မာတိကာကြည့်ရန်

အခန်း (၁၃)

‘ကူမာဒါ’ ဟု ရေးထိုးထားသော ဆိုင်းဘုတ်၏ အောက်ဘက်တွင် ရှိသော အင်တာကွန်းခလုတ်ကို နှိပ်လိုက်ပြီးနောက် တစ်ခဏကြာသောအခါ အမျိုးသားတစ်ယောက်၏ အသံတစ်သံ ထွက်ပေါ်လာသည်။ “ဟုတ်ကဲ့၊ ဘယ်သူလဲ မသိဘူး”

မာကျုမီယာသည် အင်တာကွန်းမှတဆင့် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

“ကျွန်တော်တို့က ရဲဌာနကပါ။ မေးစရာလေး နည်းနည်း ရှိလို့ အဆင်ပြေမယ်ဆိုရင် ခဏ ဖွင့်ပေးလို့ ရမလား”

“ဪ … ခဏ” တစ်ဘက်လူက လေးလေးပင်ပင်ဖြင့် ပြန်ဖြေသည်။

ချက်ချင်း ဆိုသကဲ့သို့ အိမ်တံခါး ပွင့်လာပြီး အနည်းငယ် စိတ်ရှုပ်နေဟန် ရှိသော အမျိုးသားတစ်ယောက် အပြင်ထွက်လာသည်။ သူသည် လျှောက်လမ်းအတိုင်း လျှောက်လာပြီး များမကြာခင် မာကျုမီယာတို့ ရှိရာ ခြံတံခါးဝသို့ ရောက်ရှိလာသည်။

“မနက်က ကူညီခဲ့တဲ့အတွက် ကျေးဇူးပါပဲဗျာ” မာကျုမီယာ၏ ဘေးနားတွင် ရပ်နေသော ကာဂါက လှမ်းပြောလိုက်သည်။

“ခင်ဗျားတို့ရဲ့ ခြံထဲမှာ မြက်ခင်းပြင် ရှိတယ်လို့ သတင်းကြားထားလို့ပါ” မာကျုမီယာက ဝင်ပြောသည်။

“ဟုတ်”

“ကျွန်တော်တို့ နမူနာ နည်းနည်း လိုချင်လို့ပါ”

“ဗျာ …. ကျွန်တော်တို့အိမ်က မြက်ကို ယူမယ်?”

“အိချိုပန်းခြံထဲမှာ ကလေးမလေးတစ်ယောက်ရဲ့ အလောင်းတစ်လောင်း တွေ့ထားတဲ့အကြောင်း ခင်ဗျားလည်း ကြားပြီးလောက်ပြီ ထင်ပါတယ်။ အဲဒီအမှုရဲ့ တရားခံကို မြန်မြန် ဖော်ထုတ်နိုင်ဖို့အတွက် ဒီနားပတ်ဝန်းကျင်က အိမ်တိုင်းရဲ့ အကူအညီတွေ လိုအပ်ပါတယ်”

“ဒါပေမယ့် ဘာဖြစ်လို့ မြက်တွေကိုပါ လိုက်စစ်နေရတာလဲ”

“ကျွန်တော်တို့ တိုက်ဆိုင်စစ်ဆေးစရာလေး ရှိနေလို့ပါ”

“တိုက်ဆိုင်စစ်ဆေးဖို့?” အမျိုးသား၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။

“ခင်ဗျားတို့ ခြံဝင်းမှာ ပြဿနာရှိနေတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး” ကာဂါက ကြားဝင်လာသည်။ “ဒီပတ်ဝန်းကျင် ရပ်ကွက်တွေထဲက အိမ်တိုင်းမှာ ရှိတဲ့ မြက်ခင်းပြင်အားလုံးကို လေ့လာရတဲ့ သဘောပါ။ ဒါကြောင့်လည်း ခင်ဗျားတို့ကို အကူအညီ လာတောင်းရတာပါ။ တကယ်လို့ ခင်ဗျားတို့အနေနဲ့ ခွင့်မပြုနိုင်ဘူး ဆိုရင်လည်း ကျွန်တော်တို့က အတင်းအကျပ် မတောင်းဆိုပါဘူး”

“မဟုတ်ပါဘူး။ ခွင့်မပြုတာ မဟုတ်ပါဘူး။ ……… ကျွန်တော် မေးချင်တာက ကျွန်တော်တို့ကို သံသယဝင်နေတာ မဟုတ်ပါဘူးနော်”

“ဘယ်ဟုတ်ပါ့မလဲ” ကာဂါက ချိုချိုသာသာ ပြုံးပြလိုက်ပြီး “အနားယူတဲ့နေ့မျိုးမှာ ခင်ဗျားကို နှောင့်ယှက်သလို ဖြစ်နေတာ အားနာစရာဗျာ။ ကျွန်တော်တို့ စလို့ ရပြီလား။ မကြာစေရပါဘူး။ အစအဆုံး ကျွန်တော်တို့ပဲ လုပ်သွားမှာပါ။ ခင်ဗျားတို့ မြက်ခင်းပြင်ကိုလည်း မထိခိုက်ရအောင် ကျွန်တော်တို့ နည်းနည်းပဲ ယူမှာပါ”

“ဒီလိုဆိုလည်း ဆရာတို့ စိတ်ကြိုက်လုပ်ပါ။ ခြံက ဒီဘက်မှာ” ခြံပိုင်ရှင်သည် ရဲများ၏ တောင်းဆိုချက်ကို သဘောတူလိုက်ပြီး မာကျုမီယာတို့ကို အထဲသို့ ဝင်ခွင့် ပြုလိုက်သည်။

မာကျုမီယာနှင့် ကာဂါတို့သည် မြက်ခင်းပြင်ရှိသော ခြံတိုင်းကို တစ်ခြံဝင် တစ်ခြံထွက်ဖြင့် ခြံထဲမှ မြက်နှင့် မြေကြီးနမူနာများ ယူခဲ့ကြရသည်။ ထိုသို့ ယူနိုင်ရန် ခွင့်တောင်းစဉ်မှာလည်း အိမ်တိုင်းက အသာတကြည် ခွင့်ပြုခဲ့ကြသည်တော့ မဟုတ်။ ရဲများ၏ သံသယဝင်ခြင်းကို ခံနေရပြီဟု ထင်ကာ ခြံရှင်အတော်များများသည် မာကျောသော လေသံဖြင့် သူတို့ကို ဆက်ဆံခဲ့ကြသည်။

“မိုက်တော့ မမိုက်ဘူးပဲ” ထိုအိမ်မှ ထွက်ခွာခဲ့ပြီးနောက် မာကျုမီယာက ပြောလိုက်သည်။

“တစ်အိမ်ရောက်တိုင်း တစ်ခါ ရှင်းပြနေရတယ်။ အတော် အလုပ်ရှုပ်တာပဲ။ ဌာနချုပ်ကနေ အိမ်ပေါက်စေ့ ဖုန်းဆက်ပြီး ရှင်းပြထားလိုက်ရင် ကျွန်တော်တို့လည်း လုပ်ရတာ ပိုသက်သာတာပေါ့”

“ဪ … မင်းသဘောက အဖွဲ့နှစ်ဖွဲ့ခွဲပြီး ရှင်းပြတာနဲ့ သက်သေစုဆောင်းတာ ခွဲလုပ်ရမယ် ဆိုပါတော့”

“အစ်ကိုက အဲဒီလို မကြိုက်ဘူးလား”

“ငါကတော့ မကြိုက်ဘူး”

“ဘာဖြစ်လို့လဲ”

“အဲဒီလို လုပ်လိုက်ရင် အားနည်းချက်တွေ ရှိလာနိုင်တယ်”

“ဘယ်လိုမျိုးလဲ”

“အမှုလိုက်တယ် ဆိုတာ သာမန် အလုပ်လိုမျိုး မဟုတ်ဘူးကွ။ တစ်ဘက်လူကို ရှင်းပြတဲ့ အပိုင်းမှာလည်း သာမန်ကာ လျှံကာ လုပ်လို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ရင်ဆိုင်နေရတဲ့သူက တရားခံတစ်ယောက် ဖြစ်ချင် ဖြစ်နေနိုင်တယ်။ သူတို့နဲ့ အပြန်အလှန် စကားစမြည် ပြောနေကြတုန်းမှာ တစ်ဘက်လူရဲ့ တုံ့ပြန်မှုတွေကို ကိုယ့်ဘက်က သတိရှိရှိနဲ့ လေ့လာသုံးသပ်နိုင်ရင် အမှုအတွက် အရေးပါတဲ့ သဲလွန်စတွေ ရလာနိုင်တယ်။ အဲ … တယ်လီဖုန်းနဲ့ ဆိုရင်တော့ ဒါမျိုး အသေးစိတ် သိဖို့ရာ မဖြစ်နိုင်တော့ဘူး”

“ဟုတ်လား။ လေသံကို နားထောင်ပြီး ခန့်မှန်းလို့ ရနိုင်တာပဲ မဟုတ်ဘူးလား”

“ဒါဆို မင်းပေးတဲ့ အကြံအတိုင်း အထက်က လက်ခံပြီး ကျင့်သုံးကြပြီပဲ ဆိုကြပါစို့ကွာ။ တယ်လီဖုန်းဆက်ပြီး ရှင်းပြရတဲ့ ရဲအရာရှိက ဖုန်းထဲကနေ မသင်္ကာစရာ အချက်အလက်တချို့ တွေ့ရပြီ ဆိုပါစို့။ အဲဒီအခါ အပြင်မှာ ကွင်းဆင်း စုံစမ်းနေတဲ့ ထောက်လှမ်းရေးအဖွဲ့ဆီ သတင်းပို့ဖို့ သူက သူ့အမြင်ကို တင်ပြရဦးမယ်။ အဲဒီလို လုပ်နေရင် နှောင့်နှေးကြန့်ကြာတာတွေ ဖြစ်မလာပေဘူးလား။ ပြီးတော့ စိတ်အထင် ဆိုတာမျိုးက တခြားလူကို နားလည်အောင် ရှင်းပြဖို့ တော်တော် ခက်တယ်။ တကယ်လို့ နားလည်မှု လွဲသွားရင် လက်တွေ့ ကွင်းဆင်းနေရတဲ့ သူတွေအတွက် အင်မတန် ကြီးမားတဲ့ အမှားမျိုးတွေကို ကျူးလွန်မိတတ်ကြတယ်။ နောက်တစ်ချက်က ကြိုတင်ဖုန်းဆက်ပြီး ရှင်းပြထားခြင်းအားဖြင့် တရားခံကို တစ်ခုခု စီစဉ်ဖို့ အချိန်ပေးလိုက်သလို ဖြစ်သွားနိုင်တယ်။ ဒီလို ပျင်းစရာကောင်းတဲ့ ကိစ္စမျိုးကို ထပ်ခါထပ်ခါ လုပ်နေရတဲ့အတွက် မင်းအနေနဲ့ ငြီးငွေ့နေမယ်ဆိုတာ အစ်ကို နားလည်ပါတယ်။ ဒါပေမယ့် ဘယ်အလုပ်မျိုးမဆို သူ့ကောင်းကွက်နဲ့သူတော့ ရှိကြတာပါပဲ”

“ငြီးငွေ့တယ် ရယ်လို့တော့ မဟုတ်ပါဘူး” မာကျုမီယာက သူ့ခံစားချက်ကို ကာကွယ်ရန် ကြိုးစားလိုက်သော်လည်း ကာဂါ၏
ကျိုးကြောင
်းဆီ
လျော်သည့်
 ဖြေရှင်းချက်အတွက် ပြန်လည် တုံ့ပြန်စရာ စကားလုံး ရှာမတွေ့ခဲ့ပေ။

မာကျုမီယာနှင့် ကာဂါတို့သည် သူတို့အတွက်
ခွဲတ
မ်း
ကျထားသော
 မြက်ခင်းပြင်ရှိသည့် အိမ်တိုင်းသို့ သွားရောက်ခဲ့ကြရသည်။ သူတို့ နုတ်ယူလာသော မြက်နမူနာများကို ပလတ်စတစ်အိတ် တစ်လုံးစီဖြင့် သီးခြားစီ ခွဲထားပြီး အိတ်တိုင်းတွင် အိမ်ရှင်၏ နာမည်များကို မှတ်သားထားကြသည်။ တာဝန်မှာ မခက်ခဲလှသော်လည်း ပျင်းစရာကောင်းသော အလုပ်မျိုး ဖြစ်နေသည်။ ထိုသို့ နမူနာများ စုဆောင်းနေကြစဉ် ကိုဘာယာရှိ ညွှန်ကြားခဲ့သော ကတ်စက္ကူပုံး ကိစ္စကိုလည်း မမေ့မလျော့ သတိထားခဲ့ကြသည်။ သို့သော် ယခုအချိန်ထိတော့ သံသယရှိဖွယ် ကတ်ပုံးမျိုးကို ဘယ်မှာမှ မတွေ့ရသေးပေ။ မာကျုမီယာကတော့ ထိုကိစ္စကို ယခုအချိန်ထိ အလုပ်ပိုဟုသာ သတ်မှတ်ထားသည်။

ခြံဝင်းတစ်ဝင်း၏ အရှေ့သို့ ရောက်သောအခါ ကာဂါ၏ ခြေလှမ်းများ တုံ့ရပ်သွားကြသည်။ သူ၏ မျက်လုံးများက ခြံဝင်းတံခါး ရှိရာသို့ စူးစိုက်၍ ကြည့်နေကြသည်။ ဆိုင်းဘုတ်ပေါ်တွင် ရေးထိုးထားသော မျိုးရိုးနာမည်မှာ ‘မိုင်ဟာရာ’ ဟူ၍။ ထိုခြံသည်လည်း သူတို့ မြက်နမူနာ ယူရမည့် စာရင်းဝင် ခြံတစ်ခြံ ဖြစ်သည်။ အဘယ်သို့သော အကြောင်းကြောင့်ဟု မဆိုနိုင်။ ကာဂါ၏ မျက်လုံးများသည် အရောင်တစ်လက်လက်နှင့် နဖူးရေးများပင် တွန့်လိပ်လာကြသောကြောင့် မာကျုမီယာက သူ့ကို ပို၍ စိတ်ဝင်စားသွားသည်။

“ဘာဖြစ်လို့လဲ”

“ဘာမှ မဖြစ်ပါဘူး” ကာဂါက ခေါင်းခါပြသည်။

ခြံဝင်းတံခါးဝမှ အုတ်ခင်းထားသော လမ်းကျဉ်းလေးအတိုင်း တည့်တည့် လျှောက်သွားလျှင် နှစ်ထပ်တိုက် အဟောင်းလေးတစ်လုံးသို့ ရောက်နိုင်သည်။ လမ်းကျဉ်းလေးအတိုင်း ညာဘက်သို့ လျှောက်သွားလျှင် ပန်းခြံလေး တစ်ခြံ ရှိသည်။ ထိုပန်းခြံထဲတွင် မြက်ခင်းပြင် ရှိသည်။ မထိန်းမသိမ်းဘဲ ပစ်ထားခဲ့သည်မှာ ကြာညောင်းလှပြီဟု ထင်ရသည်။

ကာဆုဂါအိ ယူနာ၏ အင်္ကျီပေါ်တွင် ဂျပန်မြက်များအပြင် ဖြူရော်သော မြက်ရိုင်းတချို့ပါ တွေ့ခဲ့ရသည်။ မြက်စိုက်ပျိုးရေးကို နားလည်သော ရဲအရာရှိတစ်ဦး၏ အဆိုအရ မြက်ခင်းပြင်ကို စနစ်တကျ ပြုစုလေ့ရှိသော သူများသည် ထိုကဲ့သို့သော မြက်ရိုင်းများကို ဂျပန်မြက်များအတွင်းမှ အမြဲပုံမှန် နုတ်ဖယ်ပစ်လေ့ ရှိကြသည်။

မာကျုမီယာသည် အင်တာကွန်းခလုတ်ကို နှိပ်လိုက်သောအခါ အမျိုးသမီးတစ်ဦး၏ ဖြေကြားသံ ထွက်ပေါ်လာသည်။

သူသည် လုပ်ထုံးလုပ်နည်းအတိုင်း သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ တစ်ဘက်လူကလည်း ထုံးစံအတိုင်း ခဏစောင့်ရန် ပြန်ဖြေလေသည်။

တံခါးလာမဖွင့်သေးခင် မာကျုမီယာသည် မိုင်ဟာရာအိမ်ရှိ မိသားစုဝင် စာရင်းကို ပြန်ကြည့်နေသည်။ နေရိမရဲစခန်းမှ ရယူထားသော အိမ်ထောင်စုစာရင်း ဖြစ်သည်။ အိမ်ထောင်ဦးစီးမှာ အသက် ၄၇ နှစ် ရှိပြီဖြစ်သော မိုင်ဟာရာ အာကီအို ဖြစ်သည်။ ထိုအိမ်တွင် အသက် ၄၂ နှစ်ရှိသော ဇနီးသည် ယာအေကိုအပြင် အသက် ၁၄ နှစ် အရွယ် သားတစ်ယောက်နှင့် အသက် ၇၂ နှစ် ရှိပြီဖြစ်သော မိခင်တို့ အတူတကွ နေထိုင်ကြသည်။

“ကြည့်ရတာတော့ အင်မတန် ရိုးရှင်းတဲ့ မိသားစုလေး တစ်စုပါပဲ” မာကျုမီယာက တစ်ယောက်တည်း ရေရွတ်နေသည်။

“ဒီအိမ်က အဖွားကြီးက သူငယ်ပြန်နေတာ” ကာဂါက ဆိုသည်။ “ဒီလောကမှာ အင်မတန် ရိုးရှင်းတဲ့ မိသားစုရယ်လို့ ဘယ်မှာလာ ရှိနိုင်မလဲ။ အပြင်ပန်း ကြည့်လို့သာ ရိုးရှင်းနေတာ။ အားလုံးက ကိုယ့်အပူနဲ့ကိုယ်ချည်းပဲ”

“ဒီသဘောတရားကိုတော့ အစ်ကို မပြောလည်း သိပါတယ်ဗျာ။ ကြည့်ရတာ ဒီအိမ်က အမှုနဲ့ ဘယ်လိုမှ မပတ်သက်နိုင်ဘူးလို့ ကျွန်တော် ပြောချင်တာပါ”

ခြံတံခါး ပွင့်လာပြီး အရပ်ပုပုနှင့် တီရှပ်ဝတ်ထားသော လူကြီးတစ်ဦး အပြင်သို့ ထွက်လာသည်။ ထိုသူသည်ပင် မိုင်ဟာရာ အာကီအို ဖြစ်ပေမည်။ သူသည် မာကျုမီယာတို့ နှစ်ဦးကို လက်ဆွဲနှုတ်ဆက်လိုက်သည်။ မာကျုမီယာသည် သူတို့၏ လာရင်းကိစ္စကို တိုနိုင်သမျှတိုအောင် ရှင်းပြလိုက်သည်။ ကာဂါကလည်း အနှောင့်အယှက် ပေးမိသည့်အတွက် အားနာမိကြောင်း စကားဆိုနေသည်။

မြက်ပင်နမူနာယူရန် လာရောက်ကြောင်း ရှင်းပြနေသော မာကျုမီယာ၏ စကားများကို ကြားရသော တစ်ခဏတွင် မိုင်ဟာရာ မျက်စိမျက်နှာ ပျက်သွားသည်ကို မာကျုမီယာ သတိထားမိလိုက်သည်။ တစ်ခဏတာမျှ မျက်နှာပျက်သွားသော မိုင်ဟာရာ၏ စိတ်အခြေအနေနှင့် အကြောင်းအရင်းကိုမူ မာကျုမီယာအနေဖြင့် မခန့်မှန်းတတ်ပေ။

“ဪ …. ရပါတယ်” မိုင်ဟာရာက မတုံ့မဆိုင်း ပြန်ဖြေသည်။

မာကျုမီယာက အားနာသောဟန်ဖြင့် တစ်ချက်ပြုံးပြလိုက်ပြီး သူတို့ ခြံထဲ ဝင်လာခဲ့ကြသည်။ ထို့နောက် ဆိုင်းတွမနေတော့ဘဲ မြက်ပင် နမူနာများကို စတင် နုတ်ယူကြသည်။ ဖြစ်နိုင်လျှင် မြေကြီးအနည်းငယ်ပါ နမူနာအဖြစ် ယူခဲ့ရန် ဓာတ်ခွဲဌာနက သူတို့ကို မှာထားသေးသည်။

“ဒါနဲ့ …… ” စိုးရိမ်စိတ် အနည်းငယ် ယှက်သန်းနေသော မိုင်ဟာရာက “ဆရာတို့ ဒီမြက်တွေကနေ အမှုအတွက် ဘာတွေများ ပိုသိလာနိုင်လို့လဲ”

“အတိအကျတော့ ပြောပြဖို့ အဆင်မပြေဘူးဗျ။ ကျွန်တော်တို့ ဒီပတ်ဝန်းကျင်က အိမ်တွေမှာ စိုက်ထားတဲ့ မြက်တွေကို အကုန်လိုက် စုပေးနေရတာပဲ။ ဘာအမျိုးအစား ဖြစ်မလဲလို့ ဓာတ်ခွဲကြည့်ဖို့ပါ”

“ဪ … ဓာတ်ခွဲဖို့လား”

‘ဒီမြက်တွေ လျှောက်စုနေလို့ ဘာအသုံးကျမှာလဲ’ ဟု မိုင်ဟာရာက မေးချင်ပုံ ရသည်။ သို့သော် သူဘာမျှ ဆက်မမေးတော့။

မြက်နမူနာကို ပလတ်စတစ်အိတ်ထဲသို့ ထည့်ပြီး မာကျုမီယာ မတ်တပ်ရပ်လိုက်သည်။ ကျေးဇူးတင်ကြောင်း ပြောရန် ရှေ့တိုးမည် အပြုတွင် အိမ်အတွင်းမှ ဆူညံသံတချို့ လျှံထွက်လာသည်။

“အဲဒီလို မလုပ်ပါနဲ့ အမေရယ်၊ တောင်းပန်ပါတယ်” အမျိုးသမီးတစ်ဦး၏ အသံ။

ထို့နောက် ကြမ်းပြင်ပေါ်သို့ တစ်စုံတစ်ခု ပြုတ်ကျသံများ ထွက်ပေါ်လာသည်။

မိုင်ဟာရာက မာကျုမီယာတို့ကို အားနာသည့် အမူအရာဖြင့် လှည့်ကြည့်ပြီး ခဏဟု လက်ပြကာ အိမ်တံခါးဆီသို့ လျှောက်သွားသည်။ တံခါးဝမှ အိမ်ထဲသို့ ခေါင်းထိုးကြည့်ရင်း “ဟေ့ … နင်တို့ ဘာဖြစ်နေကြတာလဲ”

အိမ်ထဲမှ အမျိုးသမီးက ပြန်ပြောနေသည်။ ဘာပြောနေသည်ကိုတော့ သူတို့ သဲသဲကွဲကွဲ မကြားရချေ။

ထို့နောက် တံခါးပိတ်ကာ မိုင်ဟာရာသည် သုန်မှုန်သော မျက်နှာထားဖြင့် သူတို့ဆီ ပြန်ရောက်လာသည်။ “ဆောရီးပါဗျာ”

“ဘာတွေ ဖြစ်နေတာလဲဗျ” မာကျုမီယာက မေးလိုက်သည်။

“ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး။ အဖွားကြီး ဂျီကျနေလို့ပါ”

“အဖွားကြီး? ဪ ……”

စောစောက ကာဂါ ပြောခဲ့သော စကားကို ပြန်သတိရသွားသည်။

“ဆိုးဆိုးရွားရွားကြီးတော့ မဟုတ်ဘူး ထင်ပါတယ်။ ကျွန်တော်တို့ ကူညီနိုင်တာ ရှိရင်လည်း ပြောပါ။ အားမနာပါနဲ့” ကာဂါက လောကွတ်ပြုနေသည်။

“ကိစ္စ မရှိပါဘူး။ စိတ်မပူပါနဲ့။ ကျွန်တော်တို့ဘာသာ ဖြေရှင်းနိုင်ပါတယ်” မိုင်ဟာရာက သွားများပေါ်အောင် ပြုံးပြသည်။

သူတို့ နှစ်ယောက်ကို ခြံပေါက်ဝသို့ လိုက်ပို့ပြီးနောက် မိုင်ဟာရာသည် အိမ်ထဲသို့ အမြန် ပြန်ဝင်သွားသည်။ မာကျုမီယာက ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးမိပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။

“ကုမ္ပဏီမှာ အလုပ်သွားလုပ်ရတာ အတော် ပင်ပန်းမှာပဲ။ အိမ်မှာ ကျတော့လည်း ပြဿနာက နောက်တစ်မျိုး။ အဲဒီလူရဲ့ ဘဝကလည်း တော်တော် မလွယ်ဘူးပဲ”

“ဒါတွေက ခေတ်မီ လူ့အဖွဲ့အစည်းတိုင်းရဲ့ ဒုက္ခပဲ။ လူအိုတွေ တိုးပွားလာလို့ တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်တဲ့အကြောင်း ဟိုးအရင်ကတည်းက တွက်ဆခဲ့ကြပြီးသားပါ။ ဒါပေမယ့် အစိုးရကတော့ ဒါမျိုးပြဿနာကို ဖြေရှင်းဖို့ ဘာမှ ထိထိရောက်ရောက် မစီမံနိုင်ခဲ့ကြဘူး။ ဒါက အစိုးရတွေ တုံ့နှေးလို့ တင်နေတဲ့ အကြွေးပဲ။ ပြည်သူတစ်ယောက်ချင်းစီ ဝိုင်းဆပ်နေကြရတဲ့ သဘောပေါ့”

“သူငယ်ပြန်နေတဲ့ လူအိုတစ်ယောက်ကို အိမ်မှာပဲ ပြုစုရမယ်ဆိုရင် ကျွန်တော်ဖြင့် တွေးကြည့်ရုံနဲ့တင် မူးချာလည် ရမ်းနေပြီ။ ဒီလို ပြဿနာမျိုးကလည်း တစ်နေ့ ကျွန်တော်ဆီ ရောက်မလာဘူးလို့ မပြောနိုင်ဘူးလေ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အမေသာ အဲဒီလို ဖြစ်ခဲ့ရင် အဲဒီတာဝန်ကို ကျွန်တော်ပဲ ယူရဦးမှာပါပဲ”

“လောကမှာ ရှိသမျှ လူ အားလုံးဆီမှာ အဲဒီလို အပူတော့ ရှိကြတာချည်းပဲ။ အစိုးရက ဘာမှ မလုပ်တော့ ကိုယ့်ဟာကိုယ်ပဲ တာဝန်ယူ ဖြေရှင်းဖို့ ရှိတော့တာပေါ့”

မာကျုမီယာသည် ကာဂါ၏ စကားကို ကြားလိုက်ရသောအခါ အငေါ်တူးလိုစိတ်ဖြင့် “အစ်ကိုပဲ ကောင်းတယ်နော်။ ဦးလေးကို တစ်ယောက်တည်း ဟိုမှာ ပစ်ထားလိုက်တယ်။ ကိုယ့်ဘာသာကိုယ်တော့ လွတ်လွတ်လပ်လပ်ပဲ။ ဘာမှ မပူမပင် ရသလိုပဲ”

သူပြောလိုက်ပြီးကာမှ နည်းနည်း စကားလွန်သွားကြောင်း သူ ခံစားလိုက်ရသည်။ ကာဂါ စိတ်ဆိုးသွားနိုင်သည်ဟု သူ တွေးထင်မိသည်။

“အင်း၊ ဟုတ်တာပဲ” သို့သော် ကာဂါက ခပ်ပေါ့ပေါ့ပင် ပြန်ဖြေသည်။ “သေသေရှင်ရှင်၊ ငါတစ်ယောက်တည်းပဲ။ လွတ်လပ်လိုက်တာမှ မပြောနဲ့တော့”

မာကျုမီယာ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။

“ဒါကြောင့် ဦးလေးကို တစ်ယောက်တည်း အထီးကျန်ကျန်နဲ့ သေသွားအောင် ပစ်ထားတာလား”

ကာဂါသည် ယခုမှပင် အတိတ်ကို ပြန်လည်တွေးဆနေသော အမူအရာဖြင့် မာကျုမီယာကို စိုက်ကြည့်နေသည်။ သို့သော် မျက်နှာ တစ်ချက် မပျက်ဘဲ သူ့ခေါင်းကို ခပ်ဖြည်းဖြည်း ညိတ်ပြလိုက်သည်။

“လူတစ်ယောက် ဘယ်လိုပုံစံနဲ့ သေရမလဲဆိုတာ သူဘယ်လို ရှင်သန်ခဲ့သလဲ ဆိုတဲ့ အပေါ်မှာ မူတည်တာပဲ။ အဲဒီလူ ဒီပုံစံနဲ့ သေသွားခဲ့တယ်ဆိုရင် သူ့ဘဝကို ဒီပုံစံနဲ့ပဲ ရှင်သန်ဖြတ်သန်းလာခဲ့တာ ဖြစ်ရမယ်။ တခြား ဖြေရှင်းပြစရာ အကြောင်းအရင်း မရှိဘူး”

“အဲဒီလူ …..”

