မာတိကာကြည့်ရန်

အခန်း (၂၁)

ကာဆုဂါအိတို့ မိသားစုနေသော တိုက်ခန်းမှာ အလွန်သစ်လွင်ဆဲ ဖြစ်သော ခြောက်ထပ်တိုက် အဆောက်အအုံ တစ်လုံး၏ ငါးလွှာတွင် ဖြစ်ပြီး လမ်းမကြီးမှ မီတာ ၁၀၀ ကျော်ခန့် ကွာလှမ်းသော လမ်းသွယ်လေးထဲတွင် ရှိသည်။

သူတို့နှစ်ဦးသည် ထိုတိုက်ခန်းသို့ နံနက် ခပ်စောစောကပင် ရောက်နေကြသည်။ ကာဆုဂါအိ တာဒါဟိကိုကလည်း သူတို့ကို ဖော်ရွေစွာ ဆက်ဆံပြီး အိမ်ထဲသို့ ချက်ချင်း ဝင်ခွင့်ပြုခဲ့သည်။ လူသတ်တရားခံကို အမြန်ဆုံး ဖော်ထုတ်နိုင်ရန်အတွက် သူကလည်း လွန်စွာ စိတ်အား ထက်သန်နေပုံ ရသည်။ သူ့ ကြည့်ရသည်မှာ မနေ့က တွေ့ခဲ့ရသည်ထက် ပိုမို တည်ငြိမ်အေးဆေးလေနေပြီ။

“ခင်ဗျား ဇနီးရဲ့ အခြေအနေကရော ဘယ်လိုလဲ” ရပ်ကွက်ဓမ္မာရုံတွင် ဆုံခဲ့ကြစဉ်က တစ်ဘက် ကန့်လန့်ကာအနောက်မှ ပေါ်ထွက်ခဲ့သော ကြေကွဲဖွယ် ငိုသံများကို ပြန်အမှတ်ရမိသောကြောင့် မာကျုမီယာက မေးလိုက်သည်။

“အိပ်ခန်းထဲမှာ အနားယူနေပါတယ်။ ကျွန်တော် သူ့ကို သွားခေါ်ပေးရမလား။ သူကလည်း မေးခွန်းတွေ ပြန်ဖြေနိုင်ပြီမို့ လိုအပ်ရင် သူ့ကို ခေါ်ဖို့ မှာထားပါတယ်” ကာဆုဂါအိက ပြန်ဖြေသည်။

မာကျုမီယာက ထိုအမျိုးသမီးကို ဒုက္ခမပေးရန် စိတ်ဆုံးဖြတ်ထားသော်လည်း ဘေးနားတွင် ထိုင်နေသော ကာဂါကမူ “ဒါဆိုလည်း လုပ်ပါဦးဗျာ”

“ရပါတယ်။ ကျွန်တော် သွားခေါ်လိုက်မယ်”

“အခုလို လုပ်တာ သူ့ကို နှိပ်စက်နေရာ မကျဘူးလား” မာကျုမီယာက မကျေနပ်သော လေသံဖြင့် ကာဂါကို တီးတိုးပြောနေသည်။

“ရက်စက်ရာ ကျလည်း မတတ်နိုင်ဘူး။ ကာဆုဂါအိ ယူနာကို နေ့စဉ် အနီးကပ် စောင့်ရှောက်ခဲ့ရတာက သူ့အမေလေ။ ကလေးကို သူ့ထက် နားလည်တဲ့သူ
ရှိနိုင်ဦးပါ့မလား။
 သူ့အဖေက တစ်နေကုန် အလုပ်သွားနေရတာ။ သူ့သွားမေးနေလို့ အတွင်းကျကျ သိနိုင်ဖို့ရာ မလွယ်လှဘူး။ ငါတို့အတွက် တန်ဖိုးရှိတဲ့ သဲလွန်စတွေ ရနိုင်မှာ မဟုတ်ဘူး” ကာဂါက စကားပြောရင်း အခန်းတွင်းကို မျက်စိဝေ့ကာ လေ့လာနေသည်။

မာကျုမီယာလည်း အခန်းတွင်း အခြေအနေများကို သတိထား ကြည့်မိသည်။ ဧည့်ခန်းကို အနောက်တိုင်းပုံစံ ဖွဲ့စည်းထားသည်။ နံရံတစ်ဘက်တွင် ၄၇ လက်မအရွယ် တီဗီကြီးတစ်လုံးကို ကပ်ထားပြီး ၎င်း၏ ဘယ်ညာဝဲယာရှိ နံရံကပ် ဗီဒိုများထဲတွင် ကာတွန်းကား DVD အချပ် အမြောက်အမြား အစီအရီ ထောင်ထားသည်ကို တွေ့ရသည်။ ယူနာ နှစ်သက်သော DVD အခွေများ ဖြစ်ရပေမည်။

ဧည့်ခန်းနှင့် ကပ်လျက်တွင် ရှိသော ထမင်းစားခန်းထဲမှ စားပွဲပေါ်တွင် ခေါက်ဆွဲကြော်ထည့်ထားသည့် ပန်းကန်နှစ်ချပ်ကို တွေ့ရသည်။ စားသောက်ဆိုင်မှ ဝယ်ထားခြင်း ဖြစ်မည်။ တစ်ပန်းကန်ထဲရှိ ခေါက်ဆွဲကြော်မှာ တစ်ဝက်သာ ကုန်ပြီး ကျန်ပန်းကန်မှာ လုံးဝ တို့ထိထားပုံ မရ။ မနေ့ညက သူတို့ လင်မယားနှစ်ဦး၏ ညစာများ ဖြစ်ရမည်ဟု မာကျုမီယာက တွေးနေမိသည်။

ကာဆုဂါအိ ပြန်လာသောအခါ သူ့နောက်မှ သေးကွေးပိန်လှီသော အမျိုးသမီးတစ်ယောက် ကပ်ပါလာသည်။ ဆံပင်ရှည်ကို နောက်စေ့တွင် တစ်ပတ်လျှို ထုံးစည်းထားပြီး မျက်နှာမှာလည်း မျက်မှန်နှင့် ပြည့်နေသယောင် ထင်ရသည်။ မျက်နှာပေါ်တွင် ဘာမိတ်ကပ်မျှ လိမ်းခြယ်ထားခြင်း မရှိဘဲ နှုတ်ခမ်းနီသာ ဆိုးထားသည်ကို တွေ့ရသည်။ ကြည့်ရသည်မှာ ယခုထွက်လာခါနီးမှ ဆိုးခဲ့ဟန်တူသည်။ သူ၏ မျက်နှာမှာ
ဖြူဖပ်ဖြူ
ရော် ဖြစ်နေလေသည်။

ကာဆုဂါအိက သူ့ဇနီးသည် နာကျုကိုနှင့် မိတ်ဆက်ပေးသည်။

ပဋိသန္ဓာရ စကားများ ပြောကြားပြီးနောက် စားပွဲပေါ်သို့ အကြည့်ရောက်သွားသည်။

“ရှင်က ဧည့်သည်တွေကို ရေနွေးကြမ်းလေး၊ ဘာလေး ချမပေးဘူးလား”

“မလိုပါဘူး။ ရပါတယ်” မာကျုမီယာက ချက်ချင်း ဝင်ဖြေသည်။ “ထိုင်ပါဦး ခင်ဗျ။ ဒီက အစ်မ အနားယူနေတာကို အနှောင့်အယှက် ပေးသလို ဖြစ်သွားတယ်။ အားနာစရာကြီးဗျာ”

“အမှုအတွက် တစ်ခုခုများ စုံစမ်းလို့ ရထားကြပြီလား” နာကျုကိုက အသံတိုးတိုးဖြင့် မေးလိုက်သည်။

“ဟုတ်ကဲ့၊ သဲလွန်စတချို့ ရထားပြီးပါပြီ။ ဒါပေမယ့် နားမလည်နိုင်သေးတဲ့ အပိုင်းတချို့လည်း ရှိနေပါသေးတယ်။ ဥပမာ ပြောရရင် သမီးလေး ယူနာက ဘာဖြစ်လို့ တစ်ယောက်တည်း အပြင်ထွက်သွားရတာလဲ။ အဲဒီလို အရင်တုန်းကရော ကြုံဖူးလား”

နာကျုကိုက မျက်တောင် နှစ်ချက်သုံးချက် ခတ်လိုက်ပြီး ပြန်ဖြေလေသည်။

“အပြင်မထွက်ခင် လူကြီးတွေကို ကြိုတင် အသိပေးဖို့ သူ့ကို မကြာမကြာ ဆုံးမနေခဲ့တာပဲ။ ဒါပေမယ့် အခုလိုပဲ လူကြီးအလစ်မှာ ထွက်သွားတတ်တယ်။ ကျောင်းတက်ပြီး နောက်ပိုင်း ပိုဆိုးလာတော့တာပဲ။ အများအားဖြင့် သူငယ်ချင်းတွေနဲ့ ချိန်းပြီး အပြင်မှာ ထွက်ဆော့ကြတာပေါ့”

“ပြီးခဲ့တဲ့ သောကြာနေ့ကရော အဲဒီလိုပဲလား”

“အဲဒီနေ့ကတော့ အဲ့လို မဟုတ်ဘူး ထင်တယ်။ အရင်က သူနဲ့ အတူ ကစားကြတဲ့ သူ့သူငယ်ချင်း အားလုံးကိုလည်း မေးကြည့်ပြီးပြီ။ အပြင်ထွက်ဖို့ ဘယ်သူနဲ့မှ ချိန်းမထားဘူးလို့ ပြောကြတယ်”

“ယူနာက အပြင်ထွက်ရင်း ရေခဲချောင်း ဝယ်စားခဲ့သေးတယ်။ အဲဒီအတွက်နဲ့များ အိမ်အပြင် ထွက်သွားခဲ့တာပဲလား”

နာကျုကိုက တစ်ခဏမျှ စဉ်းစားနေပြီး “ရေခဲသေတ္တာထဲမှာ သူကြိုက်တတ်တဲ့ ရေခဲချောင်းတွေ ရှိသေးတယ်။ ဒါကြောင့် ကျွန်မအထင်တော့ သူက ရေခဲချောင်းစားချင်ရုံ သက်သက်နဲ့ အပြင်ထွက်တာ မဟုတ်လောက်ဘူး”

ကာဂါက ခေါင်းညိတ်နေသည်။

“ယူနာမှာ ဟန်းဖုန်း ရှိသလား”

နာကျုကိုက ခေါင်းခါပြရင်း “အရမ်းငယ်သေးတာကြောင့် ကျွန်မတို့ …….” သူ၏ မျက်ရည်စများ အရောင်လက်နေကြသည်ကို သူ့မျက်မှန်ထဲမှ ဖောက်မြင်နေရသည်။ “ဒီလို ဖြစ်လာမယ်မှန်း သိရင် အစောကြီးကတည်းက သူ့ကို ဖုန်းတစ်လုံး ဝယ်ပေးထားပါတယ်”

“ဖုန်းပါရုံနဲ့လည်း လုံခြုံတယ်လို့ ယူဆလို့ မရဘူးဗျ။ ကလေးလက်ထဲမှာ ဖုန်းရှိနေရင် အန္တရာယ်ကို ဖိတ်ခေါ်နေသလိုတောင် ဖြစ်နေတတ်တယ်” ကာဂါက နှစ်သိမ့်ပေးနေသည်။ “သူ့သူငယ်ချင်းတွေမှာရော”

“တချို့တလေတော့ ရှိကြတယ်”

မာကျုမီယာသည် ဘေးနားမှ နားထောင်နေရင်း တွေးနေမိသည်။ အန္တရာယ်တစ်ခုခုမှ အရေးပေါ် ကာကွယ်နိုင်ရန် မိဘများက သူတို့၏ သားသမီးများအား လက်ကိုင်ဖုန်းများ စီစဉ်ပေးထားခြင်း ဖြစ်ရမည်။ ယခုအခါ ဖုန်းများတွင် တည်နေရာကို အတိအကျ ဖော်ပြနိုင်သော GPS စနစ်များ တွဲပါနေကြပြီ မဟုတ်ပါလား။ သို့သော် ကာဂါ ပြောသကဲ့သို့ ဟန်းဖုန်းဟူသော အကြောင်းကြောင့် တစ်ဘက်လူ၏ စိတ်ဝင်စားခြင်းကို ခံခဲ့ရသော မှုခင်းများကလည်း မနည်းမနော ရှိခဲ့ဖူးသည်။

“ဒါနဲ့ ယူနာမှာ ကိုယ်ပိုင်အခန်း ရှိလား” ကာဂါက မေးသည်။

“ရှိပါတယ်”

“ကျွန်တော်တို့ ဝင်ကြည့်လို့ ရမလား”

နာကျုကိုက သူ့ယောက်ျားကို လှမ်းကြည့်လိုက်သည်။ ကာဆုဂါအိ၏ ခွင့်ပြုချက်ကို တောင်းခံနေသယောင်။

“ဒီဘက်ကို ကြွပါ” ကာဆုဂါအိက ထရပ်ရင်း ပြောလိုက်သည်။

ယူနာ၏ အခန်းမှာ မြက်ဖျာ လေးချပ်ခွဲခန့် ကျယ်ဝန်းသော အနောက်တိုင်းပုံစံ အခန်းတစ်ခန်း ဖြစ်သည်။ ပြတင်းပေါက်ဘေးတွင် စာရေးစားပွဲတစ်လုံး ရှိပြီး ခုတင်ကို နံရံကပ်ထားသည်။ ပရိဘောဂများမှာ သစ်လွင်နေကြဆဲ။

အခန်းတွင်းမှ စိတ်ဝင်စားဖွယ် အကောင်းဆုံး အရာများမှာ နံရံကပ် စင်ပေါ်တွင် အစီအရီ ထောင်ထားသော အရုပ်များ ဖြစ်သည်။ ယခု နာမည်ကြီးနေသော ကာတွန်းကားများထဲမှ ဇာတ်ကောင်များ၏ ဆင်တူ ပလတ်စတစ် ကော်ရုပ်များ ဖြစ်ကြသည်။ ယခုအခါ စူပါမားကတ်များတွင် ထိုကဲ့သို့သော အရုပ်များကို စတိုင်မျိုးစုံဖြင့် ထုတ်လုပ် ရောင်းချလျက် ရှိသည်။

“သူက Super Princess ဖန်ပါပဲလား” မာကျုမီယာက ပြောလိုက်သည်။

“ဟုတ်တယ်။ သူက တော်တော် ကြိုက်တာ …..” နာကျုကို၏ စကားသံတွင် ရှိုက်သံများ ရောစွက်လာသည်။

“စူပါမင်းသမီး?” ကာဂါက နားလည်ပုံ မရ။

“ဒါကို ပြောတာ။ သူ့ကို စူပါ ပရင့်စက်စ်လို့ ခေါ်တယ်” မာကျုမီယာသည် အရုပ်တစ်ရုပ်ကို လက်ညှိုးထိုးပြရင်း ကာဂါကို ရှင်းပြနေသည်။

“တီဗီဘေးမှာ ရှိတဲ့ ဗီဒိုထဲက DVD တွေကရော ဒါတွေပဲလား”

“ဟုတ်တယ်။ အရင်တုန်းကတော့ အားတိုင်း အဲဒီကာတွန်းကားတွေချည်း ထပ်ပြန်တလဲလဲ ကြည့်နေတာပဲ” နာကျုကိုက ဖြေသည်။ “ပြီးတော့ အဲဒီလို အရုပ်တွေ စုဆောင်းရတာကိုလည်း ဝါသနာပါတယ်။ စတိုးဆိုင်မှာ တွေ့ရင် ဝယ်ပေးဖို့ ကျွန်မကို ပူဆာတော့တာပဲ”

ကာဂါသည် စာရေးစားပွဲဆီသို့ လျှောက်သွားသည်။ စားပွဲပေါ်တွင် အားလုံး သပ်သပ်ရပ်ရပ်။ စားပွဲပေါ်တွင် လည်ဆွဲကတ်ပြားတစ်ခု ချထားသည်။ ကြည့်ရသည်မှာ ကျောင်းတက်လျှင် ဆွဲထားရသော ယူနာ၏ လည်ဆွဲကတ်ပြား ဖြစ်မည်။ သူသည် အပြင်မထွက်ခင် ချွတ်၍ စားပွဲပေါ် တင်ထားခဲ့ပေမည်။

“ဒါက …” ကာဂါသည် ထိုလည်ဆွဲကတ်ပြားကို တွေ့သွားပြီး နောက်လှည့်ကာ မေးလိုက်သည်။

“အဲဒါက သူတို့ မူလတန်းကျောင်းရဲ့ ကျောင်းသားကတ်ပြားပါ”

“အဲဒါကို ကျွန်တော် သိပါတယ်။ ကျွန်တော် မေးချင်တာက သူ့နောက်ကျောမှာ ရိုက်ထားတဲ့ စာတွေအကြောင်းပါ။ ကြည့်ရတာ ဖုန်းနံပါတ်တွေနဲ့ အီးမေးလ်လိပ်စာတွေ ထင်တယ်”

“အဲဒါ ကျွန်တော်တို့ရဲ့ ဖုန်းနံပါတ်တွေနဲ့ အီးမေးလ် လိပ်စာတွေပါ”

“ခင်ဗျားတို့ နှစ်ယောက်စလုံးမှာ ဖုန်းရှိတာလား”

“ဟုတ်ပါတယ်။ ကျွန်တော်တို့ဆီ အချိန်မရွေး ဆက်သွယ်လို့ ရအောင် သူ့ကျောင်းသားကတ်ရဲ့ အနောက်မှာ မှတ်ပေးထားတာ”

“အီးမေးလ် လိပ်စာ သုံးခုကရော”

“နှစ်ခုက ကျွန်တော်တို့နှစ်ယောက်ရဲ့ အလုပ်က အီးမေးလ်လိပ်စာတွေပါ။ နောက်ဆုံး တစ်ခုကတော့ ကျွန်တော်ရဲ့ ကိုယ်ပိုင် လိပ်စာပါ”

ကာဂါသည် ကတ်ပြားနောက်ကျောကို စိုက်ကြည့်နေရင်း နားလည်ပြီ ဟူသော သဘောဖြင့် ခေါင်းညိတ်နေသည်။ သူက တစ်ခုခုကို သတိရသွားဟန်ဖြင့် ခေါင်းမော့လိုက်ပြီး

“ခင်ဗျားတို့အိမ်မှာ ကွန်ပျူတာ ရှိလား”

“ကျွန်တော်တို့ရဲ့ အခန်းထဲမှာ ရှိပါတယ်”

“ယူနာရော လာ သုံးလေ့ရှိလား”

“တစ်ခါတလေ ကျွန်တော်တို့နဲ့အတူ အင်တာနက် သုံးတတ်ပါတယ်”

“သူ တစ်ယောက်တည်းရော သုံးတတ်လား”

“မသုံးလောက်ဘူး ထင်တယ်။ ….. ဟုတ်တယ်မလား” ကာဆုဂါအိသည် သူ့ဇနီးဘက်သို့ လှည့်၍ မေးနေသည်။

“မမြင်ဖူးဘူးပဲ” နာကျုကိုကလည်း သူ့ယောက်ျား၏ အမြင်ကို သဘောတူသည်။

“ဒါဆို မစ္စတာကာဆုဂါအိ အနေနဲ့ ကွန်ပျူတာကို ဘယ်အချိန်က နောက်ဆုံး သုံးခဲ့တာလဲ”

“မနေ့ညက။ အီးမေးလ်အသစ် ရောက်မရောက် စစ်ကြည့်တာပါ”

“မသင်္ကာစရာ ဘာတွေများ တွေ့သေးလဲ”

“မသင်္ကာစရာ?”

“ဥပမာ ကိုယ်မသိတဲ့ လူတစ်ယောက်ယောက်ဆီက ပို့လာတဲ့ အီးမေးလ်တို့ ဘာတို့ပေါ့”

“မရှိဘူး ထင်တာပဲ။ အီးမေးလ်တွေကနေ ဘာသဲလွန်စ ရနိုင်လို့လဲ”

“မဟုတ်ပါဘူး” ကာဂါက လက်ကို ခါယမ်းရင်း “အခုချိန်ပြောဖို့ စောလွန်းနေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ခင်ဗျားရဲ့ ကွန်ပျူတာကို စစ်ဆေးကြည့်ဖို့ လိုကောင်း လိုလာပါလိမ့်မယ်။ အဲဒီအချိန်ကျရင်တော့ အဲဒီ ကွန်ပျူတာကို ကျွန်တော်တို့လက်ထဲ ခဏ အပ်ထားဖို့ ခင်ဗျားတို့ကို တောင်းဆိုရမှာပဲ”

“တကယ်လို့ အမှုအတွက် အကျိုးရှိမယ်ဆိုရင် ဘာဖြစ်ဖြစ် ကျွန်တော်တို့ဘက်က အဆင်သင့်ပါ”

အဘယ်ကြောင့် အမှုအတွက် ထိုကွန်ပျူတာအား စစ်ဆေးရန် လိုအပ်ကြောင်းကိုမူ ကာဆုဂါအိသည် လုံးလုံး နားလည်ပုံ မရ။

“အဲဒီအချိန်ကျရင် အကြောင်းအရင်းကို ကျွန်တော်တို့ ရှင်းပြပါ့မယ်” ကာဂါသည် လက်ပတ်နာရီကို ငုံ့ကြည့်လိုက်သည်။ “အချိန်တောင် တော်တော် ကြာသွားပြီ။ ကျေးဇူး အများကြီး တင်ပါတယ်ဗျာ။ ခင်ဗျားတို့ဆီက ရတဲ့ အချက်အလက်တွေက အမှုမှန် ပေါ်ပေါက်နိုင်ဖို့အတွက် အများကြီး အကျိုးရှိပါတယ်”

တိုက်ခန်းမှ ပြန်ထွက်လာကြသောအခါ ကာဂါက မာကျုမီယာကို ပြောလိုက်သည်။ “မစ္စတာကိုဘာယာရှိဆီကို ဖုန်းဆက်ပြီး မစ္စတာကာဆုဂါအိရဲ့ ကွန်ပျူတာကို စစ်ဆေးဖို့ သတင်းတပ်ဖွဲ့ဆီ အကြောင်းကြား ခိုင်းလိုက်ပါဦး”

“အစ်ကို့သဘောက ယူနာလေးဟာ တရားခံကို သူ့ကွန်ပျူတာကနေတစ်ဆင့် ဆက်သွယ်ခဲ့တယ်ပေါ့”

“ဖြစ်နိုင်တယ်”

“ဒါပေမယ့် သူတစ်ယောက်တည်း ကွန်ပျူတာသုံးတာကို မမြင်ဖူးပါဘူးလို့ သူ့အဖေအမေတွေက ပြောနေကြတာလေ”

ထိုစကားကို ကြားသောအခါ ကာဂါသည် ပခုံးကို တွန့်လိုက်ပြီး ဖြည်းဖြည်းချင်း သူ့ခေါင်းကို ခါယမ်းကာ

“မိဘတွေရဲ့ စကားက ဒီနေရာမှာ အားကိုးလို့ မရဘူး။ ကလေးတွေက သူတို့ မိဘတွေ ထင်တာထက် စောပြီး ရင့်ကျက်လာတတ်ကြတယ်။ အထူးသဖြင့် သူတို့ တစ်ခုခုကို စိတ်ဝင်စားသွားပြီ ဆိုတဲ့ အခါမျိုးပေါ့။ အခုလို အင်တာနက်ခေတ်ကြီးမှာ ကလေးတွေကလည်း မိဘတွေအနား နေပြီး သူတို့ဆီက အတုခိုးရင်း ဘယ်အရာမဆို အတတ်မြန်ကြတယ်။ အီးမေးလ်သုံးနည်းကို မသိမသာ ခိုးသင်ပြီး သူတို့ ကြိုက်တဲ့သူနဲ့ ခိုးကြောင်ခိုးဝှက် ဆက်သွယ်လို့ရတာ ဘယ်လောက် အဆင်ပြေသလဲ”

ကာဂါ၏ စကားကို မာကျုမီယာအနေဖြင့် သဘောမတူ၍ မဖြစ်။ ယခုနှစ်ပိုင်း လူငယ်များနှင့် သက်ဆိုင်သော ပြစ်မှုများကို လေ့လာကြည့်လျှင် ထိုအချက်မှာ သိသာထင်ရှားလှသည်။

မာကျုမီယာသည် လက်ကိုင်ဖုန်းကို ဆွဲထုတ်လိုက်ပြီး ကိုဘာယာရှိထံသို့ ဖုန်းခေါ်တော့မည်ဟု ဟန်ပြင်လိုက်စဉ်မှာပင် သူ့ဖုန်းမှ အသံထွက်ပေါ်လာသည်။

“ကျွန်တော် မာကျုမီယာပါ”

“အေး၊ ငါ ကိုဘာယာရှိပါ”

“ကျွန်တော် အခုပဲ ဆရာ့ဆီ ဖုန်းခေါ်တော့မလို့”

မာကျုမီယာသည် ကာဂါ၏ တောင်းဆိုချက်ကို ကိုဘာယာရှိအား ပြောကြားနေသည်။

“ကောင်းပြီလေ။ ဒါဆို သတင်းတပ်ဖွဲ့ကို အခုပဲ သွားခိုင်းလိုက်မယ်”

“ကျွန်တော်တို့ ဒီမှာ စောင့်နေဖို့ လိုဦးမလား”

“မလိုပါဘူး။ မင်းတို့ အခု တစ်နေရာကို သွားရလိမ့်မယ်”

“ဘယ်နေရာလဲ ဆရာ”

“မိုင်ဟာရာ အာကီအိုရဲ့အိမ်”

“ဘာတွေများ ထူးခြားလို့လဲ ဆရာ”

“မဟုတ်ဘူး။ သူတို့က ဖုန်းဆက်လာတာ”

“မိုင်ဟာရာက ရဲစခန်းကို ဖုန်းဆက်တယ်?” မာကျုမီယာသည် ဖုန်းကို ကိုင်ထားလျက် ကာဂါ၏ မျက်နှာကို လှမ်းကြည့်လိုက်သည်။

“မိုင်ဟာရာ အာကီအိုက အိချိုပန်းခြံအမှုနဲ့ ပတ်သက်ပြီး ငါတို့ကို ပြောစရာ ရှိတယ် ဆိုပဲ”

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *