အာကီအိုသည် ထိုအယ်လ်ဘမ်ကို မမြင်ခဲ့ရသည်မှာ ဆယ်စုနှစ် သုံးခု မကတော့ပေ။ အထဲတွင် သူတို့ ငယ်ငယ်က ဓာတ်ပုံဟောင်းများ ရှိသည်ကို သူ သိသည်။ နောက်ဆုံးတစ်ကြိမ် ကြည့်ခဲ့ရသည်မှာ ဆယ်ကျော်သက် ကျောင်းသားဘဝက ဖြစ်သည်။ ထို့နောက်ပိုင်းတွင် သူ့ဓာတ်ပုံများကို သူကိုယ်တိုင်သာ သိမ်းဆည်းခဲ့သည်။
ကာဂါက သူ့ကို လှန်ပြခဲ့သော စာမျက်နှာတွင် ငယ်ရွယ်သေးသော မာဆာအေနှင့် ကလေးအရွယ် အာကီအိုတို့၏ ဓာတ်ပုံကို တွေ့မြင်ရသည်။ ကလေးအရွယ် အာကီအိုသည် ဘေ့စ်ဘောဦးထုပ်ကို ဆောင်းထားပြီး လက်ထဲတွင် ခပ်ရှည်ရှည် အနက်ရောင် ပိုက်ချောင်းတစ်ချောင်းကို ကိုင်ထားသည်။
မူလတန်း ကျောင်းဆင်းပွဲ အခမ်းအနားတွင် ဖြစ်သည်။ မာဆာအေက ပြုံးလျက် ညာဘက်လက်ဖြင့် သူ့သား၏ လက်ကို ကိုင်ထားသည်။ နောက်လက်တစ်ဘက်မှာ လေထဲသို့ မြောက်နေသည်။ ထိုလက်ထဲတွင် ကတ်ပြား သေးသေးလေးတစ်ခုကို ကိုင်ထားသည်။ မည်သည့် ကတ်ပြားမျိုး ဖြစ်သည်ကိုမူ အာကီအိုသည် သဲသဲကွဲကွဲ မမြင်ရချေ။
သူ့နှလုံးထဲ စူးအောင့်သွားသည်။
လူကြီးနာ အတိတ်မေ့ရောဂါ စွဲကပ်နေသော်လည်း မာဆာအေသည် သူ့သားနှင့် အတူရှိခဲ့ဖူးသော အမှတ်တရများကို ယခုအချိန်ထိ တန်ဖိုးထားနေဆဲ ဖြစ်သည်။ သားသမီးများ၏ ငယ်စဉ် ပုံရိပ်လွှာများကို သူ့မှတ်ဉာဏ်ထဲမှ လွင့်ပျောက်မသွားရလေအောင် တတ်နိုင်သလောက် ကြိုးစားနေသေးသည်။ သူ့ရင်တွင်းမှ ခံစားနေရသော ဝေဒနာအတွက် ဆေးစွမ်းကောင်း တစ်လက်ပင် ဖြစ်နေနိုင်သည်။
သို့သော် မိမိသည် ထိုသို့သော မိခင်တစ်ယောက်ကို အကျဉ်းထောင်ထဲသို့ ပို့ရန် စီစဉ်နေမိသည်။
သူ့မှာ အမှန်တကယ် အပြစ် ရှိနေ၍ မတတ်နိုင်ဟု ဆိုလျှင် ရှိစေဦးတော့။ ယခုတော့ သူ့မှာ ဘာအပြစ်မျှ မရှိ။ ‘မိမိ၏ တစ်ဦးတည်းသော သားကို ကာကွယ်ရန်’ ဟူသော အကြောင်းပြချက်မှာ သူတို့အတွက် အရေးပါသယောင် ထင်ရသော်လည်း အမှန်စင်စစ်မှာမူ သူတို့၏ အနာဂတ် ရှေ့ရေးအတွက် အကောင်းဆုံး ထွက်ပေါက်တစ်ခုကို ရှာဖွေခဲ့ခြင်းသာ ဖြစ်သည်။ ထိုအစီအစဉ် အားလုံးသည် ကိုယ့်အကျိုး၊ ကိုယ့်အတ္တ ကောင်းစားရေးကို ရှေးရှုသော အစီအမံများသာ ဖြစ်သည်။ ထိုသို့ဖြင့် အပြစ်မှန်သမျှကို မိမိ၏ မိခင်ထံသို့ ပုံချလိုက်ခြင်းမှာ သားတစ်ယောက်၏ ကျင့်ဝတ်ကို မဆိုထားနှင့်၊ လူသားတစ်ယောက်၏ ကျင့်ဝတ်ဖြင့် တိုင်းတာလျှင်ပင် ခွင့်လွှတ်နိုင်စရာ မရှိသော လုပ်ရပ်ဖြစ်သည်။
သို့သော် သူသည် သူ့ထံသို့ လှမ်းလာသော အယ်လ်ဘမ်ကို ပြန်တွန်းထုတ်လိုက်သည်။ သူသည် အံကို ကြိတ်ကာ
မျက်လုံးအိမ်တွင်းမှ
မျက်ရည်များ စီးမထွက်နိုင်အောင် ကြိုးစား၍ တားဆီးနေမိသည်။
“ထပ် မကြည့်တော့ဘူးလား” ကာဂါက မေးလိုက်သည်။ “ခင်ဗျားအမေက ဒါကို အချုပ်ခန်းထဲ ယူသွားရင် ခင်ဗျား ဒါကို ထပ်မြင်ရမှာ မဟုတ်တော့ဘူး။ ထပ်ကြည့်ချင် ကြည့်ဦးလေ။ ကျွန်တော်တို့လည်း မလောပါဘူး”
“တော် … တော်ပြီ။ မလိုတော့ပါဘူး။ ကြည့်လည်း စိတ်ဆင်းရဲရုံပဲ ရှိမှာ”
“ဟုတ်လား”
ကာဂါသည် အယ်လ်ဘမ်ကို ပြန်ပိတ်ပြီး ဟာရုမိထံသို့ လှမ်းပေးလိုက်သည်။
အာကီအိုက တွေးနေသည်။ ဤအရာရှိသည် အရာရာကို ထိုးထွင်း သိနေပုံရသည်။ သူ့ရှေ့တွင် ရှိနေသော အမယ်အိုသည် တရားခံအစစ် မဟုတ်ဘဲ အပေါ်ထပ်မှ ကောင်လေးသည်သာ တရားခံအစစ် ဖြစ်ကြောင်း သူ ယူဆထားလောက်သည်။ ထို့ကြောင့်သာ ထိုအမယ်အို၏ သားကို စိတ်ဖိအားမျိုးစုံ ပေး၍ အမှန်တရားများ ပွင့်အန်လာအောင် ကြိုးစားနေခြင်း ဖြစ်မည်။
သူ့ကိုယ်သူ သတိပေးနေမိသည်။ မည်သည့်နည်းနှင့်မျှ သူ လက်မြှောက် အရှုံးပေး၍ မဖြစ်။ ရဲအရာရှိများက သူ့အား ထိုသို့ ဖိအားပေးနေခြင်းကို ကြည့်ခြင်းအားဖြင့် သူတို့တွင် ခိုင်လုံသည့် သက်သေ အထောက်အထား မရှိသောကြောင့်သာ ဖြစ်ရပေမည်။ သူတို့တွင် တခြားနည်းလမ်း မရှိသောကြောင့်သာလျှင် သူ့ကို စိတ်ဓာတ်စစ်ဆင်ရေးနည်းဖြင့် အကျပ်ကိုင်နေခြင်း ဖြစ်မည်။ သို့ဆိုလျှင် သူတို့ ဤအဆင့်ကို တောင့်ခံသွားနိုင်ဖို့သာ လိုတော့သည်။
ထိုစဉ် ဖုန်းခေါ်သံ မြည်လာသည်။ မာကျုမီယာသည် သူ့အိတ်ကပ်ထဲသို့ လက်ထိုးထည့်ကာ လက်ကိုင်ဖုန်းကို ဆွဲထုတ်လိုက်သည်။
“ဟုတ်ကဲ့၊ မာကျုမီယာ ပြောနေပါတယ်။ ………. ဟုတ်၊ ကောင်းပါပြီ။ ကျွန်တော် သဘောပေါက်ပါပြီ” နောက်ထပ် စကားအနည်းငယ် ပြော၍ ဖုန်းချလိုက်သည်။ ထို့နောက် ကာဂါကို “ခွဲမှူးတို့ ကားလည်း ရောက်နေပြီ။ အပေါက်ဝမှာ စောင့်နေမယ်တဲ့”
“ဪ … အေး”
ထိုစဉ် လျှောက်လမ်းမှ ယာအေကို၏အသံ ထွက်ပေါ်လာသည်။
“ကျွန်မ ပြင်ဆင်လို့ ပြီးပါပြီ”
သူသည် ချည်အင်္ကျီ၏ အပေါ်တွင် သိုးမွေးတစ်ထည်ကို ထပ်ဝတ်ထားပြီး အောက်ဘက်တွင် ဂျင်းဘောင်းဘီ ဝတ်ဆင်ထားသည်။ ကြည့်ရသည်မှာ ပေါ့ပေါ့ပါးပါး နေနိုင်မည့် အဝတ်အစားကို တမင် ရွေးချယ်ထားပုံ ရသည်။
“ဒါဆို ခင်ဗျားတို့ရဲ့သားကို ဘယ်လို လုပ်မလဲ” ကာဂါက အာကီအိုကို မေးသည်။ “အချိန်အတိုင်းအတာ တစ်ခုလောက်တော့ သူတစ်ယောက်တည်း နေရနိုင်တယ်”
“အင်း … ဟုတ်တာပဲ။ ဟာရုမိ …” အာကီအိုသည် သူ့နှမဘက်သို့ လှည့်ပြီး “နာအိုမီကို ခဏလောက် စောင့်ရှောက်ပေးထားနိုင်မလား”
ဟာရုမိသည် ဓာတ်ပုံအယ်လ်ဘမ်ကို ပိုက်ထားရင်း တစ်ခဏမျှ စဉ်းစားနေပြီးမှ အသံ တိုးတိုးဖြင့် “ရပါတယ်”
“ဆောရီးပါကွာ” အာကီအိုသည် ဟာရုမိကို နောက်တစ်ကြိမ် ထပ်ပြီး တောင်းပန်လိုက်သည်။
“ဒါဆို …. မစ္စစ်တာဂျိမ၊ ကျွန်တော်တို့ ခင်ဗျားအမေကို ခေါ်သွားတော့မယ်”
“အင်း” ဟာရုမိသည် သူ့လက်ကို မာဆာအေ၏ ပခုံးပေါ်တွင် တင်ထားလျက် ပြန်ဖြေသည်။
“မားချမ်ရေ၊ အပြင်သွားကြရအောင်နော်။ ထ”
မာဆာအေသည် လက်နှစ်ဘက်ကို ကြမ်းပြင်ပေါ် ထောက်၍ ထရန် ကြိုးစားနေသည်။ ဟာရုမိကလည်း သူ့ကို ကိုင်ထိန်းပေးရင်း မတ်တပ်ရပ်လိုက်သည်။ ထို့နောက် အာကီအိုတို့နှင့်အတူ အပြင်သို့ လိုက်လာလေသည်။
“ရဲဘော်မာကျုမီယာ” ကာဂါက ပြောသည်။ “တရားခံကို လက်ထိပ်ခတ်လိုက်ပါ”
“အန်?” မာကျုမီယာ၏ အသံမှာ အံ့အားသင့်နေကြောင်း ထင်ရှားသည်။
“သူ့ကို လက်ထိပ်ခတ်လိုက်ပါ” ကာဂါသည် နောက်ထပ်တစ်ခါ ပြန်ပြောသည်။ “တကယ်လို့ မင်းမှာ ပါမလားဘူးဆိုရင် ငါလုပ်လိုက်မယ်”
“မဟုတ်ပါဘူး။ ကျွန်တော့်မှာ ပါပါတယ်” မာကျုမီယာက ပြောရင်း လက်ထိပ်ကို ဖြုတ်နေသည်။
“ခဏလေး နေပါဦးဗျာ။ ဒီလို အဖွားအိုတစ်ယောက်ကို လက်ထိပ်ခတ်ဖို့ လိုသေးလို့လား” အာကီအိုသည် စဉ်းစားမနေနိုင်တော့ဘဲ ပြောချလိုက်သည်။
“အလုပ်သဘော အရပါဗျာ”
“ဒါပေမယ့် …..” အာကီအိုက ပြောနေရင်း မာဆာအေ၏ လက်များကို ကြည့်နေမိသည်။ သူ၏ လက်ချောင်းများမှာ ရဲရဲနီနေကြသည်။
“ဒါက …… ဘယ်လိုဖြစ်တာလဲ” အာကီအိုသည် သူ့အမေ၏ လက်ချောင်းများကို ကြည့်လျက် ပြောလိုက်သည်။
“ကျွန်မ မနေ့က အစ်ကို့ကို ပြောခဲ့တယ် မဟုတ်လား” ဟာရုမိက ပြန်ဖြေသည်။ “အဲဒါ သူ အလှပြင်ပစ္စည်းတွေကို ဆော့တုန်းက ပေကျန်နေတဲ့ ဟာတွေပဲ။ ကြည့်ရတာ နှုတ်ခမ်းနီဘူးတွေကို ယူဆော့တာ နေမှာပေါ့”
“ဪ ….”
အာကီအို၏ မှတ်ဉာဏ်ထဲတွင် တခြားသော အနီရောင် လက်ဖဝါးပြင်တစ်ခု ပေါ်လာသည်။ ၎င်းမှာ လွန်ခဲ့သော နှစ်အနည်းငယ်က သူကိုယ်တိုင် မြင်ခဲ့ရသော သူ့ဖခင်၏ လက်ဖဝါး ဖြစ်သည်။
“ရပြီလား” မာကျုမီယာသည် လက်ထိပ်ကို ကိုင်လျက် အာကီအိုကို မေးလိုက်သည်။
သူသည် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ မာဆာအေ၏ လက်များကို မြင်နေရသည်မှာ သူ့အတွက် စိတ်မချမ်းမြေ့စရာပင်။
မာကျုမီယာသည် မာဆာအေကို လက်ထိပ်ခတ်ပြီး၍ ခဏအကြာတွင် ရုတ်တရက် ကာဂါထံမှ အသံထွက်ပေါ်လာသည်။
“သူ လမ်းလျှောက်ရင် တောင်ဝှေးလိုတယ် မဟုတ်ဘူးလား”
“ဪ … ဟုတ်တယ်” ဟာရုမိက ဖြေသည်။
“လက်ထိပ်ခတ်ထားတာဆိုတော့ တောင်ဝှေးကိုင်ဖို့ အဆင်ပြေပါ့မလား မသိဘူး။ အဲဒါက ဘယ်မှာလဲ”
“ထီးတွေနဲ့အတူ အပေါက်ဝက ဖိနပ်စင်နားမှာ ထိုးထားမှာပဲ။ အစ်ကို …. အဲဒါ သွားယူပေးပါလား”
အိမ်အဝင်ဝ ဖိနပ်ချွတ်သည့် နေရာတွင် ဖိနပ်စင်တစ်စင် ရှိသည်။ ဖိနပ်စင်၏ ဘေးတွင် ခြင်းတစ်လုံး ထားထားပြီး ထိုခြင်းမှာ ထီးများ ထည့်ထားရန်အတွက် ဖြစ်သည်။ သူတို့ ပုံမှန်သုံးနေကျ ထီးများမှာ အပြင်ဘက်တွင်သာ ထားလေ့ရှိသောကြောင့် ယခု ထီးများနှင့် အတူ ထားသည်ဆိုသော တောင်ဝှေးကိုလည်း သူတို့ များသောအားဖြင့် တွေ့ရသည် မဟုတ်ပေ။ ပုံမှန်အားဖြင့် တောင်ဝှေးမှာ ထီးများနှင့် ကွယ်နေသောကြောင့်လည်း ဖြစ်နိုင်သည်။
ထီးများကို ဖယ်ရှားကြည့်လိုက်သောအခါ တောင်ဝှေးတစ်ချောင်းကို သူ တွေ့ရှိသွားသည်။ အညိုရောင် လက်ကိုင်နှင့် ဖြစ်ပြီး တောင်ဝှေး၏ အရှည်မှာ အမျိုးသမီးဆောင်း ထီးများလောက်သာ ရှည်သည်။
တောင်ဝှေးကို ခြင်းထဲမှ ဆွဲထုတ်လိုက်စဉ် ခြူသံလေးများ ထွက်ပေါ်လာသည်။ ထိုအသံမှာ သူ့အတွက်တော့ အစိမ်း မဟုတ်ပေ။
အာကီအိုသည် တောင်ဝှေးကို ကိုင်၍ အခန်းသို့ ပြန်ရောက်လာသောအခါ ဟာရုမိသည် အဝတ်ထုပ် တစ်ထုပ်ကို ဖြေနေသည်။ မာဆာအေ၏ နေ့စဉ်သုံး ပစ္စည်းများနှင့် စောစောက ဓာတ်ပုံအယ်လ်ဘမ်ကို အထုပ်ထဲသို့ ထည့်လိုက်သည်။ ရဲအရှာရှိ နှစ်ဦးနှင့် ယာအေကိုတို့သည် သူ့ဘေးနားတွင် ရပ်လျက် ကြည့်နေကြသည်။
“တောင်ဝှေး တွေ့ပြီလား” ကာဂါက မေးလိုက်သည်။
အာကီအိုက တောင်ဝှေးကို သူ့ထံသို့ လှမ်းပေးလိုက်သည်။
ကာဂါက ၎င်းကို ဟာရုမိအား ပေးလိုက်ပြီး “ဒါဆို ကျွန်တော်တို့ သွားကြရအောင်လား”
ဟာရုမိသည် တောင်ဝှေးကို သူ့မိခင်လက်ထဲသို့ ထည့်ပေးပြီး “ရော့၊ ဒါက မားချမ်ရဲ့ တောင်ဝှေး။ ဒါကို ကောင်းကောင်း ကိုင်ထားရမယ်နော်” သူသည် မျက်ရည်များ ပြည့်လျှံနေသော မျက်လုံးများဖြင့် ကြည့်ရင်း အသံမှာလည်း တုန်ယင်နေသည်။
မာဆာအေသည် ဘာမျှ မခံစားရသော အမူအရာမျိုးဖြင့် ဟာရုမိ၏ လက်ကို တွဲကာ ဖြည်းဖြည်းချင်း လျှောက်လာသည်။ သူ အခန်းထဲမှ ထွက်လာပြီး လျှောက်လမ်းပေါ်တွင် တစ်လှမ်းချင်း လျှောက်လှမ်းနေစဉ် အာကီအိုသည် သူ့အမေ၏ ကျောပြင်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိသည်။
“ချလွင် … ချလွင်” တောင်ဝှေးပေါ်မှ ခြူသံများ။
အာကီအို၏ အကြည့်က ထိုခြူလုံးလေးများဆီသို့ ရောက်သွားသည်။ ခြူများအနီးတွင် ကတ်ပြားလေးတစ်ခု ချိတ်ဆွဲထားသည်။ ကတ်ပြားပေါ်တွင် တွန့်လိမ်တွန့်လိမ် ရေးထွင်းထားသော “မိုင်ဟာရာ မာဆာအေ” ဟူသည့် စကားလုံးများကို တွေ့ရသည်။ ၎င်းမှာ သစ်သားပြားပေါ်တွင် အချွန်ဖြင့် ရေးထွင်းသော စကားလုံးများ။
၎င်းကို မြင်လိုက်ရသော တစ်ဒင်္ဂမှာပင် ဆူပွက်နေသော သွေးများက
သူ့ကို
တက်ဆောင့်လိုက်သကဲ့သို့ အာကီအိုမှာ အသက်ရှူ ရပ်မတတ် ခံစားလိုက်ရသည်။
ထိုကတ်ပြားကလေးကို စောစောက ဓာတ်ပုံထဲတွင် မြင်ခဲ့ရသေးသည်။ ထိုဓာတ်ပုံထဲတွင် မာဆာအေသည် ၎င်းကို လက်ထဲ၌ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။
သူ၏ မှတ်ဉာဏ်ထဲတွင် အတိတ်ပုံရိပ်များ တစ်ဖျပ်ဖျပ် ပြန်ပေါ်လာကြသည်။ မူလတန်း ကျောင်းဆင်းပွဲသို့ နီးကပ်လာသောအခါ လက်မှုဘာသာရပ်အတွက် အိမ်စာတစ်ခု ပေးခဲ့သည်။ ဆရာမက သူ၏ ရည်ရွယ်ချက်ကို ဤသို့ ရှင်းပြခဲ့သည်။ အလယ်တန်းကျောင်းသို့ တက်ရောက်ကြရသည့်အခါ၌ မိမိတို့၏ လွယ်အိတ်များတွင် မိမိနာမည်ပါသော ကတ်ပြားများကို ချိတ်ဆွဲထားနိုင်ရန် ဖြစ်သည်။ သို့မဟုတ်ပါကလည်း မိမိကို စောင့်ရှောက်ဖူးသည့် တခြားသူ တစ်ဦးတစ်ယောက်ကိုလည်း လက်ဆောင်အဖြစ် ပေးနိုင်ကြောင်း ဆရာမက ပြောခဲ့သည်။ သို့ဖြင့် အာကီအိုသည် ကတ်ပြားပေါ်တွင် မိခင်၏ နာမည်ကို ရေးထွင်းလိုက်သည်။ ထို့ပြင် အိမ်အနီးရှိ စာရေးကိရိယာဆိုင်မှ ခြူလုံးတချို့ကို ဝယ်ပြီးနောက် ကတ်ပြားထိပ်တွင် အပေါက်ဖောက်၍ ၎င်းကို ခြူလုံးလေးများနှင့် တွဲချည်ထားကာ မာဆာအေအား လက်ဆောင်အဖြစ် ပေးခဲ့သည်။
နှစ်ပေါင်း ၄၀ နီးပါး ကြာခဲ့ပြီ။ သို့သော် မာဆာအေက ၎င်းပစ္စည်းလေးကို တယုတယ သိမ်းထားဆဲ ဖြစ်သည်။ ထို့ပြင် သူငယ်မပြန်ခင် အချိန်ကတည်းက သူ အမြဲ သုံးလေ့ရှိသော တောင်ဝှေးပေါ်တွင် ချိတ်ဆွဲထားခဲ့သေးသည်။
ထိုကတ်ပြားကလေးသည် သူ့အား စိတ်ချမ်းမြေ့မှုများကို ဆောင်ကြဉ်းပေးခဲ့သည်။ သို့မဟုတ် ၎င်းသည် သူ့သားထံမှ ရသော ပထမဆုံး လက်ဆောင် ဖြစ်ရပေမည်။
သူ၏ နှလုံးခုန်သံများမှာ ကျယ်သည်ထက် ကျယ်လောင်လာကြသည်။ နှလုံးမှာလည်း လှုပ်ခါသည်ထက် လှုပ်ခါနေကြသည်။ သူသည် ရပ်နေရန်ပင် အားမရှိတော့ဘဲ ထိုနေရာမှာပင် ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်မိသည်။
“ဘယ်လို ဖြစ်တာလဲ” ကာဂါသည် သူ၏ အမူအရာများ ပုံပျက်နေသည်ကိုလည်း ရိပ်စားမိနေသောကြောင့် မဆိုင်းမတွ မေးလိုက်သည်။
ခံနိုင်ရည် ကုန်ဆုံးသွားခဲ့လေပြီ။ အာကီအို၏ မျက်လုံးများမှ မျက်ရည်များ လျှံကျလာကြသည်။ နဂိုက တင်းခံနေကြသော မာနများသည်လည်း ကျိုးပေါက်ခဲ့ကြလေပြီ။
“တောင်းပန်ပါတယ်။ တကယ်ပါ ….. တကယ့်ကို တောင်းပန်ပါတယ်” သူသည် မြက်ဖျာကြမ်းခင်းကို ခေါင်းဖြင့် ခပ်ပြင်းပြင်း ဆောင့်နေသည်။ “ကျွန်တော်တို့ ညာခဲ့မိတယ်။ ဒါတွေ အားလုံးက မုသားတွေပါ။ အမေက လူသတ်ခဲ့တယ်လို့ ကျွန်တော်တို့ လုပ်ကြံပြီး ပြောခဲ့မိပါတယ်။ ကျွန်တော့်အမေက လူသတ်သမား မဟုတ်ရပါဘူးဗျာ”