ညဉ့်တစ်နာရီကျော်တွင် အာကီအိုသည် တီဗီကို ပိတ်လိုက်သည်။ ကလေးမလေးအတွက် လူပျောက်ကြော်ငြာကို သတင်းထဲတွင် ကြားရမည်လားဟူသော အတွေးဖြင့် တီဗီကို ကြည့်နေခဲ့ခြင်း ဖြစ်သည်။ သတင်းဌာန လေးငါးခြောက်ခုကို ပြောင်းကြည့်သော်လည်း ဘာသတင်းထူးမျှ မတွေ့ခဲ့ရ။
ယာအေကိုသည် တစ်ဘက်မှ ဧည့်ခန်းထဲတွင် ထိုင်နေသည်။ တိတ်ဆိတ်ခြောက်ခြားလှသော ထမင်းစားခန်းထဲတွင်
ဆက်မ
နေရဲ
တော့ဘဲ
လွန်ခဲ့သော နှစ်နာရီလောက်က ထွက်ခွာသွားခဲ့သည်။ ထို့နောက် သူတို့နှစ်ယောက်အကြား စကားပြောဆိုခြင်း မရှိကြတော့။ အဘယ်ကြောင့်ဆိုသော် မည်သည့် စကားပင် ပြောဆိုကြသည်ဖြစ်စေ၊ သူတို့အတွက် မျှော်လင့်ချက် မရှိသလောက် နည်းနေသော အခြေအနေများကို မဆွေးနွေးလိုကြသောကြောင့် ဖြစ်သည်။
အာကီအိုသည် ဆေးလိပ်တစ်လိပ် သောက်ပြီးနောက် မတ်တပ်ရပ်လိုက်သည်။ ထမင်းစားခန်းမီးကို ပိတ်လိုက်ပြီး ပန်းခြံဘက် မျက်နှာမူထားသော မှန်ပြတင်းဆီသို့ လျှောက်လာခဲ့သည်။ ပြတင်းပေါက်အား အသာအယာ ဖွင့်ပြီး အပြင်ဘက်မှ အခြေအနေများကို အကဲခတ်လိုက်သည်။
လမ်းမီးများကို ဖွင့်ထားသော်လည်း ထိုအလင်းရောင်က သူ့ခြံနားအထိ မရောက်။ ပန်းခြံထဲတွင် မဲမဲမှောင်လျက်။
သူသည် ဘာမျှ မလုပ်သေးဘဲ အမှောင်ထဲတွင် မျက်စိကျင့်သားရသည်အထိ ရပ်နေခဲ့သည်။ မြေပေါ်ရှိ ပလတ်စတစ်အိတ် အနက်ကို ကောင်းကောင်း မြင်သည်အထိ စောင့်ရဦးမည်။ ထို့နောက်မှ လက်အိတ်ကို စွတ်ခဲ့ပြီး အခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။
ခေါက်ထားသော ကတ်စက္ကူဘူး၊ ပါကင်တိတ်နှင့် လက်နှိပ်ဓာတ်မီးကို ယူ၍ ပန်းခြံထဲသို့ ဆင်းလာခဲ့သည်။ အမှောင်ထဲတွင် ကတ်စက္ကူကို ဘူးပုံစံ ချိုးပြီး ဖင်မှ ပွင့်မထွက်စေရန် ပါကင်တိတ်ဖြင့် အသေအချာ ပိတ်သည်။ ထို့နောက် ပလတ်စတစ်အိတ် အမဲကို ပတ်ပတ်လည် လှည့်ကြည့်သည်။ စိတ်လှုပ်ရှားခြင်း၊ ကြောက်လန့်ခြင်းများ စိုးမိုးနေသော အာကီအိုအဖို့ ယခု သူမြင်နေရသည်မှာ ကလေးမလေး၏ ခြေထောက်တစ်စုံသာ။ အလောင်း၏ ကျန်အစိတ်အပိုင်းများကို ယခုအချိန်ထိ သူ မမြင်ဖူးသေး။ သူ့အာခေါင်မှာ ခြောက်ကပ်လျက်။ ဖြစ်နိုင်လျှင် ချက်ချင်းပင် အဝေးတစ်နေရာသို့ ထွက်ပြေးသွားချင်နေသည်။
အာကီအိုအနေဖြင့် လူသေအလောင်းကို မမြင်ဖူးခြင်း မဟုတ်။ ရှေ့တစ်ခေါက်က သူ့ဖခင်၏ ရုပ်အလောင်းကို အနီးကပ် မြင်ခဲ့ဖူးပြီးသား။ ထိုစဉ်အချိန်က မြင်ခဲ့ရသည်မှာ ယခုလို သွေးလေခြောက်ခြားစရာဟု မခံစားခဲ့ရပေ။ ဆရာဝန်များ စမ်းသပ်ပြီး၍ ကွယ်လွန်ပြီဟု ပြောပြီးပြီးချင်းပင် သူ့ဖခင်၏ မျက်နှာကို သူ့လက်ဖြင့် ပွတ်သပ်ခဲ့သေးသည်။
သို့သော် ဒီနေ့ဒီအချိန်တွင်ကား ခံစားချက်များမှာ ထိုစဉ်ကကဲ့သို့ မဟုတ်။ ပလတ်စတစ်အိတ် အနက်အောက်တွင် လွတ်နေသော အစိတ်အပိုင်းကလေးကို မြင်ရုံဖြင့်ပင် ကြောက်လန့်ခြောက်ခြားနေသော သူ့အတွက် အိတ်အနက်ကို ဖွင့်ကြည့်ရန် မည်သို့မျှ ခွန်အားမရှိခဲ့။
ယခု ရုပ်အလောင်းမှာ မည်သို့မည်ပုံ ဖြစ်ပျက်နေပြီနည်း။ သူမသိ။ ဖွင့်ကြည့်ဖို့ရာလည်း သူ့မှာ သတ္တိမရှိ။ သဘာဝအတိုင်း ရိုးရိုး သေသောသူဆိုလျှင် အသက်ရှူဆဲ အချိန်နှင့် အသက်မဲ့ချိန်တို့မှာ များစွာ ကွာခြားလှမည် မဟုတ်ပေ။ သေသေချင်းဆိုလျှင် သေသည်ဟု မထင်ရဘဲ အိပ်နေသည်ဟုပင် ထင်နိုင်စရာ ရှိသည်။ သို့သော် ယခု မျက်စိရှေ့တွင် မြင်နေရသော ရုပ်အလောင်းမှာ ထိုကဲ့သို့ သမရိုးကျ သေခဲ့ရခြင်း မဟုတ်။ အသက်ရှင်စဉ်က သွက်လက်ချက်ချာသော ကလေးမလေးတစ်ယောက် အသတ်ခံထားရခြင်း ဖြစ်သည်။ အညှစ်သတ် ခံရခြင်း။ ထိုသို့သော ရုပ်အလောင်းသည် မည်သို့ ပုံပျက်ပန်းပျက် ရှိနေမည် ဆိုသည်ကို အာကီအို မတွေးတတ်။
သူ၏ စိုးရိမ်ထိတ်လန့်နေခြင်းမှာ ထိုမျှသာ မဟုတ်။
ရဲကို ဖြောင့်ချက်ပေးခဲ့မည်ဆိုလျှင် သူ ထိုမျှ ကြောက်လန့်နေစရာ လိုမည်ဟု မထင်။ အကယ်၍ မိမိ၏ လုပ်ရပ်သည် ရိုးသား၍ စိတ်သန့်နေမည် ဆိုလျှင်လည်း ရုပ်အလောင်းကို ကတ်စက္ကူဘူးထဲသို့ ထည့်ရသည့်ကိစ္စမှာ ထိုမျှ ခက်ခဲနေစရာ အကြောင်း မရှိပေ။
ယခုလုပ်ရတော့မည့် မရိုးမဖြောင့် ဆိုးယုတ်သော လုပ်ရပ်ကြောင့် မိမိကိုယ်မိမိ မလုံမလဲ ဖြစ်နေကြောင်း အာကီအို နားလည်သည်။ ရုပ်အလောင်းကို မြင်လိုက်ရစဉ် တစ်ခဏမှာပင် သူ့အား ထိုစေတသိက ဒုက္ခများက ထိုးဆွနှိပ်စက်နေလေပြီ။
အဝေးတစ်နေရာမှ ကားသံကို ကြားလိုက်ရသောအခါ သူ၏စိတ်များ
ပစ္စုပ္
ပ
န်တည့်တည့်သို့
ပြန်ရောက်လာသည်။ ယခုအချိန်သည် ငေးမှိုင်နေရမည့် အချိန်မဟုတ်။ ယခုသူ လုပ်နေသည်များကို ပတ်ဝန်းကျင်မှ တစ်ဦးဦးကသာ မြင်သွားခဲ့လျှင် သူတို့ကြံထားသမျှ ရေစုန်မျောလိမ့်မည်။
အိတ်အမည်းဖြင့် ထည့်ထားသည့်အတိုင်း သယ်သွားပြီး ပန်းခြံမှ အိမ်သာထဲတွင် ပစ်ထားခဲ့မည်ဟု သူ စိတ်ကူးလိုက်မိသည်။ မျက်စိစုံမှိတ်ကာ အိတ်အမည်းကို ပစ်ချပြီး အလောင်းကို လှည့်မကြည့်တော့ဘဲ ဒီအတိုင်း ပစ်ထားခဲ့မည်။ ထိုသို့ဆိုလျှင် ကြောက်နေစရာ မလိုတော့။
တစ်ခဏအကြာတွင် အာကီအို ခေါင်းခါလိုက်မိသည်။ ထိုအလောင်းကို မစစ်ဆေးဘဲ ဒီအတိုင်း ထားပစ်ခဲ့လို့ မဖြစ်သေး။ ၎င်းအပေါ်တွင် သဲလွန်စများ ကျန်မနေဟု မပြောနိုင်။ နာအိုမီသတ်ခဲ့ခြင်းအတွက် သက်သေအထောက်အထားများ ဖြစ်နေနိုင်သည်။
ထိုသို့ လုပ်မှကို ဖြစ်မည်ဟု သူ့ကိုယ်သူ ပြန်သတိပေးနေရသည်။ အားတင်းနေရသည်။ ယခုမှစ၍ နောက်နောင် လုပ်မည့် အလုပ်များသည် မည်မျှပင် ဥပဒေကို ချိုးဖောက်နေသည်ဟု ဆိုပါစေကာမူ၊ လူသားမဆန်ဟု ဆိုပါစေကာမူ မိမိမိသားစုကို ကာကွယ်နိုင်ရန်အတွက် သူ့မှာ တခြား ရွေးချယ်စရာ မရှိတော့ပြီ။
အာကီအိုသည် နှစ်ကြိမ်သုံးကြိမ်မျှ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မြေပြင်ပေါ်သို့ ထိုင်ချလိုက်သည်။ အိတ်အမည်း၏ နှုတ်ခမ်းဝကို ကိုင်ကာ ဖြည်းဖြည်းချင်း ဖြဲချလိုက်သည်။
ကလေးမလေး၏ ဖြူဖွေးနူးညံ့သော ခြေထောက်ကလေးတို့ တဖြည်းဖြည်း ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်မှာ အတော်ပင် သေးကွေးလွန်းလှသည်။ ၇ နှစ်သမီးဟု ပြောသော အမျိုးသား၏ စကားကို ပြန်လည် ကြားယောင်မိသည်။ ထိုမျှ ငယ်ရွယ်လှသော ကလေးတစ်ယောက်ကို သူ့သားသည် အဘယ်ကြောင့် ဤမျှ ရက်စက်ခဲ့ရသနည်း။ သူ မည်သို့မျှ နားမလည်နိုင်။ သူ့မျက်လုံးများကို အစွမ်းကုန် ကျုံ့ထားလိုက်သည်။
အမှောင်ထဲတွင် ဘာကိုမျှ သဲသဲကွဲကွဲ မမြင်ရ။ ထို့ကြောင့် လက်နှိပ်ဓာတ်မီး ဖွင့်မှ ရမည်ဟု သူ ဆုံးဖြတ်လိုက်သည်။ ဓာတ်မီးကို မြေပြင်သို့ မျက်နှာမူပြီး မီးခလုတ်ကို ဖွင့်လိုက်သည်။ ထို့နောက်မှ မီးရောင်ကို အလောင်းဆီသို့ တဖြည်းဖြည်း ရွှေ့ယူခဲ့သည်။
ကလေးမလေးက ချည်စကတ်တို ဝတ်ထားသည်။ အပေါ်ပိုင်းမှာတော့ ဇာအနားကွပ်နှင့် ဟယ်လိုကစ်တီရုပ် ပါသော ပန်းနုရောင် ချည်ထည်အင်္ကျီလေး။ မိခင်ဖြစ်သူက သူ့ကို ပိုပြီး ချစ်စရာကောင်းသွားအောင် ထိုသို့ ဝတ်စားပေးထားခြင်း ဖြစ်ပေမည်။ ထိုမိခင်သည် ယခုအခါ မည်သို့ ခံစားနေရမည်နည်း။
မီးရောင်ကို အထက်သို့ တဖြည်းဖြည်း ရွှေ့လာခဲ့သည်။ ကလေးမလေး၏ ဆွတ်ဆွတ်ဖြူနေသော မျက်နှာမှာ သူ၏ မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။ ထိုအခိုက်အတန့်တွင် သူ မကြည့်ရက်တော့ဘဲ ဓာတ်မီးကို ပိတ်ချလိုက်သည်။
ထို့နောက် အတော်ကြာကြာ ကြောင်နန ရပ်လျက် အဆက်မပြတ် သက်ပြင်းသာ ချနေတော့သည်။
ကလေးမလေးမှာ ပက်လက်လန် လဲလျက် သူ၏ မျက်နှာမှာ ကောင်းကင်သို့ မျက်နှာမူနေသည်။ ယခုအခါ အာကီအိုသည် ကလေးမလေး၏ မျက်နှာကို ပြန်မကြည့်ဖြစ်တော့သော်လည်း သူ၏ အမြင်အာရုံထဲတွင်မူ ယခုအချိန်ထိ ထိုမျက်နှာကလေးက စိုးမိုးထားနေဆဲ။ ဓာတ်မီး၏ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် ရောင်ပြန်ဟပ်နေသော ကလေးမလေး၏ မျက်လုံးအစုံကိုပင် တိတိပပ မြင်နေရဆဲ။ ထိုအာရုံများကြောင့် သူ့မှာ ခံနိုင်ရည် ကုန်ခမ်းသွားလောက်အောင် မွန်းကြပ်စွာ ခံစားလိုက်ရသည်။
နာအိုမီနှင့် တိုက်ရိုက် ပတ်သက်ဆက်စပ်နိုင်လောက်သော ဘာအထောက်အထားမျှ မတွေ့ခဲ့ရ။ ထို့ကြောင့် အလောင်းကို စက္ကူဘူးထဲသို့ ထည့်လိုက်တော့မည်။ အချိန်ကြာကြာ ဒီအတိုင်း ပစ်ထားလျှင် မျှော်လင့်မထားသော အထောက်အထား တစ်စုံတစ်ရာ ကပ်ပါသွားနိုင်သည့် ဖြစ်နိုင်ခြေကိုလည်း ထည့်တွက်ထားရဦးမည်။ ရုပ်အလောင်းကို သူ၏ မြင်ကွင်းမှ မြန်မြန် ပျောက်သွားစေရန် သူ့ကိုယ်သူ အကြောင်းပြနေခြင်းလည်း ဖြစ်ကောင်း ဖြစ်ပေမည်။ သေချာသည်မှာ သူ့တွင် အလောင်းကို နောက်ထပ် ရင်ဆိုင်နိုင်သော ခံနိုင်ရည်သည် ဂိတ်ဆုံးသို့ ရောက်လုရောက်ခင် ဖြစ်နေလေပြီ။
သူ၏ အကြည့်များကို ကလေးမလေးထံမှ မျက်နှာ လွှဲဖယ်လိုက်ပြီး သူ၏ လက်တစ်စုံကို အလောင်း၏ အောက်ဘက်သို့ လျှိုသွင်းလိုက်သည်။ သူ့ကို မ,ချီလိုက်သောအခါ မထင်မှတ် ထားလောက်အောင်ပင် ပေါ့ပါးနေသည်။ ကော်ပတ်ရုပ်တစ်ရုပ်ကို မ,ချီထားရသည့်နှယ်။ သေသူမှာ သေးများ ထွက်ကျထားသောကြောင့် သူ၏ စကတ်မှာ
စိုထန့်ထန့်
ဖြစ်နေသည်။ သေနံ့များသည်လည်း အာကီအို၏ နှာခေါင်းထဲသို့ တိုးဝင်လာကြသည်။
ကတ်သေတ္တာခွံထဲ ထည့်စဉ် ရှောရှောရှူရှူ ဝင်နိုင်ရန်အတွက် ကလေးမလေး၏ လက်ခြေတို့ကို အကြိမ်အနည်းငယ်မျှ မလွှဲသာ မရှောင်သာ ကိုင်ခဲ့ရသည်။ လူသေအလောင်းကို သေပြီးနောက် အချိန် အနည်းငယ်ကြာ ပစ်ထားလိုက်လျှင် အလောင်းမှာ တောင့်တင်းသွားသည်ဟု သူကြားဖူးသည်။ လက်တွေ့မှာတော့ သူ့အတွက် အခက်အခဲများစွာ မရှိခဲ့ပေ။ ကတ်သေတ္တာပုံးထဲ ထည့်ပြီးသွားသောအခါ ကောင်းကင်သို့ မော့ကာ လက်အုပ်ချီ၍ ဆုတောင်းနေမိသည်။ သို့မဟုတ် အမျှဝေနေခြင်းလည်း ဖြစ်နိုင်သည်။
ပြီးစီးပြီဖြစ်၍ လက်များကို ပွတ်သပ်ခါနေစဉ် သူ၏ ခြေထောက်အနီးမှ အဖြူရောင် သဏ္ဌာန်တစ်ခုကို သတိထားမိလိုက်သည်။ လက်နှိပ်ဓာတ်မီးဖြင့် အသေအချာ ထိုးကြည့်လိုက်သောအခါ ခြေနင်းသေးသေးလေး တစ်ဘက် ဖြစ်နေသည်ကို တွေ့ရသည်။ ခပ်စောစောက ကလေးမလေး၏ ခြေတစ်ဘက်မှ ခြေအိတ်အဖြူကို သတိထားမိခဲ့သော်လည်း ဖိနပ်တစ်ဘက် ကျွတ်နေခြင်း ဖြစ်မည်ဟု ဆက်စပ်၍ မတွေးမိခဲ့။ ကံကြီးပေလို့။
ကတ်သေတ္တာပုံးထဲသို့ လက်တစ်ဘက် လျှိုသွင်းလိုက်ပြီး ကလေးမလေး၏ ခြေထောက်တစ်ဘက်ကို ဆွဲထုတ်လိုက်သည်။ အာကီအိုသည် ခြေနင်းတစ်ဘက်ကို သေချာ ပြန်ဝတ်ပေးလိုက်ပြီး ဖိနပ်ချည်ကြိုးကိုလည်း အသေအချာ
ပြန်စ
ည်း
ပေးလိုက်သည်။
နောက် ကျန်ရှိနေသော ပြဿနာမှာ ဤကတ်သေတ္တာပုံးကို ပန်းခြံသို့ ရောက်အောင် မည်သို့မည်ပုံ သယ်သွားရမည်နည်း။ ကလေးမလေး၏ ခန္ဓာကိုယ် အလေးချိန်မှာ ပေါ့ပါးသော်လည်း ကတ်သေတ္တာပုံးထဲ ထည့်ထားသဖြင့် ထမ်းပိုးချီမရန် ခက်ပေလိမ့်မည်။ ထို့ပြင် ပန်းခြံသို့ လမ်းလျှောက်သွားလျှင် အနည်းဆုံး ဆယ်မိနစ်ခန့် ကြာမည်။ ထိုသို့ သွားနေစဉ်အတွင်း လမ်းခုလတ်တွင် အနားယူနိုင်ရန် ကတ်ပုံးကို အောက်သို့ ချ၍လည်း မဖြစ်သေး။
တောင်တောင်ဤဤ လျှောက်စဉ်းစားပြီးနောက် စက်ဘီးကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် အိမ်ထဲ ပြန်ဝင်သွားပြီး စက်ဘီးသော့ ယူကာ အပြင်သို့ ပြန်ထွက်လာသည်။ စက်ဘီးကို အိမ်အပြင်ဘက် နံရံအနီးတွင် ရပ်ထားသည်။ ယာအေကို ဈေးဝယ်ထွက်သောအခါ ပစ္စည်းများများ တင်လိုပါက ထိုစက်ဘီးကို အသုံးပြုလေ့ရှိသည်။
အာကီအိုသည် ခြံဝင်းတံခါးမကြီးကို အသံမထွက်အောင် ဖြည်းဖြည်းချင်း ဆွဲဖွင့်ပြီး အပြင်ဘက်တွင် လူသွားလူလာ ရှိမရှိကို ဦးစွာ အကဲခတ်လိုက်သည်။
စက်ဘီးသော့ကို ဖွင့်လိုက်ပြီး တံခါးမကြီး အနီးသို့ တွန်းလာခဲ့သည်။ စက်ဘီးကို ဒေါက်ထောက်ပြီး ဝင်းထဲ ပြန်ဝင်၍ ပန်းခြံသို့ သွားမည်အပြုတွင် သူ့မျက်စိရှေ့မှ မြင်လိုက်ရသော မြင်ကွင်းကြောင့် လန့်ဖျပ်သွားသည်။
လူတစ်ယောက် ကတ်ပုံးဘေးမှာ ရပ်နေသည်။ ထိုမြင်ကွင်းကြောင့် ကြောက်စိတ်တို့ ငယ်ထိပ်တက်ဆောင့်ကာ အသံထွက်၍ အော်လိုက်မိတော့မလို ဖြစ်သွားခဲ့သည်။
မကြာခင်ပင် ထိုလူရိပ်မှာ မည်သူမည်ဝါ ဖြစ်သည်ကို သူ မှတ်မိသွားသည်။ “အဲဒီမှာ ဘာလုပ်နေတာလဲ” အာကီအိုသည် မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုး လှမ်းပြောလိုက်သည်။
မာဆာအေသည် ညအိပ်ဝတ်စုံဖြင့် ထိုနေရာတွင် မလှုပ်မယှက် ရပ်နေသည်။ ကတ်ထူပုံးက သူ့အတွက် မည်သို့မျှ စိတ်ဝင်စားစရာ ကောင်းပုံမရ။ ခေါင်းမော့၍သာ အထက်ဘက်သို့ ကြည့်နေသည်။
အာကီအိုသည် သူ့မိခင်၏ ပခုံးကို လှမ်းကိုင်လိုက်သည်။
“ညဉ့်နက်သန်းခေါင်ကြီး အမေက ဘာလုပ်မလို့လဲ”
မာဆာအေက ဘာမျှ ပြန်မဖြေ။ သူ့စကားကို ကြားပင် ကြား၏လော မဆိုနိုင်။ ညကောင်းကင်ယံတွင် တစ်စုံတစ်ခုကို ရှာဖွေနေသယောင်ယောင်။ မှောင်မဲနေလွန်းသောကြောင့် မိခင်၏ မျက်နှာအမူအရာကိုလည်း သဲသဲကွဲကွဲ မမြင်ရပေ။
“ရာသီဥတု သိပ်သာယာတာပဲ” သူ၏
စကားသံများ
ထွက်ပေါ်လာပြီ။ “ဒီလိုသာဆိုရင် ပျော်ပွဲစား ထွက်လို့ရပြီ”
အာကီအိုသည် ထိုနေရာ၌ပင် လှဲချပစ်လိုက်ချင်တော့သည်။ အေးတိအေးစက် ပြောနေသော မာဆာအေ၏ လေသံများက သူ့ကို လှောင်ပြောင်တိုက်ခိုက်နေသည်ဟု ထင်ရသည်။ သူ၏ စိတ်များ ပိုမို လေးလံထိုင်းမှိုင်းလာပြီး အပြစ်မဲ့သော သူ၏ မိခင်ကို ကျိန်ဆဲလိုက်ချင်စိတ်များ တဖွားဖွား ပေါ်လာနေသည်။
သူ့လက်တစ်ဘက်က မိခင်၏ ပခုံးကို ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဘက်ဖြင့် မိခင်ကို ဆွဲလှည့်လိုက်ကာ သူ့အိပ်ခန်းဘက်သို့ တွန်းခေါ်သွားသည်။ မာဆာအေ၏ လက်နှစ်ဘက်ကတော့ သူ့တောင်ဝှေးကို မြဲမြဲကိုင်လျက်။ စိတ်ပိုင်းဆိုင်ရာအရ ကလေးတစ်ယောက်ကဲ့သို့ ပြုမူနေသော်လည်း ဘယ်သွားသွား လက်မှ မချသည့် တောင်ဝှေးဖြင့် သူ့ကို တွဲမြင်ရသောအခါ ကြည့်ရသည်မှာ ခပ်ဆန်းဆန်းပင်။ သူငယ်ပြန်နေသည့် လူကြီးများနှင့် ဆက်ဆံဖူးသော သူများ၏ ပြောစကားအရ ဆိုလျှင် ထိုသို့သော လူအိုများ၏ တွေးပုံခေါ်ပုံသည် သာမန်လူတို့အတွက် လိုက်မမီနိုင် ဟူ၏။
တောင်ဝှေးထိပ်တွင် တပ်ထားသော ခြူလုံးများကြောင့် အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ခြူသံများ တချွင်ချွင် ထွက်ပေါ်လာတတ်သည်။ အာကီအိုတို့ မိသားစု ဤအိမ်သို့ ပြောင်းလာစဉ်အခါက ထိုခြူသံများဖြင့်ပင် သူတို့ကို ကြိုဆိုသမှု ပြုခဲ့ကြသေးသည်။ ယခုအခါမှာတော့ ထိုအသံသည်ပင် အာကီအိုအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ အသံတစ်သံ ဖြစ်သွားလေပြီ။
“အခန်းထဲ မြန်မြန်ဝင်၊ အပြင်မှာ အေးတယ်”
“မနက်ဖြန် နေပွင့်ပါ့မလား”
“ပွင့်မှာပေါ့၊ မိုးမရွာနိုင်ပါဘူး”
သူ ကလေးဘဝ ပြန်ရောက်သွားတာပဲ ဖြစ်မည်ဟု အာကီအို တွေးမိသည်။ မိခင်၏ အတွေးပင်လယ်ထဲတွင် မနက်ဖြန် ပျော်စရာကောင်းသော ပျော်ပွဲစားတစ်ပွဲ ထွက်စရာ ရှိနေသည်။ ရာသီဥတု သာယာမှု ရှိမရှိ သိလို၍ မအောင့်အီးနိုင်ဘဲ အပြင်ထွက်ကြည့်ခြင်း ဖြစ်ပေလိမ့်မည်။
အာကီအိုသည် သူ့မိခင်ကို ပန်းခြံမှ အိမ်ခန်းအတွင်းသို့ ဆွဲခေါ်သွားခဲ့သည်။ သူ့အမေကတော့ ဘာမျှ မပြောတော့ဘဲ အေးအေးဆေးဆေးပင် အခန်းထဲသို့ ဝင်သွားသည်။ အာကီအိုက သူ့မိခင်၏ တောင်ဝှေးကို ယူ၍ ဖိနပ်စင်ကြားထဲသို့ ထိုးထည့်လိုက်သည်။ မာဆာအေသည် ဖိနပ်မစီးဘဲ ခြေဗလာဖြင့် ပန်းခြံထဲသို့ ဆင်းလာခဲ့ခြင်း ဖြစ်သည်။ သူ့ခြေဖဝါးများမှာ မြေကြီးများဖြင့် ပေတူးနေလေပြီ။ ထို့ကြောင့် အခန်းသို့ပြန်ရာ လမ်းတစ်လျှောက်တွင် ဘယ်ညာခြေရာနှစ်ဘက် မထင်စေရန် ရှေ့ခြေရာပေါ်သို့ နောက်ခြေထောက် နင်း၍ ဖြည်းဖြည်းချင်း လျှောက်သွားပုံရသည်။
သူ၏ အခန်းမှာ ရှည်လျားမှောင်မဲနေသော လျှောက်လမ်း၏ အဆုံးတွင် ရှိသည်။ ထိုအကြောင်းကြောင့်ပင်လျှင် သူနှင့် ယာအေကိုတို့သည် အလှမ်းကွာဝေးနေသကဲ့သို့ ဖြစ်ပြီး ကိုယ့်ပရိဝုဏ်နှင့်ကိုယ် လွတ်လွတ်လပ်လပ် နေခွင့်ရနေခြင်းလည်း ဖြစ်သည်။
အာကီအိုသည် သူ့မျက်နှာကို လက်ဖြင့် ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်သည်။ လက်ရှိ ဘဝပေး အခြေအနေများကြောင့် သူလည်း ရူးချင်ချင် ဖြစ်နေပြီ။
သူ့ဘေးမှ တံခါးမှာ ပွင့်လာပြီး ယာအေကို၏ ခေါင်းတစ်လုံး ပြူထွက်လာသည်။ သူက မျက်မှောင်ကြုတ်လျက်
“ဘာဖြစ်တာလဲ”
“ဘာမှ မဟုတ်ပါဘူး။ အမေရယ်”
“အန်! သူက ဘာထလုပ်ပြန်တာလဲ” စိတ်မရှည်နိုင်သော သူ၏ လေသံက မာဆတ်ဆတ်။
“ဘာရယ် မဟုတ်ပါဘူး။ အဲဒါထားပါတော့။ ဟိုကိစ္စ ရှင်းလိုက်ဦးမယ်”
ယာအေကိုက ခေါင်းညိတ်ပြလိုက်သည်။ ခန္ဓာကိုယ်မှာလည်း အနည်းငယ် တောင့်တင်းသွားသည်။
“ဂရုစိုက်ဦး”
“အေး အေး” အာကီအိုသည် ဇနီးသည်ကို ကျောခိုင်း၍ ပန်းခြံဘက်သို့ ထွက်သွားသည်။
ပန်းခြံထဲ ရောက်သောအခါ ကတ်ထူပုံးကို ကြည့်၍ သက်ပြင်းတစ်ချက် ချလိုက်သည်။ လူသေအလောင်းထည့်ထားသော ကတ်ထူပုံးတစ်ပုံး။ ထိုကတ်ထူပုံးကို ခဏကြာလျှင် မိမိကိုယ်တိုင် တစ်နေရာသို့ သယ်ပိုးသွားရတော့မည်။ ထိုလုပ်ရပ်ကို ယခင်က စိတ်ပင် မကူးခဲ့စဖူး။ ယခုအချိန်အထိလည်း ထိုကိစ္စမှာ သူ့တာဝန်ဖြစ်နေပြီ ဆိုသည်ကို သူ လက်မခံချင်သေး။ ယခုညသည် သူ့ဘဝ၏ စိတ်ပျက်ဖွယ် အကောင်းဆုံး ညတစ်ည ဖြစ်ပေလိမ့်မည်။
သူသည် ကတ်ထူပုံး၏ အဖုံးကို ပိတ်လိုက်ပြီး ၎င်းကို ချီမလိုက်သည်။ ပုံးကြီး၏ လေးထောင့်ပုံ ထောင့်ချိုးများကြောင့် လက်ထဲ ပိုက်ထားရသည်မှာ အဆင်မပြေလှ။ ရုပ်အလောင်းချည်းသက်သက် မ,ထားစဉ်ကထက်ပင် များစွာ ပိုပြီး လေးလံနေသည်ဟု ခံစားရသည်။ ကတ်ထူပုံးကို ပိုက်လျက် ခြံဝအနားသို့ လျှောက်လာခဲ့ပြီး စက်ဘီး၏ နောက်ထိုင်ခုံပေါ်သို့ တင်လိုက်သည်။ နောက်ထိုင်ခုံမှာ အနည်းငယ် သေးငယ်သောကြောင့် ကတ်ပုံးကို ခုံပေါ်တွင် ဟန်ချက်ညီညီ ဖြစ်စေရန်အတွက် အတော်လေး ကြိုးစားလိုက်ရသည်။ ကတ်ပုံးကို တင်ထားလျက် စက်ဘီးနင်းသွားဖို့ ဆိုသည်မှာ လုံးဝ မဖြစ်နိုင်။ ထို့ကြောင့် လက်တစ်ဘက်က စက်ဘီးလက်ကိုင်ကို ကိုင်လျက်၊ ကျန်လက်တစ်ဘက်က ကတ်ပုံးကို ထိန်းထားရင်း စက်ဘီးကို ဖြည်းဖြည်းချင်း တွန်းသွားရတော့သည်။ သူ၏ ကျောဘက်ရှိ ဓာတ်တိုင်မှ မီးရောင်ကြောင့် သူ့အရိပ် မဲမဲရှည်ရှည်ကြီးသည် ရှေ့မှ ဦးဆောင်၍ သူ့ကို ဆွဲခေါ်သွားနေသယောင်။
အချိန်က ည နှစ်နာရီ ပတ်ဝန်းကျင်ခန့်။ မှောင်မဲနေသော လမ်းမထက်တွင် လူသွားလူလာ ကင်းလျက်။ သို့သော် အိမ်တချို့၏ ပြတင်းပေါက်မှ မီးအလင်းရောင်များ ဖြာထွက်နေကြဆဲ။ အာကီအိုသည် တတ်နိုင်သလောက် အသံမထွက်စေရန် သတိထားပြီး ရှေ့သို့ ဖြည်းဖြည်းချင်း သွားနေသည်။
ယခုလိုအချိန်တွင် ဘတ်စ်ကားများ သွားလာခြင်း မရှိတော့။ ထို့ကြောင့် ဘတ်စ်ကားသွားရာ လမ်းအတိုင်း လူများ ဖြတ်သန်းသွားလာမည်ကို စိုးရိမ်စရာ မလိုတော့ပေ။ တခြားယာဉ်များကိုသာ သတိထားရပေမည်။ ဘတ်စ်ကားများ ရပ်နားချိန်ဖြစ်သော်လည်း အငှားယာဉ် တက္ကစီများ အသုံးပြုမှုမှာ အချိန် အကန့်အသတ် မရှိ။
ထိုသို့ စဉ်းစားနေစဉ်မှာပင် သူ၏ မြင်ကွင်းထဲသို့ ကားမီးရောင် ဝင်လာ၏။ အာကီအိုသည် အနီးရှိ လမ်းကြားလေးထဲသို့ အမြန် ပြေးပုန်းလိုက်ရသည်။ လမ်းမှာ တစ်လမ်းမောင်းဖြစ်သောကြောင့် ထိုလမ်းထဲသို့ မောင်းဝင်လာမည်ကိုတော့ ပူစရာမလို။ တစ်ခဏကြာလျှင် ထိုအဝါရောင် တက္ကစီမှာ အဝေးသို့ ရောက်သွားလေပြီ။
အာကီအိုလည်း သူ၏ ဦးတည်ရာသို့ ဆက်လက် ရွေ့လျားလာနေသည်။ ဆယ်မိနစ်သာသာ အကွာအဝေးရှိသော ခရီးစဉ်မှာ သူ့အတွက် နှစ်ချီပြီး လျှောက်လှမ်းနေရသလို။
အိချိုပန်းခြံမှာ အိမ်ရာများ ပတ်လည် ဝန်းရံနေသော အလည်ခေါင်တည့်တည့်တွင်
တည်ရှိ
သည်
။
ပန်းခြံပတ်ပတ်လည်တွင် အိချိုပင်များ စိုက်ပျိုးထားသောကြောင့် ထိုပန်းခြံကို အိချိုပန်းခြံဟု ခေါ်တွင်ကြခြင်း ဖြစ်သည်။ ပန်းခြံအတွင်း ခုံတန်လျားအရှည်များလည်း မရှိ။ မိုးခိုစရာ နေရာလည်း မရှိ၍ အိမ်မဲ့ရာမဲ့တို့အတွက် နားခိုရာလည်း မဟုတ်ခဲ့ပေ။
အာကီအိုသည် စက်ဘီးကို တွန်း၍ ပန်းခြံ၏ ထောင့်တစ်နေရာရှိ အများသုံး အိမ်သာများအနီးသို့ ရောက်လာသည်။ မနေ့က တစ်မနက်လုံး မိုးရွာနေခဲ့သောကြောင့် မြေကြီးမှာ စိုထိုင်း၍ ပျော့နေပြီ။ အိမ်သာသို့ လှမ်းကြည့်လိုက်ရာ ဘာမီးရောင်မျှ မရှိ။
သူသည် ကတ်ထူပုံးကို ပိုက်လျက် လူသူ အရိပ်အခြေကို ဘယ်ညာ သတိထားကြည့်ကာ အိမ်သာဆီသို့ လျှောက်လာခဲ့သည်။ တစ်ချက်တုံ့ဆိုင်း၍ စဉ်းစားလိုက်ပြီး အမျိုးသားအိမ်သာဘက်သို့ ဝင်သွားသည်။ စိတ္တဇ တဏှာရူးတစ်ယောက်ယောက်၏ လက်ချက် ဖြစ်သည်ဟု ထင်မြင်စေရန်အတွက် ကျားအိမ်သာကို ရွေးချယ်ခြင်းက ပို၍ သင့်လျော်မည်ဟု သူ ယူဆသည်။
ကျားအိမ်သာဘက်မှ နံဟောင်သော မစင်နံ့များက သူ့ကို ကြိုဆိုကြလျက်။ အနံ့များကြောင့် ကောင်းကောင်း အသက်မရှူနိုင်သည်က တစ်ကြောင်း၊ မိမိ အသက်ရှူသံဖြင့်ပင် ပြန်ပြီး ခြောက်ခြားနေမိသည်က တစ်ကြောင်းကြောင့် အသက်ပင် ဝဝ မရှူရဲ။ အသက်အောင့်ကာ ကတ်ပုံးကို ပိုက်လျက် အိမ်သာထဲသို့ ဝင်သွားခဲ့သည်။ အတူပါလာသော လက်နှိပ်ဓာတ်မီး၏ ခလုတ်ကို ဖွင့်၍ အိမ်သာခန်းတစ်ခန်း၏ တံခါးကို တွန်းဖွင့်လိုက်သည်။ သူ့ထံသို့ ကန်ထွက်လာကြသော မစင်နံ့များကြောင့် တစ်ချက် ပျို့တက်သွားသည်။ ကလေးမလေးအား ဤကဲ့သို့သော နေရာမျိုးတွင် ပစ်ထားခဲ့ရမည်ကို တွေးမိ၍ သနားစိတ်ဝင်သွားသည်။ အလောင်းပင် ဖြစ်ပါစေ၊ သူ မထားရက်။ သို့သော် ယခုအခြေသို့ ရောက်ကာမှ နောက်ပြန်လှည့်၍ မရတော့ပြီ။
အာကီအိုသည် လက်နှိပ်ဓာတ်မီးကို ပါးစပ်ဖြင့် ကိုက်ထားကာ ကတ်ထူပုံးကို ဖွင့်၍ ကလေးမ၏ အလောင်းကို အိမ်သာခန်းအတွင်းသို့ မ,ရွှေ့လိုက်သည်။ အိမ်သာက အတန်ငယ် ကျယ်၍ တော်သေးသည်။ ထို့ကြောင့် ကမုတ်ခုံနှင့် ဝေးနိုင်သမျှ ဝေးအောင် အလောင်းကို နံရံမှီ၍ ချထားလိုက်သည်။ သူ့လက်များ အလောင်းမှ ဖယ်ရှားလိုက်သည်နှင့် အလောင်းသည် တစ်ဘက်သို့ ယိုင်လဲသွားသည်။
သူ၏ မျက်စိရှေ့တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ၏ ပါးစပ်ဖြင့် ကိုက်ထားသော ဓာတ်မီးပင် လွတ်ကျသွားတော့မလို ဖြစ်သွားသည်။ ကလေးမလေး၏ နောက်ကျောဘက်တွင် အစိုဓာတ်ကြောင့် မြက်များ ကပ်နေသည်ကို တွေ့လိုက်ရခြင်း ဖြစ်သည်။ သူ့အိမ်မှ မြက်များဖြစ်ကြောင်း ပြောစရာပင် မလို။ ထိုမြက်များသည် သက်သေ အထောက်အထားတစ်ခု ဖြစ်သွားနိုင်သည် မဟုတ်ပါလား။
မှုခင်းဌာန၏ နည်းပညာ စွမ်းရည်ကို သူ များစွာ နားမလည်။ သို့သော် ထိုမြက်ကို ဓာတ်ခွဲ၍ မည်သည့် အမျိုးအစားဖြစ်သည်၊ မည်သည့် အခြေအနေမျိုးတွင် ပေါက်ရောက်သည်၊ ထိုမှတဆင့် အနီးအနားရှိ မည်သူ့အိမ်တွင် ထိုကဲ့သို့သော မြက်များ စိုက်ထားသည် စသည်ဖြင့် အဆင့်ဆင့် လိုက်နိုင်သည်ကိုမူ သူ နားလည်ပြီး ဖြစ်သည်။
အာကီအိုသည် အလောင်း၏ နောက်ကျောဘက်ရှိ မြက်များကို အလောတကြီး ခါချနေလေပြီ။ ကလေးမလေး၏ စကတ်နှင့် ဆံပင်များတွင်လည်း မြက်တိုမြက်စများက ကပ်လျက် ရှိနေသေးသည်။ ကျောပေါ်မှ မြက်များ ခါချနေစဉ်တွင် ထိုအရာများကို သတိမထားမိခဲ့။ တကယ်တမ်း အလောင်းပေါ်မှ ခါချရုံဖြင့်လည်း များစွာ အဓိပ္ပာယ် မရှိလှချေ။ ပြန့်ကျဲနေသော အနီးပတ်ဝန်းကျင်တစ်ခုလုံး သန့်ရှင်းပစ်ရပေဦးမည်။
အားငယ်ခြောက်ခြားစွာဖြင့် ကြမ်းပြင်ပေါ်မှ မြက်စများကို လက်ဖြင့် တစ်ခုစီ ပြန်ကောက်ပြီး ကမုတ်ခွက်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် ကလေးမလေး၏ ဆံပင်များပေါ်သို့ ဓာတ်မီးထိုး၍ စစ်ဆေးရှာဖွေရသည်။ ယခုအခါတွင်မူ စိတ်စောနေသောကြောင့် အလောင်းကို ကြောက်ရွံ့နေဖို့ သတိမရတော့ပေ။
နောက်ဆုံးတွင် သူမြင်သမျှ ရှာတွေ့နိုင်သမျှ မြက်စမြက်နများမှာ ခမုတ်ခွက်ထဲသို့ ရောက်နေလေပြီ။ ထို့နောက် လက်စဖျောက်ရန် ရေလောင်းချမည် ပြုကာမှ ရေကန်ထဲတွင် ရေလုံးဝ မရှိမှန်း သတိထားမိတော့သည်။ အိမ်သာထဲရှိ ရေပိုက်ခေါင်းမှလည်း ရေတစ်စက်မျှ မထွက်။ ထို့ကြောင့် အပြင်ဘက်ထွက်ပြီး လက်ဆေးကန်မှ ရေပိုက်ခေါင်းကို ဖွင့်ကြည့်ရသည်။ ထိုနေရာရှိ ရေပိုက်ခေါင်းမှာ ကံကောင်းထောက်မစွာ ရေအနည်းငယ် ထွက်နေသေးသည်။ ထို့ကြောင့် အိမ်သာထဲမှ ရေခွက်ကို ယူ၍ အပြင်ဘက် ရေပိုက်ခေါင်းတွင် ရေခံကာ အိမ်သာ ကမုတ်ခွက်ထဲမှ မြက်စများကို လောင်းချနေရသည်။
မြန်မြန် ပြီးချင်ဇောကြောင့် ခွက်ပြည့်အောင် မစောင့်နိုင်ဘဲ အိမ်သာသို့ ပြေးပြေး လောင်းနေတော့သည်။ ထိုသို့ အကြိမ်ပေါင်းများစွာ အိမ်သာနှင့် ရေပိုက်ခေါင်းရှိရာသို့ အခေါက်ခေါက်အခါခါ သွားချည်ပြန်ချည်ဖြင့် လှုပ်ရှားနေသည်ကို လူရိပ်မိမှာလည်း သတိမထားနိုင်တော့။ လူတစ်ယောက်ယောက်က ယခုလိုအချိန်တွင် ထိုသို့ တွေ့သွားလျှင် သင်္ကာမကင်းဖြစ်မှာ မုချမလွဲ။ သို့သော် သူ့မှာ စိုးရိမ်ဖို့ စိတ်ကူးလည်း မရ။ စိုးရိမ်စရာ အချိန်လည်း မရှိခဲ့။ အထောက်အထားများ အမြန်ဆုံး ဖျောက်ဖျက်ပစ်ရန်သာ စိတ်လောနေသောကြောင့် ဘာကိုမျှ ဂရုမစိုက်မိတော့။
မြက်စမြက်နများ လုံးဝမကျန်ရစ်အောင် အတော်လေး ကြိုးစားလိုက်ရပြီးနောက် အာကီအိုသည် ကတ်ထူပုံးကို ကိုင်ကာ အိမ်သာထဲမှ ထွက်လာခဲ့သည်။ စက်ဘီးထောင်ထားရာ နေရာသို့ ရောက်သောအခါ ကတ်ထူပုံးကို အသေအချာ ပြန်ခေါက်လိုက်သည်။ ထိုကတ်ထူပုံးကို အလောင်းဘေးတွင် ပစ်ထားခဲ့ရန် စိတ်ကူးရှိခဲ့သော်လည်း ၎င်းသည် ရဲများအတွက် သဲလွန်စတစ်ခု ဖြစ်သွားနိုင်သည်ကို သူ ထည့်မတွက်၍ မဖြစ်။ ထို့ကြောင့် လက်ဖြင့် ပိုက်ထားနိုင်လောက်အောင် ကတ်ထူပုံးကို ခေါက်ပြီး လက်ဖြင့်ပိုက်ကာ အိမ်ပြန်ရန် စက်ဘီးပေါ်သို့ ခွတက်လိုက်သည်။
သူသည် အိမ်ပြန်ရောက်ချင်ဇောဖြင့် စက်ဘီးကို ဖိနင်းပြီး ထွက်လာစဉ် မြေကြီးပေါ်သို့ ငုံ့၍ ကြည့်မိသောအခါ သူ့မြင်ကွင်းထဲသို့ ဝင်လာသော ပုံရိပ်များကြောင့် သူ တစ်ချက်တွေသွားသည်။ ပျော့ပြဲနေပြီဖြစ်သော မြေကြီးပေါ်တွင် စက်ဘီး ဘီးရာကြီး ထင်ကျန်နေပါပြီကော။
ချက်ချင်းပင် သူ စက်ဘီးပေါ်မှ ခုန်ချလိုက်သည်။ ဘီးရာကို မြေပေါ်မှ ပျောက်သွားအောင် သူ၏ ဖနောက်ဖြင့် ပွတ်တိုက်၍ ဖျောက်ဖျက်ပစ်လိုက်သည်။ သူ၏ ခြေရာများ မြေပြင်တွင် ထင်ကျန်မနေရစ်အောင် သတိထားဖို့လည်း သူ မမေ့ခဲ့။ ထို့နောက် ဘီးရာ မထင်နိုင်သော မြေမာအထိရောက်အောင် သူ့စက်ဘီးကို မ,လာခဲ့ပြီးမှ စက်ဘီးနင်း၍ အိမ်ပြန်လာခဲ့သည်။
အာကီအိုသည် စက်ဘီးနင်းလာစဉ် လေတစ်ချက် ဝေ့လိုက်၍ ချမ်းစိမ့်သွားကာမှ သူ့တစ်ကိုယ်လုံး ချွေးများဖြင့်
ရွှဲန
စ်
နေသည်ကို
သတိထားမိတော့သည်။ သူ၏ အင်္ကျီမှာ ကျောပြင်တစ်ခုလုံးတွင် ရွှဲရွှဲစိုလျက်။ နဖူးမှ စီးကျလာသော ချွေးစီးကြောင်းက သူ့မျက်လုံးထဲသို့ပင် စီးဝင်ကြကုန်ပြီ။ ကိုယ်ခန္ဓာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ နာကျဉ်ကိုက်ခဲနေ၍ သူ၏ မျက်မှောင်များကို ခပ်တင်းတင်း ကျုံ့ထားလျက်။