီသာမှတ်” လမ်းသရဲတစ်ယောက်က ဓားကြိမ်းကြိမ်းနေသည်နှင့် ဘာမျှ မထူးတော့ပေ။
“အဲဒီလို မလုပ်ပါနဲ့လား အဖေရာ။ ခိုးကြောင်ခိုးဝှက် ထွက်ပြေးရတာမျိုး ကျွန်တော် မလုပ်ချင်ဘူး”
“လျှာမရှည်နဲ့။ မင်း ဘာနားလည်လို့လဲ။ ပါးစပ်ပိတ်ထားစမ်း”
“ဒါပေမယ့် …”
“ငါတို့ အသတ်ခံရလိမ့်မယ် သိလား” ဆာဒါယုကိက မျက်လုံးပြူးလျက် ပြောနေသည်။ “တကယ်လို့ ထွက်ပြေးတာ လူမိသွားရင် ငါတို့ အကုန်လုံး အသက်ပျောက်သွားနိုင်တယ်။ ဒါကိုလည်း မင်းက ဂရုမစိုက်ဘူးလား။ အခွင့်အရေးက တစ်ခါပဲ ရမယ်။ တစ်ချက်ကလေးမှ ခြေချော်လက်ချော် ဖြစ်လို့ မရဘူး။ ဒီအခွင့်အရေးကို ဆုံးရှုံးလိုက်တာနဲ့ ငါတို့သုံးယောက်စလုံး ကြိုးဆွဲချပြီး သေဖို့ပဲ ကျန်တော့တယ်။ ငါ့မှာ ဘာထွက်ပေါက်မှ မရှိတော့ပါဘူး သားရယ်။ အဖေတို့ကို ကလန်ကဆန် မလုပ်ပါနဲ့တော့လား”
ဖခင်၏ မျက်လုံးထဲတွင် သွေးရောင်များ လွှမ်းနေကြသည်။ ကိုဆုကေ နှုတ်ဆိတ်နေလိုက်သည်။ သူ၏ အတွင်းစိတ်ထဲတွင်တော့ အမည်မဖော်တတ်သော တစ်စုံတစ်ရာက လှုပ်ရှားထကြွ နေလေသည်။
ရက်အနည်းငယ် ကြာသောအခါ အိမ်သို့ သူစိမ်းတချို့ ရောက်လာပြီး ကိုဆုကေ၏ အခန်းတွင်းမှ သီချင်းဖွင့် စက်ကိရိယာ အစုံလိုက်ကို သယ်ဆောင်သွားကြလေသည်။ ထိုအုပ်စုထဲမှ တစ်ယောက်က ကီမီကို၏ လက်ထဲသို့ ငွေတချို့ ထည့်ပေးသွားသည်။ ထိုစဉ်က ဆာဒါယုကိ အိမ်တွင် မရှိ။
ကက်ဆက်၊ စပီကာများ မရှိတော့၍ ဗလာကျင်းနေသော အခန်းတွင်းကို ကြည့်ကာ ကိုဆုကေ၏ သွေးများ ဗလောင်ဆူလာကြသည်။ သူ သေသွားလိုက်ချင်သည်။ ဆက်လက် ရှင်သန်နေဖို့ သူ့အတွက် အဓိပ္ပာယ် မရှိတော့ချေ။
ဘီတယ်လ်ကို နားထောင်ခွင့် မရတော့သည့် အချိန်မှ စ၍ အိမ်တွင် နေနေစရာ အကြောင်းလည်း မရှိတော့။ ထိုနေ့မှ အစပြုကာ ကိုဆုကေသည် ရောက်တတ်ရာရာ လျှောက်သွားနေလေတော့သည်။ သို့သော် သူငယ်ချင်းများ အထံသို့ သွားလည်ခြင်းလည်း မဟုတ်။ သူငယ်ချင်းများကို မြင်လိုက်သည်နှင့် အမှောင်ခို၍ ထွက်ပြေးတော့မည့် အကြောင်းကို သူ ပြောပြချင်နေပေလိမ့်မည်။ ထို့အပြင် မိမိ၏ ကက်ဆက်များ ရောင်းထုတ်ပစ်လိုက်ရသည့် အကြောင်းကို ဖုံးဖိဖို့ ကြိုးစားနေရခြင်းမှာလည်း သူ့အတွက် ပင်ပန်းခက်ခဲလှသည်။
သူ့အိတ်ကပ်ထဲတွင် ပိုက်ဆံ များများစားစား မရှိ။ ဂိမ်းဆိုင်ဝင်၍ ကစားလျှင်လည်း ကြာကြာ ကစားနိုင်မည် မဟုတ်။ ထို့ကြောင့် သူ မကြာခဏ ရောက်ဖြစ်သော နေရာမှာ စာကြည့်တိုက်ပင် ဖြစ်သည်။ မြို့ထဲမှ အကြီးဆုံး စာကြည့်တိုက်ထဲတွင် တိတ်ဆိတ် ငြိမ်သက်လှသည်။ သို့သော် သီးသန့်အခန်းများတွင် ထိုသို့ မဟုတ်။ ၎င်းအခန်းများတွင် လေအေးပေးစက်များ ရှိသောကြောင့် ခိုကပ်နေကြသော ကျောင်းသားများက ထုနှင့်ဒေး။ ကျောင်းသား အများစုမှာ အထက်တန်း ကျောင်းသားများနှင့် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားများ ဖြစ်သည်။ အသည်းအသန် စာလုပ်နေကြသော ကျောင်းသားများကို မြင်ရသောအခါ သူလည်း ထိုသို့သော အခွင့်အရေးမျိုး ရပါဦးမည်လောဟု သံသယ ဝင်လာသည်။
မိဘအပေါ်တွင် အထူးသဖြင့် ဖခင်အပေါ်တွင် ကိုဆုကေ စိတ်အပျက်ကြီး ပျက်နေမိသည်။ ယခင်ကမူ ထိုသို့သော ဖခင်မျိုး ပိုင်ဆိုင်နေရခြင်းအတွက် သူ ဂုဏ်ယူမဆုံးခဲ့။ ဖခင်၏ စကား အခွန်းတိုင်းသည် သွေးထွက်အောင် မှန်သည်ဟု သူ ခံယူခဲ့သည်။ ဖခင်၏ လမ်းညွှန်မှု အတိုင်းသာ တစ်သဝေမသိမ်း လိုက်နာ ဆောင်ရွက်နိုင်လျှင် သူကိုယ်တိုင် ထိုကဲ့သို့သော အောင်မြင်မှုမျိုးကို တစ်နေ့နေ့ မလွဲမသွေ လက်ဝယ်ပိုင်ဆိုင် လာရပေလိမ့်မည်။
သို့သော် အထင်နှင့်အမြင်မှာ တက်တက်စင်အောင် လွဲနေလေသည်။ အဆုံးအစ မရှိသော မိဘများ၏ ရန်ပွဲများကို ကြားရဖန် များသောအခါ သူတို့၏ ပြောစကားများထဲမှ စကားလုံးများကို တစ်စစီ ဆက်စပ်၍ ကြည့်ခြင်းဖြင့် အခြေအနေမှန်ကို သူ သဘောပေါက်လာသည်။ ဖခင်သည် မအောင်မြင်သော အရှုံးသမားတစ်ယောက် ဖြစ်သည့်အပြင် စိတ်ဓာတ်ပျော့ညံ့သော သူရဲဘော ကြောင်သူတစ်ဦးလည်း ဖြစ်နေသည်။ သူ၏ ကြွေးမြီများအတွက် ရင်ဆိုင် ဖြေရှင်းခြင်း မပြုဘဲ ညအချိန်မတော်တွင် လူမသိ လူမသိ ရှောင်ပုန်းရန်ကိုသာ သူ စိတ်ကူးနေလေသည်။
ကုမ္ပဏီသည် မည်သို့မျှ အဖတ်ဆည်၍ မရနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း မိဘများ၏ ထေ့သံငေါ့သံများမှ သူ သိရှိထားသည်။ ၎င်း အကြွေးများကို နောက်လမကုန်ခင် အပြီး ပေးဆပ်ရမည် ဖြစ်သည်။ ကုမ္ပဏီဝန်ထမ်းများကလည်း ထိုအကြောင်းကို ဘာမျှ မသိရှာကြ။ မရအရ ဖုံးဖိထားပြီး သူ့တစ်ကိုယ်စာ လွတ်မြောက်ရေးအတွက်သာ အာရုံစိုက်နေခဲ့သည်။
မည်သို့ ပြုရအံ့နည်း။ မိဘတို့၏ အစီအစဉ်အတိုင်း လိုက်နာသွားရမည်လော။ မည်မျှပင် မနှစ်မြို့စေကာမူ သူ့မှာ တခြား ရွေးချယ်စရာ လမ်းမရှိ။
စာကြည့်တိုက်ထဲတွင် ဘီတယ်လ်နှင့် ပတ်သက်သော စာအုပ်များကို လှန်လှော ဖတ်ရှုနေရသော်လည်း ကိုဆုကေ၏ သောကများက သက်သာလာခြင်း မရှိ။ မည်သည့် စာအုပ်ထဲတွင်မှ သူလိုချင်သော အဖြေ မရှိချေ။