မာတိကာကြည့်ရန်

အခန်း (၁၄)

သူသည် ပြတင်းပေါက်လိုက်ကာ အနောက်မှ ကွယ်၍ အပြင်ဘက်ရှိ အခြေအနေများကို မှန်ပြတင်းပေါက်မှ အကဲခတ်နေသည်။ ထိုစဉ် ကျောင်းသားအရွယ် လူငယ်နှစ်ယောက် စက်ဘီးကိုယ်စီ စီးကာ သူ၏ အိမ်ရှေ့မှ ဖြတ်သွားသည်ကို မြင်လိုက်ရသည်။

ရဲအရာရှိနှစ်ဦး ထွက်ခွာသွားသည်မှာ ၁၀ မိနစ်ခန့် ရှိပြီ။ တော်တော်နှင့် ပြန်လာကြဦးမည် မဟုတ်မှန်း သူ ရိပ်စားမိသည်။ အာကီအိုသည် သက်ပြင်းချလိုက်ပြီး ပြတင်းပေါက်နားမှ ဖဲခွာကာ ဆိုဖာခုံတွင် ဝင်ထိုင်လိုက်သည်။

“ဘယ်လိုလဲ” ထမင်းစား စားပွဲဘေးတွင် ထိုင်နေသော ယာအေကိုက လှမ်းမေးလိုက်သည်။

“ရဲတွေတော့ မရှိတော့ဘူး။ ကြည့်ရတာ ငါတို့ကို စောင့်ကြည့်နေတာမျိုးလည်း မဟုတ်ဘူး”

“ဒါဆို ကျွန်မတို့ တစ်အိမ်တည်းကို လာတာ မဟုတ်ဘူးပေါ့”

“မဟုတ်လောက်ပါဘူး။ ဒါပေမယ့် ပြောရတော့ ခက်တယ်”

ယာအေကိုသည် လက်ဖဝါးနှစ်ဘက်ဖြင့် သူ့နားထင်ကို ဖိနေလေသည်။ ခပ်စောစောကတည်းက သူ ခေါင်းကိုက်နေကြောင်း ပြောခဲ့သေးသည်။ အိပ်ရေးမဝသောကြောင့် ဖြစ်ရပေမည်။

“အခု သူတို့က မြက်နမူနာ ယူသွားပြီဆိုတော့ ကျွန်မတို့အတွက်လည်း တခြား ရွေးချယ်စရာ မရှိတော့ဘူး မဟုတ်လား”

“အေးလေ။ သိပ္ပံပညာက သိပ် တိုးတက်နေတာဆိုတော့ ငါတို့အိမ်က မြက်တွေပဲ ဆိုတာ ဓာတ်ခွဲပြီး သိနိုင်လောက်တယ်”

“ဘယ်အချိန်လောက် ဖြစ်မလဲ”

“ဘာကို ဆိုလိုတာလဲ”

“ကျွန်မတို့ အိမ်ကို သူတို့ နောက်တစ်ခေါက် ဘယ်အချိန်လောက် ပြန်လာနိုင်မလဲ မေးတာ။ သူတို့ ဓာတ်ခွဲတာက ခဏလေးနဲ့ အဖြေသိရမယ် ထင်တယ်”

“မပြောတတ်ဘူး။ နှစ်ရက်၊ သုံးရက်တော့ ကြာမယ် မထင်ဘူး”

“မြန်ရင်တော့ ဒီညပေါ့။ ဟုတ်လား”

“ဖြစ်နိုင်လောက်တယ်”

“ကျွန်မတို့ အောင်မြင်နိုင်ပါ့မလား မ ……”

ဆေးလိပ်ဘူး ရှိရာသို့ လက်လှမ်းနေသော အာကီအိုက နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး “ဒီအဆင့်ထိ ရောက်နေမှတော့ ဒါတွေ ပြောမနေနဲ့တော့”

“ဒါပေမယ့် ……”

“နာအိုမီကို မဖမ်းရင် ပြီးရော၊ ဘာပဲလုပ်ရ လုပ်ရလို့ နင်ပြောခဲ့တာပဲ မဟုတ်လား။ ဒါကြောင့်လည်း ငါ အဲဒီလို ကြံလိုက်ရတာပဲ။ နင်က မလုပ်ချင်တော့ဘူးလား။ နာအိုမီကိုပဲ ရဲလက် အပ်လိုက်ရတော့မှာလား”

အာကီအို၏ ပေါက်ကွဲလုမတတ် ထိန်းသိမ်းထားရသော အောင့်လုံးများက သူ့လေသံတွင် အထင်အရှား ပေါ်နေသည်။ သူ့အတွက်လည်း ထိုကဲ့သို့ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ရသည်မှာ လွယ်ကူသည့် ကိစ္စတော့ မဟုတ်ခဲ့။ အတွင်းစိတ်၏ ပဋိပက္ခများ ကြားမှ မဖြစ်မနေ ဆုံးဖြတ်ချက် ချခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုလို အချိန်ရောက်မှ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသော ဇနီးသည်၏ အပြုအမူက သူ၏ ဒေါသအိုးကို ယမ်းဖြူးပေးနေသလို ဖြစ်နေတော့သည်။

ယာအေကိုက ခေါင်းကို သွက်သွက် ခါယမ်းလိုက်ပြီး “ကျွန်မ အဲဒီ သဘောမျိုး ပြောတာ မဟုတ်ဘူး။ ဆုံးဖြတ်ချက်ကို ပြင်စရာ အကြောင်းလည်း မရှိဘူး။ ကျွန်မတို့ရဲ့ အကြံအစည်ကို စင်းလုံးချော ဖြစ်စေချင်တာပါ။ ဒါကြောင့် ဘယ်နားမှာ ယိုပေါက်၊ ဟာပေါက် ရှိမလဲလို့ ပြန်ပြီး သုံးသပ်ကြည့်ချင်တဲ့ သဘောပါ”

လေသံများက ပျော့ပျောင်းလာကာ သူ့ယောက်ျားကို ပြန်ချော့မြှူနေသယောင်။ ယခုအချိန်တွင် အာကီအိုကို ရှူးရှူးရှဲရှဲ ဖြစ်အောင် လုပ်မိလျှင် သူ့အတွက် အကျိုးမရှိမှန်း သူ ကောင်းစွာ သိသည်။ အာကီအိုကတော့ ဆေးလိပ်ကို ခပ်ပြင်းပြင်း ရှူရှိုက်နေလေသည်။ ထို့ကြောင့် တစ်ခဏအတွင်းမှာပင် ဆေးလိပ်တစ်လိပ် ပြာကျသွားခဲ့သည်။

“ငါတို့နှစ်ယောက် ဒီအစီအစဉ်ကို ဖင်ပြန်ခေါင်းပြန် အကြိမ်ကြိမ် အထပ်ထပ် ဝေဖန်သုံးသပ်ခဲ့ကြပြီးပြီ မဟုတ်လား။ အဲဒီလို သုံးသပ်ပြီးမှ ငါတို့အတွက် အလုပ်ဖြစ်နိုင်ကြောင်း အာမခံနိုင်ခဲ့တာပဲ မဟုတ်လား။ ကျန်တာကတော့ ကံတရားပဲ။ ငါတို့ဘဝတွေ အကုန်လုံး ပုံအောထားလိုက်ရပြီ။ အခုမှ ဟိုလိုလို ဒီလိုလို ဖြစ်မနေနဲ့တော့”

“ကျွန်မ ပြောပြီးပြီပဲ။ ကျွန်မက တွေဝေနေတာ မဟုတ်ဘူး။ ကျွန်မတို့ သတိမထားမိတဲ့ လစ်ဟာချက်လေး ဘာလေး ရှိနေဦးမလားလို့ သေချာအောင် စိစစ်ချင်တဲ့ သဘောပါ။ ကျွန်မကလည်း အားလုံးအတွက် အသင့် ပြင်ဆင်ထားပြီးသားပဲ။ စောစောက သရုပ်ဆောင်တာလည်း ပီပြင်တယ် မဟုတ်လား။ ဟိုရဲတွေရဲ့ မျက်နှာအနေအထားက ဘယ်လိုလဲ”

အာကီအိုက တစ်ခဏကြာ ပြန်တွေးကြည့်နေသည်။ “ပြောရတော့ ခက်တယ်။ နင်သရုပ်ဆောင်နေတယ်လို့တော့ သူတို့ သတိထားမိပုံ မရဘူး။ သူတို့ ဘယ်လောက် အတိုင်းအတာအထိ ယုံကြည်သွားသလဲ ဆိုတာတော့ ငါလည်း မခန့်မှန်းတတ်ဘူး”

“ဟုတ်လား” ယာအေကိုက အနည်းငယ် စိတ်ပျက်သွားသော လေသံဖြင့် ပြန်ဖြေသည်။

“တကယ်လို့ အဖွားကြီးတစ်ယောက် သောင်းကျန်းနေတာကို သူတို့ မျက်စိနဲ့ တပ်တပ်အပ်အပ် မြင်ရမယ်ဆိုရင်တော့ သူတို့ တအံ့တဩ ဖြစ်သွားမှာ သေချာတယ်။ ဒါပေမယ့် အဲဒီလို ဖြစ်အောင်လည်း ငါတို့မှ မလုပ်နိုင်တာပဲ။ ……. ဒါနဲ့ ဘွားတော်ရော”

“မသိဘူး။ သူ့အခန်းထဲမှာ အိပ်နေမှာပေါ့”

“ဪ …. နာအိုမီရော၊ ဘာလုပ်နေလဲ”

ယာအေကိုက အာကီအို၏ မေးခွန်းကို ချက်ချင်း ပြန်မဖြေဘဲ မျက်မှောင်ကြုတ်ကာ တစ်ခုခုကို တွေးတောနေလေသည်။

“ဘာလဲ။ ဂိမ်းကစားနေပြန်တာလား”

“မဟုတ်ပါဘူး။ ကျွန်မလည်း သူ့ကို ကျွန်မတို့ရဲ့ အစီအစဉ်အကြောင်း ပြောထားပြီးပြီ။ သူလည်း အဲဒီကိစ္စကို စဉ်းစားနေတာ နေမှာပေါ့။ သူလည်း စိတ်သောက တော်တော် ရောက်နေရှာတာ”

“တစ်ခဏလောက် စိတ်ဆင်းရဲ ပြနေလို့ ဘာအသုံးကျမလဲ။ ဘာပဲဖြစ်ဖြစ် အခု သူ့ကို သွားခေါ်လာခဲ့”

“ရှင် ဘာလုပ်ဦးမလို့လဲ။ ရှင်အခု သူ့ကို ဆဲဆို …….”

“မလုပ်ပါဘူး။ အခု ငါတို့ရဲ့ အစီအစဉ် အောင်မြင်ဖို့အတွက် ဆိုရင် စင်းလုံးချောတဲ့ လုပ်ဇာတ်တစ်ခုကို ငါတို့အားလုံး ညီညီညွတ်ညွတ် ဖော်ဆောင်နိုင်ဖို့ လိုတယ်။ ဝိရောဓိဖြစ်စေတဲ့ ဟာကွက်သေးသေးလေးကိုပဲဖြစ်ဖြစ် ရဲတွေက တွေ့သွားပြီဆိုရင် သူတို့က အဲဒါကို အလစ်ပေးမှာ မဟုတ်တော့ဘူး။ ဒါကြောင့် ငါတို့ ကြိုတင်လေ့ကျင့်ထားဖို့ လိုလိမ့်မယ်”

“ကြိုတင်လေ့ကျင့်မယ်?”

“ရဲတွေက နာအိုမီကိုလည်း မေးခွန်းတွေ မေးဦးမှာပဲ။ တကယ်လို့ သူ့အဖြေထဲမှာ ယုတ္တိမရှိတာ၊ ဒါမှမဟုတ် သံသယဖြစ်စရာ ပါသွားရင် မချောင်ဘူး။ ငါတို့ဘက်က ကြိုတင်ပြီး ရှေ့စကား နောက်စကား ညီအောင် ပြင်ဆင်ထားနိုင်မှ သူတို့ရဲ့ စစ်တာဆေးတာကို ကျော်လွှားနိုင်မှာ။ ဒါကြောင့် ငါက သူ့ကို ကြိုကြိုတင်တင် အမေးအဖြေလုပ်ပြီး လေ့ကျင့်ပေးထားမှ တော်ကာကျလိမ့်မယ်”

“ဪ … ဒီလိုလား” ယာအေကိုက ခေါင်းကို ငုံ့ထားရင်း စဉ်းစားနေလေသည်။

“ဘာလုပ်နေတာလဲ။ အမြန်သွားခေါ်လေ”

“ရှင် ပြောတာ ကျွန်မ သဘောပေါက်ပါတယ်။ ဒါပေမယ့် အခုချက်ချင်း လုပ်ဖို့ အဆင်မပြေဘူး ထင်တယ်။ အချိန်ခဏလောက် စောင့်လိုက်တာ ပိုကောင်းမယ်”

“ဘာဖြစ်လို့ အဆင်မပြေရမှာလဲ။ နင် ဘာဆိုလိုတာလဲ”

“ဟိုကောင်မလေးကို သတ်မိလို့ သူအခု
စိတ်
က
ယောက်
က
ယက်
 ဖြစ်နေတယ်။ တစ်ချိန်လုံး စိတ်ဆင်းရဲနေတဲ့ ပုံနဲ့။ သူ့ကို ကျွန်မတို့ရဲ့ အစီအစဉ်အကြောင်း ပြောထားတယ် ဆိုပေမယ့် သူ့ကြည့်ရတာ ရဲတွေနဲ့ ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်သေးပုံ မရဘူး။ ကျွန်မပြောမယ်။ အဲဒီအချိန်က နာအိုမီ အိမ်မှာ မရှိဘူးလို့ ရဲတွေကို ပြောလိုက်လို့ မရဘူးလား”

“အိမ်မှာ မရှိဘူး?”

“အခင်းဖြစ်တဲ့ အချိန်က နာအိုမီ အိမ်မှာ မရှိဘူးလို့ ပြောလိုက်ခြင်းအားဖြင့် ရဲတွေကလည်း သူ့ကို ဘာမှ မေးနေစရာ အကြောင်း မရှိတော့ဘူးပေါ့။ မဟုတ်ဘူးလား”

ယာအေကို၏ အကြံပေးချက်ကို နားထောင်ပြီးသောအခါ အာကီအိုသည် ခေါင်းမော့၍ မျက်နှာကျက်ကို စိုက်ကြည့်နေသည်။ သူ၏ ခြေလက်များနှင့် ကျန်တစ်ကိုယ်လုံးမှာ ပိုလီယို ရောဂါသည်ကဲ့သို့ အားပြတ်ကာ ပျော့ခွေနေလေပြီ။

“အဲဒါ သူ့အကြံ မဟုတ်လား”

“အန်?”

“နာအိုမီပြောခိုင်းတာ မဟုတ်လား။ သူ အိမ်မှာ မရှိဘူးဆိုတဲ့အကြောင်းကို သူက ပြောစေချင်တာ မဟုတ်လား”

“သူ ပြောတာ မဟုတ်ပါဘူး။ အဲဒီလို လုပ်ရင် ပိုကောင်းမယ်လို့ ကျွန်မက တွေးမိလို့ပါ”

“ရဲတွေနဲ့ စကားမပြောချင်ဘူးလို့ သူက နင့်ကို ပြောလိုက်တာ မဟုတ်လား”

“ဒါလည်း သူ့ကို အပြစ်တင်လို့ မရဘူးလေ။ သူက အခုမှ အလယ်တန်းကျောင်းသား ရှိသေးတာပဲ။ ရဲကို မြင်ရင် လန့်မှာပေါ့။ သူ အဲဒီလိုမျိုး လုပ်နိုင်မှာ မဟုတ်ဘူးလို့ ရှင်ကိုယ်တိုင် ယူဆခဲ့တာပဲ မဟုတ်လား”

ယာအေကို ပြောချင်သော ဆိုလိုရင်းကို သူ သဘောပေါက်ပြီး ဖြစ်သည်။ နာအိုမီသည် စိတ်တိုလွယ်ပြီး သည်းခံနိုင်စွမ်း အင်မတန် အားနည်းသည်။ ထို့ပြင် အလိုလိုက် အမိုက်စော်ကား ဆိုသကဲ့သို့ သူတစ်ဘက်သားကို ရိုင်းပြစွာ ဆက်ဆံလေ့ရှိသည်။ ရည်ရွယ်ချက် ရှိရှိဖြင့်
စ
စ်စစ်
ပေါက်ပေါက်
 မေးတတ်သော ထောက်လှမ်းရေး ရဲသားများ၏ အပ်ကြောင်းထပ်နေမည့် မေးခွန်းများကို ထိုကဲ့သို့သော သူသည် ကြာရှည် တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။ သူ သည်းခံနိုင်သော အတိုင်းအတာ လွန်သွားသည်နှင့် တပြိုင်နက် စိတ်မရှည်စွာ အမှန်အတိုင်း ဝန်ခံမိလျက်သား ဖြစ်သွားနိုင်ပေသည်။ သို့သော် ယခု ပြဿနာအားလုံး၏ တရားခံသည် မည်သူနည်း။ သူ၏ မိဘနှစ်ပါးသည် မည်သူ့ အကျိုးအတွက် ထိုမျှ ကြီးလေးသော ဒုက္ခများကို ထမ်းပိုးထားရပါသနည်း။ ယခုလို အခြေအနေမျိုးမှာပင် နာအိုမီသည် တာဝန်အားလုံးကို မိဘများဆီသို့သာ ပုံချဖို့ ကြိုးစားနေသည်။ ထိုအချက်ကို တွေးမိသောအခါ အာကီအိုသည် နာအိုမီအစား ရှက်စိတ် ဝင်မိသည်။

“မုသားတစ်ခွန်းက အသစ်အသစ်သော မုသားတွေကို ပေါက်ဖွားစေတယ်ကွ” အာကီအိုက ပြောလိုက်သည်။ “တကယ်လို့ နာအိုမီ အိမ်မှာ မရှိဘူးလို့ ပြောလိုက်ရင် ဘယ်သွားနေသလဲလို့ သူတို့က ထပ်မေးဦးမှာပဲ။ ငါတို့က ထပ်ပြီး ညာဦးတော့။ သူတို့က အဲဒါကို အတည်ပြုဖို့ ထပ်လုပ်ရင် လွယ်လွယ်နဲ့ အလိမ်ပေါ်မှာပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူက ရဲနဲ့ တွေ့ကို တွေ့ရဦးမှာ။ ဒီတော့ ငါတို့ဘက်က လိမ်တာ နည်းလေလေ ဖုံးရဖိရတာ သက်သာလေလေပဲ။ အန္တရာယ်လည်း ပိုနည်းသွားတာပေါ့”

“ရှင်ပြောတာ မှန်ပေမယ့် …..”

ယာအေကို၏ စကား မဆုံးခင်မှာပင် အင်တာကွန်းမှ အသံ မြည်လာ၍ လင်မယားနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။

“ရဲတွေ ရောက်လာပြန်တာလား” ယာအေကို၏ မျက်နှာတွင် သောကရိပ်များ သိသိသာသာ ဖုံးလွှမ်းသွားသည်။ “မြက်ကို ဓာတ်ခွဲတာ အဖြေထွက်လာပြီ ထင်တယ်”

“မဟုတ်လောက်ပါဘူး။ အဲဒီလောက် မြန်မယ် မထင်ဘူး” အာကီအိုသည် ခြောက်ကပ်နေသော သူ၏ နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်သည်။ ထို့နောက် အင်တာကွန်းကို ဖွင့်ပြီး ပြန်ထူးလိုက်လေသည်။

“အစ်ကို … ကျွန်မပါ”

အာကီအိုက ဗိုက်ထဲမှ လေပူများကို ကုန်စင်သွားအောင် မှုတ်ထုတ်ပစ်လိုက်သည်။ အင်တာကွန်းမှ ထွက်ပေါ်လာသော အသံမှာ ဟာရုမိ၏ အသံဖြစ်သည်။ တံခါးဝတွင် ရပ်နေသူမှာ ရဲ မဟုတ်သည်ကို သိရ၍ အနည်းငယ် စိတ်သက်သာရာ ရသွားသော်လည်း သူ၏
စိတ်ပျက်ည
ှိုး
ရော်နေသော
 မျက်နှာထားက အထင်းသား ပေါ်နေသေးသည်။ အဘယ်ကြောင့်ဆိုသော် သူ့နှမဖြစ်သူ ဟာရုမိအား မည်သို့ ကိုင်တွယ်ရမည်ကို သူ မစဉ်းစားရသေးချေ။

“ဘယ်လို ဖြစ်တာလဲ။ ဒီနေ့လာတာ စောလှချည်လား။ ဆိုင်မဖွင့်ဘူးလား” အာကီအိုက စိတ်မပါ့တပါဖြင့် မေးလိုက်သည်။

“မဟုတ်ပါဘူး။ ဒီနား လမ်းကြုံလို့ ဝင်လာခဲ့တာ”

“ဪ … ဒီလိုလား” အာကီအိုသည် အင်တာကွန်း လက်ကိုင်ကို ပြန်ချပြီး ယာအေကိုကို လှည့်ကြည့်လိုက်သည်။ “ဒုက္ခပဲ။ ဟာရုမိရောက်နေတယ်”

“ဘယ်လို လုပ်ကြမလဲ”

“သူ့ကို ပြန်သွားအောင်ပဲ ပြောရတော့မှာပေါ့”

အာကီအို ခြံတံခါးဝသို့ ရောက်သောအခါ ဟာရုမိသည် ခြံဝင်းထဲသို့ပင် ရောက်ရှိနေလေပြီ။ ဟာရုမိအတွက် ထိုအိမ်မှာ ငယ်စဉ်ကတည်းက နေလာခဲ့သော မိဘအိမ် ဖြစ်နေသောကြောင့် တံခါးလာဖွင့်ပေးသည်ကို စောင့်မနေတော့ဘဲ ခြံထဲသို့ ဝင်လာခဲ့သည်။

“ဟာရုမိရေ၊ နင် ဒီနေ့လည်း နားလိုက်ပါဦးလား”

“နားလိုက်ပါဦး ဆိုတာက ဘာအဓိပ္ပာယ်လဲ”

“ဒီလိုလေ။ အမေ့ကို ငါတို့ပဲ စောင့်ရှောက်လိုက်မယ်လို့ ပြောတာ။ အိမ်မှာလည်း လုပ်စရာလေး ရှိနေသေးလို့” အာကီအိုက အလုပ်ရှုပ်ချင်ယောင် ဆောင်ပြနေသည်။

“ဘာဖြစ်လို့လဲ” ဟာရုမိက မျက်မှောင်ကြုတ်လိုက်ပြီး “အမေက တစ်ခုခု ဂျီကျနေပြန်လို့လား”

“မဟုတ်ပါဘူး။ အမေနဲ့ မဆိုင်ဘူး။ သားကိစ္စပါ”

“နာအိုမီ ဘာဖြစ်လို့လဲ”

“ကျောင်းပြောင်းဖို့ ကိစ္စနဲ့ ပတ်သက်ပြီး သူ့အမေနဲ့ သတ်နေကြလို့”

“ဪ” ဟာရုမိက အံ့ဩစွာ အာမေဍိတ်ပြုသည်။

“အမေကတော့ အေးအေးဆေးဆေး သူ့အခန်းထဲမှာ နေနေတာပဲ။ ကြည့်ရတာလည်း နေကောင်းနေပုံ ရပါတယ်။ သူ့ကို ထမင်းကျွေးဖို့ သက်သက်ပဲဆိုရင်တော့ ငါလည်း လုပ်ပေးနိုင်တာပဲဟာ။ ဒါကြောင့် နင် ဒီနေ့ ပြန်ချင် ပြန်တော့လို့ ပြောတာ”

“ဪ … အစ်ကို အဆင်ပြေတယ် ဆိုရင်လည်း ပြီးတာပဲလေ။ ညီမ ပြန်ရုံပေါ့”

“တကူးတက ပြေးလာရတာ အားနာစရာပဲ”

“အားနာနေရမယ့်သူတွေမှ မဟုတ်တာ။ ဒါဆို အစ်ကိုပဲ အမေ့ကို ဒါလေး ပေးလိုက်တော့” ဟာရုမိသည် ပြောရင်း စူပါမားကတ်မှ ဝယ်လာသော အိတ်တစ်လုံးကို သူ့အား ထိုးပေးလိုက်သည်။

အာကီအိုက အိတ်ကို ဖွင့်ကြည့်လိုက်သည်။ အထဲတွင် အသားညှပ်ပေါင်မုန့်နှင့် နွားနို့ဘူးကို တွေ့ရသည်။

“အမေ့ကို ကျွေးဖို့လား”

“အမေက အခုတလော အသားညှပ်ပေါင်မုန့်ကို ဓာတ်ကျနေတာ။ ပျော်ပွဲစား ထွက်နေရတယ် ဆိုပြီး သူ့ကိုယ်သူ အထင်ရောက်နေလို့ နေမှာပေါ့”

“ဪ” ထိုစကားက အာကီအို အတွက် အထူးအဆန်း ဖြစ်နေသည်။

“သူ့ခေါင်းရင်းက ထမင်းဘူးထဲ ထည့်ပေးထားလိုက်။ သူ့ဘာသာသူ ယူစားလိမ့်မယ်”

“ထမင်းဘူးထဲ? ဘာဖြစ်လို့လဲ”

“မပြောတတ်ဘူး။ သူ့စိတ်ကူးနဲ့သူ ရှိမှာပေါ့။ ကလေးတစ်ယောက် လိုပါပဲ”

အာကီအိုအတွက် နားလည်ဖို့ ခက်ခဲသော်လည်း တောင်တောင်ဤဤ စဉ်းစားမနေနိုင်ဘဲ လက်ခံလိုက်ဖို့သာ ရှိသည်။

“ဒါဆို မနက်ဖြန်ရော ဘယ်လို လုပ်မလဲ”

“အင်း၊ လိုအပ်ရင် ငါ မနက်ဖြန် ဖုန်းဆက်လိုက်မယ်။ တကယ်လို့ ဖုန်းမဆက်ဘူးဆိုရင်တော့ လာမနေနဲ့တော့”

“အန်၊ အဲလိုကြီးလား” ဟာရုမိက မျက်လုံး အပြူးသားနှင့် ကြည့်နေသည်။

“ဒီရက်ပိုင်း အမေလည်း ကျန်းမာရေး ကောင်းနေတာပဲ။ နောက်ပြီး ရုံးပိတ်ရက် နှစ်ရက်လုံး ငါလည်း အိမ်မှာ ရှိနေတာပဲ ဥစ္စာ။ အစ်ကိုပဲ ကြည့်ကြပ်လုပ်လိုက်ပါ့မယ်။ နင်က အဝေးကနေ တကူးတက လာပြီး ပြုစုနေရတာ အားနာစရာကြီး”

“အစ်ကို့မိန်းမဘက်ကရော။ သူက ဆူဆူပူပူ လုပ်နေပါဦးမယ်”

“နင့်ကို ပြောပြီးသားပဲ။ သူက အခု သူ့သားရဲ့ ကျောင်းကိစ္စအတွက် ဗျာများနေတာ။ ဒီဘက် လှည့်နိုင်မှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ပူမနေပါနဲ့။ အမေ့ကိစ္စ စိတ်အေးအေးသာ ထားပြီးတော့ သွား”

“ဒါဆိုလည်း ပြီးတာပဲလေ။ ဒါပေမယ့် သိပ်လည်း ပေါ့ပေါ့ဆဆ ပစ်မထားနဲ့ဦး။ အမေက တစ်ခါတလေကျရင် ထူးထူးဆန်းဆန်းတွေ လျှောက်လုပ်နေတတ်တာ။ အစ်ကို့မိန်းမရဲ့ အလှကုန်ပစ္စည်းတွေကို အမေ မမြင်အောင် သေချာသိမ်းဖို့ ပြောထားဦး”

“အလှကုန်ပစ္စည်းတွေ?”

“အမေက အခုတလော အလှပြင်တာကို အတော် စိတ်ဝင်စားနေသလိုပဲ။ ဒါပေမယ့် အပျိုတွေ အလှပြင်သလိုမျိုးလည်း မဟုတ်ပြန်ဘူး။ အင်း ….. ဘယ်လိုပြောရမလဲ။ ကလေးမလေးတွေ သူ့အမေကို အတုခိုးပြီး နှုတ်ခမ်းနီဘူးကို လျှောက်ဆော့နေသလိုပေါ့။ အဲဒီလိုမျိုးပဲ”

“သူက အဲဒီလို သောင်းကျန်းတတ်တာလား”

အာကီအိုသည် သူ၏ ဖခင်ကို သတိရမိသွားသည်။ သူ့အဖေလည်း ထိုကဲ့သို့ ပြုလုပ်ခဲ့ဖူးသည် မဟုတ်ပါလော။ ထိုကိစ္စကို မာဆာအေ ပြောပြ၍ သိခဲ့ရခြင်း ဖြစ်သည်။ ယခုတော့ မာဆာအေကိုယ်တိုင် သူ့ယောက်ျားကဲ့သို့
တထေရာတည်း
 ပြုမူနေလေပြီ။

“ဒါကြောင့် အစ်ကိုတို့ အလှကုန်ပစ္စည်းတွေကို မြင်သာတဲ့နေရာမှာ မထားနဲ့ဦး”

“အေး အေး သဘောပေါက်ပြီ။ အစ်ကို ယာအေကိုကိုလည်း ပြောထားလိုက်မယ်”

“ဒါဆို အစ်ကိုပဲ ဆက်လုပ်လိုက်တော့နော်။ အကြောင်းထူးရင် ဖုန်းဆက်ခဲ့”

“ဟုတ်ပြီ”

အာကီအိုသည် ဟာရုမိကို ခြံပေါက်ဝအထိ လိုက်ပို့ခဲ့သည်။ သူတို့ ရှေ့ဆက်ပြီး လုပ်ကြရမည့် အစီအမံအတွက်တော့
သူ့ရင်ထဲတွင်
 အောင့်တောင့်တောင့် ဖြစ်နေဆဲ။

ထမင်းစားခန်းသို့ ပြန်ရောက်သောအခါ ယာအေကို ရောက်လာပြီး အခြေအနေ စုံစမ်းနေသည်။

“ဟာရုမိက ဘယ်လို ပြောသလဲ”

“၃ ရက်ဆက်တိုက် သူ့ကို လာမကူဖို့ ပြောတော့ သူ့ကြည့်ရတာ အတော် ထူးဆန်းနေတဲ့ ပုံပဲ။ ဒါပေမယ့် သူ့ကို ပ,ထုတ်လိုက်နိုင်ပြီ ဆိုတော့ စိတ်အေးရတာပေါ့”

“ရှင်တို့ အလှကုန်ပစ္စည်းလား ဘာလား၊ ပြောနေသံ ကြားလိုက်တယ်”

“ဪ … အမေ့အကြောင်းပါ” အာကီအိုက ယာအေကိုအား သူ့နှမပြောခဲ့သော အကြောင်းများကို ပြန်ပြောပြလိုက်သည်။

“သူက အဲဒီလို ဗရုတ်သုက္ခတွေ လုပ်တတ်သေးတာလား။ ကျွန်မဖြင့် သိတောင် မသိဘူး”

‘ဗရုတ်သုက္ခ’ ဟူသော စကားကြောင့် အာကီအို၏ စိတ်ထဲ မျက်ကနဲ ဖြစ်သွားခဲ့သည်။ သို့သော် ယခုအချိန်သည် အထအနကောက်၍ ရန်ဖြစ်နေရမည့် အချိန်မျိုး မဟုတ်မှန်း သူ သဘောပေါက်သည်။

“နာအိုမီကို သွားခေါ်လာခဲ့” သူက ပြောလိုက်သည်။

“ရှင့်ကို ပြောပြီးပြီပဲ။ ဒီကိစ္စက …..”

“သူ့ကို နေရာတကာ ပစားပေးနေလို့ မဖြစ်တော့ဘူး။ ငါတို့ ဘာဆက်လုပ်ရမယ်ဆိုတာ သိတယ်မလား။ ငါတို့အားလုံး ကိုယ်ဖိရင်ဖိ အစွမ်းကုန် မလုပ်နိုင်ဘူးဆိုရင် ဒီကိစ္စက မအောင်မြင်နိုင်ဘူးဆိုတာ သူလည်း နားလည်သဘောပေါက်နေမှ ဖြစ်မယ်။ နှုတ်ခမ်းလေး စူပြရုံနဲ့ မိဘတွေက သူ့အတွက် အကုန်လုံး လိုက်လုပ်ပေးနေလိမ့်မယ်လို့ သူ ယူဆထားရင် အမှားကြီး မှားသွားလိမ့်မယ်။ တကယ်ပဲ။ မိဘတွေကို ဘာများ အောက်မေ့နေလဲ မသိဘူး။ ဘာပဲဖြစ်ဖြစ် နင် အခု သူ့ကို သွားခေါ်လာခဲ့။ နင် မသွားချင်ဘူးဆိုရင်လည်း ငါ ကိုယ်တိုင် သွားမယ်”

သူ ထရန် ဟန်ပြင်နေသည်ကို မြင်သောအခါ ယာအေကိုက ဦးအောင် မတ်တပ်ထရပ်လိုက်သည်။

“နေဦး။ ကောင်းပြီလေ။ ကျွန်မ သွားခေါ်လိုက်မယ်။ ဒါပေမယ့် ကျွန်မ တစ်ခုလောက် တောင်းဆိုပါရစေ။ သူ့ကို ဒေါကြီးမောကြီးနဲ့ မဆက်ဆံပါနဲ့လား။ ရှင် သူ့ကို မဆဲမဆိုဘဲ နေရင်တောင် သူက ရှင့်ကို ကြောက်နေရှာတာ”

“ကြောက်နေသင့်တာပေါ့။ သွား မြန်မြန်”

ယာအေကိုသည် ခေါင်းညိတ်ပြလိုက်ပြီး အပြင်ထွက်သွားတော့သည်။

အာကီအိုက အရက် သောက်ချင်နေသည်။ မူးမေ့သွားအောင် သောက်ပစ်လိုက်ချင်သည်။

ထိုအချိန်မှ သူ့လက်ထဲတွင် ကိုင်ထားသော ဟာရုမိပေးခဲ့သည့် ပလတ်စတစ်အိတ်ကို သတိရသွားသည်။ သူသည် သက်ပြင်းတစ်ချက် ချကာ ထမင်းစားခန်းထဲမှ ထွက်သွားသည်။ အခန်းတံခါးကို ဆွဲဖွင့်လိုက်သောအခါ အခန်းထဲရှိ မှောင်နေသော ထောင့်တစ်နေရာတွင် သူ့ကို ကျောပေး၍ ထိုင်နေသော မာဆာအေကို တွေ့မြင်ရသည်။

သူ့ကို ‘အမေ’ ဟု လှမ်းခေါ်လိုက်ချင်သည်။ ထိုသို့ ခေါ်လိုက်သော်လည်း တစ်ဘက်မှ ဘာတုံ့ပြန်မှုမျှ ထွက်ပေါ်လာမည် မဟုတ်မှန်း အာကီအို သဘောပေါက်သည်။ သူယခု မြင်နေရသော မာဆာအေသည် သူ့ကိုယ်သူပင် မည်သူမှန်း သိတော့သည် မဟုတ်။ တစ်ခါက ဟာရုမိ ပြောခဲ့ဖူးသည်။ သူ့ကို ‘မားချမ်’ ဟု ခေါ်လျှင် အမြဲလိုလို ပြန်ထူးတတ်သည် ဆို၏။ သို့သော် အာကီအိုကတော့ ထိုသို့ ခေါ်ဝေါ်သုံးနှုန်းရန် ဆန္ဒ မရှိ။

“အသားညှပ်ပေါင်မုန့်တွေ ရပြီ”

သူ၏ စကားသံကို ကြားလိုက်သောအခါ မာဆာအေသည် ချက်ချင်း လှည့်လာပြီး သူ့ကို ပြုံးပြသည်။ ကလေးတစ်ယောက်လို ကျေနပ်စွာ ပြုံးရွှင်သော အမူအရာမျိုး။ သို့သော် အာကီအိုအတွက်တော့ ထိုမြင်ကွင်းမှာ ကြည်နူးချင်စရာ မဟုတ်။

မာဆာအေသည် သူ့ထံသို့ လေးဘက်ထောက်ရောက်လာပြီး အိတ်ကို ဆွဲယူလိုက်သည်။ ပြီးနောက် ပြတင်းပေါက်နားသို့ လေးဘက်ထောက်၍ ပြန်သွားတော့သည်။ ပြတင်းပေါက်နား အရောက်တွင် အိတ်ထဲမှ အသားညှပ်ပေါင်မုန့်များကို ဆွဲထုတ်လိုက်ပြီး ပြတင်းပေါက် ဘောင်ပေါ်တွင် တစ်ခုချင်း စီနေလေသည်။

အာကီအိုက သတိထား ကြည့်လိုက်သောအခါ မာဆာအေသည် ဟိုတစ်နေ့က သူသုံးခဲ့သော လက်အိတ်များကို ဝတ်မြဲ ဝတ်ထားဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ အဘယ်သို့သော စွဲဆောင်မှုကြောင့် ထိုလက်အိတ်များကို သူ စိတ်ဝင်စားနေရသနည်း ဆိုသည်ကိုမူ အာကီအို နားမလည်နိုင်ဘဲ ရှိနေလေတော့သည်။ အကယ်၍ မာဆာအေလက်မှ ထိုလက်အိတ်များကို အတင်း လုယူရန် ကြိုးစားခဲ့လျှင် သူ့ကို တူးတူးခါးခါး ပြန်လည်
တု
ံ့
ပြန်လာနိုင်သည်ကိုတော့
 သူ နားလည်ထားသည်။

သူသည် အခန်းထဲမှ ထွက်လာပြီး တံခါးကို ပြန်ပိတ်လိုက်သည်။ မှောင်မဲနေသော လျှောက်လမ်းတစ်လျှောက် လမ်းလျှောက်လာနေစဉ် ခပ်စောစောက ယာအေကိုအား သူကိုယ်တိုင် ပြောခဲ့မိသော စကားတစ်ခွန်းကို ပြန်လည် ကြားယောင်နေမိသည်။

“မိဘတွေကို ဘာများ အောက်မေ့နေသလဲ”

အမှန်တကယ်တော့ ထိုစကားသည် မိမိကိုယ်ကိုယ် ပြန်ပြောရမည့် စကားပင် ဖြစ်သည်ဟု သူ သဘောပေါက်သွားသောအခါ သူ၏ ဦးခေါင်းမှာ အောက်သို့ အလိုလို စိုက်ကျသွားလေတော့သည်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *