မာတိကာကြည့်ရန်

အခန်း (၂၇)

သူ၏ အော်သံကို ကြားကြသော်လည်း ဘယ်သူကမျှ တုံ့ပြန် ပြောဆိုခြင်း မပြုကြချေ။ ကျန်လူများ အားလုံးမှာ အံ့အား အသင့်ကြီး သင့်နေကြသောကြောင့်လည်း ဖြစ်နိုင်သည်။ သူက ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်ပြီး ပထမဦးစွာ ယာအေကိုကို စိုက်ကြည့်နေမိသည်။ သူ့ဇနီးသည်လည်း ကြမ်းပြင်ပေါ် ထိုင်လျက် ရှိနေလေပြီ။ သူ့ဇနီး၏ မျက်နှာမှာ စိတ်ဆင်းရဲမှု အရှိန်ကြောင့် တွန့်ခေါက်နေပြီး မျက်လုံးများမှာ မျှော်လင့်ချက် ကင်းမဲ့မှုကြောင့် အရောင်အဆင်း ကင်းမဲ့နေလေသည်။

“ဆောရီးပါကွာ။ ကို ဘယ်လိုမှ တောင့်မခံနိုင်တော့ဘူး” အာကီအိုသည် ဇနီးသည်ကို ကြည့်၍ ပြောသည်။ “ငါတို့ ရပ်တန်းက ရပ်ကြပါစို့လား။ ဒီကိစ္စမျိုး ငါ ဆက်မလုပ်နိုင်တော့ဘူး။ တကယ် မလုပ်နိုင်တော့ဘူး ….”

ယာအေကို၏ ဦးခေါင်းမှာလည်း အားပြတ်သူ တစ်ယောက်ပမာ အောက်ဘက်သို့ ငိုက်စိုက်ကျနေသည်။ သူကိုယ်တိုင်လည်း  ဆက်ပြီး ရင်ဆိုင်နိုင်ရန် လစ်လျူရှုထားနိုင်စွမ်း ကုန်ဆုံးခဲ့ဟန် တူသည်။

“ကျွန်တော် သဘောပေါက်ပါတယ်။ ဒါဆို လူသတ်တရားခံက ဘယ်သူလဲ”

ထိုမေးခွန်းကို မေးလိုက်သော ကာဂါ၏ လေသံမှာ တည်ငြိမ်လွန်းနေသောကြောင့် ဖြစ်မည်။ အာကီအိုသည် ကာဂါကို တစ်ချက် ငဲ့ကြည့်မိသည်။ ပြောပြရန် ခဲယဉ်းသော ကရုဏာသက်သည့် အကြည့်တစ်မျိုးဖြင့် ကာဂါသည် သူ့ကို ကြည့်နေသည်။

‘ဪ … သူ အစကတည်းက အဖြစ်မှန်ကို သိနေခဲ့တာပါလား’ ဟု အာကီအိုက တွေးနေမိသည်။ ထို့ကြောင့်သာ သူ၏ ဖွင့်ဟချက်ကို နည်းနည်းကလေးမျှ အံ့ဩဟန် မပြခဲ့ခြင်း ဖြစ်မည်။

“ခင်‌ဗျားရဲ့သား မဟုတ်လား”

ကာဂါ၏ အမေးအတွက် အာကီအိုသည် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ ထိုသို့ ခေါင်းညိတ်နေစဉ်မှာပင် ယာအေကိုထံမှ ပြင်းထန်သော ငိုကြွေးသံ ထွက်ပေါ်လာသည်။ သူသည် ကြမ်းပြင်ပေါ်တွင် ပုံလဲနေပြီး ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်နေသည်။

“ရဲဘော်မာကျုမီယာ၊ အပေါ်ထပ် တက်ပါ”

“ခဏလေးနေပါဦး” ယာအေကိုက ခေါင်းငုံ့ထားလျက် “ကျွန်မ ….. ကျွန်မ သွားခေါ်ပေး …..” သူ၏ ငိုရှိုက်သံသာ ထွက်ပေါ်လာကြသည်။

“ကောင်းပြီလေ။ သွားခေါ်လိုက်ပါ”

ယာအေကိုသည် ကြမ်းပြင်မှ အနိုင်နိုင် ကုန်းထပြီး လှေကားပေါ် တက်သွားတော့သည်။

ကာဂါသည် အာကီအို၏ အရှေ့တွင် ငုတ်တုတ် ထိုင်ချလိုက်သည်။ “ခင်ဗျား အခုလို အချိန်မီ ဝန်ခံလိုက်တာ သိပ်ကောင်းတယ်။ အင်မတန် ကြီးလေးတဲ့ အမှားကြီးတစ်ခုကို ခင်ဗျား ကျူးလွန်မိတော့မလို့”

“တကယ့်ကိုပဲ …. ကျွန်တော်တို့ရဲ့ လုပ်ကြံဇာတ်လမ်းကို ဟိုးအစကတည်းက ဆရာ ရိပ်မိနေခဲ့တာပဲ”

“ဟင့်အင်း။ ခင်ဗျားတို့ ရဲစခန်းကို ဖုန်းလှမ်းဆက်တဲ့ အချိန်အထိ ကျွန်တော် အဖြစ်မှန်ကို ဘာမှ မသိသေးဘူး။ ခင်ဗျားတို့ရဲ့ ထွက်ဆိုချက်တွေကို နားထောင်နေတုန်းမှာလည်း မသင်္ကာစရာ ရှာမတွေ့ခဲ့ဘူး”

“ဒါဆို ဘယ်လိုလုပ်ပြီး သိခဲ့တာလဲ”

ကာဂါသည် မာဆာအေကို နောက်ပြန်လှည့်ကြည့်နေသည်။

“အဲဒီ လက်ချောင်းနီနီတွေကြောင့်ပဲ”

“အဲဒီ အနီရောင် လက်ချောင်းတွေက ဘာဖြစ်နေကြလို့လဲ”

“ကျွန်တော် အဲဒီလက်တွေကို မြင်စတုန်းက ကျွန်တော် စဉ်းစားနေမိတယ်။ ‘ဒီလက်တွေဟာ ဘယ်အချိန်တုန်းက အရောင်တွေ ပေနေခဲ့ကြတာလဲ’ ပေါ့။ တကယ်လို့သာ အခင်းမဖြစ်ခင်ကတည်းက ပေနေခဲ့တာဆိုရင် အလောင်းရဲ့ လည်ပင်းပတ်လည်မှာ အနီရောင် လက်ဗွေရာတွေ
ပေကျ
ံ
နေခဲ့ရမှာ
 မဟုတ်လား။ ခင်ဗျားရဲ့ အမေက အခင်းဖြစ်ပြီး ဒုတိယမြောက်နေ့မှာ လက်အိတ်ကို
စွ
ပ်
ထားခဲ့တာလေ။
 အဲဒီတုန်းက ကျွန်တော်လည်း ရှိနေတာပဲ။ အဲဒါကတော့ လွဲစရာ မရှိဘူး။ ထူးခြားတာက အလောင်းပေါ်မှာ အနီရောင် လက်ဗွေရာတွေ ရှိမနေဘူး။ ပြီးတော့ ခင်ဗျားရဲ့ ထွက်ဆိုချက်ထဲမှာလည်း အဲဒါတွေကို ဖယ်ရှားပစ်ခဲ့ပါတယ် ဆိုတဲ့ အကြောင်း မပါဘူး။ အဲဒီလိုသာဆိုရင် သူ့လက်ချောင်းမှာ ပေနေတဲ့ အနီရောင်တွေက အခင်းဖြစ်ပြီးမှ ပေခဲ့တာလို့ ယူဆရတော့မှာပေါ့။ ဒါပေမယ့် ခင်ဗျား အမေ သုံးခဲ့တဲ့ နှုတ်ခမ်းနီဘူးကို ကျွန်တော် ဘယ်မှာမှ ရှာမတွေ့ခဲ့ဘူး။ အတိအကျ ပြောရရင် သူ့အခန်းထဲမှာ အဲဒီပစ္စည်း ရှိမနေဘူး”

“နှုတ်ခမ်းနီဘူးက ယာအေကိုရဲ့ …..” အာကီအိုသည် ပြောနေရင်းစပ်ကြားမှ ထိုသို့ မဖြစ်နိုင်ကြောင်း သတိထားမိသွားပြီး သူ့စကားကို ရပ်လိုက်လေသည်။

“ခင်ဗျားဇနီးရဲ့ အလှပြင်ခန်းက အပေါ်ထပ်မှာ။ ခင်ဗျားအမေကလည်း အပေါ်ထပ်ကို မတက်နိုင်တော့ဘူး မဟုတ်လား”

“ဒါဆို သူက ဘယ်ကနေ …….”

“တကယ်လို့ သူ့အခန်းမှာ မရှိဘူးဆိုရင် ဘယ်နေရာမှာ ရှိနေမလဲ။ ဒီတော့ အဲဒီ နှုတ်ခမ်းနီဘူးကို တစ်ယောက်ယောက်က ယူသွားတယ်လို့ပဲ ကျွန်တော် ကောက်ချက်ချရတော့မှာပဲ။ အဲဒါ ဘယ်သူ ဖြစ်မလဲ။ ဒါကြောင့် ကျွန်တော် ခင်ဗျားရဲ့ နှမကို မေးကြည့်မိတယ်။ ‘ခင်ဗျားရဲ့ အမေ အခုတလော သုံးနေတဲ့ နှုတ်ခမ်းနီဘူးက ဘယ်နေရာမှာလဲ’ လို့။ ……. မစ္စစ်တာဂျိမ၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အဲဒီပစ္စည်း ထုတ်ပြပါလား”

ဟာရုမိသည် လက်ကိုင်သားရေအိတ်ကို ဖွင့်ပြီး အထဲမှ ပလတ်စတစ်အိတ်တစ်အိတ်ကို ဆွဲထုတ်လိုက်သည်။ အိတ်ထဲတွင် ထည့်ထားသည်က နှုတ်ခမ်းနီတစ်တောင့်။

“အဲဒီ နှုတ်ခမ်းနီဘူးပဲ။ စိတ်ချ၊ ကျွန်တော် အရောင်ချင်း တိုက်ဆိုင်ကြည့်ပြီးသွားပြီ။ တကယ်လို့ ပါဝင်ပစ္စည်းတွေကိုပါ အသေးစိတ် ဓာတ်ခွဲကြည့်မယ် ဆိုရင်တော့ ပိုပြီး တိကျတဲ့ အဖြေတစ်ခု ရလာမှာပေါ့”

“နင့်ဆီမှာ ဘာဖြစ်လို့ အဲဒီနှုတ်ခမ်းနီဘူးက ရောက်နေရတာလဲ” အာကီအိုသည် ဟာရုမိကို မေးလိုက်သည်။

“မစ္စတာမိုင်ဟာရာ၊ အဲဒါ မေးသင့်တဲ့ မေးခွန်းတစ်ခုပဲ” ကာဂါက ဆက်ပြောသည်။ “ခင်ဗျားအမေက မစ္စစ်တာဂျိမရဲ့ နှုတ်ခမ်းနီဘူးကို ယူဆော့တယ်။ ဒါက အထူးအဆန်းတော့ မဟုတ်ဘူး။ ထူးဆန်းတာက အခု အဲဒီ နှုတ်ခမ်းနီဘူးက မစ္စစ်တာဂျိမရဲ့ လက်ထဲ ပြန်ရောက်နေတယ်။ မစ္စစ်တာဂျိမကို ကျွန်တော် တစ်ခုလောက် မေးပါရစေ။ ခင်ဗျားအမေနဲ့ နောက်ဆုံး ဘယ်နေ့က တွေ့ခဲ့ကြရတာလဲ”

“….. ကြာသပတေးနေ့ညက”

“ကောင်းပြီ။ ဒါဆို နှုတ်ခမ်းနီဘူးက အဲဒီညကတည်းက သူ့အခန်းထဲမှာ မရှိတော့တာပေါ့။ မစ္စတာမိုင်ဟာရာ၊ အဲဒါက ဘာကို ဆိုလိုနေသလဲဆိုတာ ခင်ဗျား သိလား”

“ကျွန်တော် သဘောပေါက်ပါပြီ။ ကျွန်တော့်အမေဟာ ကြာသပတေးနေ့ညက သူ့လက်ချောင်းတွေကို အနီရောင် ဆိုးခဲ့တယ် ဆိုတဲ့ သဘောပေါ့။ ဟုတ်တယ်မလား”

“အခုလို ကောက်ချက်မျိုးပဲ ချလို့ ရတော့မှာပေါ့။ ဒါဆို ခင်ဗျားအမေကို လူသတ်တရားခံပါလို့ ပြောထားတဲ့ ခင်ဗျားတို့ရဲ့ ထွက်ဆိုချက်နဲ့ ဝိရောဓိ ဖြစ်မနေဘူးလား။ ကျွန်တော် စောစောက ပြောခဲ့သလိုပဲ။ အလောင်းပေါ်မှာ အနီရောင် လက်ဗွေရာတွေ လုံးဝ မတွေ့ခဲ့ရဘူး”

အာကီအိုသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူ့လက်သည်းများက အရေပြားကို ဖောက်ထွက်လုမတတ် လက်ဖဝါးများသည် နီရဲနေလေသည်။

“ဪ …. ဒါကြောင့်ကိုး” သူ၏နှုတ်မှ တိုးတိုးလေး ရေရွတ်နေမိလေသည်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *