နံနက် ၁၀ ကျော်အချိန်တွင် အာကီအိုတို့ အိမ်တံခါးမှ လူခေါ်ခေါင်းလောင်းသံ မြည်လာသည်။ ထိုစဉ်က အာကီအိုသည် သန့်စင်ခန်းထဲတွင် ရှိနေ၍ လက်ဆေးနေရင်းမှ အင်တာကွန်းဖြင့် စကားပြောနေသော ယာအေကို၏ အသံကို ကြားနေရသည်။ အင်တာကွန်းကို ထမင်းစားခန်း၏ နံရံတွင် ချိတ်ထားသည်။
“…. ဪ၊ ကျွန်မတို့ ဘာမှ မသိဘူးရှင့်” ထို့နောက်မှ တစ်ဘက်လူမှ မည်သို့ ပြန်ပြောနေသည်ကို မကြားရတော့ဘဲ တစ်ခဏကြာသောအခါ ယာအေကိုက ပြန်ဖြေသည်။ “ဟုတ်ကဲ့ ကောင်းပါပြီရှင်”
အာကီအို ထမင်းစားခန်းထဲသို့ ဝင်လာသောအခါ ယာအေကိုသည် အင်တာကွန်းကို ပိတ်လိုက်သည်။
“လာကုန်ပြီ”
“ဘာလာတာလဲ”
“ရဲတွေလေ” ယာအေကိုက မျက်စောင်းထိုးလိုက်ပြီး “မေးနေရသေးလား”
တစ်မနက်လုံး ဘောင်ဘင်ခတ်နေသော အာကီအို၏ ရင်မှာ ယာအေကို၏ စကားကြောင့် ပို၍ပင် ခါယမ်းနေလေပြီ။ သူ့တစ်ကိုယ်လုံးမှာလည်း ထူပူလာသည်။
“ငါတို့အိမ်ကို ဘာလို့ ရွေးလာရတာလဲ”
“ဘယ်သိမှာလဲ။ ရှင်မြန်မြန် ထွက်တွေ့လိုက်ရင် ကောင်းမယ်။ တော်ကြာနေ သံသယတွေ ဝင်နေလိမ့်ဦးမယ်”
အာကီအိုက ခေါင်းညိတ်လိုက်ပြီး ခြံဝဆီသို့ လျှောက်သွားခဲ့သည်။ လမ်းတွင် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်ပြီး စိတ်တည်ငြိမ်အောင် ပြုလုပ်သော်ငြားလည်း သူ့နှလုံးခုန်နှုန်းမှာ နှေးသွားသည် မရှိ။
ရဲများ သူတို့အိမ်သို့ ရောက်လာနိုင်သည်ဟု သူ တွက်ဆထားပြီး ဖြစ်သည်။ ကလေးမလေးကို မသတ်ခင် နာအိုမီနှင့် ဘာတွေ ဖြစ်ခဲ့သည်ကိုမူ သူ ဘာတစ်ခုမျှ မသိခဲ့ရ။ မျက်မြင်သက်သေ ရှိခဲ့သည် ဖြစ်စေ၊ အာကီအိုအနေဖြင့် ဘူးခံပြီး ငြင်းဆိုရန်သာ ရှိတော့သည်။ သူ့မှာ တခြား ရွေးစရာလမ်း မရှိတော့။
ယခုအခါ ရဲများ သူ့အိမ်သို့ အစစ်အမှန် ရောက်လာကြသော အချိန်တွင်မူ သူ့မှာ ခြေလှမ်းများပင် မမှန်ချင်တော့။ ကျွမ်းကျင်သော မှုခင်းစုံထောက်များကို မည်မျှကြာကြာ ဘူးခံပြီး ငြင်းနေနိုင်မည်ကိုလည်း သူ မတွက်ဆတတ်။ အမှန်အတိုင်း ဆိုရလျှင် သူ့ဘက်က ဟန်ပါပါ ရေရှည် လှိမ့်သွားနိုင်မည်ဟုလည်း သူ့ကိုယ်သူ ယုံကြည်မှု မရှိ။
