နံနက် ၁၀ နာရီ ထိုးပြီးကာစ အချိန်မှာပင် အင်တာကွန်းမှ အသံ မြည်လာသည်။
ထမင်းစား စားပွဲ၏ ဟိုဘက်ဒီဘက်တွင် မျက်နှာချင်းဆိုင်လျက် ထိုင်နေကြသော လင်မယားနှစ်ယောက်သည် တစ်ယောက်မျက်နှာကို တစ်ယောက်က ကြည့်နေမိကြသည်။
ယာအေကိုသည် ဖြည်းညင်းစွာ ထလိုက်ပြီး အင်တာကွန်း လက်ကိုင်ကို ကိုင်၍ တိုးညှင်းသော လေသံဖြင့် ဖြေကြားနေသည်။
“….. ဟုတ်ကဲ့။ ခဏစောင့်ပါဦးရှင့်” သူသည် အင်တာကွန်း လက်ကိုင်ကို ပြန်ချပြီးနောက် အာကီအိုကို တွေတွေကြီး စိုက်ကြည့်နေသည်။
“သူတို့ လာပြီ”
“အင်း” သူသည် အဖြေပေးရင်း ထိုင်ခုံမှ ထရပ်လိုက်သည်။
“ဘယ်နေရာမှာ သူတို့နဲ့ စကားပြောမှာလဲ”
“ဧည့်ခန်းမှာပဲပေါ့”
“အဲဒါပဲ ကောင်းပါတယ်”
အာကီအိုသည် ခြံတံခါးကို ဖွင့်လိုက်သောအခါ ခန္ဓာကိုယ် တောင့်တင်းကျစ်လစ်သော ယောက်ျားနှစ်ယောက် အပြင်ဘက်တွင် ရပ်နေသည်ကို တွေ့ရသည်။ သူ့အတွက်တော့ မျက်နှာစိမ်းများ မဟုတ်ကြတော့ပေ။ ပြောစရာ ကိစ္စ ရှိသည်ဟုသာ ဖုန်းထဲတွင် သူ အသိပေးထားသောကြောင့် သူနှင့် ရင်းနှီးပြီးသား ရဲအရာရှိများကို စေလွှတ်လိုက်ခြင်း ဖြစ်ရမည်ဟု သူ တွေးနေမိသည်။
“ဆရာတို့ကို တကူးတက လာဖို့ ခေါ်လိုက်ရတာ အားနာစရာပဲ” အာကီအိုက ခေါင်းငုံ့ကာ အားနာဟန်ဖြင့် ပြောနေသည်။
“ကျွန်တော်တို့ကို အရေးတကြီး ပြောစရာရှိတယ် ကြားလို့။ ဘာများပါလိမ့်” မာကျုမီယာက မေးလိုက်သည်။
“ဟုတ်ပါတယ်။ အထဲမှာ အေးအေးဆေးဆေး ပြောကြရအောင်လား”
အာကီအိုသည် ခြံတံခါးကို ခပ်ကျယ်ကျယ် ဖွင့်ပေးလိုက်ပြီးနောက် အရာရှိနှစ်ဦးကို ဧည့်ခန်းသို့ ဦးဆောင်၍ ခေါ်လာခဲ့သည်။
ရဲအရာရှိ နှစ်ဦးကို မြက်ဖျာ ၆ ချပ်စာမျှ ကျယ်ဝန်းသော အခန်းထဲသို့ ခေါ်လာခဲ့သည်။ ခန္ဓာကိုယ် တောင့်တင်းကျစ်လစ်သော ရဲအရာရှိနှစ်ဦးတို့ အသီးသီး နေရာယူလိုက်ကြသောအခါ ထိုအခန်းမှာ သေးကျုံ့သွားသယောင် ထင်ရပေသည်။
ယာအေကိုသည် ရေနွေးကြမ်း လာချပေးရင်း သူတို့ကို ဦးညွတ်၍ နှုတ်ဆက်လိုက်သည်။ သို့သော် သူတို့ နှစ်ဦးသည် ရေနွေးကြမ်းပန်းကန်ကို မထိကြသေးဘဲ သူတို့အား ခေါ်ရသည့် အကြောင်းအရင်းကို သိလိုဇောဖြင့်သာ ထိုလင်မယားကို စိုက်ကြည့်နေကြသည်။
“ဒါနဲ့ အိချိုပန်းခြံအမှုကို စစ်ဆေးနေတာ ဘာတွေများ ထူးခြားမှု ရှိပြီလဲ မသိဘူးနော်” ယာအေကိုသည် သတိကြီးကြီးထားကာ မေးလိုက်သည်။
“အခုမှ အစပဲ ရှိပါသေးတယ်။ ဒါပေမယ့် သတင်းအချက်အလက် အတော်များများတော့ စုဆောင်းလို့ ရနေပါပြီ” မာကျုမီယာက ပြန်ဖြေသည်။
“သဲလွန်စ ရပြီလားဗျ” အာကီအိုကလည်း ဝင်မေးပြန်သည်။
“အဲ၊ အဲဒါကတော့ …….” မာကျုမီယာသည် သံသယဖြင့် ထိုလင်မယားနှစ်ယောက်၏ မျက်နှာများကို တစ်လှည့်စီ ကြည့်နေမိသည်။
ကာဂါသည် လက်ကို ဆန့်တန်းလိုက်ပြီး ရေနွေးကြမ်းခွက်ကို လှမ်းယူကာ တစ်ငုံသောက်ရင်း အာကီအိုကို စိုက်ကြည့်နေသည်။ ထိုအကြည့်က လူတစ်ယောက်၏ အတွင်းအဇ္ဈတ္တသို့ ထိုးဖောက်ဝင်ရောက်သွားသည့်နှယ် ခံစားလိုက်ရသောကြောင့် အာကီအိုမှာ ကြက်သီးထသွားလေသည်။
“ဆရာတို့ ကျွန်တော်တို့အိမ်က မြက်ပင်တွေကို နမူနာယူသွားပြီး ဓာတ်ခွဲတာ အဖြေထွက်ပြီလား”
မာကျုမီယာသည် ဇဝေဇဝါဖြင့် သူ့ဘေးတွင် ထိုင်နေသော ကာဂါကို လှည့်ကြည့်လိုက်သည်။ ကာဂါက အလိုက်သိစွာဖြင့် “အလောင်းပေါ်မှာ မြက်တချို့ ကပ်ပါလာခဲ့တယ်။ အဲဒါတွေနဲ့ ကျွန်တော်တို့ တိုက်ဆိုင် စစ်ဆေးကြည့်ပြီးပါပြီ”
“ဒီလိုလား။ ……. ကျွန်တော်တို့အိမ်က မြက်နဲ့ …… အဲဒီအပေါ်ကဟာနဲ့ အတူတူပဲလား”
“ခင်ဗျားတို့က ဘာဖြစ်လို့ အဲဒါကို သိချင်နေရတာလဲ”
“ကြည့်ရတာ အတူတူပဲ ထင်တယ်”
ကာဂါကတော့ ချက်ချင်း အဖြေ မပေး။ သူ၏ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ခြင်းအားဖြင့် တိကျသော အဖြေတစ်ခုကို ပေးရန် သင့် မသင့် ဟူသော အချက်ကို ဆင်ခြင်သုံးသပ်နေပုံ ရသည်။
“တကယ်လို့ ထပ်တူညီတယ်ဆိုရင် ခင်ဗျားတို့ ဘာလုပ်ဖို့ ကြံရွယ်ထားသလဲ”
အာကီအိုသည် ထိုစကားကို ကြားရသောအခါ ထွက်သက်ကို ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်သည်။
“ဆရာတို့ကို ခေါ်လိုက်တာ မှန်သွားတယ် ပြောရမယ်။ ဘယ်အရာမျိုးကိုမဆို ရေရှည်
ဖုံးဖိထားလို့
ရတာမှ မဟုတ်တာ”
“မစ္စတာ မိုင်ဟာရာ၊ ခင်ဗျား ဘာပြောချင် …..” မာကျုမီယာသည် စိတ်မရှည်နိုင်တော့ဘဲ စားပွဲဘက်နှင့် နီးနိုင်သမျှ နီးအောင် ပြင်ထိုင်လိုက်သည်။
“မစ္စတာကာဂါ၊ မစ္စတာမာကျုမီယာ” အာကီအိုသည် ခေါင်းငုံ့ကာ လက်နှစ်ဘက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း “ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ်။ တကယ်တော့ ကလေးမလေးရဲ့ အလောင်းကို ပန်းခြံရဲ့ အိမ်သာထဲမှာ ပစ်ထားခဲ့တဲ့သူက …….. ကျွန်တော်ပါပဲ”
အာကီအိုသည် ချောက်ကပ်ပါးပျက်ထဲသို့ ခုန်ချလိုက်ရသလို ခံစားနေမိသည်။ သူ့အတွက် နောက်လှည့်ဖို့ အပြန်လမ်း မရှိတော့ပြီ မဟုတ်လား။ တစ်ခန်းလုံးမှာလည်း ဘာသံမျှ မကြားရတော့ဘဲ တိတ်ဆိတ်သွားလေရာ ထိုတိတ်ဆိတ်မှုကပင် သူ့ကို ညှဉ်းဆဲနေသယောင် ထင်ရသည်။ အာကီအိုသည် တစ်ချိန်လုံး ခေါင်းငုံ့နေသောကြောင့် ရဲအရာရှိများ၏ အမူအရာကို မမြင်ရချေ။
မကြာခင် ယာအေကို၏ ရှိုက်သံများ ထွက်ပေါ်လာသည်။ သူဘေးတွင် ထိုင်နေသော ယာအေကိုသည်လည်း သူ့လိုပင် ခေါင်းငုံ့ထားပေလိမ့်မည်။
“ခင်ဗျားက ကလေးမလေးကို သတ်ခဲ့တယ်လို့ ပြောချင်တာလား” မာကျုမီယာက မေးလိုက်သည်။ သူ၏ စကားသံထဲတွင် အံ့ဩသည့် အရိပ်အယောင် မပါသည်ကို သတိထားမိသည်။ အမှုနှင့် ပတ်သက်ပြီး အာကီအိုတို့ထံမှ ပွင့်ပွင့်လင်းလင်း ကြားရတော့မည်ဟု မရောက်ခင်ကတည်းက သူတို့ မျှော်လင့်ထားခဲ့ကြဟန် တူသည်။
“မဟုတ်ပါဘူး” အာကီအိုက ပြောရင်း ခေါင်းမော့ကြည့်လိုက်သည်။ ရဲအရှိရာနှစ်ဦး၏ အမူအရာမှာ စရောက်စဉ်ကထက် ပိုပြီး တည်ငြိမ်လေးနက်နေကြသည်။
“ကျွန်တော် သတ်တာ မပါဘူး။ ဒါပေမယ့် ……. တရားခံက ကျွန်တော့်အိမ်ထဲကလူ ဖြစ်နေတယ်”
“တရားခံက ခင်ဗျားရဲ့ မိသားစုဝင် တစ်ယောက်လို့ ဆိုလိုတာလား”
“ဟုတ်ပါတယ်” အာကီအိုက ခေါင်းညိတ်လိုက်သည်။
မာကျုမီယာသည် ခေါင်းငုံ့နေဆဲဖြစ်သော ယာအေကိုဘက်သို့ လှည့်ကြည့်မိသည်။
“မ … မဟုတ်ဘူး။ ကျွန်တော့်ဇနီးလည်း မဟုတ်ပါဘူး”
“ဒါဆို ……”
“တကယ်တော့” အာကီအိုသည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ဆက်ပြောရမည့် စကားအတွက် နောက်ဆံတင်းနေပြန်သည်။ တစ်ခဏအကြာတွင် လုံးဝ စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် “ကျွန်တော့် အမေပါ”
“ခင်ဗျား အမေ?” မာကျုမီယာသည် သူ့နားသူပင် မယုံနိုင်အောင် ဖြစ်သွားပြီး မျက်ခုံးပင့်ကာ ဘေးကပ်လျက်ရှိ ကာဂါကို လှမ်းကြည့်နေသည်။
ကာဂါက ပြန်မေးလေသည်။ “တရားခံက ခင်ဗျားရဲ့ အမေ၊ ဟုတ်လား”
“ဟုတ်ပါတယ်”
“ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ်ရက်က တွေ့ခဲ့တဲ့ အမယ်အိုကို ပြောတာမလား” ကာဂါက စိတ်မသက်မသာဖြင့် သေချာအောင် ပြန်မေးနေသည်။
“ဟုတ်ပါတယ်” အာကီအို၏ ရင်ထဲတွင် တင်းကျပ်နေသည်။ နှလုံးခုန်နှုန်းကလည်း အရှိန်တက်လာကြပြီ။
‘အဲဒီလို လုပ်သင့်ရဲ့လား’ ထိုအတွေးက သူ့ဦးနှောက်ထဲတွင် ဘောင်ဘင်ခတ်နေသည်။
‘တခြားနည်းလမ်းမှ မရှိတာပဲ’ ထိုသို့သော စကားများဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်၍ နှစ်သိမ့်နေမိပြန်သည်။
“ဆရာတို့ ကလေးမလေးရဲ့ ဓာတ်ပုံကို ကိုင်ပြီး သူ့ကို တွေ့ဖူးသလားလို့ ကျွန်တော်တို့ကို မေးခဲ့ဖူးတယ်လေ။ အဲဒီတုန်းက ကျွန်တော်ရော ကျွန်တော့်ဇနီးကပါ မမြင်ဖူးဘူးလို့ ပြောခဲ့တယ် မဟုတ်လား”
“ဟုတ်ပါတယ်” ကာဂါက ခေါင်းညိတ်ပြသည်။ “အဖြစ်မှန်က အဲဒီလို မဟုတ်ဘူးလား”
“တကယ်တော့ ကျွန်တော့်ဇနီးက အဲဒီ ကလေးမလေးကို အကြိမ်ကြိမ် တွေ့ခဲ့ဖူးပါတယ်။ သူက ကျွန်တော်တို့ရဲ့ နောက်ဖေး ပန်းရုံထဲကို မကြာမကြာ လာတတ်တယ်”
“နောက်ဖေး?” ကာဂါသည် ယာအေကိုဘက်သို့ လှည့်လိုက်သည်။
သူက ခေါင်းငုံ့ထားရင်း “ကျွန်မရဲ့ ယောက္ခမက နောက်ဖေး ပန်းရုံအောက်မှာ အရုပ်နဲ့ ကစားနေတာကို အဲဒီကလေးမလေးက ခဏခဏ လာကြည့်နေလေ့ရှိတယ်။ ကျွန်မတို့ရဲ့ နောက်ဖေး ခြံစည်းရိုးမှာ တိုင်တစ်တိုင် ကျိုးနေတာ ရှိတယ်။ သူက အဲဒီကနေ ဝင်ဝင်လာတာ ဖြစ်မယ်။ သူကလည်း အဲဒီအရုပ်ကို စိတ်ဝင်စားနေတော့ ကျွန်မ ယောက္ခမနဲ့ အတူတူ ထိုင်နေကြတာ မြင်ဖူးနေတယ်။ ဒါပေမယ့် သူက ဘယ်အိမ်က ကလေးဆိုတာတော့ ကျွန်မ မသိဘူး”
ရဲအရာရှိနှစ်ဦးသည် တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်နေမိသည်။
“ခင်းဗျားတို့ရဲ့ အမေက အခု ဘယ်မှာလဲဗျ” မာကျုမီယာက မေးလိုက်သည်။
“သူ့အခန်းထဲမှာပါ”
“ကျွန်တော်တို့ သူ့ကို တွေ့လို့ရမလား”
“အင်း၊ ရတာပေါ့။ ဒါပေမယ့် ……” အာကီအိုသည် အရာရှိနှစ်ဦး၏ မျက်နှာကို တစ်လှည့်စီ ကြည့်လိုက်ပြီး “ကျွန်တော့်အမေက အဲဒီလိုကြီး ဖြစ်နေတယ်ဆိုတာ ဆရာတို့ကို ပြောပြထားဖူးတာပဲ။ သူနဲ့ စကား အေးအေးဆေးဆေး ပြောနိုင်ဖို့ကတော့ မဖြစ်နိုင်ဘူး ထင်တယ်။ သူကိုယ်တိုင်တောင် ဘာတွေ လုပ်ထားမှန်း သိတော့တာ မဟုတ်ဘူး။ ……. ဒါကြောင့် သူ့ကို မေးခွန်းမေးလို့တော့ ဘာအကြောင်းမှ ထူးလာမယ် မထင်ဘူး”
“ဒီလိုလား” မာကျုမီယာက ကာဂါကို လှမ်းကြည့်သည်။
“ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ သူ့ကို အရင် သွား ကြည့်ကြည့်ကြရအောင်လား” ကာဂါက ဝင်ပြောသည်။
“ရပါတယ် ဆရာ။ ကျွန်တော် သဘောပေါက်ပါတယ်”
အာကီအို မတ်တတ်ထရပ်လိုက်သည်နှင့် ရဲအရာရှိ နှစ်ဦးလည်း သူတို့နေရာများမှ အသီးသီး ထရပ်လိုက်ကြသည်။ ယာအေကိုကတော့ ခေါင်းငိုက်စိုက်ချလိုက် ထိုင်မြဲထိုင်ဆဲ။
သူတို့သည် လျှောက်လမ်းအတိုင်း လျှောက်လာခဲ့ကြပြီး လမ်း၏ အဆုံးတွင် ဆွဲတံခါးတစ်ခုကို တွေ့ကြရသည်။ အာကီအိုက ထိုတံခါးကို ဖြည်းဖြည်းချင်း ဆွဲဖွင့်လိုက်သည်။ အခန်းထဲတွင် စားပွဲပုလေး တစ်လုံးသာ ရှိပြီး အခန်းတွင်း အပြင်အဆင်မှာ အလွန်တရာ ရိုးရှင်းလှသည်။ ယခင်က ထိုအခန်းထဲတွင် မှန်တင်ခုံ စသော ပရိဘောဂပစ္စည်းများ ရှိခဲ့ဖူးသည် မှန်သော်လည်း မာဆာအေ သူငယ်ပြန်သည့်အချိန်မှ စ၍ ယာအေကိုသည် ၎င်းတို့ကို တစ်ခုချင်းစီ ဖယ်ထုတ်ပြီး ရောင်းစားပစ်ခဲ့သည်။ မာဆာအေ မရှိတော့သည့် တစ်နေ့တွင် သူတို့ လင်မယားနှစ်ယောက်သည် ထိုအခန်းသို့ ပြောင်းလာနေမည်ဟု ယာအေကိုက ကြံစည်ထားရုံတင် မကဘဲ မကြာခဏပင် ပြောနေတတ်သည်။
မာဆာအေသည် နောက်ဖေး ပန်းရုံကို လှမ်းမြင်နိုင်သော ပြတင်းပေါက်ဘက်သို့ မျက်နှာပြုကာ ထိုင်နေလေသည်။ တစ်ဦးတစ်ယောက်က တံခါး ဆွဲဖွင့်ခဲ့သည်ကိုလည်း သူက သတိပြုမိဟန် မတူ။ သူ့လက်ထဲမှ အရုပ်ကိုသာ စိုက်ကြည့်ရင်း တစ်ခုခု ရေရွတ်နေသည်။ ထိုအရုပ်မှာ ညစ်ပတ်ပေရေနေပြီး အတော်ပင် ဟောင်းနွမ်းနေပြီဖြစ်သော ဘာဘီရုပ် ဖြစ်သည်။
“အဲဒါ ကျွန်တော့် အမေပဲ”
ရဲအရာရှိများက ဘာမျှ မပြောဘဲ ငြိမ်နေကြသည်။ သူတို့ ဘာဆက်လုပ်ရမည်နည်းဟု တွေးတောနေကြပုံ ရသည်။
“ကျွန်တော်တို့ သူနဲ့ စကားနည်းနည်း ပြောကြည့်လို့ ရမလား” မာကျုမီယာက မေးလေသည်။
“ဆရာတို့ သဘောပါ”
မာကျုမီယာသည် မာဆာအေအနားသို့ ကပ်သွား၍ အနီးတွင် ထိုင်ချလိုက်ပြီး ထိုအရုပ်ကို အနီးကပ် စိုက်ကြည့်နေသည်။
“နေကောင်းလား အမေကြီး”
မာဆာအေက တုံ့ပြန်ဖော် မရ။ ထိုရဲဘော်ကိုပင် တစ်ချက်ကလေးမျှ မကြည့်ဘဲ သူ့လက်ထဲရှိ အရုပ်မှ ဖြာကျနေသော ဆံပင်ကို ဆွဲနေသည်။
“ဆရာတို့ မြင်တဲ့အတိုင်းပဲ” အာကီအိုသည် ကာဂါကို ကြည့်ရင်း ပြောသည်။
ကာဂါသည် လည်ကို ဆန့်၍ သူ့မြင်ရသမျှကို မျက်တောင်မခတ်ဘဲ အကဲခတ်ကြည့်နေပြီး ခဏကြာမှ မာကျုမီယာကို လှမ်းပြောလိုက်သည်။
“ငါတို့ အခု လောလောဆယ် မစ္စတာမိုင်ဟာရာ ရှင်းပြမှာကို အရင်ဆုံး နားထောင်ကြည့်ကြရအောင်”
မာကျုမီယာသည် မတ်တပ်ရပ်လိုက်ပြီး ခေါင်းညိတ်ပြသည်။ “ဟုတ်တာပဲ”
ကာဂါနှင့် မာကျုမီယာတို့သည် ထိုအခန်းအတွင်းမှ ပြန်ထွက်လာကြသောအခါ အနောက်မှ လိုက်ပါလာသော အာကီအိုသည် တံခါးကို ပြန်ဆွဲပိတ်လိုက်သည်။ မာဆာအေကတော့ နဂိုနေရာမှာပင် အရုပ်ကို ကိုင်လျက်သား ထိုင်နေလေသည်။
“ကျွန်မ ပြန်ရောက်တဲ့ အချိန်က ည ၆ နာရီလောက် ဖြစ်လိမ့်မယ် ထင်တယ်။ ကျွန်မရဲ့ အလုပ်က ၅ နာရီခွဲမှာ ပြီးပါတယ်။ ပြန်ရောက်ပြီး တစ်ခဏနေတော့ အမေ ဘယ်လိုနေသေးသလဲလို့ သိရအောင် ကျွန်မက အမေရဲ့ အခန်းကို သွားကြည့်ခဲ့တယ်။ အဲဒီရောက်တော့ ကျွန်မ မြင်လိုက်ရတာကို ကျွန်မဖြင့် ယုံတောင် မယုံနိုင်ခဲ့ဘူး။ သူ့အခန်းရဲ့ အလယ်မှာ ကလေးမလေးတစ်ယောက် လဲနေတယ်။ တစ်ကိုယ်လုံး ပျော့ခွေနေပြီး တစ်ချက်ကလေးမှ လှုပ်တာ မတွေ့ရဘူး။ ကျွန်မ အမေကတော့ သူ့ကို ကျောပေးပြီး ကျိုးသွားတဲ့ သူ့အရုပ်ကိုပဲ စိတ်ဝင်စားနေခဲ့တယ်”
ရဲအရာရှိများအား ဖွင့်ဟပြောနေသော ယာအေကို၏ စကားများ အားလုံးကို ချက်ချင်း မှတ်တမ်းယူနေကြသည်။ မာကျုမီယာက ပြောသမျှကို လုံးစေ့ပတ်စေ့ လိုက်မှတ်နေသော်လည်း ကာဂါကတော့ အရေးကြီးသည်ဟု ထင်ရသော အချက်များကိုသာ မှတ်သားနေပုံရသည်။ မာကျုမီယာကဲ့သို့ တစ်ချိန်လုံး ရေးနေခြင်းမျိုး မဟုတ်။
“ကျွန်မ ကလေးမလေးရဲ့ ကိုယ်ကို လှုပ်ယမ်းကြည့်သေးတယ်။ နှာခေါင်းပေါက်နားလည်း စမ်းကြည့်မိတယ်။ အသက်ရှူတာ မတွေ့ရလို့ သေနေပြီဖြစ်ကြောင်း သိရတော့မှ ကျွန်မ ပိုပြီး ထိတ်လန့်သွားခဲ့တယ်”
ယာအေကို၏ ပြောစကားများကို နားထောင်ရင်း အာကီအို၏ ချိုင်းအောက်မှ ချွေးများ ယိုစီးကျနေသည်ကို ခံစားနေရသည်။
သူတို့နှစ်ယောက် အတူတကွ ရေးဆွဲခဲ့ကြသော ဇာတ်ညွှန်းတစ်ပုဒ်။ သဘာဝမကျသည့် အစိတ်အပိုင်းများ၊ ဝိရောဓိ ဖြစ်စေမည့် အချက်အလက်များ၊ သံသယဖြစ်စရာ အမူအရာများ ပါဝင်ခဲ့လျှင် ရဲဌာန၏ သင်္ကာမကင်းမှုကို ခံရပေမည်။ ထိုစိုးရိမ်စိတ်ကြောင့် သူတို့အားလုံး အကြိမ်ကြိမ် အထပ်ထပ် ဝေဖန် သုံးသပ်ခဲ့ကြသည်။ လေ့ကျင့်ခဲ့ကြသည်။ သာမန် လူတစ်ယောက်ကသာ ရေးဆွဲခဲ့သော ဇာတ်ညွှန်းတစ်ပုဒ် ဖြစ်သောကြောင့် ပါးနပ်သော မှုခင်းစုံထောက်များ၏ အမြင်တွင် လစ်ကွက်ဟာကွက် အရာအထောင်မကလည်း ရှိနေနိုင်သည်။ ထိုသို့ ဖြစ်နိုင်ခြေ ရှိမှန်းသိသော်လည်း သူတို့အတွက် ထိုသို့ ဇွတ်မှိတ်၍ လုပ်ရန်သာ ရှိတော့သည်။ ၎င်းမှာ သူတို့၏ တစ်ခုတည်းသော ထွက်ရပ်လမ်းပဲ မဟုတ်ပါလား။
“ကျွန်မက အမေ့ကို မေးကြည့်တယ်။ ဒီကလေးက ဘယ်လို ဖြစ်ရတာလဲပေါ့။ အမေရဲ့ ပုံစံကလည်း ဆရာတို့ မြင်တဲ့အတိုင်းပဲ။ လိုရင်းကို ဘယ်လိုမှ ဖြေနိုင်မှာ မဟုတ်ဘူးလေ။ သူ့ကို ကြည့်ရတာ ကျွန်မ ဘာကို ဆိုလိုနေမှန်းတောင် သိပုံ မရဘူး။ ကျွန်မက မရမက အတင်း ဇွတ်မေးတော့မှ အဲ့ကောင်မလေးက သူ့အကြိုက်ဆုံး အရုပ်ကို ချိုးပစ်လို့ ဆုံးမပစ်လိုက်တယ်တဲ့”
“ဆုံးမတယ်?” မာကျုမီယာမှာ ထိုစကားလုံးကို နားမလည်မှန်း သိသာနေသည်။
“ပြောရရင်တော့” အာကီအိုက ကြားဝင် ဖြေလိုက်သည်။ “ကလေးတွေ တစ်ယောက်နဲ့ တစ်ယောက်အကြား စိတ်အခန့်မသင့် ဖြစ်ကြတဲ့အချိန် ဖြစ်တတ်တဲ့ စိတ်သဘောထားမျိုး နေမှာပေါ့။ အဲဒီ ကလေးမလေးက ဘာတွေ လုပ်ခဲ့သလဲ ဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူး။ သေချာတာကတော့ ကျွန်တော့်အမေကို စိတ်ဆိုးအောင် လုပ်ခဲ့တယ် ထင်ပါတယ်။ ဒါမှမဟုတ် တအား ဆော့လို့ပဲလား မသိဘူး။ နောက်ဆုံးတော့ ကျွန်တော့်အမေက ကလေးအချင်းချင်း ရန်ဖြစ်ကြသလို သူ့ကို ကောင်းကောင်း ဆုံးမပစ်လိုက်မယ်ဆိုပြီး ခြေလွန်လက်လွန်တွေ ဖြစ်ကုန်တယ် ထင်ပါတယ်။ သူက အသက်တော်တော် ကြီးပြီ ဆိုပေမယ့် အခုထိ အားကောင်းမောင်းသန် ရှိတုန်းဗျ။ အဲဒီလောက် ငယ်တဲ့ ကလေးက သူ့လက်ထဲကနေ ရုန်းထွက်ဖို့ဆိုတာ မလွယ်လောက်ဘူး”
အာကီအိုသည် ထိုစကားများကို နှုတ်မှ ပြောနေရသော်လည်း သူ့ကိုယ်သူပင် ယုံကြည်မှု မရှိသလို ခံစားနေရသည်။ သူတို့ ဆွဲထားသော ဇာတ်ညွှန်းကို မှုခင်းရဲများက သာသာကြည်ကြည် လက်ခံသွားနိုင်ပါ့မလား။
မာကျုမီယာက ယာအေကိုကို လှမ်းကြည့်လိုက်ပြီး “ဒီတော့ မစ္စစ်မိုင်ဟာရာက ဘာဆက်လုပ်သလဲ”
“ကျွန်မက ကျွန်မ အမျိုးသားဆီ ဖုန်းဆက်ရတော့တာပေါ့” သူက ပြန်ဖြေသည်။ “ကျွန်မ မှတ်တာ မမှားရင်တော့ ၆ နာရီခွဲလောက် ဖြစ်မှာပဲ”
“ခင်ဗျားက ဖုန်းထဲကနေ အခု ဖြစ်ပျက်ခဲ့သမျှ အကုန်လုံးကို ပြောပြလိုက်ရောလား”
“မပြောပါဘူး ……. ကျွန်မ ဘယ်ကနေ စပြောရမှန်းကို မသိတော့အောင် ဖြစ်နေခဲ့တာ။ ဒါကြောင့် သူ့ကို ချက်ချင်း အိမ်ပြန်လာခဲ့ဖို့ ပြောရတာပဲ။ ပြီးတော့ ကျွန်မ ယောင်းမက ပုံမှန်ဆိုရင် အမေ့ကို ပြုစုဖို့ မကြာခင် ရောက်လာတော့မှာ။ ဒါကြောင့် ကျွန်မယောက်ျားကို သူ့ဆီ ဖုန်းဆက်ခိုင်းပြီး မလာဖို့ တားထားရတာပေါ့”
ထိုစကားများမှာ အမှန်များ ဖြစ်ကြသည်။ ထိုအကြောင်းကြောင့်လား မပြောတတ်။ ယာအေကို၏ လေသံ အနိမ့်အမြင့်အသံနေအသံထားမှာ သဘာဝကျပြီး တည်ငြိမ်နေသည်။
“မစ္စစ်မိုင်ဟာရာ …..” မာကျုမီယာသည် ယာအေကိုကို ကြည့်လျက် “အဲဒီအချိန်တုန်းက ခင်ဗျားအနေနဲ့ ဘာဆက်လုပ်ဖို့ ရွယ်ရည်ထားခဲ့သလဲ။ ရဲစခန်းကို ဆက်သွယ်ဖို့ အစီအစဉ် မရှိဘူး မဟုတ်လား”
“စဉ်းတော့ စဉ်းစားမိတာပေါ့။ ဒါပေမယ့် ကျွန်မအမျိုးသားနဲ့ အရင် တိုင်ပင်ကြည့်ဦးမယ်လို့ စိတ်ကူးခဲ့တာ”
“ဒါဆို ခင်ဗျား အမျိုးသား အိမ်ပြန်ရောက်တော့ အဲဒီ အလောင်းကို တွေ့ရဦးမှာပေါ့”
အာကီအိုက ခေါင်းညိတ်ပြသည်။
“ကျွန်တော် အရမ်းကို တုန်လှုပ်သွားခဲ့တာ။ ဒီကိစ္စကို သူပြောတာ နားထောင်လို့လည်း ပြီးရော ကျွန်တော့်ခေါင်း တစ်ခေါင်းလုံး မူးနောက်သွားသလိုပဲ”
ဤသည်လည်း အမှန်တရားပင်။
“ဒါဆို ဘယ်သူက အလောင်းကို လွှင့်ပစ်ဖို့ အရင်ဆုံး အဆိုပြုခဲ့တာလဲ” ဤအမှုအတွက် အရေးပါသော မေးခွန်းတစ်ခုကို မာကျုမီယာသည် ထောက်ညှာမနေတော့ဘဲ မေးချလိုက်သည်။
ယာအေကိုသည် အာကီအိုကို မျက်စိဆွေ၍ တစ်ချက် ကြည့်လိုက်သည်။ အာကီအိုကလည်း ၎င်းကို သတိထားမိသည်။ သူ၏ ပင့်သက်ရှိုက်သံတစ်ချက် ထွက်ပေါ်လာသည်။
“ဘယ်သူက စပြီး အကြံပေးတယ် ရယ်လို့တော့ မပြောတတ်ဘူး။ ပြောမယ်ဆိုရင် မသိလိုက် မသိဘာသာပဲ နှစ်ယောက်စလုံးက ဒီလမ်းကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပဲ ဖြစ်မယ်။ တကယ်လို့ ရဲကို အကြောင်းကြားလိုက်မယ်ဆိုရင် ကျွန်တော်တို့လည်း ဒီမှာ ဆက်နေဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလေ။ ဒါကြောင့် ဖုံးနိုင်သလောက် ဖုံးကြဖို့ပဲ ရှိတော့တယ်။ ဒါတွေက ကျွန်တော်တို့ အဓိက ဆွေးနွေးခဲ့ကြတဲ့ အချက်တွေပါပဲ။ နောက်တော့ ကျွန်တော်တို့ စဉ်းစားမိကြတယ်။ အလောင်းကို တစ်နေရာ ရွှေ့ထားလိုက်ရင် အဆင်ပြေကောင်းရဲ့ပေါ့”
အာကီအိုသည် ထိုစကားများကို ပြောနေစဉ် တစ်ဘက်မှလည်း တခြားအကြောင်းအရာ တစ်ခုကို တွေးနေမိသည်။ ဤခြံဝင်းကို ရောင်းပစ်မှ ဖြစ်ပေတော့မည်။ သို့သော် လူသတ်မှု ဖြစ်ခဲ့ဖူးသော ဤနေရာမျိုးကို မည်သူက ဝယ်ဖို့ စိတ်ဝင်စားပါဦးမည်နည်း။
“ဒါဆို ခင်ဗျားတို့က ဘာဖြစ်လို့ အလောင်းကို အိချိုပန်းခြံထဲမှာ ပစ်ခဲ့ရတာလဲ” မာကျုမီယာက မေးလေသည်။
“ဘာမှတော့ ထွေထွေထူးထူး မဟုတ်ပါဘူး။ သွားနိုင်မယ့် တခြားနေရာတစ်ခုလည်း စဉ်းစားလို့မှ မရခဲ့တာ။ ကျွန်တော်တို့ဆီမှာ ကားမရှိဘူးလေ။ အဝေးကြီးမှ မသွားနိုင်ဘဲ”
“ဘယ်အချိန်မှာ အလောင်းကို သွားပစ်ခဲ့တာလဲ”
“ကျွန်တော်တို့ အတော် မှောင်တဲ့အထိ စောင့်ခဲ့ကြတယ်။ အဲဒီအချိန်က သန်းခေါင်တောင် ကျော်နေပြီ။ ၂ နာရီ၊ ၃ နာရီလောက် ဖြစ်မယ်”
“ဒါဆို” မာကျုမီယာက စာရေးဖို့ ဘောပင်ကို ဟန်ပြင်လိုက်ပြီး “အဲဒီ အခြေအနေတွေကိုလည်း အသေးစိတ် ပြောပြပါဦး”