ဇူလိုင်လ၏ ပထမအပတ်ထဲတွင် သူ့အဘွား ကွယ်လွန်သွားပြီ ဖြစ်ကြောင်း နာရေးသတင်းကို ကတ်ဆူရို ရရှိခဲ့သည်။ ထိုနေ့က ကတ်ဆူရိုသည် နံနက် ဆိုင်ဖွင့်ရန်အတွက် လုံးပန်းနေစဉ် နှမဖြစ်သူ အေမီကို၏ ဖုန်းကို လက်ခံရခဲ့သည်။
အဘွား၏ ကျန်းမာရေး အခြေအနေ မကောင်းသည်ကို သူ အစောကြီးကတည်းက သိနှင့်နေသည်။ သူ၏ အသည်းနှင့် ကျောက်ကပ်များ ပျက်စီးနေကြပြီး အချိန်မရွေး လွင့်ပါးသွားနိုင်ကြောင်း သူ သတင်းရထားသည်။ သို့သော် သူသည် အိမ်မပြန်နိုင်ခဲ့။ အဘွား၏ ကျန်းမာရေး အခြေအနေကို စိုးရိမ်နေသော်လည်း အိမ်ပြန်ရန် မဝံ့မရဲ ဖြစ်နေလေသည်။
“မနက်ဖြန် စင်တာမှာ တစ်ရက်ထားပြီး သန်ဘက်ခါ သင်္ဂြိုဟ်မယ်။ အစ်ကိုက ဘယ်တော့ ပြန်လာမှာလဲ” အေမီကိုက မေးသည်။
ကတ်ဆူရိုသည် လက်တစ်ဘက်ဖြင့် ဖုန်းကို ကိုင်ထားပြီး တံတောင်ဖြင့် ကောင်တာပေါ် ထောက်လျက် ကျန်လက်တစ်ဘက်ဖြင့် ခေါင်းကုတ်နေသည်။
“ငါ ရုံးတက်ရဦးမှာ။ သူဌေးနဲ့ တိုင်ပင်ကြည့်ဦးမယ်”
သူသည် အေမီကို၏ ပင့်သက် ရှိုက်သံကို ကြားလိုက်ရသည်။
“ဘာရုံးတက်တာလဲ။ တိုလီမိုလီ လုပ်နေရတာပဲ မဟုတ်ဘူးလား။ အဲဒီဆိုင်ကို အရင်ကတည်းက ပိုင်ရှင်တစ်ယောက်တည်း လုပ်နေခဲ့တာပဲကို။ တစ်ရက် နှစ်ရက်လောက် ခွင့်ယူတာပဲ။ သဘောမတူဘဲ နေပါ့မလား။ အစ်ကို ကိုယ်တိုင် ပြောဖူးတာပဲလေ။ ကြိုက်သလို ခွင့်ယူလို့ ရလို့ အဲဒီအလုပ်မှာပဲ မြဲနေပြီး တခြားအလုပ် ထပ်မရှာတော့တာဆို”
သူ ပြောခဲ့သည့် စကားမှာ အမှန်ချည်းပင်။ သူသည် မှတ်ဉာဏ် ကောင်းသည့်အပြင် ခေါင်းမာသူ တစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့် သူ့ကို ဟိုလိုလို ဒီလိုလို ပြောပြီး မလိမ့်တစ်ပတ် လုပ်၍ မရပေ။ ကတ်ဆူရိုတွင် ဖြေစရာ စကား မရှိတော့။
“အစ်ကိုသာ ပြန်မလာရင် ကျွန်မတို့ ဒုက္ခရောက်တော့မှာပဲ” အေမီကိုသည် အသံကို မြှင့်၍ ပြောလိုက်သည်။ “အဖေရဲ့ ကျန်းမာရေးကလည်း မကောင်းဘူး။ အမေလည်း အဘွားကို ပြုစုနေရတာနဲ့ ပင်ပန်းလွန်းလို့ ယိုင်နဲ့နေပြီ။ ပြီးတော့ အဘွားက ဟိုးအရင်ကတည်းက အစ်ကို့ကို အဲဒီလောက် ချစ်ခဲ့တာ။ အစ်ကို့အနေနဲ့ အဘွားရဲ့ နာရေးကို ပြန်လာသင့်တယ်လို့ ကျွန်မ ထင်တယ်”
ကတ်ဆူရိုက သက်ပြင်းချလိုက်သည်။ “ကောင်းပြီလေ။ ငါစီစဉ်ကြည့်ပါဦးမယ်”
“စောနိုင်သမျှ စောအောင် ပြန်လာခဲ့။ ဖြစ်နိုင်ရင် ဒီညပဲ လာခဲ့တော့”
“ဒါတော့ မဖြစ်နိုင်ဘူး”
“ဒါဆိုလည်း မနက်ဖြန် မနက်ပေါ့။ နောက်အကျဆုံး နေ့လည်ပဲ”
“ငါ စဉ်းစားပါဦးမယ်”
“သေချာ စဉ်းစား။ အစ်ကို အဲဒီလိုပဲ အမြဲတမ်း တဇွတ်ထိုး နိုင်လွန်းတယ်”
‘ဘာစကားပြောတာလဲဟ’ ဟု မေးတော့မည် အပြုတွင် အေမီကိုဘက်မှ ဖုန်းချသွားလေသည်။
ဖုန်းလက်ကိုင်ကို ချလိုက်ပြီးနောက် ကတ်ဆူရိုသည် ထိုင်ခုံတွင် ဝင်ထိုင်ပြီး နံရံပေါ်မှ ပန်းချီကားကို ငေးမိငေးရာ ငေးကြည့်နေမိသည်။ ၎င်းမှာ အိုကီနာဝါ၏ လက်ရာဖြစ်သော ပင်လယ်ကမ်းခြေပုံ။ ဆိုင်ရှင်သည် အိုကီနာဝါကို အရူးအမူး နှစ်ခြိုက်သူ တစ်ဦးဖြစ်သည်။ ဤဘားဆိုင် သေးသေးလေး၏ နေရာအနှံတွင် အိုကီနာဝါ၏ လက်ရာများနှင့် ပြည့်နှက်နေကြသည်။
ကတ်ဆူရို၏ အကြည့်သည် ဆိုင်တွင်းရှိ ထောင့်တစ်နေရာသို့ ရွေ့လျားသွားသည်။ ထိုနေရာတွင် ကြိမ်ထိုင်ခုံတစ်လုံးနှင့် ၎င်းကို မှီ၍ ထောင်ထားသော ရိုးရိုး ဂီတာတစ်လက် ရှိနေသည်။ တစ်ခါတစ်ရံတွင် ဧည့်သည်အတွက် တီးခတ်ပေးရပြီး များသောအားဖြင့် ကတ်ဆူရိုကိုယ်တိုင် သီဆို ဖျော်ဖြေပေးရသည်။ သူ၏ သီချင်းသံကို ပထမဆုံး ကြားရသော ဧည့်သည် အများစုသည် ထူးဆန်း အံ့ဩသည့် အမူအရာများဖြင့် သူ့ကို ဩဘာပေးခဲ့ကြသည်။ ဂီတာတီးခတ်နည်းကို ဆရာတစ်ဦးဦး အထံ၌ အနီးကပ် သင်ယူထားခြင်း မဟုတ်ဘဲ စာအုပ်ကြည့်ပြီး လေ့ကျင့်ထားခြင်း ဖြစ်ကြောင်း သိကြသောအခါတွင်လည်း သူ့ကို တအံ့တဩ ချီးမွမ်းကြပြန်သည်။ အဆိုတော်တစ်ယောက် ဖြစ်အောင် အဘယ်ကြောင့် ဆက်မကြိုးစားသနည်းဟု တချို့ဧည့်သည်များက သူ့အား မေးမြန်းခဲ့ကြသည်။
“အဲဒီလောက်လည်း မဟုတ်ပါဘူးဗျာ” ဟုသာ ကတ်ဆူရိုသည် သူ့ကိုယ်သူ နှိမ့်ချပြီး နှုတ်မှ ပြောဆိုနေရသော်လည်း သူ၏ အတွင်းစိတ်ထဲတွင်မူ “နဂိုကတည်းက ငါ့မှာ အဲဒီ ရည်ရွယ်ချက် ရှိနေပြီးသား” ဟု တွေးနေမိသည်။ ထိုရည်ရွယ်ချက်ကြောင့်ပင် တက္ကသိုလ်ကို ဆက်မတက်တော့ဘဲ ကျောင်းထွက်ခဲ့သည် မဟုတ်ပါလား။
ကတ်ဆူရိုသည် အလယ်တန်း ကျောင်းသား ဘဝကပင် တေးဂီတကို စိတ်ပါဝင်စားခဲ့သည်။ အလယ်တန်း ဒုတိယနှစ်က သူသည် ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်၏ အိမ်သို့ သွားလည်စဉ် ဂီတာတစ်လက်ကို တွေ့သွားခဲ့သည်။ သူငယ်ချင်းက သူ့အစ်ကို၏ ဂစ်တာဖြစ်ကြောင်း ရှင်းပြသည်။ ထို့နောက် ဂီတာကို မည်သို့ မည်ပုံ ကိုင်တွယ်ရမည် ဖြစ်ကြောင်း သူ့အား သင်ပြခဲ့သည်။ သူ့ဘဝတွင် ဂီတာကို ပထမဆုံး ကိုင်တွယ်ခဲ့ဖူးခြင်း ဖြစ်သည်။ စစချင်း ဂီတာကိုင်ရာတွင် အချိုးမကျသော်လည်း အကြိမ်ကြိမ် လေ့ကျင့်ပြီးနောက် လွယ်ကူရှင်းလင်းသော သီချင်းတိုတစ်ပိုဒ်ကို ကောင်းစွာ တီးခတ်နိုင်လာသည်။ ထိုစဉ်က ဖြစ်ပေါ်ခဲ့သော ကျေနပ်အားရသည့် ပျော်ရွှင်မှုကို မည်သည့် ဝေါဟာရနှင့်မျှ ဖော်ကျူး၍ မစွမ်းနိုင်ပေ။ ကျောင်း၌ ပုံမှန် တက်နေရသော ဂီတချိန်တွင် ပလွေမှုတ်ရစဉ်က မရရှိနိုင်ခဲ့သော ထိုထူးခြားသည့် စိတ်ခံစားမှုသည် သူ၏ အာရုံကြောများ အတွင်းသို့ စိမ့်ဝင် ပျံ့နှံ့သွားကြသည်။
ရက်အနည်းငယ် ကြာသောအခါ ကတ်ဆူရိုသည် ရဲဆေးတင်ပြီး သူ့ကိုယ်ပိုင် ဂီတာတစ်လက် လိုချင်ကြောင်း သူ့မိဘများကို ပူဆာလေတော့သည်။ ဖခင်သည် ငါးဆိုင် ဖွင့်ထားသူ ငါးစိမ်းသည်သာ ဖြစ်သောကြောင့် ဂီတနှင့် မည်သို့မျှ ဆက်စပ်၍ မရသောသူ တစ်ယောက် ဖြစ်နေသည်။ သူက မျက်လုံးပြူးလျက် စိတ်ဆိုးမာန်ဆိုးဖြင့် ဆူငေါက်လေသည်။ “အဲဒီလိုကောင်မျိုးနဲ့ ဘယ်တော့မှ မပေါင်းနဲ့” ဟူ၍။ ဖခင်၏ အမြင်တွင် ဂီတာတီးသော လူငယ်များသည် လမ်းသရဲ အဆင့်သာသာ ရှိသူများ ဖြစ်ကြပေလိမ့်မည်။
“ကျွန်တော် စာကောင်းကောင်း ကြိုးစားပြီး ဒီမြို့မှာ ရှိတဲ့ အကောင်းဆုံး အထက်တန်းကျောင်းကို ဝင်နိုင်စေရမယ်။ တကယ်လို့ မဝင်နိုင်ဘူး ဆိုရင် ကျွန်တော် ဂီတာကို လုံးဝ စွန့်လွှတ်ပြီး တစ်သက်လုံး ဘယ်တော့မှ မတီးတော့ဘူး” စသည်ဖြင့် ကတ်ဆူရိုသည် ကတိမျိုးစုံ ပေး၍ အနူးအညွတ် တောင်းပန်ခဲ့သည်။
ထိုကိစ္စ မတိုင်ခင်က ကတ်ဆူရိုသည် မိဘများကို တစ်ခါမျှ ထိုကဲ့သို့ မတောင်းဆိုခဲ့စဖူး။ ထို့ကြောင့်လည်း ဇွဲနပဲနှင့် တောင်းဆိုနေသော သူ၏ တောင်းဆိုမှုအတွက် မိဘများကလည်း ခေါင်းခဲနေခဲ့ကြသည်။ မိခင်ဖြစ်သူက ပထမဆုံး လက်မြှောက် အရှုံးပေးလိုက်ပြီး ထို့နောက်မှ ဖခင်၏ သဘောတူ ခွင့်ပြုချက်ကို ရရှိခဲ့သည်။ သို့သော် သူတို့ သူ့ကို ခေါ်သွားသော ဆိုင်မှာ တူရိယာဆိုင် မဟုတ်ဘဲ အပေါင်ဆိုင် ဖြစ်နေသည်။ အပေါင်ဆုံးထားသော ဂီတာတစ်လက်ဖြင့် သူ့ကို နှစ်သိမ့်ခဲ့ကြသည်။
“မဟုတ်လဲ နောက်ကျရင် လွှင့်ပစ်ရမယ့် အတူတူ ဈေးကြီးတာ ဝယ်မနေနဲ့” ဖခင်က မျက်နှာထားဖြင့် ပြောခဲ့သည်။
အပေါင်ဆိုင်မှ အပေါင်ဆုံးပစ္စည်းပင် ဖြစ်ပါစေ။ ကတ်ဆူရိုအဖို့ ဝမ်းသာမဆုံး ဖြစ်ခဲ့ရသည်။ ထိုနေ့ညက ညအိပ်စဉ်အခါတွင် သူသည် ဝယ်လာခဲ့သော ဂစ်တာဟောင်းလေးကို ဖက်၍ပင် အိပ်ခဲ့သေးသည်။
သူသည် အဟောင်းဆိုင်မှ ဝယ်လာခဲ့သော ဂီတာတီးခတ်နည်း စာအုပ်ကို ကြည့်၍ နေ့တိုင်းလိုလိုပင် ဂီတာတီး လေ့ကျင့်နေခဲ့သည်။ ထို့ပြင် မိဘများနှင့် ကတိခံဝန် ယူထားသည့်အတိုင်း စာကိုလည်း ကြိုးစားသင်ယူသည်။ သူ၏ အောင်မှတ်များကလည်း ထိုနေ့မှ စကာ ကောင်းသည်ထက် ကောင်းလာကြသည်။ ကျောင်းပိတ်ရက်များ ဆိုလျှင်လည်း ဒုတိယထပ်ရှိ သူ၏ အိပ်ခန်းထဲမှ မထွက်တော့ဘဲ ဂီတာ တီးနေလေသည်။ မိဘများကလည်း ဘာမျှ စွက်ဖက်၍ မရ။ ထို့နောက် သူသည် ရည်မှန်းထားသော အထက်တန်းကျောင်းသို့ အောင်အောင်မြင်မြင် တက်ရောက်နိုင်ခဲ့သည်။
အထက်တန်းကျောင်းသို့ ရောက်လျှင်ရောက်ချင်း သူ ပထမဆုံး ပြုလုပ်သည်မှာ ဂီတကလပ်ထဲသို့ ဝင်ခြင်း ဖြစ်သည်။ ထိုကလပ်တွင် ခင်မင်သော သူငယ်ချင်းသုံးယောက်နှင့် ဂီတဝိုင်းတစ်ခု တည်ထောင်ပြီး နေရာအတော်များများတွင် သွားရောက် ဖျော်ဖြေခဲ့သည်။ နဂိုက သူတို့သည် ရှိနှင့်ပြီးသော အဆိုတော်များ၏ တေးသီချင်းဟောင်းများကိုသာ သီဆိုဖျော်ဖြေကြရာမှ တဖြည်းဖြည်းနှင့် မိမိတို့၏ ကိုယ်ပိုင်သံစဉ်များကိုလည်း ထည့်သွင်း သီဆိုလာကြသည်။ ထိုသီချင်း အများစုကို ကတ်ဆူရိုက ရေးသားခဲ့သည်။ ပင်တိုင် အဆိုရှင်မှာလည်း သူပင် ဖြစ်သည်။ သူငယ်ချင်းများက သူ၏ ဖန်တီးမှုများကို အထင်ကြီးကြသည်။
အထက်တန်း တတိယနှစ်သို့ ရောက်သောအခါ သူတို့၏ ဂီတဝိုင်းလည်း အလိုအလျောက် ပျက်ပြယ်သွားတော့သည်။ အထွေအထူးတော့ မဟုတ်။ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုကြရတော့မည် ဖြစ်သောကြောင့်တည်း။
တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သည်နှင့် ဂီတဝိုင်းကို ပြန်လည် ဖွဲ့စည်းမည်ဟု သူငယ်ချင်း လေးယောက်က အသီးသီး ကတိပြုခဲ့ကြသည်။ သို့သော် နောက်ဆုံး၌ အကောင်အထည် မဖော်နိုင်ခဲ့ကြပေ။ အဖွဲ့ဝင် သူငယ်ချင်းတစ်ယောက်က စာမေးပွဲ ကျခဲ့သည်။ ထိုသူသည် နောက်တစ်နှစ်ကြာသောအခါ စာမေးပွဲ အောင်မြင်ခဲ့သော်လည်း ဂီတဝိုင်း ပြန်လည် ဖွဲ့စည်းမည့် ကိစ္စကို မည်သူကမျှ စကား မဟတော့ချေ။
ကတ်ဆူရိုသည် တိုကျိုမြို့ရှိ တက္ကသိုလ်ကြီးတစ်ခုတွင် ဘောဂဗေဒ ပညာရပ်ကို အထူးပြု သင်ယူခဲ့သည်။ သူသည် ဂီတပညာရပ်ကို အထူးပြု လေ့လာလိုသော်လည်း မိဘများက ပြင်းထန်စွာ ကန့်ကွက်မည်ကို သဘောပေါက်ထားပြီး ဖြစ်သောကြောင့် သူ၏ ဝါသနာကို စွန့်လွှတ်ခဲ့ရသည်။ မိဘများ၏ လက်ငုတ်လက်ရင်း ဖြစ်သော ငါးဆိုင်ကို ဆက်ခံရန်မှာ သူ၏ ဘဝလမ်းကြောင်း ဖြစ်ကြောင်း ငယ်စဉ် ကလေးဘဝကတည်းက သူ့ကို ချမှတ်ပေးထားခဲ့သည်။ မိဘများကလည်း မိမိသားသည် မိမိတို့၏ ဆန္ဒကို သွေဖည်ပြီး တခြားလမ်းကြောင်းကို ပြောင်းလဲ ရွေးချယ်သွားလိမ့်မည်ဟု ဘယ်တုန်းကမှ သံသယ မဝင်ခဲ့သည့်နှယ်။ ကတ်ဆူရို ကိုယ်တိုင်ကလည်း ဤသည်ပင် သူ၏ ဘဝပေး ပန်းတိုင်ဖြစ်သည်ဟု မသိစိတ်က ယုံကြည်နေခဲ့သည်။
တက္ကသိုလ်တွင်လည်း ဂီတကလပ်များ များစွာရှိရာ ကတ်ဆူရိုသည် ကလပ်တစ်ခုတွင် အဖွဲ့ဝင်လိုက်သည်။ သို့သော် မကြာခင်မှာပင် သူ စိတ်ပျက်ငြီးငွေ့လာသည်။ ကလပ်အဖွဲ့ဝင်များသည် နေ့တိုင်း ပျော်ဖို့ပါးဖို့သာ စိတ်ဝင်စားနေကြသည်။ ထိုသူများသည် ဂီတကို ခုံမင်နှစ်သက်သည်ဟု ယူဆရန် ခက်ခဲလှပေသည်။ သူက ထိုအားနည်းချက်ကို ထောက်ပြလိုက်သောအခါ မျက်စောင်းများက သူ့ထံသို့ ချက်ချင်း ရောက်ရှိလာကြသည်။
“ဘာလဲဟ။ ဒီမှာလာပြီး လူတတ်ကြီး လုပ်နေတယ်။ ဂီတကို တီးခတ်တယ် ဆိုတာကလည်း ပျော်ရွှင်မှု လိုချင်လို့ပဲ မဟုတ်ဘူးလား”
“အေးလေ။ ဒီလောက် အသည်းအသန် လုပ်နေဖို့ လိုလို့လား။ ဂီတပညာရှင် လုပ်စားမှာလည်း မဟုတ်ဘဲနဲ့”
ထိုသို့သော စောင်းမြောင်း ပြောဆိုနေမှုများကို ကတ်ဆူရိုသည် တစ်ခွန်းတလေမျှ ချေပလိုစိတ် မရှိတော့။ ကလပ်မှ ထွက်ရန်သာ သူ ဆုံးဖြတ်ခဲ့သည်။ ငြင်းခုန်နေလျှင်လည်း ဘာမျှ အကျိုးရှိမည် မဟုတ်ပေ။ ထိုသူများသည် မိမိနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေကြလေသည်။
ထိုနောက်ပိုင်းတွင် သူသည် မည်သည့်ကလပ်တွင်မျှ ပါဝင်ခြင်း မရှိတော့ချေ။ ရည်မှန်းချက် ကင်းမဲ့သော လူများ၏ လောင်းရိပ်မှ ရုန်းထွက်ပြီး မိမိတစ်ဦးတည်း ဂီတအတွက် ရုန်းကန်ကြိုးစားသည်ကမှ ပိုမိုလွယ်ကူကြောင်း သူ ခံစားလာရသည်။
ထိုအချိန်မှစ၍ သူသည် တေးဆိုပြိုင်ပွဲများတွင် စတင် ယှဉ်ပြိုင်လာခဲ့သည်။ သူသည် အလယ်တန်း ကျောင်းသား ဘဝကတည်းက စတင်၍ လူပရိသတ် အများ၏ ရှေ့တွင် စတင် သီဆိုခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းတွင် သူသည် ပြိုင်ပွဲများ၌ ကနဦးရွေးချယ်မှု အဆင့်မှာပင် ပြုတ်ကျ ကျန်နေခဲ့သည်။ သို့သော် ကြိမ်ဖန်များစွာ ကြိုးစားပြီးနောက် စကာတင်စာရင်းထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာခဲ့သည်။ ထို့အပြင် ထိုသို့သော ပြိုင်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်သူများသည် တစ်ပွဲနှင့်တစ်ပွဲ လူထပ်နေသောကြောင့် မသိလိုက် မသိဘာသာပင် သူတို့အချင်းချင်း ရင်းနှီးခင်မင် လာကြသည်။
ထိုသူများ၏ ခံယူချက်များသည် ကူးစက်လွယ်သော သဘော ရှိသည်။ သူတို့အတွက် ဂီတသည်သာ တစ်ခုတည်းသော ကိုးကွယ်ရာ ဖြစ်နေသည်။ ဂီတအတွက်ဆိုလျှင် မည်သည့်အရာကို မဆို စွန့်လွှတ်ပေးဆပ်ရန် ဝန်လေးကြသူများ မဟုတ်ကြ။
‘ငါ သူတို့ထက် သာအောင် လုပ်ရမယ်’ ထိုသူများ၏ တင်ဆက်မှုကို နာကြားရသည့် အကြိမ်တိုင်းတွင် သူ့ကိုယ်တိုင်သူ ထိုသို့ ပြောနေခဲ့သည်။
သူ၏ နိုးကြားနေသော အချိန်နာရီတိုင်းကို ဂီတဘက်တွင်သာ အပြည့်အဝ မြှုပ်နှံ ထားလိုက်တော့သည်။ ထမင်းစားစဉ်နှင့် ရေချိုးနေစဉ်မှာပင် အတွေးများက သီချင်းသစ် ဖန်တီးနိုင်ရန် အလုပ်များနေကြသည်။ တဖြည်းဖြည်းနှင့် စာသင်ခန်းထဲသို့လည်း မရောက်တော့ပေ။ တက္ကသိုလ် ဆက်တက်နေလျှင်လည်း အဓိပ္ပာယ် မရှိတော့ဟု ယူဆလာသည်။ သဘာဝကျစွာပင် စာမေးပွဲ ရမှတ်များ နည်းလာပြီး ဘာသာရပ်အားလုံး ကျရှုံးသည့် အဆင့်သို့ ရောက်ရှိလာတော့သည်။
သူ၏ မိဘများကတော့ ဘာမျှ မသိရှာကြ။ သူတို့၏ တစ်ဦးတည်းသော သားကို တက္ကသိုလ်တက်ရန် တိုကျိုသို့ ပို့ပြီးသည့်နောက်တွင် လေးနှစ်ကြာသည်နှင့် ဘွဲ့ယူ၍ အိမ်သို့ ပြန်လာပေလိမ့်မည်ဟု ခံယူထားကြသည်။ ထို့ကြောင့် အသက် ၂၁ နှစ်ပြည့်သော ထိုနှစ် နွေရာသီတွင် ကတ်ဆူရိုက အိမ်သို့ ဖုန်းဆက်ပြီး ကျောင်းထွက်လိုက်ပြီ ဖြစ်ကြောင်း မိဘများအား အသိပေးလိုက်သောအခါ တစ်ဘက်တွင် နားထောင်နေသော မိခင်မှာ ရှိုက်ကြီးတငင် ငိုရှာလေတော့သည်။ ဖုန်းကိုင်ထားသော ဖခင်ကလည်း စိတ်ဆိုးမာန်ဆိုးဖြင့် သူ့အား အော်ကာငေါက်ကာဖြင့် အကြောင်းစုံကို မေးမြန်းနေလေသည်။
“ကျွန်တော် ဂီတလိုင်းဘက်ပဲ လိုက်တော့မယ်။ ဒါကြောင့် တက္ကသိုလ် ဆက်တက်နေလည်း ဘာအကျိုးမှ ရှိမှာ မဟုတ်တော့ဘူး” ကတ်ဆူရို၏ အဖြေကို ကြားရသောအခါ ဖခင်၏ အသံမှာ ပို၍ ခက်ထန်လာသည်။ သူသည် စိတ်ရှုပ်လာသောကြောင့် ဖုန်းကို ဦးအောင် ချပစ်လိုက်သည်။ ထိုနေ့ ညတွင်းချင်းပင် မိဘများ တိုကျိုသို့ လိုက်လာကြသည်။ ဖခင်၏ မျက်နှာသည် ဒေါသဖြင့် နီးမြန်းလျက် ရှိပြီး မိခင်၏ မျက်နှာမှာမူ ဖျော့တော့၍ သွေးမရှိတော့။ သူ၏ အခန်းကျဉ်းကလေးထဲတွင် နောက်နေ့ အရုဏ်တက်သည်အထိ စကားပြောခဲ့ကြသည်။ အကယ်၍ သူသည် ကျောင်း ဆက်မတက်လိုလျှင် အိမ်သို့ ပြန်လာပြီး ငါးဆိုင်ကို ဆက်ခံရမည်ဟု မိဘများက တောင်းဆိုကြသည်။ ကတ်ဆူရိုက ခေါင်းညိတ်ရန် ငြင်းဆန်ခဲ့သည်။ ထိုသို့ ပြုလုပ်လိုက်လျှင် သူ တစ်ဘဝလုံး နောင်တရမဆုံး ဖြစ်နေတော့မည်ဟု ပြန်လည် ချေပခဲ့သည်။ သူသည် မိမိ၏ ရည်မှန်းချက်များကို အကောင်အထည် ပေါ်သည်အထိ တိုကျိုတွင် ဆက်လက် နေသွားလိုကြောင်း ပြောပြခဲ့သည်။
တစ်ညလုံး အိပ်စက် အနားယူခွင့် မရခဲ့ကြသော သူ၏ မိဘများသည် နောက်တစ်နေ့ နံနက်တွင် အစောဆုံး ရထားဖြင့် အိမ်သို့ ပြန်သွားကြသည်။ ကတ်ဆူရိုသည် မိဘများ ထွက်ခွာသွားသည်ကို မိမိတိုက်ခန်း၏ ပြတင်းပေါက်မှ ငေးကြည့်နေမိသည်။ သူတို့၏ စိတ်ပျက် အားငယ်နေမှုကြောင့်လားဟု မဆိုနိုင်။ သူတို့၏ ကျောပြင်များသည် ကျုံ့ဝင်၍ သေးကွေးနေလေသည်။ ကတ်ဆူရိုသည် လက်အုပ်ချီလျက် အဝေးမှသာ သူတို့ကို ကန်တော့လိုက်သည်။
သုံးနှစ်တာ အချိန်များ ကုန်လွန်သွားသည်။ အမှန်ဆိုလျှင် ယခုလိုအချိန်၌ တက္ကသိုလ်မှ ဘွဲ့တစ်ခုခု ရနေလောက်ပေပြီ။ သို့သော် သူကတော့ ဘာဆို ဘာမျှ မပိုင်ဆိုင်သေး။ သူသည် ယခင်က ကဲ့သို့ပင် အဆိုပြိုင်ပွဲများ ဝင်ပြိုင်နိုင်ရန်အတွက် နေ့ညမပြတ် လေ့ကျင့်နေဆဲပင်။ စကာတင် စာရင်းထဲတော့ မကြာခဏ ပါဝင်ခွင့် ရခဲ့သည်။ ဆက်လက်ပြီး ကြိုးစားသွားမည် ဆိုလျှင် ဂီတလောကသားများက သူ့ကို တစ်နေ့နေ့တွင် သတိထားမိလာကြပေမည်။ သူ ထိုသို့ ယုံကြည်ထားသည်။ သို့သော် လက်ရှိ အချိန်ထိတော့ သူ့ကို ဆက်သွယ်မည့်သူ မည်သူမျှ မရှိသေးချေ။ သူသည် တေးထုတ်လုပ်သူများထံသို့ နမူနာအခွေများ ပေးပို့ခဲ့သည်။ သို့သော် ပင်လယ်ကြီးထဲသို့ ကျောက်ခဲလေးတစ်လုံး ပစ်ချလိုက်သည့်နှယ်။
တစ်ကြိမ်မှာတော့ ဆိုင်၏ ဖောက်သည်တစ်ဦးက သူ့ကို ဂီတဝေဖန်ရေးသမား တစ်ယောက်နှင့် မိတ်ဆက်ပေးခဲ့သည်။ ကတ်ဆူရိုသည် ထိုသူ၏ ရှေ့တွင် သူကိုယ်တိုင် ရေးစပ်ထားသော သီချင်းနှစ်ပုဒ်ကို သီဆိုပြခဲ့သည်။ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုနိုင်သော အဆိုတော်တစ်ယောက် ဖြစ်ကြောင်း ပြသရန် ရည်ရွယ်သည်။ ထိုသီချင်းနှစ်ပုဒ်သည်လည်း သူ အားအရဆုံး သီချင်းများ ဖြစ်ကြသည်။
“မဆိုးပါဘူး” တစ်ခေါင်းလုံး တွန့်လိမ်သော ဆံပင်ဖြူများ ရှိသည့် ဂီတဝေဖန်ရေးဆရာက ပြောသည်။ “သံစဉ်လေးကလည်း ကောင်းတယ်။ မင်းရဲ့ အသံနဲ့လည်း အတော်လေး လိုက်ဖက်တယ်။ very good ပဲ”
ကတ်ဆူရို အလွန် ဝမ်းသာသွားသည်။ သူ၏ ပထမဆုံး ခြေလှမ်းကို စတင် လျှောက်လှမ်းနိုင်ရန် အလှမ်းမဝေးတော့ပြီဟု တွေးမိပြီး ရင်တွေ ခုန်လာသည်။
ဖောက်သည်က ကတ်ဆူရို၏ ကိုယ်စား မေးလိုက်သည်။ “ဒီလောက်ဆိုရင် စီးပွားဖြစ် အဆိုတော် လုပ်စားလို့ ရပြီ မဟုတ်လား”
ကတ်ဆူရို၏ အာရုံကြောများ တောင့်တင်းသွားသည်။ ဝေဖန်ရေးဆရာ၏ မျက်နှာကို လုံးဝ မကြည့်ရဲတော့ပေ။
တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် “အင်း …….” ဝေဖန်ရေးဆရာ၏ အသံထွက်ပေါ်လာသည်။ “အဲဒီလို မမျှော်လင့်ထားတာပဲ ကောင်းမယ်”
ကတ်ဆူရို ခေါင်းထောင်လာသည်။ “ဘာဖြစ်လို့လဲ” သူက မေးလိုက်သည်။
“မင်းလောက် ဆိုနိုင်တဲ့လူတွေ လောကမှာ အပုံကြီးပဲ။ တကယ်လို့ မင်းရဲ့ အသံက သိပ်ကို ထူးခြားနေရင်တော့ တစ်မျိုးတစ်မည် စဉ်းစားရမှာပေါ့။ ဒါပေမယ့် မင်းမှာ အဲဒီ အရည်အချင်း မရှိဘူး”
ဝေဖန်ရေးဆရာ၏ စကားက ချက်ကောင်းကို လာမှန်လေပြီ။ ကတ်ဆူရိုတွင် ပြောစရာ စကားမရှိ။ အဘယ်ကြောင့်ဆိုသော် ထိုစကားသည် သူ့အတွက် အသစ်အဆန်း မဟုတ်တော့ပေ။
“သီချင်း စာသားကရော ဘယ်လိုနေလဲ။ နားထောင်လို့ အဆင်ပြေတယ် မဟုတ်လား” ထိုစဉ် အနားတွင် ရှိနေသော သူ့သူဌေးက မေးလိုက်သည်။
“အပြင်လူတစ်ယောက်အနေနဲ့ ပြောရင်တော့ မဆိုးဘူးလို့ ပြောရမှာပဲ” ဝေဖန်ရေးဆရာက အေးစက်စက် လေသံဖြင့် ပြန်ဖြေသည်။ “ဒါပေမယ့် အဆင့်မြင့်တယ်လို့တော့ ပြောလို့ မရဘူး။ သီချင်းရဲ့ သံစဉ်က ကြားနေကျ ရိုးအီနေတဲ့ တီးလုံးတွေ အတိုင်းပဲ။ အများထဲက ဖောက်ထွက်ပြီး ထူးခြားတဲ့ တီထွင်ဖန်တီးမှု ရှိမနေဘူး”
ထိုစကားလုံးများက သူ၏ ရင်ကို ထိုးဆွနေသကဲ့သို့။ စိတ်ပျက်အားငယ်မှုများကြောင့် ကတ်ဆူရို၏ တစ်ကိုယ်လုံး ထူပူလာကြသည်။
မိမိမှာ ဂီတပါရမီ လုံးဝ မရှိဘူးလော။ ဂီတအဆိုကျော် ဖြစ်လိုခြင်းသည် အနူလက်နှင့် ရွှေခွက်နှိုက်သလိုများ ဖြစ်နေချေပြီလော။ ထိုနေ့မှ စ၍ သူသည် ထိုမေးခွန်းများကို မိမိကိုယ်မိမိ အစဉ်မပြတ် မေးနေလေတော့သည်။