“နွေးထွေးသာယာတဲ့ မိသားစုဘဝတစ်ခုကို တည်ထောင်နိုင်ခဲ့တဲ့သူဟာ သေခါနီးအခါမှာလည်း ထပ်
တူ
 နွေးထွေးတဲ့ စောင့်ရှောက်မှုတွေ ခံစားသွားရမှာပဲ။ အဲဒီလို မိသားစုမျိုး မတည်ဆောက်နိုင်ခဲ့တဲ့ လူတစ်ယောက်ဟာ သေခါနီး ကိုယ်လိုအပ်တဲ့အချိန်ကျမှ ကိုယ့်အနီးအနားမှာ ဆွေမျိုးသားချင်းတွေကို ရှိနေစေချင်တယ်ဆိုရင် အဲဒီလူဟာ သိပ်အတ္တကြီးတဲ့လူလို့ မင်း မထင်ဘူးလား”

“ကျွန်တော် …. ကျွန်တော်တို့ရဲ့ နွေးထွေးသာယာတဲ့ မိသားစုလေးကို ဦးလေးကပဲ တည်ဆောက်ပေးခဲ့တာလေ။ ဦးလေး ဖေးမ,ပေးခဲ့လို့သာ မုဆိုးမ သားအမိနှစ်ယောက်ဟာ ဘဝမပျက်ဘဲ သာတောင့်သာယာ မိသားစုတစ်ခုအဖြစ်နဲ့ အခက်အခဲ မရှိဘဲ နေနိုင်ခဲ့ကြတာပေါ့။ ဒါကြောင့် ဦးလေးကို သူ့လက်ကျန် အချိန်ပိုင်းလေးမှာ တစ်ယောက်တည်း အထီးကျန်စွာနဲ့ မကုန်ဆုံးသွားစေချင်ဘူး” မာကျုမီယာသည် သူ့အစ်ကို၏ အေးစက်စက် မျက်လုံးများကို ကြည့်ရင်း “အစ်ကိုက ဦးလေးကို ဒီအတိုင်း ပစ်ထားချင်တယ်ဆိုလည်း ကိစ္စမရှိပါဘူး။ ကျွန်တော်ပဲ စောင့်ရှောက်ပေးမယ်။ ကျွန်တော်ပဲ အစ်ကို့အစား သရဏဂုံ တင်ပေးလိုက်ပါ့မယ်”

ကာဂါထံမှ ပြင်းထန်သော တုံ့ပြန်မှုကို မျှော်လင့်ထားခဲ့သော်လည်း သူက ခေါင်းတစ်ချက်သာ ဆတ်ပြရင်း “မင်း ဘာလုပ်လုပ် မင်းကိစ္စပဲလေ။ မင်းရဲ့ တစ်ကိုယ်ရည်ဆုံးဖြတ်ချက်ကို ငါ ဘာမှ စွတ်ဖက်စရာ အကြောင်းမရှိပါဘူး” ပြောပြီး လမ်းဆက်လျှောက်နေခဲ့သည်။ တစ်ခဏမျှ လျှောက်ပြီးနောက် တုံ့ရပ်သွားပြန်သည်။ သူ၏ မျက်လုံးတစ်စုံသည် မိုင်ဟာရာ၏ ခြံရှေ့တွင် ရပ်ထားသော စက်ဘီးကို စိုက်ကြည့်နေလေသည်။

“အဲဒီ စက်ဘီးက ဘာဖြစ်လို့လဲ” မာကျုမီယာက မေးလိုက်သည်။

“ဘာမှ မဖြစ်ပါဘူး။ ကဲ … ငါတို့ အမြန်သွားကြစို့။ နမူနာယူစရာ အိမ်နည်းနည်း ကျန်နေသေးတယ်” ကာဂါသည် ချာခနဲ လှည့်ထွက်သွားလေသည်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *