အိမ်ပြန်ရောက်သောအခါတွင် ကတ်စက္ကူခေါက်ကို သိမ်းဆည်းရန်အတွက် ဦးနှောက်စားရပြန်သည်။ ကတ်စက္ကူပေါ်တွင် ကလေးမလေး၏ သေးများ ပေကျံနေမည်မှာ သေချာသည်။ ရိုးရိုးတန်းတန်း အပြင်သို့ လွှင့်ပစ်ရန်မှာလည်း မဖြစ်။ မီးရှို့လျှင်တော့ ရနိုင်သည်။ သို့သော် ယခုလိုအချိန်မျိုးတွင် မီးတောက်မြင်လျှင် ပတ်ဝန်းကျင်မှ အလန့်တကြားဖြင့် မီးသတ်ဌာနသို့ ဖုန်းဆက် အကြောင်းကြားနိုင်သည်။
ပန်းခြံထဲမှ အိတ်အမည်းသည်လည်း နဂိုထားခဲ့သော နေရာမှာပင် ပုံမပျက် ရှိနေဆဲ။ အာကီအိုသည် ၎င်းကို သိမ်းဆည်းနေရင်း သူ့ဇနီးကို အပြစ်တင်နေမိသည်။ သူမရှိတုန်း ထိုအရာကို ကြိုတင် သိမ်းဆည်းထားဖို့ ကောင်းသည် မဟုတ်ပါလား။ သူသည် ကတ်စက္ကူခေါက်ထဲ အိတ်အမည်းကို ထိုးထည့်၍ အိမ်ထဲသို့ ဝင်လာခဲ့သည်။
လျှောက်လမ်းအတိုင်း လျှောက်လာပြီး မာဆာအေ၏ အခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။ အခန်းထဲမှာ မှောင်နှင့်မည်းမည်း။ မာဆာအေသည် စောင်ခြုံကာ အိပ်မောကျနေပုံ ရသည်။
အာကီအိုသည် ဗီဒိုအပေါ်ဆုံးထပ်မှ အံတံခါးကို ဆွဲဖွင့်လိုက်သည်။ ထိုအမြင့်တွင် သိမ်းထားလျှင် မာဆာအေ ယူမွှေကြည့်မည်ကို ပူစရာ မလိုတော့။ သူသည် ပလတ်စတစ်အိတ်အမည်းအား ဗီဒိုအပေါ်ထပ်ထဲသို့ ထည့်ခဲ့ပြီး အံတံခါးကို ဖြည်းဖြည်းချင်း ပိတ်လိုက်သည်။ မာဆာအေထံမှ ဘာသံမျှ မကြားရ။ ငြိမ်သက်နေဆဲ။
အခန်းထဲမှ ထွက်ခွာလာပြီးနောက် သူ့ခန္ဓာကိုယ်မှ အနံ့ဆိုးကို သတိထားမိတော့သည်။ ကလေးမလေးကို ချီ,မစဉ်အခါက သူ့အင်္ကျီကို ပေစွန်းသွားခြင်း ဖြစ်ပေမည်။ သူသည် ရေချိုးခန်းရှိရာသို့ သွားပြီး အဝတ်အစားများကို ချွတ်ကာ အဝတ်လျှော်စက်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် ရေကို ဝအောင် ချိုးပစ်သည်။ သို့သော် ဆပ်ပြာဖြင့် မည်မျှပင် အကြိမ်ကြိမ် အထပ်ထပ် တိုက်ချွတ်ဆေးကြောသော်လည်း ထိုအနံ့ဆိုးမှာ သူ့ခန္ဓာကိုယ်မှ ပျောက်ကွယ်ပြီဟု သူ မထင်။
သူ့အိပ်ခန်းမှ အဝတ်အစားသစ်များ လဲလာပြီးနောက် ထမင်းစားခန်းသို့ ပြန်လာခဲ့သည်။ ယာအေကိုသည် ဖန်ခွက်နှင့် ဘီယာပုလင်းကို စားပွဲပေါ်တွင် အသင့်ပြင်ထားပေးသည်။ ထို့နောက် စူပါမားကတ်မှ ဝယ်ခဲ့သော ဟင်းများလည်း ပန်းကန်ထဲတွင် အသင့်တွေ့ရသည်။ ကြည့်ရသည်မှာ အကုန်လုံး မီးဖိုပေါ်တွင် နွှေးထားပြီးသား။
“ဒါက ဘယ်လို ဖြစ်ရတာလဲ” အာကီအိုက မေးလိုက်သည်။
“ရှင်လည်း ပင်ပန်းရောပေါ့။ ပြီးတော့ ညစာလည်း စားမှ မစားရသေးဘဲဟာ”
“စားချင်စိတ် မရှိပါဘူးကွာ” ထိုသို့ပြော၍ ဘီယာပုလင်းကို ဖွင့်လိုက်သည်။ သူ့ကိုယ်သူ မူးသွားအောင် သောက်ပစ်လိုက်ချင်သည်။ ယခုညတွင် မည်မျှပင် မူးနေပါစေ။ သူ အိပ်ပျော်နိုင်တော့မည် မဟုတ်မှန်း သူ သိနေသည်။
မီးဖိုချောင်ဘက်မှ ဟင်းရွက်ခုတ်ထစ်သံများ ပေါ်လာသည်။
“နင် ဘာလုပ်နေတာလဲ”
ယာအေကိုက ဘာမျှ ပြန်မဖြေ။ အာကီအိုသည် ထရပ်လိုက်ပြီး မီးဖိုချောင်ထဲသို့ သွားကြည့်သည်။ မီးဖိုဘေးတွင် ပန်းကန်လုံးတစ်လုံး ချထားသည်။ အထဲတွင် ကြိတ်ချေထားသော အသားတစ်များ။
“ညကြီး အချိန်မတော်မှ ဘာလုပ်ဦးမလို့လဲ” အာကီအိုက နောက်တစ်ခေါက် ထပ်မေးပြန်သည်။
“သူက ဗိုက်ဆာလို့တဲ့လေ”
“ဆာတယ်?”
“စောစောက နာအိုမီအောက်ဆင်းလာတယ်။ ပြီးတော့ …….” ဆက်ပြောသော စကားတို့မှာ လေတိုးသံသာသာ မရှင်းလင်းတော့။
အာကီအို၏ မျက်နှာပေါ်ရှိ ကြွက်သားများ
တဆတ်ဆတ်
လှုပ်သွားသည် ထင်ရ၏။
“ဪ … သူက ဗိုက်ဆာတယ်လို့ ပြောရဲသေးတာလား။ ဒီလို ကိစ္စမျိုးလုပ်ပြီး ပြဿနာအားလုံးကို မိဘဆီ ပုံချပြီးတော့ …..”
သူက
သက်ပ
ြင်
းကြီး
ချလိုက်ပြီး ခေါင်းကို ခါယမ်းကာ တံခါးပေါက်ဆီသို့ ထွက်သွားသည်။
“နေဦး။ ရှင် မသွားနဲ့” ယာအေကိုက အမြန် လှမ်းတားလိုက်သည်။ “ဒါလည်း ဘယ်တတ်နိုင်မှာလဲ။ သူက ငယ်သေးတာကိုး။ နေ့ခင်းကတည်းက အခုချိန်ထိ ဘာမှ စားရသေးတာ မဟုတ်ဘူး။ အခု အရမ်း ဆာနေရောပေါ့”
“ငါ့မှာဖြင့် စားချင်စိတ်ကို နည်းနည်းမှ မရှိတာ”
“ကျွန်မလည်း အတူတူပါပဲ။ ဒါပေမယ့် သူက ကလေးပဲ ရှိသေးတာလေ။ ပြဿနာက ဒီလောက် ကြီးကျယ်မှန်း သူ ဘယ်နားလည်နိုင်ပါ့မလဲ”
“ဒါကြောင့် ငါက သူ့ကို သိသွားအောင် လုပ်ပေးမလို့ပဲ”
“အခုလိုချိန်ကြီး အလောတကော လုပ်စရာလည်း မလိုပါဘူးရှင်” ယာအေကိုသည် အာကီအို၏ လက်မောင်းကို ဖမ်းဆွဲထားလိုက်သည်။ “အခြေအနေတွေ နည်းနည်း တည်ငြိမ်သွားမှ ပြောလည်း ရတာပဲဟာ။ သူလည်း ဘာပဲဖြစ်ဖြစ် လန့်ဖျပ်သွားမှာပဲ။ ခံစားချက် မရှိတဲ့သူမှ မဟုတ်တာ။ ဒါကြောင့်လည်း အစောပိုင်းက ဆာတဲ့အကြောင်း နည်းနည်းလေးမှ မဟတာပေါ့”
“သူ မပြောဘူးဆိုတာက ငါဆူပူနေတာကို မကြားချင်လို့ နေမှာပေါ့။ ဒါကြောင့် ငါ အပြင်ထွက်သွားတာ မြင်မှ အခွင့်ကောင်းရပြီဆိုပြီး နင့်ကို လာပြောတာ နေမှာ။ သူ့လုပ်ရပ်သူ နောင်တ ရတယ်ဆိုရင် ဘာဖြစ်လို့ အောက် မဆင်းလာသလဲ။ ဘာဖြစ်လို့ အခန်းထဲမှာပဲ ပုန်းနေရတာလဲ”
“သားသမီးတွေက ကိုယ့်ဖခင်ရဲ့ ဆူတာဆဲတာကို ပုန်းရှောင်ချင်ကြတယ်ဆိုတာ သဘာဝကျတာပဲလေ။ ဘာပဲဖြစ်ဖြစ် ဒီတစ်ညတော့ ရှင် သည်းခံလိုက်ပါဦး။ နောက်တော့ ကျွန်မသူ့ကို ကောင်းကောင်း ဆုံးမပါ့မယ်”
“နင်ပြောရင် သူက နားထောင်မှာတဲ့လား”
“နားထောင်မှာပါ။ ရှင်အခု သွားဆူတော့ရော၊ ဘာအကျိုးရှိမှာမို့လဲ။ အပြစ်တင်နေလို့ရော ပြဿနာက ပြေလည်သွားတာမှ မဟုတ်တာ။ အခု ကျွန်မတို့ လက်တွေ့ကျကျ စဉ်းစားရမှာက သူ့ကို ဘယ်လို ကာကွယ်ပေးရမလဲ ဆိုတာပဲ”
“နင်က ဘာလုပ်လုပ် သူ့ကို ကာကွယ်ဖို့ပဲ စဉ်းစားနေတာပဲ”
“မရဘူးလား။ ကျွန်မက ဆုံးဖြတ်ထားပြီးသား။ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် သားဘက်ကပဲ ရပ်တည်မယ်။ သူ ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့။ လူသတ်တရားခံ ဖြစ်နေပါစေ၊ သူ့ကို ကာကွယ်ပေးရမှာပဲ။ ဒီတစ်ညတော့ သူ့ဘာသာ အေးအေးဆေးဆေး နေပါစေလား။ တောင်းပန်ပါတယ်ရှင်”
ယာအေကို၏ မျက်ရည်များသည်
ရေစီး
ကြေ
ာင်းသဖွယ်
ပါးပြင်တစ်လျှောက် စီးကျလာပြီး သူ၏ မျက်လုံးများမှာလည်း နီရဲ၍ နေလေပြီ။
ဇနီးသည်၏ ကြေကွဲဆို့နင့်နေသော မျက်နှာ အမူအရာကြောင့် သူ၏ ဒေါသများလည်း ပြေလျော့သွားကြသည်။ သူ၏ ရင်တွင်းမှာတော့ ဟာလာဟင်းလင်း ဖြစ်ကျန်နေခဲ့သည်။
“လက်ကို လွှတ်”
“ဟင့်အင်း၊ ရှင် …..”
“လွှတ်ဆို လွှတ်လိုက်စမ်းပါ။ ငါ အပေါ်ထပ် မသွားပါဘူး”
ယာအေကိုက ကျေနပ်သွားသော အကြည့်ဖြင့် မပွင့်တပွင့် မေးလိုက်သည်။
“တကယ်?”
“တကယ်ပေါ့။ ထားပါတော့။ ငါ့အတွက်လည်း အသားညှပ် ဟမ်ဘာဂါလေး ဘာလေး လုပ်ပေးစမ်းပါဦး”
အာကီအိုက ယာအေကို၏ လက်ကို တွန်းဖယ်လိုက်ပြီး ထမင်းစား စားပွဲတွင် ပြန်သွားထိုင်သည်။ ဖန်ခွက်ထဲမှ ဘီယာကို တစ်ကျိုက်တည်းဖြင့် အပြီး မော့ချလိုက်သည်။
ယာအေကိုမှာ စိတ်ပေါ့သွားပြီး မီးဖိုချောင်သို့ ပြန်ကာ သူ့ဟင်းရွက်များကို ဆက်လက် လှီးဖြတ်နေသည်။ ဟင်းရွက်များကို စိတ်လိုလက်ရ လှီးနေသော ဇနီးသည်အား ကြည့်ပြီး သူ စဉ်းစားနေခဲ့သည်။ ယာအေကိုသည် အလုပ်နှင့်လက် မပြတ်အောင် တစ်ခုခု လုပ်မနေလျှင် တောင်တွေးမြောက်တွေးဖြင့် ပိုပြီး စိတ်ဆင်းရဲနေပေလိမ့်မည်။
“နင့်အတွက်ပါ တစ်ယောက်စာ ထည့်ချက်လိုက်လေ” အာကီအိုက လှမ်းပြောသည်။ “လုပ်လိုက်။ အတူတူ စားကြတာပေါ့”
“ကျွန်မ မစားချင်ဘူး”
“ဘယ်ဟုတ်မလဲ။ နင်လည်း စားမှပေါ့။ ရှေ့လျှောက် ဘယ်အချိန်ရောက်မှ ထမင်းတစ်နပ်ကို စိတ်ဖြောင့်ဖြောင့် စားရတော့မယ် မသိဘူး။ မတတ်နိုင်ဘူး။ စားချင်စိတ် မရှိလည်း အစာဝင်အောင်တော့ ထည့်ထားရတော့မှာပဲ”
ယာအေကိုသည် မီးခိုချောင်ထဲမှ ထွက်လာပြီး “ကျွန်မ …….”
“မနက်ဖြန်မှာ ရင်ဆိုင်စရာတွေက အများကြီးပဲ။ အားရှိနေမှ ဖြစ်မယ်”
သူ့စကားကို ကြားပြီးနောက် ယာအေကိုသည် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။