အာကီအိုသည် ခြံတံခါး မဖွင့်ခင် မျက်စိကို စုံမှိတ်လိုက်ပြီး အသက်ရှူသံမှန်အောင် ကြိုးစားနေမိသည်။ နှလုံးခုန် မြန်နေသည်ကို အပြင်ပန်းမှ မမြင်ရသော်လည်း မူမမှန်သော အသက်ရှူသံကြောင့် ရဲသားများ သံသယ ဝင်သွားနိုင်သည် မဟုတ်ပါလား။ သူ့ကိုယ်သူ ဘာမျှ မဖြစ်ပါဘူးဟု နှစ်သိမ့်နေမိသည်။ ယခု ရဲများ သူ့အိမ်သို့ လာရောက်ကြခြင်းမှာ သူတို့၏ လုပ်ရပ် ဘူးပေါ်သလို ပေါ်သွားသောကြောင့် မဟုတ်ဘဲ ရဲများ၏ လုပ်ရိုးလုပ်စဉ်အတိုင်း အနီးအနားရှိ အိမ်များသို့ လှည့်လည်မေးမြန်းခြင်းသာ ဖြစ်ရမည်ဟု သူ ယူဆသည်။
အာကီအိုသည် နှုတ်ခမ်းကို လျှာဖြင့် သပ်ပြီး ခံတွင်းရှင်းစေရန် ချောင်းတစ်ချက် ဟန့်ကာ တံခါးကို ဖွင့်လိုက်သည်။
တံခါး၏ အပြင်ဘက်တွင် အရောင်ခပ်မှိုင်းမှိုင်းနှင့် ရဲဝတ်စုံ ဝတ်ထားသော အမျိုးသားတစ်ယောက် ရပ်နေသည်။ ကြည့်ရသည်မှာ အသက် ၃၅ နှစ် ပတ်ဝန်းကျင်လောက် ရှိမည်။ နေလောင်ထားသောကြောင့် အသားအရေများ ညိုပြောင်နေသည်လား မပြောတတ်။ ထိုသူ့ကို ကြည့်ရသည်မှာ အသားအရေနှင့် လိုက်ဖက်အောင် တည်ငြိမ်လှပေသည်။ ထိုအမျိုးသားသည် အာကီအိုကို မြင်ရသောအခါ ပိုမို တည်ကြည်သော မျက်နှာထားဖြင့် သူ့ကို နှုတ်ဆက်နေလေသည်။
“ခင်ဗျားတို့ အနားယူနေတာကို နှောင့်ယှက်သလို ဖြစ်သွားပြီ ထင်ပါတယ်။ တောင်းပန်ပါတယ်ဗျာ” အမျိုးသားက စကားကို ခပ်သွက်သွက် ပြောလိုက်သည်။ “ကျေးဇူးပြုပြီး …. အဆင်ပြေမလား မသိဘူး” သူက ခြံဝင်းအတွင်းဘက်သို့ လက်ညိုး ညွှန်ပြသည်။
ခြံဝင်းထဲသို့ ဝင်ပြီး အေးအေးဆေးဆေး စကားပြောချင်သည် ထင်ပါ၏။ အာကီအိုက ချက်ချင်း စကားပြန်လိုက်သည်။ “ရပါတယ်။ အထဲကြွပါ”
ထိုအမျိုးသားသည် တံခါးကို တွန်းဖွင့်၍ ခြံအတွင်းသို့ ဝင်လာခဲ့ပြီး သူ၏ ရဲသက်သေခံ ကတ်ပြားကို ထုတ်ပြသည်။ သူ့ကိုယ်သူ နေရိမရဲစခန်းမှ မှုခင်းစုံထောက် ကာဂါဖြစ်ကြောင်း မိတ်ဆက်စကား ဆိုသည်။ အပြောအဆို ညင်သာသိမ်မွေ့သောကြောင့် မှုခင်းရဲတစ်ယောက်နှင့် နည်းနည်းမျှ မတူချေ။ ထို့ပြင် စကားအပြောအဆိုမှာ နွေးထွေးသောကြောင့် ခင်မင်စရာ ကောင်းသူဟုပင် ထင်ရသည်။
မျက်နှာချင်းဆိုင် အိမ်ရှေ့တွင်လည်း ရဲဝတ်စုံနှင့် လူတစ်ယောက် ရပ်နေပြီး ထိုအိမ်မှ အိမ်ရှင် အမျိုးသမီးနှင့် စကားပြောနေကြသည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ဤပတ်ဝန်းကျင်ရှိ အိမ်များ အားလုံးသို့ တစ်အိမ်ဝင် တစ်အိမ်ထွက် အိမ်တိုင်းစေ့ လိုက်လံမေးမြန်း နေကြခြင်းသာ ဖြစ်ရမည်။
“ဘာများ ဖြစ်လို့လဲဗျ” အာကီအိုက မေးလိုက်သည်။ ယခုဖြစ်နေသော အမှုအခင်းကို ဘာမျှ မသိသောသူကဲ့သို့ ဟန်ဆောင်နေလျှင် ပိုကောင်းမည်ဟု သူ ယူဆသည်။ ထိုသို့ မဟုတ်လျှင် လူသတ်မှုကို မည်သို့ သိခဲ့သနည်းဟု မေးလာသော မေးခွန်းအတွက် ကျိုးကြောင်းဆီလျော်သော အဖြေကို ပေးရန် ခက်လှပေမည်။
“အိချိုပန်းခြံကို သိတယ်မလား” ကာဂါက မေးလိုက်သည်။
“သိပါတယ်”
“ဒီလိုဗျ။ ဒီမနက် အဲဒီအထဲမှာ ကလေးမလေးရဲ့ အလောင်းတစ်လောင်းကို လူတစ်ယောက် တွေ့ခဲ့ရတယ်”
“ဪ” အာကီအိုက အာမေဍိတ်သံဖြင့် တုန့်ပြန်လိုက်သည်။ တအံ့တဩ ဖြစ်သွားသော အမူအရာမျိုး ဟန်ဆောင်နိုင်လျှင် သူ့အတွက် ပိုအကျိုးရှိနိုင်သည်ကို သူ သိသော်လည်း လက်တွေ့တွင် ထိုသို့သော ဟန်ပန်ဖြင့် တုံ့ပြန်ရန် သူ စိတ်မပါခဲ့။ ‘ဪ’ ဟူသော အသံကို မျက်နှာသေဖြင့်သာ ပြောခဲ့သည်ကိုလည်း သူ့ကိုယ်သူ သတိထားမိနေသည်။
“ဪ … ဒါကြောင့်နေမှာ။ မနက် ခပ်စောစောက ရဲကား အချက်ပေးသံတွေ ဆူညံနေတာကိုး”
“ဟုတ်တယ်ဗျ။ စောစောစီးစီး အိပ်ရေးပျက်ကုန်ကြပြီ”
“မဟုတ်ပါဘူး။ ဒါနဲ့ ဘယ်က ကလေးလဲဗျ”
“ဟိုဘက်ရပ်ကွက်က ကလေးမလေးပါ” ကာဂါသည် သူ့အိတ်ကပ်ထဲမှ ဓာတ်ပုံတစ်ပုံ ဆွဲထုတ်ပြီး အာကီအိုကို ပြလိုက်သည်။ ကလေးမလေး၏ နာမည်ကို ထုတ်မပြောရန် ရဲများကို စည်းကမ်းသတ်မှတ်ထားပုံ ရသည်။ “သူပေါ့”
ထိုဓာတ်ပုံကို မြင်လိုက်ရသောအခါ အာကီအိုသည် အသက်ရှူပင် ကျပ်သွားခဲ့သည်။ တစ်ကိုယ်လုံးလည်း ကြက်သီးများ တဖြန်းဖြန်း ထလာတော့သည်။
ဓာတ်ပုံထဲတွင် မျက်လုံးဝိုင်းဝိုင်းနှင့် အင်မတန် ချစ်စရာကောင်းသော ကလေးမလေး တစ်ယောက်က ပြုံးပြနေသည်။ လည်ပင်းတွင် သိုးမွေးမာဖလာ ပတ်ထားပြီး ပိတုန်းရောင် ဆံပင်များပေါ်တွင် သိုးမွေးပန်းပွား ဆံထိုးလေးက ထိုးထားသေးသည်။ သူ၏ အပြုံးများက ပျော်ရွှင်ချမ်းမြေ့သော အရိပ်နိမိတ်တို့ ဆောင်လျက်။
မနေ့ညက မှောင်မဲညစ်ပေသော အိမ်သာထဲတွင် သူ ပစ်ချထားခဲ့သော ရုပ်အလောင်းမှာ ယခုဓာတ်ပုံထဲမှ ချစ်စရာကောင်းသော ကလေးမလေးဖြစ်ကြောင်း သူ ယုံပင် မယုံနိုင်။ အမှန်မှာ အာကီအိုသည် ရုပ်အလောင်း၏ မျက်နှာကို အသေအချာ မကြည့်ခဲ့မိချေ။
ထိုမျှ ချစ်စရာကောင်းသော ကလေးတစ်ယောက်၏ ဘဝသည် ကြေမွခဲ့ရလေပြီ။ အာကီအိုမှာ ဒူးများပင် မခိုင်ချင်တော့။ မြေကြီးပေါ် ထိုင်ချလိုက်ကာ အော်ချပစ်လိုက်ချင်သည်။ ထို့ပြင် မိမိ၏ တာဝန်ကို သူ့တစ်ပါးဆီသို့ လွှဲချ၍ အခန်းထဲတွင် ရှောင်ပုန်းနေရန်သာ နားလည်သော သူ့သားရှိရာ အပေါ်ထပ်သို့ ပြေးတက်သွားပြီး သူ့ကို အခန်းထဲမှ ဆွဲထုတ်ကာ ရဲလက်သို့ အပ်ပစ်လိုက်ချင်သည်။ လူသတ်မှုကို ဖုံးဖိရန် ကြိုးစားခဲ့သော သူ၏ အပြစ်များကိုလည်း ဝန်ချ တောင်းပန်လိုက်ချင်သည်။
သို့သော် လက်တွေ့တွင် သူ ထိုသို့ မလုပ်ခဲ့။ သူတစ်ပါးရှေ့တွင် အမူအရာ မပျက်အောင် သူ့ကိုယ်သူ ထိန်းသိမ်းဖို့သာ သူ ကြိုးစားနေခဲ့သည်။
“သူ့ကို မြင်ဖူးလား” ကာဂါက မေးလိုက်သည်။ သူ၏ ပါးစပ်မှာ ပြုံးချိုနေသော်လည်း အာကီအို၏ မျက်လုံးအစုံကို မြဲမြံစွာ စိုက်ကြည့်နေသောကြောင့် အာကီအိုမှာ ကျောချမ်းနေလေသည်။
“ပြောရတော့ ခက်တယ်” အာကီအိုသည် စဉ်းစားနေသည့်ဟန် ပေါ်အောင် သူ၏ ခေါင်းကို တစ်ဘက်သို့ ဖြည်းဖြည်းချင်း စောင်းငဲ့လိုက်သည်။
“ဒီပတ်ဝန်းကျင်မှာက ဒီလိုအရွယ် ကလေးတွေ မကြာမကြာ တွေ့နေရတတ်တာပဲ။ သူတို့ တစ်ယောက်ချင်းစီရဲ့ မျက်နှာတွေကိုလည်း ကျွန်တော် ကောင်းကောင်း သတိမထားမိဘူး။ ပြီးတော့ သူတို့ သွားလာတတ်တဲ့ နေ့ခင်းနေ့လည်ဆိုလည်း ကျွန်တော်က အိမ်မှာ ရှိတာမဟုတ်ဘူး”
“ခင်ဗျားက ကုမ္ပဏီ ဝန်ထမ်းလား”
“အင်း”
“ဒါဆို ခင်ဗျားရဲ့ အိမ်သားတွေကိုလည်း မေးကြည့်ပေးပါလား”
“အိမ်သားတွေ?”
“အခု အိမ်မှာ ခင်ဗျားတစ်ယောက်တည်း ရှိတာလား”
“အဲလိုတော့ မဟုတ်ပါဘူး”
“ဒါဆို ဘယ်သူတွေ ရှိသေးလဲဗျ”
“ကျွန်တော့် ဇနီး ရှိပါတယ်” မာဆာအေနှင့် နာအိုမီတို့၏ နာမည်များကို မပြောဘဲ တမင် ချန်ထားခဲ့သည်။
“ဒါဆို ခင်ဗျားအမျိုးသမီးနဲ့ ကျွန်တော် စကားနည်းနည်း ပြောချင်လို့၊ ဖြစ်မလား။ မကြာစေရပါဘူး”
“ကိစ္စမရှိပါဘူး။ ….. ဒီမှာ ခဏစောင့်ပါဦး”
အာကီအိုသည် ခြံတံခါးကို ပြန်စေ့ထားလိုက်ပြီး သက်ပြင်းကို ခပ်ရှည်ရှည် မှုတ်ထုတ်လိုက်သည်။
ယာအေကိုသည် ထမင်းစားပွဲဘေးတွင် ထိုင်ရင်း စိတ်ပျက်ကြောက်ရွံသော အကြည့်ဖြင့် သူ့ယောက်ျားကို လှမ်းကြည့်နေသည်။ အာကီအိုထံမှ ရဲအရာရှိ၏ စကားများကို နားထောင်အပြီးတွင် စိတ်ဆင်းရဲစွာ ခေါင်းကိုသာ တွင်တွင် ခါနေတော့သည်။
“ဟင့်အင်း၊ မတွေ့ချင်ဘူး။ ရှင့်ဘာသာရှင် အကြံထုတ်ပြီး ငြင်းလိုက်ပေတော့”
“ဒါပေမယ့် ရဲက နင့်ကို မေးစရာ ရှိလို့တဲ့လေ”
“ဒါမျိုးက ဆင်ခြေပေးဖို့ မခက်ပါဘူးရှင်။ မီးခိုချောင်ထဲက လတ်တလော ခွာဖို့ မဖြစ်နိုင်သေးလို့လို့ ပြောလိုက်လည်း ရတာပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မ သူ့ကို မတွေ့ချင်ဘူး” ယာအေကိုသည် ထိုသို့ပြောပြီး အခန်းထဲမှ ချာကနဲ လှည့်ထွက်သွားသည်။
အာကီအိုက သူ့ကို လှမ်းခေါ်သော်လည်း သူ ပြန်မထူးတော့။ ဘာကိုမျှ ဂရုမစိုက်တော့ဘဲ သူ့အခန်းထဲသို့ ဝင်သွားသည်။ ကြည့်ရသည်မှာ သူ့သားလိုပင် အခန်းထဲမှာ သူ့ကိုယ်သူ ပိတ်၍ ပုန်းနေတော့မည် ထင်သည်။ အာကီအိုသည် ခေါင်းတရမ်းရမ်းဖြင့် ခြံဝသို့ လျှောက်လာခဲ့သည်။
တံခါးနားရောက်သည့်အခါ ရဲအရာရှိက သူ့ကို အားနာဟန်ဖြင့် ပြုံးပြသည်။ ထိုသူ၏ အပြုံးကို ရင်ဆိုင်လိုက်ရင်း အာကီအိုက “လောလောဆယ် မီးဖိုချောင်ထဲက ထွက်လာလို့ မရသေးဘူး ဖြစ်နေတယ်”
“ဪ ဒီလိုလား” ရဲအရာရှိက စိတ်ပျက်သွားသော အမူအရာဖြင့် “ဒါဆိုလည်း ခင်ဗျားပဲ ဒီဓာတ်ပုံကို သူ့ဆီ ယူသွားပြီး မေးပေးပါလား။ တောင်းပန်ပါတယ်” စောစောက ကလေးမလေး၏ ဓာတ်ပုံကို ဆွဲထုတ်လိုက်ပြန်သည်။
“ရပါတယ်” အာကီအိုက ဓာတ်ပုံကို လှမ်းယူလိုက်ပြီး “သူ မြင်ဖူးသလားလို့ မေးပေးရုံပဲ မဟုတ်လား”
“ဟုတ်ပါတယ်။ ကူညီပါဦး” ရဲအရာရှိက အားတောင့်အားနာပုံဖြင့် အာကီအို၏ လက်မောင်းကို ပုတ်၍ ပြောလိုက်သည်။
အာကီအိုသည် လှေကားထစ်များ ရှိရာသို့ လှမ်းလျှောက်လာခဲ့သည်။
နာအိုမီ၏ အခန်းမှ ဘာအသံမျှ မကြားရ။ ကျေးဇူးရှင်က ဂိမ်းမကစားတော့ပြီ။
နာအိုမီအခန်း၏ မျက်နှာချင်းဆိုင်ရှိ သူတို့လင်မယားနှစ်ဦး၏ အိပ်ခန်းဆောင် တံခါးကို ဆွဲဖွင့်လိုက်သည်။ ယာအေကိုအား အလှပြင် မှန်တင်ခုံရှေ့တွင် ထိုင်နေသည်ကို တွေ့ရသည်။ သို့သော် အလှပြင်ရန် ထိုင်နေခြင်း မဟုတ်သည်ကိုမူ သူ ရိပ်စားမိသည်။
“ဟို ရဲက ပြန်သွားပြီလား”
“ဟင့်အင်း၊ သူက နင့်ကို ဒါပြလိုက်ပါတဲ့” အာကီအိုသည် စောစောက ဓာတ်ပုံကို ထုတ်ပြလိုက်သည်။
ယာအေကိုသည် သူ့မျက်နှာကို တစ်ဘက်သို့ ချက်ချင်း လွှဲချလိုက်ပြီး “သူက ကျွန်မတို့အိမ်ကို ဘာဖြစ်လို့ လာတာလဲ”
“ကိုလည်း သေချာ မသိဘူး။ ကြည့်ရတာ ဒီပတ်ဝန်းကျင်မှာ ရှိတဲ့ အိမ်တွေကို အိမ်တိုင်းစေ့ လိုက်ပြီး မေးမြန်းနေတာ ထင်ပါတယ်။ အမှုအတွက် သတင်းစုဆောင်းတဲ့ သဘောနေမှာပေါ့”
“ဒါဆိုလည်း ကျွန်မတို့ မတွေ့ဖူးတဲ့ အကြောင်း အဲဒီရဲကို ရှင် ပြောပြလိုက်ပေါ့”
“ကိုလည်း အဲဒီလိုပဲ ပြောရတာပဲပေါ့။ ဒါပေမယ့် ဒါလေးတော့ ကြည့်ကြည့်ပါဦးလား”
“ဘာဖြစ်လို့ ကြည့်ရမှာလဲ”
“ငါတို့ ဒီလောက်တောင် အကြင်အနာ ကင်းမဲ့တဲ့ အလုပ်တစ်ခုကို လုပ်နေခဲ့မိပြီဆိုတာ နင့်ကို သဘောပေါက်စေချင်လို့”
“အခုကျမှ ဒါတွေ ဘာလို့ လာပြောနေရသေးတာလဲ” သူ့ယောက်ျားကို လှည့်မကြည့်ဘဲ လှမ်းပြောလိုက်သည်။
“နင့်ကို ကြည့်ခိုင်းနေတာ၊ ကြည့်လိုက်လို့ သေသွားမှာလား”
“ဟင့်အင်း မကြည့်ချင်ဘူး”
အာကီအိုက သက်ပြင်းချလိုက်သည်။ နတ်သမီးလေးသဖွယ် ချစ်စရာကောင်းသော ကလေးမလေး၏ မျက်နှာကို မြင်မိလျှင် ယာအေကိုလည်း စိတ်မထိန်းနိုင်ဘဲ တင်းထားသမျှ အားလုံး ယိုင်လဲပြိုကျသွားနိုင်သည်ဟု အာကီအို တွေးမိသည်။
သူသည် အခန်းထဲမှ လှည့်ထွက်သွားပြီး မျက်နှာချင်းဆိုင် အခန်းမှ တံခါးကို ဆွဲဖွင့်ရန် လုပ်စဉ် တံခါးမှာ ကန့်လန့်ထိုးထားသည်ကို သူ တွေ့လိုက်ရသည်။ ထိုတံခါးတွင် ယခင်က ထိုသို့သော ကန့်လန့်မျိုး မရှိ။ နာအိုမီ တပ်ထားတာပဲ ဖြစ်မည်။
“အမယ်လေး၊ ရှင် … ရှင် အဲဒါ ဘာလုပ်မလို့လဲ” ယာအေကိုသည် သူ့ယောက်ျား၏ လက်မောင်းကို ဆွဲလျက် မေးနေသည်။
“အဲဒီ သူတောင်းစားကိုလည်း ကြည့်ခိုင်းမလို့”
“အဲဒီလို လုပ်တော့ ဘာအကျိုးရှိသွားမှာမို့လဲ”
“သံဝေဂလေးတော့ ရသင့်တာပေါ့။ ဘယ်လောက် လူမဆန်တဲ့ အလုပ် လုပ်မိခဲ့သလဲဆိုတာ သူ သဘောပေါက်ဖို့ လိုတယ်”
“ရှင် အခုလို မလုပ်လည်း သူ နောင်တရနေပါပြီ ရှင်ရယ်။ ဒါကြောင့်လည်း သူ့ဘာသာ အခန်းထဲ ပိတ်လှောင်ထားတာပေါ့”
“အဲဒီလို မဟုတ်ပါဘူး။ သူက အမှန်တရားကို မျက်နှာချင်း မဆိုင်ရဲလို့ ရှောင်ပုန်းဖို့ပဲ စိတ်ကူးနေတာ”
“အဲဒီလို ဆိုရင်တောင် ….” ယာအေကိုသည် အာကီအို၏ လက်မောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး တစ်ဘက်သို့ ဆွဲလှည့်ကာ “လောလောဆယ်တော့ သူ့ဘာသာ နေပါစေလားရှင်။ ဒီကိစ္စအားလုံး အေးဆေးသွားတဲ့အချိန် ….. ကျွန်မတို့ ဖုံးဖိလို့ အောင်မြင်သွားမှ သူနဲ့ အေးအေးဆေးဆေး ဆွေးနွေးကြရရင် မကောင်းဘူးလား။ ရှင်လည်း အခုလို အချိန်မျိုးမှာမှ သူ့အနာကို သွားပြီး ထိုးဆွနေဖို့ မသင့်ဘူး ထင်တာပဲ။ ရှင်က သူ့အဖေဆိုတာလည်း မမေ့နဲ့ဦး”
မျက်လုံးများအတွင်းမှ မျက်ရည်ပေါက် ကြီးငယ်များ ကျနေသော ဇနီးသည်၏ မျက်နှာကို စိုက်ကြည့်ပြီး တံခါးတွင် ကိုင်ထားသော သူ့လက်ကို ဖြေလျှော့လိုက်သည်။ ဇနီးသည်၏ အမြင်ကို သူလည်း လက်ခံသည်။ ယခုလိုအချိန်မျိုးတွင် အရေးအကြီးဆုံးမှာ မိမိ မျက်မှောက်သို့ ရောက်လာအံ့ဆဲဆဲ ဖြစ်သော အန္တရာယ်များအား မည်သို့မည်ပုံ ကျော်လွှားဖြေရှင်းရမည်ကို ဦးစားပေး ဆောင်ရွက်ရန် ဖြစ်သည်။ သူတို့ အမှန်တကယ် အန္တရာယ် ကင်းကင်းဖြင့် ကျော်လွှားနိုင်ပါဦးမည်လော။ ထိုမျှ လူမဆန်သော ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့သည့် သားဖြစ်သူနှင့် တစ်နေ့နေ့တွင် အေးအေးဆေးဆေး စကားပြောနိုင်ပါဦးမည်လော။ အာကီအိုက ထိုသို့လည်း တွေးနေမိသည်။
သူသည် ခြံပေါက်ဝသို့ ပြန်သွားပြီး ရဲအရာရှိအား ဓာတ်ပုံကို ပြန်ပေးလိုက်သည်။ ဇနီးသည်ကလည်း မတွေ့ဖူးကြောင်းကိုပါ ထည့်ပြောခဲ့သည်။
“ဒီလိုလား။ အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်ဗျာ” ကာဂါသည် ဓာတ်ပုံကို အင်္ကျီအိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။
“တခြားရော ဘာကူညီပေးရဦးမလဲ” အာကီအိုက မေးသည်။
“ဟုတ်ကဲ့” ကာဂါသည် ခေါင်းညိတ်ပြလိုက်ရင်း ခြံဝင်းအတွင်းသို့ ဝေ့ဝဲကြည့်နေသည်။ ပန်းခြံဘက်သို့ လှမ်းကြည့်နေသည်ကို သတိထားမိသော အာကီအိုသည် လန့်ဖျပ်သွားပြီး သိချင်ဇောဖြင့် “ဘာကိစ္စများ ရှိသေးလို့လဲ”
“နည်းနည်း ထူးဆန်းတဲ့ မေးခွန်းတစ်ခုလောက်တော့ ကျွန်တော်ကို မေးခွင့်ပြုပါဗျာ” ကာဂါက စကားကြောင်းလိုက်သည်။ “ခင်ဗျားအိမ်က မြက်ခင်းပြင်ဟာ ဘာအမျိုးအစားလဲဗျ”
“မြက်ခင်း?” အာကီအို၏ အသံမှာ ကွဲအက်သွားသည်။
“ခင်ဗျား မသိဘူးလား”
“ဒီ … ဒီမြက်ခင်းပြင်က ဒီမှာ ရှိနေတာ ကြာပြီ။ ဟိုးအရင်ကတည်းက စိုက်ထားတာ ထင်ပါတယ်။ ဒီခြံဝင်းကို ကျွန်တော့်မိဘတွေ လက်ထက်ကတည်းက ဝယ်ထားခဲ့တာ”
“ဪ”
“ဒါနဲ့ မြက်ခင်းပြင်က ဘာပြဿနာ ရှိလို့လဲဗျ”
“မရှိပါဘူး။ စိတ်ထဲ မထားပါနဲ့” ရဲအရာရှိက ပြုံးရင်း လက်ခါပြသည်။ “နောက်ဆုံးအနေနဲ့ မေးခွန်းတစ်ခု မေးပါရစေ။ မနေ့ညနေကနေ ဒီနေ့မနက် ခပ်စောစောပိုင်းထိ ခြံဝင်းကို လူမရှိဘဲ ပစ်ထားပြီး အိမ်သားတွေ အကုန်လုံး အပြင်ထွက်သွားတာမျိုး ရှိခဲ့သလား”
“မနေ့ညနေကနေ …. ဒီမနက်အထိ? ကျွန်တော့်အထင် …. မရှိလောက်ဘူးဗျ”
အဘယ်ကြောင့် ထိုကဲ့သို့သော မေးခွန်းမျိုး မေးရသနည်းဟု အာကီအိုက မေးရန် ဟန်ပြင်စဉ် ထမင်းစားခန်း တံခါးအား ဆွဲဖွင့်သံ အကျယ်ကြီးကို ကြားလိုက်ရသည်။ အာကီအိုသည် အသံကြားရာဘက်သို့ အံ့အားသင့်စွာ ကြည့်နေစဉ်တွင် မာဆာအေသည် လှုပ်လီလှုပ်လဲ့ဖြင့် အခန်းထဲမှ ထွက်လာလေသည်။
ကာဂါကလည်း ထူးဆန်းစွာ ကြည့်နေရင်း ခပ်သွက်သွက် မေးလိုက်သည်။ “သူက?”
