မာတိကာကြည့်ရန်

အခန်း (၁) အဖြေက နွားနို့သေတ္တာထဲမှာ — (ခ)

စာဖတ်ပြီးနောက် သုံးယောက်သား မျက်လုံးချင်း ဆုံမိကြသည်။

“ဘာတွေ ဖြစ်နေတာလဲ” ရှိုတာက ဆိတ်ငြိမ်မှုကို ဦးစွာ ဖြိုခွဲလိုက်သည်။ “ဘာဖြစ်လို့ ဒီလိုစာမျိုး ရောက်လာရတာလဲ”

“စိတ်ညစ်စရာ ရှိနေလို့ပေါ့ကွာ” ကိုဟိုင်က ပြောသည်။ “စာထဲမှာ ရေးထားတာပဲ”

“ဒါတော့ ငါလည်း သိတာပေါ့ဟ။ ငါပြောချင်တာက စိတ်ညစ်စရာ အကြောင်း ရေးထားတဲ့စာကို ဘာဖြစ်လို့ ကုန်စုံဆိုင်ဆီ ပို့ရတာလဲ။ ပြီးတော့ လူနေတဲ့ အိမ်လည်း မဟုတ်ဘူး။ ဟိုးအစောကြီးကတည်းက စွန့်ပစ်ခံထားရတဲ့ ဆိုင်အဟောင်းကြီးလေ”

“ဒါလား၊ ငါ့ကိုမေးလည်း ငါ ဘယ်လိုလုပ်ပြီး သိနိုင်ပါ့မလဲ”

“မင်းကို မေးနေတာ မဟုတ်ဘူး။ သံသယကို ပြောပြနေတာ။ ဒါက ဘယ်လို ဖြစ်ရတာလဲ”

ထိုသူနှစ်ဦး၏ ပြောစကားများကို နားထောင်နေရင်း အဆုယာသည် စာအိတ်အတွင်းသို့ စိုက်ကြည့်နေသည်။ အတွင်းတွင် စာအိတ်အလွတ်တစ်လုံး ရှိနေသည်။ စာလက်ခံသူ နေရာတွင် ဘောပင်ဖြင့် ‘ယုန်စန္ဒာ’ ဟု ရေးထားသည်။

“ဒါက ဘယ်လို ဖြစ်ရတာလဲ” သူ့အသံ ထွက်ပေါ်လာပြန်သည်။ “ကြည့်ရတာ ဒုက္ခခံပြီး အပြောင်အပြက် လုပ်နေတာမျိုးလည်း မဟုတ်ဘူး။ တကယ်ကို စိတ်လိုလက်ရ အကူအညီ တောင်းခံနေတာပဲ။ ပြီးတော့ အတော်လည်း စိတ်ဆင်းရဲနေပုံ ရတယ်”

“စာကို နေရာများ မှားပို့သလား” ရှိုတာက ပြောသည်။ “တခြား တစ်နေရာရာမှာ အဲဒီလို ပြဿနာ ဖြေရှင်းပေးတဲ့ အကြံဉာဏ်ပေးတဲ့ ကုန်စုံဆိုင်တစ်ဆိုင် ရှိလောက်တယ်။ ဒီနေရာလို့ ထင်ပြီး မှားပို့တာများလား”

အဆုယာသည် လက်နှိပ်ဓာတ်မီးကို ကောက်ကိုင်ပြီး မတ်တတ်ရပ်လိုက်သည်။ “သေချာအောင် ငါ သွားကြည့်ဦးမယ်”

နောက်ဖေးပေါက်မှ ထွက်လာပြီး ဆိုင်ရှေ့သို့ ရောက်လာခဲ့သည်။ အဆုယာသည် ပေရေမွဲခြောက်နေသော ဆိုင်ဆိုင်းဘုတ်ကို လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်သည်။

ဆိုင်းဘုတ်ပေါ်ရှိ သင်္ဘောဆေးများမှာ ကွာသည်က ကွာ၍ မွဲသည်က မွဲနေကြသောကြောင့် စာလုံးများကို ကောင်းကောင်း ဖတ်၍ မရတော့။ သို့သော် ‘ကုန်စုံဆိုင်’ ဟူသော စာလုံး၏ ရှေ့တွင် ရေးထားသော စာလုံးများမှာ ‘နာမီယာ’ ဖြစ်လိမ့်မည်ဟု ခန့်မှန်းသိရှိနိုင်သည်။

အခန်းတွင်းသို့ ပြန်ရောက်သောအခါ အဆုယာသည် သူတွေ့ရှိသည်ကို ကျန်လူနှစ်ဦးအား ပြောပြသည်။

“ဒီလိုဆိုရင် ဒီဆိုင်ဆိုတာ သေချာသလောက်ပဲပေါ့။ ဒီလို ဆိုင်စုတ်ဆိုင်ဟောင်းထဲကို စာပစ်ထည့်လိုက်ရင် အဖြေပြန်ရလိမ့်မယ်လို့ လူတွေက ယုံကြည်နေကြတာလား” ရှိုတာသည် ခေါင်းကို တစ်ဘက်သို့ စောင်းငဲ့ရင်း ပြောနေသည်။

“နာမည်တူတာရော မဖြစ်နိုင်ဘူးလား” ထိုစကားကို ပြောသူမှာ ကိုဟိုင် ဖြစ်သည်။ “အမှန်အကန် ‘နာမီယာကုန်စုံဆိုင်’ က တခြားတစ်နေရာမှာ ရှိနေပြီး ဒီနေရာနဲ့ နာမည်တူနေလို့ ဒီကို စာလာထည့်တာရော မဖြစ်နိုင်ဘူးလား”

“ဟင့်အင်း၊ မဖြစ်နိုင်ဘူး။ ဆိုင်းဘုတ်ပေါ်က စာတွေက အတော်ကို ဝေဝါးနေပြီ။ ဒီနေရာကို နာမီယာကုန်စုံဆိုင်ပါလို့ သိလို့သာလျှင် ဒီကို ရောက်လာတာပဲ။ ဒီထက် အရေးကြီးတာက …..” အဆုယာသည် စောစောက မဂ္ဂဇင်းကို ပြန်ရှာနေသည်။ “ငါ တစ်နေရာရာမှာ တွေ့ဖူးနေသလိုပဲ”

“ဘာတုန်းဟ … တစ်နေရာရာမှာ တွေ့ဖူးတယ် ဆိုတာ” ရှိုတာက မေးသည်။

“‘နာမီယာ’ ဆိုတဲ့ နာမည်လေ။ ဒီမဂ္ဂဇင်းထဲမှာ ထင်တာပဲ”

အဆုယာသည် မာတိကာရှိရာ စာမျက်နှာသို့ အမြန် လှန်လိုက်ပြီး ခေါင်းစဉ်ကို ခပ်သုတ်သုတ် ဖတ်နေသည်။ ခဏအကြာတွင် သူ၏ အကြည့်များက တစ်နေရာတွင် ရပ်တန့်သွားသည်။

သတင်းဆောင်းပါး၏ ခေါင်းစဉ်မှာ “အင်မတန် နာမည်ကြီးနေသော ဖြေသိမ့်ရာ ကုန်စုံဆိုင်” ဖြစ်သည်။

“ဒီဆောင်းပါးပဲ။ ဒါပေမယ့် ‘နာမီယာ’ မဟုတ်ဘူး။ ‘ဖြေသိမ့်ရာ’ တဲ့”

ထိုဆောင်းပါးရှိရာ စာမျက်နှာသို့ အမြန် လှန်လိုက်သည်။ သတင်းဆောင်းပါးမှာ ဤသို့။

❝ မည်သို့သော စိတ်ညစ်စရာ ဟူသမျှကိုမဆို ဖြေရှင်းပေးနေသော ကုန်စုံဆိုင်တစ်ဆိုင်သည် ယခုအခါ အင်မတန်မှ နာမည် ကျော်ကြားနေသည်။ ၎င်းဆိုင်သည် ….. မြို့မှ နာမီယာကုန်စုံဆိုင် ဖြစ်သည်။ မိမိ မေးမြန်းလိုသော အကြောင်းအရာကို စာထဲတွင် ချရေးပြီး ညအခါ၌ ယင်းလိပ်တံခါးပေါ်ရှိ စာထည့်ပေါက်မှ ထည့်လိုက်လျှင် နောက်တစ်နေ့တွင် ဆိုင်အနောက်ဘက်ရှိ နွားနို့သေတ္တာထဲ၌ အဖြေစာလွှာကို ရယူနိုင်သည်။ ဆိုင်ရှင်ဖြစ်သူ နာမီယာ ယူဂျီ (အသက် ၇၂ နှစ်) က ပြုံးချိုသော မျက်နှာထားဖြင့် အောက်ပါအတိုင်း ရှင်းပြသည်။

“ဒီကိစ္စရဲ့ အဓိက လက်သည်ကတော့ ဒီနားပတ်ဝန်းကျင်က ကလေးတွေပဲဗျာ။ သူတို့က ဆိုင်နာမည် ‘namiya’ ကို ‘nayami’ (စိတ်ရှုပ်စရာအတွေး) ဆိုပြီး အပြောင်အပြက် ဖတ်ကြတယ်ဗျ။ ပြီးတော့ ကြော်ငြာစာမှာ ရေးထားတဲ့ ‘ကုန်ပစ္စည်း အမှာစာများကိုလည်း လက်ခံပါသည်။ ကျေးဇူးတင်ပါသည်။’ ဆိုတဲ့ စာကြောင်းကို ဖတ်ပြီးတော့ ကျွန်တော်ကို လာမေးကြတယ်။ ‘ဘိုးဘိုး၊ စိတ်ညစ်စရာ စာတွေကိုရော လက်ခံသလား’ တဲ့။ ဒီတော့ ကျွန်တော်ကလည်း ‘ရတယ်၊ ရတယ်။ ဘာစာဖြစ်ဖြစ် လက်ခံတယ်’ လို့ ပြောလိုက်တာနဲ့ သူတို့က သူတို့ စိတ်ညစ်နေတဲ့ အကြောင်းတွေကို စာရေးပြီး ပို့လာတော့တာပဲ။ အစကတော့ ပျော်စေပြက်စေပါပဲဗျာ။ ဒါကြောင့်လည်း အစောပိုင်း စာတွေက ဘာမှ မည်မည်ရရ မဟုတ်လှဘူး။ ဥပမာ ပြောရရင် ‘စာကျက်ရမှာ ပျင်းလို့ စာမကျက်ဘဲ စာမေးပွဲမှာ အမှတ်ပြည့်ရအောင် ဘယ်လို လုပ်ရမလဲ’ ဆိုတာမျိုးတွေပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ သူတို့လေးတွေ မေးသမျှ မေးခွန်းတိုင်းကို ပေါ့ပြက်ပြက် သဘောမထားဘဲ အမှန်အကန် စိတ်နှစ်ပြီး ဖြေပေးနေတာဆိုတော့ မေးခွန်းတွေက တဖြည်းဖြည်းနဲ့ လေးနက်လာကြတယ်။ ဥပမာ ‘ဖေဖေ၊ မေမေတို့က နေ့တိုင်း ရန်ဖြစ်နေကြတယ်။ သိပ်စိတ်ညစ်ဖို့ ကောင်းတာပဲ’ ဆိုတာမျိုးတွေ ပါလာတယ်။ နောက်မကြာခင်မှာပဲ စာထည့်တဲ့ ပုံစံကလည်း တစ်မျိုး ပြောင်းသွားတယ်။ ကိုယ့်စာကို ယင်းလိပ်တံခါးပေါ်က စာထည့်ပေါက်ကနေ ထည့်ရပြီး ပြန်စာကို နွားနို့သေတ္တာထဲမှာ ယူရတဲ့ ပုံစံကို ပြောင်းထားလိုက်ရတယ်။ အဲဒီလိုဆိုတော့ နာမည်ဝှက်နဲ့ ပို့လာတဲ့ စာတွေလည်းပဲ ပြန်စာ ရနိုင်တာပေါ့။ နောက် တဖြည်းဖြည်းနဲ့ ကြာလာတော့ အရွယ်ရောက်ပြီးသား လူကြီးတွေကအစ သူတို့ရဲ့ အခက်အခဲ ပြဿနာတွေကို မေးမြန်းလာကြပါရော။ တကယ်တော့ ကျွန်တော့်လို သာမန် အဘိုးကြီးဆီက ဘာပညာမှ ဟုတ်တိပတ်တိ မရနိုင်ဘူး ဆိုပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့ ပြဿနာကို ကြိုးစားသုံးသပ်ပြီး အဖြေပေးခဲ့တာပါပဲ”

“ဘယ်လို မေးခွန်းမျိုး ပိုပြီး များသလဲ” ဟု အမေးခံရသောအခါ ချစ်ရေးကြိုက်ရေး မေးခွန်းများက ပိုများကြောင်း ဆိုင်ရှင်က ဖြေကြားခဲ့သည်။

“အမှန်အတိုင်း ဝန်ခံရရင်ဗျာ … အဲဒီလို မေးခွန်းမျိုးက ကျွန်တော် မကျွမ်းကျင်ဆုံးဘဲ” မစ္စတာနာမီယာက ပြန်ဖြေသည်။ သူကိုယ်တိုင် ခေါင်းခဲခဲ့ရသော ပြဿနာ ဖြစ်သောကြောင့်လည်း ဖြစ်နိုင်ပေသည်။ ❞

ဆောင်းပါးထဲတွင် စာများနှင့်အတူ ဓာတ်ပုံ အကြီးကြီးတစ်ပုံ တွဲပါသည်။ ဓာတ်ပုံထဲတွင် ပါသော ဆိုင်သည် ဤဆိုင်ဖြစ်ကြောင်း ဘာမျှ သံသယ ဖြစ်စရာ မလိုပေ။ ပိန်လှီသော အဘိုးအိုတစ်ယောက်က ဆိုင်ရှေ့တွင် မတ်တတ်ရပ်နေသည်။

“ကြည့်ရတာ ဒီမဂ္ဂဇင်းက မတော်တဆ ကျန်နေတာမျိုး မဖြစ်နိုင်ဘူး။ ကိုယ့်ဆိုင်အကြောင်း ပါနေလို့ တကူးတက သိမ်းထားတာ ဖြစ်မယ်။ ဒါပေမယ့် အခုထိ နားလည်လို့ မရသေးဘူး ….” အဆုယာက ရေရွတ်နေသည်။ “ဒီဆိုင်က ပြဿနာတွေကို ဖြေရှင်းပေးတဲ့ နာမီယာကုန်စုံဆိုင်ပဲ။ အခုချိန်ထိ မေးနေမြန်းနေတဲ့သူက ရှိသေးတာလား။ အနှစ် ၄၀ လောက်တောင် ရှိနေပြီလေကွာ” ပြောနေရင်း သူသည် ‘ယုန်စန္ဒာ’ ၏ ပေးစာကို ကြည့်နေမိသည်။

ရှိုတာသည် စာကို လှမ်းယူလိုက်သည်။ “စာပေါ်မှာ ရေးထားတာက ‘နာမီယာကုန်စုံဆိုင် သတင်းကို ကြားပြီးတဲ့နောက်’ လို့ ပါတယ်။ သူ့အရေးအသားကို ကြည့်ခြင်းအားဖြင့် အခုတလောမှ သတင်းကြားတဲ့ ပုံစံမျိုး။ အခုချိန်ထိ အဲဒီသတင်းတွေက ပျံ့နှံ့နေတုန်းပဲလား”

အဆုယာသည် လက်ကို ခပ်တင်းတင်း ပိုက်ထားလိုက်သည်။ “မပြောတတ်ဘူး။ စဉ်းစားရတော့ အတော် ကျပ်တာပဲ”

“အူကြောင်ကြောင် အဘိုးကြီး တစ်ယောက်ယောက်ဆီကများ သတင်းကြားခဲ့တာ ဖြစ်မလား” ကိုဟိုင်က ပြောသည်။ “နာမီယာကုန်စုံဆိုင်က ဒီဘဝ ရောက်နေပြီ ဆိုတာကို အဲဒီ အဘိုးကြီးက သိပုံ မရဘူး။ ဒါကြောင့် သူက ‘ယုန်စန္ဒာ’ ကို ဒီသတင်း ပြောလိုက်တာ ဖြစ်မယ်”

“မဖြစ်နိုင်ဘူး။ အဲဒီလို ဆိုရင်လည်း သူက ဒီအိမ်စုတ်ကြီးကို မြင်တာနဲ့ မူမမှန်မှန်း သိသာနေပြီပဲဟာ။ အထင်းသားကြီးပဲ။ ဒီနေရာမှာ လူမနေတော့တာ ကြာလှပြီကို”

“ဒါဆို ‘ယုန်စန္ဒာ’ ရဲ့ ဦးနှောက်က ပြဿနာ ရှိနေတာပဲ ဖြစ်ရမယ်။ စိတ်အညစ်လွန်ပြီး အာရုံကြောတွေ ထိခိုက်သွားပုံပဲ”

အဆုယာက ခေါင်းခါနေသည်။ “ဦးနှောက် မကောင်းတဲ့လူက ဒီလိုစာမျိုး ရေးနိုင်ပါ့မလားကွ”

“ဒါဆို ဘာတွေ ဖြစ်နေတာလဲ”

“ငါလည်း အဲဒါကိုပဲ စဉ်းစားနေတာ”

“မဟုတ်မှ လွဲရော …..” ရှိုတာသည် အသံကို မြှင့်လိုက်သည်။ “အခုထိ ဆက်ရှိနေတုန်းလား”

“ဘာဆက်ရှိတာလဲ”

“ပြဿနာ အဖြေရှာတာလေ။ ဒီနေရာမှာပေါ့”

“ဒီနေရာ? ဘာအဓိပ္ပာယ်တုန်း”

“ဒီနေရာမှာ လူမနေတော့ဘူး ဆိုပေမယ့် မေးတဲ့မြန်းတဲ့ စာတွေကို လက်ခံတုန်း နေမှာပေါ့။ အဲဒီ အဘိုးကြီးက တခြား တစ်နေရာမှာ နေပြီး တစ်ချိန်ချိန်မှာ စာတွေကို လာသိမ်းမယ်။ ပြီးတော့ ပြန်စာကို နွားနို့သေတ္တာထဲ ထည့်သွားခဲ့မယ်။ အဲဒီလိုဆိုရင် ဖြစ်နိုင်တာပဲ”

“အဲဒီလို ဖြစ်နိုင်တယ် ဆိုပေမယ့် အဲဒီလိုသာ ဆိုရင် အဘိုးကြီးက အသက်ရှင်လျက် ရှိနေရဦးမှာပေါ့။ ဒါဆို သူ့အသက်က ၁၁၀ ကျော်နေလောက်ပြီ”

“ဆိုင်ပိုင်ရှင် ပြောင်းသွားတာလည်း ဖြစ်နိုင်တာပဲ”

“ဒါပေမယ့် ဒီအိမ်ထဲကို ဝင်ထွက်သွားလာထားတဲ့ ခြေရာလက်ရာမှ မတွေ့ရတာ”

“သူက အိမ်ထဲကို ဝင်စရာ မလိုဘူးလေ။ ယင်းလိပ်တံခါးကို ဖွင့်လိုက်ရင် စာသိမ်းလို့ ရနေပြီပဲ”

ရှိုတာ၏ စကားက လုံးဝ အဓိပ္ပာယ် မရှိသည်တော့ မဟုတ်။ အခြေအနေကို နားလည်နိုင်ရန် သူတို့ သုံးယောက်စလုံးသည် ဆိုင်ခန်းထဲသို့ ဝင်လာကြသည်။ ယင်းလိပ်တံခါးကို ဆိုင်အတွင်းမှ သော့ခတ်ထားသည်ကို တွေ့ကြရသည်။ အပြင်ဘက်မှ ဖွင့်၍ မဖြစ်နိုင်။

“လခွား” ရှိုတာက ဆဲရေးလိုက်သည်။ “ဘာတွေတုန်းဟ”

သူတို့ သုံးယောက်သည် အိပ်ခန်းအတွင်းသို့ ပြန်ဝင်လာပြီးနောက် အဆုယာသည် ‘ယုန်စန္ဒာ’၏ စာကို ပြန်ဖတ်နေသည်။

“ဆိုတော့ … အခု ဘာလုပ်ကြမလဲ” ရှိုတာက အဆုယာကို မေးသည်။

“ထားလိုက်ကွာ။ စိတ်ထဲ ထားမနေနဲ့တော့။ မဟုတ်လည်း ငါတို့ မိုးလင်းတာနဲ့ ဒီနေရာကနေ လစ်ကြမယ့်ဟာပဲ” အဆုယာသည် စာကို စာအိတ်ထဲသို့ ပြန်ထည့်ပြီး ကြမ်းပြင်ပေါ် ချထားလိုက်သည်။

သူတို့ သုံးဦးစလုံး အတန်ငယ် နှုတ်ဆိတ်နေစဉ် လေတိုးသံ သဲ့သဲ့ကို ကြားရပြီး ဖယောင်းတိုင်မီးများ လှုပ်ခတ်သွားသည်။

“သူတို့တွေ ဘယ်လို ဆက်လုပ်ကြပါ့မလဲ” ကိုဟိုင်ထံမှ ရေရွတ်သံ ထွက်ပေါ်လာသည်။

“မင်း ဘာပြောနေတာလဲ” အဆုယာက မေးသည်။

“အိုလံပစ်လေ” ကိုဟိုင်က ဆက်ပြောသည်။ “သူ လက်လွှတ်လိုက်မှာလား”

“ဘယ်သိမတုန်းဟ” အဆုယာက ခေါင်းခါပြသည်။

“အဲဒီလိုကြီးက မကောင်းဘူး ထင်တယ်။ သူ့ချစ်သူက သူ့ကို အိုလံပစ်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ မျှော်လင့်နေရှာတာ” ရှိုတာ၏ အသံ ဖြစ်သည်။

“ဒါပေမယ့် ကိုယ်ချစ်ရတဲ့သူက မကျန်းမာလို့ သေကောင်ပေါင်းလဲ ဖြစ်နေပြီလေ။ အဲဒီလို အချိန်ကြီးမှာ ဘယ်လိုလုပ်ပြီး လေ့ကျင့်နေနိုင်ဦးမှာလဲ။ ကိုယ့်ချစ်သူရဲ့ အနားနားမှာ နေနေတာပဲ ကောင်းလိမ့်မယ်။ တကယ်တမ်း သူ့ချစ်သူက အဲဒီလို မျှော်လင့်နေမှာပဲ မဟုတ်ဘူးလား” ကိုဟိုင်သည် ထူးထူးခြားခြားပင် ခိုင်မာပြတ်သားသော လေသံဖြင့် ပြောနေသည်။

“ငါတော့ အဲဒီလို မထင်ဘူး။ အိုလံပစ်ပွဲမှာ ဝင်ပြိုင်မယ့် ချစ်သူ ကောင်မလေးကို ကိုယ်တိုင်ကိုယ်ကျ မြင်ချင်နေသေးတယ် ဆိုပြီး သူက စိတ်အားတင်းထားလို့သာ သေမင်းကို ရင်ဆိုင်ဝံ့နေတာလေကွာ။ အံကိုကြိတ်ထားပြီး အဲဒီနေ့အထိ အသက်ရှင်နိုင်အောင် ကြိုးစားနေတာ။ တကယ်လို့သာ သူက ပြိုင်ပွဲကို စွန့်လွှတ်လိုက်ရင် သူ့ကောင်လေးမှာလည်း ဆက်လက် ရှင်သန်နေဖို့ တွန်းအားတွေ ရှိတော့မှာ မဟုတ်ဘူး”

“ဒါပေမယ့် သူ့စာထဲမှာ ရေးထားတယ်လေ။ အခုချိန်မှာ ဘာလုပ်လုပ် စိတ်မပါတော့ဘူးတဲ့။ ဒီလိုသာ ဆက်သွားရင် အိုလံပစ်ပြိုင်ပွဲတောင် ဝင်ရတော့မယ် မထင်ဘူး။ ကိုယ့်ချစ်သူနဲ့လည်း အတူနေခွင့် မရလိုက်လို့ သူရဲ့ နောက်ဆုံးအချိန်ကို မမီလိုက်ဘူး ဆိုရင် မိအေးနှစ်ခါနာ ဖြစ်မနေဘူးလား”

“ဒါကြောင့် သူက အစွမ်းကုန် ကြိုးစားသင့်တာပေါ့။ စိတ်ရှုပ်ခံရမယ့် အချိန် မဟုတ်တော့ဘူး။ ကိုယ့်ချစ်သူအတွက် သူ့အနေနဲ့ အရိုးကြေကြေ အရေခန်းခန်း ကြိုးစားပြီး အိုလံပစ်ဝင်နိုင်အောင် လုပ်သင့်တယ်။ သူ့မှာ ရွေးစရာ ဒီတစ်လမ်းပဲ ရှိတယ်”

“အီး …..” ကိုဟိုင်က မျက်မှောင်ကြုတ်လိုက်သည်။ “အဲဒါတော့ ငါ မလုပ်နိုင်ဘူး”

“မင်းကို လုပ်ခိုင်းတာမှ မဟုတ်ဘဲ။ ယုန်စန္ဒာကို လုပ်ဖို့ ပြောနေတာ”

“ဒါပေမယ့် ကိုယ်ကိုယ်တိုင်တောင် မလုပ်နိုင်တဲ့ ကိစ္စကို သူများ လုပ်ခိုင်းလို့ ဘယ်ဖြစ်မလဲ။ ရှိုတာ၊ မင်းသာ ဆိုရင်ရော။ မင်း လုပ်နိုင်ပါ့မလား”

ကိုဟိုင်၏ မေးခွန်းကြောင့် ရှိုတာသည် ခဏကြာ တိတ်ဆိတ်သွားသည်။ “အဆုယာ၊ မင်းရော” သူက မျှားဦးကို အဆုယာဘက်သို့ လှည့်ပစ်လိုက်သည်။

“မင်းတို့ နှစ်ကောင်က ဘာတွေလဲကွာ။ အဲဒါ မင်းတို့ အပူတစ်ပြားသားမှ မပါဘူး”

“ဒါဆို စာကို ဘယ်လို လုပ်ကြမလဲ” ကိုဟိုင်က မေးသည်။

“ဘာလုပ်ရမှာလဲ …. ဘာမှမှ လုပ်လို့ မရဘဲ”

“ပြန်စာလေးတော့ ရေးမှ ဖြစ်မှာပေါ့။ မသိချင်ယောင် ဆောင်နေလို့ ဘယ်ကောင်းမလဲ”

“ဘာကွ” အဆုယာက ကိုဟိုင်၏ မျက်နှာဝိုင်းဝိုင်းကို စိုက်ကြည့်နေသည်။ “မင်းက ပြန်စာ ရေးချင်သေးတာလား”

ကိုဟိုင်က ခေါင်းညိတ်ပြသည်။ “ပြန်စာလေးတော့ ရေးမှ ကောင်းမှာပေါ့။ ငါတို့က သူများစာကို ဖောက်ဖတ်ထားပြီးပြီပဲဟာ”

“မင်း ဘာတွေ ပြောနေတာလဲ။ နဂိုကတည်းက ဒီမှာ လူနေတာမှ မဟုတ်ဘဲ။ အပြစ်ပြောမယ် ဆိုလည်း ဒီလိုနေရာမျိုးမှာ စာလာထည့်တဲ့သူကို အပြစ်ပြောရမှာပဲ။ စာမပြန်တာ ဘာထူးဆန်းတာလိုက်လို့။ ရှိုတာ၊ မင်းရော အဲဒီလို မထင်ဘူးလား”

ရှိုတာသည် မေးစေ့ကို ပွတ်နေသည်။ “အင်း … အဲဒီလို ပြောရင်လည်း မမှားပါဘူး”

“တွေ့လား။ ခေါက်ထားလိုက်စမ်းပါကွာ။ နေရာတကာ မပါချင်စမ်းပါနဲ့”

အဆုယာသည် ဆိုင်ထဲသို့ ဝင်သွားပြီး ပြတင်းစက္ကူ အလိပ်တချို့ကို ယူလာကာ သူတို့နှစ်ဦးကို လှမ်းပေးသည်။ “ဒါတွေ ခင်းပြီး အိပ်ကြရအောင်ကွာ”

ရှိုတာက “Thank you” ဟု ပြောပြီး ကိုဟိုင်က “ကျေးဇူးပဲ” ဟု ဆိုကာ အလိပ်များကို လှမ်းယူသည်။

အဆုယာသည် စက္ကူလိပ်ကို ကြမ်းပြင်ပေါ်တွင် ဖြန့်ခင်းလိုက်ပြီး ကြမ်းပေါ် ဖြည်းဖြည်းချင်း လှဲချသည်။ သူသည် မျက်စိစုံမှိတ်ပြီး အိပ်တော့မည်ဟု ဟန်ပြင်နေစဉ်မှာပင် ကျန်လူနှစ်ယောက်ထံမှ လှုပ်ရှားသံများ မကြားရသောကြောင့် မျက်စိဖွင့်ကာ ခေါင်းမော့ကြည့်လိုက်သည်။

သူတို့နှစ်ယောက်သည် စက္ကူလိပ်များကို ပိုက်လျက်သား ထိုင်နေကြသည်။

“ခေါ်သွားလို့ မရဘူးလား” ကိုဟိုင်က တစ်ယောက်တည်း ရေရွတ်နေသည်။

“ဘယ်သူ့ကို ခေါ်သွားရမှာလဲ” ရှိုတာက မေးသည်။

“နာမကျန်း ဖြစ်နေတဲ့ သူရဲ့ ကောင်လေးကိုပေါ့။ စခန်းသွင်း လေ့ကျင့်တဲ့ နေရာပဲ ဖြစ်ဖြစ်၊ ပြည်ပ ပြိုင်ပွဲကိုပဲ ဖြစ်ဖြစ်၊ သူ့ကိုပါ တစ်ပါတည်း ခေါ်သွားရင် အမြဲတမ်း အတူတူ နေနေရမှာပဲလေ။ ဒါဆို လေ့ကျင့်တာရော ပြိုင်ပွဲအတွက်ရော အနှောင့်အယှက် မရှိတော့ဘူးပေါ့”

“မရလို့ နေမှာပေါ့။ သူ့ကောင်လေးက လူနာ ဖြစ်နေပြီလေကွာ။ ပြီးတော့ နှစ်ဝက်ပဲ ခံတော့မှာတဲ့”

“ဒါပေမယ့် သူ လှုပ်ရှားလို့ ရနိုင်သေးသလား ဆိုတာကို ငါတို့ မသိဘူးလေ။ တကယ်လို့ ဘီးတပ်ကုလားထိုင်ပေါ် ထိုင်လို့ ရတယ် ဆိုရင်ပဲ သူ့ကို တစ်ပါတည်း ခေါ်သွားလို့ ရပြီ မဟုတ်လား”

“တကယ်လို့ ကုလားထိုင်ပေါ် ထိုင်နေနိုင်သေးရင် သူက အခုလို အကြံတောင်းနေပါဦးမလား။ ခုတင်ပေါ်က လုံးဝ မထနိုင်တော့တာပဲ ဖြစ်ဖို့ များတယ်။ မလှုပ်နိုင်လောက်တော့ဘူး”

“အဲလိုလား”

“ဖြစ်နိုင်လောက်တယ်”

“ဟေ့ …” အဆုယာက လှမ်းပြောသည်။ “ဒီ သောက်ရေးမပါတဲ့ ကိစ္စကို ပြောလို့ မပြီးသေးဘူးလား။ ခေါက်ထားလိုက်ပါလို့ ပြောနေတာကိုကွာ”

နှစ်ဦးသားသည် နှုတ်ခမ်းကို စေ့နေအောင် ပိတ်လိုက်ကြပြီး ခေါင်းငုံ့သွားကြသည်။ ထို့နောက် မကြာခင်မှာပင် ရှိုတာက ခေါင်းထောင်လာပြန်သည်။

“မင်း ပြောတာ ငါသဘောပေါက်တယ်။ ဒါပေမယ့် ငါ့အနေနဲ့ ခေါက်ထားလို့ မရဘူး ဖြစ်နေတယ်။ အဲဒီ ယုန်စန္ဒာကို ကြည့်ရတာ အတော်လေး စိတ်ဆင်းရဲနေမယ့် ပုံပဲ။ ငါ သူ့ကို ကူညီချင်တယ်ကွာ”

အဆုယာသည် သက်ပြင်းချပြီး ထထိုင်လိုက်သည်။ “သူ့ကို ကူညီချင်တယ်? ဟုတ်မှလည်း လုပ်ပါ ငါ့ကောင်ရာ။ ငါတို့လို လူမျိုးတွေက ဘာကူညီနိုင်မှာမို့လဲ။ ငွေရှိသလားဆိုတော့ မရှိဘူး။ ပညာရှိသလား ဆိုတော့လည်း မရှိဘူး။ အဆက်အသွယ်ကောင်း ရှိသလား ဆိုပြန်တော့လည်း မရှိပြန်ဘူး။ ငါတို့ လုပ်နိုင်တာ ဆိုလို့ လူမနေတဲ့ အိမ်ထဲ ဝင်ပြီး အလစ်သုတ်တာပဲ ရှိတယ်။ ပြီးတော့ ဒီလောက် ရိုးရှင်းတဲ့ အလုပ်ကိုတောင် သပ်သပ်ရပ်ရပ် အောင်မြင်အောင် မလုပ်နိုင်ခဲ့ဘူး။ တန်ကြေးရှိတဲ့ ပစ္စည်းတချို့ကို ရခဲ့တယ် ဆိုပေမယ့် ထွက်ပြေးတုန်း လမ်းမှာ ကားက ပျက်ပြန်ရော။ ဒါကြောင့် အခုလို အိမ်ပျက်ထဲမှာ ဖုန်ရှူရတဲ့အဆင့် ရောက်နေတာပေါ့။ ငါတို့မှာ ငါတို့ ကိုယ်ပိုင် ကိစ္စကိုတောင် မဖြေရှင်းနိုင်တဲ့ဟာ။ သူများကို အကြံပေးဦးမလို့တဲ့လား။ ဟုတ်မှလည်း လုပ်စမ်းပါကွာ”

အဆုယာ၏ ပြစ်တင်မောင်းမဲသံကြောင့် ရှိုတာသည် ဇက်ပုကာ ခေါင်းငိုက်စိုက်ချထားသည်။

“ကဲ မြန်မြန် အိပ်ကြတော့။ မိုးလင်းတာနဲ့ အလုပ်ဆင်းမယ့်သူတွေ အိမ်ကနေ ထွက်ကြပြီဆိုရင် ငါတို့လည်း အဲဒီလူအုပ်ထဲ ရောပြီး ထွက်ပြေးကြမယ်” အဆုယာသည် ပြောပြီး လှဲချလိုက်ပြန်သည်။

ရှိုတာက ပြတင်းစက္ကူကို စခင်းနေလေသည်။ သို့သော် လှုပ်လီလှုပ်လဲ့သာ။

“အင်း ….” ကိုဟိုင်က မရဲတရဲဖြင့် စကားစပြန်သည်။ “တစ်ခုခုတော့ ရေးမှပါ”

“ဘာရေးမှာလဲ” ရှိုတာက မေးသည်။

“ပြန်စာလေ။ အဲဒီလိုကြီး ပစ်ထားရတာ စိတ်ထဲ စနိုးစနောင့်နဲ့”

“မင်း ရူးနေသလား” အဆုယာက ပြောသည်။ “ဘာ စနိုးစနောင့် ဖြစ်စရာ ရှိသလဲကွာ”

“ဒါပေမယ့် … ဘာမှ မရေးတာထက် စာရင် တစ်ခုခုတော့ ပြန်ရေးလိုက်တာ ကောင်းမယ်လို့ ထင်တာပဲ။ ကိုယ့်ရဲ့ ဒုက္ခသုက္ခကို နားထောင်ပေးတဲ့လူ ရှိနေတယ်လို့ သိရတာနဲ့တင် စိတ်ချမ်းသာစရာ ကောင်းနေပြီ။ လူအများစုမှာ အဲဒီလို ခံစားချက်မျိုး ရှိကြတယ် မဟုတ်လား။ သူရဲ့ စိတ်ဆင်းရဲမှု အကြောင်းကို သူ့ပတ်ဝန်းကျင်မှာ ပြောပြလို့ မရနိုင်တာကြောင့် သူ့ခမျာ အတော်လေး ဒုက္ခရောက်နေရရှာတယ်။ ငါတို့အနေနဲ့ ဘာ အကြံကောင်း ဉာဏ်ကောင်းမှ မပေးနိုင်ဘူး ဆိုရင်လည်း ‘မင်းရဲ့ ဆင်းရဲဒုက္ခကို ငါ နားလည်ပါတယ်။ ဆက်ပြီး ကြိုးစားပါ’ ဆိုတာလောက် ရေးလိုက်ရင်ကိုပဲ သူ့အနေနဲ့ အနည်းငယ် နှစ်သိမ့်မှု ရသွားနိုင်တယ်”

“ပြီးရောကွာ” အဆုယာက မာဆတ်ဆတ် ပြန်ပြောသည်။ “မင်းတို့ သဘောပဲ။ အတော် ခေါင်းမာတဲ့ ကောင်တွေ”

ကိုဟိုင်သည် မတ်တတ်ရပ်လိုက်သည်။ “စာရေးကိရိယာတွေ မရှိဘူးလား”

“ဆိုင်ထဲမှာတော့ တွေ့မိသလိုပဲ”

ရှိုတာနှင့် ကိုဟိုင်တို့သည် အပြင်ဘက်ရှိ ဆိုင်ခန်းထဲသို့ ဝင်သွားကြသည်။ တစ်ခဏကြာသောအခါ သူတို့၏ ခြေသံများကို ပြန်ကြားရသည်။

“စာရေးကိရိယာတွေ တွေ့လား” အဆုယာက မေးသည်။

“အင်း၊ ဖောင်တိန်တွေက ရေးလို့ မရတော့ဘူး။ ဒါပေမယ့် ဘောပင်တွေက သုံးလို့ ရသေးတယ်။ ပြီးတော့ စာရေးစက္ကူတွေလည်း ရှိတယ်” ကိုဟိုင်က ဝမ်းသာအယ်လဲ ပြောရင်း မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ ထမင်းစား စားပွဲပေါ်တွင် စာရေးစက္ကူကို တင်ပြီးနောက် ထိုင်ခုံတွင် ထိုင်လိုက်သည်။ “ဒီတော့ … ဘာရေးရင် ကောင်းမလဲ”

“မင်း စောနက ပြောသလိုပေါ့။ ‘မင်းရဲ့ ဆင်းရဲဒုက္ခကို ငါ နားလည်ပါတယ်။ ဆက်ပြီး ကြိုးစားပါ’ အဲဒီလို ရေးလိုက်ရင် ပြီးနေတာပဲဟာ” အဆုယာက ပြောသည်။

“အဲဒီလောက်ပဲ ရေးရင် သိပ် အေးတိအေးစက်နိုင်ရာ ကျမနေဘူးလား”

အဆုယာက အောက်နှုတ်ခမ်းကို ရွဲ့လိုက်သည်။ “မင်း ရေးချင်သလို ရေးကွာ”

“စောစောက ပြောတဲ့ဟာကို ဘယ်လို သဘောရသလဲ။ သူ့ကောင်လေးကို အနားမှာ ခေါ်ထားဖို့လေ” ရှိုတာက ပြောသည်။

“ခေါ်ထားလို့ ရမှတော့ စာရေးနေပါဦးမလားကွာ။ အဲဒါ မင်းပဲ ပြောခဲ့တာပဲ”

“ငါ ပြောခဲ့တာတော့ အမှန်ပဲ။ ဒါပေမယ့် သေချာအောင် သူ့ကို ထပ်မေးကြည့်ရအောင်လား”

ဆုံးဖြတ်ချက် မချတတ်သော ကိုဟိုင်သည် အဆုယာဘက်သို့ လှည့်လိုက်သည်။ “မင်းရော ဘယ်လို သဘောရသလဲ”

“မသိဘူး” အဆုယာသည် ခေါင်းကို တစ်ဘက်သို့ လှည့်ပစ်လိုက်သည်။

ကိုဟိုင်သည် ဘောပင်ကို ကောက်ကိုင်သည်။ စာ စမရေးမီ အဆုယာနှင့် ရှိုတာတို့ကို ကြည့်နေပြန်သည်။ “စာကို ဘယ်လို နိဒါန်းပျိုးရတာလဲ”

“အင်း၊ ပဋိသန္ဓာရ စကားနဲ့ စရမှာပေါ့။ ချစ်ခင်ရပါသောတို့၊ လေးစားရပါသော ဆိုတာတို့နဲ့ စရေးရတာ” ရှိုတာက ပြောသည်။ “ဒါပေမယ့် ဒီလိုစာမျိုးက အဲဒီလို ရေးနေစရာ မလိုပါဘူးကွာ။ သူ့စာထဲမှာလည်း အဲဒီလိုမှ စ မထားဘဲ။ အီးမေးလ် ရေးသလိုသာ ရေးကွာ”

“အဲဒီလိုလား။ အီးမေးလ် ရေးသလိုပဲ ရေးလိုက်မယ်။ ‘မင်းရဲ့ အီးမေးလ်ကို ဖတ်ပြီးသွားပြီ’ အဲ … မဟုတ်သေးဘူး။ မင်းရဲ့ စာကို ဖြစ်ရမှာ။ မင်း … ရဲ့ … စာ … ကို … ဖတ် … ပြီး … သွား … ပါ … ပြီ”

“ရွတ်ပြနေဖို့ မလိုပါဘူးဟ” ရှိုတာက သတိပေးလိုက်သည်။

ကိုဟိုင် စာရေးနေစဉ် ထွက်ပေါ်လာသော တစ်ရှပ်ရှပ်အသံကို အဆုယာပင် ကြားနေရသည်။ စကားလုံးတိုင်းကို စိတ်ပါလက်ပါဖြင့် ဖိရေးနေလေသည်။

ခဏမျှ ကြာသောအခါ “ရေးပြီးပြီ” ဟုဆိုကာ ကိုဟိုင်သည် စာရွက်ကို ကိုင်၍ ရောက်လာသည်။

ရှိုတာက လှမ်းယူလိုက်သည်။ “လက်ရေးက အတော် ညံ့တာပဲ”

အဆုယာကလည်း မျက်စိဝေ့ကာ ကြည့်လိုက်သည်။ ပဲပင်ပေါက် လက်ရေးနှင့် စာလုံးများမှာ ကြီးလိုက်သေးလိုက်။

❝ စာကို ဖတ်ပြီးပါပြီ။ အတော်တော့ ကျပ်တဲ့ ကိစ္စပဲ။ မင်းရဲ့ စိတ်ဆင်းရဲမှုကို ငါ လုံးဝ နားလည် သဘောပေါက်ပါတယ်။ ငါ တစ်ခု စဉ်းစားမိတယ်။ မင်းရဲ့ ကောင်လေးကို မင်းသွားမယ့် နေရာဆီ ခေါ်သွားလို့ မရဘူးလား။ ဆောရီးပဲဗျာ။ အကြံကောင်းကောင်း မပေးနိုင်တာ တောင်းပန်ပါတယ်။ ❞

“ဘယ်လိုလဲ” ကိုဟိုင်က မေးသည်။

“မဆိုးပါဘူး” ရှိုတာက ဖြေသည်။ “ဟုတ်တယ်မလား” သူသည် အဆုယာ၏ ဆန္ဒကို တောင်းခံနေသည်။

“ဘာဖြစ်ဖြစ်ကွာ” အဆုယာက ဖြေသည်။

ကိုဟိုင်သည် စာကို အသေအချာ ခေါက်ပြီး လက်ခံသူ ‘ယုန်စန္ဒာ’ ဟု ရေးထားသော စာအိတ်ထဲသို့ ထည့်လိုက်သည်။ “ငါ နွားနို့သေတ္တာထဲ သွားထည့်လိုက်မယ်” ပြောရင်း သူသည် နောက်ဖေးတံခါးပေါက်မှ ထွက်သွားသည်။

အဆုယာက သက်ပြင်းချလိုက်သည်။ “တကယ်ပဲကွာ။ ဒီကောင့် ခေါင်းထဲမှာ ဘာတွေ တွေးနေသလဲ မသိဘူး။ ကိုယ်နဲ့ နည်းနည်းမှ မသိတဲ့ လူတစ်ယောက်ကို အကြံပေးရတယ်လို့ကွာ။ အခု ဘယ်အချိန် ရှိနေပြီလဲဆိုတာလည်း ကြည့်ကြဦးဟ။ ရှိုတာ၊ မင်းကလည်း သူနဲ့ အတူလိုက်ပြီး ကြောင်နေတော့တာပဲနော်။ မင်းတို့ ဘာတွေ ဖြစ်နေကြတာလဲ”

“အဲဒီလို မပြောပါနဲ့ကွာ။ တစ်ခါတည်းပါ။ ကိစ္စ မရှိပါဘူး”

“တစ်ခါတည်းပါ ဆိုတာ ဘာကို ပြောတာလဲ”

“ပုံမှန်ဆိုရင် သူများရဲ့ ဆင်းရဲဒုက္ခကို နားထောင်ပေးဖို့ ဘယ်လိုလုပ်ပြီး အချိန်ရမှာလဲကွာ။ ဘယ်သူကမှလည်း ငါတို့ကို အကြံဉာဏ် တောင်းချင်မှာ မဟုတ်ဘူး။ တစ်သက်လုံးလည်း ရှိလာလိမ့်မယ် မထင်ဘူး။ ဒါက ပထမဆုံးပဲလေ။ နောက်ဆုံးတစ်ကြိမ် ဆိုလည်း ဟုတ်တာပဲ။ ဒါကြောင့် တစ်ခါတည်းပါလို့ ပြောတာပေါ့”

အဆုယာသည် လေများကို နှာခေါင်းမှ ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်သည်။ “ကိုယ့်ဘာသာကိုယ် ဘာကောင်လဲဆိုတာကို မေ့မနေနဲ့ဦး”

ကိုဟိုင် ပြန်ရောက်လာသည်။ “သေတ္တာ အဖုံးက အတော်ကို ကျပ်နေတာပဲ။ ဟူး … မဖွင့်တာ အတော်ကို ကြာနေလောက်ပြီ”

“ဟုတ်တာပေါ့။ အခုခေတ်မှာ အိမ်တိုင်ရာရောက် …..” အဆုယာသည် ‘နွားနို့’ ဟူသော စကားလုံးကို ပြောရန် ကြံရွယ်စဉ် စကားစကို ဖြတ်ချလိုက်သည်။ “ကိုဟိုင်၊ မင်းရဲ့ လက်အိတ်ရော”

“လက်အိတ်လား၊ ဟောဟိုမှာ” ကိုဟိုင်သည် စားပွဲပေါ်သို့ လက်ညှိုး ထိုးပြသည်။

“မင်း ဘယ်အချိန်က ချွတ်ပစ်လိုက်တာလဲ”

“စာရေးတုန်းကလေ။ လက်အိတ်ဝတ်ထားရင် စာ ဘယ်လိုလုပ်ပြီး ရေးမလဲ”

“ချီးတဲ့မှပဲ” အဆုယာသည် ဆတ်ခနဲ ထရပ်လိုက်သည်။ “စာပေါ်မှာ လက်ဗွေရာတွေ ထင်ကုန်မှာပေါ့”

“လက်ဗွေရာ? အန္တရာယ် ရှိလို့လား” ကိုဟိုင်က အူတိအူကြောင် မျက်နှာထားဖြင့် မေးနေသည်။

အဆုယာသည် သူ၏ ဝိုင်းစက်နေသော မျက်နှာပြင်ကို ရိုက်ပစ်လိုက်ချင်စိတ်များ ပေါ်လာသည်။ “ငါတို့ ဒီနေရာမှာ ပုန်းနေတယ်ဆိုတာ ရဲတွေက သိပ်မကြာခင် သိသွားနိုင်တယ်ကွ။ တကယ်လို့ အဲဒီ ယုန်စန္ဒာဆိုတဲ့ မိန်းမက နွားနို့သေတ္တာထဲက စာကို ယူမသွားသေးဘူး ဆိုရင် ဘယ်လို လုပ်မလဲ။ တကယ်လို့သာ လက်ဗွေကို စစ်လိုက်ရင် ငါတို့ အားလုံး သွားပြီပေါ့ဟ”

“အင်း … ဟုတ်တယ်”

“အေး … ဒါကြောင့် သောက်ပိုတွေ မလုပ်နဲ့လို့ ပြောနေတာပေါ့” အဆုယာက လက်နှိပ်ဓာတ်မီးကို ကောက်ကိုင်ပြီး မီးဖိုချောင်ထဲမှ ခြေလှမ်းကျဲကျဲဖြင့် နောက်ဖေးပေါက်သို့ လှမ်းသွားသည်။

နွားနို့သေတ္တာ အဖုံးသည် ကိုဟိုင် ပြောသကဲ့သို့ ကျပ်နေသည်။ ထို့ကြောင့် အဆာယုသည် အားနှင့် အတင်းဆွဲကာ သေတ္တာကို ဆွဲဖွင့်လိုက်သည်။ ဓာတ်မီးဖြင့် အထဲသို့ ထိုးကြည့်သောအခါ သေတ္တာထဲတွင် ဟာလာဟင်းလင်း။

အဆုယာသည် နောက်ဖေးပေါက်မှ ပြန်ဝင်လာသည်။ “ဟေ့ကောင် ကိုဟိုင်၊ စာကို ဘယ်မှာ သွားထားထားတာလဲ”

ကိုဟိုင်သည် လက်အိတ်ကို ပြန်ဝတ်နေရင်း အပြင်သို့ ထွက်လာသည်။

“ဘယ်မှာ ထားရမှာလဲ။ နွားနို့သေတ္တာထဲကိုပေါ့”

“အထဲမှာ ဘာမှ မရှိဘူး”

“အမ် … မဖြစ်နိုင်တာ”

“မင်းက အထဲထည့်လိုက်တယ် ထင်ပြီး အပြင်ထွက်ကျနေတာရော မဖြစ်နိုင်ဘူးလား” အဆုယာသည် မြေပြင်ပေါ်သို့ လက်နှိပ်ဓာတ်မီးဖြင့် ထိုး၍ ကြည့်နေသည်။

“အဲဒီလို မဖြစ်နိုင်ပါဘူးကွာ။ ငါ အသေအချာကို အထဲ ထည့်လိုက်တာ”

“ဒါဆို စာက ဘယ်ရောက်သွားတာလဲ”

“ဘယ်သိမလဲ” ကိုဟိုင်သည် အူတိအူကြောင်ဖြင့် တောင်ငေးမြောက်ငေး ကြည့်နေစဉ် ခပ်သွက်သွက် ဖြတ်လျှောက်လာသော ခြေသံများကို ကြားလာရသည်။ ရှိုတာ ပြေးထွက်လာခြင်း ဖြစ်သည်။

“ဘာဖြစ်တာလဲ” အဆုယာက မေးလိုက်သည်။

“ငါ ဆိုင်ထဲကနေ အသံတစ်ခု ကြားတာနဲ့ သွားကြည့်တာ။ စာထည့်ပေါက်ကနေ ဒါလေး ကျလာတယ်” ရှိုတာသည် မျက်နှာ ဖြူဖပ်ဖြူရော်ဖြင့် စာတစ်စောင်ကို လှမ်းပေးနေသည်။

အဆုယာသည် အသက်ကို အောင့်လိုက်ပြီး ဓာတ်မီးကို ပိတ်ကာ ခြေသံလုံလုံဖြင့် အပြင်ဘက်သို့ ထွက်သွားသည်။ အမှောင်ထဲမှ နေ၍ ဆိုင်အပြင်ဘက်သို့ အကဲခတ်နေသည်။

သို့သော် …..

ဘာ လူရိပ်လူရောင်ကိုမျှ မတွေ့ရ။ ထွက်ခွာသွားသော အရိပ်အခြေလည်း မရှိ။

 

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *