အခင်းဖြစ်ပွားရာ နေရာသို့ သွားစဉ် အငှားကားထဲတွင် မာကျုမီယာတစ်ယောက် စိတ်လှုပ်ရှားနေသည်။ လူသတ်မှုကို အနီးကပ် စုံစမ်းစစ်ဆေးရန် တာဝန်ပေးခံရသည်မှာ ယခု ဒုတိယအကြိမ်မြောက် ဖြစ်သည်။ ပထမလူသတ်မှု စစ်ဆေးစဉ်က သူသည် ဝါရင့်ရဲအရာရှိများ၏ နောက်မှ တကောက်ကောက်သာ လိုက်နေရသည်။ ကိုယ်ပိုင်ဉာဏ်ဖြင့် လက်တွေ့ကျကျ ကိုယ်တိုင် သုံးသပ်စစ်ဆေး လိုက်ရသည်ဟု မရှိခဲ့။ ထို့ကြောင့် ပြီးခဲ့သောအမှုမှာ လေ့လာသူ အဆင့်ဖြင့်သာ ပါဝင်ပတ်သက်ခဲ့ရသောကြောင့် အမှုမှန် ထုတ်ဖော်ပြီးသော အခါတွင်လည်း ထိုအောင်မြင်မှုအတွက် ကျေနပ်နှစ်သိမ့်မှု တစ်စုံတစ်ရာ မရခဲ့ချေ။ ယခုအခါ သူ့တွင် အခွင့်အလမ်းအသစ်တစ်ခု ထပ်ရလေပြီ။ ဤအမှုတွင် သူ့အစွမ်းအစ ရှိသလောက် အစွမ်းကုန် ကြိုးစားမည်ဟူသော စိတ်ဓာတ်တက်ကြွမှုဖြင့် အားတင်းထားလေသည်။
“အသတ်ခံရတဲ့သူက ကလေးလေးဗျာ။ တော်တော် ဆိုးဆိုးပဲ” ဘေးတွင် ထိုင်နေသော ဆာကာဂါမိက စိတ်ထိခိုက်သော လေသံဖြင့် ပြောနေသည်။
“တကယ့်ကို ကြည့်ရက်စရာ ရှိမယ် မထင်ဘူး။ ကလေးရဲ့ မိဘတွေလည်း အခုချိန် အတော်လေး စိတ်ထိခိုက်နေလောက်တယ်”
“သိပ်သေချာတာပေါ့။ ဒါပေမယ့် ကျွန်တော်က အလုပ်ကိစ္စကိုပြောနေတာ။ အခုလို အမှုမျိုးက စုံစမ်းထောက်လှမ်းရတာ လက်ဝင်တယ်။ တကယ်လို့ အသတ်ခံရတဲ့သူက လူကြီးသာဆိုရင် သူနဲ့ ဆက်ဆံဖူးတဲ့ အသိုင်းအဝိုင်းထဲက ဖြစ်နိုင်ခြေရှိတဲ့ လူ၊ သံသယရှိတဲ့ လူတွေကို ပစ်မှတ်ထားပြီး စုံစမ်းလို့ ရတယ်။ အခု အသတ်ခံရတဲ့သူက ကလေးဆိုတော့ အဲဒီပုံစံအတိုင်း လုပ်လို့ မရတော့ဘူး။ တကယ်လို့ လူသတ်သမားက အနီးပတ်ဝန်းကျင်မှာ နေပြီး လူပြောသူပြော များတဲ့ ဂေါက်ကြောင်ကောင် ဆိုရင်လည်း ရှာရ လွယ်တာပေါ့”
“ဒါဆို အရေးပေါ်လုပ်ကြံမှုလို့ ပြောချင်တာလား”
“ပြောဖို့တော့ မလွယ်ဘူး။ ကြိုတင်ကြံစည်မှုလည်း ဖြစ်နိုင်တာပဲ။ သေချာတာကတော့ အဲဒီကောင်က ဂေါက်ကြောင်ပဲနေမှာ။ ပြဿနာက ဘယ်လိုအချိန် ဘယ်လိုနေရာမျိုးမှာပဲ ဖြစ်ဖြစ် ကိုယ်တွေ့နေရတဲ့သူဟာ ဂေါက်ကြောင်ပါလို့ လူတွေအနေနဲ့ ခွဲခြားဖို့ မလွယ်တာပဲ။ ဒါပေမယ့် အဲဒီလိုဂေါက်ကြောင်တွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပြီ ဆိုရင် လူကြီးတွေ အနေနဲ့ကျတော့ သတိထားမိနိုင်တယ်။ ကလေးတွေကတော့ ဘယ်သိမှာလဲ။ ရိုးသားချင်ယောင် ဆောင်ပြီး အနားချဉ်းကပ်သွားရင် ကလေးတွေရဲ့ ယုံကြည်မှုကို လွယ်လွယ်နဲ့ ရနိုင်တာပဲ မဟုတ်လား”
ဆာကာဂါမိ၏ ပုံပန်းသဏ္ဌာန်အရ သူ၏အသက်မှာ ၃၅၊ ၃၆ လောက်သာ ရှိဦးမည်။ မှုခင်းအဖွဲ့သို့ သူ ပြောင်းလာခဲ့သည်မှာ ၁၀ နှစ်ကျော် ရှိခဲ့ပြီ။ ထို့ကြောင့်
ထိုကဲ့သို့
သော အမှုများကို ကိုယ်တိုင် ကိုင်တွယ်ဖူးသော အတွေ့အကြုံများ ရှိခဲ့ပေမည်။
“နေရိမရဲစခန်း ပိုင်နက်ထဲမှာပဲ ….” ဆာကာဂါမိက တစ်ယောက်တည်း စကားပြောနေသကဲ့သို့ ရေရွတ်နေသည်။ “သူတို့ဆီမှာ စခန်းမှူး အသစ်ပြောင်းထားတာ မကြာသေးဘူး။ လောလောဆယ်တော့ တက်ကြွနေမှာပဲ” သူက နှုတ်ခမ်းတစ်ဘက်ကို ရွဲ့ကာ ပြုံးလိုက်သည်။
‘နေရိမရဲစခန်း’ ဟူသော အသံကို ကြားရသောအခါ မာကျုမီယာသည် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ သူ စိတ်လှုပ်ရှားနေရသော အကြောင်းအရင်းမှာ အမှုကို ကိုယ်တိုင် ကိုင်တွယ်ရမည်ဟူသော ဖိအား သက်သက်ကြောင့် မဟုတ်ပေ။ နေရိမရဲစခန်း ပိုင်နက်အတွင်းတွင် အမှုဖြစ်နေခြင်းမှာလည်း သူ့အတွက် စိတ်လှုပ်ရှားစရာ အကြောင်းတစ်ရပ် ဖြစ်နေသည်။ နေရိမရဲစခန်း၏ မှုခင်းစုံထောက်အဖွဲ့ထဲတွင် သူနှင့် ဆွေမျိုးတော်စပ်နေသော လူတစ်ယောက် ရှိနေသည်။
တာကာမာဆာ၏ ဝါဖျော့ဖျော့ မျက်နှာသည် သူ၏ အတွေးထဲသို့ ဝင်ရောက်လာပြန်သည်။ လွန်ခဲ့သော သုံးရက်ကမှ သူ့ကို သွားကြည့်ခဲ့သေးသည်။ ကံဇာတ်ဆရာက ထိုသူနှစ်ဦးကို ရေစက်မဆုံဆုံအောင် နောက်ကွယ်မှ ကြိုးကိုင် စီမံနေသလားဟုပင် ထင်နေရသည်။
လူနေရပ်ကွက်အတွင်းသို့ မောင်းဝင်လာသောအခါ မျဉ်းတစ်ကြောင်းအလား ဖြောင့်တန်းနေသော ကတ္တရာလမ်း၏ တစ်ဘက်တစ်ချက်စီတွင် ပုံစံတူ လေးထောင့်ပုံးများ အစီအရီ ချထားသည့်နှယ် စနစ်တကျ ဆောက်လုပ်ထားသော တိုက်ပုကလေးများကို မြင်ကြရသည်။ ဤရပ်ကွက်များတွင် နေသူများသည် အနည်းငယ် ချောင်လည်ကြသော လူလတ်တန်းစားများ ဖြစ်ရမည်ဟု မာကျုမီယာက ကောက်ချက်ချသည်။
ဟိုးအရှေ့ ခပ်လှမ်းလှမ်းတွင် လူများ စုရုံးနေကြပြီး ရဲကားအနည်းငယ်ကိုလည်း လှမ်းမြင်နေရသည်။ အနီးအနားတွင်လည်း ရဲတချို့က ပန်းခြံကို ရှောင်ကွင်းသွားနိုင်ရန် လမ်းပြပေးနေကြသည်။
ဆာကာဂါမိသည် ကားမောင်းသမားကို ရပ်ခိုင်းလိုက်သည်။
အငှားကားပေါ်မှ ဆင်းပြီးနောက် မာကျုမီယာနှင့် ဆာကာဂါမိတို့သည် လူအုပ်ကို တွန်းဖယ်၍ အထဲသို့ တိုးဝင်သွားကြသည်။ လမ်းထိပ်တွင် အစောင့်ကျနေသော ရဲတချို့နှင့် နှုတ်ဆက်စကား ပြောကြားပြီးနောက် သူတို့နှစ်ယောက်သည် ကန့်သတ်နယ်မြေထဲသို့ ဝင်သွားလေသည်။
အခင်းဖြစ်ပွားရာ နေရာမှာ အိချိုပန်းခြံထဲမှ အများသုံးအိမ်သာတွင် ဖြစ်ကြောင်းကို မာကျုမီယာ သိထားပြီး ဖြစ်သည်။ သို့သော် ၎င်းနေရာမှာ ပထမဆုံး အခင်းဖြစ်သည့် နေရာ ဟုတ်မဟုတ်ကိုမူ သူ မသိရှိရသေး။ လက်တလော သိထားရသလောက်မှာ ရုပ်အလောင်းကို ဤနေရာတွင် အရင်ဆုံး တွေ့ရှိထားခြင်းသာ ဖြစ်သည်။ ကနဦးအနေဖြင့် လူသေအလောင်းကို စွန့်ပစ်ထားသော ရိုးရိုးလူသေမှု တစ်မှုသာ ဖြစ်သည်။ သို့သော် အလောင်းပေါ်တွင် လုပ်ကြံသတ်ဖြတ်ခံထားရသည့် အထောက်အထားများ တွေ့ရှိရသောကြောင့် လူသတ်မှုအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။
ပန်းခြံနှင့် ကပ်လျက်ရှိသော လမ်းတစ်လျှောက်ကို တာဝန်မှအပ အခြားသူများ မဝင်နိုင်ရန် ကန့်သတ်နယ်မြေအဖြစ် ယာယီ သတ်မှတ်ထားခဲ့သည်။ သူတို့ ပန်းခြံအဝသို့ ရောက်သောအခါ အဝတွင် မျက်နှာသိ ရဲအရာရှိတစ်ယောက်နှင့် ဆုံမိကြသည်။ သူတို့၏ အထက်လူကြီး ရာဇဝတ်မှုခင်းဌာနမှ တာဝန်ခံအရာရှိ ကိုဘာယာရှိ ဖြစ်သည်။ ဌာနခွဲမှူး အိရှိဂါကီ၏ အရိပ်အယောင်ကိုမူ မတွေ့ရသေးချေ။
“အတော်စောပါလား ဆရာ” ဆာကာဂါမိက ကိုဘာယာရှိကို လှမ်းနှုတ်ဆက်လိုက်သည်။
“ငါလည်း အခုမှ ရောက်တာ။ အထဲတောင် ဝင်မကြည့်ရသေးဘူး။ ဒီမှာ တာဝန်ကျသူတွေ အစီရင်ခံတဲ့ ယေဘုယျ အခြေအနေကို အခုလေးတင် နားထောင်လို့ပြီးတာပဲ” ကိုဘာယာရှိသည် ညာဘက်လက်တွင် ဆေးလိပ်တစ်လိပ် ညှပ်လျက် ပြောနေသည်။ ယခုတလော မာကျုမီယာတို့၏ ရာဇဝတ်မှုခင်းဌာနအတွင်းတွင် တစ်ယောက်ပြီးတစ်ယောက် ဆေးလိပ်ဖြတ်နေကြသည်။ သို့သော် ထိုအထဲတွင် ကိုဘာယာရှိ မပါ။ သူက တကယ့်
ဆေးလိပ်
ချို
းတစ်ယောက်
ဖြစ်သည်။
“အလောင်းကို ဘယ်သူ အရင် စတွေ့တာလဲ ဆရာ” ဆာကာဂါမိက မေးသည်။
“ဒီပတ်ဝန်းကျင်က အဘိုးကြီး တစ်ယောက်ပဲ။ သူက မနက်စောစောဆိုရင် ဒီပန်းခြံနား လေ့ကျင့်ခန်း လာလုပ်လေ့ရှိတယ်။ သူလည်း ဆီးမအောင့်နိုင်တာနဲ့ ပန်းခြံထဲက အိမ်သာထဲ ဝင်ခဲ့တယ်။ တံခါးအသင့် ဖွင့်လျက် ရှိနေတဲ့ အခန်းထဲ ဝင်လိုက်မှ အလောင်းနဲ့ ပက်ပင်း တိုးတော့တာပဲ။ မိုးမှ မလင်းသေးဘူး။ အဘိုးကြီးလည်း ဒီလိုမျိုး ကြုံလိုက်ရတာဆိုတော့ အတော် ကံဆိုးတယ် ပြောရမှာပဲ။ လန့်ဖျပ်ပြီး သေမသွားတာပဲ တော်ပါသေးရဲ့” လူတစ်ဘက်သားကို ပစ်ပစ်နှစ်နှစ် ပြောတတ်သည်မှာ ကိုဘာယာရှိ၏ ဝသီပင်။
“အလောင်းက ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်လို့ ရပြီလား ဆရာ” ဆာကာဂါမိက ဆက်မေးလိုက်သည်။
“လူပျောက်တိုင်ထားတဲ့ အမှုတွေတော့ ရှိတယ်။ အခုသူတို့ အတည်ပြုဖို့ ကြိုးစားနေကြတုန်းပဲ။ လက်တလော ခန့်မှန်းချက်အရတော့ အသက်ထွက်တာ ၁၀ နာရီလောက် ရှိပြီလို့ ယူဆထားတယ်။ သတင်းတပ်ဖွဲ့ဝင်နဲ့
ဒေသခံ
ရဲတချို့တော့ စပြီး လှုပ်ရှားနေကြပြီ။ လူသတ်တရားခံက ဒီ ပတ်ဝန်းကျင်မှာ ရှိနေဦးမယ်လို့တော့ ထင်ကြေးပေးဖို့ ခပ်ခက်ခက်ရယ်”
မာကျုမီယာသည် ကိုဘာယာရှိ ပြောနေသည်ကို နားထောင်ရင်း ပန်းခြံအတွင်းသို့ ဝေ့ဝိုက်ကြည့်နေသည်။ ပန်းခြံ၏ အစွန်ဘက်တွင် ဒန်းများ၊ စီးစော်များ၊ လျှောစီးခုံများ နေရာချထားသည်။ ပန်းခြံအလယ်တွင် ကလေးများ ဘောလုံးကစားနိုင်ရန် ကွင်းပြောင်ပြောင် လုပ်ပေးထားသည်။ သက်သေခံ အထောက်အထား ရှာဖွေရေး အဖွဲ့မှ ရဲသားများသည် ပန်းရုံများ၊
ခ
ျုံ
ပုတ်များထဲမှ
တစ်ခုခုကို ရှာဖွေနေကြသယောင် အလုပ်များနေကြသည်။
“ပန်းခြံထဲ မဝင်နဲ့ဦး” ပန်းခြံဘက် အာရုံစိုက်ပြီး ကြည့်နေသော မာကျုမီယာကို သတိထားမိလိုက်သောကြောင့် ကိုဘာယာရှိက ထိုသို့ သူ့အား တားလိုက်ခြင်း ဖြစ်မည်။ “သူတို့ ပစ္စည်းတစ်ခုခု ရှာနေတာ ထင်တယ်”
“လူသတ်လက်နက်လား” မာကျုမီယာက မေးလိုက်သည်။
“မဟုတ်ဘူး။ လက်နက် မပါလောက်ဘူး။ ဒီလို လုပ်ခဲ့တာကွ” ကိုဘာယာရှိသည် ဆေးလိပ်ညှပ်ထားသော လက်ဖြင့် သူ့လည်ပင်းသူ ညှစ်၍ ပြနေသည်။
“ဒါဆို သူတို့က ဘာရှာနေတာလဲ”
“ပလတ်စတစ်အိတ် ဒါမှမဟုတ် ကတ်စက္ကူဘူး အဲဒီလိုဟာမျိုး တစ်ခုခုပေါ့။ အလောင်းထည့်လို့ရတဲ့ဟာ”
“ဒါဆို အခင်းဖြစ်တဲ့နေရာက ဒီနေရာ မဟုတ်ဘူးလို့ ဆိုလိုတာလား။ အလောင်းကို တစ်နေရာကနေ သယ်လာတဲ့ သဘောပေါ့”
မာကျုမီယာ၏ အမေးအတွက် ကိုဘာယာရှိက အေးဆေးစွာပင် ခေါင်းညိတ်ပြခဲ့သည်။ “အဲဒီလိုပေါ့”
“ကလေးမလေးကို မတော်တရော် လုပ်ဖို့ အိမ်သာထဲ ညာခေါ်သွားပြီး ကလေးက အော်လား ဟစ်လားလုပ်လို့ သတ်ပစ်တာမျိုးရော …… မဖြစ်နိုင်ဘူးလား”
ဘေးနားမှ ဆာကာဂါမိသည် နားထောင်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။ “အဲဒီလို လူတကာ ဝင်ထွက်သွားလာနိုင်တဲ့ အိမ်သာထဲကို ညာခေါ်သွားဖို့ မဖြစ်နိုင်ဘူးဆိုတာ ဂေါက်သီးတောင် သဘောပေါက်မှာပါကွာ”
“ညကြီးသန်းခေါင် ဆိုရင်ရော”
“ဒီလောက် ငယ်တဲ့ ကလေးက ညကြီးသန်းခေါင် အပြင်ကို လျှောက်သွားနေပါ့မလား။ ခပ်စောစောကတည်းက အဖမ်းဆီး ခံထားရတယ် ဆိုရင်လည်း ဒီထက် လုံခြုံတဲ့ တစ်နေရာရာကို ဖမ်းခေါ်သွားလောက်ပြီပေါ့”
မာကျုမီယာသည် ထိုဖြေရှင်းချက်ကို လက်ခံသွားပြီး ဘာမျှ ဆက်မပြောတော့ပေ။ ကိုဘာယာရှိနှင့် ဆာကာဂါမိတို့သည် အမှု၏ မျက်မြင် အခြေအနေကို စေ့စေ့စပ်စပ် လေ့လာပြီးနောက် ဤနေရာသည် ပင်မ အခင်းဖြစ်ပွားရာ နေရာမဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်မည်။
“ဟော … နယ်မြေခံ ရဲစခန်းကလူ လာပြီ” ကိုဘာယာရှိက ဆေးလိပ်မီးခိုးများကို မှုတ်ထုတ်လိုက်ပြီး မာကျုမီယာတို့၏ နောက်ကျောဘက်သို့ မေးဆတ်ပြသည်။
မာကျုမီယာသည် အနောက်သို့ လှည့်ကြည့်လိုက်ရာ မီးခိုရောင် အနောက်တိုင်း ဝတ်စုံကို အပြည့်ဝတ်ဆင်ထားသော လူတစ်ယောက် သူတို့ထံသို့ လျှောက်လာနေသည်ကို တွေ့ရသည်။ ခေါင်းတွင် ဆီလိမ်းထားပြီး ဆံပင်ကို ပိရိစွာ
ဖ
ြီ
းထားသောကြောင့်လား
မသိ။
ကြည့်ရသည်မှာ ရဲသားတစ်ယောက်နှင့် မတူဘဲ ကုမ္ပဏီတစ်ခုမှ အရာရှိနှင့်ပင် ပို၍ တူနေသည်။
ထိုသူက
သူ့ကိုယ်သူ
နယ်မြေခံ မှုခင်းရဲအရှိ မာကီမူရာဟု မိတ်ဆက်စကား ဆိုသည်။
“
အသ
တ်
ခံရတဲ့
ကလေးမက ဘယ်သူဘယ်ဝါဆိုတာ စုံစမ်းလို့ ရပြီလား” ကိုဘာယာရှိက သူ့ကို မေးလိုက်သည်။
မာကီမူရာက မျက်ခုံးပင့်လိုက်ပြီး
“ကလေးမရဲ့ အမေကတော့ ဘာစကားမှ မပြောနိုင်အောင်ကို ငိုနေတော့တာပဲ။ ဒါပေမယ့် ကလေးအဖေကတော့ အမှုမှန် မြန်မြန် ပေါ်ပေါက်နိုင်ဖို့ သူ တတ်နိုင်သလောက် ကူညီဖြည့်ဆည်းပေးပါ့မယ်လို့ ပြောတယ်”
“ကြားတာတော့ သူတို့ မနေ့ညနေကတည်းက ရဲစခန်းကို လူပျောက်လာတိုင်ကြတယ် ဆိုပဲ”
“သူတို့ လင်မယားနှစ်ယောက် မနေ့ည ၈ နာရီလောက်က ရဲစခန်းကို ရောက်လာခဲ့ကြတယ်။ သူတို့အိမ်က ဘတ်စ်ကားမှတ်တိုင်နဲ့ သိပ်မဝေးလှဘူး။ ယောက်ျားလုပ်တဲ့သူကတော့ ကုမ္ပဏီဝန်ထမ်းပေါ့” မာကီမူရာသည် သူ၏ မှတ်စုစာအုပ်ကို ကြည့်ရင်း “ကလေးမလေးနာမည်က ‘ကာဆုဂါအိ ယူနာ’ တဲ့”
မာကျုမီယာသည် သူ၏ မှတ်စုစာအုပ်ကို ဆွဲထုတ်လိုက်ပြီး ‘ကာဆုဂါအိ ယူနာ’ ဟူသော နာမည်ကို မှတ်သားလိုက်သည်။ မာကီမူရာ ပြောပြသဖြင့် သိရသော ကလေးမလေး၏ မိဘနာမည်များမှာ ကာဆုဂါအိ တာဒါဟိကိုနှင့် နာကျုကိုတို့ ဖြစ်ကြသည်။
“အသတ်ခံရတဲ့ကလေးက အခုမှ မူလတန်း ဒုတိယနှစ်ကျောင်းသူရယ်။ သူတက်တဲ့ကျောင်းက ဒီကနေဆို လမ်းလျှောက်သွားရင် ဆယ်မိနစ် အကွာလောက်မှာ ရှိတယ်။ မနေ့ညနေ ၄ နာရီ ပတ်ဝန်းကျင်လောက်က သူ အိမ်ကို ခဏပြန်လာသေးတယ်။ သူ့အမေ အလစ်မှာပဲ အပြင်ထွက်ပြီး ပျောက်သွားတာပဲ။ သူတို့လာပြီး လူပျောက်တိုင်တာနဲ့ ချက်ချင်းပဲ အလုပ်မရှိတဲ့ ရဲဘော်တချို့ကို ကျောင်းနဲ့ ကားဂိတ် ပတ်ဝန်းကျင်မှာ လိုက်ရှာခိုင်းလိုက်သေးတယ်။ ရှာမတွေ့ခဲ့ဘူးပဲ ဆိုပါတော့။ ညနေ ၅ နာရီ
ဝန်းကျင်
လောက်က
သေသူနဲ့ အသက်အရွယ် မတိမ်းမယိမ်းရှိပြီး သူ့လို အဝတ်အစားမျိုးနဲ့ ကလေးမလေးတစ်ယောက် ဘတ်စ်ကားမှတ်တိုင်နားက မုန့်ဆိုင်တစ်ဆိုင်မှာ ရေခဲချောင်း ဝင်ဝယ်ခဲ့တယ်လို့ သတင်းရခဲ့တယ်။ ဒါပေမယ့် ဆိုင်ရှင်ကို ယူနာလေးရဲ့ ဓာတ်ပုံ ပြပြီး စောစောက ရေခဲမုန့် လာဝယ်သွားတဲ့ ကလေးဟုတ်မဟုတ် မေးကြည့်တော့ သူလည်း အတိအကျ မပြောနိုင်ဘူး ဖြစ်နေတယ်”
“ရေခဲချောင်းလား” ကိုဘာယာရှိက ရေရွတ်လိုက်သည်။
“အဲဒီကလေးမလေးက ရေခဲချောင်း တစ်ချောင်းပဲ ဝယ်သွားခဲ့တာ။ သူ့ဘေးနားမှာ တခြား အဖော်လည်း မပါဘူး”
“ဒါဆို ရေခဲချောင်း စားချင်လို့ပဲ အိမ်ထဲက ခိုးထွက်သွားခဲ့တာများလား” ကိုဘာယာရှိက တစ်ယောက်တည်း စကားပြောနေသယောင်။
“ဖြစ်နိုင်ခြေ ရှိပါတယ်။ အခု သိထားရသလောက်တော့ ကလေးမလေးက အတော်လေး သွက်လက်ချက်ချာတယ်။ အရင်တုန်းကလည်း အခုလိုပဲ မကြာခဏ အပြင်ခိုးခိုး ထွက်တတ်တယ်လို့ သိထားရတယ်”
ကိုဘာယာရှိက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး မာကီမူရာကို မေးလိုက်သည်။ “ကလေးမလေးရဲ့ အဖေနဲ့ စကားနည်းနည်း ပြောကြည့်လို့ ရမလား”
“ကျွန်တော်တို့ ရပ်ကွက်ထဲက ဓမ္မာရုံတစ်ရုံကို ခဏ ငှားပြီး သူတို့ လင်မယားကို အဲဒီမှာ ခဏ ထားထားတယ်။ စောစောက ကျွန်တော် ပြောပြသမျှကလည်း သူတို့ဆီက ကြားထားရတာတွေကို ပြန်ပြောပြတာပါ။ သူတို့နဲ့ သွားတွေ့ချင်လို့လား”
“ဌာနခွဲမှူး မရောက်သေးဘူးဆိုပေမယ့် ကျွန်တော် အရင်သွားပြီး သိချင်တာလေးတွေ မေးလိုက်ပါရစေ။ …. မင်းတို့လည်း ငါနဲ့ လိုက်ခဲ့လေ” ကိုဘာယာရှိ၏ နောက်ဆုံး စကားမှာ ဆာကာဂါမိနှင့် မာကျုမီယာတို့ကို ရည်ညွှန်းလိုက်ခြင်း ဖြစ်သည်။
အမှု ဖြစ်ပွားလျှင် နယ်မြေခံ ရဲစခန်းမှ မှုခင်းရဲများနှင့် သတင်းတပ်ဖွဲ့မှ ရဲများက လိုအပ်သည့် သတင်းအတွက် စုံစမ်း မေးမြန်းမှု အဆင့်ဆင့်ကို ပြုလုပ်ကြရသည်။ ၎င်းတို့တွင် အသတ်ခံရသူ၏ မိသားစုများကို စစ်ဆေး မေးမြန်းရခြင်းလည်း အပါအဝင် ဖြစ်သည်။ ထို့နောက် အမှုကို ရာဇဝတ်မှုခင်းဌာနသို့ လွှဲလိုက်လျှင် အထက်ပါ အလုပ်များကို သူတို့က အစအဆုံး နောက်တစ်ကျော့ ပြန်လုပ်ကြရပြန်သည်။ ထို့ကြောင့် အစစ်အမေးခံရသော မိသားစုဝင်များ အနေဖြင့် ပြောပြီးသော စကားများကို ထပ်ခါထပ်ခါ ပြန်ပြောနေရသကဲ့သို့ ရှိပေမည်။ မာကျုမီယာက ထိုသူများကို ကိုယ်ချင်းစာပြီး သနားနေမိသည်။ သူတို့အတွက် ဝမ်းနည်းစရာ စိတ်ထိခိုက်စရာ အကြောင်းအရာများကို စိတ်မသက်မသာဖြင့် ထပ်ခါထပ်ခါ ပြောနေကြရသည် ဖြစ်ရာ မာကျုမီယာမှာ ထိုသူများအား နောက်တစ်ကြိမ် ထပ်မေးရမည်ကိုပင် အားနာလျက် ရှိနေသည်။
မာကီမူရာက သူတို့ကို ရပ်ကွက်ဓမ္မာရုံသို့ ခေါ်သွားသည်။ နှစ်ထပ်တိုက် အဆောက်အအုံတစ်ခု၏ မြေထပ်ညီထပ်တွင် ရှိသည်။ ထိုရပ်ကွက်အတွင်းနေ မြေရှင်တစ်ဦးက ထိုတိုက်ခန်းကို ရပ်ကွက်ဓမ္မာရုံအဖြစ် အသုံးပြုနိုင်ရန် ဈေးနှုန်းချိုသာစွာဖြင့် ငှားရမ်းပေးထားသည်ဟု ကြားသိရသည်။ တိုက်မှာ အနှစ်နှစ်ဆယ်ကျော် သက်တမ်းရှိဟန် တူသည်။ နံရံမှ အင်္ဂတေတချို့မှာ ကွာကျနေကြသည်။ တိုက်ခန်းရှင်အနေဖြင့် တခြားလူများကို ငှားပေးခြင်းထက် ရပ်ကွက်ကို ငှားရမ်းပေးခြင်းက ပို၍ အဆင်ပြေပေလိမ့်မည်။
တံခါးဖွင့်ပြီး ဝင်သွားသောအခါ အောက်သိုးသိုး အနံ့များ ပြေးထွက်လာသည်။ အတွင်းဘက်တစ်နေရာရှိ ထိုင်ခုံပေါ်တွင် သိုးမွေးအင်္ကျီ အပြာရောင် ဝတ်ထားသော အမျိုးသားတစ်ယောက် ထိုင်နေသည်။ သူ၏ တံတောင်ဆစ်များက ဒူးပေါ် ထောက်ကာ လက်ဖဝါးနှစ်ဘက်ဖြင့် မျက်နှာကို အုပ်လျက်။ အထဲသို့ လူဝင်လာသည်ကို သူ သိနိုင်ပါသည်။ သို့သော် သူက ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ မလှုပ်မယှက် ထိုင်နေသည်။ ထိုသူမှာ စိတ်ရောကိုယ်ပါ ပင်ပန်းနေပြီ ဖြစ်ကြောင်း မာကျုမီယာ မြင်ရုံနှင့် သဘောပေါက်လိုက်သည်။
“မစ္စတာ ကာဆုဂါအိ”
မာကီမူရာ၏ နှုတ်ဆက်သံကို ကြားရ၍ ကာဆုဂါအိ တာဒါဟိကိုက ခေါင်းထောင်ကြည့်သည်။
ဖြူဖ
ပ်
ဖြူရော်
မျက်နှာ၊ ဟောက်ပက်ဖြစ်နေသော မျက်ဝန်း၊ စိတ်ပင်ပန်း ကိုယ်ပင်ပန်းဖြင့် အအိပ်ပျက်ထား၍ အဆီပြန်နေသော နဖူးပြင်က အရောင်တလက်လက်။
“ဒါက ရာဇဝတ်မှုခင်းဌာနက ရဲအရာရှိပါ။ အားနာပါတယ်။ သူတို့ကို နောက်တစ်ခေါက်လောက် ထပ်ရှင်းပြပေးလို့ ရမလား”
ကာဆုဂါအိက မာကျုမီယာတို့ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူ့မျက်လုံးထောင့်စွန်းတွင် မျက်ရည်စက်တို့ တွဲခိုနေဆဲ။
“ကိစ္စမရှိဘူး။ ဘယ်နှခါ ပြောရပြောရ ရပါတယ်”
“အားနာပါတယ်ဗျာ” ကိုဘာယာရှိက စိတ်မကောင်းသော အသံဖြင့် ပြောလိုက်သည်။ “အမှုမှန် မြန်မြန်ပေါ်နိုင်ဖို့ရာ ကလေးရဲ့ မိဘတွေကို တိုက်ရိုက် မေးမြန်းရတာက ပိုထိရောက်တယ် မဟုတ်လား”
“ကျွန်တော် ဘယ်ကနေ စပြောရပါ့မလဲ” ကာဆုဂါအိသည် သူ၏ သောကများကို တတ်နိုင်သလောက် မျိုသိပ်ထားသည်။ သို့သော် သူထံမှ ထွက်လာသော အသံများမှာ အက်ကွဲလျက်။
“လူပျောက်တိုင်တဲ့ အချိန်က ည ၈ နာရီ ပတ်ဝန်းကျင်လို့ သိထားရတယ်။ ဒီတော့ အိမ်မှာ သမီး မရှိတော့ဘူးဆိုတာကို ဘယ်အချိန်လောက်က ခင်ဗျားတို့နှစ်ယောက် သတိထားမိကြတာလဲ”
“ကျွန်တော့်ဇနီးပြောတာတော့ ည ၆ နာရီလောက်တဲ့။ သူက ညစာ ချက်ပြုတ်နေတာ ဆိုတော့ သမီး ဘယ်အချိန် အိမ်က ထွက်သွားမှန်း သူလည်း သတိမထားမိလိုက်ဘူး။ ကျွန်တော် အလုပ်ကနေ ပြန်လာနေတုန်း လမ်းမှာ သမီးပျောက်နေတယ် ဆိုတဲ့အကြောင်း သူ့ဆီက ဖုန်းဝင်လာတာပဲ။ ဘတ်စ်ကားမှတ်တိုင်နား သွားတယ်လို့ သူက ထင်နေခဲ့တာ။ ဒါကြောင့် ကျွန်တော့်ကို သတိထားကြည့်ဖို့ သူက မှာနေသေးတာ။ မနှစ်ကလည်း ဒီလိုမျိုး တစ်ခါ ဖြစ်ခဲ့ဖူးတယ်။ ကျွန်တော် အလုပ်က ပြန်အလာကို ဘတ်စ်ကားမှတ်တိုင်မှာ သမီးတစ်ယောက်တည်း လာစောင့်ကြိုခဲ့ဖူးတယ်။ အဲဒီတုန်းကလည်း ကျွန်တော်တို့ သူ့ကို သေချာ နားဝင်အောင် ရှင်းပြခဲ့ရသေးတယ်။ တစ်ယောက်တည်း အပြင်လျှောက်သွားတာ အန္တရာယ်များလို့ နောက်တစ်ခါ ထပ်မလုပ်ဖို့ တားရတာပေါ့။ နောက်တော့ သူလည်း အဲဒီလို ထပ်မလုပ်တော့ပါဘူး ……”
သူတို့အိမ်မှ ဘတ်စ်ကားမှတ်တိုင်သို့ လမ်းလျှောက်သွားမည်ဆိုလျှင် အနည်းဆုံး နာရီဝက်လောက် အချိန်ကြာမည်။
အနည်းငယ်
အပင်ပန်းခံပြီး အလုပ်မှ ပြန်လာသော ဖခင်ကို ဘတ်စ်ကားမှတ်တိုင်အထိ သွားကြိုချင်သည်မှာ အဖေချစ် သမီးတစ်ယောက်အတွက် သဘာဝကျသည်။
“အဲဒီအချိန်တုန်းက ခင်ဗျားဇနီးကို ကြည့်ရတာ သိပ် စိတ်မပူသေးဘူး ထင်တယ်”
ကိုဘာယာရှိ၏ အမေးစကားအတွက် ကာဆုဂါအိက ခေါင်းခါလေသည်။
“ဘယ်ဟုတ်မှာလဲဗျာ။ စိတ်ပူတာပေါ့။ ကျွန်တော်လည်း နည်းနည်း ပြာသွားတာပေါ့။ ကျွန်တော့်ဇနီးက ဘတ်စ်ကားဂိတ်ကို သွားမရှာခဲ့ဘူး ဆိုတာက သူနဲ့ လမ်းမှာလွဲပြီး သမီးက အိမ်ပြန်အလာ အိမ်မှာ ဘယ်သူမှ မရှိဘဲ အိမ်ထဲ ဝင်မရမှာ စိုးလို့ဗျ။ ဒါကြောင့် သူလည်း ဘာမှ မတတ်နိုင်ဘဲ အိမ်ထဲမှာ ထိုင်စောင့်နေရတာ”
ထိုသို့သော ပြောစကားကို နားထောင်ခြင်းအားဖြင့် သူတို့အိမ်တွင် သားအမိသားအဖ သုံးယောက်သာ နေထိုင်ကြောင်း မာကျုမီယာ နားလည်ခဲ့ရသည်။
“ကျွန်တော်က ညနေ ၆ နာရီခွဲလောက် အိမ်ပြန်ရောက်တာ။ အဲဒီအချိန်ထိ သမီး အိမ်ပြန်မရောက်သေးတော့ ကျွန်တော်လည်း အတော် စိုးရိမ်နေပြီ။ ဒါကြောင့် ဘေးအိမ်မှာ သော့ပေးထားခဲ့ပြီး ကျွန်တော်တို့ လင်မယားနှစ်ယောက် သမီးသွားတတ်တဲ့ နေရာမှန်သမျှ နှံ့နေအောင် လိုက်ရှာခဲ့ကြတာပဲ။ သမီးဓာတ်ပုံတောင် ယူသွားပြီး ကားဂိတ်တွေမှာလည်း စုံစမ်းခဲ့ကြသေးတယ်။ အနီးအနားက ပန်းခြံတွေရော၊ သမီးရဲ့ ကျောင်းဘက်ပါ ရောက်ခဲ့တယ်။ အဲဒီပန်းခြံလည်း ရောက်ခဲ့သေးတာ …… အခုလို အိမ်သာထဲမှာလို့ ဘယ်ထင် ………….” သောကအပူမီးများကြောင့် ကာဆုဂါအိ၏ မျက်နှာမှာ ရှုံ့မဲ့နေပြီး စကားကိုလည်း ဆက်မပြောနိုင်တော့ပေ။
မာကျုမီယာလည်း ကာဆုဂါအိ၏ ဒုက္ခများကို မကြည့်ရက်တော့ဘဲ သူ့ခေါင်းကို ငုံ့၍သာ မှတ်စုများ
တေးမှတ်နေလေသည်။
အားနည်း ဖျော့တော့သော အသံတစ်မျိုး ကြားလိုက်ရသော အခါမှ သူ ခေါင်းထောင်၍ ကြည့်မိသည်။
“အုဝု … အုဝု …” ခွေးကလေးအော်သံလို အသံများသည် ကန့်လန့်ကာအနောက်ဘက်မှ ထွက်ပေါ်လာနေကြသည်။
တခြားသူများလည်း သတိထားမိသောကြောင့် မာကျုမီယာနှင့်အတူ အသံလာရာဘက်သို့ လှမ်းကြည့်နေကြသည်။
ထို့နောက် ကာဆုဂါအိထံမှ အသံထွက်ပေါ်လာသည်။ “ကျွန်တော့် ဇနီးပါ”
“ဪ …”
“အထဲမှာ ခုတင်တစ်လုံးရှိလို့ သူ့ကို အဲဒီမှာ ခဏ နားခိုင်းထားရတယ်” မာကီမူရာက တည်ငြိမ်သော လေသံဖြင့် ရှင်းပြသည်။
“အုဝု” ဟူသော အသံ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။ ထိုအခါကျမှ လူသံဖြစ်ကြောင်း စိတ်ချလက်ချ ယုံနိုင်တော့သည်။ ထိုအသံမှာ ငိုသံပဲ ဖြစ်ရမည်ဟု မာကျုမီယာ နားလည်လိုက်သည်။ သို့သော် ထိုအသံမှာ တခြားငိုရှိုက်သံများနှင့် မတူ။ ယခု ငိုကြွေးနေသူမှာ လည်ချောင်း ကွဲအက်၍ အသံဝင်နေလောက်ပြီ။ ထို့ကြောင့် မည်မျှပင် အသံထွက်၍ အော်ဟစ်ငိုကြွေး လိုသည်ဖြစ်စေ၊ ကွဲအက်ဆို့နင့်သော ရင်ခေါင်းသံသာ ထွက်ပေါ်လာနိုင်တော့သည်။