အခန်း (၂)
အစည်းအဝေးအတွက် လိုအပ်မည့် စာရွက်စာတမ်းများကို ပြင်ဆင်ပြီးနောက် ကွန်ပျူတာပိတ်ရန် ကြံရွယ်နေစဉ် မိမိနှင့် နှစ်ခုံအကွာမှ ယာမာမိုတိုသည် မတ်တတ်ထရပ်လိုက်သည်။ သူ၏ လက်ကိုင်အိတ်ထဲသို့ ပစ္စည်းများ ထည့်သွင်း သိမ်းဆည်း၍ အိမ်ပြန်ရန် ပြင်ဆင်နေလေသည်။
“ဟဲ့ကောင်၊ မင်း ပြန်တော့မလို့လား” မိုင်ဟာရာ အာကီအိုက လှမ်းမေးလိုက်သည်။ ယာမာမိုတိုနှင့် သူသည် ဤစက်ရုံသို့ အလုပ်အတူတူ ဝင်ခဲ့ကြသူများ ဖြစ်သည်။ ရာထူးအဆင့်ဆင့် တက်ခဲ့ကြသည့် နှုန်းထားကလည်း မကွာလှပေ။
“အေး၊ လုပ်စရာ တိုလီမိုလီတွေတော့ ကျန်သေးတယ်။ နောက်တစ်ပတ် ရုံးတက်မှပဲ ဆက်လုပ်တော့မယ်ကွာ။ မင်းရော။ ဒီနေ့ သောကြာနေ့ဟ။ ဒီလောက် နောက်ကျတဲ့အထိ အလုပ်တွေ ကြိုးစားနေတုန်းလား” ယာမာမိုတိုသည် သူ၏ လက်ကိုင်အိတ်ကို ဆွဲမ၍ အာကီအိုအနားသို့ လျှောက်လာခဲ့သည်။ သူသည် ကွန်ပျူတာ မျက်နှာပြင်ကို တစ်ချက်လှမ်းကြည့်ပြီး အံ့အားသင့်သွားသော အမူအရာဖြင့် “မင်းဟာက အထူးအဆန်းပါလား။ နောက်တစ်ပတ် အစည်းအဝေးကျမှ လိုမယ့် စာရွက်စာတမ်းတွေ မဟုတ်ဘူးလား။ အခုကတည်းက လုပ်နေပြီလားဟ”
“မြန်မြန်ပြီးလေ အေးလေပဲ မဟုတ်ဘူးလားကွာ”
“တကယ့်ကောင်ပဲကွာ။ နောက်အပတ်မှ လိုမယ့်စာတွေကို အချိန်ပိုဆင်းပြီး ဒီလောက် အရေးတကြီး လုပ်နေစရာ မလိုပါဘူးကွာ။ အိုဗာတိုင်ကြေး ရတာလည်း မဟုတ်ဘဲနဲ့”
“စိတ်ပါတုန်းမို့ အပြီးလုပ်လိုက်တာပါကွာ” အာကီအိုသည် ပြောနေရင်း ကွန်ပျူတာကို ပိတ်ချလိုက်သည်။ “အဲဒါထားပါတော့ဗျာ။ ဘယ်လိုလဲ၊ အချိန်ရလား။ နည်းနည်းပါးပါးလေး သွားမော့ရအောင်လား” သူသည် လက်မထောင်၍ သူ့ပါးစပ်သို့ ထိုးကာ အရက်သောက်မည့်ပုံ လုပ်ပြလိုက်သည်။
“ဝမ်းနည်းစရာပဲကွာ။ ဒီနေ့တော့ မဖြစ်သေးဘူး။ မိန်းမဘက်က အမျိုးတွေ ရောက်နေတယ်။ ကျုပ်ကို စောစောပြန်ခဲ့တဲ့”
“ဪ … ဂလိုလား”
“နောက်တစ်ခေါက်ပေါ့ကွာ။ ခင်ဗျားလည်း အိမ်စောစော ပြန်ဦးဗျ။ အခုတလော ခင်ဗျားက အားအားရှိ အိုဗာတိုင် ဆင်းနေသလိုပဲ”
“နေ့တိုင်းလည်း မဟုတ်ပါဘူးကွာ” အာကီအိုသည် ဘာမှ မဖြစ်သလို ပုံဟန်ဖြင့် ခပ်ပြုံးပြုံးလေး ပြန်ဖြေလိုက်သည်။ သို့သော် သူ့စိတ်ထဲတွင်မူ ဤသို့ စဉ်းစားနေမိ၏။ လူတို့သည် အပေါ်ယံတွင်သာ မည်သူ့ကိုမျှ အမှုမထားသလို၊ ဂရုမစိုက်သလို နေနေသော်ငြားလည်း တကယ့်လက်တွေ့တွင်မူ အနီးအနားရှိ လူများအား စပ်စပ်စုစု မျက်စိဒေါက်ထောက်ပြီး ကြည့်နေယောင်တကား။
“အေးဗျာ။ ဘာပဲဖြစ်ဖြစ် နေ့တိုင်း အချိန်ပိုဆင်းပြီး ဒီလောက်လည်း ဒုက္ခ ခံမနေနဲ့ဦးဗျ” ယာမာမိုတိုသည် သူ့ကို ပြောပြီးပြီးချင်း တစ်ဘက်သို့ လှည့်ထွက်သွားလေတော့သည်။
အာကီအိုသည် စိတ်မပါ့တပါဖြင့် သူ၏ ရုံးခန်းတစ်ခန်းလုံးကို မျက်စိဝေ့ဝဲကြည့်နေသည်။ ရုံးခန်းဟု ဆိုသော်လည်း အခန်းအကာအရံ မရှိသော တိုက်အလွှာ တစ်လွှာသာ ဖြစ်သည်။ တစ်ထပ်လုံးတွင် ဝန်ထမ်း ဆယ်ယောက်လောက်သာ ကျန်တော့သည်။ ထိုအထဲမှ နှစ်ယောက်မှာ သူ၏ လက်အောက်တွင် တာဝန် ထမ်းဆောင်နေရသော ဝန်ထမ်းနှစ်ဦး ဖြစ်သည်။ တစ်ဦးမှာ မနှစ်ကမှ ရောက်လာသော ဝန်ထမ်းအသစ်။ အသစ်ဖြစ်၍လား မသိ။ သူနှင့် စကားပြောရသည်မှာ ယခုအချိန်အထိ အပေါက်အလမ်း မတည့်ချင်သေးပေ။ ကျန်တစ်ယောက်မှာ သူ့အောက် သုံးနှစ် ငယ်သည်။ သူနှင့်တော့ စကားပြောရသည်မှာ လေပေးဖြောင့်သည်။ သို့သော် အရက်မသောက်တတ်။ အာကီအိုသည် အရက်သောက်ဖော် မရှိ၍ မည့်သို့ဖြစ်စေ၊ ယနေ့ အိမ်စောစော ပြန်ရတော့မည့် အဖြစ်ကို စဉ်းစားမိကာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။
ထိုစဉ် သူ၏ လက်ကိုင်ဖုန်းမှ အသံမြည်လာသည်။ ဖုန်းတွင် ပေါ်နေသော အိမ်ဖုန်းနံပါတ်ကို မြင်လိုက်သော တစ်ခဏမှာပင် စိတ်ထဲ ထင့်သွားခဲ့သည်။ ယခုအချိန်မျိုး ဖုန်းခေါ်လာခြင်းသည် ဘာအကြောင်းထူး ရှိ၍ပါနည်း။
“ဟယ်လို ယောက်ျားလား” ဖုန်းထဲမှ ဇနီးသည် ယာအေကို၏အသံ ထွက်ပေါ်လာသည်။
“အေး၊ ဘာဖြစ်လို့လဲ”
“အင်း … ဘယ်လိုပြောရမလဲ။ ပြဿနာတစ်ခု တက်နေလို့။ မြန်မြန် ပြန်လာခဲ့ပါလား”
ဇနီးသည်၏အသံသည် မြန်လွန်း၍ ဗလုံးဗထွေး ဖြစ်နေသည်။ အစိုးရိမ်လွန်နေသောအခါတွင် ယခုကဲ့သို့ စကားပြောမြန်လာသည်မှာ သူ၏ အကျင့်ပင် ဖြစ်သည်။ ဖုန်းသံကြားစဉ်က စိတ်ထဲ ထင့်နေခဲ့သော အာကီအိုသည် သူ့ဇနီး၏ အသံကို ကြားရသောအခါ ပို၍ပင် စိတ်ရှုပ်သွားတော့သည်။
