မာတိကာကြည့်ရန်

အခန်း (၁၈)

အင်တာကွန်းမှ အသံ မြည်လာပြန်သည်။ ယနေ့ တစ်နေ့တာအတွင်း စတုတ္ထအကြိမ်မြောက် ဖြစ်သည်။ ထိုအထဲမှ နှစ်ကြိမ်မှာ ရဲများ လာရောက်ခြင်း။

ယခုတစ်ကြိမ်လည်း သူတို့ပင် ဖြစ်နေသည်။ အာကီအို၏ မျက်စိမျက်နှာ ပျက်သွားသည်ကို သတိထားမိသော ယာအေကိုက “ရဲတွေ လာပြန်တာလား” ဟု စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“ဟုတ်တယ်”

“ဒါဆို ကျွန်မတို့ စောစောက တိုင်ပင်ထားတဲ့အတိုင်း လုပ်ရတော့မှာပေါ့”

“ခဏနေဦး။ အခု သူတို့ ဘာကိစ္စလာသလဲ ဆိုတာ မသေချာသေးဘူး။ နောက်ဆုံး မတတ်နိုင်တော့ဘူး ဆိုရင် ငါကိုယ်တိုင် စပြီး လှုပ်ရှားမယ်။ နင်တို့လည်း မီးစင်ကြည့် က,ပေတော့”

ယာအေကိုက ခေါင်းမညိတ်၊ သူ့ရင်ဘတ်ကို လက်ဖဝါးဖြင့် ဖိ၍သာ ငြိမ်နေသည်။

“ဘာဖြစ်လို့လဲ”

“ဘာမှ မဖြစ်ပါဘူး။ …….. ကျွန်မတို့ကိစ္စ ချောချောမွေ့မွေ့နဲ့ အဆင်ပြေပါ့မလား မသိဘူးနော်”

“အခုမှတော့ ဒါတွေ ပြောမနေနဲ့တော့။ ဇွတ်မှိတ်ပြီး လုပ်ရုံပဲ ကျန်တော့တာပေါ့”

ယာအေကိုက တုန်တုန်ယင်ယင် ခေါင်းညိတ်ပြရင်း အသံတိုးတိုးဖြင့် သဘောတူကြောင်း ပြောနေသည်။

အာကီအိုသည် ခြံတံခါးဝသို့ ရောက်သောအခါ တံခါးမကြီးကို ဆွဲဖွင့်လိုက်သည်။ အပြင်ဘက်တွင် ရပ်နေကြသော ရဲအရာရှိများမှာ ကာဂါနှင့် မာကျုမီယာတို့ ဖြစ်ကြသည်။

“ဆောရီးပဲဗျာ။ ခင်ဗျားတို့ကို အကြိမ်ကြိမ် နှောင့်ယှက်မိသလို ဖြစ်နေပြီ” မာကျုမီယာက အင်မတန် အားနာသော မျက်နှာထားဖြင့် ပြောနေကြောင်း တွေ့ရသည်။

“အခုရော ဘာကိစ္စလဲ ခင်ဗျ”

“အသတ်ခံရတဲ့ ကလေးမလေးက အဲ့မတိုင်ခင် ဒီဘက်ကို ရောက်လာခဲ့သေးတယ်လို့ သတင်းရထားတယ်”

မာကျုမီယာ၏ ပြောစကားကို ကြားရသောအခါ အာကီအိုသည် တစ်ကိုယ်လုံး ထူပူသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထို့ပြင် အနောက်ဘက်မှ လေအေးတစ်ချက် ဝေ့တိုက်ခံလိုက်ရသကဲ့သို့ ကျောချမ်းသွားပြန်သည်။

သူက စကားဆက်နိုင်ရန် “အဲဒီတော့ ….”

“သေချာအောင် ခင်ဗျားတို့ မိသားစုဝင်တွေ အားလုံးနဲ့ အတည်ပြုချင်လို့ပါ။ သူတို့ အဲဒီ ကလေးမလေးကို တွေ့ဖူးသလားဆိုတာပေါ့” မာကျုမီယာက ကလေးမလေး၏ ဓာတ်ပုံကို ဆွဲထုတ်လိုက်သည်။

“ကျွန်တော် မှတ်မိသလောက်ဆိုရင် မနက်ကပဲ ဒီဘက်က ရဲဘော်ကို ဖြေခဲ့ပြီးပြီပဲ” အာကီအိုက ကာဂါဘက်သို့ လှမ်းကြည့်သည်။

“အဲဒီတုန်းက ခင်ဗျားတစ်ယောက်တည်းရဲ့ အဖြေကိုပဲ ရခဲ့တာ မဟုတ်လား” ကာဂါက ဝင်ဖြေသည်။ “ခင်ဗျားရဲ့ အိမ်သားတွေ အားလုံးဆီက အတည်ပြုချက် ရချင်ပါတယ်”

“ကျွန်တော့် ဇနီးကိုလည်း မေးခဲ့တယ်လေ”

“ဟုတ်ပါတယ်။ ဒါပေမယ့် ခင်ဗျားဆီမှာ အလယ်တန်းကျောင်း တက်နေတဲ့ သားတစ်ယောက် ရှိသေးတယ် မဟုတ်လား”

နာအိုမီအကြောင်း ပြောလာသော တစ်ဘက်လူ၏ စကားသံက အာကီအိုကို ပိုပြီး စိတ်လှုပ်ရှားသွားစေခဲ့သည်။ ရဲဌာနဘက်မှ အိမ်တိုင်းအိမ်တိုင်း၏ မိသားစုဝင် စာရင်းများကို အသေအချာ စုဆောင်းထားပြီး ဖြစ်ကြောင်း သူ သဘောပေါက်သွားသည်။

“ကျွန်တော့်သားက ဒီကိစ္စနဲ့ ပတ်သက်ပြီး နည်းနည်းလေးမှ သိမယ် မထင်ဘူး”

“ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့က အပေါက်အကြား မရှိအောင် စုံစမ်းရမယ့် တာဝန် ရှိနေလို့ပါ”

“ကူညီပါဦး” မာကျုမီယာကလည်း ဘေးမှနေ၍ ခွင့်တောင်းနေသည်။

“ဒါဆို ဓာတ်ပုံကို ခဏပေးလိုက်ပါလား။ ကျွန်တော် သွားမေးလိုက်မယ်”

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ….” မာကျုမီယာက ဓာတ်ပုံကို လှမ်းပေးရင်း ပြောနေသည်။ “ဖြစ်နိုင်ရင် ခင်ဗျားတို့ မိသားစုဝင်အားလုံး မနေ့က အိမ်မှာ ဘယ်အချိန်တွေ ရှိခဲ့သလဲဆိုတာကိုပါ အတိအကျ ပြောပြပေးနိုင်မလား”

“ဘာဖြစ်လို့ အဲဒီလို မေးရတာလဲ”

“ဘာဖြစ်လို့လဲဆိုတော့ အဲဒီကလေးမလေးက မြက်ခင်းပြင်ပေါ်ကို ဖြတ်သွားခဲ့နိုင်တယ်။ နေ့ခင်းက ကျွန်တော်တို့ မြက်ပင်နမူနာတွေ စုဆောင်းခဲ့ရတဲ့ အကြောင်းအရင်းက အဲဒီမြက် ဟုတ်မဟုတ် ဓာတ်ခွဲကြည့်ချင်လို့ပါပဲ”

“အဲဒါ ကျွန်တော်တို့ မြက်ခင်းပြင်ပဲလို့ ဆရာ ဆိုလိုချင်တာလား”

“ဟင့်အင်း။ ဓာတ်ခွဲမှုရလဒ်ကို ကျွန်တော်တို့ မသိရသေးပါဘူး။ တကယ်လို့ ကလေးမလေးက ခင်ဗျားတို့ ခြံထဲ ဝင်သွားခဲ့မယ်ဆိုရင် အဲဒီအချိန်က ခင်ဗျားတို့အိမ်မှာ အိမ်ရှင် မရှိလောက်ဘူး။ ဒါကြောင့် အဲဒီလို လူမရှိတဲ့အချိန် တစ်ချိန်ချိန်များ ရှိနေနိုင်မလားလို့ အတည်ပြုကြည့်ချင်တဲ့ သဘောပါ”

“ကျွန်တော်တို့ အနေနဲ့ မစ္စတာမိုင်ဟာရာတို့အိမ် တစ်အိမ်တည်းရဲ့ အခြေအနေကိုပဲ နားလည်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ ဘေးပတ်ဝန်းကျင် အိမ်အားလုံးရဲ့ အခြေအနေတွေကို သိအောင် စုံစမ်းနေကြရတာပါ” ကာဂါက အားနာသည့် ဟန်ပန်ဖြင့် ပြုံးပြလျက်။

ရဲများက သူ့ကို အမှန်အတိုင်း ပြောနေခြင်း မဟုတ်ဟု အာကီအိုက သံသယရှိနေသည်။ မိမိတို့ကို သီးသန့် စစ်မေးလို၍ ဤအိမ်သို့ တကူးတက ရောက်လာကြခြင်း မဟုတ်ပါလော။ အကယ်၍သာ ထိုအမြင်ကို ဆက်လက်ဆွဲကိုင်ထားလျှင် တစ်ဘက်လူများ၏ သံသယဝင်ခြင်းကိုသာ ဖိတ်ခေါ်နေရာ ကျနေတော့မည် ဖြစ်ကြောင်း သူ သဘောပေါက်သည်။ ထို့ကြောင့် သူသည် ဓာတ်ပုံကို လှမ်းယူလိုက်ပြီး အိမ်ဘက်သို့ လှည့်ပြန်လာခဲ့သည်။

“ဘာတွေလဲ။ ဘာတွေဖြစ်နေတာလဲ” အာကီအို၏ စကားကို ကြားပြီးနောက် ယာအေကို၏ မျက်နှာမှာ
ဖြူဖ
ပ်
ဖြူရော်
 ဖြစ်လာသည်။ “အခုဟာက အမှုဖြစ်တဲ့အချိန်မှာ ကျွန်မတို့ ရှိမရှိ စစ်နေတာနဲ့ တူမနေဘူးလား”

“အဲဒီလိုလည်း ဖြစ်နိုင်တာပဲ။ ဒါပေမယ့် အိမ်မှာ လူမရှိတဲ့ အချိန်ကို မေးတာနဲ့ ဘာဆိုင်သလဲ”

“ရဲတွေရဲ့ အမူအရာက ကျွန်မတို့ကို သံသယဝင်နေတဲ့ပုံ ပေါက်နေပြီလား”

“အင်း … ဟုတ်လောက်တယ်။ ဒါပေမယ့် ငါစိတ်မလုံလို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့”

“အဲဒီတော့ ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ။ ဘယ်လို ပြန်ဖြေမှာလဲ”

“ငါ အခု စဉ်းစားနေတယ်”

“သူတို့ နာအိုမီအပေါ် သံသယဝင်မလာအောင် လုပ်မှ ဖြစ်မယ်။ ဒါမှမဟုတ် သူ ကျောင်းဆင်းကတည်းက အိမ်ထဲမှာပဲ တစ်နေ့လုံး ရှိနေတယ်လို့ ပြောလိုက်ပါလား”

အာကီအိုက တစ်ခဏ စဉ်းစားနေပြီး ယာအေကိုကို ကြည့်ကာ ခေါင်းခါပြသည်။

“အဲဒါမှ ပြဿနာ ပိုကြီးနိုင်တာ”

“ဘာလို့လဲ”

“နောက်ခြေလှမ်းတွေအတွက်ပါ ထည့်စဉ်းစားမှ ဖြစ်မယ်။ ငါတို့ရဲ့ အစီအစဉ်အတိုင်း အကောင်အထည် ဖော်ရဦးမှာ မဟုတ်လား”

“အဲ့တော့ ဘာဖြစ်လဲ”

“အခုကတည်းက စပြီး အကွက်ချသွားမှ ဖြစ်မှာပေါ့”

အာကီအိုသည် ဓာတ်ပုံကိုကိုင်၍ ခြံတံခါးဝသို့ ပြန်ထွက်လာသည်။ ရဲအရာရှိ နှစ်ဦးက နဂိုအတိုင်း ရပ်မြဲရပ်လျက် စောင့်နေကြသည်။

“ဘယ်လိုလဲ” ကာဂါက မေးလိုက်သည်။

“ကျွန်တော့်သားကလည်း ဒီကလေးမလေးကို မမြင်ဖူးဘူးလို့ ပြောနေတာပဲ”

“ဟုတ်လား။ ဒါဆို မနေ့က ခင်ဗျားတို့ အိမ်ကလူတွေ ဘယ်သူ ဘယ်အချိန် အိမ်ပြန်ရောက်ကြသလဲ ဆိုတာ ကျွန်တော်တို့ကို ပြောပြနိုင်မလား”

“ကျွန်တော်ကတော့ ၇ နာရီခွဲ ပတ်ဝန်းကျင်လောက် ပြန်ရောက်တာပဲ”

“တစ်ခုလောက် မေးပါရစေလား။ ခင်ဗျားရဲ့ ကုမ္ပဏီက ဘယ်နားမှာလဲ”

အာကီအိုသည် သူ၏ စက်ရုံလိပ်စာကို ပြောပြလိုက်သည်။ ရုံးဆင်းချိန်မှာ ၅ နာရီခွဲ ဖြစ်သော်လည်း မနေ့က ည ၆ နာရီခွဲအထိ ရုံးမှာ ရှိနေခဲ့သည်။

“အဲဒီအချိန်တုန်းက ရုံးမှာ ခင်ဗျားတစ်ယောက်တည်းလား”

“အလုပ်ကတော့ ကျွန်တော်တစ်ယောက်တည်း လုပ်ရတာပဲ။ ဒါပေမယ့် တခြား ဝန်ထမ်းတချို့လည်း အဲဒီအချိန်ထိ ရှိနေကြသေးတယ်”

“သူတို့နဲ့ခင်ဗျားက ဌာနတစ်ခုတည်းပဲလား”

“ကျွန်တော့်ဌာနက လုပ်ဖော်ကိုင်ဖက်တွေလည်း ရှိတယ်။ တခြားဌာနက လူတချို့လည်း ရှိတာပဲ။ ကျွန်တော်တို့က တစ်ထပ်တည်းမှာ အတူတူ အလုပ်လုပ်ကြရတာ”

“အဲဒီလိုလား။ သူတို့ရဲ့ နာမည်နဲ့ ဌာနကို ပြောပြပေးလို့ ရမလား” ကာဂါက တောင်းပန်နေသကဲ့သို့သော ဟန်ပန်ဖြင့် ပြောနေလေသည်။

“ကျွန်တော် လိမ်မပြောပါဘူး”

“ဟင့်အင်း၊ မဟုတ်ပါဘူး” ကာဂါက ခပ်သွက်သွက်ကလေး လက်ခါပြလိုက်ရင်း “ကျွန်တော်က အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က အလုပ်သဘောအရပါ။ ကျွန်တော်တို့အနေနဲ့ ပထမဆုံး ကာယကံရှင်ဆီက အကြောင်းစုံ သိရအောင် စုံစမ်းတယ်။ ပြီးတော့ သူပြောတဲ့စကားတွေကို မြဲရာသံပတ် ဖြစ်အောင် တခြားသူတွေဆီကနေ အတည်ပြုချက် ပြန်ယူရပါတယ်။ ကျွန်တော်တို့ကို စာအုပ်ကြီးသမားတွေလို့ မြင်ချင်လည်း မြင်ပါတော့ဗျာ”

အာကီအိုက သက်ပြင်းချလိုက်၏။

“ဆရာတို့ သွားမေးချင်လည်း မေးပေါ့။ အဲဒီတုန်းက ကျွန်တော့်ဘေးမှာ မစ္စတာယာမာမိုတို ဆိုတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ရှိတယ်။ ပြီးတော့ ကျွန်တော်တို့ဌာနက နောက်ထပ် ၂ ယောက် ၃ ယောက်လည်း ရှိသေးတယ်” အာကီအိုသည် သူတို့၏ လူနာမည်များနှင့် ဌာနနာမည်များကို ရဲသားများအား ပြောပြခဲ့သည်။

မိသားစုဝင် လူအားလုံး၏ အလီဘိုင်သက်သေရရန် ရဲများက စုံစမ်းနေကြောင်း ထိုအချိန်ရောက်မှ အာကီအို အပြည့်အဝ ယုံကြည်နိုင်တော့သည်။ မြက်ခင်းပြင်သည် အဓိကကျသော သဲလွန်စတစ်ခု ဖြစ်နေနိုင်သည်။

အလီဘိုင် သက်သေရရန် အာကီအိုအတွက် အတည်ပြုပေးနိုင်မည့်သူများ ရှိနေကြသည်။ သို့သော် ထိုသက်သေမှာ သူတို့အတွက် အကျိုးမများလှ။ သံသယဖြစ်စရာ လူအရေအတွက် နည်းသွားရုံသာ စွမ်းနိုင်ပေလိမ့်မည်။ သူတို့၏ ထောက်လှမ်းမှုများမှာ ရှေ့လျှောက်တွင် ပို၍ အသေးစိတ်လာဖို့သာ ရှိသည်။ သူတို့ ဖန်တီးထားသော မုသားများသည် မိုးကြိုးကို ကာမည့် ထန်းလက်နှင့်သာ တူနေပေတော့မည်။ အကယ်၍ သူတို့သည် ကြပ်ကြပ်မတ်မတ် စစ်ကြောလာပြီဆိုလျှင် နာအိုမီသည် သူ၏ အပြစ်များကို လွယ်လွယ်နှင့် ဝန်ခံသွားပေလိမ့်မည်။

“ဒါဆို ခင်ဗျား ဇနီးကရော” ကာဂါက ဆက်မေးနေသည်။

“သူလည်း ဆိုင်တစ်ဆိုင်မှာ အလုပ်သွားလုပ်တယ်။ ညနေ ၆ နာရီလောက် ပြန်ရောက်တယ် ပြောတာပဲ။ သူ အလုပ်လုပ်တဲ့ နေရာက —-”

ကာဂါသည် အာကီအို ပြောသမျှကို လိုက်မှတ်နေသည်။ ထို့နောက် ချက်ချင်း ခေါင်းထောင်လာကာ မဆိုင်းမတွ “ခင်ဗျား သားရော”

ချက်ကောင်းသို့ ရောက်လာလေပြီ။ အာကီအိုသည် လေကို မသိမသာ တစ်ဝကြီး ရှူသွင်းလိုက်ပြီး

“သူက ကျောင်းဆင်းတော့ အိမ်ပြန်မလာဘဲ လျှောက်လှိမ့်နေတာ။ အပြင်မှာ လျှောက်လည်လို့ ဝမှ အိမ်ပြန်လာတော့တာပဲ။ သူပြန်ရောက်တော့ ည ၈ နာရီ ကျော်နေပြီ”

“၈ နာရီကျော်? ကျောင်းသားတစ်ယောက်က အဲဒီလောက် မှောင်မှ ပြန်လာရတယ်လား”

“ဟုတ်ပါ့ဗျာ။ ဒီကောင်က တစ်ခါတစ်ခါကျ တော်တော် ဆိုးချင်တယ်။ အရင်တစ်ခေါက်ကလည်း သူ့ကို ဆူထားပြီးပြီ”

ကာဂါက သူ့မှတ်စုစာအုပ်ကို သံသယမျက်လုံးများဖြင့် ကြည့်ရင်း ပြောသမျှကို လိုက်မှတ်နေသည်။ သို့သော် ခေါင်းမော့လာသော အခါမှာတော့ ပြုံးလျက် “ဒီတော့ ခင်ဗျားတို့ရဲ့ အမေအိုကရော”

“အမေကတော့ မနေ့က ဖျားနေတယ်ဗျ။ တစ်ချိန်လုံး အိပ်နေတာပဲ။ ပြီးတော့ ဆရာတို့လည်း သူ့အခြေအနေကို သိနေတာပဲ။ တကယ်လို့ တစ်ယောက်ယောက်က ကျွန်တော်တို့ ခြံထဲ ခိုးဝင်တယ်ဆိုရင်တောင် သူလည်း ဘာမှ တတ်နိုင်မယ် မထင်ဘူး”

“ဖျားတယ်? …. ဒါပေမယ့် ဒီနေ့ သူ့ကြည့်ရတာတော့ အကောင်းကြီးပဲ”

“တမြန်မနေ့ညက ဖျားတာဖြင့် ရက်စက်တယ်ဗျာ”

“ဪ”

“တခြားရော ဘာမေးစရာ ရှိသေးလဲဗျ”

“မရှိတော့ပါဘူး။ ဒီလောက်ပါပဲ။ ညကြီးအချိန်မတော် နှောင့်ယှက်မိတာ တောင်းပန်ပါတယ်ဗျာ”

သူ့မြင်ကွင်းထဲတွင် ရဲသားနှစ်ဦး လုံးဝ ပျောက်ကွယ်သွားသောအခါမှ အာကီအိုက ခြံတံခါးကို ပိတ်လိုက်လေသည်။

ထမင်းစားခန်းသို့ ပြန်ရောက်သောအခါ ဖုန်းပြောနေသော ယာအေကိုကို တွေ့ရသည်။ သူက ဖုန်းထဲ အသံမဝင်အောင် ဖုန်းပြောခွက်ကို လက်ဖြင့် အုပ်လိုက်ပြီး အာကီအိုကို အသံတိုးတိုးဖြင့် ပြောနေသည်။ “ဟာရုမိဆီက”

“ဘာကိစ္စတဲ့လဲ”

“သူက ကျွန်မတို့ကို မေးစရာ ရှိလို့တဲ့”

အာကီအိုက စိတ်တထင့်ထင့်ဖြင့် ဖုန်းကို လှမ်းယူလိုက်ပြီး “အေး ပြော”

“ဟာရုမိပါ”

“အေး ဘာကိစ္စလဲ”

“စောစောက ကျွန်မဆီ ရဲတွေ လာသွားတယ်။ ပြီးတော့ အမေ့အကြောင်းတွေလည်း မေးသွားသေးတယ်”

ထိုစကားများကြောင့် သူပျာသွားသည်။ ရဲတွေက ဟာရုမိဆီတောင် ရောက်ခဲ့ကြပြီကော။

“အမေ့အကြောင်း?”

“အတိအကျ ပြောရရင် မနေ့ကရော ဒီနေ့ပါ အစ်ကိုတို့ဆီ မရောက်ဖြစ်တဲ့ အကြောင်းတွေပေါ့။ သူတို့က ကျွန်မကို ဘာဖြစ်လို့ မသွားတာလဲလို့ မေးတယ်။ ကျွန်မကလည်း အစ်ကို မလာခိုင်းလို့ လို့ပဲ ဖြေလိုက်တယ်။ အဲဒီလို ပြောလို့ ပြဿနာ မရှိလောက်ပါဘူးနော့”

“အင်း၊ နင် အဲဒီလိုဖြေတာ ပြဿနာ မရှိပါဘူး”

“ကားတစ်စင်း အစ်ကိုတို့ အိမ်ရှေ့မှာ မကြာမကြာ ရပ်ထားတာ တွေ့လို့ မသင်္ကာတာနဲ့ ကျွန်မဆီ လာစုံစမ်းကြတာတဲ့။ သူတို့က အဲဒီလို အကြောင်းပြတာပဲ”

“ငါ့ဆီလည်း သူတို့ လာနေတာ ခဏခဏပဲ။ ကြည့်ရတာ ဒီရပ်ကွက် တစ်ခုလုံးအနှံ့ ပတ်ပြီး စုံစမ်းနေပုံရတယ်”

“ဟုတ်လား။ အတော် ဇယားရှုပ်တာပဲ။ ဒါနဲ့ အမေရော နေကောင်းရဲ့လား။ ကျွန်မဝယ်ခဲ့တဲ့ စားစရာတွေရော သူ့ကို ပေးလိုက်ပြီလား”

“သူလား၊ ကောင်းပါတယ်။ စိတ်ချ”

“ကောင်းရင် ပြီးတာပဲလေ”

ဖုန်းပြောခွက်ကို ချလိုက်ပြီး အာကီအိုသည် ခေါင်းငိုက်စိုက်ကျကာ ထိုင်နေလေသည်။

“ကို ….” ယာအေကိုက ညင်ညင်သာသာ လှမ်းခေါ်လိုက်သည်။

“မတတ်နိုင်တော့ဘူး။ ငါတို့ အစီအစဉ်အတိုင်း လုပ်ကြစို့”

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *