ယာအေကိုသည် မျက်စိမျက်နှာများ ပျက်နေသည်။ သူ့လက်ထဲတွင် နဂိုက ကိုင်ထားသော ရေနွေးပန်းကန်လုံးကို စားပွဲပေါ် ပြန်ချထားပြီး သူ့လက်များကို စားပွဲပေါ်တင်ကာ
“ဒီလောက်ထိ တောင့်ခံလာပြီးမှ …….. ရှင်တကယ်ပြောနေတာလား”
“အတည်ပြောနေတာပေါ့။ ဆက်မလုပ်ပါနဲ့တော့လား။ ငါတို့ နာအိုမီကို ရဲစခန်း ခေါ်သွားကြစို့”
ယာအေကိုသည် သူ့ယောက်ျား၏ မျက်နှာကို စေ့စေ့ကြည့်ပြီး ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းနေသည်။
“မယုံနိုင်စရာပဲ”
“ဒါပေမယ့် ငါတို့ လုပ်နိုင်တာ လမ်းဆုံးနေပြီလေ။ ငါနင့်ကို စောစောက ပြောခဲ့သလိုပဲ။ မကြာခင်မှာ ရဲတွေ ငါတို့ရဲ့ မြက်ခင်းပြင်ကို လာစစ်ဆေးတော့မယ်။ တကယ်လို့ ငါတို့ စိုက်ထားတဲ့ မြက်ပါလို့ သူတို့ အတိအကျ သိသွားပြီဆိုရင် ငါတို့ ဘာမှ အတွန့်တက်လို့ မရတော့ဘူး”
“ဒါလည်း ဘာအရေးလဲ ရှင်ရယ်။ ရဲတွေက ဒီလိုမြက်မျိုးကို အလောင်းပေါ်မှာ တွေ့ထားတယ်လို့ ပြောနေတာမှ မဟုတ်ဘဲ”
“ပြောစရာ လိုသေးလို့လား။ အဲဒီလိုမှ မဟုတ်ရင် သူက စိုက်ထားတဲ့ မြက်အမျိုးအစားကို ဘာဖြစ်လို့ မေးနေဦးမှာလဲ။ ဟိုကောင်မလေး ကိုယ်ပေါ်က မြက်ဟာ အဲဒါတွေပဲ နေမှာပေါ့”
“ရှင်ပြောတော့ သူ့အင်္ကျီပေါ်က မြက်စမြက်နတွေ အကုန်လုံးကို ဖယ်ပစ်လိုက်ပြီဆို။ ပြီးတော့ အိမ်သာထဲ လောင်းချလိုက်တာပဲဟာ”
“နင့်ကို ငါ ပြောတာ ခဏခဏ ရှိနေပြီ။ ငါ့မျက်စိနဲ့ မြင်ခဲ့ရသမျှ အားလုံးကို သန့်ရှင်းရေး လုပ်ခဲ့တယ်လို့။ ဒါပေမယ့် အဲဒီလောက် မှောင်ကြီးမည်းမည်းထဲမှာ လုံးဝ အကြွင်းအကျန် မရှိအောင် ဖယ်ရှားနိုင်ဖို့အတွက်တော့ ဘယ်လိုလုပ်ပြီး အာမခံနိုင်ပါ့မလဲ။ နည်းနည်းပါးပါး ကျန်ခဲ့တာဆိုရင်လည်း အထူးအဆန်းမှ မဟုတ်တာ”
“ကျန်နေနိုင်မှန်း အစကတည်းက သိရင် ရှင်က ဘာဖြစ်လို့ အထပ်ထပ်အခါခါ ပြန်မစစ်ရတာလဲ” ယာအေကိုသည် မျက်မှောင်ကို ကြုတ်ကာ မကျေမနပ်ဖြင့် အံကြိတ်နေသည်။
“နင်က ဘာဖြစ်ချင်သေးတာလဲ။ အဲဒီလို လုပ်နေရတာ လွယ်တယ်များ မှတ်နေသလား။ သူများ မမြင်အောင်လည်း သတိထားရသေးတယ်ဟ။ ပြီးတော့ မြန်နိုင်သမျှ မြန်အောင်လည်း လုပ်ရသေးတယ်။ ရေစိုနေတဲ့ မြက်စမြက်နလေးတွေ အင်္ကျီပေါ်မှာ ကပ်နေတယ်လို့ မြင်ယောင်ကြည့်ကြည့် စမ်းပါဦး။ အမှောင်ထဲမှာ အဲဒီ အမှုန်အမွှားလေးတွေကို အကုန် ပြောင်အောင် ရှင်းကြည့်ပါလား။ ငါ့မှာ တခြား ရွေးချယ်စရာ နည်းလမ်း ရှိသေးတယ်လို့ နင်က ထင်နေတာလား။ မြက်စလေးတွေ နည်းနည်း ကျန်နေနိုင်တာနဲ့ပဲ အလောင်းကို အိမ်ပြန်သယ်လာခဲ့ရမှာလား”
ယခုအချိန်တွင် ထိုကိစ္စအတွက် ငြင်းခုန်နေကြခြင်းဖြင့် ဘာမျှ အကျိုးမရှိသည်ကို သိနေသော်လည်း အာကီအိုက သူ့ဒေါသကို မျိုသိတ်မထားနိုင်တော့ဘဲ ပြန်လှန်ပြောဆိုနေလေသည်။ ဇနီးသည်၏ စကားသည် သူ အလောင်းကို ကိုင်တွယ်စဉ်က ခံစားခဲ့ရသော စိတ်တွင်းမှ ပဋိပက္ခများကို ပြန်လည် တူးဆွလိုက်သလို ဖြစ်နေပြန်သည်။ သူ့အနေဖြင့် မြက်စမြက်နများ အားလုံးကို ဖယ်ရှားပစ်ရမည်ဟု အခိုင်အမာ နားလည်သဘောပေါက်ထားသော်လည်း အလောင်းနှင့် အနီးကပ် ထိတွေ့နေရစဉ် အခါက ဖြစ်ပေါ်လာသော စိတ်သောကများကြောင့် အလောင်းမှ ဝေးရာသို့ ခပ်မြန်မြန် ထွက်ခွာနိုင်ရန်ကိုသာ စိတ်စောနေခဲ့ပြီး မြန်မြန်ပြီးချင်ဇောဖြင့် ပေါ့ဆခဲ့သည်ဟုလည်း ဆိုနိုင်ပေသည်။ ထို့ကြောင့် သူ့ဇနီးသည်က သူ့ကို အပြစ်တင်နေသောအခါ အနာပေါ် တုတ်ကျသကဲ့သို့ သူ၏ ဒေါသမီးကို လေပင့်ပေးသလို ဖြစ်နေခဲ့တော့သည်။
ယာအေကိုသည် စားပွဲပေါ်သို့ မျက်နှာကို မှောက်ချလိုက်ပြီး “ကျွန်မတို့ ဘာဆက်လုပ်ရ ……”
“ငါ ပြောပြီးပြီပဲ။ ငါတို့မှာ လွတ်လမ်း မရှိတော့ဘူး။ နာအိုမီကို ထိုးအပ်လိုက်ရုံပဲ ရှိတယ်။ ငါတို့လည်း လူသတ်မှုရဲ့ အလိုတူ အလိုပါတွေ ဖြစ်ကြရမှာပဲ။ ဒါလည်း ဘာတတ်နိုင်မလဲ။ ကိုယ့်အပြစ်နဲ့ကိုယ်ပဲ”
“ရှင်က ဒီလောက်နဲ့ ကျေနပ်နိုင်တယ်ပေါ့”
“ဘယ်ကျေနပ်မလဲ။ ဒါပေမယ့် ဘာတတ်နိုင်သေးလို့လဲ”
“ရှင်က မတတ်နိုင်ဘူး၊ မတတ်နိုင်ဘူး ဆိုတာချည်းပဲ။ တစ်ခုခု ဖြစ်လာရင် အရှုံးပေးဖို့ပဲ စဉ်းစားနေတာ” ယာအေကိုသည် ခေါင်းမော့ကာ သူ့ယောက်ျားကို စိုက်ကြည့်ပြီး ပြောနေသည်။ “ရှင် သတိရော ထားမိရဲ့လား။ အခုဟာက နာအိုမီရဲ့ တစ်ဘဝလုံးစာနဲ့ ပတ်သက်နေတဲ့ မဟာ ပြဿနာကြီးပဲ။ အခုဟာက ခိုးမှု ဒါမှမဟုတ် ထိခိုက်နာကျင်မှု မဟုတ်ဘူး။ လူသတ်မှု ရှင့်။ ……. ပြီးတော့ အသတ်ခံရတဲ့သူက တော်တော်ကို ငယ်သေးတဲ့ ကလေးလေး။ နာအိုမီရဲ့ တစ်ဘဝလုံးကတော့ သွားပါပြီ။ ဒါကိုပဲ ရှင်က အခုထိ ဘာတတ်နိုင်မှာလဲလို့ လုပ်နေတုန်းပဲ။ ကျွန်မကတော့ အဲဒီလို မတွေးဘူး။ နောက်ဆုံးအချိန်ထိ လုံးဝ အလျှော့မပေးနိုင်ဘူး”
“ဒီတော့ နင် ဘယ်လို လုပ်မယ် စိတ်ကူးသလဲ။ နင့်မှာ ဘာအကြံကောင်း ဉာဏ်ကောင်းများ ရှိလို့လဲ။ ဆိုစမ်းပါဦး။ သူတို့က မြက်ပင်ကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းလာရင် ဘယ်လို လုပ်မလဲ”
“ဘာပဲဖြစ်ဖြစ် ….. ကျွန်မကတော့ တတ်နိုင်သလောက် ‘ဘူး’ ခံနေမှာပဲ”
အာကီအိုက သက်ပြင်းမှုတ်ထုတ်လိုက်ပြီး “အဲ့တော့ ရဲတွေက ယုံသွားရောလား”
“ဒါပေမယ့် မြက်ကို ကျွန်မတို့ အိမ်ကပါလို့ သူတို့ သက်သေပြနိုင်ရင်တောင် နာအိုမီ သတ်တာပါလို့ သက်သေပြနိုင်မှာမို့လား။ အဲဒီကလေးမလေးက ကျွန်မတို့ မရှိတုန်း ဒါမှမဟုတ် ကျွန်မတို့ မသိအောင် ခြံထဲ ခိုးဝင်ခဲ့တာရော မဖြစ်နိုင်တော့ဘူးလား”
“အိမ်မှာ ဘယ်သူတွေ ဘယ်အချိန်မှာ ရှိသလဲဆိုတာကို ရဲတွေက အစောကြီးကတည်းက မေးသွားပြီ။ ကလေးမလေးက ခြံထဲ အတင်းဝင်လာတာပါဆိုရင် ငါတို့က ဘာဖြစ်လို့ မသိရတာလဲလို့ ရဲတွေက ဆက်မေးနေဦးမှာပဲ”
“သတိမထားမိဘူး လို့ပဲ ဖြေရမှာပဲလေ။ ကျွန်မတို့က တစ်နေကုန်လုံး ပန်းခြံကို စောင့်ကြည့်နေကြတာမှ မဟုတ်တာ”
“အဲဒီလို ဆင်ခြေနဲ့ ရဲတွေကို လှိမ့်လို့ရမယ် ထင်နေတာလား”
“လှိမ့်လို့ ရမရဆိုတာ စမ်းမကြည့်ဘဲ အလကား သိမလား” ယာအေကို၏ လေသံက ခက်ထန်လာသည်။
“အဓိပ္ပာယ် မရှိတာ။ နင့်ဟာက အကျိုးမရှိတာတွေ လျှောက်လုပ်နေသလိုပဲ”
“ဘာအရေးလဲ။ ဘာပဲ လုပ်ရလုပ်ရ၊ နာအိုမီကို ရဲလက်ထဲ ထိုးမအပ်လိုက်ရရင် ပြီးတာပဲ။ ရှင်ကကျတော့ ကိုယ်နဲ့ မဆိုင်သလိုပဲ။ နည်းလမ်းတစ်ခုခု စဉ်းစားမယ် မရှိဘူး”
“ငါက အချိန်အကြာကြီး စဉ်းစားပြီး ငါတို့အတွက် ဘာအခွင့်အလမ်းမှ မရှိဘူးလို့ နားလည်နေလို့ပေါ့”
“မဟုတ်ပါဘူး။ ရှင် စဉ်းကို မစဉ်းစားတာပါ။ လက်ရှိ ရှင် ခံစားနေရတဲ့ ဒုက္ခတွေကနေ ဘယ်လို ရှောင်ပုန်းရမလဲ ဆိုတာပဲ ရှင့်ဦးနှောက်ထဲမှာ ရှိနေတာ မဟုတ်လား။ နာအိုမီကို ရဲလက်ထဲ အပ်လိုက်ရင် ရှင့်ဒုက္ခတွေ သက်သာသွားမှာပဲလို့ တွေးနေတာ မဟုတ်လား။ အနာဂတ်အတွက် ရှင်က ဘာမှ ထည့်တွက်တာမှ မဟုတ်ဘဲ”
“အဲဒီလို မဟုတ်ပါဘူးကွာ”
“ဒါဆို ရှင်က ဘာလို့ ခေါင်းရှောင်ဖို့ပဲ ကြံနေရတာလဲ။ ရှင်က အများကြီး စဉ်းစားထားတယ် ဆိုရင်လည်း ဘာဖြစ်လို့ အသုံးတည့်မယ့် နည်းလမ်းတွေ ထွက်မလာရတာလဲ။ ရှင် မကြံတတ်ဘူးဆိုလည်း ပါးစပ်သာ ပိတ်နေလိုက်တော့။ ရဲတွေကို လှိမ့်ဖို့ မလွယ်ဘူးဆိုတာ ရှင်ပြောပြနေဖို့ မလိုဘူး။ ကျွန်မကတော့ ကျွန်မလုပ်နိုင်တဲ့ အတိုင်းအတာအတွင်းက ဆက်လုပ်နေဦးမှာပဲ”
အာကီအိုသည် ယာအေကို၏ တိုက်ခိုက်မှုအောက်တွင် ငြိမ်နေလိုက်သည်။
ထိုစဉ်မှာပင် သူတို့၏ နားထဲသို့ ထူးဆန်းသော သီချင်းသံတစ်သံ ဝင်ရောက်လာသည်။ မာဆာအေ၏ အသံဖြစ်သည်။ ထိုအသံက ယာအေကို၏ ဒေါသကို ပိုပြီး ဆွပေးလိုက်သကဲ့သို့ ရှိပေမည်။ သူသည် အနားရှိ သွားကြားထိုးတံဘူးကို ယူ၍ တံခါးဝဘက်သို့ လွှင့်ပစ်လိုက်ရာ ဘူးအထဲမှ သွားကြားထိုးတံများ ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲသွားကြသည်။
အာကီအို၏ အသံ ထွက်ပေါ်လာသည်။
“အဲဒီလို အဓိပ္ပာယ်မရှိတဲ့ မုသားစကားတွေနဲ့ လိမ်ညာပြီး အဖမ်းခံရတာထက် သန့်သန့်ရှင်းရှင်းလေး ဝန်ခံ ဖြောင့်ချက်ပေးလိုက်တာကမှ နာအိုမီအတွက် အကျိုးပိုရှိနိုင်သေးတယ်။ အပြစ်ဒဏ်လည်း လျှော့ပေါ့ ခံစားခွင့် ရနိုင်တယ်။ ပြီးတော့ သူက အသက်မပြည့်သေးတဲ့ ကလေးဆိုတော့ သူ့နာမည်ကိုလည်း တရားဝင် ထုတ်ပြန်မှာ မဟုတ်ဘူး။ နောက်ပြီး ငါတို့သာ ဟိုးအဝေးကြီး ပြောင်းနေလိုက်ရင် ငါတို့ အတိတ်ကိုလည်း ဘယ်သူမှ သိကြတော့မှာ မဟုတ်ဘူး။ ငါက အဲဒီလို ဖြစ်စေချင်တာ”
“အကျိုးပိုရှိနိုင်တယ် ဟုတ်လား” ယာအေကိုက မဲ့ကာရွဲ့ကာဖြင့် “ရှင်က အခုချိန်ထိ စိတ်ကူးယဉ်လို့ ကောင်းနေတုန်းပဲနော်။ တရားရုံးက သူ့နာမည်ကို တရားဝင် မကြေညာဘူးပဲ ထားပါဦး။ ဒါနဲ့ပဲ လူတွေက မသိကြတော့ဘူးတဲ့လား။ ပြီးတော့ အိမ်ပြောင်းနေလို့လည်း အပိုပဲ။ ကလေးတစ်ယောက်ကို သတ်ခဲ့တဲ့ လူသတ်သမားဆိုတဲ့ နာမည်ဆိုးက တစ်ဘဝလုံး သူ့အနောက်ကို ထပ်ကြပ်မကွာ ကပ်ပါနေတော့မှာ။ ဘယ်နေရာကများ သူ့ကို ကြည်ကြည်ဖြူဖြူ လက်သင့်ခံချင်တော့မှာလဲ။ ရှင်ဆိုရင်ရော ဘယ်လို လုပ်မလဲ။ အဲဒီလို လူစားမျိုးကို လူအများနဲ့ တန်းတူထားပြီး ဆက်ဆံနိုင်မှာမို့လား။ ကျွန်မအတွက်ကတော့ မဖြစ်နိုင်ဘူး။ ဒါလည်း သဘာဝကျတာပဲလေ။ တကယ်လို့သာ ဒီတစ်ခေါက် နာအိုမီ အဖမ်းခံလိုက်ရရင် သူ့ဘဝတော့ လုံးဝ သွားပြီပဲ။ ကျွန်မတို့ရဲ့ ဘဝတွေလည်း သူနဲ့အတူတူ ရေစုန်မျောပြီပဲ။ ရှင် ဒီလောက်လေးတောင် နားမလည်နိုင်တော့ဘူးလား။ ရှင် ကျပ်ရော ပြည့်သေးရဲ့လား”
ထိုစကားများအတွက် အာကီအိုတွင် ချေပစရာ စကားမရှိ။ ယာအေကို ပြောခဲ့သည့် စကားများမှာ အမှန်တရားချည်း ဖြစ်သည်ကို သူလည်း သဘောပေါက်သည်။ အသက်မပြည့်သေးသည့် ပြစ်မှုကျူးလွန်သူများကို သီးခြား သက်ညှာခွင့် ပေးသော ဥပဒေမှာ အပိုသာ ဖြစ်သည်ဟု မနေ့ကအထိ အာကီအို ယူဆခဲ့သည်။ လူကြီးဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ် ပြစ်မှုကျူးလွန်လျှင် တူညီသော အပြစ်ဒဏ်ကိုသာ ကျခံသင့်သည်ဟု ခံယူထားသူ ဖြစ်သည်။ လူသတ်မှုကဲ့သို့ ကြီးလေးသော ပြစ်မှုမျိုး ဆိုလျှင် သေဒဏ်ပေးစေချင်ခဲ့သည်။ သူတစ်ပါးကို သတ်ဖြတ်ညှဉ်းဆဲခဲ့သော လူသတ်ကောင်သည် လူသစ်စိတ်သစ်ဖြင့် လူ့လောကအလယ်သို့ ပြန်ဝင်လာနိုင်လိမ့်မည်ဟု အာကီအိုက ဘယ်တုန်းကမျှ မယုံကြည်ခဲ့။ ထိုကဲ့သို့ ပြစ်မှုကျူးလွန်ခဲ့သူများ အပြစ်ဒဏ်မှ ပြန်လည် လွတ်မြောက်လာ၍ လမ်းမများပေါ် လျှောက်သွားနေသည်ကို မြင်ရလျှင်ပင် သူ့အတွက် စိတ်ကသိကအောက် ဖြစ်နေမိသည်။ ယာအေကို ပြောခဲ့သည့် အတိုင်းပင်။ ငယ်ရွယ်စဉ်က ပြစ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်စေကာမူ ထိုကဲ့သို့ လူသတ်သမား ဖြစ်ခဲ့ဖူးသူကို လက်ဆန့်တန်းကာ ကြိုဆိုနိုင်သော မြင့်မြတ်သည့် နှလုံးသား သူ့တွင် မရှိကြောင်း ဝန်ခံရပေမည်။ အာကီအို အနေဖြင့် ထိုသို့သော လူများကို သူနှင့် ခပ်ဝေးဝေးမှာသာ ရှိနေစေချင်ခဲ့သည်။
“ဘာလို့ အသံမထွက်တော့တာလဲ။ တစ်ခုခု ပြောဦးလေ” ယာအေကို၏ အသံထဲတွင် ရှိုက်သံများ ရောယှက်လာသည်။
မာဆာအေ၏ တေးဆိုသံက မပျောက်သေး။ ဘုရားစာ ရွတ်နေသယောင် ထင်ရသည်။
“ဝါးတားတားတော့ လုပ်လို့ မရဘူး”
“ဘာတုန်း ဝါးတားတား ဆိုတာ”
“ငါပြောချင်တာက လှိမ့်မယ်ဆိုလည်း ဝါးတားတားဆို အသုံးဝင်မှာ မဟုတ်ဘူး။ ညာမယ်ဆိုလည်း ပီပီပြင်ပြင် အကွက်ဆင်မှ။ အခု ရဲတွေက ငါတို့ရဲ့ မြက်ခင်းပြင်ကို အာရုံကျနေပြီ။ ဒီတော့ နာအိုမီကို သံသယဝင်လာနိုင်တယ်။ တကယ်လို့သာ ရဲတွေက နာအိုမီကို စေ့စေ့စပ်စပ် တရားခံစစ် စစ်လာရင် သူက အလိမ်မပေါ်အောင် တောင့်ခံနိုင်ပါ့မလား”
“အဲဒီအတွက် ရှင်က ဘာအကြံရှိလို့လဲ”
အာကီအိုသည် မျက်လုံးများကို စုံမှိတ်ချလိုက်သည်။ ရင်ထဲတွင်
ဆို့
နေသော
အလုံးကြီးကြောင့် အော်ကလီဆန်လာပြီး အန်ချင်သလိုလိုပင် ဖြစ်သွားခဲ့သည်။
ပြဿနာ အရပ်ရပ်ကို နားလည်သိရှိခဲ့ရပြီး အလောင်းကို လွှင့်ပစ်ရန် ဆုံးဖြတ်ခဲ့ပြီးနောက်တွင် အာကီအိုထံသို့ အတွေးတစ်ခု ဝင်လာခဲ့ဖူးသည်။ နာအိုမီကို အပြစ်မှ ကွင်းလုံးကျွတ် လွတ်မြောက်ရန် လုပ်နိုင်မည့် နည်းလမ်းတစ်ခု ဖြစ်သည်။ သို့သော်လည်း ယခုအချိန်ထိ ထိုအကြံကို သူ့ခေါင်းထဲမှ ထွက်သွားရန် အကြိမ်ကြိမ် နှင်ထုတ်ဖို့ ကြိုးစားနေခဲ့မိသည်။ ထိုသို့ နှင်ထုတ်နေရသော အကြောင်းအရင်းတစ်ခုမှာ ထိုလုပ်ရပ်သည် အင်မတန်မှ လူသားမဆန်သော လုပ်ရပ်တစ်ခု ဖြစ်သည်ဟု သူကိုယ်တိုင် နားလည်ထားသောကြောင့် ဖြစ်သည်။ ထို့ပြင် ထိုအကြံအတိုင်း ပြုလုပ်ရန် စတင် အကောင်အထည် ဖော်လိုက်သည်နှင့် တပြိုင်နက် သူ့အတွက် နောက်ပြန်လှည့်ရန် လုံးဝ မဖြစ်နိုင်တော့ပြီ။
“ရှင် ပြောဦးလေ” ယာအေကိုက စိတ်မရှည်စွာဖြင့် မေးနေသည်။
“တကယ်လို့ ရဲတွေ ထပ်လာခဲ့မယ် ဆိုရင် ….. ” အာကီအိုက ဆက်ပြောသည်။ “ပြီးတော့ ငါတို့ ဆက်လှိမ့်လို့ မဖြစ်နိုင်တော့ဘူး ဆိုရင် ……..” ခြောက်ကပ်နေသော သူ့နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်သည်။
“ဘယ်လို လုပ်မလဲ”
“မတတ်နိုင်ဘူး …… ဝန်ခံလိုက်ရုံပဲ”
“ရှင် …….” ယာအေကိုက စားတော့မတတ် ဝါးတော့မတတ် မျက်လုံးများဖြင့် “
ရှင့်ကို
ပြောပြီးပြီပဲ။ ကျွန်မ ………”
“ငါပြောတာ ဆုံးအောင် နားထောင်စမ်းပါဦး” အာကီအိုသည် အသက်ကို ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်ပြီး “နင် ထင်သလို မဟုတ်ဘူး”