မာတိကာကြည့်ရန်

အခန်း (၁၆)

မာကျုမီယာတို့နှစ်ယောက်အတွက် ခွဲတမ်းကျထားသော အိမ်ပေါက်စေ့သို့ နှံ့အောင် ပြေးလွှားပြီးကြသောအခါ နေရောင်ပင် ပျောက်ကွယ်လုလေပြီ။ မြက်နမူနာများ ပါသည့် ပလတ်စတစ်အိတ်ငယ်များစွာ ပြည့်လျှံနေအောင် စုထည့်ထားသော အိတ်ကြီးကို ပိုက်၍ သူတို့နှစ်ယောက် စခန်းသို့ ပြန်လာကြသည်။

သူတို့၏ ယနေ့ခရီးစဉ်သည် အမှုအတွက် အကျိုးတစ်စုံတစ်ရာ ရှိ၏၊ မရှိ၏ ဆိုသည်ကိုမူ မာကျုမီယာက မဝေခွဲတတ်။ ယနေ့ ကြုံကြိုက်ခဲ့သမျှသော မိသားစုများထဲတွင် ကလေးမလေးကို သတ်ဖြတ်ခဲ့သည်ဟု သံသယရှိဖွယ်ရာ လူတစ်ဦးတစ်ယောက်ကိုမျှ သူ မတွေ့ခဲ့ရပေ။ သူ့အမြင်အားဖြင့် အားလုံးမှာ သာမန် လူများသာ ဖြစ်သည်။ ထိုသူများမှာ နေထိုင်မှု အဆင့်အတန်း အနည်းငယ်စီ ကွာခြားမှု ရှိကြသော်လည်း သူတို့အားလုံးသည် သူတို့၏ တစ်နေ့တာ ဘဝခရီးကို ကြိုးစားပြီး လျှောက်လှမ်းနေကြသူချည်းသာ ဖြစ်ပေသည်။

“ဒီရပ်ကွက်ထဲတော့ မဖြစ်နိုင်ဘူး” မာကျုမီယာသည် လမ်းလျှောက်ရင်း ပြောနေသည်။ “စိတ်ဖောက်ပြန်နေတဲ့ ကောင်တွေကပဲ ဒါမျိုးလုပ်မှာ။ ဥပမာ လိင်စိတ်ဖောက်ပြန်ပြီး အထီးကျန်နေတဲ့ တစ်ကိုယ်တည်း သမားတွေပေါ့။ အစ်ကိုပဲ စဉ်းစားကြည့်။ လမ်းပေါ်မှာ သွားနေတဲ့ ကလေးမလေးတစ်ယောက်ကို ရုတ်တရက် ဖမ်းပြီး ကားပေါ် တင်ပြေးသွားမယ်။ သူက ကလေးမလေးကို ဘယ်လိုမျိုး
မဟုတ်မဟ
တ် လုပ်ဖို့ ရည်ရွယ်ထားသလဲဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ ဒါပေမယ့် ပုံမှန်အားဖြင့်တော့ အဝေးဆုံး တစ်နေရာကို ဖမ်းခေါ်သွားမှာပဲ။ အဲဒီနေရာမှာ ကလေးမလေးကို သတ်ပစ်လိုက်ပြီးမှ ဒီရပ်ကွက်ဘက် ပြန်လာပြီး အလောင်းကို လွှင့်ပစ်တာပဲ ဖြစ်မယ်။ တရားခံဟာ ဒီရပ်ကွက်ထဲမှာပဲ နေတယ်လို့ ရဲတွေကို အထင်လွဲအောင် လုပ်ဖို့ပေါ့။ အခုလို ကောက်ချက်ဆွဲကြည့်လိုက်တော့ တရားခံဟာ ဒီရပ်ကွက်ထဲမှာ နေတဲ့သူ လုံးဝ မဖြစ်နိုင်တော့ဘူး။ ကျွန်တော်ပြောတာ ဘယ်လို သဘောရလဲ။ ဘယ်နား အမှားပါလဲ”

ဘေးနားတွင် အတူကပ်လျှောက်နေသော ကာဂါသည် ဘာမျှ ပြန်မပြောဘဲ ခေါင်းငုံ့ရင်း တစ်ခုခုကို အသည်းအသန် စဉ်းစားနေပုံ ရသည်။

“အစ်ကို” မာကျုမီယာက အော်ခေါ်လိုက်သော အခါမှ ကာဂါသည် ခေါင်းထောင်၍ ကြည့်သည်။ “ကျွန်တော် ပြောနေတာ မကြားဘူးလား”

“အင်း၊ နားထောင်နေပါတယ်။ မင်းပြောချင်တဲ့ အဓိပ္ပာယ်ကို ငါ နားလည်တယ်။ မင်းရဲ့ အယူအဆက သိပ်ခိုင်မာလှတယ်တော့ မဟုတ်ဘူး”

ဝေ့လည်ကြောင်ပတ် ဖြေနေသော စကားကြောင့် မာကျုမီယာသည် စိတ်မရှည်နိုင်တော့ပဲ “အစ်ကို ဘာပြောချင်တာလဲ၊ ပြောလေ”

ကာဂါက ပြုံးပြလိုက်ပြီး “ဘာပြောစရာ ရှိရမှာလဲ။ ငါပြောပြီးသားပဲ။ နယ်မြေခံရဲတွေက ရာဇဝတ်မှုခင်းဌာနရဲ့ အမိန့်ကို နာခံပြီး အလုပ်လုပ်ကြရတာပဲဟာ”

“အစ်ကို့ပြောပုံက လူကို ခနဲ့နေသလိုပဲ”

“ငါ့စကားထဲမှာ မင်းတို့ကို ခနဲ့ချင်တဲ့ သဘော မပါပါဘူးဗျာ။ တကယ်လို့ ငါ့စကားကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားတယ် ဆိုရင်လည်း တောင်းပန်ရတော့မှာပေါ့”

လမ်းပေါ်တွင် အတူ လျှောက်လာကြရင်း မာကျုမီယာသည် အငှားယာဉ်တစ်စီးကို တားရန် စဉ်းစားနေစဉ်မှာပင် ကာဂါက စကားစလာသည်။

“ငါ တစ်နေရာသွားချင်တယ်”

တက္ကစီ အလွတ်တစ်စီးကို မြင်၍ ခေါ်ရန် ဟန်ပြင်ကာ မြောက်ထားသော သူ့လက်ကို အမြန် ရုပ်သိမ်းလိုက်ရသည်။

“အစ်ကို ဘယ်သွားချင်လို့လဲ”

ကာဂါသည် တစ်ခဏ စဉ်းစားလိုက်ပြီး မာကျုမီယာကို ဖုံးကွယ်မနေတော့ဘဲ အဖြေပေးလိုက်သည်။

“အိမ်တစ်အိမ်ကို အတော်လေး စိတ်ဝင်စားနေမိတယ်။ ငါ ထပ်သွားပြီး လေ့လာချင်သေးတယ်”

“ဘယ်သူ့အိမ်လဲ”

“မိုင်ဟာရာတို့အိမ်”

“မိုင်ဟာရာ ……” မာကျုမီယာသည် သူ့အိတ်ထဲမှ မှတ်စုစာအုပ်ကို ထုတ်၍ အမည်စာရင်းများကို ပြန်ကြည့်နေသည်။ “အဲဒီအိမ်လား။ ဟိုသူငယ်ပြန်နေတဲ့ အဖွားကြီးတစ်ယောက် ရှိတဲ့အိမ် မဟုတ်လား။ အစ်ကိုက ဘာဖြစ်လို့ သူတို့ကို စိတ်ဝင်စားနေရတာလဲ”

“ပြောရမှာ ရှည်တယ်။ ပြီးတော့ ငါလည်း အခုမှ စပြီး ကျိုးကြောင်း ဆက်စပ်ကြည့်နေတုန်းပဲ ရှိသေးတယ်”

မာကျုမီယာသည် သူ့မှတ်စုစာအုပ်ကို ပြန်ထည့်လိုက်ပြီး ကာဂါကို စိုက်ကြည့်နေသည်။

“နယ်မြေခံရဲတွေက ရာဇဝတ်မှုခင်းဌာနရဲ့ ညွှန်ကြားမှုနဲ့ အလုပ်လုပ်နေရတာပါဆို။ ဒီတော့ မှုခင်းတပ်ဖွဲ့ဝင် ကျွန်တော့်ကို အစ်ကို့အနေနဲ့ လျှိုနေဖို့ မသင့်ဘူး”

“ငါ့မှာ ဖုံးကွယ်ချင်တဲ့ ဆန္ဒ မရှိပါဘူး” ကာဂါသည် သူ့နှုတ်ခမ်းကို လက်ညိုးဖြင့် ပွတ်နေရင်းမှ ပခုံးတစ်ချက် တွန့်လိုက်ပြီး “ကောင်းပြီလေ။ ဒါပေမယ့် ငါတို့ သက်သက် အချိန်ဖြုန်းတာလည်း ဖြစ်ချင်ဖြစ်နေမှာ”

“ကျွန်တော်အတွက်တော့ ကိစ္စမရှိဘူး။ သူက ကျွန်တော့်ကို ပြောဖူးတယ်။ များများသွား၊ များများလေ့လာထားမှ စုံစမ်းမှုရလဒ်ကလည်း အလိုက်သင့် ပြောင်းလဲလာနိုင်တာတဲ့”

ထိုစကားကို တာကာမာဆာက ပြောခဲ့ခြင်း ဖြစ်သည်။ ကာဂါ၏ မျက်နှာအမူအရာ မည်သို့ ဖြစ်ပျက်သွားမည်ကို မာကျုမီယာက သိချင်သောကြောင့် သူ့မျက်နှာကို စေ့စေ့ ကြည့်နေမိသည်။ သို့သော် သူက ဘာတစ်ခွန်းမျှ မပြောဘဲ လမ်းဆက်လျှောက်နေသည်။

မာကျုမီယာသည် ကာဂါနှင့်အတူ အိချိုပန်းခြံသို့ ရောက်လာခဲ့သည်။ တာဝန်မှ အပ မဝင်ရန် ကန့်သတ်ထားသော အတားအဆီးများကို ရဲဌာနက ဖယ်ရှားထားလိုက်ပြီ ဖြစ်သော်လည်း အိမ်သာပတ်ဝန်းကျင်ကိုတော့ အသုံးပြုခွင့် မပေးသေးဘဲ ကြိုးဖြင့် ဝိုင်းထားသည်။ ပန်းခြံထဲတွင် မည်သည့် လူအရိပ်အယောင်ကိုမျှ မတွေ့ရ။ ညရောက်လာသောကြောင့်လည်း ဖြစ်နိုင်သည်။ ပို၍ ဖြစ်နိုင်သည်မှာ လူသေအလောင်း တွေ့ထားသည်ဟူသော သတင်းက ပျံ့နှံ့နေပြီ ဖြစ်သောကြောင့် လူများ အနားသို့ မလာရဲခြင်းလည်း ဖြစ်မည်။

ကာဂါသည် တားထားသော ကြိုးကို ခွကျော်ပြီး အိမ်သာနားသို့ သွားကာ အပေါက်ဝတွင် ပိတ်ရပ်နေသည်။

“တရားခံက ဘာဖြစ်လို့ အလောင်းကို ဒီမှာ လာပစ်ရတာလဲ” ကာဂါက မတ်တပ်ရပ်လျက် မေးလိုက်သည်။

“ဒါလား။ ပန်းခြံက ညအမှောင်ထဲမှာဆိုရင် လူသူမြင်ရဖို့ သိပ်မလွယ်ဘူး။ မိုးမလင်းခင်အထိလည်း အလောင်းကို လူတွေ တွေ့သွားမှာ မပူရဘူး။ အကြမ်းအားဖြင့်တော့ အဲဒီလို အကြောင်းရင်းတွေပဲ ဖြစ်မယ် ထင်တယ်”

“ဒါပေမယ့် လူသူ ဆိတ်ကွယ်ရာအရပ်ဆိုတာ နေရာတကာမှာ ရှိနေတာပဲ။ တောကြီးမျက်မဲထဲ သွားနေစရာတောင် မလိုဘူး။ ဟောဟိုနားက လူမနေတော့တဲ့ တိုက်အိုတိုက်ပျက်တွေ ရှိတယ်။ တစ်ပတ်နေလို့မှ လူတစ်ယောက် မတွေ့ရတဲ့ ချောင်ကြိုချောင်ကြားတွေ ရှိတယ်။ ကလေးအလောင်းတစ်လောင်းကို ကောင်းကောင်း ဖွက်ထားနိုင်တဲ့ လျှိုတွေ၊ ခြုံပုတ်တွေ ရှိတယ်။ အဲဒီလို နေရာမျိုးမှာ သွားပစ်ထားရင် အလောင်းကို ဒီထက် နောက်ကျပြီးတောင် တွေ့ရဖို့ ရှိတယ်။ ဘာဖြစ်လို့ တရားခံက အဲဒါတွေကို မစဉ်းစားခဲ့တာလဲ”

“ကျွန်တော် ခုနက ပြောပါရော။ တရားခံဟာ ဒီရပ်ကွက်ထဲမှာ နေပါတယ်လို့ ထင်စေချင်လို့လေ”

သို့သော် ကာဂါက ခေါင်းခါလျက် “ဖြစ်နိုင်ပါ့မလား”

“အစ်ကိုက အဲဒီလို မထင်ဘူးပေါ့”

“တရားခံဘက်ကနေ စဉ်းစားကြည့်မယ်ဆိုရင် တရားခံတစ်ယောက်ဟာ မင်းတွေးသလို တွေးဖို့ထက် အလောင်းကို တွေ့တာ နောက်ကျလေ ကောင်းလေပဲလို့ ယူဆမှာပဲ။ ပြီးတော့ ဒီအမှုက စတွေ့တွေ့ချင်းမှာ ပြန်ပေးဆွဲတဲ့ ဖြစ်နိုင်ခြေမျိုး ရှိတာကြောင့် ရဲဌာနအနေနဲ့ ဗြုန်းစားကြီး လူသိရှင်ကြား လှုပ်ရှားဖို့ မဖြစ်နိုင်ဘူး”

ကာဂါသည် မာကျုမီယာဘက်သို့ ဖြည်းဖြည်းချင်း လှည့်လာပြီး “ငါ့အထင်ကတော့ တရားခံဟာ မတတ်နိုင်လို့ ဒီလိုနေရာမှာ ပစ်ဖို့ ဆုံးဖြတ်ခဲ့ရတယ်လို့ ယူဆတယ်”

“မတတ်နိုင်လို့?”

“ဟုတ်တယ်။ သူ့မှာ တခြား ရွေးချယ်စရာ မရှိဘူး။ သူဘယ်လောက်ပဲ အလောင်းကို ခပ်ဝေးဝေး ပစ်ချင်နေပါစေ။ သူ့မှာ အဲဒီလို လုပ်နိုင်ဖို့ အစွမ်း မရှိခဲ့ဘူး”

“အစွမ်း? …… ကား မရှိဘူးလို့ ပြောချင်တာလား”

“ဟုတ်တယ်။ တရားခံက ကားမမောင်းတတ်ဘူး။ ဒါမှမဟုတ် သူ့မှာ ကား မရှိဘူး”

“ဟုတ်ပါ့မလား။ ကျွန်တော်ကတော့ အဲဒါ မဖြစ်နိုင်ဘူး ထင်တာပဲ”

“ဘာဖြစ်လို့လဲ”

“အစ်ကိုပဲ စဉ်းစားကြည့်။ သူ့မှာ ကားသာ မရှိရင် ဒီအမှုတောင် ဖြစ်လာနိုင်စရာ အကြောင်း မရှိတော့ဘူး။ အလောင်းသယ်တဲ့ ကိစ္စပဲ ပြောပါဦး။ ကားမရှိရင် ဘယ်လို လုပ်မလဲ။ အဲဒီအလောင်းကို ပိုက်ပြီး ဒီနေရာအထိ ရောက်လာနိုင်မှာတဲ့လား။ ကလေးတစ်ယောက် ဆိုပေမယ့်လည်း အနည်းဆုံး ကီလို ၂၀ တော့ မကဘူး၊ လေးမှာပဲ။ ပြီးတော့ အလောင်းက ကတ်စက္ကူပုံးထဲ ထည့်သယ်တာဆိုတော့ အဲဒီပုံးကလည်း တော်တော် ကြီးလိမ့်မယ်။ အဲဒီပုံးကြီးကို လက်နဲ့ပိုက်ပြီး သယ်လာဖို့ရာက မဖြစ်နိုင်သလောက်ပဲ”

“ကတ်စက္ကူပုံးနဲ့ ထည့်ခဲ့တယ် ဆိုတဲ့ အဆိုက အလောင်းရဲ့ အင်္ကျီပေါ်မှာ တွေ့တဲ့ ဖော့လုံးလေးတွေကြောင့် မဟုတ်လား”

“အင်း၊ ဒါကြောင့်လည်း အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ ထုပ်ပိုးတဲ့ ကတ်စက္ကူပုံးကို သုံးခဲ့တာ ဖြစ်ရမယ်လို့ ယူဆထားတာပေါ့”

“အလောင်းပေါ်မှာ ဖော့လုံးလေးတွေ ကပ်နေတယ် ဆိုတာကို ကြည့်ခြင်းအားဖြင့်” ကာဂါသည် သူ့လက်ညိုးကို ထောင်လိုက်ပြီး “တရားခံဟာ အလောင်းကို ကတ်စက္ကူပုံးထဲ ဘာမှ မခံဘဲ တိုက်ရိုက် ထည့်ယူလာခဲ့တယ် ဆိုတဲ့ သဘောပဲ”

မာကျုမီယာသည် ကာဂါ၏ အဆိုကို ချက်ချင်း နားမလည်နိုင်သေးဘဲ အတွေးထဲတွင် ပုံရိပ်များဖြင့် ပုံဖော်၍ ကြည့်နေလေသည်။ တစ်ခဏအကြာမှ ထိုအဆိုကို သဘောတူသောအားဖြင့် “ဟုတ်တာပေါ့”

“မင်းမှာ ကားရှိလား”

“ရှိတယ်။ ဒါပေမယ့် တစ်ပတ်ရစ်ကားပါ”

“တစ်ပတ်ရစ်ရစ် နှစ်ပတ်ရစ်ရစ်၊ မင်းအတွက်တော့ အဖိုးတန် ပစ္စည်းပဲ မဟုတ်လား။ တကယ်လို့သာ မင်းဆိုရင် ဘယ်လို လုပ်မလဲ။ ကားနဲ့ သယ်ရပြီဆိုရင် အဲဒီ အလောင်းကို ကတ်စက္ကူပုံးထဲ ထည့်သယ်မလား”

“
ကျွန်တော့်အထင်တော့
 ပြဿနာ မရှိဘူးပဲ”

“အလောင်းက စိုနေမယ်ဆိုရင်လည်း ကိစ္စမရှိဘူးပေါ့?”

“စိုနေမယ်?”

“လုပ်ကြံခံရတဲ့အချိန်က သေးတွေ ထွက်ကျကုန်တယ်။ အလောင်းကို တွေ့တဲ့အချိန်တုန်းက သူ့စကတ်မှာတောင် စိုနေသေးတယ်။ ငါက ဓာတ်ခွဲဌာနက လူတွေထက်ကို စောပြီး အခင်းဖြစ်တဲ့နေရာကို ရောက်ခဲ့တာ။ ဒါကြောင့် ငါ ကောင်းကောင်းကြီး မှတ်မိနေသေးတယ်။ ဒါပေမယ့် အိမ်သာထဲမှာမို့လို့ ထင်ပါတယ်။ သူ့ဆီက အနံ့ဆိုးဝါးဝါး ရတယ်လို့တော့ သတိမထားမိဘူး”

“အစ်ကို အဲဒီလို ပြောလိုက်မှ သတိရတယ်။ ဓာတ်ခွဲဌာနရဲ့ အစီရင်ခံစာထဲမှာ အဲဒီအကြောင်းတွေ ရေးထားတယ်”

“ဒါဆို ငါမင်းကို ထပ်မေးပါဦးမယ်။ အဲဒီလို အလောင်းမျိုးကို ကတ်စက္ကူပုံးထဲ ထည့်ဦးမလား”

မာကျုမီယာက နှုတ်ခမ်းကို သပ်လိုက်ပြီး

“တကယ်လို့ အလောင်းပေါ်က အရည်တွေဟာ ကတ်စက္ကူကနေတဆင့် ယိုစီးပြီး ကားပေါ် ပေသွားနိုင်တယ်ဆိုရင်တော့ အဲဒီလို လုပ်လိမ့်မယ်လို့ ပြောရမှာ တော်တော် ခက်သွားပြီ”

“ပေပြီးရင် နံလည်း နံလာဦးမှာ”

“ပုံမှန်အားဖြင့်တော့ ပလတ်စတစ်အိတ်လို ဟာမျိုးနဲ့ အရင် လုံအောင် ထုပ်ပိုးပြီးမှ သေတ္တာတွေ ဘာတွေထဲ ထည့်ကြမှာ …..”

“ဒီအမှုမှာကျတော့ တရားခံက အဲဒီလို မလုပ်ခဲ့ဘူး။ ဘာဖြစ်လို့လဲ”

“အစ်ကို ပြောချင်တာက ……. သူက ကားနဲ့ မသယ်လို့လား”

ကာဂါက သူ့ပခုံးကို ပင့်ပြလိုက်ပြီး

“ဆုံးဖြတ်ချက် ချဖို့တော့ စောလွန်းသေးတာပေါ့။ နောက်တစ်ခု ဖြစ်နိုင်တာကလည်း တရားခံဟာ ပေစုတ်စုတ် နေတတ်ပြီး သူ့ကား ပေမှာကိုလည်း လုံးဝ ဂရုမစိုက်ဘူး ဆိုရင်ရော။ ဒါကတော့ ဖြစ်နိုင်ချေ တော်တော်လေး နည်းပါတယ်”

“တကယ်လို့ သူ့မှာ ကားမရှိဘူးဆိုရင် ဒီလို ကြီးမားတဲ့ ကတ်စက္ကူပုံးကို ဘယ်လိုလုပ်ပြီး သယ်နိုင်ပါ့မလဲ”

“သိပ်ကောင်းတဲ့ မေးခွန်းပေါ့။ မင်းသာဆိုရင် ဘယ်လို လုပ်မလဲ”

“ကျွန်တော် စောစောကလည်း ပြောပြီးပြီ။ လက်နဲ့ ပိုက်သွားဖို့ရာလည်း အင်မတန် ခက်တယ်။ လက်တွန်းလှည်းနဲ့ ဆိုရင်တော့ အဆင်ပြေနိုင်တယ်။ ဒါပေမယ့် ညကြီးသန်းခေါင် အဲဒါကြီး တွန်းပြီး သွားလာနေရင် လူတွေရဲ့ အာရုံစိုက်မှုကို ခံရနိုင်တယ်”

“ငါလည်း အဲဒီလို ယူဆတာပဲ။ ဒါဆို အထူး အာရုံစိုက်ချင်စရာလည်း မကောင်းဘူး။ ပြီးတော့ လက်တွန်းလှည်းလို အသုံးတည့်နိုင်မယ့် တခြားကိရိယာ ဘာရှိဦးမလဲ”

“ကလေးထည့်တဲ့ တွန်းလှည်းရော။ …… မဖြစ်ဘူး၊ မဖြစ်ဘူး။ ရှေးရှေးတုန်းက ဒီဇိုင်းမျိုးဆိုရင် ပစ္စည်းသယ်လို့ ရမယ်။ ဒီနေ့ ခေတ်ပေါ် ဒီဇိုင်းတွေနဲ့ဆိုရင် အဲဒီလို သုံးဖို့ မဖြစ်နိုင်ဘူး”

ကာဂါသည် ပြုံးနေပြီး သူ့ဖုန်းကို ဆွဲထုတ်လိုက်သည်။ ဖုန်းထဲတွင် တစ်ခုခုကို ရှာနေပြီး စခရင် မျက်နှာပြင်ကို မာကျုမီယာအား ထိုးပြလိုက်သည်။

“ဒါကြည့်ကြည့်”

မာကျုမီယာသည် ဖုန်းကို လှမ်းယူလိုက်သည်။ မြေပြင်ကို ရိုက်ထားသော ဓာတ်ပုံတစ်ပုံ။

“ဒါက?”

“ဒီဓာတ်ပုံကို အခု မင်းရပ်နေတဲ့ နေရာ ပတ်ဝန်းကျင်လောက်မှာ ရိုက်ထားတာပဲ။ သက်သေစုဆောင်းရေး အဖွဲ့က ရိုက်သွားလိမ့်မယ်လို့ ငါ ထင်တယ်။ ဒါပေမယ့် ငါဖုန်းနဲ့လည်း ရိုက်ယူထားခဲ့တယ်”

“ဒီပုံက ဘာထူးခြားလို့လဲ”

“မင်း သေချာ ကြည့်ကြည့်။ မြေကြီး မျက်နှာပြင်ပေါ်မှာ နဂိုက ရှိခဲ့ဖူးတဲ့ သက်သေတစ်ခုခုကို ဖျောက်ဖျက်ဖို့ ကြိုးစားထားတဲ့ အရေးအကြောင်းတွေ တွေ့ရလိမ့်မယ်”

မြေပြင်ပေါ်တွင် အနည်းငယ် ကျယ်သော လိုင်းကြောင်းများမှာ ထင်းနေသည်။

“တကယ်လို့ ငါ ယူဆသလိုသာ မှန်မယ်ဆိုရင် တရားခံအနေနဲ့ ဘာသက်သေ အထောက်အထားမှ မကျန်အောင် ခြေရာလက်ရာ ဖျောက်နိုင်လိမ့်မယ်လို့ ငါ မထင်ဘူး။ သူက လက်တွန်းလှည်း ဒါမှမဟုတ် အဲဒီလို ပစ္စည်းသယ်နိုင်မယ့် အရာတစ်ခုခုကို သုံးပြီး အလောင်းကို ဒီအထိ သယ်လာခဲ့တယ်။ ပြီးတော့ မနေ့က တစ်မနက်လုံး ရွာနေခဲ့တဲ့ မိုးရေတွေဟာ ဒီမြေပြင်မှာ တင်နေခဲ့မှာပဲ။ ဒါကြောင့် သူ ဒီကို ရောက်တဲ့အချိန်မှာ ဒီနားက မြေကြီးတစ်ပြင်လုံး ပျော့နေလိမ့်မယ်လို့ ငါတို့ ယူဆနိုင်တယ်”

“ဒီမှာ သဲလွန်စ တစ်ခုခု ရှိချင် ရှိခဲ့မှာပေါ့လေ။ ဒါပေမယ့် အခုဟာက ဖျောက်ဖျက်ထားပြီးပြီဆိုတော့ ကျွန်တော်တို့က ဘာတတ်နိုင်ဦးမှာလဲ” မာကျုမီယာက ပြောပြီး ဖုန်းကို ကာဂါအား ပြန်ပေးရန် ပြင်လိုက်သည်။

“မင်း သေသေချာချာ ထပ်ကြည့်စမ်းပါဦး။ ဖျောက်ဖျက်ထားတဲ့ အရာရဲ့ အကျယ်က ဘယ်လောက်လောက် ရှိမလဲ”

“အကျယ်?” မာကျုမီယာသည် ဖုန်းမျက်နှာပြင်ကို နောက်တစ်ခေါက် ပြန်ကြည့်လိုက်သည်။ “၃၀ မီလီမီတာလောက်တော့ ရှိမှာပေါ့”

“ငါလည်း အဲလောက်ပဲ ထင်တယ်။ တကယ်လို့ ၃၀ မီလီမီတာဆိုရင် လက်တွန်းလှည်းအတွက် ကျဉ်းလွန်းနေတယ်”

“ဟုတ်တယ်။ ဒါဆို …..” မာကျုမီယာသည် ဖုန်းကို မကြည့်တော့ဘဲ ခေါင်းမော့လိုက်ပြီး “စက်ဘီးရာလား”

“ဖြစ်ဖို့များတယ်” ကာဂါက ပြန်ဖြေသည်။ “ပြီးတော့ အနောက်မှာ ထိုင်ခုံပါတဲ့ စက်ဘီးမျိုး ဖြစ်ရမယ်။ အခုနောက်ပိုင်း ဈေးကွက်ထဲဝင်တဲ့ စက်ဘီးတွေက နောက်ခုံ မပါတော့ဘူး။ ပိုပြီး တိတိကျကျ ပြောရမယ်ဆိုရင် အဲဒီစက်ဘီးက မိန်းမစီးဘီးလို ခပ်သေးသေးထဲကပဲ ဖြစ်လိမ့်မယ်”

“အစ်ကိုက ဘယ်လိုလုပ်ပြီး သိသလဲ”

“မင်း စမ်းကြည့်ရင် သဘောပေါက်သွားမှာပါ။ ဒီလောက်ကြီးတဲ့ ကတ်စက္ကူပုံးကို စက်ဘီး နောက်ခုံမှာ တင်ကြည့်။ ပြီးတော့ လက်တစ်ဘက်က ပုံးကို ထိန်းထားရမယ်။ နောက်လက်တစ်ဘက်က စက်ဘီးလက်ကိုင်ကို ထိန်းရမယ်ဆိုရင် ယောက်ျားစီး စက်ဘီးလို စက်ဘီးကြီး‌တွေ အနေနဲ့ကျတော့ အဆင်မပြေနိုင်ဘူး”

မာကျုမီယာသည် သူ၏ စိတ်ကူးဖြင့် ပုံဖော်ကြည့်သောအခါ ကာဂါ၏ တွေးဆပုံမှာ ယုတ္တိရှိကြောင်း သိလာရသည်။

“တရားခံ နေတဲ့ ပတ်ဝန်းကျင်မှာ မြက်ခင်းပြင် ရှိရမယ်။ ပြီးတော့ သူက ကား မမောင်းတတ်ဘူး။ ဒါမှမဟုတ် သူ့မှာ ကားမရှိဘူး။ ဒါပေမယ့် သူ့ဆီမှာ နောက်ခုံပါတဲ့ စက်ဘီး အသေးလေး တစ်စီး ရှိရမယ် …..” မာကျုမီယာသည် ထိုအချက်အလက်များကို တစ်ချက်ချင်းစီ ရေရွတ်နေရင်းမှ ထိုအချက်အားလုံးနှင့် ပြည့်စုံသော သူကို သတိထားမိသွားသည်။ “ဒါကြောင့် အစ်ကိုက မိုင်ဟာရာမိသားစုကို စိတ်ဝင်စားသွားတာလား။ သူတို့ဆီမှာ ကားဂိုဒေါင်လည်း မရှိဘူး။ ကားထားစရာ နေရာလည်း မရှိဘူး။ စက်ဘီးကတော့ ……….. အဲ … အစ်ကို သူတို့ရဲ့ စက်ဘီးကို သေချာ ကြည့်လိုက်သေးတယ် မဟုတ်လား”

“နောက်ခုံ ပါတယ်။ အဲဒီစက်ဘီးနဲ့ ကတ်စက္ကူပုံးကို သယ်လို့ ရနိုင်တယ်”

“ဒီလိုလား။ ဒါပေမယ့် …….”

“ဘာဖြစ်လဲ”

“ဒီအကြောင်းပြချက်လောက်နဲ့ သူတို့ မိသားစုကို မဲနေမယ်ဆိုရင် နည်းနည်း လောကြီးရာ ကျမနေဘူးလား။ တရားခံဆီမှာ ကားရှိပါလျက်နဲ့ သူက ကားမမောင်းတတ်လို့ မသုံးတာလည်း ဖြစ်နေနိုင်တာပဲ”

ကာဂါသည် သူ့စကားကို နားထောင်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ငါ သူတို့အိမ်ကို သံသယဝင်နေတဲ့ အကြောင်းအရင်းက ဒီအချက်တွေလောက်နဲ့တင် မကဘူး။ သူတို့ကို စိတ်ဝင်စားသွားစေတဲ့ နောက်အချက်တစ်ချက် ရှိသေးတယ်။ အဲဒါက လက်အိတ်တစ်စုံကြောင့်ပဲ”

“လက်အိတ်?”

“ပထမဆုံးအကြိမ် စစ်ဆေးရေး ဝင်ကြတုန်းက ငါ သူ့အိမ်ကို တစ်ခေါက် ရောက်ခဲ့သေးတယ်။ ကာဆုဂါအိ ယူနာရဲ့ ဓာတ်ပုံကို ကိုင်ပြီး သူ့ကို သိတဲ့သူ ဘယ်သူတွေ ရှိသလဲဆိုတာကို စာရင်းပြုစုကြရတဲ့ အခေါက်ကပေါ့။ သူတို့ရဲ့ သူငယ်ပြန်နေတဲ့ အဖွားကြီးနဲ့ အဲဒီအချိန်က ဆုံခဲ့ရတယ်။ သူက တုန်ချည့်တုန်ချည့်နဲ့ ပန်းခြံထဲ လျှောက်လာရင်း လက်အိတ်တစ်စုံကို မြေကြီးပေါ်ကနေ ကောက်ယူပြီး သူ့လက်မှာ ဝတ်ထားတော့တာပဲ”

“သူက ဘာဖြစ်လို့ အဲဒီလို လုပ်ရတာလဲ”

ကာဂါက ပခုံးတွန့်ပြလိုက်သည်။

“သူငယ်ပြန်နေတဲ့ လူတစ်ယောက်ရဲ့ အပြုအမူကို ကျိုးကြောင်းဆက်စပ်ပြီး တွေးနေရင် မင်းပါ ရူးသွားလိမ့်မယ်။ အဓိက အရေးကြီးတဲ့ အချက်က အဲဒီ လက်အိတ်ပဲ။ အဖွားကြီးက အဲဒါကို ငါ့ဆီလာပြတယ်။ ဟောဒီလို” သူသည် လက်နှစ်ဘက်ကို မာကျုမီယာ၏ အရှေ့သို့ ဆန့်တန်းပြလိုက်သည်။

“အဲဒီအချိန်မှာ ငါ အနံ့တစ်ခု ရခဲ့တယ်”

“အန် …..”

“ခပ်စူးစူး အနံ့တစ်မျိုးပဲ။ သေးနံ့လို့ ယူဆရတယ်”

“အသတ်ခံရတဲ့ ကလေးမက သေးတွေ ထွက်ကျကုန်တယ် ဆိုတော့ …… အစ်ကို ပြောနေတာက အဲဒီလို အနံ့မျိုးလား”

“ငါက ခွေးမှ မဟုတ်တာကွာ။ အဲဒီလောက် အတိအကျတော့ ဘယ်ခွဲခြားနိုင်ပါ့မလဲ။ တရားခံသုံးခဲ့တဲ့ လက်အိတ် ဖြစ်မလားလို့ ငါ အဲဒီတုန်းက စဉ်းစားနေခဲ့သေးတယ်။ အင်း … သူသုံးခဲ့တဲ့ လက်အိတ်ပဲ ဖြစ်ရမယ်။ တကယ်လို့ လက်ဗလာနဲ့ အလောင်းကို တို့ထိရင် သူ့လက်ဗွေတွေ ကျန်နေခဲ့ရမှာပဲ။
အဲဒီလို
သာ သုံးခဲ့ရိုးမှန်ရင် အဲဒီလက်အိတ်မှာ သေးတွေ ပေကျန်နေခဲ့မှာ သေချာတယ်။ ဓာတ်ခွဲဌာနရဲ့ ဖော့လုံးတွေကိစ္စ ကြားပြီးတော့ စောစောက ငါမင်းကို ပြောခဲ့တဲ့ အကြောင်းအရာတွေနဲ့ ဆက်စပ် တွေးကြည့်လိုက်ရင် အဲဒီအိမ်ကို ပိုပြီး သံသယ ဝင်လာရတာပဲ”

မာကျုမီယာသည် မိုင်ဟာရာမိသားစုအကြောင်းကို ပြန်တွေးကြည့်နေမိသည်။ နေရာတကာတွင် တွေ့နိုင်သော သာမန် မိသားစု တစ်စုမျှသာ။ အိမ်ရှင် မိုင်ဟာရာ အာကီအိုတွင်လည်း ရက်စက်ကြမ်းကြုတ်သော လူသတ်သမားတစ်ဦး၏ အသွင်အပြင်များကို တစ်စက်ကလေးမျှ မတွေ့ခဲ့ရ။ အလွန်ဆုံးအားဖြင့် သူငယ်ပြန်နေသော သူ့မိခင်အတွက် စိတ်ဆင်းရဲနေသည်ကိုသာ သတိထားမိခဲ့သည်။

မာကျုမီယာသည် မှုခင်းမှတ်တမ်းစာအုပ်ကို ဖွင့်လိုက်ပြီး ထိုမိသားစုနှင့် ပတ်သက်သော အချက်အလက်များကို ပြန်လေ့လာနေသည်။

“၄၇ နှစ်အရွယ်ရှိတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦး၊ သူ့မိန်းမနဲ့ သူငယ်ပြန်နေတဲ့ အဖွားအိုတစ်ယောက် ……….. အစ်ကို ဆိုလိုတဲ့သဘောက လူသတ်တရားခံဟာ သူတို့ထဲက တစ်ယောက်ယောက်ပေါ့။ ဒီတော့ တခြား အိမ်သူအိမ်သားတွေက ဒီကိစ္စကို လုံးဝ မသိကြတော့ဘူးလား။ သူတို့ထဲက တစ်ယောက်ယောက်က ကျန်တဲ့သူ အားလုံး မသိအောင် လူသတ်မှုတစ်ခုကို ကျူးလွန်ခဲ့တယ်လို့ ဆိုလိုချင်တာလား”

“ဟင့်အင်း၊ အဲဒါမျိုးက လုံးဝ မဖြစ်နိုင်ဘူး” ကာဂါက ချက်ချင်း ပြန်ဖြေသည်။ “ဒါကြောင့် သူတို့ထဲမှာ တစ်ယောက်ယောက်ဟာ လူသတ်တရားခံ ဖြစ်နေမယ်ဆိုရင် ကျန်တဲ့သူတွေက အလိုတူ အလိုပါ ဖုံးဖိပေးနေတဲ့သူတွေ ဖြစ်သွားမှာပဲ။ ငါ့အနေနဲ့ ဟိုးအစကတည်းက ဒီအမှုမှာ အနည်းဆုံး လူနှစ်ယောက်နဲ့အထက် ပါဝင်ပတ်သက်နေရမယ်လို့ ယူဆထားတယ်”

ကာဂါ၏ ပြတ်သားသော စကားကို ကြားလိုက်ရသောအခါ မာကျုမီယာသည် ပါးစပ်အဟောင်းသားနှင့် သူ့မျက်လုံးများကို ပြူးကြည့်နေမိတော့သည်။ ကာဂါက ထိုသို့သော အမူအရာကို တုံ့ပြန်သည့်အနေဖြင့် သူ့အင်္ကျီအိတ်ကပ်ထဲမှ အရာတစ်ခုကို ဆွဲထုတ်လိုက်သည်။

မာကျုမီယာသည် သူ့ထံသို့ လှမ်းလာသော ဓာတ်ပုံကို ယူကြည့်လိုက်သည်။ အသတ်ခံရသူ၏ ရုပ်အလောင်းကို ရိုက်ယူထားသော ဓာတ်ပုံ ဖြစ်သည်။ သူ့ခြေထောက် နှစ်ဘက်စလုံးတွင် ခြေနင်းများ ဝတ်ဆင်ထားသည်။

“ဒါက ဘာထူးခြားလို့လဲ” မာကျုမီယာက မေးလိုက်သည်။

“ဖိနပ်ကြိုး ချည်ထားပုံကို သေချာကြည့်” ကာဂါက ပြန်ဖြေသည်။ “မင်း သေသေချာချာ စေ့စေ့စပ်စပ် ကြည့်လိုက်ရင် ခြေနင်းနှစ်ဘက်မှာ ချည်ထားတဲ့ ဖိနပ်ကြိုးရဲ့ ချည်ပုံချည်နည်းက မသိမသာလေး ကွဲပြားနေတာ တွေ့ရလိမ့်မယ်။ နှစ်ဘက်စလုံးက လိပ်ပြာပုံ ချည်ထားတာ ဆိုပေမယ့် ဖိနပ်ကြိုး အပေါက်ထိုးပုံက ဆန့်ကျင်ဘက် ဖြစ်နေတယ်။ ပြီးတော့ တစ်ဘက်ကို ခပ်တင်းတင်း ချည်ထားပြီး နောက်တစ်ဘက်ကိုတော့ ခပ်လျော့လျော့ပဲ ချည်ထားတယ်။ တကယ်လို့ လူတစ်ယောက်တည်းကသာ ဖိနပ်နှစ်ဘက်လုံးကို ချည်မယ်ဆိုရင် များသောအားဖြင့် အခုလို ဘယ်နဲ့ညာ ကွဲပြားနေစရာ အကြောင်း မရှိဘူး”

“အစ်ကို အဲဒီလို ပြောလိုက်တော့မှ …….” မာကျုမီယာသည် ဓာတ်ပုံကို နီးသည်ထက် နီးအောင် သူ့မျက်နှာအနားသို့ တိုးကပ်လိုက်ပြီး တစ်ခဏမျှ စူးစူးစိုက်စိုက် ကြည့်နေမိသည်။ ကာဂါ၏ အမြင်မှာ စူးရှလှပေစွ။

“ဓာတ်ခွဲဌာနကလည်း ခြေနင်းနှစ်ဘက်စလုံး အချွတ်ခံထားရတဲ့ အထောက်အထားတွေ တွေ့တယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ဘာကြောင့်ချွတ်ခဲ့သလဲ ဆိုတဲ့ အကြောင်းအရင်းကို အတိအကျ မဝေခွဲနိုင်ပေမယ့် ခြေနင်းနှစ်ဘက်စလုံးကို မတူညီတဲ့ လူနှစ်ယောက်က တစ်ဘက်စီ ပြန်ဝတ်ပေးထားတယ် ဆိုတာကိုတော့ ငါတို့ ကောက်ချက်ချနိုင်လိမ့်မယ်”

“တစ်မိသားစုလုံး ပူးပေါင်းကြံစည်တယ်ပေါ့?” မာကျုမီယာ၏ အသံမှာ မထင်မှတ်ဘဲ အနည်းငယ် ကျယ်သွားသည်။

“လူသတ်တာကို တစ်ယောက်တည်းက လုပ်တယ် ဆိုရင်တောင် တခြားမိသားစုဝင်တွေက သူ့အတွက် ဖုံးဖိပေးခဲ့ကြတယ်လို့ ငါတို့ အခိုင်အမာ တွက်ဆလို့ ရတယ်”

မာကျုမီယာသည် ကာဂါအား ဓာတ်ပုံကို လှမ်းပေးနေရင်း သူ့ကို မျက်တောင်မခတ်ဘဲ ကြည့်နေမိသည်။

“ဘာဖြစ်လို့လဲ” သူ၏ ထူးခြားသော အကြည့်များကြောင့် ကာဂါက တအံတဩဖြင့် မေးလေသည်။

“ဟင့်အင်း၊ ဘာမှ မဖြစ်ပါဘူး”

“ဒါကြောင့်ပေါ့။ ငါ မိုင်ဟာရာ မိသားစုရဲ့ အခြေအနေကို ထပ်ပြီး အသေးစိတ် သိရအောင် နောက်တစ်ခေါက်လောက် သွားပြီး လေ့လာကြည့်ချင်သေးတယ်”

“ကျွန်တော်လည်း အတူလိုက်ပါရစေလား”

“ရာဇဝတ်မှုခင်းဌာနရဲ့ ခွင့်ပြုချက်ရတော့ အသက်ရှူ ချောင်တာပေါ့ကွာ”

မာကျုမီယာသည် ခြေလှမ်းသွက်သွက်ဖြင့် လျှောက်နေသော ကာဂါဆီသို့ အမီ လိုက်သွားခဲ့သည်။ ရင်တွင်းမှ ချီးကျူး အထင်ကြီးသော စိတ်များကလည်း
တဖိတ်ဖိတ်
 ယိုစီးထွက်နေကြ‌လေပြီ။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *