ရေလှိုင်းပမာ လှုပ်ရှားနေသော နှလုံးခုန်နှုန်းသည် ၇၀ ပတ်ဝန်းကျင်တွင် ရွေ့လျားနေကြသည်။ မာကျုမီယာသည် သူ၏ အဆီပြန်နေသော မျက်နှာကို လက်ဖြင့် ပွတ်သပ်လိုက်ပြီး တာကာမာဆာကို စိုက်ကြည့်နေမိသည်။ အသက်ရှူ နှာခေါင်းစွပ်၏ အနောက်တွင် ဖုံးကွယ်နေသော သူ၏ မျက်နှာပြင်မှာ စိုးစိမျှ လှုပ်ရှားခြင်း မရှိ။
ကာကျုကိုသည် မာကျုမီယာ၏ မျက်နှာချင်းဆိုင်တွင် ညှိုးငယ်ပင်ပန်းသော အမူအရာဖြင့် ထိုင်လျက် ရှိသည်။ သူ့အစ်ကို၏ နောက်ဆုံးအချိန်တွင် အစွမ်းကုန် စောင့်ရှောက်ပေးရန် အားတင်းထားသည့်နှယ် ကာကျုကို၏ မျက်လုံးများက တည်ကြည်ပြတ်သားနေကြသည်။
သူသည် ဆေးရုံသို့ အမြဲပုံမှန် လာလေ့ရှိသဖြင့် တာကာမာဆာ၏ အခြေအနေကို အသေးစိတ် သိနေခဲ့သည်။ တာကာမာဆာသည် ယခုရက်ပိုင်းအတွင်း အလွန် ပင်ပန်းနေကြောင်း မကြာခဏ ပြောနေတတ်သည်။ ခုတင်ပေါ်တွင် အမြဲ လဲလျောင်းနေရသောကြောင့်လည်း ဖြစ်မည်ဟု သူက ထင်နေသည်။
မနေ့ညက တာကာမာဆာသည် ကာကျုကိုကို စကားတစ်ခွန်း ပြောခဲ့သည်။ “နင် ပြန်တော့လေ။ ငါတစ်ယောက်တည်းလည်း ကိစ္စ မရှိပါဘူး” ဟု ပြောပြီး မကြာခင် သူ အိပ်ပျော်သွားသည်။ ထိုစကားမှာ သူ၏ နောက်ဆုံး စကားပင် ဖြစ်သည်။ ထို့နောက်တော့ သူ လုံးဝ သတိမရတော့ပေ။ အပြေးအလွှား ရောက်လာသော မာကျုမီယာက သူ့နားနားတွင် စကားတွေ မည်မျှ ပြောနေပါစေ။ သူ ဘာမျှ မတုံ့ပြန်နိုင်တော့ချေ။
အချိန်တန်ပြီဟု ဆရာဝန်က ပြောလာသည်။ မာကျုမီယာသည် ဆေးရုံမှ တာဝန်ရှိ ဆရာဝန်ကြီးများနှင့် ကြိုတင် ဆွေးနွေးပြီး ဖြစ်သည်။ သဘာဝအလျောက်သာ သူ့ကို ထားလိုက်တော့မည်။ အသက်ကယ်ဆေးများ သုံး၍ အသက်ရှူရုံသာ ရှူနေနိုင်သော တာကာမာဆာအဖြစ် သူ့အသက်ကို ဆွဲဆန့်ထားရန် သူ အလိုမရှိပေ။ ဝေဒနာရှင်ကို ဆက်လက် ဒုက္ခ မပေးချင်တော့။
မာကျုမီယာသည် နောက်တ ရနေမိသည်။ ထိုသို့ဖြစ်မည်မှန်း ကြိုသိခဲ့လျှင် သူ့အနားသို့ စောစောစီးစီး လာခဲ့ပေမည်။ ယခု ပြန်၍ စဉ်းစားကြည့်လျှင် အိချိုပန်းခြံအမှု၏ ပထမဆုံးနေ့ နံနက်တွင် တာကာမာဆာထံ လာရောက်ပြီး သူနှင့် စကားလက်ဆုံ ကျခဲ့ခြင်းမှာ နောက်ဆုံးအကြိမ် ဖြစ်နေလေသည်။ ထိုစဉ်က သူသည် တာကာမာဆာအား သူ့သားနှင့် အလုပ်အတူတူ လုပ်နေရကြောင်းကို မပြောဖြစ်ခဲ့ပေ။ ထို့နောက် အမှုမှန်ပေါ်အောင် မည်သို့ ကြိုးစားခဲ့ကြရကြောင်းကိုလည်း သူ့အား မပြောဖြစ်ခဲ့။
မိုင်ဟာရာတို့ အိမ်တွင် ဖြစ်ပျက်ခဲ့သမျှကို တာကာမာဆာအား ပြောပြဖြစ်ခဲ့လျှင် သူ အတော်ပင် စိတ်ဝင်တစား ရှိနေပေလိမ့်မည်။ အကယ်၍ သူသည် ကာဂါ၏ အမြင်စူးရှပုံကို ကြားသိရလျှင်၊ ထို့ပြင် မာကျုမီယာသည် ထိုကဲ့သို့သော အရည်အချင်း ပြည့်ဝသည့် အစ်ကိုတစ်ယောက်နှင့် အတူတူ အလုပ်လုပ်ခဲ့ရ၍ ကျေနပ်အားရပုံကို ကြားသိရလျှင် သူ အင်မတန် ဝမ်းမြောက်နေမည်မှာ ဆိုဖွယ်ရာ မရှိချေ။
“အဲ” နှလုံးခုန်နှုန်းတိုင်း ကိရိယာကို စိုက်ကြည့်နေသော ကာကျုကိုထံမှ ရုတ်တရက် အသံထွက်ပေါ်လာသည်။ နှလုံးခုန်နှုန်းသည် တဖြည်းဖြည်း ကျဆင်းလာသည်။ ဆရာဝန်၏ ပြောကြားချက်အရ ၆၀ အောက် ကျသွားလျှင် တာကာမာဆာအတွက် အချိန် များများစားစား မကျန်နိုင်တော့။
မာကျုမီယာသည် သက်ပြင်းကို ချရင်း ခုတင်ဘေးရှိ စားပွဲကို လှမ်းကြည့်လိုက်သည်။ ၎င်းအပေါ်မှ စစ်တုရင်ဗန်းမှာ နဂိုအတိုင်း ရှိနေဆဲ။ ဗန်းပေါ်တွင် တွေ့ရသော နယ်ရုပ်များ၏ နေရာသည် ယခင်ကကဲ့သို့ မဟုတ်ဘဲ အနည်းငယ် ပြောင်းလဲနေသည်ကို သတိထားမိသည်။ သို့သော် တာကာမာဆာ မည်သို့မည်ပုံ ရွှေ့ထားသည်ကိုမူကား သူ မသိ။ အနိုင်အရှုံးကို သိနိုင်ရန် အကြောင်းမှာ ပို၍ပင် ဝေးပေသေးသည်။
သူသည် ထိုင်ရာမှ ထရပ်လိုက်ပြီး ပြတင်းပေါက်အနားသို့ လျှောက်သွားခဲ့သည်။ နောက်ဆုံး ထွက်သက်အထိ တာကာမာဆာကို စောင့်ရှောက်ချင်ပါသော်လည်း ယခုကဲ့သို့ ဘာမျှ မလုပ်ရဘဲ ငုတ်တုတ်ထိုင်ကာ စောင့်နေရမည်မှာ ထင်သည်ထက် ခက်ခဲလွန်းနေသည်။
အပြင်ဘက်ရှိ ကောင်းကင်ပြင်တွင် လင်းရောင်ခြည်များ ထိုးထွက်စ ပြုနေလေပြီ။ မာကျုမီယာသည် ဆေးရုံသို့ ည ၁၂ နာရီလောက်က ရောက်ခဲ့ပြီး ယခု ဖင်လှည့်ခေါင်းလှည့်နှင့် နံနက် ၅ နာရီ ထိုးခဲ့ပြီ။
တစ်ညတာတော့ ဖြတ်သန်းနိုင်ခဲ့လေပြီ။ သို့သော် တာကာမာဆာအတွက် နောက်တစ်ည ရှိနိုင်ဦးမည်လော။ ထိုသို့ တွေးနေရင်း အပြင်ဘက် ရှုခင်းများကို အမှတ်မဲ့ ကြည့်နေမိသည်။ ထိုစဉ် ဆေးရုံအဝင်ဝရှိ တံခါးမကြီးအနီးတွင် ရပ်နေသော လူတစ်ဦးက သူ၏ အကြည့်များကို ဆွဲငင်ထားလေသည်။
သူ လူမှားနေခြင်းသာ ဖြစ်မည်ဟု တွေးနေမိသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူနှင့် ဤဆေးရုံကို သူ့အနေဖြင့် စပ်ဟပ်ကြည့်၍ မရနိုင်သောကြောင့် ဖြစ်သည်။
“အစ်ကို အပြင်မှာ ရောက်နေတယ်” သူ ရေရွတ်နေမိသည်။
“အန်?” ကာကျုကိုကလည်း သူကြားလိုက်သည်ကိုပင် ယုံပုံ မရ။
“ဟိုမှာ”
မာကျုမီယာက ထိုသူ့ထံသို့ လက်ညှိုးညွှန်ပြသည်။ အနက်ရောင် ကုတ်အင်္ကျီနှင့် ခါးမတ်မတ်ဆန့်ကာ ရပ်နေသော ထိုသူမှာ အမှန်ပင် ကာဂါ ဖြစ်သည်။
“ဒါဆို သူက ဆေးရုံရောက်နေတာကိုပဲ ဘာဖြစ်လို့ အထဲ ဝင်မလာရတာလဲ”
“မသိဘူး။ ကျွန်တော် သွားခေါ်လိုက်မယ်”
မာကျုမီယာသည် တံခါးဆီသို့ လျှောက်သွားနေစဉ်မှာပင် အခန်းတံခါး ပွင့်သွားပြီး အဖြူရောင်
ကုတ်အင်္ကျီ
ကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော ဆရာဝန် တစ်ဦးနှင့် သူနာပြု ဆရာမလေး ကာနာမိုရီ တိုကီကိုတို့ အခန်းထဲ ဝင်လာကြသည်။ သူတို့နှစ်ဦးသည် မာကျုမီယာတို့ကို ဦးညွတ်နှုတ်ဆက်လိုက်ပြီး တာကာမာဆာရှိရာ ခုတင်အနီးသို့ လျှောက်သွားလေသည်။
လူနာ၏ နှလုံးခုန်နှုန်းကို အခန်းတွင်းရှိ စက်တွင်သာမက ကြီးကြပ်ဆောင်မှလည်း ကြည့်နေနိုင်သည်။ သူတို့သည် ဆိုးရွားလာသော လူနာ၏ အခြေအနေကို သတိထားမိ၍သာ အခန်းထဲသို့ ရောက်လာခဲ့ခြင်း ဖြစ်မည်။ ထိုသို့ဆိုလျှင် တာကာမာဆာ၏ ခရီးလမ်းမှာ မကြာခင် အဆုံးသတ်ရပေတော့မည်။
“အစ်ကိုကြီး၊ အစ်ကိုကြီး” ကာကျုကို၏ ဟစ်အော်သံများ ထွက်ပေါ်လာသည်။ ဆရာဝန်သည် ခုတင်ဘေးတွင် ရပ်လျက် လူနာ၏ သွေးကြောကို စမ်းသပ်ကြည့်နေသည်။
နှလုံးခုန်နှုန်းမှာ ပို၍ နှေးကွေးလာကြသည်။ အချိန်နောက်ပြန်ရေစက်ပေါ်မှ ဂဏန်းတန်ဖိုးများသည် အချိန်နှင့်အမျှ တတိတိ
လျ
ော့
နည်းလာကြသကဲ့သို့
နှလုံးခုန်နှုန်း တိုင်းစက်ပေါ်မှ ဂဏန်းများသည်လည်း တဖြည်းဖြည်း ထိုးကျနေသည်။
အဘယ်ကြောင့်နည်း။ မာကျုမီယာက စဉ်းစားကြည့်နေမိသည်။ အဘယ်ကြောင့် ကာဂါသည် ထိုနေရာ၌ ရပ်နေရသနည်း။ အဘယ်ကြောင့် ဝင်မလာရသနည်း။ သူ သွားခေါ်လိုက်ချင်သည်။ သို့သော် တာကာမာဆာ၏ နောက်ဆုံး ထွက်သက်ကို မမီလိုက်မှာကိုလည်း စိုးရိမ်နေမိသည်။
နှလုံးခုန်နှုန်းသည် ယခုအခါ ၄၀ အောက်သို့ ရောက်နေလေပြီ။ ထို့နောက် အလွန် လျင်မြန်သော နှုန်းထားဖြင့် ထိုးကျနေတော့သည်။ အဆက်မပြတ် လျော့နည်းလာသော ဂဏန်းသည် နောက်ဆုံး သုညသို့ ဆိုက်ရောက်ကာ ‘တီ’ ဟူသော သံရှည်ကို ဆွဲ၍ အချက်ပေးနေလေတော့သည်။
“အင်း” ဆရာဝန်က အသံတိုးတိုးဖြင့် “သူ သွားရှာပြီ” သူ၏ လေသံမှာ အလုပ်သဘော သက်သက်မျှသာ။
ကာနာမိုရီ တိုကီကိုသည် တာကာမာဆာ၏ မျက်နှာမှ နှာခေါင်းစွပ်ကို ဖယ်ရှားပေးနေသည်။ ကာကျုကိုသည် အသက်မရှိတော့သော သူ၏ အစ်ကိုကို စိုက်ကြည့်နေသည်။
မာကျုမီယာသည် အခန်းတွင်းမှ ထွက်လာခဲ့သည်။ ဤလောကတွင် တာကာမာဆာ မရှိတော့ပြီ ဟူသော အမှန်တရားသည် သူ့အား ပူဆွေးခြင်းကို မဖြစ်ပေါ်စေခဲ့။ သူသည် ထိုအမှန်တရားကို လက်မခံနိုင်သေးသောကြောင့်လည်း ဖြစ်နိုင်သည်။ သို့သော် သူ့ဘဝ၏ အရေးပါသော မိုင်တိုင်တစ်ခုကို ဖြတ်သန်းနေရခြင်း ဖြစ်သည် ဟူ၍သာ သူ ခံစားနေရသည်။
သူ မြေညီထပ်သို့ ရောက်လာပြီး တံခါးမကြီး ရှိရာသို့ လှမ်းလာခဲ့သည်။ ထို့နောက် မှန်တံခါးမှ ကာဂါ၏ အရိပ်အယောင်ကို လှမ်းကြည့်သည်။
မာကျုမီယာသည် တံခါးပေါက်မှ ထွက်ပြီး သူ့ကို လှမ်းခေါ်လိုက်သည်။ “အစ်ကို”
ကာဂါ၏ ကိုယ်မှာ ဖြည်းဖြည်းချင်း လှည့်လာသည်။ ကာဂါသည် သူ့ကို မြင်ရ၍ အံ့အားသင့်ခြင်း အလျင်းမရှိဘဲ သူ့ကို အနည်းငယ် ပြုံးပြ၍ နှုတ်ဆက်နေသေးသည်။
“
ရှုဟေး
၊ မင်း အခု ဆေးရုံထဲက ထွက်လာပြီဆိုတော့ ……. နိဂုံးချုပ်သွားပြီ ထင်တယ်”
“အင်း” မာကျုမီယာက ခေါင်းညိတ်ပြသည်။
“ဟုတ်လား” ကာဂါသည် ပြောရင်း နာရီကို ငုံ့ကြည့်နေသည်။ “နံနက် ၅ နာရီ …….. သူ ခံစားသွားရသေးလား”
“ဟင့်အင်း၊ အိပ်နေတဲ့အတိုင်းပဲ။ တိတ်တဆိတ် ထွက်သွားတာ”
“ဒါဆို ကောင်းပါတယ်။ ငါ ဌာနကို ခွင့်တိုင်ရဦးမယ်”
“ဒါနဲ့ အစ်ကိုက ဒီမှာ ရပ်ပြီး ဘာလုပ်နေတာလဲ။ ဘာဖြစ်လို့ အခန်းထဲ ဝင်မလာရတာလဲ”
“ဒီမှာ နေနေရတာ အကြောင်းရှိလို့ပေါ့ကွာ။ ကဲ … လာ၊ ငါတို့ သွားရအောင်” ကာဂါသည် ထိုသို့ပြောပြီး ဆေးရုံထဲသို့ ဝင်သွားသည်။
သူတို့ လူနာအခန်းသို့ ရောက်သောအခါ အပြင်ဘက်တွင် ကာကျုကို တစ်ယောက်တည်း ငူငူကြီး ထိုင်နေသည်ကို တွေ့ကြရသည်။ သူသည် ကာဂါကို မြင်သောအခါ မျက်လုံးများ ပြူးကျယ်လာသည်။
“ကျိုစံ …… သား စောစောက အပြင်မှာဆို”
“လူနာကို စောင့်ရှောက်နေရတာ အဒေါ်လည်း ပင်ပန်းနေလောက်ပြီ” သူက ဦးညွတ်ကာ ကျေးဇူးတင်ကြောင်း ဆိုနေသည်။
“ဦးလေးရော”
“သူနာပြုတွေ အခန်းထဲမှာ သန့်ရှင်းရေး လုပ်နေကြတယ်။ ပြီးတော့ စက်ကိရိယာတွေကိုလည်း ကိုယ်ပေါ်ကနေ ဖြုတ်တန်ရာ ဖြုတ်ပြီး သိမ်းဆည်းနေတယ်” ကာကျုကိုသည် သားနှင့် တူကို တစ်လှည့်စီကြည့်၍ ရှင်းပြနေသည်။
ကာဂါသည် ခေါင်းညိတ်ပြပြီး ခပ်လှမ်းလှမ်းမှ ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်သည်။ မာကျုမီယာကလည်း သူ့အနား သွားထိုင်သည်။
“အိချိုပန်းခြံအမှုမှာ မိုင်ဟာရာရဲ့ အမေအိုကြီးက ဘာဖြစ်လို့ သူငယ်ပြန်ချင်ယောင် ဆောင်ခဲ့တယ်လို့ မင်းထင်သလဲ” ကာဂါက မေးလိုက်သည်။
“ဒါလား …… အကြောင်းအရင်း အများကြီးတော့ ရှိနေမှာပဲ” မာကျုမီယာက ပြန်ဖြေသည်။ ကာဂါသည် ယခုလိုအချိန်မျိုးတွင် သူ့အား ထိုကဲ့သို့သော မေးခွန်းမျိုး အဘယ်ကြောင့် မေးနေရခြင်းကိုမူ သူ မသိချေ။
“အကြောင်းအရင်းက?”
“စဉ်းစားကြည့်ရင်ကို သိနိုင်ပါတယ်။ သူ့အိမ်သားတွေနဲ့ တတ်နိုင်သလောက် မဆက်ဆံချင်လို့ နေမှာပေါ့။ အဲဒီလို မဟုတ်ဘူးလား”
“အဲဒါက အဓိက အကြောင်းအရင်း တစ်ခုပဲ။ ဒါပေမယ့် ဒီလောက်ပဲလို့ ငါကတော့ မထင်ဘူး”
“ဘာဖြစ်လို့လဲ”
“ငါ ဟိုးအရင်တုန်းက အဘိုးကြီးတစ်ယောက်နဲ့ ဆုံခဲ့ဖူးတယ်။ သူနဲ့ နှစ်ပေါင်းများစွာ အတူ လက်တွဲလာခဲ့တဲ့ သူ့မိန်းမ ဆုံးသွားပြီးတဲ့နောက် တစ်နေ့တော့ သူ့မိန်းမရဲ့ ပစ္စည်းတွေကို ရှင်းလင်းရေး လုပ်ခဲ့တယ်။ ဘာကြောင့်မှန်း မသိဘူး။ အဲဒီ ပစ္စည်းတွေကို သုံးကြည့်ချင်စိတ် ပေါက်သွားပါရော။ တစ်နေ့တော့ အဲဒီ အဘိုးကြီးက သေသွားတဲ့ သူ့မိန်းမရဲ့ အင်္ကျီကို ယူဝတ်တယ်။ ဒီလောက်နဲ့ စိတ်မကျေနပ်နိုင်ပြန်ဘူး။ နောက်တော့ သူ့မိန်းမရဲ့ အတွင်းခံတွေကို ဝတ်ပြီး အလှတောင် ပြင်လိုက်သေးတယ်။ သူ ဟိုးအရင်က အဲဒီလို ကကျိုးကကြောင်တွေ လုပ်တတ်တာ မဟုတ်ဘူး။ ပြီးတော့ လိင်စိတ် ဖောက်ပြန် သွားတာမျိုးလည်း မဟုတ်ဘူး။ အသေအချာ အာမခံလို့ ရတဲ့ အချက်ကတော့ သူဟာ သူ့မိန်းမ ပစ္စည်းတွေက လွဲလို့ တခြား မိန်းမတွေရဲ့
ပစ္စည်းတွေကို
စိတ်မဝင်စားခဲ့ဘူး။ ဒီတော့ ငါ သူ့ကို မေးကြည့်တယ်။ သူ့မိန်းမရဲ့ ပစ္စည်းတွေကို ကိုယ်နဲ့ မကွာ ဆောင်ထားရတော့ သူ့အပေါ် လွမ်းဆွတ်တဲ့ စိတ်ခံစားမှုတွေ ဖြစ်ပေါ်လာလို့လားပေါ့။ အဲဒီ အဘိုးကြီးက ငါပြောတဲ့အတိုင်း မဟုတ်ကြောင်း ပြန်ဖြေတယ်။ သူ ကိုယ်တိုင်တောင် ကောင်းကောင်း နားလည်နိုင်တာ မဟုတ်ပေမယ့် သူ အဲဒီလို လုပ်ခြင်းအားဖြင့် သေခါနီးအချိန်က သူ့မိန်းမရဲ့ ခံစားချက်တွေကို ကိုယ်ချင်းစာနိုင်သွားတယ်တဲ့”
ကာဂါ၏ စကားများကို ကြားလိုက်ရသောအခါ မာကျုမီယာသည် အံ့အားသင့်ပြီး မျက်ခုံးများ ပင့်တက်သွားသည်။
