မာတိကာကြည့်ရန်

အခန်း (၂) သန်းခေါင်ယံည၏ ဘာဂျာသံ — (ဇ)

“ကတ်ဆူရို၊ မြန်မြန်ထစမ်းပါဦး”

ခန္ဓာကိုယ်ကို တရကြမ်း လှုပ်ယမ်းခံနေရသောကြောင့် ကတ်ဆူရိုက မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ ကာနာကို၏ ဖြူရော်နေသော မျက်နှာက အမြင်အာရုံထဲ ထင်ရှားလာသည်။

ကတ်ဆူရိုသည် မျက်မှောင်ကြုတ်လျက် မျက်လုံး ပေကလတ် ပေကလတ်ဖြင့် ကြည့်နေသည်။

“ဘာဖြစ်လို့လဲ” သူက ဤသို့ မေးရင်း ခေါင်းအုံးဘေးမှ နာရီကို ကောက်ယူလိုက်သည်။ နံနက် ၇ နာရီကျော်။

“ဒုက္ခပါပဲ။ မင်းအဖေ ဈေးထဲမှာ မူးလဲသွားလို့”

“ဗျာ” ကတ်ဆူရို ထထိုင်လိုက်သည်။ တစ်ခဏချင်း စိတ်မှာ ကြည်လင်သွားကြသည်။ “ဘယ်အချိန်ကလဲ”

“စောစောကပဲ ဈေးထဲက လူတစ်ယောက် ဖုန်းဆက်လာတယ်။ သူ့ကို ဆေးရုံ ပို့လိုက်ပြီတဲ့”

ကတ်ဆူရိုသည် ကုန်းထပြီး ထိုင်ခုံ နောက်မှီတွင် လွှားထားသော ဂျင်းဘောင်းဘီကို လှမ်းယူလိုက်သည်။

အင်္ကျီဝတ်ပြီးနောက် ကာနာကို၊ အေမီကိုတို့နှင့်အတူ အိမ်ထဲမှ ထွက်လာခဲ့ကြသည်။ ဆိုင်၏ ယင်းလိပ်တံခါးပေါ်တွင် ‘ယနေ့ ဆိုင်ပိတ်သည်’ ဟု ရေးထားသော စက္ကူကို ကပ်ထားခဲ့သည်။

တက္ကစီတစ်စီး ငှားပြီး သူတို့ ဆေးရုံသို့ လိုက်သွားကြသည်။ ငါးဒိုင်မှ သက်လတ်အရွယ် အလုပ်သမားတစ်ယောက်က ဆေးရုံတွင် စောင့်နေလေသည်။ သူက ကာနာကိုနှင့်လည်း ရင်းနှီးပုံ ရသည်။ “သူက ပစ္စည်းတွေ သယ်နေတာ။ သူ့ကြည့်ရတာ အတော် ဝေဒနာ ခံစားနေရတဲ့ပုံ ပေါက်နေတာနဲ့ ကျွန်တော်လည်း ဆေးရုံကို ဖုန်းဆက်လိုက်တာပဲ”

“အဲဒီလိုလား။ ကျေးဇူးတင်ပါတယ်ရှင်။ ငါ့တူကို ဒုက္ခပေးသလို ဖြစ်သွားပြီ။ ကျန်တာ အန်တီတို့ပဲ ဆက်လုပ်လိုက်ပါ့မယ်။ ငါ့တူ ဈေးထဲ ပြန်ချင် ပြန်တော့လေ” ကာနာကိုက ကျေးဇူးတင်စကား ဆိုသည်။

အရေးပေါ် ကုသပြီးနောက် တာဝန်ခံ ဆရာဝန်သည် အနားသို့ ရောက်လာပြီး လူနာရှင်များကို အခြေအနေ ရှင်းပြသည်။ ကတ်ဆူရိုနှင့် အေမီကိုလည်း အနားမှာ ရှိနေကြသည်။

“အတိုချုပ် ပြောရရင်တော့ အပင်ပန်းလွန်သွားလို့ နှလုံးမှာ ဝန်ပိသလို ဖြစ်သွားတာပဲ။ အခုတလော သူ့မှာ ပင်ပင်ပန်းပန်း လုပ်ခဲ့ရတာတွေများ ရှိသလား” တစ်ခေါင်းလုံး ဖြူဖွေးနေသော ဆံပင်များနှင့် ဣန္ဒြေရသည့် ဆရာဝန်က အေးဆေးတည်ငြိမ်သော အသံနေ အသံထားဖြင့် မေးလိုက်သည်။

နာရေးကိစ္စအတွက် အလုပ်ရှုပ်ခဲ့ကြောင်းကို ကာနာကိုက ရှင်းပြလိုက်သောအခါ ဆရာဝန်က နားလည်သွားသည့် အနေဖြင့် ခေါင်းညိတ်ပြသည်။

“ကိုယ်ခန္ဓာတင် မကဘဲ စိတ်ပိုင်းဆိုင်ရာလည်း အတော် ပင်ပန်းခဲ့ပုံ ရတယ်။ သူ့နှလုံးရဲ့ အခြေအနေက ချက်ချင်းကြီး ဆိုးရွားသွားနိုင်စရာ အခြေအနေတော့ မရှိပါဘူး။ ဒါပေမယ့် ဂရုတစိုက် နေတာ ပိုကောင်းလိမ့်မယ်။ နှလုံးကို အချိန်မှန် စစ်ဆေးနေဖို့တော့ လိုအပ်လိမ့်မယ်”

“ကျွန်မ သူ့ကို လုပ်ခိုင်းပါ့မယ်” ကာနာကိုက ပြန်ဖြေသည်။

လူနာကို တွေ့ဆုံခွင့် ရပြီ ဖြစ်သောကြောင့် သူတို့သည် လူနာဆောင်သို့ သွားလိုက်ကြသည်။ တာကေအိုသည် အရေးပေါ် ကုသဆောင်ရှိ ခုတင်ပေါ်တွင် လဲလျောင်းနေပြီး ကတ်ဆူရိုတို့ ရောက်လာသည်ကို မြင်သောအခါ သူ့အမူအရာက စနိုးစနောင့် ဖြစ်နေသည့်ပုံ။

“မင်းတို့က ရေးကြီးခွင်ကျယ် လုပ်လို့ကွာ။ ဘာမှ ကြီးကြီးမားမား ဖြစ်တာလည်း မဟုတ်ဘဲနဲ့” သူက ဘာမျှ မဖြစ်သလို ဟန်ဖြင့် ပြောနေသည်။ သို့သော် မာန်သာရှိလျက် အဆံက မပါ။

“ဆိုင်ပြန်ဖွင့်တာ စောလွန်းပါတယ်လို့ ရှင့်ကို ကျွန်မ ပြောသားပဲ။ တစ်ရက် နှစ်ရက်လောက် ပို နားလိုက်သင့်တာ”

တာကေအိုသည် ကာနာကိုကို မျက်စောင်းခဲလျက် ခေါင်းခါယမ်းနေသည်။

“ဖြစ်မလား။ ငါ ဘာမှ မဖြစ်ဘူး။ ငါတို့ ဆိုင်ပိတ်ထားရင် ဖောက်သည်တွေ ဒုက္ခရောက်ကုန်မှာပေါ့။ ငါတို့ငါးကို စောင့်မျှော်နေကြတဲ့သူတွေ ရှိတယ်ကွ”

“ရှင် အဲဒီလို ဇွတ်ပေပြီး လုပ်နေလို့ ကျန်းမာရေးကို ထိခိုက်သွားရင် ဘယ်လို လုပ်မလဲ။ ရှင့်ကိုယ်က ခံနိုင်တာ မဟုတ်ဘူး”

“ငါ ပြောပြီးပြီပဲ။ ဘာမှ မဖြစ်ပါဘူးဆိုနေ”

“အဲဒီလောက်လည်း အသည်းအသန် လုပ်နေစရာ မလိုပါဘူး အဖေရာ” ကတ်ဆူရိုက ဝင်ပြောသည်။ “တကယ်လို့ ဆိုင် ဖွင့်ကိုဖွင့်ရမှ ဆိုရင်လည်း ကျွန်တော် ဝင်ကူပေးပါ့မယ်”

သုံးယောက်စလုံး၏ အကြည့်များက သူ၏ မျက်နှာပေါ်သို့ လာဆုံကြသည်။ အားလုံး၏ မျက်လုံးထဲတွင် သံသယ အခိုးအငွေ့များ ယှက်သန်းကြလျက်။

တာကေအိုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ “မင်း ဘာ လျှောက်ပြောနေတာလဲ။ မင်းက ငါးကိုတောင် အကြေးခွံ သင်တတ်လို့လား”

“တတ်တာပေါ့။ အဖေ မေ့နေပြီလား။ အထက်တန်းကျောင်း မတက်ခင်က နွေရာသီ ကျောင်းပိတ်ရက်ဆိုရင် ဆိုင်မှာ ဝင်ကူပေးခဲ့တာလေ”

“လုပ်ငန်းတစ်ခုကို လည်ပတ်နိုင်ဖို့ ဆိုတာ အဲဒီလောက်နဲ့ မလုံလောက်သေးဘူး”

“ဒါပေမယ့် ……” ကတ်ဆူရို ဆက်မပြောနိုင်တော့။ တာကေအိုသည် ခြုံစောင်အောက်ထဲမှ သူ၏ ညာဘက်လက်ကို ဆွဲထုတ်ပြီး သားတော်မောင်၏ စကားကို လှမ်းတားလိုက်သည်။

“ဒါဆို မင်းရဲ့ ဂီတကရော”

“ကျွန်တော် စွန့်လွှတ်လိုက်တော့မယ်”

“ဘာ …” တာကေအိုက နှုတ်ခမ်းကို ရွဲ့လိုက်သည်။ “မင်းက စစ်ပြေးကြီး လုပ်တော့မလို့ပေါ့”

“မဟုတ်ပါဘူး။ ငါးဆိုင်ကို ဆက်လုပ်တာ ပိုကောင်းလိမ့်မယ်လို့ ကျွန်တော် ယူဆလို့ပါ”

တာကေအိုထံမှ တောက်ခေါက်သံ ထွက်ပေါ်လာသည်။ “လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဒီလေသံမျိုး မဟုတ်ပါဘူးကွ။ အခုတော့ ဘယ်လို ဖြစ်ရတာလဲ။ မင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ဆိုင်ကို မင်းလက်ထဲ အပ်ဖို့ ငါ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးဘူး”

ကတ်ဆူရိုက မယုံကြည်နိုင်စွာဖြင့် သူ့ဖခင်ကို စိုက်ကြည့်နေသည်။ “တာကေအို” ကာနာကိုက လှမ်းဟန့်လိုက်သည်။

“မင်းသာ ဒီငါးဆိုင်ကို အမှန်တကယ် စိတ်နှစ်ပြီး လုပ်ချင်တာပါ ဆိုရင်တော့ တစ်မျိုးပေါ့လေ။ ဒါပေမယ့် အခု မင်းက အဲဒီလို စိတ်ကူးနေတာ မဟုတ်ဘူး။ ငါးဆိုင်ကို ဆက်ပြီး လုပ်မယ်ဆိုရင်လည်း အခု မင်းမှာရှိတဲ့ စိတ်ထားမျိုးနဲ့ အောင်အောင်မြင်မြင် လုပ်နိုင်မှာ မဟုတ်ဘူး။ နှစ်အနည်းငယ် ကြာသွားတဲ့အခါမှာ မင်း နောင်တရလာလိမ့်မယ်။ ဂီတဘက်ကိုသာ ဆက်လုပ်ဖြစ်ရင် ကောင်းမှာပဲလို့ မင်း တွေးနေမိမှာ အမှန်ပဲ”

“အဲဒီလို မဟုတ်ပါဘူးဗျာ”

“ဘာလို့ မဟုတ်ရမှာလဲ။ ငါ သိပါတယ်ကွာ။ အဲဒီအချိန်ရောက်ရင် အပြစ်လွတ်အောင် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ဖို့ မင်းမှာ အကြောင်းပြချက်တွေ အများကြီး ရှိလာလိမ့်မယ်။ ‘ငါ့အဖေ မကျန်းမာတော့လို့ မဖြစ်မနေ ဆက်ခံလိုက်ရတာပါ’ ‘ဒီအိမ်ကြီးအတွက် အနစ်နာခံလိုက်ရတာ’ နောက်ဆုံးတော့ မင်းက ဘာမှ တာဝန်ခံစရာ မလိုတော့ဘူး။ အားလုံးက တခြားလူတွေရဲ့ အပြစ်ချည်းပဲ”

“တာကေအို၊ အဲဒီလို မပြောပါနဲ့ရှင်ရယ်”

“မင်း ပါးစပ်ပိတ်ထားစမ်း။ ……. ဘယ်လိုလဲ။ ဘာမှ ပြောစရာ မရှိတော့ဘူးလား။ ငါပြောတာ မှားတယ်လို့ မင်း ယူဆရင် တစ်ခုခု ပြန်ပြောစမ်းပါဦး”

ကတ်ဆူရိုသည် သူ့နှုတ်ခမ်းကို စူထားလျက် တာကေအိုကို စိုက်ကြည့်နေသည်။ “ကိုယ့်မိသားစုအတွက် ထည့်စဉ်းစားပေးတာ ဘာများ မှားနေလို့လဲ”

တာကေအိုက လှောင်ပြုံးပြုံးလိုက်သည်။ “အဲဒီလို လူကြားကောင်းတဲ့ စကားမျိုးကို မင်း ဖြစ်ဖြစ်မြောက်မြောက် လုပ်ပြနိုင်တဲ့ တစ်နေ့ကျမှ ပြောပါလားကွာ။ မင်း အရူးအမူး ဖြစ်နေတဲ့ ဂီတမှာ မင်း ဘာများ လုပ်ပြနိုင်ခဲ့ပြီလဲ။ မရှိသေးဘူး မဟုတ်လား။ မင်းက မိဘရဲ့ စကားကို နားမထောင်ဘဲ ကိုယ်လုပ်ချင်တာကိုပဲ ဇွတ်တရွတ် လုပ်နေခဲ့တယ်။ ဒါဆိုရင် မင်းမှာ လုပ်စရာဆိုလို့ အဲဒီ အလုပ်တစ်ခုပဲ ကျန်တော့တာပဲ။ မင်း သိပ်လုပ်ချင်ပါတယ်ဆိုတဲ့ အဲဒီ အလုပ်ကိုတောင်မှ ဖြစ်မြောက်အောင် မလုပ်နိုင်ဘဲနဲ့ ငါးဆိုင်ကိုတော့ လုပ်နိုင်လိမ့်မယ်လို့ မင်း ထင်တယ်ပေါ့။ ငါးဆိုင်ကို သိပ်အထင်သေးရာ ကျမနေဘူးလား”

တစ်ဆက်တည်း မနားတမ်း ပြောလိုက်ရသောကြောင့် တာကေအိုသည် အနည်းငယ် နေရထိုင်ရ ခက်ကာ ရင်ကို ဖိထားလိုက်သည်။

“တာကေအို” ကာနာကိုက ပြောသည်။ “နေလို့ မကောင်းဘူးလား။ သမီး၊ ဆရာဝန် သွားခေါ်စမ်း”

“မပူပါနဲ့။ ငါ ဘာမှ မဖြစ်ဘူး။ ဟေ့ ကတ်ဆူရို၊ မင်း သေချာနားထောင်” တာကေအိုသည် ခုတင်ပေါ်တွင် လဲလျက် သူ့ကို စူးရှသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။ “ငါ့ကိုပဲ ဖြစ်ဖြစ်၊ ငါးဆိုင်ကိုပဲ ဖြစ်ဖြစ်၊ မင်းလာပြီး စောင့်ရှောက်ပေးဖို့ လိုလောက်အောင် ချိနဲ့ မနေသေးဘူး။ ဒါကြောင့် တောင်တောင်အီအီတွေ လျှောက်တွေးမနေနဲ့။ နောက်တစ်ကြိမ် ထပ်ပြီး အစွမ်းကုန် ကြိုးစားလိုက်စမ်း။ တိုကျိုမှာ တိုက်ပွဲတစ်ပွဲကို မီးကုန်ယမ်းကုန် ချပစ်လိုက်စမ်း။ တကယ်လို့ ရှုံးနိမ့်တဲ့ တိုက်ပွဲ ဖြစ်လာခဲ့ရင်လည်း ကိစ္စမရှိဘူး။ အနည်းဆုံးတော့ မင်းရဲ့ ခြေရာလက်ရာတွေ ကျန်နေခဲ့မှာပဲ။ အဲဒီလောက်မှ မလုပ်နိုင်ဘူး ဆိုရင် အိမ်ကို လုံးဝ ပြန်မလာနဲ့တော့။ သဘောပေါက်လား”

ကတ်ဆူရို ဘာပြန်ပြောရမည်မှန်း မသိသောကြောင့် နှုတ်ဆိတ်၍သာ နေနေလိုက်သည်။ တာကေအိုက မာကျောသော လေသံဖြင့် နောက်တစ်ကြိမ် ထပ်မေးပြန်သည်။ “သဘောပေါက်ရဲ့လား”

“ဟုတ်၊ ကျွန်တော် သဘောပေါက်ပါတယ်”

“တကယ် သဘောပေါက်တာလား။ ယောက်ျားကတိနော်”

ကတ်ဆူရိုက ခပ်ပြင်းပြင်း ခေါင်းဆတ်ပြလိုက်သည်။

ဆေးရုံမှ အိမ်သို့ ပြန်ရောက်သောအခါ ကတ်ဆူရိုသည် ချက်ချင်းပင် အဝတ်အစားများကို စတင် သိမ်းဆည်းလေသည်။ အဝတ်အစားများကို သိမ်းဆည်းသည့်အပြင် အခန်းတွင်းမှ အသုံးမလိုတော့သည့် ပစ္စည်းများကိုလည်း ရှင်းလင်းပေးခဲ့သည်။ ဤအခန်းကို သန့်ရှင်းရေး မလုပ်ခဲ့သည်မှာ ကြာလှပြီ ဖြစ်သောကြောင့် ကောင်းစွာ လှည်းကျင်းသုတ်သင်ခဲ့သည်။

“စားပွဲနဲ့ခုတင်ကို အမေတို့ပဲ ကြည့်ရှင်းလိုက်တော့။ စာအုပ်စင်ကိုလည်း မသုံးတော့ဘူး ဆိုရင် လွှင့်ပစ်ချင် လွှင့်ပစ်လိုက်ပါ” တစ်ခဏ အနားယူပြီး နေ့လယ်စာ စားရန် အောက်ထပ်သို့ ဆင်းလာစဉ်တွင် သူက ကာနာကိုကို ပြောလိုက်သည်။ “ကျွန်တော် အဲဒီအခန်းမှာ မနေတော့ဘူး”

“ကျွန်မ နေလို့ ရမလား” အေမီကို ချက်ချင်း ဝင်မေးသည်။

“အင်း၊ ရတာပေါ့”

“ကောင်းလိုက်တာ” အေမီကိုက လက်ခုတ်တီးနေသည်။

“ကတ်ဆူရို၊ သားအဖေက အဲဒီလို ပြောပေမယ့် သား အချိန်မရွေး ပြန်လာလို့ ရပါတယ်”

ကတ်ဆူရိုသည် မချိပြုံး ပြုံးလျက် မိခင်ကို ကြည့်နေသည်။

“အမေလည်း ဘေးနားကနေ ကြားတာပဲ မဟုတ်လား။ ယောက်ျားကတိတဲ့လေ”

“ဒါပေမယ့် …..” ကာနာကိုက ထိုမျှသာ ပြောပြီး ဆက်မပြောတော့ပေ။

ကတ်ဆူရိုသည် ည မှောင်သည်အထိ အခန်းသန့်ရှင်းရေး လုပ်နေခဲ့သည်။ နေမဝင်ခင်က ကာနာကိုသည် ဆေးရုံသို့ နောက်တစ်ကြိမ် ပြန်သွားပြီး တာကေအိုကို အိမ်ပြန်ခေါ်လာခဲ့သည်။ မနက်ကထက် စာလျှင် တာကေအို၏ အခြေအနေမှာ အများကြီး ပိုကောင်းလာလေပြီ။

ညစာမှာ ဆူကီယာကီ ဖြစ်သည်။ ကာနာကိုသည် အကောင်းစား အမဲသားတစ်များကို ဈေးကြီးပေး၍ ဝယ်လာခဲ့သည်။ အေမီကိုမှာ ကလေးတစ်ယောက်ကဲ့သို့ ပျော်ရွှင်မြူးတူး နေသော်လည်း တာကေအိုကမူ ဘီယာ မသောက်ရသဖြင့် ငြီးငြူနေသည်။ ဆရာဝန်၏ သတိပေးချက်အရ တာကေအိုသည် နှစ်ရက် သုံးရက်မျှ အရက်နှင့်ဆေးလိပ်ကို ဖြတ်ထားရမည် ဖြစ်သောကြောင့် ဘီယာ သောက်ခွင့်မရပေ။ ကတ်ဆူရိုအတွက် ဆိုရသော် ဤညစာစားပွဲသည် နာရေးကျင်းပပြီးနောက်ပိုင်းတွင် ပျော်ရွှင်ဖွယ် အကောင်းဆုံးသော မိသားစုစားပွဲတစ်ခု ဖြစ်လေသည်။

ညစာ စားသောက်ပြီးသောအခါ ကတ်ဆူရိုသည် တိုကျိုသို့ ပြန်ရန် ပြင်ဆင်တော့သည်။ ကာနာကိုက “မနက်ဖြန်မှ အေးဆေးပြန်ပါလား” ဟု ပြောသော်လည်း တာကေအိုကမူ အပြစ်တင်သော လေသံဖြင့် “သူ ပြန်ချင်တဲ့အချိန် ပြန်ပါစေပေါ့” ဟု ဆိုလေသည်။

“ဒါဆို ကျွန်တော် သွားတော့မယ်” ကတ်ဆူရိုသည် လက်အစုံဖြင့် ကျောပိုးအိတ်ကို လှမ်းယူပြီး မိဘများနှင့် အေမီကိုကို နှုတ်ဆက်လိုက်သည်။

“ကျန်းမာရေး ဂရုစိုက်ဦးနော်” ကာနာကိုက ပြောသည်။ တာကေအိုထံမှ ဘာအသံမျှ မထွက်။

အိမ်မှ ထွက်လာသောအခါ ကတ်ဆူရိုသည် ကားဂိတ်သို့ တန်းမသွားသေးဘဲ တခြားတစ်နေရာသို့ သွားနေသည်။ သူသည် နောက်ဆုံးအကြိမ်အဖြစ် နာမီယာကုန်စုံဆိုင်သို့ သွားကြည့်ချင်သေးသည်။ မနေ့က သူထည့်ခဲ့သော စာအတွက် ပြန်စာတစ်စောင် နွားနို့သေတ္တာထဲတွင် ရောက်နေပြီလော မသိ။

သွားကြည့်သောအခါ ပြန်စာကို ၎င်းနေရာတွင် တွေ့လိုက်ရသည်။ ကတ်ဆူရိုသည် စာအိတ်ကို အိတ်ကပ်ထဲသို့ ထိုးထည့်ပြီး လူသူကင်းမဲ့နေသော ထိုဆိုင်ဟောင်းကြီးကို နောက်တစ်ကြိမ် စေ့စေ့စပ်စပ် ကြည့်လိုက်ပြန်သည်။ ဖုန်အလိမ်းလိမ်း ကပ်နေသော ဆိုင်းဘုတ်ကြီးက သူ့ကို တစ်စုံတစ်ခု ပြောပြနေသယောင်။

ကားဂိတ်ရောက်၍ ကားပေါ် တက်ပြီးသည်နှင့် တပြိုင်နက် ကတ်ဆူရိုသည် စာကို ဖောက်ဖတ်လိုက်လေသည်။

❝ သို့ – ငါးဆိုင်မှ ဂီတသမား

တတိယမြောက်စာကို ကျွန်တော် ဖတ်ပြီးပါပြီ။

အသေးစိတ် ရှင်းပြဖို့ မဖြစ်နိုင်တဲ့ အခြေအနေကြောင့် ကျွန်တော် ခင်ဗျားနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်တာ ခွင့်လွှတ်ပါဗျာ။ နောက်ပြီး မတွေ့တာဘဲ ကောင်းလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ လူချင်း တွေ့ကြရင် ခင်ဗျား စိတ်ပျက်သွားလောက်တယ်။ ‘လတ်စသတ်တော့ ဒီလို ကောင်မျိုးဆီမှာ အကြံဉာဏ် တောင်းနေမိတာပါလား’ လို့ တွေးမိလိုက်ရင် ခင်ဗျား ကိုယ်တိုင်လည်း တနုံ့နုံ့ ဖြစ်နေတော့မှာပဲ။ ဒါကြောင့် အဲဒီကိစ္စကို မေ့လိုက်ကြရအောင်ဗျာ။

ဟုတ်လား။ ခင်ဗျား ဂီတကို တကယ် စွန့်လွှတ်လိုက်တော့မှာလား။

ဒါပေမယ့် ယာယီ စိတ်ကစားတာမျိုးပဲ ဖြစ်မှာပါဗျာ။ ခင်ဗျား မကြာခင် ပြန်ပြီး စိတ်လည်သွားဦးမှာပါပဲ။ ဒီစာကို ဖတ်နေတဲ့ အချိန်မှာတောင် ခင်ဗျားစိတ်က ပြောင်းချင် ပြောင်းနေလောက်ပြီ။

အဲဒီလို ဖြစ်နေတာက အကောင်းလား၊ အဆိုးလားဆိုတာ ကျွန်တော်လည်း မသိဘူးဗျာ။ ဝမ်းနည်းပါတယ်။

ဒါပေမယ့် အချက်တစ်ချက်ကိုတော့ ခင်ဗျားကို ပြောပြချင်တယ်။

ခင်ဗျားရဲ့ ဂီတအပေါ်မှာ ထားတဲ့ အရူးအမူး စိတ်ဓာတ်ဟာ အလဟဿ ဖြစ်သွားမှာတော့ မဟုတ်ဘူး။

ကျွန်တော် ယုံကြည်တယ်ဗျာ။ ခင်ဗျားရဲ့ ဂီတဟာ လူတွေကို ကယ်တင်နိုင်လိမ့်မယ်။ ပြီးတော့ ခင်ဗျား ဖန်တီးထားတဲ့ သီချင်းတွေဟာ ခေတ်ပေါင်းများစွာ ဆက်လက် ရှင်သန်သွားလိမ့်မယ်။

ဘာဖြစ်လို့ အဲဒီလို ယတိပြတ် ပြောနိုင်ရတာလဲလို့ ခင်ဗျား မေးချင်နေမှာပဲ။ ကျွန်တော်အနေနဲ့ ဖြေရ အင်မတန် ခက်ပါတယ်။ ဒါပေမယ့် အဲဒါက အမှန်တရားပဲ။

အဲဒီအချက်ကို ခင်ဗျား မြဲမြဲ ယုံကြည်ထားပေးပါ။ ခင်ဗျားရဲ့ နောက်ဆုံး ထွက်သက်အထိ မြဲမြဲ ယုံကြည်ထားပါ။

ကျွန်တော် အဲဒီလောက်ပဲ ပြောပြနိုင်တယ်။

နာမီယာကုန်စုံဆိုင် ❞

စာဖတ်ပြီးသောအခါ ကတ်ဆူရိုသည် သူ့ခေါင်းကို ကုတ်နေမိသည်။

‘ဘာတွေ ဖြစ်ကုန်ပြီလဲ’ သူ့ကိုယ်သူ ပြန်မေးနေသည်။ ‘ဒီစာကျမှ ဘာဖြစ်လို့ အဲဒီလောက် ယဉ်ကျေးပြနေရတာလဲ။ ရှေ့စာတွေလို ထေ့လုံးငေါ့လုံးတွေ မပါတော့ပါလား’

အထူးခြားဆုံး အပိုင်းမှာ ထိုသူသည် ကတ်ဆူရို၏ လက်ရှိ ဆုံးဖြတ်ချက်ကို သိနှင့်နေခြင်း ဖြစ်သည်။ သူသည် ဂီတလောကတွင် ခြေချနိုင်ရန် နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်ဦးမည်ဟု ဆုံးဖြတ်ထားသည်ကို ထိုသူက ကြိုသိနှင့်နေသည်။ သူတစ်ပါး၏ စိတ်ကို ထိုကဲ့သို့ ထိုးထွင်းသိနိုင်သောကြောင့်လည်း ‘ဖြေသိမ့်ရာကုန်စုံဆိုင်’ အဖြစ် နာမည်ကြီးနေခြင်း ဖြစ်ရပေမည်။

‘ခင်ဗျားရဲ့ နောက်ဆုံး ထွက်သက်အထိ မြဲမြဲ ယုံကြည်ထားပါ’ ထိုစာကြောင်းကရော ဘာအဓိပ္ပာယ်ပါနည်း။ တစ်နေ့နေ့ကျလျှင် အိပ်မက်များ အကောင်အထည် ပေါ်လာလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်ပါသလား။ သူက အဘယ်ကြောင့် ထိုသို့ ယတိပြတ် ပြောနိုင်ရသနည်း။

ကတ်ဆူရိုသည် စက္ကူစာရွက်ကို စာအိတ်ထဲသို့ ပြန်ထည့်ပြီး စာအိတ်ကို ကျောပိုးအိတ်ထဲ ထိုးထည့်လိုက်သည်။ မည်သို့ပင် ဖြစ်စေ။ ဤစာသည် သူ့ကို ခွန်အားများ ပေးစွမ်းနိုင်ခဲ့သည်။

 

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *