မာကျုမီယာသည် အိမ်ထဲသို့ ပြန်ရောက်လာပြီး နာအိုမီနှင့် ယာအေကိုတို့ကို အပြင်ဘက်မှ ရဲဘော်များလက်သို့ ကောင်းစွာ အပ်နှံပြီး ဖြစ်ကြောင်း ကာဂါကို ပြောဆိုနေသည်။ အာကီအိုသည် ခေါင်းငိုက်စိုက် ချလျက် သူတို့၏ ပြောစကားများကို နားစွင့်နေသည်။
မာဆာအေသည် အိမ်ပေါက်ဝရှိ လှေကားခွင်တွင် ထိုင်နေသည်။ ဘေးနားတွင် ဟာရုမိက အဖော်ပြုလျက်။ မိနစ်အနည်းငယ် မတိုင်ခင်က အနေအထားမျိုးသို့ ပြန်လည် ရောက်ရှိသွားသည်။ သို့သော် ထိုမျှ တိုတောင်းသော အချိန်ကာလလေး အတွင်း၌ ဤအိမ်တွင်းမှ အရာအားလုံးသည် ကျွမ်းထိုးမှောက်ခုံ ဖြစ်ကုန်ကြလေပြီ။
အာကီအိုသည် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူ၏ ကိုယ်လုံးမှာ ကျောက်တုံးကြီး ဖိထားခံရသကဲ့သို့ လေးလံနေလေသည်။
“ခင်ဗျား ဘာပြောချင်သေးလဲ” ကာဂါက မေးလိုက်သည်။ “ခင်ဗျားအမေနဲ့ နှမကိုလေ”
အာကီအိုသည် ခြေဖဝါးအောက်မှ မြက်ဖျာကြမ်းခင်းကို စိုက်ကြည့်ရင်း ခေါင်းခါလိုက်သည်။
“ကျွန်တော့်အမေက အဲဒီလို လုပ်လိမ့်မယ်လို့ ကျွန်တော် ထင်မထားဘူး။ …….. အလှပြင်တန်း ဆော့တာတဲ့။ မနေ့က ကျွန်တော့်နှမကတောင် ကျွန်တော့်ကို အဲဒီကိစ္စ ပြောခဲ့သေးတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အမှုမထားခဲ့ဘူး။ လက်စသတ်တော့ သူ့ကြောင့် ကျွန်တော်တို့ ဘဝပျက်ရတာကိုး” သူက လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။
မိမိအနားသို့ ဟာရုမိ တိုးကပ်လာသည်ကို သတိထားမိသောကြောင့် အာကီအိုသည် ခေါင်းမော့ကြည့်လိုက်သည်။ ဟာရုမိသည် နှုတ်ခမ်းကို တင်းတင်း ဖိကိုက်ထားပြီး မျက်နှာပေါ်တွင် မျက်ရည်များ စီးဆင်းနေသည်။ သူ့နှမ၏ နီရဲနေသော မျက်လုံးများကို စိုက်ကြည့်နေစဉ် သူ့ပါးမှာ ကျဉ်ကနဲ ခံစားလိုက်ရတော့သည်။ ရုတ်တရက် ဘာဖြစ်သွားသည်ကို သူ နားမလည်နိုင်ဘဲ ရှိနေစဉ် သူ့ပါးပြင်မှာလည်း ပူထူလာသည်။ တစ်ခဏအကြာမှ သူ အသိ
ပြန်ဝင်လာသည်။
ပါးရိုက်ခံလိုက်ရခြင်း။
“ဆောရီးပဲ” သူသည် ထုံပေပေ ဖြစ်နေသော သူ့ပါးပြင်ကို ပွတ်လျက် “ဒီလို ဘဝမျိုးရောက်အောင် ငါ လုပ်မိတာ …….”
ဟာရုမိက ခေါင်းကို တွင်တွင် ခါယမ်းလျက် “အစ်ကိုက ညီမကို တောင်းပန်ရမှာ မဟုတ်ဘူး”
“အင်း ……..”
“မစ္စတာမိုင်ဟာရာ” ကာဂါသည် ဟာရုမိအနားတွင် ရပ်လိုက်ပြီး “ကြည့်ရတာ အခုချိန်ထိ ခင်ဗျား တကယ့် အဖြစ်မှန်ကို နည်းနည်းလေးတောင်မှ သဘောပေါက်သေးပုံ မရဘူး”
“တကယ့် အဖြစ်မှန်?”
“အချိန်မလွန်ခင် ကိုယ့်အမှားကို ပြန်ပြီး ပြင်လိုက်နိုင်တာ တွေ့ရတော့ ခင်ဗျားအစား ကျွန်တော် အင်မတန် ဝမ်းသာတာပဲ။ ဒါပေမယ့် ခင်ဗျား အခုချိန်ထိ အဓိက အရေးပါတဲ့ အချက်ကို သတိမထားမိသေးဘူး” ကာဂါသည် ပြောပြီး ပလတ်စတစ်အိတ်ထဲမှ နှုတ်ခမ်းနီဘူးကို သူ့အား ပြလိုက်သည်။ “ကျွန်တော် ခင်ဗျားနှမနဲ့ သွားတွေ့တဲ့ အချိန်တုန်းက သူ့ကို ကတိတစ်ခု တောင်းခဲ့တယ်။ ကျွန်တော်ရဲ့ ခွင့်ပြုချက် မရမချင်း လျှို့ဝှက်ထားတဲ့ အကြောင်းအရာတစ်ခုကို ခင်ဗျားဆီ ဖွင့်မပြောမိဖို့ပဲ”
“လျှို့ဝှက်ထားတဲ့ အကြောင်းအရာ?”
“ကျွန်တော် ခုနတုန်းက နှုတ်ခမ်းနီနဲ့ ပတ်သက်ပြီး မုသားစကား နည်းနည်း ထည့်သုံးခဲ့မိတယ်။ တကယ်တော့ ကျွန်တော်က ခင်ဗျားနှမကို ဒီလို မေးခဲ့တာ။ ‘ခင်ဗျားအမေက ခင်ဗျားကို နှုတ်ခမ်းနီတစ်တောင့်များ ပေးမထားဘူးလား။’ သူက ပေးထားကြောင်း ပြန်ဖြေလို့ အဲဒီ နှုတ်ခမ်းနီဘူးကို ယူလာခိုင်းခဲ့တာ”
အာကီအိုသည် ကာဂါပြောနေသော စကား၏ အဓိပ္ပာယ်ကို နားမလည်သောကြောင့် ဟာရုမိကို အူတိအူကြောင်ဖြင့် စိုက်ကြည့်နေမိသည်။
ဟာရုမိက ပြောလာသည်။ “ဒီနှုတ်ခမ်းနီဘူးက ညီမဟာ မဟုတ်ဘူး။ ဟိုးအစောကြီးကတည်းက အမေ့ဆီမှာ ရှိနေခဲ့တာ”
“အမေ့ဟာ? ဒါပေမယ့် ဘာလို့ နင့်လက်ထဲ ရောက်နေတာလဲ”
“မနေ့က ဒီပန်းခြံထဲမှာ ကောက်တွေ့တာ”
“ပန်းခြံထဲမှာ?”
“ပန်းခြံထဲက ပန်းအိုးအောက်နားမှာ နှုတ်ခမ်းနီတစ်တောင့် ဖွက်ထားတဲ့အကြောင်း သူက ညီမဆီ ဖုန်းဆက်ပြောတယ်။ အဲဒါကို လာယူပြီး ညီမဆီမှာ သိမ်းထားဖို့ ပြောခဲ့တယ်။ အခုလောလောဆယ်တော့ သူခိုင်းတဲ့အတိုင်း လုပ်ပြီး တစ်နေ့ကျရင် အကြောင်းအရင်း သိလာလိမ့်မယ်တဲ့”
“အန်? ဘာတွေ ဖြစ်ကုန်တာလဲ” အာကီအိုသည် ခေါင်းရှုပ်သွားဟန်ဖြင့် “ဘယ်သူက နင့်ဆီ ဖုန်းဆက်တာလဲ”
“အမေ့မှာ ဟန်းဖုန်းရှိတယ်။ ညီမ ဝယ်ပေးထားတာ”
“ဟန်းဖုန်း?”
ဟာရုမိသည် စိတ်ပျက်စွာဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး “အစ်ကို အခုထိ နားမလည်သေးဘူးလား”
“ဘယ်လိုလို့ …..” အာကီအိုသည် ထိုသို့ ပြောရင်း ဦးနှောက်ထဲမှာ အတွေးတစ်ခု လင်းလက်လာသည်။
သို့သော် တစ်ခဏအကြာတွင် ‘ဖြစ်ရော ဖြစ်နိုင်ပါ့မလား’ ဟူ၍ တွေးမိပြန်လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုကိစ္စမှာ အင်မတန် ယုံရခက်လွန်းနေသည်။ သို့သော် ယခု ကြုံတွေ့ခဲ့ရသော မျက်မြင် အဖြစ်အပျက်များသည် ထိုအတွေးကို ယုံကြည်အောင် အတင်းအကျပ် ဖိအားပေးနေကြလေသည်။
“ဒါဆိုရင် အမေက ……” သူသည် လှေကားခွင်ဘက်ကို လှမ်းကြည့်လိုက်သည်။
မာဆာအေသည် စထိုင်စဉ်က ကဲ့သို့ပင် ပုံမပျက်ဘဲ မူလနေရာတွင် ငုတ်တုတ် ထိုင်နေသည်။ တစ်နေရာမှ ရွှေ့ယူထားသော အရုပ်ကြီးကဲ့သို့ တစ်ချက်ကလေးမျှ မလှုပ်ချေ။
“ဒါဆိုရင် …..” သူက နောက်တစ်ခေါက်
ထပ်မံ ရေရွတ်နေပြန်သည်။
ဤအဖြေသာ ယုတ္တိအရှိဆုံး ဖြစ်မည်ဟု သူတွေးနေမိသည်။ သားနှင့် ချွေးမတို့၏ အကြံဆိုးကို သူ သိသောအခါ သူတို့၏ စီမံကိန်းကို မပျက်ပျက်အောင် ဖျက်ရန် အကြံထုတ်ခဲ့ပေမည်။ ထို့နောက်မှ သူသည် လက်ချောင်းများကို အနီရောင် ဆိုးရန် အကြံရသွားခြင်း ဖြစ်မည်။ သူ့လက်ချောင်းများကို ဘယ်အချိန်က
အရောင်ဆိ
ု
းထားခြင်း
ဖြစ်ကြောင်းကို ရဲဘက်က မဖြစ်မနေ စုံစမ်းရမည်။ အကယ်၍ နှုတ်ခမ်းနီဘူးကို ဟာရုမိအား ပေးထားလိုက်လျှင် အခင်းမဖြစ်ခင်က ဆိုးထားခြင်း ဖြစ်မည်ဟုသာ ယူဆရပေတော့မည်။ ထို့ကြောင့် မာဆာအေသည် တရားခံ မဖြစ်နိုင်တော့ချေ။
သို့သော် ထိုယူဆချက်အတိုင်း အလုပ်ဖြစ်ရန်မှာ အင်မတန် အရေးပါသော ပေးထားချက်တစ်ခုနှင့် ပြည့်စုံရန် လိုအပ်ပေမည်။ “တကယ်တော့ အမေက သူငယ်ပြန် မနေဘူးပေါ့၊ ဟုတ်လား”
အာကီအိုသည် ဟာရုမိ၏ မျက်နှာကို မော့ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းများမှာ တစ်ခုခုကို ပြောတော့မည့်ဟန်ဖြင့်
တဆတ်ဆတ်
တုန်နေကြသည်။
“နင် အစောကြီးကတည်းက သိနေတာလား”
ဟာရုမိသည် မျက်တောင်ကို ဖြည်းညင်းစွာ ခတ်လိုက်ပြီး “ဒါပေါ့၊ ကျွန်မက သူနဲ့ အမြဲ အတူရှိနေတာပဲကို”
“သူက ဘာဖြစ်လို့ သူငယ်ပြန်ချင်ယောင် ဆောင်နေရတာလဲ”
ဟာရုမိသည် ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်ပြီး ကရုဏာသက်သော မျက်လုံးဖြင့် အာကီအိုကို စိုက်ကြည့်နေသည်။
“အစ်ကို အခုချိန်ထိ အကြောင်းအရင်းကို နားမလည်နိုင်သေးဘူးပေါ့။ ဟုတ်ရော ဟုတ်ပါ့မလား”
သူ့နှမ၏ စကားကြောင့် အာကီအို နှုတ်ဆိတ်သွားလေသည်။
သူတို့ ဤအိမ်သို့ စပြောင်းလာပြီး နောက်ပိုင်း ဖြစ်ပျက်ခဲ့သမျှကို ပြန်မြင်ယောင်လာသည်။ ယောက္ခမအပေါ် အေးတိအေးစက် ပြောဆိုဆက်ဆံခဲ့သော ယာအေကို၏ အပြုအမူများကအစ တစ်ကွက်ချင်း ပြန်ပေါ်လာကြသည်။ ထိုအရာတို့၏ လွှမ်းမိုးမှုအောက်တွင် အာကီအိုသည် တဖြည်းဖြည်းချင်းဖြင့် သူ့မိခင်အား မြင်ရသည်ကိုပင် စိတ်ပျက်ငြီးငွေ့လာခဲ့သည်။ ထိုသို့သော မိဘများကို နေ့စဉ် မြင်တွေ့နေရသော သားတစ်ယောက်အဖို့ စိတ်ကျန်းမာနိုင်ရန် အင်မတန်မှ ခဲယဉ်းလှပေမည်။ နာအိုမီ၏ အမြင်တွင် သူ့အဖွားမှာ စွန့်ပစ်ခံ အမှိုက်စ တစ်စသာ ဖြစ်နေသည်။ အာကီအိုနှင့် ယာအေကိုတို့ကလည်း ထိုသို့ မဆက်ဆံရန် သူ့သားကို သင်ပြ ဆုံးမခြင်းလည်း မရှိခဲ့ကြ။
ထိုမျှ မကသေး။ ဤအိမ်တွင် နေထိုင်ကြသူ လူများအားလုံးတွင် စိတ်ပိုင်းဆိုင်ရာ အနှောင်အဖွဲ့များ ပြတ်တောက်နေကြသည်။ ဤအိမ်တွင် မိသားစုစိတ်ဓာတ်၊ မိသားစု သံယောဇဉ်ဟူ၍ မရှိကြပေ။
မာဆာအေက ထိုသို့သော မျက်မှောက်ဘဝကို စိတ်ပျက်ကာ သူ့ကိုယ်ပိုင်
လောကလေးတစ်ခုကို
တည်ဆောက်ခဲ့သည်။ ထိုလောကထဲသို့ သူ့အိမ်သားများကို အဝင်မခံခဲ့။ ထိုနည်းလမ်းကိုသာ မဖြစ်မနေ ရွေးချယ်ရန် သူ့ပတ်ဝန်းကျင်ကလည်း တွန်းပို့နေခဲ့သည်။ တစ်ခုတည်းသော ခြွင်းချက်မှာ ဟာရုမိဖြစ်သည်။ သူနှင့် အတူနေရသော အချိန်မှာ မာဆာအေအတွက် အပျော်ရွှင်ရဆုံး အချိန်များ ဖြစ်နေပေမည်။
ဝမ်းနည်းစရာ ကောင်းသည်မှာ အာကီအိုတို့ မိသားစုသည် မာဆာအေ၏ သရုပ်ဆောင်နေမှုကို သတိမထားမိကြခြင်း ဖြစ်သည်။ ထိုသို့ သတိ မထားမိကြသည်မှာလည်း သူ့အတွက် ခပ်ကောင်းကောင်းပင်။ ထိုအတိုင်းသာ ပိုနေမြဲ ကျားနေမြဲ သေသည်အထိ နေသွားဖို့သာ ရှိတော့သည်။ ထို့ပြင် ယခုလို ကိစ္စမျိုးတွင် ထိုသရုပ်ဆောင်မှုများသည်သာ သူ့အတွက် အားကိုးစရာ ရှိတော့သည်။ မာဆာအေ၏ ရှေ့တွင် ယာအေကိုအား စည်းလွတ်ဝါးလွတ် ပြောခဲ့မိသော သူ၏ စကားများကို အာကီအိုသည် ပြန်လည် ကြားယောင်လာကြသည်။
“ကိစ္စ မရှိဘူး။ ဘွားတော်က ဒီလောက်ထိတောင် ကြောင်နေပြီပဲ။ ရဲတွေလည်း သူ့ဆီက ဘာမှ စုံစမ်းလို့ ရတော့မှာ မဟုတ်ဘူး။ ကျွန်မတို့ တစ်မိသားစုလုံးက အခိုင်အမာ ပြောနေကြရင် သူတို့ မယုံလို့ကို မရဘူး”
“အရေးအကြီးဆုံး မေးခွန်းက ဘာလဲဆိုတော့ သူငယ်ပြန်နေတဲ့ အဖွားကြီးက ဘာဖြစ်လို့ ကလေးမလေး တစ်ယောက်ကို သတ်ချင်ရတာလဲ ဆိုတာပဲ”
“သူက ဂေါက်ကြောင်နေလို့ပေါ့။ ဒါကြောင့်လည်း သူ့ဟာသူ ဘာလုပ်လို့ လုပ်မိမှန်း မသိတော့တာ။ ဒါနဲ့ ဘွားတော်က အရုပ်တွေကို သဘောကျတယ် မဟုတ်လား။ ဒီတော့ သူက လူတစ်ယောက် သတ်ပစ်လိုက်တာကို အရုပ်တစ်ရုပ် သတ်ပစ်လိုက်ရသလို ထင်နေတယ်လို့ ကျွန်မတို့ ပြောကြရင် မကောင်းဘူးလား”
“ငါ့အမေကို ပြစ်ဒဏ်အကြီးကြီး ချနေပါဦးမယ်ကွာ”
“အပြစ် မပေးလောက်ပါဘူးရှင်။ သူ့ကို စိတ်ရောဂါအခြေအနေ စစ်ဆေးမှုတွေ လုပ်ကြရဦးမှာ မဟုတ်လား။ တကယ်လို့သာ သူတို့ စစ်ဆေးပြီးသွားရင် ဒီအဖွားကြီးဟာ မူမှန်မဟုတ်ဘူးဆိုတာ တန်းသိသွားမှာပဲ”
မာဆာအေသည် မည်သို့သော စိတ်ခံစားချက်မျိုးဖြင့် ထိုစကားများကို နားထောင်ခဲ့ရပါသနည်း။ သူငယ်ပြန်နေသူ အဖြစ် ဆက်လက် ဟန်ဆောင်နေရသော သူ၏ ရင်ထဲတွင် ဒေါသများ၊ ကြေကွဲမှုများနှင့် ရှက်ရွံ့စိတ်များ မည်မျှ အတိုင်းအတာထိ ရှိနေခဲ့ကြမည်နည်း။
“မစ္စတာမိုင်ဟာရာ” ကာဂါက ခေါ်လိုက်သည်။ “ခင်ဗျားအမေက ခင်ဗျားတို့ကို ဆက်ပြီး မမှားရလေအောင် သူက ကျွန်တော်တို့ဆီ အဆက်မပြတ် အချက်ပြနေခဲ့တယ်။ သူ လက်အိတ်ကို ပထမဆုံး ကောက်စွပ်လိုက်တုန်းက အဖြစ်အပျက်တွေကို ခင်ဗျား မှတ်မိသေးလား။ အဲဒီလက်အိတ်ပေါ်မှာ အနံ့ဆိုးတစ်ခု ရှိနေတယ်။ ‘ဒီနေရာဟာ အခင်းဖြစ်ခဲ့တဲ့ နေရာပဲ’ လို့ သိရအောင် ကျွန်တော်တို့ကို ခင်ဗျားအမေ ပေးခဲ့တဲ့ ပထမဆုံး
အသိ
ပေး
ချက်ပဲ။
ဒါပေမယ့် ကျွန်တော်တို့က ခင်ဗျားတို့ကို စပြီး သင်္ကာမကင်း ဖြစ်လာတဲ့အချိန်မှာ ခင်ဗျားတို့ဟာ နောက်ထပ် အမှားအသစ်တွေကို ထပ်လုပ်ဖို့ ကြိုးစားလာကြပြန်တယ်။ ဒါကြောင့်လည်း ခင်ဗျားအမေက လက်ချောင်းတွေ ဆေးဆိုးတဲ့နည်းကို အသုံးချရတော့တာပေါ့”
“ကျွန်တော်တို့ကို ……. ထောင်ချောက်ဆင်ပြီး ဖမ်းဖို့လား”
“ခင်ဗျား မှားသွားပြန်ပြီ” ကာဂါသည် လေးနက်သော လေသံဖြင့် ပြောနေသည်။
“မိခင်တစ်ယောက်က ကိုယ့်သားတစ်ယောက်ကို ထောင်ချောက်ထဲ ကျအောင် လုပ်ပါ့မလားဗျာ။ သူက ခင်ဗျားတို့ကို ခြေလွန်လက်လွန် မဖြစ်အောင် ကယ်တင်နေတာဗျ”
“အစ်ကို … မနေ့ကပဲ ကျွန်မ အစ်ကို့ကို ပြောခဲ့သေးတယ်မလား။ အမေက အခုတလော အလှပြင်တမ်း စပြီး ကစားနေတယ်လို့လေ။ တကယ်တော့ အမေ့မှာ အဲဒီလို အကျင့်မျိုး မရှိဘူး။ အစ်ကို့ကို အဲဒီလို ပြောဖို့ အမေကပဲ သင်ပေးခဲ့တာ။ အဲဒီတုန်းကတော့ အမေ ဘာကြောင့် အဲဒီလို လုပ်ခိုင်းရသလဲဆိုတာ ကျွန်မ နားမလည်ခဲ့ဘူး။ အခုတော့ ကျွန်မ ကောင်းကောင်း သဘောပေါက်သွားပြီ။ ကျွန်မရဲ့ ပြောစကားကို ကြားပြီးသွားရင် အစ်ကိုက အမေရဲ့ လက်ချောင်းတွေကို သွားစစ်ကြည့်ခဲ့သင့်တာ။ တကယ်လို့ အစ်ကိုက သူ့လက်ပေါ်က ဆေးရောင်တွေကို မြင်ခဲ့မယ်ဆိုရင် အစ်ကိုဟာ မဖြစ်မနေ ဖျက်ပစ်ဖို့ ကြိုးစားမှာပဲ။ အမေကလည်း တတ်နိုင်သလောက် ခုခံဦးမှာပဲ။ သူကလည်း ဆက်ပြီး သူငယ်ပြန်ချင်ယောင် ဆောင်ရဦးမှာကိုး။ ဒါဆို အစ်ကို့အနေနဲ့ အစ်ကိုတို့ရဲ့ စီမံကိန်းကို ပြင်ကောင်း ပြင်ရတော့မှာ။ ဒါက အကောင်းဆုံး လူမသိ သူမသိ ဖြေရှင်းနည်းပဲလေ။ အမေက အဲဒီလို တွေးကြံနေခဲ့တာ”
အာကီအိုသည် သူ့နဖူးကို လက်ဖဝါးဖြင့် ဖိကိုင်ထားလျက် “ငါ … အဲဒီလောက်အထိ တစ်ခါမှ မတွေးဖူးဘူး”
“ခင်ဗျားတို့က ကိုယ့်ထောင်ချောက်ထဲကိုယ် ပြန်ပိတ်မိနေကြတာ” ကာဂါက အေးဆေးစွာ ဝင်ပြောလေသည်။ “ကျွန်တော် ခင်ဗျားရဲ့ နှမကို သွားတွေ့ပြီး အခြေအနေကို ရှင်းပြလိုက်တယ်။ ခင်ဗျားအနေနဲ့ ကိုယ့်ဘာသာကိုယ် အမြင်မှန် ရလာတာမျိုးပဲ ကျွန်တော်က မျှော်လင့်တယ်။ ခင်ဗျားအမေကို ဖမ်းခေါ်မသွားခင်မှာ ခင်ဗျားရဲ့ အကြံအစည်ကို လက်လွှတ်လိုက်စေချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒါက ခင်ဗျားအမေရဲ့ မျှော်လင့်ချက်ပဲလေ။ တကယ်လို့ သူသာ ဆန္ဒ ရှိမယ်ဆိုရင် သူ အချိန်မရွေး ခင်ဗျားတို့ရဲ့ အစီအစဉ်ကို ဖျက်ဆီးပစ်လိုက်လို့ ရတယ်။ အခုလို အများ အမြင်မှာ သူငယ်ပြန်နေတာဟာ ဟန်ဆောင်နေတာပါလို့ အားလုံးကို အသိပေးလိုက်ရုံပဲ။ သူ ဘာဖြစ်လို့ အဲဒီလို မလုပ်ခဲ့တာလဲ။ အဖြေက ရှင်းရှင်းလေးပါ။ သူက ခင်ဗျားအပေါ်မှာ မျှော်လင့်ချက် ထားနေတုန်းပဲ။ ဒါကြောင့် ကျွန်တော်တို့ သူရဲ့ မျှော်လင့်ချက်ကို အလေးထားတဲ့ အနေနဲ့ ခင်ဗျားကို အမြင်မှန်ရအောင် ဘယ်လို လုပ်လို့ ရမလဲလို့ ခင်ဗျားနှမနဲ့ ကျွန်တော် တိုင်ပင်ခဲ့တယ်။ ခင်ဗျားအမေရဲ့ တောင်ဝှေးကို ပြကြည့်ရင် ရကောင်းရနိုင်တယ်လို့ ခင်ဗျားနှမက အကြံပေးခဲ့တာပဲ”
“တောင်ဝှေး?”
“ခင်ဗျား သဘောပေါက်ပြီလား။ အဓိက အကျဆုံးကတော့ ခြူလုံးလေးတွေ တွဲချည်ထားတဲ့ ကတ်ပြားကလေးပဲ။ အဲဒီ ကတ်ပြားလေးကို ခင်ဗျားအမေက ဘယ်လောက် တန်ဖိုးထားသလဲ ဆိုတာကို ဟာရုမိကလည်း သိနေတယ်။ ဓာတ်ပုံအယ်ဘမ်နဲ့ အဲဒီကတ်ပြား၊ နှစ်ခုစလုံးကို မြင်ပြီးတာတောင်မှ ခင်ဗျားဘက်က ဘာမှ မခံစားရဘူး ဆိုရင်တော့ ခင်ဗျားဟာ ကုရာနတ္ထိ ဆေးမရှိ ဖြစ်သွားပြီ။ အဲဒါတွေက ခင်ဗျားနှမရဲ့ အမြင်ပေါ့။ ကျွန်တော် အမှန်အတိုင်း ဝန်ခံရရင် ခင်ဗျားအမေကို ခင်ဗျား တောင်ဝှေး ကမ်းပေးလိုက်တဲ့ အချိန်တုန်းက ခင်ဗျား အမူအရာကို ကြည့်ပြီး ကျွန်တော် လက်လျှော့ဖို့ စိတ်ကူးလိုက်တယ်။ တော်သေးတာပေါ့ဗျာ။ ခင်ဗျား နောက်ကြောင်းပြန်နိုင်ခဲ့ပေလို့ပဲ။ ခင်ဗျားအမေလည်း ခင်ဗျား တောင်းပန်တာကို ကြားခွင့် ရလိုက်သေးတယ်”
“ဆရာကာဂါ ….. ကျွန်တော့်အမေက သူငယ်ပြန် မနေဘူးဆိုတာကို ဆရာ ဘယ်တုန်းက သတိထားမိလိုက်တာလဲ”
“သူရဲ့ လက်ချောင်းနီနီတွေကို မြင်လိုက်ရတဲ့ အချိန်မှာပဲပေါ့” ကာဂါက ချက်ချင်း ပြန်ဖြေသည်။ “သူ့လက်ချောင်းတွေမှာ ဘာဖြစ်လို့ အနီရောင်တွေ ပေနေရတာလဲ၊ ဘယ်အချိန်တုန်းက အရောင် ဆိုးထားခဲ့တာလဲလို့ ကျွန်တော် စဉ်းစားကြည့်နေခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော် စဉ်းစားနေရင်း သူ့မျက်နှာကို လှမ်းကြည့်လိုက်တော့ သူနဲ့ အကြည့်ချင်း ဆုံမိခဲ့ကြတယ်”
“အကြည့်?”
“ခင်ဗျားရဲ့ အမေက ကျွန်တော့်မျက်လုံးတွေကို စူးစူးစိုက်စိုက် ကြည့်နေခဲ့တယ်။ သူ ကျွန်တော့်ကို တစ်ခုခု ပြောပြချင်နေတာပဲ ဆိုတာ ကျွန်တော် နားလည်လိုက်တယ်။ အဲဒီ အကြည့်တွေဟာ ဘာခံစားချက်မှ မရှိတဲ့ လူတစ်ယောက်ရဲ့ အကြည့်မျိုး မဟုတ်ဘူး။ မစ္စတာမိုင်ဟာရာကရော …. ခင်ဗျားအမေရဲ့ မျက်လုံးတွေကို အရေးတယူ ပြုပြီး ဂရုတစိုက် ကြည့်ဖူးရဲ့လား”
ကာဂါ၏ စကားအခွန်းတိုင်းသည် လေးပင်သော ကျောက်လွှာအချပ်များကဲ့သို့ အာကီအို၏ ရင်တွင်းမှ နက်ရှိုင်းသော နေရာတွင် တစ်ချပ်ပြီး တစ်ချပ် နေရာယူ၍ ဖိစီးနေကြလေသည်။ ထိုကဲ့သို့သော ဖိအားများကို တောင့်မခံနိုင်တော့သည့်အလား အာကီအိုသည် ကြမ်းပြင်ပေါ်သို့ ပုံကျသွားသည်။ လက်နှစ်ဘက်သည် မြက်ဖျာကြမ်းခင်းကို နောက်ပြန် ထောက်လျက်။
မာဆာအေသည် ပန်းခြံဘက်သို့ မျက်နှာပြုကာ မလှုပ်မယှက် ထိုင်နေသည်။ ထိုအချိန် ထိုအခါရောက်မှ အာကီအိုက သတိထားမိသွားသည်။ အရွယ်အိုမင်းနေပြီ ဖြစ်သော မိခင်၏ ကျောပြင် ဝိုင်းဝိုင်းလေးသည် မသိမသာ တုန်ခါနေလေသည်။
အာကီအိုသည် ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်ပြီး ကြမ်းပြင်ကို ဆောင့်ကာဆောင့်ကာဖြင့် ဦးချနေလေသည်။ ကြမ်းပြင်ပေါ်မှာလည်း မျက်ရည်များ ရွှဲရွှဲစိုလျက်။