ခေါင်းငုံ့ကာ စိတ်ပျက်လက်ပျက် ပြောနေသော မိုင်ဟာရာ အာကီအို၏ အမူအရာကို ကြည့်ရသည်မှာ ဟန်ဆောင်ပန်ဆောင် လုပ်နေခြင်းမျိုးနှင့်လည်း မတူပေ။ သူ၏ မျက်နှာမှာ စိတ်ဆင်းရဲမှုကြောင့်
ရှုံ့မဲ့ကာ
တစ်ဆတ်ဆတ် တုန်နေသည်။ အသံမှာလည်း မူမမှန်တော့။ သူ့ဇနီးကလည်း တစ်လျှောက်လုံး ခေါင်းငိုက်စိုက်ချလျက် အနီးတွင် ထိုင်ကာ အဆက်မပြတ် ရှိုက်နေသည်။ သူ၏ စွတ်စိုနေသော လက်ကိုင်ပဝါဖြင့် သူ့မျက်လုံးကို မကြာခဏ သုတ်နေလေသည်။
အလောင်းကို စွန့်ပစ်ခဲ့ပုံနှင့် ပတ်သက်ပြီး ပြောခဲ့သော ထွက်ဆိုချက်များမှာ ယုတ္တိယုတ္တာ ရှိပြီး ယုံကြည်နိုင်လောက်သော အတိုင်းအတာ ရှိသည်။ အထူးသဖြင့် အိမ်သာအတွင်းရှိ ရေပိုက်ခေါင်းမှ ရေမထွက်သောကြောင့် အပြင်ဘက် လက်ဆေးကန်မှ ရေကို ခံလျက် အကြိမ်ကြိမ် အထပ်ထပ် သွားလောင်းခဲ့သော ဖြစ်စဉ်ကို ရှင်းပြရာတွင် အသက်ဝင်လှသည်။ အလောင်းကို တွေ့ရှိခဲ့သော ထိုအိမ်သာအခန်း၏ ရေပိုက်ခေါင်းမှာ အမှန်ပင် ပျက်နေကြောင်း ရဲဌာနက သိရှိထားပြီး ဖြစ်သည်။
ထို့ပြင် အလောင်းကို ကိုင်တွယ်ထိတွေ့စဉ် အခါက မိုင်ဟာရာ ခံစားခဲ့ရသည် ဆိုသော ထိတ်လန့်မှုနှင့် စိတ်အားငယ်မှုများကို ကိုယ်ချင်းစာ၍ ခံစားကြည့်နိုင်သည်။ ကလေးမ၏ အင်္ကျီတွင် မြက်စမြက်နတချို့ ကျန်နေနိုင်သေးကြောင်း သိပါလျက် ထိုနေရာမှ အမြန်ထွက်ခွာနိုင်ရန် ကိစ္စမှာ ပိုအရေးကြီးသောကြောင့် ဒီအတိုင်း ပစ်ထားခဲ့ရပါသည် ဟူသော မိုင်ဟာရာ၏ ထွက်ဆိုချက်မှာလည်း သဘာဝကျသည်။
“ဆရာတို့ ကျွန်တော်တို့အိမ်ကို ခဏခဏ လာခဲ့ကြတယ်။ ပြီးတော့ အိမ်မှာ လူရှိတဲ့အချိန်၊ လူမရှိတဲ့ အချိန် စတာတွေကို အသေးစိတ် စုံစမ်းနေပြီ ဆိုကတည်းက ကျွန်တော် တွေးလိုက်မိတယ်။ ကျွန်တော်တို့ ဆက်ပြီး ဖုံးထားဖို့ လုံးဝ မဖြစ်နိုင်တော့ဘူး။ အဲဒီနောက်တော့ ကျွန်တော်လည်း ကျွန်တော့်ဇနီးနဲ့ တိုင်ပင်ပြီး ဆရာတို့ကို ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံလိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဆရာတို့ကို ဒုက္ခတွေ အများကြီး ပေးခဲ့မိလို့ တောင်းပန်ပါတယ်။ ပြီးတော့ ကလေးမလေးရဲ့ မိဘတွေကိုလည်း ကျွန်တော်တို့ ဝန်ချတောင်းပန် ရလိမ့်ဦးမယ်”
ပြောပြီးနောက် မိုင်ဟာရာသည် ခေါင်းငိုက်စိုက်ချကာ ငူငူကြီး ထိုင်နေတော့သည်။
မာကျုမီယာက ကာဂါကို လှမ်းကြည့်လိုက်သည်။
“ကျွန်တော် ဌာနချုပ်ကို ဆက်သွယ်လိုက်မယ်”
သို့သော် ကာဂါက ခေါင်းမညိတ်။ တစ်ခုခုကို အလေးအနက် စဉ်းစားနေသော ကိုယ်နေဟန်ထားဖြင့် သူ့မျက်နှာက တည်ကြည်လေးနက်နေသည်။
“ဘာဖြစ်လို့လဲ”
ကာဂါက မာကျုမီယာကို ဂရုမစိုက်တော့ဘဲ မိုင်ဟာရာကို လှမ်းမေးလိုက်သည်။
“ခင်ဗျားရဲ့ အမေကို ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ်လောက် ထပ်တွေ့လို့ ရမလား”
“မရစရာ မရှိပါဘူး။ ဒါပေမယ့် ဆရာလည်း မြင်နေတာပဲ။ သူက သာမန်လူတစ်ယောက်လို ဆက်ဆံမေးမြန်းဖို့ အင်မတန်မှ ခက်နေတာကြီးကို ….”
မိုင်ဟာရာ၏ စကားကို ဆုံးအောင်ပင် မစောင့်တော့ဘဲ ကာဂါက မတ်တပ် ထရပ်လိုက်သည်။
သူတို့သည် ယခင် တစ်ခေါက်ကကဲ့သို့ လျှောက်လမ်းအတိုင်း လျှောက်ခဲ့ကြသည်။ မိုင်ဟာရာက မာဆာအေ၏ အခန်းတံခါးကို ဆွဲဖွင့်ပေးသည်။ မာဆာအေကလည်း ရှေ့တစ်ခေါက် သူတို့ လာခဲ့စဉ်က ထိုင်ခဲ့သော နေရာမှာပင် ထိုင်လျက် အနောက်ဘက် ပန်းရုံဘက်သို့ ငေးကြည့်နေသည်။ သို့သော် သူ ဘာကို ကြည့်နေသနည်း ဆိုသည်ကိုမူ မည်သူမျှ သိနိုင်လိမ့်မည် မဟုတ်ပေ။
ကာဂါသည် သူ့အနားသို့ ကပ်သွားပြီး သူ့ဘေးတွင် ထိုင်ချလိုက်သည်။
“ဘာလုပ်နေတာလဲ” ကာဂါက အသံကို တတ်နိုင်သမျှ နူးညံ့အောင် ထားပြီး ကလေးတစ်ယောက်ကို ဆက်ဆံသကဲ့သို့ ပြောနေလေသည်။
သို့သော် မာဆာအေက ဘာမျှ မတုံ့ပြန်။ လူတစ်ယောက် သူ့အနား လာထိုင်နေသည်မှာ သူ့အတွက် ဘာမျှ အရေးကြီးပုံ မပေါ်။ သို့မဟုတ် သူ့အနားတွင် လူတစ်ယောက် ရှိနေသည်ဟုပင် သူ သိပုံ မရသောကြောင့်လည်း ဖြစ်နိုင်သည်။
“အလုပ် မဖြစ်ပါဘူး၊ ဆရာ” မိုင်ဟာရာက ပြောနေသည်။ “သူစိမ်းရဲ့ စကားဆိုရင် သူ့နားထဲ ဝင်တာ မဟုတ်ဘူး”
ကာဂါသည် အနောက်ဘက်သို့ လှည့်လိုက်ပြီး တိတ်တိတ်နေရန် လက်ဝါးဖြင့် အချက်ပေးလေသည်။ ထို့နောက် မာဆာအေဘက်သို့ လှည့်သွားပြီး မျက်နှာကို အချိုသာဆုံး ပြုံးကာ “ကလေးမလေး တစ်ယောက်ကို တွေ့ဖူးလား”
မာဆာအေ၏ ခေါင်းမှာ ဖြည်းဖြည်းချင်း မော့လာသည်။ ကာဂါကို စိုက်ကြည့်နေခြင်းတော့ မဟုတ်နိုင်။
“မိုးရွာနေပြီ” သူ့ထံမှ အသံထွက်ပေါ်လာသည်။
“အင်း” ကာဂါက ပြန်ထူးလိုက်သည်။
“မိုးရွာနေပြီ။ ဒီနေ့ တောင်ပေါ်သွားလို့ မရတော့ဘူး”
မာကျုမီယာသည် အိမ်အပြင်ဘက်သို့ လှမ်းကြည့်သည်။ အပြင်မှာတော့ မိုးတစ်စက်တလေမျှ မကျ။ လေတိုက်သောကြောင့် သစ်ရွက်များ ပွတ်တိုက်သံကိုသာ ကြားနေကြရသည်။
“အိမ်ထဲမှာပဲ ဆော့ရတော့မှာပေါ့။ ဟုတ်သား…..။ အလှပြင်ရဦးမယ်”
“အလုပ်မဖြစ်ပါဘူး ဆရာရယ်။ သူက အဲဒီလို ကကျိုးကကြောင် စကားတွေပဲ ပြောနေတတ်တာ။ သူရဲ့ ဦးနှောက်က ကလေးသာသာ အဆင့်ပဲ ရှိတော့တာ” မိုင်ဟာရာက ပြောနေသည်။
သို့သော် ကာဂါသည် အနားမှ မခွာသေးဘဲ ထိုင်လျက် မာဆာအေကိုသာ စိုက်ကြည့်နေသည်။
သူ၏ အမြင်အာရုံသည် တဖြည်းဖြည်း အောက်ဘက်သို့ ရွေ့ဆင်းသွားပြီး မာဆာအေအနားတွင် ကျနေသော တစ်စုံတစ်ရာကို ကောက်ကိုင်လိုက်သည်။ လုံးချေထားသော အဝတ်စ ဖြစ်ရမည်ဟု မာကျုမီယာက ထင်နေသည်။
“ဒါ လက်အိတ်မဟုတ်လား” ကာဂါက မေးသည်။ “အဲဒီတုန်းက သူ ကောက်ယူထားတဲ့ လက်အိတ်ပဲမလား”
“ဟုတ်လိမ့်မယ် ထင်တယ်”
“အဲဒီတုန်းက?” မာကျုမီယာက နားမလည်၍ ပြန်မေးလိုက်သည်။
“မနေ့က ငါဒီကိုရောက်တော့ ဒီအမေအိုက လက်အိတ်တစ်စုံ ကောက်ယူသွားတာ တွေ့ခဲ့ရတယ်။ ဒီဟာပဲ” ကာဂါက ရှင်းပြသည်။
“ဘာကြောင့် သူက အဲဒီဟာကို သိပ်သဘောကျနေမှန်း မသိဘူး။ အမြဲ လက်မှာ ဝတ်ထားတယ်။ အခုတော့ ငြီးငွေ့သွားပြီ ထင်တယ်။ တကယ့် ကလေးတစ်ယောက်လိုပဲ။ သူ ဘာတွေ စဉ်းစားနေသလဲဆိုတာ နားကို မလည်နိုင်တော့ဘူး” မိုင်ဟာရာက စိတ်မရှည်သော လေသံဖြင့် ပြောသည်။
ကာဂါသည် လက်အိတ်ကို တစ်ခဏမျှ ကြည့်နေပြီးနောက် မာဆာအေ၏ ဘေးနားတွင် သပ်သပ်ရပ်ရပ် ပြန်ချပေးထားလိုက်သည်။ ထို့နောက် အခန်းတွင်း ပတ်ပတ်လည်ကို အာရုံ ကျက်စားနေလေသည်။
“ခင်ဗျားအမေက ဒီအခန်းထဲမှာပဲ အမြဲ နေတာလား”
“ဟုတ်တယ်။ အိမ်သာတက်တဲ့ အချိန်ကလွဲလို့ ကျန်တဲ့အချိန်အားလုံး ဒီထဲမှာပဲ နေတယ်လို့ ပြောရတော့မှာပဲ”
“အခင်းဖြစ်ပြီးတဲ့နောက်ရော။ ခင်ဗျားအမေ အပြင်ကို ထွက်သေးလား” ကာဂါက မေးသည်။
မိုင်ဟာရာက ခေါင်းခါလျက် “သူ ဘယ်နေရာမှ မသွားဘူး။ အတိအကျ ပြောရရင် သူ သူငယ်ပြန်သွားပြီးကတည်းက ခြံဝင်းအပြင်ဘက် မရောက်ဖူးတော့တာပဲ”
“ဒီလိုလား။ တစ်ခုလောက် မေးခွင့်ပြုပါဗျာ။ ခင်ဗျားနဲ့ ခင်ဗျားဇနီးရဲ့ အခန်းကရော ဘယ်မှာလဲ”
“အပေါ်ထပ်မှာပါ”
“ခင်ဗျားအမေက အပေါ်ထပ်ကိုရော တက်သေးလား”
“သူ မတက်နိုင်ဘူး။ ဟိုးအရင်က သူ့ခြေချင်းဝတ် တစ်ခါ ကျိုးသွားခဲ့ဖူးတယ်။ ပြောရရင် သူငယ်မပြန်ခင်ကတည်းက လှေကားအတက်အဆင်း မလုပ်နိုင်တော့တာ”
မာကျုမီယာသည် ထိုသူနှစ်ဦး၏ အမေးအဖြေကို နားထောင်နေရင်း ကာဂါ အဘယ်ကြောင့် ထိုသို့ မေးနေရသနည်း ဟူသော အကြောင်းအရင်းကို တွေးတောနေလေသည်။ ကာဂါသည် အဘယ်ကြောင့် ဌာနချုပ်သို့ ဆက်သွယ်ရန် သူ့အား ခွင့်မပြုသေးသည်ကိုလည်း သူ နားမလည်နိုင်။ သို့သော် မိုင်ဟာရာတို့၏ ရှေ့မှောက်တွင် အကြောင်းအရင်းကို မေးကြည့်ရန်ကလည်း မဖြစ်သေးပေ။
ကာဂါသည် မတ်တပ်ရပ်လိုက်ပြီး အခန်းထဲတွင် လမ်းလျှောက်နေသည်။ အခန်းတွင်းရှိ ထောင့်တိုင်း ချောင်ကြိုချောင်ကြားတိုင်းကို အလွတ်မပေးဘဲ မျက်စိကစားနေသည်။ တစ်ခုခုကို စစ်ဆေးနေသယောင်။
“ဘာများ ပြဿနာ ရှိလို့လဲ ဆရာ” မိုင်ဟာရာက မအောင့်နိုင်တော့ဘဲ မေးလိုက်သည်။ ကာဂါ ဘာလုပ်နေသည်ကို သူလည်း ဘာမျှ နားလည်ပုံ မရ။
“ဟိုကလေးမလေး ချိုးပစ်တယ်ဆိုတဲ့ အရုပ်ကို လွှင့်ပစ်လိုက်ပြီလား” ကာဂါက မေးသည်။
“ဟင့်အင်း၊ ဒီမှာပဲ ရှိသေးတယ်” မိုင်ဟာရာသည်
နံရံကပ်ဗီဒိုတံခါးကို
ဆွဲဖွင့်လိုက်ပြီး အောက်ဆုံးထပ်တွင် ထည့်ထားသော သေတ္တာတစ်လုံးကို ဆွဲထုတ်သည်။
မာကျုမီယာသည် သေတ္တာအတွင်းသို့ လှမ်းကြည့်လိုက်စဉ်မှာပင် မျက်လုံး နှစ်လုံးမှာ အပြူးသား ဝိုင်းစက်သွားကြသည်။ သေတ္တာကို မ,လာပြီး ကာဂါရှိရာသို့ လျှောက်လာလိုက်သည်။
“အစ်ကို၊ ဒီဟာ ……”
အထဲတွင် လက်မောင်းတစ်ဘက် ပြုတ်နေသော အရုပ်တစ်ရုပ်ကို တွေ့ရသည်။ ထိုအရုပ်သည် ကာဆုဂါအိ ယူနာ စုဆောင်းထားသော အရုပ်များနှင့် အမျိုးအစား တူနေသည်။
ကာဂါသည် သေတ္တာထဲသို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး မိုင်ဟာရာကို မေးခွန်းထုတ်နေသည်။ “ဒီအရုပ်က ဘယ်လိုဖြစ်ရတာလဲဗျ”
“အင်း ….. ပြီးခဲ့တဲ့နှစ်လောက်က ဖြစ်မယ်။ ကျွန်တော် ဝယ်ပေးထားတာ”
“ခင်ဗျားဝယ်တာ?”
“ဆရာလည်း မြင်တဲ့အတိုင်းပဲ။ ကျွန်တော့်အမေက ကလေးလေးလို ဖြစ်နေပြီ။ သူက အရုပ်ကစားချင်တယ်ဆိုတော့ ကျွန်တော်လည်း စူပါမားကတ်သွားပြီး သူ့အတွက် ဒါလေး ဝယ်ခဲ့လိုက်တာပဲ။ အခု လူကြိုက်များတဲ့ အရုပ်လို့ ပြောကြတာပဲဗျာ။ ကျွန်တော်ကတော့ ဒါတွေ နားမလည်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အမေကတော့ ဒီအရုပ်ကို ကြိုက်ပုံမရဘူး။ အမြဲ ချောင်ထိုးထားတတ်တာပဲ။ နောက်တော့ ဘာကြောင့်မှန်း မသိဘူး။ အပြင်ကို ပြန်ထုတ်လာပြန်ရော။ ဒါနဲ့ပဲ မဖြစ်သင့်တာတွေ ဖြစ်ကုန်တော့တာပေါ့”
မာကျုမီယာသည် ကာဆုဂါအိ ယူနာ၏ အခန်းအတွင်းမှ အရုပ်များကို သတိရသွားသည်။ သူ တွေးကြည့်နေသည်။ ထိုကဲ့သို့သော အရုပ်များကို အရူးအမူး စုဆောင်းတတ်သော ကလေးမလေးတစ်ယောက်က တခြားသူတစ်ဦးထံတွင် သူ သဘောကျသော အရုပ်မျိုး တွေ့လာခဲ့လျှင် မနေနိုင် မထိုင်နိုင်ဖြစ်ပြီး ထိုသူ၏ အိမ်ထဲသို့ အရဲစွန့်ကာ ဝင်ရောက်သွားနိုင်ပေသည်။
“အခု ဖြစ်ခဲ့သမျှကို ခင်ဗျားနှမကရော သိပြီးပြီလား” ကာဂါက မိုင်ဟာရာကို မေးလိုက်သည်။
“ဘယ်သိပါဦးမလဲ။ သူ့ကို မဖြစ်မနေ အသိပေးရမှာ မှန်ပေမယ့် ဘယ်ကနေ ဘယ်လို စရှင်းပြရမလဲဆိုတာ မစဉ်းစားတတ်အောင်ပဲဗျာ”
“သောကြာနေ့ကတည်းက ခင်ဗျားနှမ ဒီကို မရောက်တော့တာ မဟုတ်လား။ ဒီတော့ ခင်ဗျားအမေကို ဘယ်သူက ပြုစုပေးနေသလဲ”
“လောလောဆယ်တော့ ကျွန်တော်တို့ လင်မယားပဲ တာဝန်ယူထားတာပေါ့။ ဒါပေမယ့် ဘာမှ ထွေထွေထူးထူးလည်း စောင့်ရှောက်နေစရာ မလိုပါဘူး။ သူ့ဘာသာသူ ကိုယ်လက်သန့်စင် လုပ်နိုင်သေးတာပဲဟာ”
“ဒါဆို အစားအသောက်ကရော”
“ကျွန်တော်တို့က ဒီကိုပဲ ပို့ပေးရတာပေါ့”
“ခင်ဗျားအမေ တစ်ယောက်တည်း စားတာလား”
“ဟုတ်တယ်။ ဒါပေမယ့် သူက ပေါင်မုန့်လောက်ပဲ စားတာ”
“ပေါင်မုန့်?” မာကျုမီယာသည် အံ့အားသင့်စွာ အသံထွက်၍ ရေရွတ်လိုက်မိသည်။
“မနေ့က ဟာရုမိရောက်လာတော့ ခြံတံခါးဝမှာတင် သူ့ကို ပြန်ဖို့ ပြောပြီး သူ့ဆီက ယူထားလိုက်တာ။ အခုတလော အမေက အဲဒီ အသားညှပ်ပေါင်မုန့်ကိုပဲ ပိုပြီး ခံတွင်းတွေ့နေတယ်လို့ သူက ပြောသွားသေးတယ်”
မာကျုမီယာသည် အခန်းထောင့်ရှိ အမှိုက်ခြင်းထဲသို့ စူးစမ်းကြည့်နေသည်။ အသားညှပ်ပေါင်မုန့်ကို ထုပ်ပိုးရာတွင် အသုံးပြုသော ပလတ်စတစ်ပါး အကြည်ဘူးတချို့နှင့် လေးထောင့်ပုံသဏ္ဌာန် နွားနို့ဘူးခွံကို တွေ့ရသည်။
ကာဂါသည် သူ့မေးစေ့ကို လက်ဖြင့် ပွတ်သပ်ရင်း မာဆာအေ၏ ကျောပြင်ကို စိုက်ကြည့်နေသည်။ ထို့နောက် မာကျုမီယာဘက်သို့ လှည့်လာပြီး “ငါတို့ ပန်းခြံထဲ သွားကြည့်ရအောင်”
“ပန်းခြံထဲ?”
“မစ္စတာမိုင်ဟာရာက ပြောတယ် မဟုတ်လား။ သူက အဲဒီ ပန်းခြံထဲမှာ အလောင်းကို ကတ်စက္ကူပုံးထဲ ထည့်ခဲ့တယ်တဲ့။ ဒါကြောင့် ငါ အဲဒီနေရာကို သွားကြည့်ချင် သေးတယ်”
မာကျုမီယာသည် ခေါင်းကိုသာ ညိတ်လိုက်ရသော်လည်း ကာဂါ၏ ရည်ရွယ်ချက်ကို နားလည်သောကြောင့် မဟုတ်။ ပန်းခြံထဲသို့ သွားကြည့်ခြင်းဖြင့် ဘာအကျိုး ထူးနိုင်ဦးမည်နည်း။
“ခင်ဗျားတို့ ဒီမှာပဲ နေခဲ့ကြပါ” ကာဂါသည် မိုင်ဟာရာတို့ လင်မယားကို ထိုသို့ ပြောလိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့ကြသည်။
ပန်းခြံထဲသို့ ရောက်သောအခါ ကာဂါသည် ငုတ်တုတ် ထိုင်ချလိုက်ပြီး မြက်ပင်များကို ပွတ်သပ်နေသည်။
“ဒီမြက်တွေနဲ့ ပတ်သက်ပြီး ဘာတွေများ ထပ်လေ့လာစရာ လိုနေသေးလို့လဲ”
“ဒါက အကြောင်းပြချက်ပါ။ ငါ မင်းနဲ့ တိုင်ပင်စရာ ရှိလို့” ကာဂါက ထိုနေရာမှာပင် ငုတ်တုတ်ထိုင်လျက် ပြောနေသည်။
“ဘာအတွက်လဲ”
“ဌာနချုပ်ကို လောလောဆယ် မဆက်သွယ်ပါနဲ့ဦးလား”
“ဗျာ”
“သူတို့ ပြောခဲ့တဲ့ စကားတွေကို မင်း ဘယ်လို မြင်သလဲ”
“ဟာ … အတော် အံ့ဩသွားတာပေါ့ဗျာ။ အဲဒီ အမယ်အိုကြီးက လူသတ်လိမ့်မယ်လို့ ဘယ်ထင်ထားမိမှာလဲ”
ကာဂါသည် မြက်တစ်ဆုပ်ကို ဖမ်းကိုင်လိုက်ပြီး ဆွဲဖြတ်ယူသည်။ ထို့နောက် လက်ထဲမှ မြက်များကို တစ်ခဏမျှ စိုက်ကြည့်နေပြီး သူ့ပါးစပ်ထဲသို့ ထည့်ကာ ဝါးစားပစ်လိုက်သည်။
“မင်းက သူတို့ ပြောသမျှ အားလုံးကို ယုံဖို့ အဆင်သင့် ဖြစ်နေသလိုပဲ”
“သူတို့ ညာနေပါတယ်လို့ အစ်ကိုက ပြောချင်တာလား”
ကာဂါသည် မတ်တပ်ရပ်လိုက်ပြီး ခြံတံခါးဝဘက် ဝေ့ကြည့်နေသည်။ ထို့နောက် သူ့အသံကို နှိမ့်ချပြီး “သူတို့ ပြောနေတာ အကုန်လုံး အမှန်တွေပါလို့ ငါတော့ မယူဆဘူး”
“ဟုတ်လား။ ကျွန်တော်တော့ အပြစ်အနာဆာရယ်လို့ မတွေ့မိပါဘူး”
“ဒါပေါ့။ သူတို့ မနေ့က တစ်နေကုန်လုံး အပင်ပန်းခံပြီး အခုလို အပြစ်အနာဆာ မရှိတဲ့ လုပ်ဇာတ်တစ်ခုကို ကြံဖန်ထားကြရတာလေ”
“အဲဒါတွေက လုပ်ဇာတ်ပါလို့ အခုချက်ချင်း ဆုံးဖြတ်တာ စောလွန်းမနေဘူးလား။ လုပ်ဇာတ်တွေလို့ပဲ ထားပါဦး။ ကျွန်တော့်အထင်တော့ အခုချိန်မှာ ဌာနချုပ်ကို အရင် အကြောင်းကြားထားတာ ပိုကောင်းလိမ့်မယ်။ တကယ်လို့ သူတို့က တစ်ခုခုကို ဖုံးကွယ်ထားတာ ရှိတယ် ဆိုရင်လည်း ရှေ့ဆက်ပြီး စစ်ကြောလိုက်ရင် အကုန်လုံး ဘူးပေါ်သလို ပေါ်လာကြမှာပဲဟာ”
မာကျုမီယာ၏ စကားများ ပြော၍ မဆုံးခင်မှာပင် ကာဂါက ခေါင်းကို ခါယမ်းလိုက်သည်။ မာကျုမီယာ၏ ဆိုလိုရင်းကို သူလည်း နားလည်ထားပြီးကြောင်း အချက်ပေးနေသည့်နှယ်။
“ဆုံးဖြတ်ပိုင်ခွင့်က မင်းလက်ထဲမှာပါ။ တကယ်လို့ မင်းက အခုချက်ချင်း ဌာနချုပ်ကို အစီရင်ခံချင်တယ် ဆိုရင်လည်း ငါက မင်းကို တားနေမှာ မဟုတ်ဘူး။ ဒါပေမယ့် ခွဲမှူး အိရှိဂါကီနဲ့ ဖြစ်ဖြစ်၊ တာဝန်ခံ ကိုဘာယာရှိနဲ့ ဖြစ်ဖြစ် ငါ အရင် စကားပြောကြည့်ချင်သေးတယ်။ ငါ သူတို့ကို အကူအညီ တောင်းစရာ ရှိတယ်”
“ဒါက ဘာအဓိပ္ပာယ်လဲဗျ”
“ဆောရီးပဲကွာ။ မင်းကို ရှင်းပြနေဖို့ အချိန် မရှိဘူး”
သူ့ကို လူသစ်ချာတိတ်လေး တစ်ယောက်ကဲ့သို့ ဆက်ဆံခံလိုက်ရသည်ဟု မာကျုမီယာက ခံစားနေမိသောကြောင့် စိတ်ထဲမှာ မျက်ကနဲ ဖြစ်သွားသည်။ ကာဂါကလည်း ထိုအချက်ကို သတိထားမိဟန်ဖြင့်
“မင်းသာ ခံစားချက်တွေကို ခဏ ဘေးဖယ်ထားပြီး ဓမ္မဒိဋ္ဌာန်ကျကျ ရင်ဆိုင်နိုင်မယ် ဆိုရင် အမှန်တရားကို မင်း မြင်တွေ့နိုင်မှာပဲ”
ထိုစကားကို ကြားပြီးသောအခါ မာကျုမီယာသည် စောဒက တက်မနေတော့ဘဲ မျက်နှာ မအီမသာဖြင့် သူ့လက်ကိုင်ဖုန်းကို ဆွဲထုတ်လိုက်သည်။
တစ်ဘက်မှ လက်ခံစကားပြောသူမှာ ကိုဘာယာရှိ ဖြစ်သည်။ မာကျုမီယာသည် မိုင်ဟာရာ အာကီအိုတို့ ပြောခဲ့သမျှကို အကြမ်းဖျင်း ရှင်းပြလိုက်ပြီးနောက် ကာဂါ၏ တောင်းဆိုချက်ကိုလည်း တင်ပြလိုက်လေသည်။ ကိုဘာယာရှိက ကာဂါနှင့် စကားပြောလိုကြောင်း ပြောလာသည်။
ကာဂါသည် ဖုန်းကို လှမ်းယူလိုက်ကာ မာကျုမီယာအနားမှ ခြေလှမ်း အနည်းငယ် ခွာသွားပြီး အသံတိုးတိုးဖြင့် ပြောနေလေသည်။ တစ်ခဏကြာသော် မာကျုမီယာအနားသို့ ပြန်ရောက်လာပြီး သူ့ကို ဖုန်းထိုးပေးကာ “ရော့ … မင်းနဲ့ ပြောဦးမယ်တဲ့”
မာကျုမီယာက ဖုန်းကို လှမ်းယူလိုက်သည်။
“အခြေအနေ အကုန်လုံး ငါ နားလည်ပြီ” ကိုဘာယာရှိက ပြောသည်။
“ဒီတော့ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ”
“မင်းတို့ အချိန်ရပါသေးတယ်။ ကာဂါမှာလည်း သူ့နည်းသူ့ဟန်နဲ့ အကြံအစည် ရှိပုံရတယ်။ ဒီတော့ သူပြောတဲ့အတိုင်းသာ မင်း ဆက်လုပ်ပေတော့”
“မိုင်ဟာရာတို့ကို ဌာန ခေါ်လာစရာ မလိုတော့ဘူးလား”
“ငါဆိုလိုချင်တာက မင်းတို့ အဲဒီလို အလောတကြီး စီစဉ်ဖို့ မလိုအပ်သေးဘူး။ ခွဲမှူးဘက်ကိုတော့ ငါပဲ သွားပြီး ရှင်းပြထားလိုက်မယ်”
“ဟုတ်၊ သဘောပေါက်ပါပြီ ဆရာ” မာကျုမီယာက ဖုန်းချရန် ဟန်ပြင်နေစဉ်မှာပင် ကိုဘာယာရှိထံမှ အသံ ထွက်ပေါ်လာပြန်သည်။
“ရဲဘော်ကာဂါ ဘယ်လို လုပ်သွားတယ်ဆိုတာ မင်း သေသေချာချာ လေ့လာထား။ အင်မတန် မှော်ဆန်တဲ့ မျက်လှည့်ပြကွက်တစ်ခုကို မကြာခင် မင်းတွေ့ရလိမ့်မယ်”
မာကျုမီယာသည် ကိုဘာယာရှိ ပြောသော စကားလုံး၏ အနက်အဓိပ္ပာယ်ကို ပုံဖော်ကြည့်နေသည်။ ဘာမျှ ပြန်မပြောတော့။ “ကြိုးစားထား ငါ့ကောင်ရ” ဟု ပြောပြီး တစ်ဘက်မှ ဖုန်းချသွားသည်။
မာကျုမီယာက ကာဂါကို လှမ်းမေးလိုက်သည်။ “ဘာတွေ ဖြစ်ကုန်တာလဲဗျ”
“မင်း မကြာခင် နားလည်လာမှာပါ။ ဒါပေမယ့် လောလောဆယ် မင်းကို တစ်ခု ပြောပြထားမယ်။ မှုခင်းစုံထောက်ဆိုတာ အမှန်ကို ဖော်ထုတ်ရရုံတင် မကဘူး။ အမှန်တရားကို ဖော်ထုတ်နိုင်ဖို့အတွက် အချိန်အခါနဲ့ နည်းလမ်းကိုလည်း အလေးထားရဦးမယ်”
ထိုစကား၏ ဆိုလိုရင်း အဓိပ္ပာယ်ကို မာကျုမီယာ နားမလည်ပေ။ မျက်မှောင်ကြုတ်ကာ ကြည့်နေသော သူ့ကို ကာဂါက မျက်တောင်မခတ်ဘဲ တည့်တည့် စိုက်ကြည့်နေသည်။
“ဒီမိသားစုမှာ လူသိမခံဝံ့တဲ့ အိမ်တွင်းရေး ပဋိပက္ခတစ်ခု ရှိနေတယ်။ အဲဒီ ပဋိပက္ခကို ရဲစခန်းလို နေရာမျိုးမှာ အတင်းအဓမ္မ ဖွင့်ချပြီး ဖြေရှင်းခိုင်းလို့ မဖြစ်နိုင်ဘူး။ အိမ်တွင်းရေးဆိုတာ ကာယကံရှင်တွေ ကိုယ်တိုင် ကိုယ့်အိမ်တွင်းမှာပဲ သိုသိုသိပ်သိပ် ဖြေရှင်းကြတာပဲ ကောင်းမယ်။ ဒါကြောင့် ဒီနေရာက သူတို့အတွက် ဖြေရှင်းဖို့ အသင့်လျော်ဆုံး နေရာပဲ”