“ကျွန်တော့်အမေပါ။ အဲ … သူကတော့ ဆရာ့မေးခွန်းတွေကို ပြန်ဖြေနိုင်မယ် မထင်ဘူး။ သူက ဒါ သိပ် မကောင်းဘူး” အာကီအိုက သူ့နားထင်ကို လက်ညိုးထိုးပြရင်း ပြောနေသည်။ “ဒါကြောင့် သူရှိကြောင်းကို မပြောခဲ့တာပါ”
မာဆာအေသည် ပါးစပ်မှ တစ်ခုခုကို ရေရွတ်နေရင်း ထိုင်ချကာ ပန်းအိုးပတ်ချာလည်ကို စိုက်ကြည့်နေသည်။
အာကီအိုလည်း ရပ်ကြည့်မနေနိုင်တော့ဘဲ အရှေ့သို့ တိုးသွားသည်။
“အမေက အဲဒီမှာ ဘာလုပ်နေတာလဲ”
သူက ဖြည်းလေးသော အသံတိုးတိုးဖြင့် “လက်အိတ်”
“လက်အိတ်?”
“လက်အိတ်မဝတ်ရင် အဆူခံရမှာ”
မာဆာအေသည် အာကီအိုကို ကျောပေးကာ ပန်းအိုးများကြားသို့ လက်နှိုက်၍ ဟိုစမ်းဒီစမ်းဖြင့် ရှာနေသည်။ တစ်ခဏအကြာမှ သူ့သားနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်ပြီး သူ့လက်ထဲတွင် ညစ်ပေနေသော လက်အိတ်တစ်စုံ ဝတ်ထားသည်ကို တွေ့ရသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသော အာကီအိုခမျာ ကျောပြင်တစ်ခုလုံး ချမ်းစိမ့်သွားတော့သည်။ ထိုလက်အိတ်မှာ သူ မနေ့ညက အသုံးပြုခဲ့သော လက်အိတ်ပင် ဖြစ်သည်။ အလောင်းကို ပန်းခြံပို့ပြီးနောက်၌ သူ့လက်အိတ်ကို မည်သည့် နေရာတွင် ချထားခဲ့မိကြောင်း သူ အမှတ်မရတော့။ သတိလစ်ပြီး တစ်နေရာရာတွင် ပစ်ချထားခဲ့မိခြင်း ဖြစ်မည်။
“ဒီလိုဆိုရင် ရပြီမဟုတ်လား၊ ဦးဦး” မာဆာအေသည် ကာဂါရှိရာ အနီးသို့ တိုးသွားပြီး လက်နှစ်ဘက်ကို သူ့ရှေ့ ဆန့်တန်းကာ ထိုသို့ ပြောလိုက်သည်။
“အာ … ဘာတွေ လျှောက်လုပ်နေတာလဲ။ အားနာစရာကြီး။ ကဲ ကဲ၊ အခန်းထဲမှာပဲ သွားဆော့ပါလား။ အပြင်မှာ မိုးရွာတော့မယ်” အာကီအိုသည် ကလေးတစ်ယောက်ကို ချော့မြူသကဲ့သို့ ပြောနေသည်။
မာဆာအေသည် ကောင်းကင်သို့ မော့ကြည့်ပြီး သူ့သားပြောသော စကားကို နားလည်သွားသည့်အလား ပန်းခြံကို ဖြတ်၍ ထမင်းစားခန်းထဲသို့ ပြန်ဝင်သွားသည်။
အာကီအိုသည် ထမင်းစားခန်း တံခါးကို ပိတ်လိုက်ပြီး ခြံတံခါးဝမှ ကာဂါကို လှမ်းအကဲခတ်နေမိသည်။ ကာဂါ၏ အမူအရာက ထူးဆန်း အံဩနေသယောင်။
“သူက အဲဒီလိုပဲဗျ” အာကီအိုသည် ကာဂါအနားသို့ ပြန်လာပြီး “ဒါကြောင့် ခင်ဗျားတို့ကို သူ ဘာမှ ကူညီပေးနိုင်မယ် မထင်ဘူး”
“တကယ် မလွယ်ဘူးနော်။ ခင်ဗျားတို့ ကိုယ့်ဘာသာပဲ သူ့ကို စောင့်ရှောက်နေကြတာလား”
“အင်း … ဟုတ်တယ်” အာကီအိုက ခေါင်းညိတ်ပြသည်။ “ဒါနဲ့ တခြားဘာကိစ္စ ….”
“ရပါပြီ။ အခုလို မအားတဲ့ကြားက စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ဗျာ”
အာကီအိုသည် ခြံအဝမှ ထွက်ခွာသွားသော ရဲအရာရှိကို စိုက်ကြည့်နေပြီး ထိုသူ၏ ကျောပြင်ကို မမြင်ရသော အချိန်ရောက်မှ ပန်းခြံဘက်သို့ သူ၏ အကြည့်ကို ပြောင်းရွှေ့လိုက်သည်။
ကလေးမလေး၏ ကိုယ်ပေါ်တွင် ကပ်ငြိနေသော မြက်ကိစ္စကို သတိရမိသွားသောအခါ သူ၏ အပူလုံးများက တဖန် ကြွတက်လာကြပြန်လေသည်။