အာကီအိုနှင့် ယာအေကိုတို့ အိမ်ထောင်ပြုခဲ့ကြသည်မှာ ၁၈ နှစ် ရှိခဲ့ပြီ။ ကုမ္ပဏီမှ လုပ်ဖော်ကိုင်ဖက်တို့၏ မိတ်ဆက်ပေးမှုကြောင့် သူတို့ တွေ့ဆုံခဲ့ကြပြီးနောက် တစ်နှစ်အကြာတွင် လက်ထပ်ခဲ့ကြခြင်း ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ချစ်ကြိုက်ခဲ့ကြသောကြောင့် မဟုတ်ဘဲ လုပ်ဆောင်ရမည့် လူ့ဘဝ၏ တာဝန်တစ်ခုကို ကိုယ်စီ ထမ်းဆောင်ခဲ့ကြသလိုသာ ခံယူခဲ့ကြသည်။ နှစ်ဦးစလုံးမှာလည်း လက်ရှိ အခြေအနေထက် သာလွန်သော ရွေးချယ်စရာ မရှိကြသည်ကတစ်ကြောင်း၊ ငြင်းပယ်နိုင်လောက်သော ချွတ်ယွင်းချက်များ မတွေ့ခဲ့ကြသည်ကလည်း တစ်ကြောင်းကြောင့် အိမ်ထောင်တစ်ခု တည်ဆောက်ရန် နှစ်ဦးသဘောတူ လက်ခံခဲ့ကြခြင်း ဖြစ်သည်။ ထို့ပြင် ယာအေကိုအနေဖြင့် ဒီထက် ပိုရွေးနေလျှင်လည်း အရွယ်လွန်တော့မည် ဖြစ်ရာ အာကီအိုကိုသာ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
အာကီအိုသည် လူပျိုဘဝက တစ်ဦးတည်း သီးသန့် နေထိုင်ခဲ့ရာ အိမ်ထောင်ပြုသည့် အခါတွင် မည်သို့ နေထိုင်ကြမည်ကို ဇနီးသည်နှင့် တိုင်ပင်ခဲ့ကြသည်။ ထို့နောက် သူ့ဇနီး၏ ဆန္ဒအရ လူပျိုဘဝက နေထိုင်ခဲ့သော တိုက်ခန်းကိုပင် ဆက်လက်ငှားရမ်းကာ နှစ်ဦးသား နေထိုင်ခဲ့ကြသည်။ သို့သော် အာကီအိုအနေဖြင့် အသက်ကြီးရင့်ကြပြီ ဖြစ်သော မိဘနှစ်ပါးလည်း ရှိကြသေးရာ လိုအပ်လာသော တစ်နေ့တွင် သူတို့အား စောင့်ရှောက်ရန် မိဘအိမ်သို့ ပြန်နေကြရမည်သာ ဖြစ်သည်။ ယခုတော့ တတ်နိုင်သေးသရွေ့ လင်မယားနှစ်ယောက် လွတ်လွတ်လပ်လပ် နေနိုင်ရန်နှင့် ပြဿနာ နည်းနိုင်သမျှ နည်းစေရန်အတွက် သီးခြား ခွဲနေရန်သာ ဆုံးဖြတ်ထားခဲ့သည်။
အိမ်ထောင်ပြုပြီး သုံးနှစ်အကြာတွင် သူတို့မှာ သားဦးလေးတစ်ယောက် ဖွားမြင်ခဲ့သည်။ ယာအေကိုက နာအိုမီဟု အမည်မှည့်ခေါ်ခဲ့သည်။ ကလေးကို ကိုယ်ဝန်လွယ်စဉ်ကပင် စဉ်းစားထားသော နာမည်ဟု ဆို၏။
နာအိုမီကို မွေးဖွားပြီးနောက်ပိုင်းတွင် သူတို့၏ အိမ်ထောင်ရေးဘဝမှာ မသိမသာ ပြောင်းလဲလာတော့သည်။ သားငယ်အား စောင့်ရှောက်ပြုစုရေးကို ဦးစားပေးသည်ဟု အကြောင်းပြကာ တခြား အိမ်မှုကိစ္စ အားလုံးတွင် လစ်ဟင်းလာတော့သည်။ ယခင်က သန့်ရှင်း သပ်ရပ်ခဲ့သော အခန်းများမှာလည်း ယခုအခါ မသိမ်းမဆည်းဘဲ ရှုပ်ပွနေလေပြီ။ ညစာအတွက် ဆိုလျှင်လည်း ယခင်ကကဲ့သို့ ချက်ပြုတ်စီမံထားခြင်းမျိုး မရှိတော့ဘဲ အလွယ်တကူ ပြီးစီးနိုင်သော အသင့်စား အစားအစာများကိုသာ သူ့အတွက် ပြင်ဆင်ပေးတော့သည်။
ထိုကဲ့သို့ အိမ်ထောင်မှု ကိစ္စများ လစ်ဟင်းလာသည်ကို အာကီအိုက နည်းနည်းလေးမျှ ကြည့်လို့မရ။ သို့သော်လည်း ဘာမျှ မတတ်နိုင်။ တစ်ခါတလေ မည်သို့မျှ မအောင့်အီးနိုင်တော့၍ ပြောမိပြန်လျှင်လည်း သူကပင် ဦးအောင် ဝုန်းဒိုင်းကြဲပြတော့သည်။ စူးစူးရဲရဲ ကြည့်၍ ရန်ထောင်ခံရသည်။
“ကလေးတစ်ယောက် ထိန်းရတယ်ဆိုတာ လွယ်လွယ်လေးများ ရှင် အောက်မေ့နေသလား။ အခန်းထဲ နည်းနည်းလေး ရှုပ်ပွ ညစ်ပေနေတော့ရော ဘာအရေးကြီးလဲ။ အမြင်မတော်ဘူး ဆိုရင်လည်း ရှင့်ဘာသာ ထပြီး လုပ်ပါတော့လား”
ကလေးငယ်အား ပြုစုသည့်အပိုင်းတွင် သူ့ဘက်က ဘာမျှ လုပ်မပေးနိုင်ခဲ့သည်ကို အာကီအို သိသည်။ ထို့ကြောင့် အထက်ပါအတိုင်း ပြောလာသော သူ့ဇနီးသည်၏ စကားများအား ပြန်လည် ချေပရန်လည်း သူ့မှာ စကားလုံး မရှိခဲ့။ ကလေးတစ်ယောက် လူလားမြောက်အောင် ပြုစုရန်မှာ ပင်ပန်းကြောင်း သူလည်း သဘောပေါက်သည်။ ယခုလို ကလေးအပေါ် လိုလေသေးမရှိအောင် စိတ်ရှည်လက်ရှည် ပြုစုစောင့်ရှောက်နေသည်ကိုပင် သူ့အား ကျိတ်၍ ချီးကျူးမိသေးသည်။
မြေးဦးလေး ရသည့်အတွက်ကြောင့် အာကီအို၏ မိဘများကလည်း ပျော်၍ မဆုံးခဲ့ကြ။ ထို့ကြောင့် မိအိုဘအိုများ အိမ်သို့ တစ်လတစ်ကြိမ်တော့ သူတို့ မိသားစုသုံးယောက် အလည် ရောက်သွားတတ်ကြသည်။ အစပိုင်းမှာတော့ ယာအေကိုအတွက် ပြဿနာ မရှိခဲ့ပေ။ သို့သော် တစ်နေ့တွင် ယောက္ခမဖြစ်သူ မာဆာအေ၏ စကားတစ်ခွန်းကြောင့် အကြီးအကျယ် ဒေါပွခဲ့ရသည်။ ကလေးအား နို့ဖြတ်ရန် ကိစ္စနှင့် ပတ်သက်၍ ယောက္ခမ၏ အကြံပေးချက်သည် သူ့သဘောထားနှင့် မတိုင်ဆိုင်သောကြောင့် အကြီးအကျယ် စကားများခဲ့ကြသည်။ ထို့နောက် ယာအေကိုသည် ကလေးကို ပိုက်ကာ အိမ်ထဲမှ ထွက်ချသွားပြီး တက္ကစီ ငှားကာ အိမ်ပြန်သွားလေတော့သည်။ ခင်ပွန်းဖြစ်သူ အိမ်ပြန်ရောက်သောအခါ ယာအေကိုသည် ဤသို့ ကြေညာလိုက်လေသည်။
“ဒီနေ့ကစပြီး နောက်ဘယ်တော့မှ အဲဒီအိမ် မသွားတော့ဘူး”
ကလေးကို ထိန်းကျောင်းရခြင်းနှင့် အိမ်ထောင်မှု ပြုလုပ်ရခြင်း၊ ထိုနှစ်ခုကို သူတစ်ယောက်တည်း နေ့ညမပြတ် လုပ်နေရသည်မှာ မည်မျှ စိတ်ပန်းကိုယ်ပန်း ဖြစ်ကြောင်း ငိုယို၍ မြည်တမ်းနေခဲ့သည်။ ထိုဝန်များကို သူတစ်ယောက်တည်း ကြိုးစား၍ ရုန်းကန်နေရသည်ကို မထောက်ထားဘဲ ဟိုပြောဒီပြော ဝေဖန်နေခြင်းမှာ သူ့ကို ကိုယ်ချင်းမစာနာရာ ရောက်ကြောင်း၊ ထိုသို့ သူ့ကို အပြစ်ရှာဖို့ မကောင်းကြောင်း ညည်းတွားနေတော့သည်။ အာကီအိုသည် သူ့ကို မည်သို့မျှ ချော့၍ မရ။ သူ့အမေဘက်မှ ကူပြီး ပြောပေးသမျှကို ဘာတစ်ခုမျှ လက်သင့်မခံနိုင်ခဲ့။
မတတ်နိုင်သည့်အဆုံးတွင် သူ့ဇနီးသည်၏ ဆန္ဒအတိုင်း မိဘအိမ်သို့ မသွားရန် သဘောတူခဲ့ရသည်။ ယခုကိစ္စကို ယာယီသဘောမျှသာဟု သူ ထင်နေခဲ့သည်။ နောက်ပိုင်း ဒေါသများ ပြေလျော့သွားသော အခါတွင် ယခင်အတိုင်း ပြန်သွားရန် သဘောတူလာလိမ့်မည်ဟုသာ ခပ်ပေါ့ပေါ့ တွေးထားခဲ့၏။ တကယ့်လက်တွေ့မှာကား ထိုသို့ မဟုတ်ခဲ့။ သူ့ဇနီးသည်၏ အခဲမကျေသော အာဃာတသည် ပျောက်ကွယ်သွားသည် မရှိတော့ပေ။
ယောက္ခမနှင့် ချွေးမတို့ ရန်ဖြစ်ကြပြီးသည့် နေ့မှစ၍ မိအိုဘအိုတို့မှာလည်း သူတို့၏ မြေးကလေးအား မတွေ့ရတော့ပေ။ အကြောင်းတစ်စုံတစ်ရာ ရှိ၍ မိဘအိမ်သို့ သွားရသည် ဆိုဦးတော့ အာကီအို တစ်ယောက်တည်းသာ ရောက်ဖြစ်တော့သည်။ မိဘများကတော့ သူတို့၏ မြေးကလေးကို အတူ ခေါ်လာခဲ့ရန် တတွတ်တွတ် မှာကြရှာသည်။
“လောကမှာ ယောက္ခမနဲ့ ချွေးမ တည့်တယ်ဆိုတာ ဘယ်မှာမှ မရှိမှန်း အမေလည်း သိပါတယ်အေ။ ယောက္ခမတိုင်းကို ပစိပစပ် များတယ်လို့ ချွေးမတိုင်းက ထင်ကြတာ မဟုတ်လား။ ယာအေကိုကိုတော့ ထားလိုက်ပါ၊ နားလည်ပါတယ်။ ဒါပေမယ့် သူမလာလည်း မြေးလေးကိုတော့ ခေါ်လာလို့ ရတာပဲဟာ။ နင့်အဖေလည်း သူ့မြေးကို သိပ်တွေ့ချင်နေရှာတာ”
သူ့မိခင်၏ ပြောစကားကို ကြားသောအခါ သူ့မှာလည်း စိတ်မကောင်း။ သားအချစ် မြေးအနှစ် မဟုတ်လား။ အဖေအမေတို့၏ ဆန္ဒကိုလည်း နားလည်ပါ၏။ သို့သော် သူ့ဇနီးကတော့ သဘောတူလိမ့်မည် မထင်။ သို့မဟုတ် သူ့ဇနီးအား မေးကြည့်ရန်ပင် သူ့မှာ ခွန်အားမရှိခဲ့။ နာအိုမီတစ်ယောက်တည်းအား သူ့မိဘဆီသို့ ခေါ်သွားမည်ဟု သူ့ကို ပြောမိလျှင် မိုးမီးလောင်သွားနိုင်သည်။ ထို့ကြောင့် သူတို့မြေးလေးအား ခေါ်လာခဲ့ပါမည့်အကြောင်း နှစ်သိမ့်ပြောကြားခဲ့သော်လည်း ထိုအကြောင်းကို ယာအေကိုအား တစ်ခါမျှ မဟခဲ့ပေ။
ထိုသို့ဖြင့် ၇ နှစ်တာ ကုန်ဆုံးသွားခဲ့သည်။ တစ်နေ့သောအခါ မိခင်ထံမှ ဖုန်းဝင်လာသည်။ သူ၏ဖခင်သည် ဦးနှောက်ထဲ သွေးယိုစီးမှုကြောင့် ဆေးရုံတက်နေရသည်ဟု ဆိုသည်။ အတိတ်မေ့သကဲ့သို့ ဘာတစ်ခုကိုမျှ မမှတ်မိတော့။
ထိုသို့သော အခြေအနေရောက်မှသာ အာကီအိုသည် မိဘများဆီသို့ အတူသွားရန် သူ၏ ဇနီးသည်ကို ချော့မော့ ပြောမိတော့သည်။ ဖခင် မကွယ်လွန်ခင် နောက်ဆုံးအနေဖြင့် သွားရောက် ကြည့်ရှုသင့်သည်ဟူသော အကြောင်းပြချက်ဖြင့် စည်းရုံးရသည်။ ယောက္ခမကြီးကို ကွယ်လွန်သွားချိန်အထိ တစ်ချက်ကလေးတောင် ကြည့်ဖော်မရဟု လူတွေ ဝိုင်းပြောကြမည်ကိုလည်း ယာအေကိုက မလိုလားပေ။ ထို့ကြောင့် အာကီအို၏ တောင်းဆိုချက်ကို မငြင်းဆန်ခဲ့ချေ။
အာကီအိုသည်
မယားနှင့်သားကို
ခေါ်၍ ဆေးရုံသို့ ရောက်သွားသောအချိန်တွင် ခွဲစိတ်ခန်းမ၏ အပြင်ဘက်တွင်
မျက်နှာည
ှိုး
ရော်စွာ
ထိုင်နေသော မိခင် မာဆာအေကို တွေ့ကြရ၏။ သူ့ဖခင်၏ ဦးခေါင်းထဲမှ သွေးခဲများကို ခွဲစိတ်ဖယ်ရှားနေဆဲအချိန် ဖြစ်သည်။
“ရေချိုးပြီးလို့ ရေချိုးခန်းထဲက ဆေးလိပ်ဖွာရင်း ထွက်လာတုန်း ဝုန်းခနဲ ကြမ်းပြင်ပေါ် လဲကျသွားတာပဲ” ဟု မာဆာအေက ငိုယို၍ ပြောနေ၏။
“ဆေးလိပ်ဖြတ်ဖို့ မပြောဘူးလား အမေရာ”
“အဲဒါကို သူက တန်းတန်းစွဲ ဖြစ်နေတာကိုးကွယ်” မာဆာအေသည် စိတ်ဆင်းရဲနေသော အမူအရာဖြင့် ပြန်ဖြေလိုက်ပြီး ယာအေကိုဘက်သို့ လှည့်ကြည့်သည်။
“မတွေ့ရတာ ကြာပြီနော်။ နေကောင်းတယ် မဟုတ်လား။ တကူးတက လာခိုင်းရသလို ဖြစ်နေပြီ”
“ရပါတယ်။ အဖေအမေတို့နဲ့ မတွေ့ရတာတောင် အတော်ကြာသွားပြီ" အားနာပါးနာ အမူအရာမျိုးဖြင့် ယာအေကိုက ပြန်ပြောလိုက်သည်။
“ကိစ္စမရှိပါဘူးလေ။ သမီးလည်း အားတာမှ မဟုတ်ဘဲ” မာဆာအေသည် သူ၏ အကြည့်များကို ယာအေကိုထံမှ ဖဲခွာကာ မိခင်နောက်တွင် ကွယ်၍ ရပ်နေသော နာအိုမီကို ပြုံးပြလိုက်သည်။ “အတော်တောင် ထွားလာပြီပဲ။ မှတ်မိသေးလား။ ဖွားဖွားလေ”
“ဖွားဖွားကို ခေါ်လိုက်ဦးလေ၊ သား” အာကီအိုသည် သူ့သားကို လှမ်းပြောလိုက်သည်။ သို့သော် နာအိုမီသည် ဘာမျှ မပြောဘဲ ခေါင်းငုံ့သွားသည်။
နှမနှင့် ယောက်ဖတို့လည်း မကြာခင် ဆေးရုံသို့ ရောက်လာကြသည်။ သူတို့ တစ်ခဏတာ စကားပြောကြပြီးနောက် ဟာရုမိသည် သူ၏ မိခင်ထံသို့ သွားကာ နှစ်သိမ့်စကား ပြောနေလေ၏။ သူ၏ မရီးကိုတော့ တစ်ချက်ကလေးမျှ မကြည့်။ သူ၏ မိဘများအား ချွေးမတစ်ယောက်အနေဖြင့် ဤသို့ဤပုံ ဆက်ဆံနေသည်ကို လုံးဝ မကျေနပ်ကြောင်း ပြသနေသည့်နှယ်။
ထိုသို့သော အတွင်းကျိတ် အပူမီးများကြားတွင် အာကီအိုသည် ခွဲစိတ်မှု မြန်မြန် ပြီးဆုံးပါစေဟုသာ ဆုတောင်းနေရသည်။ သားတစ်ယောက်အနေဖြင့် အောင်အောင်မြင်မြင်သာ ပြီးဆုံးစေချင်သည်။ သို့သော် တခြားတစ်ဘက်မှလည်း ပြဿနာတစ်ခုကို စဉ်းစားနေမိသည်။ ဤသို့သာ ဖခင် ဆုံးပါးသွားခဲ့လျှင် မည်သို့ လုပ်ရမည်နည်း။ ဘယ်သူတွေကို အကြောင်းကြားရဦးမည်နည်း။ နာရေးကို မည်သို့ စီစဉ်ရမည်နည်း။ ရုံးကို မည်သို့ ခွင့်တိုင်ရမည်နည်း။ စသည် စသည်ဖြင့်
သူ
့
ဦးနှောက်ထဲတွင် အစီအရီ ပေါ်ထွက်လာနေကြသည်။
ထိုအရာများမှာ ဖြေရှင်းရလွယ်သော ကိစ္စများသာ။ နာရေးပြီးနောက်ပိုင်း ဆက်လက် ရင်ဆိုင်ရမည့် ကိစ္စများကို စဉ်းစားမိသောအခါတွင်မှ ပိုစိတ်ရှုပ်ရတော့သည်။ တစ်ယောက်တည်း ကျန်ရစ်ခဲ့မည်ဖြစ်သော မိခင်အား မည်သို့ စီစဉ်ပေးရမည်နည်း။ အမယ်အို တစ်ယောက်တည်း သီးခြားနေဖို့ရာမှာ ကာလတိုဆိုလျှင် သိပ် ပြဿနာ မရှိ။ ဤသို့ တစ်ယောက်ထီးတည်း အချိန်အကြာကြီး ပစ်ထား၍လည်း မဖြစ်။ တစ်ဦးတည်းသော သားတစ်ယောက်အနေဖြင့် အမယ်အိုအား ပြုစုစောင့်ရှောက်ရမည့် တာဝန်ရှိကြောင်း သူ သဘောပေါက်သည်။ သို့သော် …
ယာအေကိုနှင့် နာအိုမီတို့သည် ခပ်လှမ်းလှမ်းမှ ထိုင်ခုံများတွင် မျက်နှာသေဖြင့် ထိုင်နေကြသည်။ နာအိုမီသည် ငယ်ရွယ်သေးသောကြောင့် ဘာတွေ ဖြစ်နေမှန်းပင် သဘောပေါက်ပုံ မရ။ ထို့ကြောင့် ဒီအတိုင်း ထိုင်နေရသည်မှာ သူ့အတွက် အတော် ပျင်းစရာကောင်းနေသည်။
မိခင်နှင့် အတူ နေထိုင်ရန်မှာ မည်သို့မျှ အဆင်ပြေမည့် ကိစ္စမဟုတ်။ ယခုလို သီးခြားစီ နေထိုင်ကြပြီး ရံဖန်ရံခါသာ တွေ့ကြရသည်ပင် သူတို့မှာ ပြဿနာ တက်နေကြသည်။ အိမ်တစ်လုံးထဲတွင် အတူတူ နေနေကြမည်ဆိုလျှင် မည်မျှ အခြေအနေ ဆိုးလာလိမ့်မည်ကို သူ တွေးပင် မတွေးရဲ။ နေ့စဉ် ကမ္ဘာပျက်မတတ် ဖြစ်နေနိုင်သည်။
ဖခင် ပြန်ကျန်းမာလာဖို့သာ ဆုတောင်းနေရတော့မည်။ တစ်နေ့မဟုတ် တစ်နေ့တွင် မဖြစ်မနေ ရင်ဆိုင်ရမည့် ပြဿနာမှန်း သိနေသော်လည်း တတ်နိုင်သလောက် အချိန်ဆွဲထားချင်သေးသည်။
ကံကောင်းထောက်မစွာ ဖခင်မှာ ပြန်လည် သတိရလာခဲ့သည်။ ခန္ဓာကိုယ် ဘယ်ဘက်အခြမ်းမှာ အနည်းငယ် ထုံနန ဖြစ်နေသော်လည်း သွားလာလှုပ်ရှားမှုအတွက် အနှောင့်အယှက် မဖြစ်ခဲ့။ ဆေးရုံမှာ အတန်ကြာ နေပြီးနောက် အိမ်ပြန်ရောက်သွားသောအခါတွင်လည်း အာကီအိုသည် သူ့မိဘအိမ်သို့ မကြာခဏ ဖုန်းဆက်၍ သာကြောင်းမာကြောင်း မေးတတ်သည်။
တစ်နေ့တွင် ယာအေကိုသည် အာကီအိုအား မေးခွန်းတစ်ခု မေးလာသည်။ “တကယ်လို့သာ အဲဒီနေ့က ရှင့်အဖေ ဆုံးသွားခဲ့ရင် ရှင့်အမေအတွက် ဘယ်လို စီစဉ်ပေးမယ်လို့ စိတ်ကူးခဲ့သလဲ”
အတော်ပင် ဖြေရကျပ်သည့် မေးခွန်း။ “ဘာမှ မစဉ်းစားရသေးပါဘူးကွာ” ဟုသာ ခပ်လွယ်လွယ် ဖြေလိုက်သည်။
“အမေ့ကို ရှင်နဲ့အတူ ခေါ်နေဖို့ လုံးလုံး စိတ်မကူးမိဘူးပေါ့”
“အဲဒီလောက် ဝေးဝေးလံလံ စဉ်းစားမနေနိုင်ပါဘူးကွာ။ အခုမှ ဘာစိတ်ကူးပေါက်ပြီး အဲဒီ မေးခွန်းကို လာမေးနေရတာလဲ”
“ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ အဲဒီတုန်းက စဉ်းစားနေခဲ့တယ်။ ရှင်အဲဒီလို ပြောလာခဲ့ရင် ကျွန်မ ဘယ်လို လုပ်ရပါ့မလဲလို့”
ယာအေကိုသည် သူ ယောက္ခမနှင့် အတူမနေလိုကြောင်းကို အာကီအိုအား သွယ်ဝိုက်သောနည်းဖြင့် ပြောပြလိုက်ခြင်း ဖြစ်သည်။
“ရှင့်အမေနဲ့ အတူတူ အဆင်ပြေပြေ နေနိုင်လိမ့်မယ်လို့ ကျွန်မတော့ မထင်ဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သူ့ကို စောင့်ရှောက်ဖို့ လိုအပ်လာပြီ ဆိုရင်တောင်မှ အတူတူ နေဖို့ကိစ္စကိုတော့ လုံးဝ ထည့်မတွက်ပါနဲ့”
ဇနီးသည်က ယခုလောက် ပြတ်ပြတ်သားသား ပြောလာပြီ ဆိုမှဖြင့် သူ့အနေဖြင့်လည်း ဘာမျှ ပြန်ဖြေစရာ မရှိတော့ပြီ။ သူ သဘောပေါက်ကြောင်းသာ ခပ်တိုတို ဖြေလိုက်ရသည်။ အမေ မာဆာအေ အလျင် သေသွားခဲ့ခြင်းသည်ပင် အားလုံးအတွက် ပိုကောင်းလေမလားဟု စဉ်းစားမိသေးသည်။ ယာအေကိုသည် သူ့ အဖေကိုတော့ ထိုမျှ အမြင်ကပ်နေလိမ့်မည်ဟု သူ မထင်။ သို့သော် အဖြစ်မှန်သည် သူ မျှော်လင့်ထားသလို ဖြစ်မလာခဲ့။
လအနည်းငယ် ကြာပြီးနောက် တစ်နေ့တွင် မိခင် မာဆာအေထံမှ ဖုန်းရသည်။ စိုးရိမ်အားငယ်နေသော လေသံဖြင့် သူ့ယောက်ျားသည် အနည်းငယ် ထူးခြားနေကြောင်း ပြောလာ၏။
“ထူးခြားနေတယ်? ဘယ်လိုပုံစံမျိုး ထူးနေတာလဲ အမေ”
“သူလား။ အခုဆိုရင် စကားတစ်ခွန်းကို ပြောပြီးရင်လည်း ထပ်ခါထပ်ခါ ပြောနေတော့တာပဲ။ အမေ ပြောလိုက်တဲ့ စကားကိုလည်း ခဏလေးနေရင် မမှတ်မိတော့ဘူး” သူသည် အသံကို နှိမ့်ချလိုက်ပြီး “သူငယ်များ ပြန်နေပြီလား မသိဘူး”
“မဟုတ်နိုင်ပါဘူး အမေရာ” အာကီအိုအတွက်တော့ လက်မခံနိုင်သေး။ သူ့အဖေသည် ခန္ဓာကိုယ် တုတ်ခိုင်ခြင်း မရှိသော်လည်း အတော်ပင် ကျန်းမာသန်စွမ်းသည့်သူ ဖြစ်သည်။ မနက်တိုင်း ခပ်စောစော လမ်းလျှောက်ထွက်တတ်ပြီး ပြန်ရောက်လျှင်လည်း သတင်းစာများကို ထိုင်ဖတ်နေတတ်သည်မှာ သူ၏ နိစ္စဓူဝ အလုပ်ပင် ဖြစ်သည်။ ထိုကဲ့သို့သော ယောက်ျားကြီးတစ်ယောက်သည် တစ်နေ့တွင် သူငယ်ပြန်သွားလိမ့်မည်ဟု သူ ဘယ်တုန်းကမျှ မျှော်လင့်မထားခဲ့။ အသက်အိုမင်းလာသည့် မည်သူမဆို တစ်နေ့နေ့ သူငယ်ပြန်သွားနိုင်သည်ဟု သူ သိထားသော်လည်း ထိုသူများထဲတွင် သူ့မိဘများ မပါဝင်နိုင်။ သူက ဤသို့သာ အပြည့်အဝ ယုံကြည်နေသည်။
“ဘာပဲဖြစ်ဖြစ် နင့်အဖေကို အရင် လာကြည့်ပါဦးလား” ထိုသို့ပြောပြီး ဖုန်းချသွားသည်။
ထိုအဖြစ်အပျက်ကို ယာအေကိုအား ပြောပြလိုက်သည်။ ထိုသို့ ကြားသောအခါ ယာအေကိုသည် သူ့ယောက်ျားမျက်နှာကို စေ့စေ့ကြည့်လျက်
“
အဲဒီတော့
သူက ဘာဖြစ်စေချင်တာတဲ့လဲ”
“ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာတော့ အကျိုးအကြောင်း သိရအောင် အရင် သွားကြည့်ပါရစေဦးလား”
“ရှင့်အဖေ တကယ်ပဲ သူငယ်ပြန်နေပြီ ဆိုရင်ရော ဘယ်လိုလုပ်မလဲ”
“အဲဒါ …. ကို ဘာမှ မစဉ်းစားရသေးပါဘူးကွာ”
“လွယ်လွယ်နဲ့ ကတိတွေ လျှောက်ပေးမနေနဲ့ဦး”
“ကတိ?”
“ရှင်က သားတစ်ယောက်အနေနဲ့ စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်ဆိုတာ ကျွန်မ နားလည်ပါတယ်။ ကိုယ့်မိသားစုနဲ့ကိုယ် ရုန်းကန်နေရတဲ့ ဘဝတစ်ခု ရှိနေသေးတယ် ဆိုတာကိုလည်း မမေ့နဲ့ဦး။ နာအိုမီကလည်း ငယ်သေးတယ် မဟုတ်လား”
အခုမှ ယာအေကို၏ ဆိုလိုရင်း အနက်ကို သူ သဘောပေါက်သွားသည်။ သူငယ်ပြန်နေသော အဘိုးအိုတစ်ယောက်အား ပြုစုရမည့် တာဝန်များ သူ့ထံ ပိလာမည်ကို ကြောက်ရွံ့နေခြင်း ဖြစ်သည်။
“မင်းကို တာဝန်မပိစေရပါဘူး။ မပြောလည်း ကို နားလည်ပါတယ်”
“အဲဒါဆို အကောင်းဆုံးပေါ့” ယာအေကို၏ ပါးစပ်မှ ထိုသို့ ပြောလိုက်သော်လည်း သူ၏ သံသယအကြည့်များက အငွေ့မပြယ်သေး။
နောက်တစ်နေ့ ရုံးဆင်းသောအခါ အာကီအိုသည် သူ့မိဘအိမ်သို့ သွားခဲ့သည်။ သူ့အဖေ သူငယ်ပြန်၍ မည်မျှ ပြောင်းလဲနေမည်နည်း။ ထိုသို့သော အံ့ဩသည့်စိတ်၊ စိုးရိမ်သည့် စိတ်ဖြင့် အိမ်တံခါးကို ဖွင့်၍ ဝင်သွားခဲ့သည်။ သို့သော် သူ့အတွက် မထင်မှတ်ထားသည်မှာ သူ့အဖေက သူ့အား အပြင်ထွက်၍ လာကြိုနေသည်။
“ဟေ၊ ဒီနေ့ ဘယ်လေတိုက်လို့ ဒီရောက်လာတာလဲ”
ဖခင်နှင့် ပျော်ပျော်ရွှင်ရွှင်
စကားလက်
ဆုံ ကျနေခဲ့သည်။ သူ၏ အလုပ်ကိစ္စ အကြောင်းများပင် မေးမြန်းလျက်။ ယခုအခြေအနေအတိုင်းဆိုရင် သူငယ်ပြန်နေသူနှင့် နည်းနည်းမျှ မတူ။ ဘာလက္ခဏာမျှ မတွေ့ရ။
တစ်ခဏအကြာတွင် အပြင်သွားနေခဲ့သော မာဆာအေ အိမ်ပြန်ရောက်လာ၍ သူ၏ အမြင်ကို ဖွင့်ပြောဖြစ်သည်။ မိခင်ဖြစ်သူကတော့ မအီမသာ စိုးရိမ်သော မျက်နှာပေးဖြင့် ပြန်ပြောသည်။
“တစ်ခါတလေတော့ အခုလို မူမှန်နေတာပဲ။ အမေတို့ နှစ်ယောက်တည်း ကျန်နေတော့တဲ့ အချိန်ဆိုရင် သူ့အမူအရာတွေက ကိုးယိုးကားယား ဖြစ်လာရော”
“ကျွန်တော် နောက်နေ့တွေလည်း လာခဲ့ပါဦးမယ်။ ဘာဖြစ်ဖြစ် အခုလို ကျန်းကျန်းမာမာ တွေ့ရတော့ စိတ်ချရတာပေါ့” ထိုစကားပြောပြီး မကြာခင် သူလည်း နှုတ်ဆက်ပြီး ပြန်လာခဲ့သည်။
ထိုကဲ့သို့ နောက်တစ်ကြိမ် နှစ်ကြိမ် သွားလည်သည့် အခါတိုင်း သူ့ဖခင်တွင် ထူးခြားသော အမူအရာကို မတွေ့ခဲ့ရပေ။ သို့သော် မာဆာအေကတော့ သူ့ယောက်ျား သူငယ်ပြန်နေပြီဟု အခိုင်အမာ ယုံကြည်နေသည်။
“အမေ ပြောခဲ့တဲ့ စကားတွေကို သူ တစ်လုံးမှ မမှတ်မိတော့ဘူး။ သူ့ကို ဘာဝယ်ကျွေးထားတယ် ဆိုတာတောင် သတိမရတော့ဘူး။ သား အဖေကို ဆေးရုံမှာ ဆေးသွားစစ်ဖို့ ပြောကြည့်ပါဦးလား။ အမေ ပြောရင်တော့ သူ ဘာမှ မဖြစ်လို့ မသွားဘူးဆိုပြီး ပြန်ပြန် ဟောက်နေတော့တာ”
မိခင်၏ တောင်းဆိုမှုကြောင့် အဖေဖြစ်သူအား ချော့မော့၍ ဆေးရုံသို့ ခေါ်သွားခဲ့ရသည်။ ယခင်က ခွဲစိတ်ထားခဲ့ခြင်းအတွက် ပြန်လည်စစ်ဆေးရန် လိုအပ်သောကြောင့်ဟု အကြောင်းပြ၍ ခေါ်မှ ဖခင်ကလည်း ဆေးရုံသွားဖို့ အသာတကြည် သဘောတူခဲ့သည်။
ဦးနှောက်ကို CT Scan ရိုက်ကြည့်သောအခါတွင် ဦးနှောက်သည် အရင်ကထက် အလျင်အမြန် ကျုံ့လာနေကြောင်း တွေ့ကြရသည်။ ထို့ကြောင့်လည်း သူငယ်ပြန်သော လက္ခဏာများ မကြာခဏ ဆိုသလို ဖြစ်ပေါ်လာနေခြင်း ဖြစ်သည်။
ဆေးရုံမှ ပြန်ရောက်သောအခါ မာဆာအေသည် သူ့သားအား နေရေးထိုင်ရေး အဆင်မပြေမှုများကို ညည်းတွားနေသည်။ မည်သို့ မည်ပုံ ဖြေရှင်းရမည် ဟုလည်း အာကီအိုက အဖြေမပေးတတ်။ သူလည်း တတ်နိုင်သလောက် ကူညီပါ့မည်ဟုသာ အကြမ်းဖျင်း ကတိပေးနိုင်သည်။ လက်ရှိ အခြေအနေကလည်း သိပ်ဆိုးဆိုးရွားရွားကြီးလည်း မဟုတ်သေး။ ထို့ပြင် လွယ်လွယ်နှင့် တာဝန်မခံခဲ့ရန်လည်း သူ့မိန်းမကို ကတိပေးထားခဲ့သည် မဟုတ်ပါလား။
သူ့ဖခင်၏ အခြေအနေမှာ တစ်နေ့ထက်တစ်နေ့ ပို၍ ပို၍သာ ဆိုးရွားလာခဲ့သည်။ နောက်ဆုံး အခြေအနေကို သူ့ထံ ဖုန်းဆက်ပြောခဲ့သူမှာ သူ့နှမ ဟာရုမိ။
“အစ်ကို၊ အဖေကို သွားကြည့်ပါဦးလား။ အစ်ကိုမြင်ရင် လန့်တောင် သွားဦးမယ်”
သူ့နှမ၏ စကားကြောင့် သူ့စိတ်ထဲ ထင့်သွားခဲ့သည်။
“လန့်သွားမယ်? ဘာကို လန့်ရမှာလဲ”
“အဖေ့ဆီ သွားသာ ကြည့်လိုက်စမ်းပါ” ဟာရုမိသည် ထိုမျှသာ ပြော၍ ဖုန်းချသွားသည်။
ရက်အနည်းငယ် ကြာသောအခါ အာကီအိုသည် သူ့ မိဘအိမ်သို့ နောက်တစ်ခေါက် ရောက်ခဲ့ပြန်သည်။ ထိုအခါကျမှ သူ့နှမပြောသော စကားတို့၏ အဓိပ္ပာယ်ကို ကောင်းကောင်း သဘောပေါက်သွားတော့သည်။ သူ့အဖေမှာ ယခုအခါ လူရုပ်မပေါ်တော့။ ပိန်လှီသေးကွေးသော ခန္ဓာကိုယ်အပြင် မျက်လုံးများကလည်း ဟောက်ပက်ဝင်လျက်။ အထူးခြားဆုံးမှာ အာကီအိုကို မြင်သည်နှင့် ထွက်ပြေးနေခြင်း ဖြစ်သည်။
“အဖေ၊ ဘယ်လို ဖြစ်တာလဲ။ ဘာဖြစ်လို့ ရှောင်ပြေးနေရတာလဲ” အာကီအိုသည် အရေခွံများ တွန့်လိပ်နေပြီဖြစ်သော သူ့ဖခင်၏ လက်မောင်းလေးကို ဖမ်းဆုပ်၍ မေးလိုက်သည်။
သူ့ဖခင်မှာ ကလေးတစ်ယောက်လို ကြုံးအော်လိုက်ပြီး အတင်း ရုန်းထွက်ရန် ကြိုးစားနေတော့သည်။
“သူ နင့်ကို မမှတ်မိတော့ဘူး။ ကြည့်ရတာ နင့်ကို သူစိမ်းဦးလေးကြီးတစ်ယောက်လို့ မြင်နေပုံရတယ်” မာဆာအေက သူ့သားကို ရှင်းပြသည်။
“အမေ့ကိုရော။ သူ မှတ်မိသေးလား”
“တစ်ခါတလေတော့ မှတ်မိတယ်။ တစ်ခါတလေမှာ မမှတ်မိဘူး။ တစ်ခါတလေကျပြန်တော့ ငါ့ကို သူ့အမေလို့ ထင်နေတတ်တာ။ ….. ဟိုရှေ့တစ်ခေါက်ကဆိုရင် နင့်နှမကို သူ့မိန်းမလို့ ထင်နေသေးတာ”
သူတို့ ယခုလို စကားပြောနေကြစဉ် အဘိုးကြီးသည် အပြင်ဘက် မြက်ခင်းပြင်တွင် ထိုင်လျက် ကောင်းကင်ကြီးအား မော့ကြည့်နေသည်။ သူတို့ ဘာပြောနေကြသည်ကို လုံးဝ စိတ်မဝင်စားသည့်နှယ်။ အဘိုးကြီး၏ လက်ချောင်းများ နီရဲနေကြသည်ကို အာကီအို သတိထားမိသွားသည်။ အကြောင်းအရင်းကို မေးကြည့်သောအခါ မာဆာအေထံမှ အဖြေကို ထိုသို့ ကြားရ၏။
“သူက အလှပြင်တမ်း ကစားနေတာ”
“အလှပြင်တမ်း?”
“ပြောရရင်တော့ဟာ၊ အမေရဲ့ အလှကုန်ပစ္စည်းတွေကို ယူဆော့တာပေါ့။ သူ့လက်မှာ ပေနေတာတွေက အမေရဲ့ နှုတ်ခမ်းနီဘူးကို ယူဆော့ထားလို့လေ။ ကလေးလေးလိုပါပဲ”
အဘိုးကြီးသည် တစ်ခါတလေတော့ ကလေးလေးတစ်ယောက်လို ဆော့လိုက်၊ တစ်ခါတလေတော့ လူကြီးတစ်ယောက်လို ဖြစ်လိုက်နှင့် မူမမှန်ချင်။ အသေချာဆုံးမှာ တစ်နေ့တခြား မှတ်ဉာဏ်များ ပျက်ယွင်းလာခြင်း ဖြစ်သည်။ သူဘာတွေ လုပ်ခဲ့သည်ကိုပင် သူ့ကိုယ်သူ လုံးဝ မမှတ်မိတော့။
ထိုသို့သော လူတစ်ယောက်နှင့် တစ်နေကုန် အတူတကွ နေထိုင်ရသည်မှာ မည်မျှ ပင်ပန်းခက်ခဲမည် ဖြစ်ကြောင်းကို အာကီအိုအနေဖြင့် မတွေးတတ်။ သို့သော် သေချာသည်မှာ သူ၏ မိခင် မာဆာအေမှာ ယခုအခါ အတော်ပင် ပင်ပန်းနေလေပြီ။
“ဒီကိစ္စက ‘ပင်ပန်းတယ်’ တစ်လုံးတည်းနဲ့ ရှင်းပြလို့ ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး” ဟာရုမိနှင့်သူ၊ နှစ်ဦးတည်း ဆုံဖြစ်သောအခါ ဟာရုမိက သူ့အား မျက်နှာထား တင်းတင်းဖြင့် ပြောခဲ့သည်။ “ရှေ့တစ်ခေါက် ကျွန်မ သူတို့ကို သွားတွေ့တုန်းက အဖေ ဂျီကျနေတာများ အစ်ကို့ကို မြင်စေချင်တယ်။ အမေ့ကို ပြဿနာ ရှာနေတာလေ။ အခန်းတစ်ခန်းလုံးလည်း ရှုပ်ပွလို့။ မီးဖိုခန်းထဲက ပစ္စည်းတွေလည်း အကုန်လုံး မွှေနှောက်ထားလိုက်တာ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတာပဲ။ အဖေက ပြောတယ်။ သူသိမ်းထားတဲ့ လက်ပတ်နာရီ ရှာမတွေ့တော့ဘူးတဲ့။ အမေ ခိုးထားတာပဲ ဖြစ်မယ်တဲ့။ အမေ့ကို အဲဒီလို ပြဿနာ ရှာနေတာ”
“လက်ပတ်နာရီ?”
“ပျက်သွားတာ ကြာပေါ့ အစ်ကိုရာ။ အဖေကိုယ်တိုင်ပဲ လွှင့်ပစ်ခဲ့တာလေ။ အဲဒီလို ရှင်းပြတော့လည်း သူက နားမထောင်ဘူး။ အဲဒီ လက်ပတ်နာရီ မရှိရင် သူ ဘယ်လိုလုပ်ပြီး အပြင်ထွက်ရပါ့မလဲ ဆိုပြီး အမေ့ကို ဂျီကျနေတော့တာ”
“အပြင်သွားမလို့?”
“ကျောင်းသွားမလို့လို့ ပြောတာပဲ။ ကျွန်မလည်း နားမလည်ဘူး။ အဲဒီလို အခြေအနေမျိုးမှာ သူ့ကို သွားပြီး အတင်းအကျပ် လုပ်နေလို့ မရဘူးလေ။ သူ့ကို နာရီ ကူရှာပေးပါ့မယ်လို့ ချော့မော့ ပြောလိုက်မှ ငြိမ်ကျသွားတယ်။ ကျောင်းကို မနက်ဖြန်မှ သွားကြတာပေါ့ လို့လည်း ချော့ထားရသေးတယ်”
အာကီအိုသည် အတွေးများနှင့် ချာချာလည်လျက်။ ထိုကဲ့သို့သော အနေအထားမျိုး၊ အဖြစ်မျိုးကို သူ့ဖခင်ထံတွင် တွေ့ကြုံလာရလိမ့်မည်ဟု ယခုထိ မယုံချင်သေး။
သူတို့၏ စကားများက နောက်နောင် မည်သို့ ဆက်လုပ်ကြမည့် အကြောင်းဘက်သို့ ရောက်လာသည်။ ဟာရုမိသည် သူ၏ ယောက္ခမများနှင့် အတူ နေနေသည်။ သို့သော် အားလျှင် အားသလို သူ့မိခင်ထံသို့ သွား၍ ကူညီပေးတတ်သည်။
“နင်တစ်ယောက်တည်း ဒါတွေ ဝိုင်းကူလုပ်ပေးနေရတာ ငါ စိတ်မကောင်းပါဘူး”
“ဒါပေမယ့် အစ်ကို့ဘက်ကလည်း အဆင်မပြေဘူး မဟုတ်လား”
ယာအေကိုထံမှ ဘာအကူအညီမျှ ရမည် မဟုတ်သည်ကို သဘောပေါက်ကြောင်း အသိပေးလိုက်ခြင်း ဖြစ်သည်။ အမှန် ဖြစ်နေသောကြောင့် အာကီအိုဘက်ကလည်း ဘာမျှ ပြောစရာ မရှိ။
သူ့အဖေ၏ လက်ရှိဖြစ်ပျက်နေသော အခြေအနေအားလုံးကို ယာအေကိုအား အသေးစိတ် ရှင်းပြပြီးသောအခါတွင် သူထင်ထားသည့်အတိုင်း ယာအေကို၏ အမူအရာမှာ အေးတိအေးစက်ပင်။ သူနှင့် နည်းနည်းမျှ မသက်ဆိုင်သလို အမူအရာမျိုးဖြင့် မာဆာအေကို သနားပါသည်ဟုသာ တုန့်ပြန်လေသည်။ အာကီအိုသည် ထိုကဲ့သို့သော ဇနီးသည်ကို အကူအညီတောင်းရန်လည်း အမှန်စင်စစ် လုံးဝ သတ္တိမရှိခဲ့ပေ။
များမကြာမီ အာကီအိုသည် မိဘအိမ်သို့ နောက်တစ်ကြိမ် ရောက်ခဲ့ပြန်သည်။ အိမ်ဝင်းထဲသို့ စဝင်ဝင်ချင်း အနံ့ဆိုးတစ်ခုက သူ့ကို ကြိုဆိုနေလေသည်။ အိမ်သာပျက်နေသောကြောင့် အိမ်သာမှ အနံ့အသက်များ အိမ်ဝင်းထဲ လျှံကျနေသည်ဟု အစက သူ ထင်ခဲ့မိ၏။ အိမ်ခန်းထဲ ဝင်သွားသော အခါမှသာ အနံ့၏ အရင်းမူလကို သိရတော့သည်။ မာဆာအေသည်
သူ့ယောက်ျား၏
လက်များအား သန့်စင်ပေးနေသည်။ သူ့ဖခင်သည် ကလေးတစ်ယောက်ကဲ့သို့ မျက်လုံးများက ကြမ်းပြင်ကို စိုက်ကြည့်ကာ ငူငူကြီး ထိုင်နေသည်။
အဖြစ်မှန် သိနိုင်ရန် မိခင်ကို မေးကြည့်ရသည်။ သူ့ဖခင်သည် သူ၏ သေးခံအဝတ် ဒိုင်ပါထဲမှ မစင်များကို နှိုက်ယူ၍ ကလေးတစ်ယောက်ကဲ့သို့ ဆော့နေခဲ့ခြင်းကြောင့် ဖြစ်သည်။ မာဆာအေသည် တည်ငြိမ်အေးဆေးစွာပင် သူ့ယောက်ျားကို သုတ်သင် သန့်စင်ပေးနေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤသို့ သန့်ရှင်းရေး ပြုလုပ်ပေးနေရခြင်းသည် သူ့အတွက် နိစ္စဓူဝ အလုပ်တစ်ခုကို လုပ်ကိုင်နေရသည့်နှယ်။
မိခင်၏ စိတ်ပျက်ညှိုးရော်နေသော မျက်နှာထားမှာ သိသာနေသည်။ ယခင်က ပြည့်ဖောင်းနေခဲ့ဖူးသော သူ၏ မျက်နှာပြင်မှာလည်း ယခုအခါ နက်ရှိုင်းသော
အရေးအကြောင်းများ၊
လျော့ရဲနေသော အရေပြားများနှင့် ညိုမဲသော မျက်တွင်းချိုင့်ခွက် များဖြင့်သာ ပြည့်နှက်နေတော့သည်။
အာကီအိုသည် သူ့ဖခင်အား လူအိုရုံသို့ ပို့ထားရန် အကြံပြု၏။ ကုန်ကျမည့် စရိတ်ကို သူကပင် ကျခံပါမည်ဟု ပြောဆိုခဲ့သည်။ ထိုစဉ် အနီးတွင် ထိုင်နေသော ဟာရုမိက လှောင်ပြုံးပြုံး၍
“အစ်ကိုက ဘာမှ မသိဘဲကိုး။ ကျွန်မတို့ အဲဒီအကြံကို အစောကြီးကတည်းက ရခဲ့ပြီးသား။ လူအိုရုံတွေဆီလည်း ဆက်သွယ်မေးမြန်းခဲ့ပြီးပြီ။ အလကားပါပဲ။ ဘယ်အဖွဲ့ကမှ အဖေ့ကို လက်မခံချင်ကြဘူး။ ဒါကြောင့်လည်း အမေက အဖေ့ကို အခုချိန်ထိ မဖြစ်မနေ စောင့်ရှောက်နေရတာပေါ့”
“သူတို့က ဘာဖြစ်လို့ လက်မခံရတာလဲ”
“အဖေက အခုချိန်ထိ အားကောင်းမောင်းသန် ရှိတုန်းလေ။ ကလေးဆိုးကြီးလိုပဲ။ ဆူဆူပူပူ လုပ်တတ်တဲ့အပြင် တစ်ခါတလေ အနားမှာ ရှိတဲ့ ပစ္စည်းတွေကို ဟိုလွှင့်ပစ် ဒီလွှင့်ပစ်နဲ့။ တကယ့် ကလေးတစ်ယောက်လို ဆိုလည်း တစ်နေကုန် အိပ်နေရင် တော်သေးရဲ့။ ညဉ့်နက်သန်းခေါင်တောင် ထပြီး ပြဿနာ ရှာချင် ရှာနေတော့တာ။ ဒီလို လူအိုတစ်ယောက်ကို လက်ခံလိုက်ရင် သူ့အတွက် ၂၄ နာရီပတ်လုံး စောင့်ကြည့်ဖို့ လူပိုတစ်ယောက်က ထားပေးရဦးမှာ။ ပြီးတော့ တခြားလူကြီးတွေကိုလည်း အနှောင့်အယှက် ဖြစ်မှာ သေချာတယ်။ ဒီတော့ လူအိုရုံတွေက လက်မခံကြတာ ဘာဆန်းသေးလို့လဲ”
“ဒီလောက်မှ လက်မခံချင်ရင် လူအိုရုံက ဘာလုပ်ဖို့ ထားထားတာလဲ”
“ကျွန်မကို လာမေးလို့ ဘာအသုံးကျမှာလဲ။ ဘာပဲဖြစ်ဖြစ် အခုချိန်ထိ သူ့ကို လက်ခံနိုင်မယ့် လူအိုရုံ ရှိမရှိ စုံစမ်းနေသေးတယ်။ အခုဟာက စောင့်ရှောက်ရေး ဂေဟာတွေကတောင် လက်မခံချင်ကြဘူး”
“စောင့်ရှောက်ရေးဂေဟာ?”
‘ဒါလေးတောင် မသိပါလား’ ဟူသော အကြည့်မျိုးဖြင့် ဟာရုမိသည် သူ့အစ်ကိုအား တစ်ချက် မော့ကြည့်လိုက်သည်။
“နေ့ခင်းဘက်မှာပဲ လူအိုတွေကို စောင့်ရှောက်ပေးတဲ့ ဂေဟာတွေပေါ့။ သူတို့ရဲ့ ဝန်ထမ်းတွေက အဖေ့ကို ရေချိုးပေးမလို့ ပြင်ဆင်နေကြတုန်း အဖေက ဒေါပွပြီး ရမ်းတော့တာပဲ။ တခြား လူအိုတွေရဲ့ ထိုင်ခုံတွေကို ကန်ကျောက်ပစ်တယ်လေ။ တော်သေးတာပေါ့။ တခြားလူကြီးတွေ မထိခိုက်ကြလို့”
ထိုသို့ ကြမ်းရမ်းနေသော သူ့အဖေ၏ ပုံပန်းသဏ္ဌာန်သည် အာကီအို၏ စိတ်ကူးအာရုံထဲ ပုံပေါ်လာသောကြောင့် သူ အတော်လေး စိတ်ရှုပ်သွားသည်။
“အခုချိန်မှာ သူ့ကို ပို့လို့ရတဲ့ နေရာတစ်နေရာတော့ ရှိသေးတယ်။ ဆေးရုံကိုပဲ။ ရိုးရိုးဆေးရုံတော့ မဟုတ်ဘူး။
စိတ်ကျန်းမာရေး
ဆေးရုံမှ ရမယ်”
“
စိတ်
ကျန်းမာရေးဆေးရုံ
?”
“အစ်ကို မသိဘူး မဟုတ်လား။ အခုဆိုရင် တစ်ပတ်ကို နှစ်ကြိမ် အဲဒီမှာ သွားပြနေရတယ်။ ဆရာဝန်ရဲ့ ဆေးက တည့်လို့ထင်တယ်။ အခုဆိုရင် အရင်ကလောက် မသောင်းကျန်းတော့ဘူး။ အဲဒီ ဆေးရုံကတော့ အဖေ့ကို လက်ခံနိုင်လောက်တယ်”
ဤအကြောင်းကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ သူ တကယ်ကို သူစိမ်းပြင်ပြင် ဖြစ်နေပါပြီကော။ မိမိ၏ ဖခင် ဘာတွေဖြစ်လို့၊ ဘယ်လိုနေရသည်၊ ဘယ်ဆရာဝန်နှင့် ကုသနေရသည်ကိုပင် သူတစ်ခုမျှ ဂဃနဏ မသိ။ သူ့မိခင်နှင့် နှမတို့ကလည်း သူ့ကို သူစိမ်းတစ်ယောက်အဖြစ်သာ သတ်မှတ်ထားခဲ့ကြပြီ။ အားကိုးလို့ မရ။
“ဒါဆိုလည်း အဲဒီ ဆေးရုံမှာ တက်ဖို့ စီစဉ်လိုက်လေ။ ပိုက်ဆံကို ငါ ……”
ဟာရုမိသည် ချက်ချင်းပင် ခေါင်းခါလိုက်သည်။
“ကာလတိုလောက် နေတာ ကိစ္စမရှိဘူး။ လချီပြီးတော့ နေလို့ မရဘူး”
“ဘာဖြစ်လို့လဲ”
“ဆေးရုံရဲ့ စည်းကမ်းအရ အိမ်မှာ မပြုစုနိုင်တဲ့ လူနာကိုပဲ ကာလရှည် ဆေးရုံတက်ခွင့် ပေးတာ။ အဖေရဲ့ လက်ရှိ အခြေအနေက အိမ်မှာ စောင့်ရှောက်နေလို့ ရနေသေးတယ်။ အခု တကယ်လည်း အမေက စောင့်ရှောက်နေတာပဲလေ။ တခြားဆေးရုံတွေလည်း ထပ် စုံစမ်းကြည့်ပါဦးမယ်”
“ထားလိုက်ပါတော့” မာဆာအေက ကြားဖြတ် ဝင်ပြော၏။ “နေရာတကာက ငြင်းတာကို ခံနေရတော့ အမေလည်း စိတ်ကုန်နေပြီ။ ဆက်မမေးချင်တော့ဘူး။ ဒီအိမ်ကြီး သာတောင့်သာယာ ဖြစ်ဖို့အတွက် နင်တို့အဖေက တစ်သက်လုံး ကုန်းရုန်း ကြိုးစားခဲ့ရတာ။ အမေ သူ့ကို ဒီအိမ်ထဲမှာပဲ ပြုစုစောင့်ရှောက်ချင်တယ်”
“ဒါပေမယ့် ဒီလိုသာ ဆက်သွားရင် အမေရဲ့ ခန္ဓာကိုယ်ကလည်း ခံနိုင်မှာ မဟုတ်တော့ဘူး”
“အစ်ကိုသာ အဲဒီလို စိုးရိမ်မိတာ အမှန်ဆိုရင် အမေ့ကို ကူဖို့ တစ်ခုခု စီစဉ်ဦး” ဟာရုမိသည် သူ့အစ်ကိုကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ “ဒါပေမယ့် အစ်ကို ဘာမှ မတတ်နိုင်ဘူး မဟုတ်လား”
“ငါ့မိတ်ဆွေတွေဆီ စုံစမ်းကြည့်ပါဦးမယ်။ သူတို့ အဆက်အသွယ်နဲ့ အဖေ့ကို လက်ခံမယ့် လူအိုရုံ ရှိလိုရှိငြားပေါ့”
ဟာရုမိသည် သက်ပြင်းချကာ သူမေးလို့ရသမျှ အကုန်လုံးကို မေးပြီးပြီ ဖြစ်ကြောင်း ပြန်ပြော၏။
သူ့အမေအတွက် ကူညီပေးချင်စိတ် ရှိသော်လည်း သူ ဘာမျှ မလုပ်တတ်။ ဤကဲ့သို့ပင် အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်လာခဲ့သည်။ မာဆာအေရော ဟာရုမိပါ သူ့ထံတွင် သူ့အဖေအကြောင်း မြည်တမ်းနေခြင်း မရှိကြတော့။ သူ့ကို လုံးဝ မမျှော်လင့်တော့တာလည်း ဖြစ်မည်။ ထိုသို့ မဆက်သွယ်ကြတော့သည်ကိုလည်း
သူကတော့
အရေးမကြီးသလိုသာ သဘောထားလိုက်သည်။ သူနှင့် မဆိုင်သလို ဘာမျှလည်း မမေးမမြန်းတော့။ အလုပ်မှာသာ အချိန်များများ ဖြုန်းနေတော့သည်။ အရာအားလုံးထက် သူ့အလုပ်ကသာ ပိုပြီး အရေးကြီးနေသလို။ မိမိကိုယ်ကိုယ် အပြစ်မတင်နိုင်ရန် အလုပ်ကို အကြောင်းပြနေခဲ့သည်။ သူ့မိဘများကိုလည်း ဆက်သွယ်မေးမြန်းခြင်း မပြုတော့။
ထိုကဲ့သို့ ပုန်းရှောင်နေရင်း လအနည်းငယ် ကြာသောအခါ သူ့ဖခင်သည် ကုတင်ပေါ်မှ လုံးဝ မထနိုင်တော့ကြောင်း သူ့နှမထံမှ သိခဲ့ရသည်။ လူရုပ် မပေါ်တော့သည့်အပြင် စကားကိုပင် ပီသအောင် မပြောနိုင်တော့ပြီ။
“ကြည့်ရတာ အဖေလည်း သိပ်ခံတော့မယ် မထင်ဘူး။ နောက်ဆုံးအနေနဲ့တော့ သွားကြည့်ဖို့ကောင်းတယ်” ဟာရုမိက အေးတိအေးစက် လေသံဖြင့် ပြောသည်။
မိဘအိမ်သို့ အာကီအို ရောက်သွားသောအခါ ခုတင်ပေါ်တွင် လဲလျောင်းနေသော သူ့ဖခင်ကို မြင်ရသည်။ တစ်နေကုန်လုံး လဲလျောင်းလျက် သတိမရှိတော့သော လူတစ်ယောက်ကဲ့သို့။ မာဆာအေက သေးခံအဝတ်ကို လဲပေးသည့်အခါတွင်မှ သူ့မျက်လုံးများ ပွင့်လာကြသည်။ ထိုသို့ မျက်လုံးဖွင့်ကြည့်သည်မှာလည်း တစ်ခုခုကို မှတ်မိသောကြောင့် မဟုတ်။ သူ၏ အကြည့်များက အဝေးတစ်နေရာသို့သာ။
အာကီအိုသည် သူ့မိခင်နှင့်အတူ ကူညီ၍ သေးခံအဝတ်ကို လဲပေးခဲ့သည်။ ထိုအခါကျမှ လုံးဝ မလှုပ်ရှားနိုင်သော လူတစ်ယောက်သည် ခုတင်ပေါ်တွင် မည်မျှ လေးလံကြောင်း ကိုယ်တွေ့ နားလည်လိုက်ရသည်။ အမေအိုတစ်ယောက်တည်း
နေ့စဉ်နှင့်အမျှ
ထိုကဲ့သို့ လေးလံသော ခန္ဓာကိုယ်အောက်ပိုင်းကို မချီ၍ သေးခံဒိုင်ပါ လဲပေးနေရသည်မှာ မည်မျှ ပင်ပန်းနိုင်ကြောင်း ကိုယ်ချင်းစာမိတော့သည်။
“အမေ၊ ဒီလိုပဲ နေ့တိုင်း လုပ်ပေးနေရတာလား” သူက စိတ်မသက်မသာဖြင့် မေးသည်။
“အင်း အမေပဲ လုပ်ရတာပေါ့။ ဒါပေမယ့် သူအခုလို ခုတင်ပေါ်မှာ မလှုပ်မယှက် နေနေတော့ အရင်ကထက် သက်သာရာ ရတာပေါ့။ အရင်လို ပြဿနာ မရှာနိုင်တော့ဘူးလေ” အရှေ့တစ်ခေါက်ကထက် ပိုမို ချောင်ကျသွားသော မျက်နှာမှ မချိပြုံးပြုံးလျက် မာဆာအေက ပြန်ဖြေသည်။
ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ခုတင်ပေါ်တွင် လဲလျောင်းနေသော သူ့ဖခင်ကို ကြည့်ပြီး ခပ်မြန်မြန် သေသွားသည်ကမှ ပို၍ ကောင်းဦးမည်ဟု ပထမဆုံးအကြိမ် တွေးလိုက်မိသည်။ ထိုသို့ ဖွင့်ပြောရန် မသင့်သော သူ၏ ဆန္ဒသည် နောက်နှစ်ဝက်အကြာတွင် ဖြစ်မြောက်လာတော့သည်။ ထုံးစံအတိုင်း ထိုသတင်းကို သူ့ထံ ဆောင်ယူလာသူမှာ ဟာရုမိပင် ဖြစ်သည်။
အာကီအိုတို့ မိသားစု သုံးယောက်သည် မိဘအိမ်သို့ အပြေးရောက်သွားခဲ့သည်။ နာအိုမီအတွက်တော့ အရာရာသည် အထူးအဆန်းများလို သူစိမ်းဆန်ဆန် ဖြစ်နေသည်။ နို့စို့အရွယ်လောက်ကသာ ရောက်ခဲ့ဖူးသော ထိုအိမ်ကို သူ့အနေဖြင့် မည်သို့မျှ မှတ်မိစရာ အကြောင်းမရှိပေ။ အဘိုးအရင်း၏ ရုပ်ပုံသည်ပင် သူ့ မှတ်ဉာဏ်ထဲတွင် မရှိ။ လုံးလုံးပင် မမှတ်မိတော့။ ထို့ကြောင့် ထိုအဘိုး ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရသောအခါ၊ မြင်ရသောအခါတွင်လည်း သူ့အတွက် ဝမ်းနည်းစရာ မမြင်။ စိတ်မကောင်းပင် ဖြစ်စရာ မလိုခဲ့။
အဘိုးအိုသည် ညအချိန်တွင် သူ၏ နောက်ဆုံး ထွက်သက်ကို မှုတ်ထုတ်သွားသည်ဟု ဆိုသည်။ ထို့ကြောင့် သူ ဒီလောကမှ ထွက်ခွာသွားကြောင်းကို သူ၏ မယားကပင်
သတိမထားမိခဲ့ချေ။
ဟုတ်သည်လေ။ တစ်ခန်းတည်း အတူတူ ရှိနေသည်ပဲ ထားဦး။ အဘိုးအိုကို စောင့်ကြည့်နေသူကပင် သူ့အား အိပ်နေသည်ဟုသာ ထင်စရာ အကြောင်းရှိ၏။
မိမိတွင် အပြစ်ရှိသည်ဟု အနည်းငယ်မျှ မခံစားရသော မရီးဖြစ်သူအား လုံးဝ မကျေမနပ် ဖြစ်နေသူမှာ ဟာရုမိ။ ယာအေကိုအနေဖြင့် ယောက္ခမကြီး နာမကျန်းဖြစ်စဉ် ကာလတစ်လျှောက်လုံး မပြုစု မစောင့်ရှောက်ခဲ့မိသည့်အတွက် အနည်းဆုံးတော့ တောင်းပန်စကား ပြောကြားလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ နောက်ဆုံး စိတ်ထဲ မပါတောင် ဟန်ဆောင်ပန်ဆောင်ဖြင့် တောင်းပန်သင့်သည်ဟု ဟာရုမိက သူ့အစ်ကိုအား ပြောခဲ့သည်။
“အဖေ သေမှပဲ ပေါ်တော်မူတော့တယ်။ အတော် ရယ်စရာ ကောင်းတာပဲ။ ကျွန်မတို့အိမ်ကို ဒီလောက် အမြင်ကပ်နေရင် အခုလည်း
လာမနေ
ပ
ါနဲ့တော့လား
”
အာကီအိုသည် အားနာသော မျက်လုံးများဖြင့် “ငါသူ့ကို ပြောလိုက်ပါမယ်” ဟု
တိုး
လျှို
းတောင်းပန်၏။
“နေပါစေ။ သွားပြောမနေပါနဲ့။ အစ်ကိုကလည်း ကျွန်မရှေ့မှာမို့ ပြီးပြီးရော ပြောတာပဲ နေမှာပါ”
သူ့နှမ၏ စကားများက သူ့ချက်ကောင်းကို ထိသွားသောကြောင့် သူ ခေါင်းငုံ့သွားခဲ့သည်။
ဖခင်၏ ကွယ်လွန်ခြင်းသည် အနည်းဆုံး သူ့မိခင်အတွက်တော့ သက်သာရာတစ်ခု ဖြစ်သွားသည်ဟု သူ ယူဆသည်။ သူ့အတွက် နှစ်ရှည်လများ ဖိစီးခဲ့သော ဖိအားမှာလည်း
လျ
ော့
ကျသွားသည်ဟု
သူ ခံစားရသည်။ သူ့အတွက် စိတ်ရှုပ်စရာ ကိစ္စတစ်ခု ပြီးပြတ်သွားလေပြီ။
သို့သော် တည်ငြိမ်အေးဆေးသော အချိန်တို့သည် ကြာကြာ မခံလိုက်။ သူ့ဖခင် ဆုံးပြီး သုံးနှစ်လောက်အကြာတွင် မာဆာအေ ဆေးရုံတက်ခဲ့ရသည်။ တံမြက်စည်းလှည်းရင်း ချော်လဲရာမှ ခြေချင်းဝတ်အရိုး ကျိုးသွားခဲ့ခြင်း ဖြစ်သည်။
သူ၏
အသက်အရွယ်ကလည်း ကြီးရင့်နေပြီ။ အရိုးများကလည်း အနည်းငယ် ပွနေပြီ ဖြစ်သောကြောင့် ခွဲစိတ်ကုသပြီးလျှင်လည်း အရင်ကကဲ့သို့ ပုံမှန်အနေအထား သွားလာ လှုပ်ရှားနိုင်ကြတော့မည် မဟုတ်ပေ။ ဘယ်သွားသွား တုတ်ကောက် ဆောင်ရတော့မည်။ လှေကားများပေါ်သို့လည်း တက်နိုင်တော့မည် မဟုတ်ချေ။
ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့နေရသော မိခင်ကို တစ်ယောက်တည်း ပစ်ထားရန် မည်သို့မျှ မဖြစ်နိုင်တော့ပြီ။ ထို့ကြောင့် မိခင်ကို သူတို့နှင့်အတူ ခေါ်ထားရန် အာကီအို ဆုံးဖြတ်လိုက်သည်။ ထိုကိစ္စကို ယာအေကိုက မည်သို့မျှ ကြည်ဖြူနိုင်စရာ အကြောင်းမရှိ။
“ကျွန်မကို ဒုက္ခမပေးပါဘူးလို့ ရှင် တစ်ခါက ကတိပေးခဲ့ဖူးတယ်နော်”
“အတူတူ နေရုံပဲဟာ။ ဘာဒုက္ခပေးနိုင်မှာမို့လဲ”
“ကျွန်မက ဘယ်လိုလုပ်ပြီး ယုံရမှာလဲ”
“အမေက ခြေထောက်ပဲ မကောင်းတာလေ။ ကျန်တာ အကုန်လုံး သူ့ဘာသာသူ စောင့်ရှောက်နိုင်နေသေးတာပဲ။ နောက်ဆုံး သူနဲ့ ငါတို့
တစ်
အိုး
စီ
ခွဲစားလည်း ရတာပဲ။ ဒီလို ခြေထောက်မသန်တဲ့ အမေကို တစ်ယောက်တည်း ပစ်ထားရင် လူတွေက ငါ့ကို ဘယ်လို ပြောကြတော့မလဲ။ နင်ပဲ စဉ်းစားကြည့်”
နာရီများစွာ ချော့မော့စည်းရုံးပြီး အဆုံးတွင် ယာအေကိုထံမှ သဘောတူညီမှု ရခဲ့တော့သည်။ အမယ်အိုကို စာနာထောက်ထား လာ၍တော့ မဟုတ်။ မိခင်၏ ခြံဝင်းထဲသို့ သူတို့အားလုံး ပြောင်းနေကြကာ ထိုခြံဝင်းကို မောင်ပိုင်စီးနိုင်တော့မည်ဟု သဘောပေါက်လိုက်သောကြောင့် ဖြစ်သည်။ နိုင်ငံ၏ စီးပွားရေးကလည်း အခြေအနေ မကောင်း။ လင်တော်မောင်၏ လစာကလည်း မတက်ဘဲ တန့်နေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ ထို့ကြောင့် ကိုယ်ပိုင် အိမ်ဝင်းခြံဝင်းဖြင့် နေလိုသော ယာအေကို၏ အိပ်မက်များမှာ သူ့လင်သား၏ လုပ်စာဖြင့်တော့ အကောင်အထည်ပေါ်ဖို့ လမ်းမမြင်နိုင်ပြီ။
“အတူနေတယ်ပဲထား
၊
ကျွန်မကတော့
အရင်ကအတိုင်း နေတတ်သလို နေမှာပဲ။ ဘာမှ ပြောင်းလဲပေးစရာ အကြောင်းမရှိဘူးနော်” ထိုသို့သော တောင်းဆိုချက်ဖြင့် ယောက္ခမဖြစ်သူ မာဆာအေနှင့် အတူနေရန် သဘောတူခဲ့သည်။
လွန်ခဲ့သော သုံးနှစ်က သူတို့အားလုံး မိခင်အိမ်သို့ ပြောင်းလာခဲ့ကြခြင်း ဖြစ်သည်။ ထိုအိမ်သို့ မပြောင်းခင် အခန်းတွင်း ပြင်ဆင်မှုတချို့ ပြုလုပ်ခဲ့ကြသေးသည်။ အိမ်တွင်း အပြင်အဆင်များအားလုံး အသစ်ကဲ့သို့ ဖြစ်အောင် ပြောင်းလဲပစ်ခဲ့ပြီးနောက် ယာအေကိုက ကျေနပ်နေသော လေသံဖြင့် “အိမ်ကြီးကြီးနဲ့ နေရတာ တယ် ကောင်းတာပဲ” ဟု ရေရွတ်ခဲ့၏။ လုံးဝ ထင်မှတ်မထားသော အချက်မှာ ယောက္ခမဖြစ်သူ မာဆာအေကို တရိုတသေဖြင့် “အမေ လိုတာရှိရင် ပြောနော်” ဟု ဆိုလိုက်သေးသည်။
တောင်ဝှေးတစ်ချောင်းကို လက်ဖြင့် ထောက်ထားလျက် မာဆာအေကလည်း အပြုံးများနှင့် ကျေနပ်နေလေသည်။ ချွေးမအား အိမ်ခြံဝင်းအနှံ့ လိုက်ပြပြီး လုပ်ဖွယ်ဆောင်တာတို့ကို အသားကျအောင် လိုက်လံရှင်းပြနေလေသည်။ ထိုသို့ လိုက်လံရှင်းပြနေစဉ် သူ၏ လက်သုံးတောင်ဝှေးမှ ခြူသံတို့သည် တချွင်ချွင် မြည်လျက်။
ထိုမြင်ကွင်းများကို ကြည့်လျက် အကြည်နူးကြီး ကြည်နူးနေသူမှာ အာကီအို။ ထိုသို့ ယှဉ်တွဲ နေနိုင်သွားလျှင် သူ့အတွက် ရှေ့လျှောက် ပူစရာ မရှိတော့။ သူ၏ ရင်တွင်းမှ လေပူများကို ခံတွင်းမှ မှုတ်ထုတ်လိုက်မိသည်။
သူ့အတွက် လောကရှိ ပြဿနာများ အားလုံး ပြေလည်သွားသည့်နှယ်။ နောက်နောင် စိတ်ပူစရာ မလိုတော့ပြီဟု သူ ယူဆလိုက်သည်။ သို့သော် …..
ဘဝဇာတ်ဆရာက ဘဝကြီး တည်ငြိမ်နေသည်ကို ကြိုက်ဟန်မတူ။ ထိုနေ့မှ စကာ သူ့အတွက် စိတ်ပူပန်စရာတို့သည် အရိပ်သဖွယ် စက္ကန့်မလပ် သူ့နောက်မှ
တကောက်ကောက်
လိုက်လာပြန်တော့သည်။