နောက်ရပ်မည့် မှတ်တိုင်၏ အမည်ကို အော်သံကြားလိုက်အခါတွင် အာကီအိုသည် အတိတ်အိပ်မက်ထဲမှ လန့်နိုးလာသည်။ ယခုရပ်မည့် မှတ်တိုင်တွင် သူ ဆင်းရမည်။ ထို့ကြောင့် လူများကို တိုးဝှေ့ကာ တံခါးအနားသို့ ထွက်လာခဲ့သည်။
ဘတ်စ်ကား နောက်တစ်ဆင့် ထပ်စီးရဦးမည်။ ဘတ်စ်ကားမှတ်တိုင်မှာလည်း ကားစောင့်သည့် လူများဖြင့် ပြည့်နှက်နေသည်။ သူမျှော်သော ဘတ်စ်ကားက လာနိုင်သေးမည် မဟုတ်ကြောင်း သိသောကြောင့် လူအုပ်ကြားထဲတွင် မနေတော့ဘဲ လူရှင်းရာ လမ်းဘေးသို့ ထွက်လာခဲ့သည်။ ထိုစဉ် လမ်းဘေးတွင် ရောင်းနေသော မုန့်ဆိုင်တန်းလေးဆီမှ မုန့်နံ့များ သူ့နှာခေါင်းထဲသို့ ဝင်လာကြသည်။ သူ့အမေ ကြိုက်တတ်သော ဖက်ထုပ်ပေါင်း။
“ယူဦးမလား ဦးလေး” သူစိုက်ကြည့်နေသည်ကို သတိထားမိသော အရောင်းဝန်ထမ်း မိန်းကလေးက အပြုံးဖြင့် လှမ်းမေးလိုက်သည်။
သူသည် သူ၏ ဘောင်းဘီအိတ်ကပ်ထဲသို့ လက်နှိုက်လိုက်သောအခါ ပိုက်ဆံအိတ်ကို စမ်းမိသည်။ ထိုစဉ်မှာပင် သူ၏ စိတ်အာရုံထဲတွင်
စူ
ပုပ်နေသော
ယာအေကို၏ မျက်နှာက ရုတ်တရက် ထင်လာ၏။ အိမ်တွင် ဘာပြဿနာ ဖြစ်နေသည်ကို သူ မသိရသေးပေ။ အကယ်၍ သူ့အမေကြိုက်သော ဖက်ထုပ်ပေါင်းများကို ဝယ်သွားမိလျှင် အခန့်မသင့်ပါက မီးလောင်ရာ လေပင့်လိုက်သလို ဖြစ်သွားနိုင်သည် မဟုတ်ပါလား။
“တော် …. တော်ပြီ။ မယူတော့ပါဘူး” စိတ်မကောင်းစွာ သူ မျက်နှာလွှဲလိုက်သည်။
ထိုစဉ် အသက် ၃၀ ပတ်ချာလည်လောက် ရှိမည့် ယောက်ျားတစ်ယောက်သည် မုန့်ဆိုင်တန်းဆီသို့ ဦးတည်ပြီး ခပ်သုတ်သုတ် လျှောက်လာသည်။
“ကျေးဇူးပြုပြီး ပန်းရောင် ဇာအင်္ကျီနဲ့ ကလေးမလေးတစ်ယောက်ကို တွေ့မိလား မသိဘူး ခင်ဗျ။ ၇ နှစ်အရွယ်လောက်ပါ”
အသံကြားရာဘက်သို့ အာကီအို လှည့်ကြည့်မိသည်။ ထိုအမျိုးသားသည် ဓာတ်ပုံပြ၍ အရောင်းဝန်ထမ်းများကို မေးမြန်းနေခြင်း ဖြစ်သည်။
“ဒီလောက်လောက် မြင့်တယ်ခင်ဗျ။ ဆံပင်က ကုတ်ဝဲနဲ့”
အရောင်းဝန်ထမ်း မိန်းကလေးက တစ်ခဏ စဉ်းစားနေပြီး “သူက တစ်ယောက်တည်းလား”
“ဟုတ်လောက်မယ်”
“ဒါဆိုရင်တော့ မတွေ့မိဘူးရှင့်”
ထိုအမျိုးသားမှာ စိတ်ပျက်သွားသည့်ပုံ။ ထို့နောက် တခြားဆိုင်များသို့ ကူးသွားကာ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ဓာတ်ပုံပြ၍ ထိုမေးခွန်းကိုသာ ထပ်ခါထပ်ခါ မေးနေလေတော့သည်။
ကလေးပျောက်နေတာပဲ ဖြစ်မည်ဟု အာကီအို တွေးလိုက်သည်။ ယခုလို ညအချိန်မတော်တွင် ၇ နှစ်သမီးတစ်ယောက် အိမ်ပြန်မရောက်သေးသောကြောင့် လူကြီးများ စိတ်ပူပြီး လိုက်လံမေးမြန်း စုံစမ်းတတ်သည်မှာ ဓမ္မတာပင်။ ထိုအမျိုးသားမှာ ဤအနီးနားဝန်းကျင်တွင် နေသောသူ ဖြစ်ရပေမည်။
သူစီးမည့် ဘတ်စ်ကား ရောက်လာသောအခါ တခြားလူများနည်းတူ ကားပေါ်သို့ တိုးတက်သွားခဲ့သည်။ ဤကားသည်လည်း လူ
များ
နှင့်
ပြည့်သိပ်ကျပ်ညပ်လျက်။
ခေါင်းပေါ်မှ တန်းကို လှမ်းကိုင်လိုက်သောအခါတွင် စောစောက အမျိုးသားကို သူ လုံးဝ မေ့ပျောက်သွားလေပြီ။
ဆယ်မိနစ်သာသာ ကားစီးပြီးသောအခါ မှတ်တိုင်၌ ဆင်းရပြန်သည်။ မှတ်တိုင်မှ နောက်ထပ် ၅ မိနစ်ခန့် လမ်းလျှောက်လိုက်သောအခါ တစ်လမ်းသွား ကတ္တရာ လမ်းငယ်များနှင့် အကွက်ချ ပုံဖော်ထားသော လူနေရပ်ကွက်ထဲသို့ ရောက်ရှိလာသည်။ မြေဈေးများ ကောင်းစဉ်အခါက သူတို့အိမ်ကဲ့သို့ ၁၀၀ စတုရန်းမီတာ အကျယ်ရှိသော မြေကွက် တစ်ကွက်လျှင် ယန်းငွေ သိန်း (၁၀၀၀) အထိ ဈေးပေါက်ခဲ့ဖူးသည်။ ထိုစဉ်က အိမ်ကို ရောင်းပစ်ရန် သူ့မိဘများအား မတိုက်တွန်းခဲ့မိသည်ကို နောင်တရနေသည်။ သိန်း (၁၀၀၀) သာ ရမည် ဆိုလျှင် မိဘနှစ်ပါးကို အခပေး လူအို စောင့်ရှောက်ရေး ဂေဟာတွင် အပ်နှံထားနိုင်မည် ဖြစ်သည်။ ထို့နောက် လက်ကျန်ငွေဖြင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတစ်ခု လုပ်ခဲ့မည် ဆိုပါက ယခုအခါတွင် မိမိတို့ အနှစ်နှစ် အလလက တောင့်တမျှော်မှန်းခဲ့ရသော ကိုယ်ပိုင်အိမ်တစ်လုံးကိုလည်း ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်နေပေလိမ့်မည်။ ထိုသို့ဆိုလျှင် ယခု ရင်ဆိုင်နေရသော အကျပ်အတည်းများမှလည်း အလိုအလျောက် ရှောင်ဖယ်ပြီးသား ဖြစ်သွားနိုင်သည် မဟုတ်ပါလား။ ဘာမျှ ပြန်ပြင်၍ မရသော အတိတ်မှန်း သိပါလျက်နှင့်ပင် သတိရတိုင်း နောင်တရနေမိတော့သည်။
အာကီအို ရောင်းထုတ်ပစ်ချင်ခဲ့သော အိမ်ရှေ့သို့ ရောက်သောအခါ တစ်ခြံလုံး မှောင်မဲနေ၏။ အိမ်ဝင်းထဲသို့ ဝင်ရန် ခြံဝင်းတံခါးအား တွန်းဖွင့်လိုက်သောအခါ သော့ခတ်ထားသည်ကို တွေ့ရသည်။ ‘ဒီနေ့ တယ် ထူးဆန်းနေပါလား’ ဟု တွေးရင်း သူ့တွင်ပါသော သော့ဖြင့် တံခါးဖွင့်လိုက်သည်။ ယခင်က ဤခြံဝင်းတံခါးကို သော့ခတ်ထားရန် ယာအေကိုကို မကြာခဏ သတိပေးခဲ့ရသည်။ ယခင်က သူပြန်ရောက်တိုင်း ခတ်ထားလေ့ မရှိခဲ့။
အိမ်တွင်းမှာလည်း မှောင်မဲနေပြီး အိမ်အပြင် လမ်းမီးလည်း ပိတ်ထားသည်။ အာကီအိုက ကြည့်ရင်း နားမလည်နိုင်အောင် ဖြစ်နေသည်။ လူတစ်ယောက်မျှ မနေတော့သော အိမ်ဝင်းတစ်ဝင်းထဲသို့
ဝင်သွားရသကဲ့သို့
ခံစားနေရသည်။
အိမ်ထဲဝင်ရန် ဘိနပ်ချွတ်နေစဉ် အိမ်တံခါးမကြီးမှာ ရုတ်တရက် ကျွီခနဲ ပွင့်သွား၍ သူ ထိတ်လန့်သွားသည်။ ယာအေကိုသည် ခြေသံဖွဖွဖြင့် အပြင်ထွက်လာသည်။ အိမ်နေရင်း ဝတ်သော အနက်ရောင် ပွင့်ရိုက် ခြည်အင်္ကျီလက်ပြတ်နှင့် ဘောင်းဘီရှည်ကို ဝတ်ထားသည်။ အိမ်တွင် နေနေလျှင် သူ စကတ်ဝတ်လေ့ မရှိပေ။
“ပြန်လာတာ အရမ်း နောက်ကျတာပဲ” စိတ်ဆင်းရဲနေသော လေသံဖြင့် သူက မေးလိုက်သည်။
“နင်နဲ့ ဖုန်းပြောပြီးပြီးချင်း ပြန်လာ …..” ယာအေကို၏ မျက်နှာကို မြင်လိုက်ရသောကြောင့်
ပြောနေရင်
းတ
န်းလန်း
ဆက်မပြောတော့ဘဲ ရပ်တန့်သွားသည်။ သူ၏ မျက်နှာက
ဖြူဖ
ပ်
ဖြူရော်၊
မျက်လုံးများက နီရဲလျက်။ မျက်စိအောက်နားမှ မျက်ကွင်းညိုညိုများကြောင့် နေ့ချင်းညချင်း အိုစာသွားသလို ထင်ရသည်။
“ဘာဖြစ်တာလဲ”
ယာအေကိုက ချက်ချင်း အဖြေမပေးသေးဘဲ သက်ပြင်းသာ ချနေသည်။ ရှုပ်ပွနေသော သူ့ခေါင်းကို
တ
ဗျင်
း
ဗျ
င်းမြည်အောင်
ကုတ်လိုက်ပြီး ခေါင်းကိုက်သောသူကဲ့သို့ သူ့ခေါင်းကို နှိပ်နေတော့သည်။ တစ်ခဏ ကြာသောအခါမှ ထမင်းစားခန်းဘက် လက်ညှိုးထိုးပြ၏။ “ဟိုဘက်မှာ”
“ဘာ ဟိုဘက်မှာလဲ”
ယာအေကိုသည် ထမင်းစားခန်း တံခါးကို ဖွင့်လိုက်သည်။ အခန်းထဲမှာလည်း
မှောင်နှင့်မည်းမည်း။
ထမင်းစားခန်းထဲမှ အနံ့ဆိုးတစ်ခု အပေါက်ဝသို့ တွန်းကန် ထွက်လာသည်။ အမှိုက်တောင်းကို သေချာ ပိတ်မထားသောကြောင့် ထွက်ပေါ်လာသော အနံ့ဆိုးပေလော။
အနံ့ဆိုးလာရာကို
လိုက်ရှာနိုင်ရန် အာကီအိုသည် အခန်းနံရံမှ မီးခလုတ်ရှိရာသို့ လက်ဖြင့် စမ်းနေ ရှာနေသည်။
“မီးမဖွင့်နဲ့” အသံတိုးသော်လည်း မာထန်သော လေသံဖြင့် ယာအေကိုက ပြောလိုက်သည်။ သူ့အသံကြောင့် အာကီအို၏ လက်မှာ အလိုလို ရုပ်သွားခဲ့သည်။
“ဘာဖြစ်လို့လဲ”
“ရှင် …. ရှင် ပန်းခြံထဲ ကြည့်ကြည့်ပါလား”
“ပန်းခြံထဲ ?”
အာကီအိုသည် ကုလားထိုင်ဘေးတွင် သူ၏ လက်ဆွဲအိတ်ကို ချထားပြီး ပန်းခြံဘက်ဆီ လှမ်းကြည့်နိုင်သော ပြတင်းပေါက်နားသို့ လျှောက်သွားသည်။ စေ့နေအောင် ပိတ်ထားသော ပြတင်းပေါက် လိုက်ကာကို ဖြေးဖြေးချင်း ဖွင့်ကြည့်လိုက်သည်။
ပန်းခြံဟု ဆိုရသော်လည်း ဟန်ပြသက်သက်သာ ဖြစ်သည်။ မြက်ခင်းပြင်ကို ကျကျနန စိုက်ပျိုးထားသော်လည်း ခြောက်စတုရန်းမီတာကျော်သာ ကျယ်ဝန်းသည်။ အိမ်အနောက်ဘက်တွင်တော့ ထို့ထက် ကျယ်ဝန်းသော မြေကွက်လပ် ရှိသည်။
အာကီအိုသည် အမှောင်ထဲသို့ ကြိုးစားပြီး လိုက်ကြည့်နေသည်။ အုတ်နံရံ အနားတွင် အမဲရောင် ပလတ်စတစ်အိတ်လိုလို အိတ်ကြီးတစ်လုံးကို လှမ်းမြင်နေရသည်။ သူက အူတိအူကြောင်ဖြင့် စိုက်ကြည့်နေဆဲ။ အမှိုက်ထည့်ပြီး လွှင့်ပစ်ရန် အသုံးပြုသော အနက်ရောင်အိတ်မျိုး ဖြစ်မှန်း သိသော်လည်း ယခုမြင်နေရသော အထုပ်မှာ တော်တော်ကြီးသည်။ အမှိုက်အိတ်တော့ မဖြစ်နိုင်။
“အဲဒီ ပလတ်စတစ်အိတ်က ဘယ်လို ဖြစ်ရတာလဲ”
အာကီအိုသည် ဤသို့ မေးမြန်းလိုက်သောအခါ ယာအေကိုသည် မည်သို့မျှ ပြန်မဖြေဘဲ သူ့လက်ထဲသို့ ပစ္စည်းတစ်ခု ထည့်ပေးလိုက်၏။ လက်နှိပ်ဓာတ်မီးတစ်လက်။
အာကီအိုသည် ယာအေကိုကို တစ်ချက် စိုက်ကြည့်လိုက်သည်။ ယာအေကိုကတော့ အကြည့်ကို ရင်မဆိုင်ရဲသည့်နှယ် မျက်နှာကို လွှဲဖယ်လိုက်သည်။ သူ အပြင်တံခါးသို့ လျှောက်သွားနေစဉ်မှာပင် လက်နှိပ်ဓာတ်မီးခလုတ်ကို ဖွင့်လိုက်သည်။ သူ ထိုအနီးသို့ရောက်၍ ဓာတ်မီးဖြင့် သေချာထိုးကြည့်သည်။ ထိုအခါမှ ပလတ်စတစ်အိတ်၏ အပြင်ဘက်သို့ ထိုးထွက်နေသော တစ်စုံတစ်ရာကို သတိထားမိတော့သည်။ သူသည် ခါးကိုင်း၍ ပလတ်စတစ်အိတ်အောက်မှ ထို တစ်စုံတစ်ရာကို စူးစမ်းကြည့်နေသည်။ သူမြင်လိုက်ရသည်က ခြေအိတ်အဖြူ စွပ်ထားသော ခြေထောက်သေးသေးလေး တစ်ဘက်။ နောက်တစ်ဘက်မှာတော့ ခြေနင်း ဝတ်ထားသည်။
အာကီအို၏ မျက်လုံးများ ပြာနှမ်းသွားပြီး ခေါင်းထဲ ဟာလာဟင်းလင်း ဖြစ်သွားလေသည်။ စက္ကန့်အနည်းငယ် ကြာသည်။ မဟုတ်သေး။ ထိုမျှပင် မကြာလိုက်။ သူ့ကိုယ်သူပင် နားမလည်နိုင်အောင် ဖြစ်နေသည်။ အဘယ်ကြောင့် ဤကဲ့သို့သော မြင်ကွင်းမျိုးကို
သူ့အိမ်ခြံဝင်းထဲမှ
ပန်းခြံထဲတွင် တွေ့မြင်နေရပါသနည်း။ သူမြင်နေရသော ထိုခြေထောက် သေးသေးလေးများသည် လူတစ်ယောက်၏ ခြေထောက်များ ဖြစ်ပါသည်ဟုလည်း သူ တပ်အပ်မပြောနိုင်။ အာကီအိုသည် ခေါင်းကို လှည့်လိုက်ပြီး သူ့ဇနီး၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်ကာ
“အဲ … အဲဒါက ဘာလဲ” သူ့အသံက တုန်ယင်လျက်။
ယာအေကိုသည် သူ့နှုတ်ခမ်းကို တစ်ချက် သပ်လိုက်သည်။ သူ့နှုတ်ခမ်းနီများပင် မကျန်ချင်တော့။
“ဘယ် … ဘယ် … ဘယ်အိမ်က
ကလေးမလ
ဲ မသိဘူး”
“မမြင်ဖူးဘူးလား”
“ဟင့်အင်း"
“ဘာဖြစ်လို့ ငါတို့ခြံထဲ ရောက်နေရတာလဲ”
ယာအေကိုသည် ခေါင်းကိုသာ ငုံ့လျက်။ ဘာမျှ ပြန်မဖြေ။
လက်တွေ့ကျသော မေးခွန်းတစ်ခုကို သူ မဖြစ်မနေ မေးရတော့မည်။
“သူ အသက်ရှိသေးလား”
ယာအေကို ခေါင်းညိတ်ပြလိမ့်မည်ဟု သူ မျှော်လင့်နေခဲ့သည်။ သို့သော် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ တုတ်တုတ်မျှ မလှုပ်။
အာကီအို၏ တစ်ကိုယ်လုံး ထူပူသွားသည်။ သူ့ ခြေဖဝါး လက်ဖဝါးများကတော့ အေးစက်လျက်။
“ဘယ်လို ဖြစ်ရတာလဲ”
“ကျွန်မလည်း မသိဘူး။ ကျွန်မ ပြန်ရောက်လာတော့ သူက ပန်းခြံထဲမှာ လဲနေပြီ။ နောက်တော့ သူများတွေ မမြင်အောင်ဆိုပြီး ကျွန်မ ………”
“ပလတ်စတစ်အိတ်နဲ့ ထည့်ထားလိုက်တယ် ဆိုပါတော့”
“ဟုတ်တယ်”
“ရဲကို မတိုင်ဘူးလား”
“ဖြစ်မလား” အပြင်းအထန် ကန့်ကွက်လိုသည့် ပုံစံဖြင့် အာကီအိုကို စူးစူးရဲရဲ ကြည့်နေသည်။
“ဒီကလေးက သေနေပြီလေ”
“ဒါကြောင့် ပိုပြီး …….” ယာအေကိုသည် သူ့နှုတ်ခမ်းကို တင်းတင်း ဖိကိုက်ထားသည်။ စိုးရိမ်ခြင်း၊ ပူပန်ခြင်း၊ ကြောက်လန့်ခြင်းတို့သည် သူ့မျက်နှာပေါ်တွင် အထင်းသား။
တစ်ခဏနေတော့ အာကီအို သဘောပေါက်သွားသည်။ အလောင်းအား လူအများ မြင်မည်ကို စိုးရိမ်နေမှုနှင့် သူ့ဇနီးသည်၏ ပူပင်သောကများသည် ထို့ကြောင့်သာလျှင် ဖြစ်ရပေတော့မည်။
“နာအိုမီရော ?” အာကီအိုက မေးသည်။ “အဲဒီအကောင် အခု ဘယ်မှာလဲ”
“သူ့အခန်းထဲမှာ”
“သူ့ကို သွားခေါ်လိုက်”
“သူက ထွက်မလာချင်ဘူးတဲ့လေ”
အာကီအို၏ ခေါင်းကို မိုးကြိုးပစ်လိုက်သလို ခံစားလိုက်ရ၏။ လက်စသတ်တော့ ဤကလေးမလေး၏ အလောင်းသည် သူ့သားနှင့် ပတ်သက်နေပါပြီကော။
“သူ နင့်ကို ဘာပြောသေးလဲ”
“ကျွန်မ အခန်းပြင်ကနေ လှမ်းမေးကြည့်တော့ …..”
“ဘာဖြစ်လို့ အခန်းထဲ ဝင်မမေးရတာလဲ”
“ဒါပေမယ့် …….” ယာအေကိုသည် စိတ်ပျက်အားငယ်သော မျက်နှာဖြင့် အာကီအိုကို ကြည့်နေသည်။ သောကအပူလှိုင်းများဖြင့် မျက်နှာမှာ ရဲရဲနီလျက်။
“ထားပါတော့။ သူ့ကို ဘယ်လို မေးလိုက်တာလဲ”
“အဲဒီကလေးမလေးက ဘယ်လို ဖြစ်တာလဲလို့ သူ့ကို မေးကြည့်တာပေါ့”
“အဲတော့ … သူက ဘာပြန်ဖြေသလဲ”
“ကျွန်မကို အလုပ်တအား ရှုပ်တာပဲတဲ့လေ။ ဟိုမေးဒီမေးနဲ့ တအား လျှာရှည်တာပဲတဲ့”
နာအိုမီ အဲဒီလို တကယ်ပြောခဲ့တာပဲ ဖြစ်ရမည်။ ထိုကဲ့သို့ မိဘကို မောက်မောက်မာမာ ပြန်ပြောတတ်သော အသံနေ အသံထားကိုပင် ကြိုတင်မှန်းဆ၍ ရနိုင်သည်။ သို့သော် ကမ္ဘာပျက်မတတ် ဖြစ်နေသော
ဤအခြေအနေမျိုးတွင်
ယခုလို ပြောခဲ့သူမှာ သူ့သားဖြစ်နေကြောင်းကိုမူ သူ မယုံကြည်လို။
“အေးလိုက်တာ။ အထဲမှာ ပြောရအောင်လား” သူတို့သည် အထဲသို့ဝင်၍ မှန်တံခါးများကို ပိတ်လိုက်သည်။ ယာအေကိုသည် အပြင်မှ အိတ်မဲမဲဘက်သို့ မျက်နှာမမူရဲဘဲ ခေါင်းငုံ့ကာ တံခါးပိတ်နေတော့သည်။
“အဲဒီကလေးက တကယ် သေသွားပြီလား”
ယာအေကိုသည် ဘာမျှ ပြန်မပြောဘဲ ခေါင်းညိတ်ပြသည်။
“နင် သေချာလား။ မေ့မျောနေတာရော မဖြစ်နိုင်ဘူးလား”
“ဒီလောက် နာရီပေါင်းများစွာ ကြာခဲ့ပြီရော”
“ဒါပေမယ့် …….”
“ကျွန်မလည်း အသက်ရှင်လျက် ရှိပါစေလို့ မျှော်လင့်ခဲ့မိတာပဲ” ယာအေကိုက ပြတ်သားသော လေသံဖြင့် ဆက်ပြောသည်။ “မြင်ရုံနဲ့ သိသာနေတာပဲဟာ။ ရှင်မြင်ရင်လည်း အဲဒီလိုပဲ ထင်မှာ”
“ဘယ်လို မြင်ရလို့လဲ”
“ဘယ်လို မြင်ရတာလဲ ဟုတ်လား” ယာအေကိုသည် သူ့လက်နှစ်ဘက်ကို ခေါင်းပေါ် ဖိချထားပြီး ကြမ်းပြင်ကို ငိုက်စိုက်ကြည့်ရင်း ဆက်ပြောသည်။ “ကြမ်းပြင်မှာလည်း သေးတွေကို အိုင်လို့။ အဲဒီ ကလေးမဟာပဲ နေမှာပေါ့။ ကောင်မလေးရဲ့ ပြူးကျယ် ……..” သူမြင်ခဲ့ရသည်များကို ဆက်လက်
ပုံဖော်ပြရ
န် မစွမ်းနိုင်တော့ဘဲ အသံတိမ်ဝင်သွားပြီး သူ၏ တံတွေးမျိုချသံကိုသာ ကြားလိုက်ရတော့သည်။
အခုမှ အနံ့ဆိုး၏ ရင်းမြစ်ကို အာကီအို နားလည်သွားတော့သည်။ ထိုသို့ဆိုလျှင် ကောင်မလေးသည် ဤအခန်းထဲတွင် သေသွားခဲ့ခြင်း ဖြစ်ရမည်။
“သွေးမထွက်ဘူးလား”
ယာအေကိုက ခေါင်းခါပြသည်။ “ကျွန်မတော့ မထင်ဘူး”
“တကယ်လား။ သွေးမထွက်ဘူးဆိုရင်တောင် ဒဏ်ရာတော့ ရှိရဦးမှာလေ။ ဥပမာ ခေါင်းနဲ့ နံရံ ဆောင့်မိတာတို့ ဘာတို့ပေါ့”
သူက မတော်တဆ ခိုက်မိတာမျိုး ဖြစ်ပါစေဟု စိတ်ထဲမှ ကျိတ်ဆုတောင်းနေမိသည်။ သို့သော် ယာအေကိုက နောက်ထပ်တစ်ခါ ခေါင်းခါပြပြန်သည်။
“အဲဒါတော့ ကျွန်မလည်း သတိမထားမိဘူး။ ဒါပေမယ့် လည်ပင်းညှစ်ခံရလို့ သေသွားတာပဲ ဖြစ်ရမယ်”
ရင်ဘတ်မှ တစ်ချက် စူးအောင့်သွားကာ သူ၏ နှလုံးခုန်သံများလည်း ပိုမြန်လာကြ၏။ တံတွေးမျိုချရန် ဟန်ပြင်ကာမှ သူ၏ ခံတွင်းတစ်ခုလုံး ခြောက်သွေ့နေသည်ကို သတိထားမိတော့သည်။ လည်ပင်းညှစ်ခံခဲ့ရသည်။ မည်သူက ညှစ်ခဲ့သနည်း။
“နင်က ဘယ်လိုလုပ်ပြီး သိတာလဲ”
“အဲဒီလိုလို့ပဲ ထင်တာပဲ။ လည်ပင်းအညှစ်သတ်ခံရတဲ့သူက အဲဒီလိုပဲ သေးတွေဘာတွေ ထွက်ကျတတ်တယ်လို့ ကြားဖူးနေတာပဲလေ”
ဤသည်ကို အာကီအိုလည်း ကြားဖူး၏။ စုံထောက်ဝတ္ထုများ၊ ရုပ်ရှင်ဇာတ်လမ်းများမှ သိထားခြင်း ဖြစ်ပေလိမ့်မည်။ လက်နှိပ်ဓာတ်မီးကို ပိတ်ရန် မေ့နေခဲ့သည်။ ဓာတ်မီးကို ပိတ်လိုက်ပြီး စားပွဲပေါ် ကောက်တင်ကာ တံခါးဘက်သို့ ထွက်လာခဲ့သည်။
“ရှင် ဘယ်သွားမလို့လဲ”
“အပေါ်ထပ်”
နှစ်ပရိစ္ဆေဒ ကြာညောင်းပြီ ဖြစ်သော လှေကားပေါ်သို့ တက်လာခဲ့သည်။ လှေကားမီးလုံးမှာ ပိတ်ထားသော်လည်း အာကီအိုသည် မီးခလုတ် ဖွင့်လိုက်ရန် သူ့မှာ ဆန္ဒမရှိတော့။ အမှောင်ထဲတွင် သူ၏ အသက်ရှူသံကို ပြန်ကြားရသည်ကိုပင် ခြောက်ခြားနေမိသည်။ ထိုအခါမှ ယာအေကို အဘယ်ကြောင့် မီးမဖွင့်လိုဘဲ မှောင်ထဲမဲမဲ နေနေရသည်ကို ကိုယ်ချင်းစာလာခဲ့သည်။
အပေါ်ထပ်ရောက်ရောက်ချင်း ဘယ်ဘက်အခန်းမှာ နာအိုမီ၏ အခန်းဖြစ်သည်။ အခန်းထဲမှ မီးအလင်းရောင်များသည် တံခါးကြားမှ ဖြာထွက်နေကြသည်။ အနားသို့ကပ်၍ နားထောင်ကြည့်သောအခါ အထဲမှ ဆူညံသံမျိုးစုံကို သဲ့သဲ့ကလေး ကြားနေရသည်။ အာကီအိုသည် တံခါးရွက်ကို ခေါက်၍ အသံပြုလိုက်သည်။ ဘာမျှ တုန့်ပြန်ခြင်း မရှိ။ တစ်ခဏမျှ တွေဝေသွားပြီး သူသည် အခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။
နာအိုမီသည် အခန်း၏ အလယ်ခေါင်တွင် ခြေဆင်းထိုင်လျက် လက်ထဲတွင် ဂိမ်းလက်ကိုင်ခလုတ်ကို ကိုင်ကာ တစ်မီတာအကွာလောက်မှ တီဗီဖန်သားပြင်ကိုသာ စူးစိုက်ကြည့်နေသည်။ ဖခင် အခန်းထဲသို့ ဝင်လာသည်ကို လုံးဝ မသိ မကြားသလိုသာ ထိုင်နေခဲ့သည်။
“ဟေ့” အလယ်တန်း တတိယနှစ် တက်နေပြီဖြစ်သော သူ့သားကို ခေါင်းငုံ့ကြည့်လျက် လှမ်းခေါ်လိုက်သည်။
သို့သော် နာအိုမီက ဘာမျှ တုံ့ပြန်ခြင်း မပြု။ သူ့ဂိမ်းကိုသာ ဆက်ကစားနေသည်။ တီဗီ မျက်နှာပြင်မှာတော့ လူရုပ်များ ပြေးလွှားလှုပ်ရှားနေပြီး တဒက်ဒက်နှင့် ပစ်ခတ်နေကြသည်။
“နာအိုမီ!”
အာကီအိုသည် နောက်တစ်ကြိမ် လေသံမာမာဖြင့် ထပ်အော်ခေါ်လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ သူ့ခေါင်းမှာ အနည်းငယ် လှုပ်ရမ်းလာပြီး ပါးစပ်မှ ပွစိပွစိဖြင့် တစ်ခုခုကို ပြောနေသည်။ “သောက်လုပ်ရှုပ်တာ” ဟု ပြောနေခြင်း ဖြစ်မည်။
“ဟိုကောင်မလေးက ဘယ်လို ဖြစ်ရတာလဲ”
ဘာမျှ တုံ့ပြန်သံ မကြားရ။ ဂိမ်းခလုတ်များကိုသာ အရင်ကထက် ခပ်ကြမ်းကြမ်း ဖိနှိပ်နေတော့သည်။
“မင်း သတ်ပစ်လိုက်တာလား”
နာအိုမီ၏ ပါးစပ်က ယခုမှ မရဲတရဲဖြင့် လှုပ်လာသည်။
“ကျွန်တော် တမင်သက်သက် လုပ်တာမှ မဟုတ်ဘဲ”
“သောက်ရေးမပါတာ။ ဘာဖြစ်လို့ အဲဒီလို လုပ်ရတာလဲ”
“ရှုပ်တာဗျာ။ ကျွန်တော် မသိဘူး”
“ဘယ်လိုလုပ်ပြီး မင်း မသိဘဲ နေမလဲ။ ဟဲ့ကောင် … ငါ့ကို ကောင်းကောင်းဖြေစမ်း။ အဲဒီကလေးက ဘယ်ကလဲ။ မင်း ဘယ်ကနေ အိမ်ထဲ ခေါ်လာတာလဲ”
နာအိုမီ၏ အသက်ရှူသံများ ရှုပ်ထွေးလာသည်။ သို့သော် သူ့ဖခင်၏ မေးခွန်းများကို တစ်ခုမျှ ပြန်မဖြေ။ သူ၏ မျက်လုံးများကို ပြူးထားလျက် လက်တွေ့ဘဝထဲမှ ရှောင်ထွက်နိုင်ရန်အတွက် သူကစားနေသော တီဗီဂိမ်းထဲ၌သာ စိတ်နှစ်ထားဖို့ ကြိုးစားနေသည်။
အာကီအိုသည် ရပ်နေသော နေရာတွင် တုတ်တုတ်မျှ မလှုပ်ဘဲ သူ့တစ်ဦးတည်းသော သား၏ ခေါင်းမှ ဆေးဆိုးထားသော ငွေရောင်ဆံပင်များကိုသာ စိုက်ကြည့်နေမိသည်။ တီဗီထံမှ တေးသံတချို့နှင့် အထဲမှ လူရုပ်များ၏ အော်ဟစ်သံ၊ သေနတ်ပစ်သံများသာ အခန်းထဲတွင် ပျံ့နှံ့နေကြသည်။
သူ့သား၏ လက်ထဲမှ ဂိမ်းခလုတ်ကို လုယူ၍ တီဗီကို ပိတ်ပစ်ရန် သူ စဉ်းစားလိုက်မိသည်။ စဉ်းစားသာ စဉ်းစားကြည့်မိသည်။ တကယ်တော့ သူ ဤသို့ မလုပ်ရဲ။ ယခင်တစ်ကြိမ်က ထိုသို့ လုပ်လိုက်သောကြောင့် နာအိုမီသည် သောင်းကျန်းကာ အိမ်ထဲမှ တွေ့သမျှ ပစ္စည်းများကို ရိုက်ခွဲပစ်ခဲ့သည်။ ထိုသို့ သောင်းကျန်းနေသော သားကို ဖမ်းချုပ်ဖို့ ကြိုးစားစဉ် သူ့သားက ဘီယာပုလင်းဖြင့် သူ့ခေါင်းကို သွက်လက်စွာ ရိုက်ချခဲ့ဖူးသည်။ ကံကောင်းထောက်မ၍ ခေါင်းကို မထိဘဲ သူ့ပုခုံးကိုသာ ရိုက်မိခဲ့သည်။ သို့သော် ထိုဒဏ်ရာကြောင့် နှစ်ပတ်ကျော်ကြာအောင် သူ၏ ဘယ်ဘက်လက်ဖြင့် ဘာအလုပ်မျှ မလုပ်နိုင်တော့ပေ။
ထိုစဉ် အနောက်ဘက်မှ အသံကြား၍ လှည့်ကြည့်လိုက်ရာ ယာအေကိုလည်း အခန်းအပြင်သို့ ရောက်နေသည်ကို တွေ့ရသည်။
“သား … မေမေ တောင်းပန်ပါတယ် သားရယ်။ ဖေဖေမေမေတို့ကို ပြောပြစမ်းပါဦး။ ဘယ်လို ဖြစ်ရတာလဲလို့”
ဘယ်အခြေအနေမျိုးမှာမဆို သားအပေါ် ဤကဲ့သို့ အလျှော့ပေး၍ ချော့မော့ ပြောဆိုနေတတ်သော ယာအေကို၏ အမူအကျင့်ကို ကြည့်ကာ အာကီအိုက နည်းနည်းမျှ စိတ်မရှည်ချင်။
“လိမ္မာပါတယ် သားရယ်။ ဘယ်က ဘယ်လို ဖြစ်ကြတာလဲ။ အကျိုးအကြောင်းလေးတော့ ရှင်းပြမှပေါ့။ ဂိမ်းက နောက်မှ ကစားပါလား”
ယာအေကိုက သူ့သား၏ ပုခုံးကို လှုပ်၍ ပြောနေသည်။ ထိုစဉ် တီဗီ မျက်နှာပြင်မှာ သွေးရောင်ကဲ့သို့ နီရဲသွားပြီး စာတန်းတစ်ကြောင်း ထွက်ပေါ်လာသည်။ နာအိုမီက ‘အား’ ဟု တစ်ချက် ထအော်လိုက်သည်။ ကြည့်ရသည်မှာ သူကစားနေသော ဂိမ်းက ရှုံးသွားလေပြီ။
“ဘာတွေ ဖြစ်နေကြတာလဲ ဗျာ”
“နာအိုမီ၊ ရူးကြောင်ကြောင် လာလုပ်မနေနဲ့။ အခု မင်းလုပ်ထားတာ ပေါ့သေးသေးများ ထင်နေသလား”
အာကီအိုက ဤသို့ ဆူငေါက်၍ အပြစ်တင်နေသည်ကို ကြားသောအခါ နာအိုမီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ကြမ်းပြင်ပေါ် ထောက်ထားရင်း နှုတ်ခမ်းကို ရွဲ့ကာ သူ့အဖေအား မျက်စောင်းထိုး၍ စိုက်ကြည့်နေတော့သည်။
“အား … နာအိုမီ၊ အဲဒီလို မလုပ်ရဘူးလေ။ အစ်ကိုကလည်း တကယ်ပဲ။ သားကို အဲဒီလို အော်ကြီးဟစ်ကျယ် မပြောပါနဲ့” ယာအေကိုသည် သူ့သား၏ ပုခုံးကို အသာအယာဖိ၍ နှစ်သိမ့်နေပြီး တစ်ချိန်တည်းမှာပင် အာကီအိုကို မော့ကြည့်၍ ပြောနေသည်။
“ငါက မင်းကို သေသေချာချာ ရှင်းပြခိုင်းနေတာ။ အခုလို ပြဿနာတစ်ခုကို မသိချင်ယောင် ဆောင်နေရုံနဲ့ ပြဿနာက သူ့ဘာသာသူ ပြေလည်သွားမယ်လို့ မင်း ထင်နေတာလား”
“ရှုပ်တာဗျာ။ ကျွန်တော်နဲ့ ဘာဆိုင်လဲ”
ဤကဲ့သို့သော အရေမရ အဖတ်မရ စကားမျိုးကိုသာ ပြောတတ်သည့် သူ့သားကို ကြည့်၍ အာကီအိုသည် အတော် စိတ်ပျက်ပြီး ဒေါသထွက်နေသည်။ မိမိတွင် ထိုကဲ့သို့ စိုးစဉ်းမျှ အသုံးမကျသော သားတစ်ယောက် ရှိနေပါပေါ့လားဟုလည်း တွေးနေမိသည်။
“ကောင်းပြီလေ။ မင်း ငါ့ကို ဘာမှ မပြောနဲ့တော့။ ငါတို့အခု ရဲစခန်း သွားမယ်”
ထိုစကားကို ကြားရသောအခါ သားအမိနှစ်ယောက်စလုံး လန့်ဖျပ်သွားကြသည်။
“အစ်ကို ….” ယာအေကိုသည် မျက်လုံးများ ပြူးလျက်။
“ငါ ဘာတတ်နိုင်ဦးမှာလဲ”
“ဘာတွေလာပြောနေတာလဲ” နာအိုမီက သောင်းကျန်းလာတော့သည်။ “မသွားဘူး။ ဘာဖြစ်လို့ ရဲစခန်း သွားရမှာလဲ။ ကျွန်တော် အဲဒီလိုနေရာမျိုး တစ်သက်လုံး မသွားဘူး” သူ့အနားတွင် ရှိနေသော တီဗီ အဝေးထိန်းခလုတ်ကို ကောက်ယူလိုက်ပြီး အာကီအို ရှိရာသို့ လှမ်းပစ်လိုက်သည်။ အာကီအိုက ရှောင်လိုက်သောကြောင့် ရမုခလုတ်သည် နံရံနှင့် တိုက်မိကာ ကြမ်းပြင်ပေါ်သို့ ကျသွားသည်။ အထဲမှ ဓာတ်ခဲများ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲလျက်။
“သား၊ သားရယ်။ နာအိုမီ၊ စိတ်ထိန်းပါ သားရယ်။ အမေ တောင်းပန်ပါတယ်” ယာအေကိုသည် သူ့သားကို တင်းတင်း ဖက်ထားပြီး “အမေတို့ ရဲစခန်း မသွားဘူး။ မသွားဘူးနော်”
“မင်း ဘာတွေ လျှောက်ပြောနေတာလဲ။ မသွားလို့ ဘယ်ဖြစ်မလဲ။ အခုလို ကိုယ့်လုပ်ရပ်ကို တာဝန်မယူတဲ့ စကားမျိုးတွေ ပြောပြီး နှစ်သိမ့်နေလည်း အပိုပဲ။ အနှေးနဲ့အမြန်တော့ …..”
“တော်ပါတော့၊ မပြောပါနဲ့တော့” ယာအေကိုက လှမ်းအော်သည်။ “ရှင် အရင် ထွက်သွားရင် ကောင်းမယ်။ ကျွန်မ သူ့ကို မေးလိုက်မယ်။ အေးအေးဆေးဆေး မေးကြည့်မယ်”
“ကျွန်တော်က အရွယ်မရောက်သေးတဲ့ ကလေးပဲ ရှိသေးတာ။ ကလေးတစ်ယောက် လုပ်သမျှကို မိဘက တာဝန်ယူရမှာပဲ။ ကျွန်တော်နဲ့ ဘာမှ မဆိုင်ဘူး”
နာအိုမီသည် မိခင်၏ ရင်ခွင်ထဲမှ နေ၍ အာကီအိုကို စိုက်ကြည့်ကာ အော်ပြောနေခဲ့သည်။ သူ၏ အမူအရာက နည်းနည်းကလေးမျှ နောင်တ ရပုံ မပေါ်။ မိမိ အပြစ်ဟုလည်း ထင်ပုံ မရ။ ကလေးတစ်ယောက် ဘာလုပ်လုပ် ဘယ်တော့မျှ အမှားဟု မဆိုနိုင်။ မှားလုပ်မိသည်ဟု
ဆိုစေ
၊
ထိုအမှားသည် မိဘများ၏ တာဝန်သာ ဖြစ်သည်။ မည်သည့်အခြေအနေမျိုးတွင်မဆို သူ့အတွက် အမှားသည် မရှိ။ ထိုလုပ်ရပ်အတွက် တာဝန်ရှိလာလျှင်လည်း ထိုတာဝန်သည် သူနှင့် နည်းနည်းမျှ မသက်ဆိုင်။ ထိုသို့ ယူဆထားသော ကလေးတစ်ယောက်ကို ဘာပဲ ပြောနေပြောနေ နားဝင်တော့မည် မဟုတ်ပေ။
“ဒါဆို မင်းပဲ ဂဃနဏ သိအောင် မေးခဲ့တော့” အာကီအိုသည် စိတ်ပျက်လက်ပျက်ဖြင့် ထိုစကားကို ပြောပြီး အခန်းထဲမှ ထွက်လာခဲ့တော့သည်။