“ဘာကိစ္စလဲ။ ကို အခု အလုပ်က မပြတ်သေးဘူး” သူက ကြိုတင် ကာထားလိုက်၏။
“ကြံဖန်ပြီး ပြန်လာလို့ မရဘူးလား။ အိမ်မှာ ပြဿနာတက်နေပြီ”
“ဘာပြဿနာလဲ”
“ဖုန်းထဲမှာ ပြောလို့ မကောင်းဘူးလေ။ ပြီးတော့ ကျွန်မလည်း ဘယ်လို ပြောရမှန်း မသိဘူး။ အခု ပြန်လာခဲ့ပါရှင်”
အာကီအိုသည် သူ့ဇနီးသည်၏ သက်ပြင်းချသံကို ဖုန်းထဲမှ ကြားလိုက်ရသည်။ သူ တော်တော်လေး စိတ်လှုပ်ရှားနေပုံ ပေါ်သည်။
“ပြဿနာက ဘာနဲ့ ပတ်သက်နေတာလဲ။ အဲဒါလောက်တော့ ပြောလို့ ရတယ် မဟုတ်လား”
“အဲ … ကျွန်မ ဘယ်လိုပြောရမလဲ။ ….. ပြဿနာ အကြီးကြီးကို တက်နေတာရှင့်”
“မင်း အဲဒီလောက်လေး ပြောရုံနဲ့ ကိုက ဘယ်သိနိုင်မှာလဲ။ ခပ်ရှင်းရှင်း ပြောစမ်းပါကွာ”
ယာအေကိုဘက်မှ ဘာအဖြေမှ မရ။ အာကီအိုသည် စိတ်မရှည်စွာ ထပ်မေးတော့မည် အပြုတွင် သူ၏နားထဲသို့ ရှိုက်သံများ တိုးဝင်လာတော့သည်။ ထိုခဏတွင် သူ၏ နှလုံးခုန်သံများလည်း မြန်ဆန်လာလေပြီ။
“ကောင်းပြီလေ။ ကို အခုပဲ ပြန်ခဲ့မယ်”
ထိုသို့ပြော၍ ဖုန်းချတော့မည်ဟု စိတ်ကူးနေစဉ် ယာအေကိုထံမှ “ခဏလေး” ဟူသော အသံကို ကြားလိုက်ရသည်။
“ဘာရှိသေးလို့လဲ”
“ဒီည ဟာရုမိကို မလာစေချင်ဘူး”
“သူလာရင် အဆင်မပြေလို့လား”
ယာအေကိုက သိပ်သေချာကြောင်း ပြန်ဖြေသည်။
“သူ့ကို အိမ်မလာဖို့ ကိုက ဘယ်လို အကြောင်းပြရမှာလဲ။”
“ကျွန်မသဘောက …..” ဆက်မပြောတော့ဘဲ ငြိမ်သက်သွား၏။ သူ စိတ်လှုပ်ရှားနေလွန်းသောကြောင့် ဖြစ်မည်။ ခေါင်းထဲတွင် ဘာမျှ စဉ်းစား၍ မရနိုင်တော့သည့်အလား ဘာမျှ ဆက်မပြောတော့ပေ။
“ဒါဆို ကိုပဲ သူ့ဆီ ဖုန်းဆက်လိုက်ပါမယ်။ အဆင်ပြေမယ့် အကြောင်းပြချက် တစ်ခုကို စဉ်းစားကြည့်တာပေါ့။ အိုကေတယ်မလား”
“အင်း၊ မြန်မြန်ပြန်လာခဲ့”
“အေးပါ” ဟုပြော၍ အာကီအိုသည် ဖုန်းကို ချလိုက်သည်။
သူ့အောက် သုံးနှစ်ငယ်သည်ဆိုသော သူ့လက်အောက် ဝန်ထမ်းသည် ဖုန်းပြောသံများကို တစ်စွန်းတစ်စ ကြားလိုက်ရ၍ ခေါင်းထောင်လာကာ လှမ်းမေးလိုက်၏။ “အိမ်မှာ ဘာပြဿနာ တက်နေတာလဲဗျ”
“ငါလည်း အသေအချာ မသိဘူး။ စောစောပြန်လာဖို့ပဲ မှာနေတာ။ ဒါကြောင့် ငါ အခု ပြန်လိုက်တော့မယ်”
“ဟုတ်၊ ဟုတ်။ လမ်းမှာ ဂရုစိုက်ဦး”
လုပ်စရာလည်း မရှိပါဘဲနှင့် ရုံးမှာ ပေကပ်နေနေသည်က သာ၍ ထူးဆန်းသေးသည်။ သူ့လက်အောက်ငယ်သား ဝန်ထမ်း၏ မျက်နှာပေးက ထိုကဲ့သို့ တွေးနေသည့်နှယ်။
အာကီအို အလုပ်လုပ်နေသော ကုမ္ပဏီသည် လျှပ်စစ်ပစ္စည်း ထုတ်လုပ်သော လုပ်ငန်းတစ်ခု ဖြစ်ပြီး ရုံးချုပ်မှာ မြို့လယ်ခေါင်ရှိ ကာယာဘာချိုရပ်ကွက်တွင် တည်ရှိသည်။ မြေအောက်ဘူတာသို့ လျှောက်သွားနေစဉ် သူသည် လက်ကိုင်ဖုန်းဖြင့် ဟာရုမိထံသို့ ဖုန်းခေါ်လိုက်သည်။ ဟာရုမိသည် အာကီအို၏ နှမဖြစ်ပြီး သူ့အောက် လေးနှစ်ငယ်သည်။ သူ့ခင်ပွန်း၏ မျိုးရိုးအမည်မှာ တာဂျိမဖြစ်သည်။
ဟာရုမိသည် ဖုန်းကို ကောက်ကိုင်ပြီး အာကီအို၏ အသံကို ကြားလိုက်ရသည်နှင့် စိုးရိမ်စိတ် ဖြစ်ပေါ်လာပြီး ခပ်သွက်သွက် ပြန်မေးလိုက်သည်။ “အမေ ဘာဖြစ်လို့လဲ”
“မ … မဟုတ်ပါဘူး။ ဘာမှ မဖြစ်ပါဘူး။ ခုနက ယာအေကို ဖုန်းဆက်လာတယ်။ အမေ
အိပ်သွားပြီတဲ့။
ဒါကြောင့် သူ အိပ်ပါစေတော့ဆိုပြီး ဒီအတိုင်းပဲ ထားလိုက်ရင် ကောင်းမလားလို့”
“ဒါဆို ကျွန်မက …..”
“အင်း၊ နင် ဒီနေ့ မလာနဲ့တော့လေ။ မနက်ဖြန်မှပေါ့”
“ဪ … မနက်ဖြန်ကျမှ ပုံမှန်အချိန် လာရမယ်လား”
“ဟုတ်တယ်။ အဲဒီလို ပြောချင်တာ”
“ကောင်းပြီလေ။ ကျွန်မ ဒီဘက်မှာလည်း လုပ်စရာအလုပ် ရှိနေတာနဲ့ အတော်ပါပဲ”
‘ကုန်ပစ္စည်းတွေ ပို့ဖို့ အလုပ်ရှုပ်နေတာ ဖြစ်ပါလိမ့်မယ်’ ဟု အာကီအိုက တွေးနေမိသည်။ ဟာရုမိတို့ လင်မယားသည် ကားမှတ်တိုင်နှင့် မျက်နှာချင်းဆိုင်တွင် အထည်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားကြသည်။
“နင်လည်း ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေမယ်ဆိုတာ အစ်ကို သိပါတယ်။ နင့်အတွက်လည်း ဝန်ပိုတွေ ပိနေပြီ”
“ရပါတယ်” ဟာရုမိက ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။ ထိုကဲ့သို့
ဝတ်ကျေတ
မ်း
ကျေပြောသော
စကားမျိုးကို နားရည်ဝနေပြီ ဖြစ်ကြောင်း သူ၏ လေသံက ဖော်ပြနေသည်။
“ဒါဆိုလည်း မနက်ဖြန်မှ တွေ့မယ်လေ” အာကီအို ဖုန်းကို ချလိုက်သည်။
ကုမ္ပဏီမှ ထွက်လာခဲ့၍ နှစ်ဘလောက်ကျော် လမ်းလျှောက်ပြီးကာမှ ရုံးခန်းထဲတွင် ထီးမေ့ကျန်နေခဲ့ကြောင်း သူ သတိရတော့သည်။ မနက်က ရုံးသို့လာစဉ် မိုးသည်းထန်စွာ ရွာနေခဲ့သည်။ မည်သည့်အချိန်က
မိုးတိတ်သွားသည်ကိုပင်
သတိမထားမိ။ သူသည် တစ်နေကုန်လုံး ရုံးခန်းထဲမှာပင် အလုပ်ရှုပ်နေခဲ့သည်။ လမ်းပေါ်ရောက်မှ စက်ရုံသို့ နောက်လှည့်ပြန်၍လည်း မယူချင်တော့။ ဒီလိုဆိုလျှင် ရုံးခန်းတွင် သူမေ့ကျန်နေခဲ့သော ထီးမှာ သုံးချောင်းပင် ရှိနေပြီ။ မတတ်နိုင်။ ဘူတာရုံသို့ ခပ်သွက်သွက် လျှောက်သွားခဲ့သည်။
ကာယာဘာချိုမှ အိကေဘူကူရိုသို့ မြေအောက်ရထားစီးပြီးနောက် လျှပ်စစ်ရထား ပြောင်းစီးရပြန်သည်။ လျှပ်စစ်ရထားထဲတွင်လည်း လူများဖြင့်
ပြည့်ကျပ်ညပ်နေသည်။
ခန္ဓာကိုယ်ကို အနည်းငယ် လှည့်လိုက်လျှင်ပင် ဘေးမှ ရပ်နေသောသူအား တံတောင်ဖြင့် တွတ်မိတော့မည်။ ဆောင်းကုန်ခါစ ဖြစ်သော်လည်း လျှပ်စစ်ရထားပေါ်တွင် အားလုံးက ချွေးတလုံးလုံးနှင့် ဖြစ်နေကြပြီ။ ကံကောင်းထောက်မစွာ ခေါင်းပေါ်ရှိ တန်းမှ လက်ကိုင်ကွင်းတစ်ခုမှာ လွတ်နေသည်။ လူတွေ ကြိတ်ကြိတ်တိုးနေသောကြောင့် လက်ကိုင်ကွင်းကို မြဲမြဲကိုင်ထားမှသာ လူက ဟန်ချက်ထိန်းနိုင်တော့မည်။ ရှေ့တည့်တည့်ရှိ ပြတင်းပေါက်မှန်မှ မိမိ၏ မျက်နှာပုံရိပ်ကို မြင်နေရသည်။ မှန်ထဲတွင် မြင်နေရသော အသက် ၅၀ ကျော် ယောက်ျားတစ်ယောက်။ အလုပ်ပင်ပန်း အားအင်ချိနဲ့၍ မျက်နှာပြင်ပေါ်မှ ကြွက်သားများပင် လျောကျချင်နေသလိုလို။ အပူအပင်များကြောင့် ခေါင်းပေါ်မှ ဆံပင်များပင် သိပ်မကျန်တော့။ အသားအရေက ညိုမဲမဲ၊ မျက်ပျဉ်းများ ကျလျက်။ မိမိကိုယ်မိမိ ပြန်မြင်နေရသည်ကပင် စိတ်မချမ်းမြေ့စရာ။ ထို့ကြောင့် အာကီအိုသည် သူ့မျက်လုံးများကို တင်းတင်း
မှိတ်ထားလိုက်တော့သည်။
အတွေးထဲသို့ သူ့ဇနီးသည်၏ အသံများက ပြန်ဝင်လာသည်။ အိမ်မှာ ဘာတွေ ဖြစ်ပျက်နေကြပြီလဲ မသိ။ ပထမဆုံး သတိရမိသည်မှာ သူ၏ မိခင်။ အိုမင်းနေပြီ ဖြစ်သော သူ့မိခင်သည် တစ်ခုခု ဖြစ်လေသလော။ ဒီလိုလည်း မဖြစ်နိုင်။ သူ့ဇနီးသည် ယာအေကို၏ လေသံများက တစ်မျိုး ဖြစ်နေသည်။ တော်တော်လေး စိတ်လှုပ်ရှားနေပုံ၊ စိတ်ဆင်းရဲနေပုံ ရသည်။ သူ့နှမ ဟာရုမိကို ယနေ့ည အိမ်မလာဖို့ ပြောနေသောကြောင့် ယခုကိစ္စသည် သူ့အမေနှင့် မည်သို့မျှ မပတ်သက်နိုင်။
‘ဒီမိန်းမ ဘာပြဿနာများ ရှာဦးမလို့လဲ’ ဟု တွေးမိ၍ သူ၏နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ထားမိသည်။ စိတ်ထဲမှာလည်း တင်းကျပ်သွားသည်။ ယခုတလော ဒီလို အခြေအနေမျိုးက မကြုံချင်မှ အဆုံး။ သူ အလုပ်မှ အိမ်သို့ ပြန်ရောက်တိုင်း သူ့မိန်းမ၏ ညည်းတွားသံက အမြဲ ကြိုဆိုနေကျ။ ဒီလို ဒုက္ခမျိုးကို ဆက်ပြီး သည်းမခံနိုင်တော့ကြောင်း သူ ပြောခဲ့သည်ကလည်း အခါခါ။ အာကီအိုအတွက် လုပ်နိုင်သည်မှာလည်း ဘာအသံမျှ မထွက်ဘဲ သူပြောသမျှကို ကြိုက်ကြိုက် မကြိုက်ကြိုက် နားထောင်နေရုံသာ။ အနည်းဆုံး နားထောင်ချင်ယောင် ဆောင်နေရုံ။ မည်သို့မျှ ကန့်ကွက်လို့ မဖြစ်။ ဝေဖန်လို့ မရ။ သူ့အား ဆန့်ကျင်နေသည်ဟု မြင်လာလျှင် အခြေအနေမှာ ပို၍သာ ဆိုးရွားလာနိုင်သည်။
လုပ်စရာ မယ်မယ်ရရ မရှိသော်ငြားလည်း ကုမ္ပဏီတွင် အချိန်ပို ဆင်းနေခဲ့သည်။ သူ အိမ်သို့ စောစော မပြန်ချင်။ အိမ်ပြန်ရောက်လျှင်လည်း နားရမည် မဟုတ်။ ခန္ဓာကိုယ်က သက်သောင့်သက်သာ အနားရလျှင်တောင်မှ စိတ်က နားရတော့မည် မဟုတ်။ စိတ်ပင်ပန်းလျှင် လူလည်း မည်သို့ အနားယူနိုင်တော့မည်နည်း။
အိမ်တွင် အမေအို ခေါ်ထားမိသည့်အတွက် တစ်ခါတစ်ခါတော့လည်း နောင်တရမိသည်။ သို့သော် မည်သို့ တတ်နိုင်ဦးမည်နည်း။ အမေအိုကို မိမိနှင့် အတူနေရန် ခေါ်ထားရုံမှအပ တခြား ရွေးချယ်စရာ နည်းလမ်းလည်း မရှိခဲ့။ တစ်ဦးတည်းသော သားတစ်ယောက်အတွက် ထိုသို့မှ မလုပ်လျှင်လည်း မဖြစ်။ သားအမိတွေပဲ မဟုတ်ပါလား။
ကံဇာတ်ဆရာကလည်း ကျီစားလွန်းလှသည်။ ယနေ့ ဤသို့သော အခြေအနေမျိုး အထိတော့ ဖြစ်လာခဲ့ဖို့ မကောင်း။ မည်သူ့ကို အပြစ်တင်ရမည်နည်း။ နောက်ဆုံးတော့ ကံကို ယိုးမယ်ဖွဲ့ရုံသာ ရှိတော့သည်။