“အစ်ကို ပြောချင်တဲ့ သဘောက မစ္စတာမိုင်ဟာရာရဲ့ အမေဟာ သေသွားတဲ့ သူ့ယောက်ျားရဲ့ ခံစားချက်ကို ကိုယ်ချင်းစာ ကြည့်ချင်လို့ သူငယ်ပြန်ချင်ယောင် ဆောင်ခဲ့တယ်။ အဲဒီလိုလား”
ကာဂါက ခေါင်းကို ဆတ်ပြပြီး “သူက အဲဒီလောက်အထိ ရည်ရွယ်ချက် ထားခဲ့သလား ဆိုတာတော့ ငါလည်း အတိအကျ မပြောနိုင်ဘူးလေ။ သူကိုယ်တိုင်တောင် ရှင်းပြနိုင်မယ် မထင်ဘူး။ စောစောက မိန်းမအင်္ကျီ ဝတ်တဲ့ အဘိုးအိုလိုပေါ့။ တကယ်တော့ သူငယ်ပြန်ချင်ယောင် ဆောင်လိုက်ရုံနဲ့ သူငယ်ပြန်နေတဲ့ လူတစ်ယောက်ရဲ့ ခံစားချက်ကို မှန်မှန်ကန်ကန် သိနိုင်တာမှ မဟုတ်ဘဲ။ ဒါပေမယ့် သူငယ်ပြန်နေတဲ့ သူ့ယောက်ျားကို သူ အရင်က ဘယ်လို ပြုမူ ဆက်ဆံခဲ့သလဲ ဆိုတာကိုတော့ ဓမ္မဓိဋ္ဌာန်ကျကျ ပြန်ပြီး ဆင်ခြင်ကြည့်လို့ ရသွားတာပေါ့။ အိုမင်းတွင်းဆုံး ကျနေတဲ့ လူတစ်ယောက် ဖြစ်နေပါစေ၊ မဟုတ်သေးဘူး။ အိုမင်းတွင်းဆုံး ကျနေတဲ့ လူတစ်ယောက် ဖြစ်နေလို့ပဲ သူတို့ ရင်တွင်းက နာကျင်မှုတွေကို ဘယ်လို နည်းနဲ့မှ ဖယ်ရှားပစ်လို့ မရတော့ဘူးဆိုတာ ငါတို့ မမေ့သင့်ဘူး။ သူ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူတွေအနေနဲ့ အဲဒီ အခြေအနေကို နားလည်နိုင်ဖို့ ခက်တယ် ဆိုပေမယ့် အဓိက အရေးကြီးတဲ့ အချက်က အဲဒါကို နားမလည်နိုင်ဘူး ဆိုရင်တောင် ငါတို့က သူတို့တွေကို လေးစားသမှု ပြုနိုင်ရမယ်”
ကာဂါသည် အိတ်ကပ်အတွင်းသို့ လက်ထည့်ပြီး အထဲမှ ဓာတ်ပုံတစ်ပုံ ဆွဲထုတ်လိုက်သည်။ ၎င်းမှာ ဓာတ်ပုံဟောင်းတစ်ပုံ ဖြစ်သည်။ မိသားစု သုံးယောက် ဓာတ်ပုံ။
မာကျုမီယာသည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး “ဒီဟာ အစ်ကို မဟုတ်လား။ ပြီးတော့ ဦးလေးနဲ့ ……..”
“ဘေးနားက ငါ့အမေပဲ။ အဲဒီတုန်းက ငါက ၂ တန်းပဲ ရှိဦးမယ် ထင်တယ်။ ငါတို့ အိမ်နားက ပန်းခြံထဲမှာ ရိုက်ထားတယ်လို့ ထင်တာပဲ။ ငါတို့ သုံးယောက်စလုံး ပါတဲ့ မိသားစုဓာတ်ပုံက ဒီတစ်ပုံတည်း ရှိတာ။ အဖေနဲ့အတူ အခေါင်းထဲ ထည့်ပေးလိုက်ချင်လို့ ငါ ယူလာခဲ့တာ”
“အစ်ကို့အမေလား။ ကျွန်တော် သူ့ကို အခုမှ မြင်ဖူးတာပဲ”
အသက် ၃၅၊ ၃၆ နှစ်ခန့် ရှိပြီး မျက်နှာဝိုင်းဝိုင်းနှင့် ကြည့်ရသည်မှာ တည်ငြိမ်အေးချမ်းသော အမျိုးသမီးတစ်ဦး။
“ငါ့အမေ ဆုံးသွားတဲ့ အချိန်တုန်းက အကြောင်းတွေကို မင်း ကြားဖူးလား”
“ဆန်ဒိုင်းက အိမ်တစ်အိမ်မှာ သူ့ကို တွေ့ခဲ့တယ်လို့ ကျွန်တော် ကြားဖူးတာပဲ”
ကာဂါက ခေါင်းညိတ်နေသည်။ “သူက တစ်ယောက်တည်း အဲဒီမှာ နေသွားတာပဲ။ ပြုစုပေးမယ့်သူ ဘယ်သူမှ မရှိခဲ့ဘူး။ အထီးကျန်စွာပဲ သေသွားခဲ့ရတာ။ ငါ့အဖေက အဲဒီ ကိစ္စကို အတော်လေး စိတ်မကောင်းဖြစ်ခဲ့တယ်။ တသသလည်း ဖြစ်နေခဲ့တယ်။ အမေဟာ သေခါနီးအချိန်မှာ သူရဲ့ တစ်ဦးတည်းသောသားကို မြင်ချင်စိတ်နဲ့ ဘယ်လောက်များ ကြေကွဲနေလိမ့်မလဲလို့ အဖေက မကြာခဏ တွေးကြည့်နေမိတယ်တဲ့။ ဒါကြောင့် သူက ဆုံးဖြတ်ချက်တစ်ခု ချခဲ့တယ်။ သူလည်း အဲဒီလို အထီးကျန်စွာ သေသွားချင်တယ်တဲ့။ ဒါကြောင့် သူက ငါ့ကို ကတိတစ်ခု တောင်းခဲ့တယ်။ သူ အသက်ထွက်ခါနီး အချိန်မှာ သူ့အနားကို လုံးဝ မလာရဘူးတဲ့လေ”
“ဒါကြောင့် အစ်ကိုက ……” မာကျုမီယာသည် ကာဂါ၏ မျက်နှာကို စိုက်ကြည့်နေမိသည်။
ထိုစဉ် အခန်းတံခါး ပွင့်လာပြီး ကာနာမိုရီ တိုကီကို၏ မျက်နှာ ထွက်ပေါ်လာသည်။ “အထဲဝင်လို့ ရပါပြီရှင့်”
“သူ့ကို သွားကြည့်ကြတာပေါ့” ကာဂါသည် မတ်တပ်ထရပ်လိုက်သည်။
တာကာမာဆာသည် မျက်လုံးနှစ်ဘက် စုံမှိတ်ကာ ခုတင်ပေါ်တွင် လဲလျောင်းနေသည်။ သူ၏ မျက်နှာအမူအရာက ငြိမ်းချမ်းနေသည်။ ဒုက္ခပင်လယ်အတွင်းမှ လွတ်မြောက်ပြီး ချမ်းသာခွင့် ရသွားသည့်နှယ်။ ကာဂါသည် ခုတင်ဘေးတွင် ရပ်လျက် သူ့ဖခင်၏ မျက်နှာကို စိုက်ကြည့်နေသည်။
“သူ အရမ်း ကျေနပ်နေပုံပဲ” သူက ရေရွတ်နေသည်။
ထို့နောက် သူသည် သူ၏ အကြည့်ကို ဘေးစားပွဲပေါ်ရှိ စစ်တုရင်ဗန်းပေါ်သို့ ရွှေ့လိုက်သည်။
“အဲဒါ ဦးလေး မဆုံးခင် နောက်ဆုံး ကစားခဲ့တဲ့ စစ်တုရင်ပွဲပေါ့” မာကျုမီယာက ပြောသည်။ သူသည် ကာနာမိုရီ တိုကီကိုကို ကြည့်ရင်း “ဒီဆရာမလေးက သူရဲ့ ကစားဖော်ပဲပေါ့”
သို့သော် ဆရာမလေေးသည် ရှက်ကိုးရှက်ကန်း အမူအရာမျိုးဖြင့် ကာဂါကို စိုက်ကြည့်နေသည်။
“ကျွန်မ အခု အမှန်အတိုင်း ပြောပြလို့ ရပြီလား”
ကာဂါက မေးစေ့ကို ပွတ်လျက် “ဪ၊ ဟုတ်တာပေါ့”
“ဘာဖြစ်လို့လဲ” မာကျုမီယာက ကာနာမိုရီ တိုကီကိုကို မေးလိုက်သည်။
“သူနဲ့ စစ်တုရင် ကစားတဲ့သူက ကျွန်မ မဟုတ်ပါဘူး။ ကျွန်မက ကျွန်မဆီ ရောက်လာတဲ့ စာတိုထဲကအတိုင်း အရုပ်တွေကို ရွှေ့ပေးရုံ သက်သက်ပါ”
“စာတို?”
“ဟို …. တာကာမာဆာက တစ်ကွက်ရွှေ့ပြီးတိုင်း ကျွန်မက အဲဒီအကြောင်းကို စာတို ပို့ပေးလိုက်ရုံပါပဲ”
တာကာမာဆာ၏ ကစားဖော်မှာ မည်သူဖြစ်ကြောင်းကို မေးရန် မာကျုမီယာက
စဉ်းစားနေခဲ့သေး
သည်
။
ယခုတော့ သူ သဘောပေါက်သွားလေပြီ။
“ဪ … လက်စသတ်တော့ အစ်ကိုကိုး”
ကာဂါက မချိပြုံး ပြုံးပြနေသည်။ “စစ်တုရင်တစ်ပွဲကို ထိုးနေတာ နှစ်လကြာပြီ … မဟုတ်သေးဘူး။ အဲဒီထက် ပိုကြာလိမ့်မယ် ထင်တယ်။ အနိုင်အရှုံးက ပေါ်တော့မယ် ဆိုမှ …………”
မာကျုမီယာသည် ဘာပြောရမှန်း မသိအောင် ဖြစ်သွားလေသည်။ တစ်ချိန်က ကာဂါကို မေတ္တာတရား ခေါင်းပါးသူဟု သူ စွပ်စွဲခဲ့မိသည့်အတွက် သူ ရှက်စိတ် ဝင်နေမိသည်။ တကယ်တော့ သူသည် သူ့နည်းသူ့ဟန်ဖြင့် ဖခင်နှင့် ဆက်သွယ်ရန် ကြိုးစားနေခဲ့သည်။
“ဒီဟာကို တစ်ချက် ကြည့်ကြည့်ပါလား” ကာနာမိုရီ တိုကီကိုသည် သူ၏ ညာဘက်လက်ကို ကာဂါထံသို့ ဆန့်တန်းလိုက်သည်။ သူ၏ လက်ထဲတွင် စစ်တုရင် အရုပ်တစ်ရုပ်။ “ဒါကို သူကွယ်လွန်သွားတဲ့ အချိန်အထိ သူ့လက်ထဲမှာ ဆုပ်ကိုင်ထားခဲ့တာ”
ကာဂါသည် ထိုအရုပ်ကို လှမ်းယူလိုက်သည်။ “မြင်းရုပ်ပဲ”
“ကျွန်မအထင်တော့ ရှင့်အဖေဟာ ဘယ်သူနဲ့ စစ်တုရင် ထိုးနေရသလဲဆိုတာကို ကောင်းကောင်း သိနေပုံ ရတယ်”
ကာဂါသည် ကာနာမိုရီ တိုကီကို၏ စကားကို ငြိမ်သက်စွာ နားထောင်နေသည်။
“နောက်တစ်လှည့်က ဦးလေးရဲ့ အလှည့်လား” မာကျုမီယာက မေးလိုက်သည်။
“အင်း၊ သူ ဒီနေရာကို ရွှေ့ဖို့ စိတ်ကူးထားတာ ဖြစ်မယ်” ကာဂါသည် ပြောရင်း လက်ထဲမှ မြင်းရုပ်ကို စစ်တုရင်ဗန်းပေါ်သို့ နေရာချလိုက်သည်။ ထို့နောက် သူ့ဖခင်ဘက်သို့ လှည့်ကြည့်ကာ
“သိပ်လှတဲ့ အကွက်ပဲ အဖေ။ အဖေ နိုင်သွားပြီ” သူ ပြောပြီး ကြည်နူးစွာ ပြုံးလျက်။
ဘာသာပြန်သူ – ဖြိုးကျော်
၂၀၂၂ ခု၊ ဧပြီလ ၁၃ ရက်။ ဗုဒ္ဓဟူးနေ့။ ၁၅ နာရီ ၁၀ မိနစ်။
(သင်္ကြန် အကြိုနေ့)
မိဘမေတ္တာကို ကိုယ်တိုင်ကိုယ်ကျ နားလည်နိုင်သော မိခင်ကောင်း၊ ဖခင်ကောင်းများ ဖြစ်နိုင်ကြပါစေ။