မာတိကာကြည့်ရန်

အခန်း (၂၀)

အခန်း (၂၀)

အာကီအိုသည် သူ့ဘေးမှ အချက်ပေးနာရီကို ကြည့်လိုက်သောအခါ နံနက် ၈ နာရီကျော် ရှိနေလေပြီ။ သို့ဆိုလျှင် သူ ၃ နာရီကျော် အိပ်ပျော်သွားခဲ့သည်ဟု ဆိုရမည်။ တော်တော်နှင့် အိပ်ချင်စိတ် မရှိသောကြောင့် နံနက် ၅ နာရီ အချိန်လောက်ထိ ဝီစကီကို ရေနည်းနည်းသာ ရော၍ သောက်နေခဲ့သည်။ ယနေ့ သူပြုလုပ်ရမယ့် အလုပ်ကို စဉ်းစားမိတိုင်း တစ်ခွက်ပြီး တစ်ခွက်သာ အဆက်မပြတ် မော့နေမိသည်။ ယနေ့ တစ်ညတာကို ဖြတ်သန်းနိုင်ရန် ခွန်အားများ ပေးသနားမည့်အရာမှာ ထိုဝီစကီပင် ဖြစ်သည်။

သူသည် အရာအားလုံးကို မူးမေ့သွားသည်အထိ သောက်ပစ်လိုက်ပြီးမှ အိပ်ရာဝင်ခဲ့သည်။ သို့သော် နှစ်နှစ်ခြိုက်ခြိုက်ကား အိပ်မပျော်။ အကြိမ်ပေါင်းများစွာ ကိုယ်ကို ဟိုဟိုဒီဒီ လှည့်နေမိသည်ဟု သူမှတ်မိနေသည်။

ယာအေကိုသည် ခုတင်ပေါ်တွင် အာကီအိုကို ကျောပေး၍ အိပ်နေသည်။ ယခုရက်ပိုင်းတွင် သူ၏ ဟောက်သံမှာ ပိုပို၍ ကျယ်လောင်လာသောကြောင့် သူပင် တစ်ခါတစ်ရံ လန့်နိုးရသည်အထိ ဖြစ်ခဲ့ဖူးသည်။ သို့သော် ယနေ့နံနက်တွင်မူ သူ့ဘက်က ဘာအသံမျှ မကြားရ။ ပခုံးမှ ခြေဖျားအထိ တစ်ချက်ကလေးမျှ လှုပ်ရှားခြင်း မရှိ။

“ဟေ့” အာကီအိုက သူ့ကို လှမ်းခေါ်လိုက်သည်။

ယာအေကိုက သူ့ကိုယ်ကို အာကီအိုဘက်သို့ တဖြည်းဖြည်း လှည့်လာသည်။ အခန်းတွင်းရှိ အမှောင်ထုက သူ၏ ညိုပုပ်‌နေသော မျက်နှာကို ကာကွယ်ပေးထားသယောင် ရှိသည်။ သူ၏ မျက်လုံး နှစ်လုံးမှသာ ပိုးစုန်းကြူးနှစ်ကောင် ကဲ့သို့ အရောင်ဖျော့ဖျော့ ထွက်ပေါ်နေသည်။

“အိပ်ပျော်ရဲ့လား” အာကီအိုက မေးလိုက်သည်။

ယာအေကို၏ လည်ပင်းမှာ အနည်းငယ် လှုပ်သွားသည်ဟု ထင်ရသည်။ ခေါင်းအုံးနှင့် သူ့ပါးတို့၏ ပွတ်တိုက်သံ သဲ့သဲ့ ကြားနေရသည်။ ခေါင်းခါနေခြင်း ဖြစ်ဟန်တူ၏။

“ဟုတ်တာပဲ။ ကောင်းကောင်း အိပ်ရဖို့ မလွယ်တော့ဘူး” အာကီအိုသည် ထထိုင်လိုက်ပြီး သူ့ခေါင်းကို ဘယ်ညာယိမ်းကာ အညောင်းပြေ လေ့ကျင့်ခန်း ပြုလုပ်နေသည်။

သူသည် အခန်းမှ ပြတင်းပေါက်လိုက်ကာကို ဆွဲဖွင့်ကြည့်သည်။ သူတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် ယခုလို နေ့မျိုးတွင် ကောင်းကင်မှာလည်း တိမ်သလ္လာများဖြင့် အုံ့ဆိုင်းလျက်။

“ဒီမယ် ….” ယာအေကိုထံမှ အသံထွက်လာသည်။ “ရှင့်အစီအစဉ်က ဘယ်အချိန်လောက် စ,မှာလဲ”

အာကီအိုက ဘာမျှ ပြန်မဖြေ။ သူကိုယ်နှိုက်က ထိုမေးခွန်းကို ဖြေနိုင်ရန် ကြိုးစားနေပုံ ရသည်။ အစီအစဉ် စ,လိုက်သည်နှင့် နောက်ပြန်လမ်း မရှိတော့။ ထို့ကြောင့် အလှမ်းတိုင်းက ပိပိရိရိ ဖြစ်နေဖို့ လိုသည်။ ထို့နောက် တစ်အိမ်သားလုံး၏ နှုတ်ထွက်စကားမှာလည်း တစ်သားတည်း
ကျနေရဦးမ
ည်
။
 အင်း ……… ဟိုတစ်ယောက်ကတော့ ချွင်းချက်ပေါ့။

“ဒီမယ်”

“ငါ ကြားပါတယ်” အာကီအိုက အသံခပ်မာမာဖြင့် ပြန်ဖြေသည်။ ဤနှစ်ရက်အတွင်း သူ့ဇနီးကို မာမာထန်ထန် ဆက်ဆံပြောဆိုနေမိသည်။ သူတို့နှစ်ယောက် အိမ်ထောင်ကျပြီးကတည်းက ထိုသို့ မဆက်ဆံခဲ့စဖူး။ ထိုသို့ ဖြစ်ရခြင်းမှာလည်း ယခုကိစ္စတွင် သူ့ဇနီးသည်သည် သူ့ထံသို့ တာဝန်အားလုံး ပုံချထားသည်ဟု သူ ခံစားနေရသောကြောင့် ဖြစ်သည်။ အရာကိစ္စ အားလုံးတွင် ဇနီးသည်၏ အားကိုးမှုကို ခံယူထိုက်သော လင်ကောင်းတစ်ယောက် အဖြစ် မနေနိုင်ခဲ့ခြင်းအတွက် သူ နောင်တရမိပြန်သည်။

သူက ပြတင်းပေါက် လိုက်ကာကို အဆုံးထိ ဆွဲဖွင့်လိုက်ပြီး အိမ်ရှေ့ လမ်းမပေါ်သို့ ဟိုဟိုဒီဒီ လျှောက်ကြည့်‌နေမိသည်။ အိမ်မှ မီတာ ၂၀ အကွာလောက်ရှိ လမ်းမဘေးတွင် ကားတစ်စီး ရပ်ထားသည်ကို သူ သတိထားမိသွားသည်။ ကားထဲမှာလည်း လူအပြည့်။

ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသော အာကီအိုသည် ပြတင်းပေါက်လိုက်ကာကို ရုတ်တရက် ဆွဲပိတ်ချလိုက်သည်။

“ဘာဖြစ်လို့လဲ”

“ရဲတွေ”

“ရဲတွေ? ကျွန်မတို့အိမ်ကို လာနေကြတာလား”

“မဟုတ်ဘူး။ လမ်းဘေးမှာ ရပ်ထားတဲ့ ကားတစ်စီးပေါ်မှာ။ ငါတို့ကို စောင့်ကြည့်နေကြတာ ဖြစ်မယ်”

ယာအေကိုလည်း မျက်စိမျက်နှာပျက်ကာ ခုတင်ပေါ်မှ ကုန်းထလာပြီး လိုက်ကာကို ဆွဲဖွင့်ရန် ဟန်ပြင်လိုက်သည်။

“မဖွင့်နဲ့။ ရဲတွေ စောင့်ကြည့်နေတာကို ငါတို့က မသိသလိုပဲ ဆက်နေသွားမှ ဖြစ်မယ်”

“ဒါဆို ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ”

“ဘာလုပ်နိုင်ဦးတော့မှာလဲ။ ငါတို့ဘက်က လက်ဦးမှု ယူထားရတော့မှာပေါ့။ ….. ဒါနဲ့ နာအိုမီရော နိုးနေပြီလား”

“ကျွန်မ သွားကြည့်လိုက်မယ်” ယာအေကိုသည် ရှုပ်ပွနေသော သူ့ဆံပင်များကို ရှင်းလင်းလိုက်ပြီး အခန်းတွင်းမှ ထွက်သွားသည်။

“နေဦး၊ သူ့အရုပ်ကိုပါ ယူလာခိုင်းလိုက်။ အဲဒီ အခန်းထဲမှာ ထားထားလို့ မဖြစ်ဘူး။ တခြားပစ္စည်းတွေရော သေချာ ရှင်းလင်းပြီးပြီလား”

“ဒီအတွက်တော့ ရှင် ပူမနေနဲ့။ ကျွန်မ ဟိုးအဝေးကို လွှင့်ပစ်လိုက်ပြီ”

“နည်းနည်းလေးမှ အမှားခံလို့ မဖြစ်ဘူးနော်။ နောက်တစ်ခေါက်လောက် ပြန်စစ်ဆေးကြည့်ဦး။ နင်သိဖို့က ပစ္စည်းတစ်ခုလောက် ရှာတွေ့သွားတာနဲ့ ငါတို့ဘဝက သွားပြီပဲ”

အခန်းမှ ယာအေကို ထွက်သွားသောအခါ အာကီအိုလည်း မတ်တပ် ထရပ်လိုက်သည်။ ရုတ်တရက် မိုက်ခနဲ ဖြစ်သွားကာ မျက်လုံးများ ပြာဝေသွားသည်။ တစ်ခဏအတွင်း အမြင်မှာ ကြည်လင်လာသော်လည်း သူ့ရင်တွင်းတွင် အလုံးတစ်လုံး တစ်ဆို့ကာ အန်ချင်သလို ဖြစ်နေသည်။ သူ
ချေဆ
တ်လို
က်သောအခါ
 သူ့ခံတွင်းမှ ပုတ်ဟောင်နေသော အနံ့တစ်မျိုး ထိုးထွက်လာသည်။

သူက တွေးနေသည်။ အညစ်ထေးဆုံး၊ အဆိုးယုတ်ဆုံးသော နေ့တစ်နေ့ စတင် ရချေတော့မည်တကား။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *