မိုင်ဟာရာတို့၏ အိမ်မျက်နှာချင်းဆိုင်တွင် ဖူတိုဒါ မိသားစု၏ အိမ်ရှိသည်။ သူတို့၏ အိမ်မှာ သစ်လွင်ပြီး သန့်ရှင်းသပ်ရပ်သည်။ သို့သော် မြက်ခင်းပြင် စိုက်ပျိုးထားခြင်း မရှိ။ မာကျုမီယာက အင်တာကွန်းကို ခလုတ်နှိပ်ပြီး သူ မည်သူမည်ဝါ ဖြစ်ကြောင်းကို အသိပေးလိုက်သည်။ ခြံတံခါးဝမှ အသက် ၃၅၊ ၃၆ နှစ်ခန့်ရှိသော အိမ်ရှင်မတစ်ယောက် ထွက်လာသည်။
“ခင်းဗျားတို့အိမ် မျက်နှာချင်းဆိုင်က မိုင်ဟာရာတို့ရဲ့ အကြောင်းလေး နည်းနည်း သိချင်လို့ ကျွန်တော်တို့ကို မေးခွင့်ပြုပါလား” မာကျုမီယာက ဝေ့ဝိုက်မနေတော့ဘဲ တဲ့တိုးသာ မေးချလိုက်သည်။
“ဘာအကြောင်းလဲ”
အမျိုးသမီး၏ တအံ့တဩ ဖြစ်နေသော မျက်နှာ အမူအရာမှာ သိသာလွန်းနေသည်။ သူ့မျက်လုံးမှာလည်း စပ်စုလိုသော အရိပ်အယောင်များ ယှက်သန်းလျက်။ ထိုသို့သော သူမျိုးထံမှ သိချင်သော အကြောင်းအရာများကို အလွယ်တကူ အစ်အောက်နိုင်လိမ့်မည်ဟု မာကျုမီယာ တွေးမိသည်။
“အခုတလော သူတို့အိမ်မှာ ထူးထူးခြားခြား ဖြစ်ပျက်နေတာ ဘာများ သတိထားမိလဲဗျ။ ဒီ နှစ်ရက်၊ သုံးရက်အတွင်းမှာပေါ့”
မာကျုမီယာ၏ အမေးကို ကြားရသောအခါ အမျိုးသမီးက တစ်ခဏမျှ စဉ်းစားနေသည်။
“ပြောရရင်တော့ အခုတလော သူတို့ကို သိပ်မတွေ့မိသလိုပဲ။ အရင်ကတော့ ကျွန်မနဲ့ အဲဒီအိမ်က မစ္စစ်မိုင်ဟာရာနဲ့က မကြာခဏ စကားပြောဖြစ်ကြတယ်။ ဒါနဲ့ ဟိုကလေးမလေး အသတ်ခံရတဲ့ အမှုနဲ့များ ပတ်သက်နေတာလား” သူက ချက်ချင်းပင် ပြန်လှန် မေးခွန်းထုတ်နေတော့သည်။
မာကျုမီယာက မချိပြုံး ပြုံးလိုက်ပြီး လက်ခါပြနေသည်။
“အတိအကျတော့ ကျွန်တော်တို့လည်း ပြောလို့ မဖြစ်သေးဘူးဗျ။ ဒါနဲ့ ခင်ဗျား အဲဒီအိမ်က မစ္စတာ မိုင်ဟာရာနဲ့ရော ရင်းနှီးသလား”
“အင်း၊ တွေ့ရင်တော့ နှုတ်ဆက်ဖြစ်ကြတာပဲ”
“သူက ဘယ်လို လူမျိုးလဲဗျ”
“ဒါလား …… သူက အင်မတန် နှုတ်နည်းတဲ့သူပါ။ သူ့မိန်းမက အမြဲ ရန်လိုပြီး အနိုင်ယူတတ်လို့ပဲလားတော့ မသိဘူး။ သူကတော့ အဲဒီပုံစံ ဖြစ်နေတာပဲ”
“သူတို့မှာ အလယ်တန်းကျောင်း တက်နေတဲ့ သားတစ်ယောက် ရှိတယ် မဟုတ်လား”
“ရှင်တို့က နာအိုမီကို ပြောနေတာလား။ အင်း သိတာပေါ့”
“အဲဒီကလေးကရော ဘယ်လိုလဲ”
“အင်း၊ သာမန် ကလေးတစ်ယောက်ပါပဲ။ သိပ်တော့ သွက်သွက်လက်လက် မရှိဘူး။ ဟိုးကလေးဘဝကတည်းက သူ့ကို သိနေတာပဲ။ ဒါပေမယ့် သူ အပြင်ထွက်ဆော့တာဖြင့် တစ်ခါမှ မမြင်ဖူးဘူး။ ဒီပတ်ဝန်းကျင်က ကလေးတွေ အားလုံး လိုလိုကတော့ ကျွန်မတို့ အိမ်ရှေ့မှာ အမြဲတမ်း ဘောလုံး လာကစားတတ်ကြတယ်။ တစ်ခါ နှစ်ခါလောက်တောင် ဘောလုံးက ကျွန်မတို့ ဝင်းထဲ ရောက်လာခဲ့သေးတယ်။ ကျွန်မဖြင့် သူဝင်ကစားဖူးတယ်လို့ တစ်ခါမှ မတွေ့မိပါဘူး”
ကြည့်ရသည်မှာ သူသည် မိုင်ဟာရာ နာအိုမီ၏ အကြောင်းကို ကောင်းကောင်း သိပုံ မရ။
သူ့အထံမှ တခြား အသုံးတည့်နိုင်မည့် သတင်းအချက်အလက်များ အစ်ထုတ်၍ မရနိုင်တော့ကြောင်း သတိထားမိသွားသောအခါ စကားဖြတ်ပြီး နှုတ်ဆက်ရန် ကြံစည်နေစဉ်မှာပင် တစ်ဘက်မှ စကားစလာပြန်သည်။ “သူတို့အိမ်လည်း တော်တော်တော့ မလွယ်ဘူးပဲ”
“ဘာဖြစ်လို့ အဲဒီလို ပြောရတာလဲဗျ”
“သူတို့အိမ်က အဖွားကြီးက အဲဒီလို ပုံစံကြီး ဖြစ်နေတာကိုး”
“ဪ”
“မစ္စစ်မိုင်ဟာရာက ကျွန်မကို တစ်ခါ ပြောဖူးတယ်။ အဖွားကြီးရဲ့ ရှေ့ရေးကို ထည့်တွက်ပြီး သူ့ကို ဘိုးဘွားရိပ်သာ ပို့ရင် ကောင်းမယ်လို့ ပြောဖူးတာပဲ။ ဒါပေမယ့် ရိပ်သာအများစုကလည်း နေရာလွတ် မရှိတော့ လက်ခံနိုင်မယ့်သူ ရှာမတွေ့ဘူးတဲ့လေ။ ရှာတွေ့ရင်တောင်မှ သူ့ယောက်ျားနဲ့ အဲ့ဘက်က အမျိုးတွေက သူ့ကို အကောင်းပြောချင်ကြတာ မဟုတ်ဘူးတဲ့။ အဲဒီလိုနဲ့ လူလည်း တဖြည်းဖြည်းနဲ့ အူကြောင်ကြောင် ဖြစ်လာတော့တာပဲ။ အဲ … မဟုတ်ဘူး။ သူငယ်ပြန်သွားတယ် ပြောတာ။ ဟိုးအရင်တုန်းကတော့ အဲဒီအဖွားကြီးက အတော် ဖော်ရွေတာ။ သူ့သားနဲ့ အတူနေပြီးကတည်းက ပြောင်းလဲသွားတော့တာပဲ။ အခုလိုပုံစံ ဖြစ်သွားရော”
မိမိ ပတ်ဝန်းကျင်၏ အခြေအနေများကြောင့် လူကြီးတချို့ သူငယ်ပြန်သွားတတ်ကြောင်း သာဓကများကို မာကျုမီယာ ကြားဖူးခဲ့သည်။ ထိုသို့သော ပတ်ဝန်းကျင်၏ အပြောင်းအလဲများကို အသက်ကြီးသူများ၏ အတွင်းစိတ်က လက်သင့်မခံနိုင်သောကြောင့် ဖြစ်ရပေမည်။
“ဒါပေမယ့်လေ” ထိုအမျိုးသမီးက အဓိပ္ပာယ်တစ်မျိုး သက်ရောက်နိုင်သော အပြုံးဖြင့် “သူတို့အတွက် မလွယ်ဘူး ဆိုပေမယ့်လည်း တခြား မိသားစု အတော်များများမှာလည်း သူတို့လို သူငယ်ပြန်တဲ့ အဘိုးအဘွားတွေ ရှိကြတာပါပဲ။ အဲဒီလို မိသားစုတွေနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ သူတို့မိသားစုကမှ တော်သေးတယ် ပြောရဦးမယ်”
“ဘယ်လိုကြောင့်လဲဗျ”
“အမယ်လေးတော်။ မစ္စတာမိုင်ဟာရာရဲ့ နှမက ညတိုင်း အဖွားကြီးကို လာပြုစုပေးနေရတာလေ။ တကယ်တမ်း ပင်ပန်းမယ့်ပင်ပန်း၊ သူ့နှမကတောင် ပိုပြီး ပင်ပန်းရဦးမယ်”
“မစ္စတာမိုင်ဟာရာရဲ့နှမ? ဒီပတ်ဝန်းကျင်မှာပဲ နေတာလား”
“ဟုတ်တယ်။ ဟောဟိုနားက ဘတ်စ်ကားမှတ်တိုင်ရှေ့မှာ ဖွင့်ထားတဲ့ အထည်ဆိုင်လေးပေါ့။ ဆိုင်နာမည်က ‘တာဂျိမ’ ဆိုလားပဲ”
“သောကြာနေ့ ညကရော” တစ်ချိန်လုံး ဘေးနားတွင် နှုတ်ဆိတ်ပြီး နားထောင်နေသော ကာဂါက ဝင်ထောက်လိုက်သည်။ “အဲဒီညကရော သူ့နှမ ရောက်လာသေးလား”
“သောကြာနေ့ညကလား။ အင်း …….. အဲဒီနေ့ကလား” ထိုအမျိုးသမီးသည် တစ်ခဏကြာ စဉ်းစားနေပြီးမှ ခေါင်းခါပြသည်။ “ဒါတော့ ကျွန်မလည်း မပြောတတ်တော့ဘူး”
“အဲဒီလိုလား” ကာဂါက ပြုံးရင်း ခေါင်းညိတ်ပြနေသည်။
“အဲ … ရှင်တို့ အဲဒီလို မေးလိုက်မှ သတိရတယ်” အမျိုးသမီးက ဆက်ပြောသည်။ “အခုတလော နှစ်ရက်လောက်ရှိပြီ။ သူ ဒီအိမ်ကို မလာဘူးလို့ ကျွန်မ ထင်တာပဲ။ သူ့နှမက လာရင် ကားနဲ့လာတာ။ သူရောက်လာပြီဆိုရင် သူတို့အိမ်ရှေ့မှာ ကားရပ်ထားတာကို ကျွန်မ သတိထားမိတယ်။ ဒါပေမယ့် မနေ့ကရော ဒီနေ့ပါ သူ့ကားကို ကျွန်မ မမြင်မိသေးဘူး”
“ကား၊ ဪ ……” ကာဂါ၏ အပြုံးများက ပျောက်ကွယ် မသွားသေး။ သို့သော် သူသည် အကြောင်းအရာ တစ်ခုခုကို စူးစိုက်တွေးတောနေကြောင်း သူ၏ မျက်နှာတွင် အထင်သား ပေါ်လွင်နေသည်။
ထိုအမျိုးသမီးအထံမှ အရေးပါသော သတင်းများ ထပ် မရနိုင်တော့ကြောင်း သေချာသွားသည်နှင့် မာကျုမီယာသည် “မအားတဲ့ကြားက အနှောင့်အယှက်ပေးမိတယ်ဗျာ ……” ထို့နောက် ကျေးဇူးတင်စကား ပြောလေသည်။
သို့သော် ကာဂါက သူ့စကားကို အတင်းဝင်လုပြီး “ဒါနဲ့ တာနာကာတို့ အိမ်ကရော ဘယ်လိုနေလဲ”
“အန်? တာနာကာ?”
ထိုအမျိုးသမီးသည် အူကြောင်ကြောင် ဖြစ်သွားပြီး ဇဝေဇဝါ မျက်နှာထားဖြင့် တစ်ချက် စဉ်းစားနေသည်။ မာကျုမီယာကလည်း သူ့ကို ပဟေဠိဆန်စွာ ကြည့်ရင်း တာနာကာဆိုသူမှာ မည်သူ ဖြစ်သနည်းဟု စဉ်းစားခန်း ဝင်နေလေသည်။
“ဟောဟို မျက်စောင်းထိုးအိမ်က တာနာကာ မိသားစုလေ” ကာဂါသည် မိုင်ဟာရာတို့၏ ဘယ်ဘက် ကပ်လျက်အိမ်ကို
လက်ည
ှို
းထိုးပြနေသည်။
“အဲဒီအိမ်နဲ့ ပတ်သက်ပြီးတော့ရော၊ ခင်ဗျား ဘာတွေများ မူမမှန်တာ သတိထားမိသေးလဲ။ သေးသေးမွှားမွှား ကိစ္စဆိုလည်း ရတယ်။ ကျွန်တော်တို့ကို ပြောပြပါလား။ ကျွန်တော် မှတ်မိသလောက်ဆိုရင် အဲဒီ မစ္စတာတာနာကာက ရပ်ကွက်လူကြီးတောင် လုပ်ခဲ့ဖူးသေးတာ”
“ဪ၊ သူတို့ ပြောင်းလာစတုန်းက ကျွန်မတို့နဲ့ မေးထူးခေါ်ပြော ရှိခဲ့ကြသေးတယ်။ ဒါပေမယ့် အဲဒါက တော်တော် ကြာခဲ့ပြီပဲ”
ကာဂါသည် တာနာကာနှင့် ဆိုင်သော မေးခွန်း နှစ်ခုသုံးခုလောက် မေးမြန်းပြီးနောက် အနီးနားရှိ တခြားအိမ်များအကြောင်းကို မေးနေပြန်သည်။ ထိုအမျိုးသမီးထံမှ စိတ်မရှည်သော လေသံများပင် တဖြည်းဖြည်း ထွက်ပေါ်လာလေသည်။
“အစ်ကိုက ဘာဖြစ်လို့ တခြားအိမ်က အကြောင်းတွေကိုပါ လျှောက်မေးနေရတာလဲ” ထိုအမျိုးသမီးအိမ်မှ ထွက်ခွာလာကြသောအခါ မာကျုမီယာက သူ့ကို မေးခွန်းထုတ်နေသည်။ “အစ်ကို့ လုပ်ရပ်က ဘာအဓိပ္ပာယ် ရှိသလဲဆိုတာ ကျွန်တော်ဖြင့် မစဉ်းစားတတ်တော့ဘူး”
“ဟုတ်တယ်၊ ဘာအဓိပ္ပာယ်မှ မရှိဘူး” ကာဂါက ခပ်ပြတ်ပြတ်ပင် ပြန်ဖြေသည်။
“အန်? ဒါဆို ဘာဖြစ်လို့ ….”
ကာဂါက ခြေလှမ်းများကို တုံ့ရပ်လိုက်ပြီး မာကျုမီယာကို စိုက်ကြည့်ကာ “မိုင်ဟာရာတို့ မိသားစုဟာ ဒီအမှုနဲ့ ပတ်သက်နေပါတယ်လို့ အခုချိန်ထိ ငါတို့မှာ ခိုင်မာတဲ့ သက်သေသက္ကာရ ဘာမှ မပြနိုင်သေးဘူး။ အခု ငါတို့ရဲ့ အထင်ဆိုတာကလည်း ကျိုးကြောင်းဆင်ခြင်ပြီး အတွေးသက်သက်နဲ့ ပုံဖော်ထားတဲ့ အယူအဆသာသာပဲ
ရ
ှိ
သေးတာ။
ငါတို့ဟာ အပြစ်မဲ့တဲ့ သူတွေရဲ့ သတင်းကို နှိုက်ယူနေမိတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ အဲဒီလိုသာဆိုရင် သူ့အပေါ် ကျရောက်လာနိုင်တဲ့ အရိပ်မဲကြီးကို ဖယ်ရှားပေးနိုင်ဖို့ ငါတို့အနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားပေးသွားရမယ့် တာဝန်ရှိတယ်”
“အရိပ်မဲကြီး?”
“ငါတို့ မေးတာမြန်းတာကို ဖြေနေတဲ့အချိန်မှာပဲ မိုင်ဟာရာအပေါ်မှာထားတဲ့ စောစောက အမျိုးသမီးရဲ့ အမြင်တွေဟာ ပြောင်းလဲလာနေတာ သေချာတယ်။ တစ်ဘက်လူရဲ့ အတွင်းရေးကို စူးစမ်းချင်နေတဲ့ သူ့ရဲ့မျက်လုံးတွေကို မင်းလည်း သတိထားမိတယ် မဟုတ်လား။ ငါတို့နဲ့ ပြောခဲ့သမျှကို
အပို
ဆာဒါ
းတွေ
ထည့်ပြီး တခြားလူတွေဆီ ပြန်ပြီး ဖောက်သည်မချပါဘူးလို့ အာမ မခံနိုင်ဘူး။ စကားဆိုတာမျိုးက စပြောပြီးရင် ကားကားထွက်သွားတာ သဘာဝပဲ။ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ပျံ့နှံ့သွားမယ့် အဲဒီ ကောလာဟလတွေက မိုင်ဟာရာတို့ရဲ့ နေ့စဉ်ဘဝကို ထိခိုက်လာနိုင်တယ်။ တကယ်လို့ တရားခံက တခြားလူဖြစ်ပြီး အမှုမှန် ပေါ်သွားပြီ ဆိုရင်တောင်မှ ပျံ့ပြီးသား ကောလာဟလတွေက တော်တော်နဲ့ ကွယ်ပျောက်နိုင်ဦးမှာ မဟုတ်ဘူး။ အဲဒီလို ဘေးထွက်ဆိုးကျိုးမျိုးတွေ မဖြစ်အောင် ကာကွယ်ဖို့ ငါတို့မှာ တာဝန်ရှိတယ်။ အမှုအတွက် လိုအပ်လို့ စစ်ဆေးနေရတယ် ဆိုရင်တောင်မှ မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မဖြစ်အောင် ငါတို့ ကြိုးစားသင့်တယ်”
“ဒါကြောင့် အစ်ကိုက မဆိုင်တဲ့လူတွေအကြောင်းကိုပါ ပတ်မေးနေတာပေါ့၊ အဲဒီလိုလား”
“ငါက အဲဒီလို တခြားလူတွေကိုပါ လျှောက်မေးနေတော့ မိုင်ဟာရာကို အာရုံစိုက်နေတဲ့ သူ့ရဲ့ အမြင်တွေ ပြောင်းလဲသွားတာပေါ့။ နောက်ပြီး သူ့အကြောင်းကိုလည်း တခြားသူတွေဆီမှာ မေးလိမ့်ဦးမယ်လို့ သူက ယူဆသွားမှာပဲ”
မာကျုမီယာက မျက်လွှာချလျက်
“ကျွန်တော်ဖြင့် အဲဒီလောက် နက်နက်နဲနဲ တစ်ခါမှ မစဉ်းစားဖူးဘူး”
“ဒါက ငါ အလုပ်လုပ်တဲ့ စတိုင်ပေါ့ကွာ။ ငါ့အတိုင်း လိုက်လုပ်စရာ မလိုပါဘူး။ ကဲ ဒီကိစ္စ ခဏထားလိုက်ဦး” ကာဂါသည် တစ်ဘက်သို့ လှည့်ကာ မိုင်ဟာရာ၏ အိမ်ဘက်သို့ လှမ်းကြည့်နေသည်။ “စိတ်ဝင်စားစရာ ကောင်းတာက သူ့နှမ အဲဒီအိမ်ကို မလာတာပဲ”
“အမယ်အိုကြီးကို လာပြုစုတယ်ဆိုတဲ့ နှမလား”
“ငါတို့ မိုင်ဟာရာအိမ် ရောက်တုန်းက အဖွားကြီး ပြဿနာရှာနေတဲ့အကြောင်း သူပြောခဲ့သေးတယ်။ တကယ်လို့ အနီးကပ် ပြုစုစောင့်ရှောက်မယ့်သူ ရှိနေတယ်ဆိုရင် သဘောအရ သူ့ကို လာကူခိုင်းရမှာပေါ့။ ဒါပေမယ့် သူက ဘာဖြစ်လို့ မခေါ်ရတာလဲ”
“သူ့နှမက အိမ်မှာ မရှိလို့များလား”
“ငါတို့ သွားကြည့်ရအောင်”
သူတို့သည် အငှားယာဉ်တစ်စီး ငှားလိုက်ကြသည်။ အဝတ်အထည်ရောင်းသော ‘တာဂျိမ’ စတိုးသည် ဘတ်စ်ကား မှတ်တိုင်နှင့် မျက်စောင်းထိုးသာသာလောက်တွင် ရှိ၏။ ဆိုင်ထဲတွင် အမျိုးသမီးဝတ် အဝတ်အထည်များနှင့် အလှကုန်ပစ္စည်းများကို အထူးစုံလင်အောင် တင်ထားသည်။ အသက် ၄၀ ပတ်ဝန်းကျင်ခန့် ရှိသော အမျိုးသမီး တစ်ယောက်သည် ကောင်တာတွင် စာရင်းစာရွက်များ ရှေ့ချပြီး ဂဏန်းပေါင်းစက်နှိပ်ကာ အလုပ်များနေသည်။ မာကျုမီယာတို့နှစ်ယောက် ဆိုင်ထဲသို့ ဝင်လာသည်ကို အံ့ဩသော အမူအရာဖြင့် ကြည့်ကာ နှုတ်ဆက်စကား ပြောသည်။ သူ့ဆိုင်သို့ ယောက်ျားကြီးနှစ်ယောက် အတူ တွဲဝင်လာသည်ကို မြင်ရသည်မှာ သူ့အတွက် အံ့ဩစရာ ဖြစ်နေပုံရသည်။
မာကျုမီယာသည် သူ၏ ရဲသက်သေခံ ကတ်ပြားကို ထုတ်ပြလိုက်သောအခါ သူ၏ အမူအရာမှာ ပို၍ တင်းမာသွားသည်ဟုပင် ထင်ရသည်။
“ဒီဆိုင်မှာ မိုင်ဟာရာ အာကီအိုရဲ့ နှမတစ်ယောက် ရှိတယ်လို့ သတင်းကြားလို့ပါ”
“ဟုတ်၊ ကျွန်မပါပဲ”
“ဪ ဟုတ်ကဲ့။ အစ်မရဲ့ နာမည်က …”
“ကျွန်မနာမည် တာဂျိမ ဟာရုမိပါ”
“မိုင်ဟာရာအိမ်မှာ ခင်ဗျားအမေ မာဆာအေ နေတယ် မဟုတ်လား”
“ကျွန်မ အမေ ဘာဖြစ်လို့လဲရှင့်” တာဂျိမ ဟာရုမိ၏ မျက်လုံးထဲတွင် စိုးရိမ်စိတ်များ လွှမ်းမိုးလာသည်။
ယခုရက်ပိုင်းအတွင်း သူ့မိခင်ထံသို့ သွားရောက်စောင့်ရှောက်ခဲ့ခြင်း ရှိမရှိ မေးကြည့်လိုက်ရာ ထင်ထားသည့်အတိုင်း ဖြစ်နေသည်။ သူ့မိခင်ကို မတွေ့ရသည်မှာ နှစ်ရက်ရှိပြီဟု ပြန်ဖြေလေသည်။
“ကျွန်မ စောနက ရောက်ခဲ့သေးတယ်။ ဒါပေမယ့် ကျွန်မအစ်ကိုက အမေ ကျန်းမာတဲ့အကြောင်း ပြောပြီး ဒီနေ့လည်း အမေ့ကို စောင့်ရှောက်ဖို့ မလိုလို့ ကျွန်မကို အိမ်ပြန်ဖို့ ပြောတာနဲ့ စိတ်ချလက်ချပဲ အိမ်ပြန်လာခဲ့တာ”
“ကျန်းမာတယ်? ဒါပေမယ့် ……”
သူ့အမေက ဂျီကျနေကြောင်း မိုင်ဟာရာကိုယ်တိုင် ပြောခဲ့သည်ကို မာကျုမီယာ ကြားခဲ့ရ၍ စိတ်ထဲ
စနိုးစနော
င့် ဖြစ်နေသည်။ မာကျုမီယာသည် ထိုအကြောင်းကို ဟာရုမိအား ပြောပြမည် လုပ်စဉ် ဘေးနားတွင် ရပ်နေသော ကာဂါသည် သူ့ကို လက်ဖြင့် တို့၍ သတိပေးတော့သည်။ မာကျုမီယာက ပြူးကျယ်သော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။
ကာဂါသည် ဘာမျှ မဖြစ်သလို ဟန်ပန်ဖြင့် ဟာရုမိကို မေးလိုက်သည်။ “ဒီလို အခြေအနေမျိုး မကြာခဏ ဖြစ်တတ်လား”
သူ တစ်ခဏမျှ စဉ်းစားနေပြီး
“ဟင့်အင်း၊ အရင်က တစ်ခါမှ မဖြစ်ဖူးပါဘူး။ ……. ဒါနဲ့ အခုဟာက ဘာနဲ့ ပတ်သက်လို့ စုံစမ်းနေတာလဲဆိုတာ သိပါရစေ။ ကျွန်မအစ်ကိုရဲ့ အိမ်မှာများ ပြဿနာတစ်ခုခု ဖြစ်နေလို့လား”
“အိချိုပန်းခြံထဲမှာ ကလေးမလေးရဲ့ အလောင်းတစ်လောင်း တွေ့ထားတဲ့ကိစ္စ သိပြီးလောက်ပြီ ထင်တယ်” ကာဂါက မေးလိုက်သည်။
“အဲဒီအမှုနဲ့ သက်ဆိုင်နေလို့လား” ဟာရုမိ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ကာဂါက ခေါင်းညိတ်ပြသည်။
“တရားခံက ကားတစ်စီးကို အသုံးပြုခဲ့လိမ့်မယ်လို့ ကျွန်တော်တို့ ယူဆတယ်။ ဒါကြောင့် ဒီပတ်ဝန်းကျင်က သံသယရှိတဲ့ ကားတွေကို ကျွန်တော်တို့ လိုက်စုံစမ်းနေတာပါ။ ပြီးတော့ မစ္စတာမိုင်ဟာရာရဲ့ အိမ်ရှေ့မှာ ကားတစ်စီး မကြာခဏ ရပ်ထားတတ်တယ်လို့ သတင်းရတာနဲ့ သေချာအောင် တိုက်ဆိုင် စစ်ဆေးတဲ့အနေနဲ့ ခင်ဗျားဆီကို ရောက်လာကြတာပါ”
“အဲဒါ ကျွန်မကားပါ။ တခြားနေရာမှာလည်း ရပ်စရာ မရှိတာနဲ့ ……”
“ကိစ္စမရှိပါဘူး။ ထားလိုက်ပါတော့ဗျာ။ ခင်ဗျားလည်း အတော်ပင်ပန်းမှာပဲ။ နေ့တိုင်း အမေ့ဆီ ပြေးပြီး စောင့်ရှောက်ပေးနေရသေးတာ”
“အဲဒီလောက်လည်း မဟုတ်ပါဘူးရှင်။ ကျွန်မအတွက်တော့ စိတ်ပြေလက်ပျောက်ဆိုလည်း မမှားပါဘူး” တာဂျိမ ဟာရုမိက ရယ်မောလျက် ဖြေနေသည်။ မျက်ရစ်မပါ၊ မျက်ပေါက်ကျဉ်းသော ဟာရုမိ၏ မျက်လုံးများသည် ရယ်မောလိုက်သောအခါ ဇစ်ဖြင့် ဆွဲပိတ်လိုက်သလို ဘာမျှ မြင်နိုင်တော့မည် မဟုတ်ချေ။
“ဒါပေမယ့် အခုလို ရောဂါမျိုး စွဲကပ်နေတဲ့ လူအိုတစ်ယောက်ကို ပြုစုရတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူးဗျ။ ကျွန်တော် ကြားဖူးတာတော့ တချို့လူတွေက သူတို့ စိတ်မကြည်ရင် ဝုန်းဒိုင်းကျဲနေတော့တာပဲတဲ့” ကာဂါက ပေါ့ပေါ့ပါးပါးဟန်ဖြင့် စကားခင်းလိုက်သည်။
“တခြား လူနာဆိုရင်တော့ မပြောတတ်ဘူးရှင့်။ ဒါပေမယ့် ကျွန်မအမေကတော့ အဲဒီလို မဟုတ်ဘူး။ နောက်ပြီး လူကြီးတွေကို စောင့်ရှောက်ဖို့ ဆိုရင် သူ့သားသမီးတွေက အသင့်လျော်ဆုံးပဲ မဟုတ်လား”
“ဪ … ဒီလိုလား”
ကာဂါက ခေါင်းတညိတ်ညိတ်ဖြင့် မာကျုမီယာကို မျက်စပစ်ပြလိုက်သည်။ မာကျုမီယာလည်း တာဂျိမ ဟာရုမိကို ကျေးဇူးတင်စကား ပြောပြီး နှုတ်ဆက်ထွက်ခွာလာကြသည်။
“မင်းအထက်အရာရှိ ကိုဘာယာရှိဆီ အရင် သတင်းပို့လိုက်ပါလား” ဆိုင်မှ ထွက်လာပြီးနောက် ကာဂါက ပြောလိုက်သည်။
“ကျွန်တော်လည်း အခုပဲ သူ့ဆီ ဖုန်းဆက်မလို့ပဲ” မာကျုမီယာသည် ပြောနေရင်း သူ့ဖုန်းကို ဆွဲထုတ်လိုက်လေသည်။