ပရိသတ်များဖြင့် ကြက်ပျံမကျ ပြည့်နှက်နေသော အားကစားကွင်းထဲတွင် လက်ခေါက်မှုတ်ခံ၊ အားပေးသံများက လျှံတက်နေလေသည်။ သီဆိုခဲ့ပြီးသော အပိတ်သီချင်း သုံးပုဒ်ကို ပရိသတ်များက များစွာ နှစ်ထောင်းအားရ ရှိနေကြသည်။ သို့သော် ယခု နောက်ဆုံး သီဆိုမည့် သီချင်းမှာ အခြားသီချင်းများနှင့် မတူဘဲ တစ်မူ ထူးခြားသည်။ သူ၏ အမာခံ ပရိသတ်များက ထိုအချက်ကို သိရှိထားပြီး ဖြစ်သည်။ သူသည် မိုက်ခွက်ကို ကိုင်လိုက်သည်နှင့် သောင်းချီသော ပရိသတ်များ ငြိမ်သက်သွားကြသည်။
“နောက်ဆုံး တစ်ပုဒ်ကတော့ အရင် ဆိုနေကျ သီချင်းတစ်ပုဒ်ပါပဲ” တစ်ခေတ်တစ်ခါတွင် ရှာမှရှားသော ပါရမီရှင် အဆိုတော်မလေးက ပြောလိုက်သည်။ “ဒီသီချင်းဟာ ကျွန်မကို နာမည်ကျော်ကြားအောင် လုပ်ပေးခဲ့တဲ့ သီချင်းတစ်ပုဒ်ပါပဲ။ ဒါပေမယ့် သူ့မှာ ဒီထက် ပိုပြီး လေးနက်တဲ့ ထူးခြားတဲ့ တန်ဖိုးတစ်ခု ရှိနေသေးတယ်။ ဒီသီချင်းကို ဖန်တီးခဲ့တဲ့သူဟာ ကျွန်မရဲ့ တစ်ဦးတည်းသော ဆွေမျိုးဖြစ်တဲ့ ကျွန်မမောင်လေးရဲ့ အသက်သခင် ကျေးဇူးရှင်ပါ။ သူဟာ ကျွန်မ မောင်လေးရဲ့ အသက်ကို သူ့အသက်နဲ့ လဲပေးသွားခဲ့တယ်။ တကယ်လို့သာ သူနဲ့ မတွေ့ခဲ့ရရင် ဒီနေ့ဒီရက်မှာ ကျွန်မလည်း ဒီစင်ပေါ်မှာ ရပ်နေနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်မတစ်သက်လုံး ဒီသီချင်းကို အမြဲမပြတ် ဆိုသွားမှာပါ။ အဲဒါဟာ သူ့ကို ကျေးဇူးဆပ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပါပဲ။ ပရိသတ်ကြီး နားဆင်ကြည့်ကြပါဦး”
ထို့နောက်တွင် ‘ပြန်လည်မွေးဖွားခြင်း’ သီချင်း၏ အဖွင့်တီးလုံးများ စတင် ထွက်ပေါ်လာလေသည်။