မိုင်ဟာရာ နာအိုမီကို ကိုဘာယာရှိကိုယ်တိုင် ဦးဆောင်ပြီး စစ်ကြောရေး ပြုလုပ်ခဲ့သည်။ မာကျုမီယာသည် အနားတွင် ထိုင်ကာ နားထောင် မှတ်သားနေခဲ့သည်။ နာအိုမီသည် ကြောက်ရွံ့သော အမူအရာဖြင့် ငိုယိုပြီး မေးသမျှကို ဖြေဆိုနေသည်။
“မင်းက ဘယ်အချိန်တုန်းက ကာဆုဂါအိ ယူနာကို တွေ့ခဲ့တာလဲ”
“အဲဒီနေ့ကပဲ။ ကျောင်းက အပြန်လမ်းမှာ”
“မင်းက သူ့ကို စပြီး နှုတ်ဆက်ခဲ့တာလား”
“သူ ……….. ။ ကျွန်တော့်လွယ်အိတ်မှာ Super Princess သော့တွဲလေး ချိတ်ထားတာကို မြင်သွားပြီး ‘အဲဒါကို ဘယ်မှာ ဝယ်ခဲ့တာလဲ’ လို့ ကျွန်တော့်ကို လာမေးနေတာ”
“သူ့ကို ဘာပြန် ဖြေလိုက်လဲ”
“အာကီဟာဘာရာမှာ ဝယ်ခဲ့တာလို့ သူ့ကို ပြောလိုက်တယ်”
“နောက်တော့ရော”
“သူက ကျွန်တော့်ကို အရုပ်နဲ့ ပတ်သက်တဲ့ အကြောင်းတွေ မေးသေးတယ်။ သူ့မှာ ဘာအရုပ် ဘာအရုပ်တွေ ရှိတယ်လို့ ပြောပြနေတော့ ကျွန်တော်တောင် အတော် အံ့ဩသွားတယ်”
“မင်းတို့က ဘယ်နေရာမှာ အဲဒီစကားတွေကို ပြောခဲ့တာလဲ”
“ကျွန်တော့်အိမ်နားလေးက လမ်းဘေးမှာ”
“နောက်ရော”
“ကျွန်တော်ဆီမှာလည်း အဲဒီလို အရုပ်တွေ အများကြီး ရှိကြောင်း ပြန်ပြောလိုက်တော့ သူက ဘယ်လောက်များသလဲဆိုတာ သူ သိချင်တယ်တဲ့”
“ဒီတော့ မင်းက ပြဖို့ သူ့ကို သဘောတူလိုက်တယ်ပေါ့?”
“သူက သူ့အဖေရဲ့ အီးမေးလ်လိပ်စာဆီ ဓာတ်ပုံပို့ပေးဖို့ ပြောတယ်။ ကျွန်တော်ကလည်း သဘောတူလိုက်တာပေါ့။ လိပ်စာက သူ့လည်ဆွဲကတ်ရဲ့ နောက်ကျောမှာ ရေးထားတယ်။ တကယ်လို့ ကျွန်တော့်မှာ ရှိတဲ့ အရုပ်တွေထဲက သူ့ဆီမှာ မရှိတာ ပါနေခဲ့ရင် ကျွန်တော့်အိမ်ကို လာကြည့်ချင်တယ်တဲ့။ ဒါကြောင့် ကျွန်တော်လည်း ကျွန်တော့်အိမ်လိပ်စာကို ပေးလိုက်တယ်”
“ဒါနဲ့ပဲ သူ့ဆီ ဓာတ်ပုံ ပို့လိုက်တယ်ပေါ့?”
“ကျွန်တော် အိမ်ပြန်ရောက်တော့ ဒစ်ဂျစ်တယ်ကင်မရာနဲ့ အရုပ်ကို ဓာတ်ပုံရိုက်ပြီး ကွန်ပျူတာနဲ့ သူ့ဆီ ပို့လိုက်တာပဲ”
“သူက မင်းအိမ်ကို ချက်ချင်း ရောက်လာတာပဲလား”
“၅ နာရီခွဲလောက် လာတာ”
“အိမ်မှာ မင်းတစ်ယောက်တည်းလား”
“ကျွန်တော့်အဖွားကတော့ သူ့အခန်းထဲမှာ ရှိတယ်။ ဒါပေမယ့် သူက အပြင် သိပ်ထွက်တာ မဟုတ်ဘူး”
“သူ့ကို အရုပ် ယူပြလိုက်တယ်ပေါ့?”
“ပြလိုက်တယ်”
“ဘယ်နေရာမှာလဲ”
“ကျွန်တော်အိမ်ရဲ့ ….. ထမင်းစားခန်းထဲမှာ”
ထိုနေရာ ရောက်သည်အထိ နာအိုမီ၏ ဖြေဆိုပုံမှာ သွက်လက်နေသည်။ လေသံမှာလည်း တည်တည်ငြိမ်ငြိမ်ပင်။ သို့သော် နောက်မေးခွန်း တစ်ခုမှ စကာ သူ၏ အမူအရာသည် လုံးဝ ပြောင်းလဲသွားခဲ့သည်။
“မင်းက ဘာဖြစ်လို့ သူရဲ့ လည်ပင်းကို ညှစ်ရတာလဲ”
နာအိုမီ၏ မျက်နှာတွင် သွေးရောင်များ လွှမ်းသွားပြီး မျက်လုံးမှာလည်း မျက်နှာကျက်ကိုသာ ငေးကြည့်နေကြသည်။
“ကျွန်တော် မသိဘူး” သူက တိုးညှင်းစွာ ဖြေဆိုလိုက်သည်။
“မင်း ဘယ်လိုလုပ်ပြီး မသိဘဲ နေမလဲ။ မင်း သူ့လည်ပင်းကို ညှစ်ရတာ အကြောင်းအရင်း တစ်ခုခုတော့ ရှိရမှာပေါ့”
“သူက အိမ်ပြန်မယ်လို့ ပြောလို့”
“အိမ်ပြန်မယ်?”
“ကျွန်တော် သူ့ကို အရုပ်ပြပေးထားရတာလေ။ သူက အိမ်ပြန်ချင်ရသေးတာလား”
“ဒါနဲ့ပဲ မင်းက သူ့ကို လည်ပင်းညှစ်လိုက်တယ်ပေါ့?”
“……….. ကျွန်တော် မသိဘူး”
ထို့နောက် သူ့ကို ဘာမေးခွန်း မေးမေး၊ ပါးစပ်ကို ပိတ်၍သာ နေနေတော့သည်။ သူ့ကို ခြောက်လှန့်ပြီး မေးမြန်းသော်လည်း ဘာမျှ အကျိုးမရှိ။ သို့ဖြင့် သည်းမခံနိုင်တော့သော ကိုဘာယာရှိသည် လည်ပင်းကြောများ ထောင်ထလာသည်အထိ ဒေါသများ ထွက်လာကာ လက်ပင် ပါလာတော့သည်။
အားလုံး ငြိမ်သက်သွားပြီး သူ့ကို စစ်ကြောရေး အခန်းမှ ထုတ်သွားရန် ပြင်ဆင်နေစဉ်မှာပင် သူ့ထံမှ စကားပြောသံတစ်ခုကို တိုးတိုးလေး
ကြားလိုက်ရ
သည်
။
“…………… အဲဒါ သူတို့တွေ သောက်သုံးမကျလို့ပေါ့”