မာတိကာကြည့်ရန်

အခန်း (၂၅)

မာကျုမီယာသည် အပြင်ပန်းအားဖြင့် တည်ငြိမ်နေသယောင် ထင်ရသော်လည်း သူ၏ အတွင်းစိတ်ကမူ များစွာ လှုပ်ရှားနေသည်။ ဘောပင်ကို မြဲမြံစွာ ဆုပ်ကိုင်ထားသော သူ၏ လက်ဖဝါးသည် ချွေးစေးများဖြင့် စိုစွတ်နေလေပြီ။

ကိုဘာယာရှိနှင့် ဖုန်းပြောကြပြီးနောက် ကာဂါက သူ့ကို မိုင်ဟာရာ နာအိုမီ၏ အလီဘိုင်သက်သေအတွက် စုံစမ်းရန် အကြံပြုခဲ့သည်။

“သူ့မိဘတွေကတော့ ကန့်ကွက်နေမှာပဲ။ မင်း အဲဒါတွေကို ဂရုစိုက်မနေနဲ့။ တကယ်လို့သာ သူတို့တွေက သိပ်ခေါင်းမာနေရင် မင်းက ‘ဒါဆို ကျွန်တော် တစ်ယောက်တည်း သူ့အခန်းထဲမှာ သွားတွေ့လိုက်မယ်’ လို့သာ ပြောပစ်လိုက်။ နာအိုမီ ထွက်လာပြီ ဆိုရင် သူ့ကို ခရေစေ့တွင်းကျ စေ့စေ့ပေါက်ပေါက်သာ ရအောင် မေးပေတော့။ မနေ့က သူ ဂိမ်းဆိုင်ကို သွားခဲ့တယ်လို့ သူ့မိဘတွေက ပြောခဲ့တယ်။ ဘယ်ဂိမ်းဆိုင်လဲ၊ ဘာဂိမ်းတွေ ဆော့ခဲ့သလဲ၊ အဲဒီမှာ ရှိနေတုန်း ဘာတွေ ထူးခြားတာ ကြုံခဲ့ရသလဲ စတာတွေကို မင်း သေချာအောင် မေးထား။ မင်းရဲ့မေးခွန်းတွေဟာ ဘယ်လောက်အထိ နှိုက်နှိုက်ချွတ်ချွတ် မေးနေရမလဲဆိုရင် တစ်ဘက်လူက သည်းမခံနိုင်ဘဲ စိတ်ဆိုးလာတဲ့အထိကို မေးရမယ်။ အဲဒီလို စိတ်ဆိုးနေမှန်း မသိအောင်တော့ သူတို့ဘက်က အတတ်နိုင်ဆုံး ဖုံးဖိနေမယ်လို့ ယူဆတယ်။ နောက်ဆုံး မသိလိုက် မသိဘာသာနဲ့ သူတို့ဆီမှာ ကွန်ပျူတာ ရှိမရှိ ရအောင် စုံစမ်းထား”

ကြည့်ရသည်မှာ ကာဂါသည် မိုင်ဟာရာ နာအိုမီကို သံသယဝင်နေပုံ ရသည်။ အကြောင်းအရင်းကိုမူကား မာကျုမီယာကို ရှင်းမပြခဲ့ချေ။

ကာဂါသည် အထက်ပါအတိုင်း မာကျုမီယာကို ညွှန်ကြားပြီးနောက် သူက တာဂျိမ ဟာရုမိထံသို့ သွားမည်ဟု ပြောခဲ့သည်။

“ဘာဖြစ်လို့လဲ” မာကျုမီယာက မေးခွန်းထုတ်သည်။

“သူတို့အချင်းချင်း ဒီကိစ္စကို အဖြေရှာကြရအောင်ပေါ့” ၎င်းမှာ ကာဂါ၏ အဖြေဖြစ်သည်။

ယခု သူပြန်ရောက်လာခဲ့ပြီ။ ဟာရုမိလည်း သူနှင့်အတူ ပါလာသည်။ ရှေ့လျှောက် ဘာတွေ ဖြစ်လာဦးမည်ကို မာကျုမီယာကိုယ်တိုင်ပင် မစဉ်းစားတတ်အောင် ဖြစ်နေသည်။

ခြံတံခါး သွားဖွင့်ပေးသော ယာအေကို ပြန်ရောက်လာသောအခါ သူ့မျက်နှာမှာ ညိုမှောင်နေသည်။

“ကို၊ ဟာရုမိလာနေတယ်”

မိုင်ဟာရာ အာကီအိုသည် ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။ ထို့နောက် ယာအေကို၏ အနောက်မှ တာဂျိမ ဟာရုမိ ထွက်ပေါ်လာပြီး အေးခဲသော အကြည့်ဖြင့် သူ့အစ်ကိုကို စိုက်ကြည့်နေသည်။ ဟာရုမိ၏ နောက်ကျောကပ်လျက်နားတွင် ကာဂါ ရပ်နေသည်။

“ဒါနဲ့ ဆရာက ဘာဖြစ်လို့ ကျွန်တော့်နှမကို ခေါ်လာရတာလဲ” မိုင်ဟာရာက ကာဂါကို မေးသည်။

“တကယ်ဆို ခင်ဗျားနှမက ခင်ဗျားအမေရဲ့ အကြောင်းကို နားအလည်နိုင်ဆုံး လူတစ်ယောက်ပဲ မဟုတ်လား” ကာဂါက ပြန်ဖြေသည်။ “ဒါကြောင့် ကျွန်တော် သူ့ကို ဒီ လာခိုင်းရတာပေါ့။ အခြေအနေ အားလုံးကိုလည်း ကျွန်တော် ပြောပြထားပြီးပါပြီ”

“…… ဒီလိုလား” မိုင်ဟာရာသည် မဝံ့မရဲဖြင့် သူ့နှမကို ခေါင်းမော့၍ ကြည့်လိုက်သည်။ “နင် တအား အံ့ဩသွားမယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် အဲဒါတွေ အားလုံးက အဖြစ်မှန်တွေပဲ”

“အမေရော?” ဟာရုမိက မေးနေသည်။

“သူ့အခန်းထဲမှာပဲ”

“ဟုတ်လား” ဟာရုမိသည် ထိုသို့ ရေရွတ်ပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်တယ်။

“ကျွန်မ အမေ့ကို သွားကြည့်လို့ ရမလား”

“ကိစ္စမရှိပါဘူး။ သွားပါ”

ကာဂါ၏ အဖြေကို ကြားရပြီးနောက် ဟာရုမိသည် ထမင်းစားခန်းထဲမှ ထွက်လာခဲ့သည်။ မိုင်ဟာရာတို့ လင်မယားက သူ့ကို လှမ်းကြည့်နေကြသည်။

“ရဲဘော်မာကျုမီယာ” ကာဂါသည် မာကျုမီယာဘက်သို့ လှည့်လိုက်ပြီး “မစ္စတာမိုင်ဟာရာရဲ့ သားကို မေးစရာရှိတာ မေးပြီးပြီလား”

“မေးပြီးပါပြီ”

“သူ သောကြာနေ့က ဘာတွေများ လုပ်ခဲ့တာလဲ”

“သူက ဂိမ်းဆိုင်နဲ့ ကုန်စုံဆိုင်တွေကို သွားခဲ့တယ်လို့ ပြောပါတယ်။ အဲဒီမှာ တစ်ညနေလုံး နေပြီးမှ ၈ နာရီလောက် အိမ်ပြန်ရောက်တယ်တဲ့” ထိုသို့ ပြောပြီးနောက် မာကျုမီယာသည် ကာဂါ၏ နားနားကပ်လျက် ခပ်တိုးတိုး ပြောလိုက်သည်။ “သူ့မှာ ကွန်ပျူတာ ရှိတယ်”

ကာဂါသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး မိုင်ဟာရာတို့ လင်မယားကို တစ်လှည့်စီ ကြည့်နေမိသည်။

“မကြာခင်ပဲ အရေးယူမယ့် ရဲတာဝန်ခံတွေ ရောက်လာပါတော့မယ်။ ခင်ဗျားတို့ ပြင်စရာရှိတာ သွားပြင်ကြပေါ့”

ထိုစကားကြောင့် မာကျုမီယာမှာ အံ့အားသင့်သွားသည်။

“အစ်ကို ဌာနကို ဆက်သွယ်ပြီးပြီပေါ့” သူက အသံတိုးတိုးဖြင့် မေးနေသည်။

“အခု ဒီကိုလာတုန်း လမ်းမှာပဲ သူတို့ဆီ ဖုန်းဆက်ခဲ့တယ်။ ဒါပေမယ့် ဒီပတ်ဝန်းကျင်မှာပဲ ခဏစောင့်နေဖို့ ပြောထားတယ်။ ငါတို့ အချက်ပြတာကို စောင့်ကြဦးမှာ”

မာကျုမီယာသည် ကာဂါ၏ အစီအမံကို နားမလည်နိုင်ဘဲ ဖြစ်နေသည်။ သူ၏ အတွေးကို ကာဂါကလည်း ရိပ်မိသည့်အလျောက် သူ့ကို အဓိပ္ပာယ် လေးနက်သည့် အကြည့်တစ်မျိုးဖြင့် လှမ်းကြည့်လိုက်သည်။ “ငါ့တာဝန်သာထား” ဟူလို။

“ကျွန်တော့်အမေကို ဖမ်းကြတော့မလို့လား” မိုင်ဟာရာက မေးလေသည်။

“ဒါပေါ့” ကာဂါက ပြန်ဖြေသည်။ “လူသတ်မှုဆိုတာ အင်မတန် ကြီးလေးတဲ့ ပြစ်မှုပဲဟာ”

“ဒါပေမယ့် သူ့ရဲ့ အခြေအနေကို ဆရာတို့လည်း မြင်တွေ့နေတာပဲ။ သူ ဘာလုပ်ခဲ့သလဲဆိုတာ သူ့ဘာသာသူတောင် သိတာ မဟုတ်ဘူး။ အဲဒါကို ‘သေစေလိုတဲ့ ဆန္ဒ’ မရှိဘူးလို့ ယူဆလို့ မရဘူးလား”

“စိတ်ရောဂါ အခြေအနေနဲ့ ပတ်သက်ပြီး သီးခြား စစ်ဆေးမှုတွေကိုတော့ ရဲဌာနက လုပ်ကြဦးမှာပါ။ စစ်ဆေးမှု ရလဒ်ပေါ် အခြေခံပြီး ဘယ်လို အမိန့်ချမလဲဆိုတာက တရားရေးဌာနရဲ့ အလုပ်ဖြစ်တာကြောင့် ကျွန်တော်တို့လည်း ဘာမှ ကြိုသိနိုင်တာမျိုး မဟုတ်ဘူး။ မှုခင်းစုံထောက်ရဲ့ အလုပ်က တရားခံကို ရှာဖွေ ဖော်ထုတ်နိုင်ဖို့ပဲ။ တရားခံမှာ သေစေလိုတဲ့ ဆန္ဒ ရှိမရှိ ဆိုတာတွေက နောက်လူတွေ လုပ်ပါလိမ့်မယ်”

“ဒီလိုဆိုရင် တရားရုံးက သူ့ကို အပြစ်မရှိကြောင်း အမိန့်ချနိုင်ပါ့မလား”

“‘အပြစ်မရှိဘူး’ ဆိုတဲ့ စကားလုံးကို သုံးသင့် မသုံးသင့် ဆိုတာတော့ ကျွန်တော်လည်း နားမလည်ဘူး။ တရားစွဲတဲ့ အဆင့်ထိတောင် ရောက်ချင်မှ ရောက်မှာပဲ။ ဒါပေမယ့် အဲဒါတွေကို ကျွန်တော်တို့က ဆုံးဖြတ်ပိုင်ခွင့် ရှိတာ မဟုတ်ဘူးဗျ။ အဲဒါတွေက တရားရေးဌာနရဲ့ အလုပ်ပါ။ တကယ်လို့ တရားစွဲမယ် ဆိုရင်တော့ ဒီအမှု တစ်ခုလုံးကို တရားရုံးလက်ထဲ အပ်ရတော့မှာပဲ”

“ဟိုဟာလေ ……” မိုင်ဟာရာက ပြောသည်။ “အထဲမှာ အဆင်ပြေပြေနဲ့ နေလို့ရအောင် သူ့ကို စီစဉ်ပေးလို့ မရနိုင်ဘူးလား။ အချုပ်ခန်းထဲမှာဆိုရင် သူ လန့်ပြီး သေသွားနိုင်တယ်။ လူကလည်း ရောဂါသည်၊ နောက်ပြီး အသက်ကလည်း အတော် ကြီးနေပြီဆိုတော့ …….”

“ဒီကိစ္စနဲ့ ပတ်သက်ပြီး အထက်လူကြီးတွေက ဆုံးဖြတ်ပေးကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့် အတွေ့အကြုံအရ ပြောရရင် အင်မတန် ထူးခြားတဲ့ အခြေအနေမျိုးမှ မဟုတ်ဘူး ဆိုရင် အထူးအခွင့်အရေးတော့ ရမယ် မထင်ဘူး။ ခင်ဗျားအမေက သူ့ဘာသာလည်း အစာစားနိုင်တယ်။ သူ့ဘာသာသူလည်း ကိုယ်လက် သန့်စင်နိုင်တယ်။ ကျွန်တော့်အထင် ပြောရရင် အချုပ်ခန်းထဲမှာ
မပြောနဲ့။
 အကျဉ်းထောင်ထဲ ရောက်ရင်တောင် တခြား တရားခံတွေ နည်းတူ တူညီတဲ့ ခံစားခွင့်ပဲ ရပါလိမ့်မယ်”

“သူ …. သူက အကျဉ်းထောင်လည်း ဝင်ရဦးမှာလား”

“တရားစွဲခံရမယ် ဆိုရင်ပေါ့ဗျာ။ အဲ …. ခင်ဗျားတို့ လင်မယားနှစ်ယောက်ကတော့ ဝင်ရမှာ အသေအချာပဲ”

“ဒါကတော့ ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားပြီးသားပါ”

“အင်း …. သူ့လို အသက်ကြီးတဲ့ အဖွားအိုတစ်ယောက် အတွက် ဒါက နည်းတဲ့ ဒုက္ခတော့ မဟုတ်ဘူး။ တောင့်တောင် တောင့်ခံနိုင်ပါ့မလား မသိဘူးဗျာ” ကာဂါက ဆက်ပြောနေသည်။ “အဲဒီအထဲက အခန်းတွေဟာ သန့်ရှင်းသပ်ရပ် ပါတယ် ဆိုတဲ့ စကားလုံးမျိုး သုံးပြီး ခိုင်းနှိုင်းဖို့ မသင့်တာ အမှန်ပဲ။ အိမ်သာဆိုတာကလည်း ဆောင့်ကြောင့် ထိုင်ရတဲ့ ကမုတ်ခုံမျိုးပဲ ရှိတယ်။ နွေရာသီဆိုရင် ပြာကျမတတ် ပူပြီး ဆောင်းရာသီဆိုရင် ကျောကွဲမတတ် အေးတာဗျ။ အစားအသောက် ဆိုတာကလည်း ခပ်ကြမ်းကြမ်းရယ်။ အရသာကလည်း မရှိဘူး။ ထောင်ကြပ်တွေရဲ့ ခွင့်ပြုချက်မှ မရဘူးဆိုရင် အပြင်က အစားအစာတွေကိုလည်း သွင်းခွင့် ရှိတာ မဟုတ်ဘူး။ ခင်ဗျားအမေ သဘောကျတယ်ဆိုတဲ့ အရုပ်ကိုလည်း အထဲ ယူသွားလို့ ရတော့မှာ မဟုတ်ဘူး။ ကျဉ်းမြောင်းတဲ့ အမှောင်ခန်းလေးထဲမှာပဲ အထီးကျန်ခြင်းကို အဖော်ပြုပြီး တစ်နေ့တစ်နေ့ ကုန်ဆုံးသွားရတော့မှာ” ထိုစကားများကို ပြောပြီးနောက် သူသည် ပခုံးကို ပင့်လျက် “တစ်ခုတော့ ရှိတာပေါ့။ သူက ဒီဒုက္ခတွေကို ဘယ်လောက်အတိုင်းအတာအထိ နားလည်နိုင်မလဲဆိုတာ ဘယ်သူမှတော့ သိမယ် မထင်ဘူး”

မိုင်ဟာရာ အာကီအိုသည် မျက်စိစုံမှိတ်ကာ
ကြေကွဲဆို့န
င့်သေ
ာ
 အမူအရာဖြင့် သူ့မျက်နှာမှာ ရှုံ့မဲ့နေလေသည်။ သူ့နှုတ်ခမ်းကိုလည်း ခပ်တင်းတင်း ဖိကိုက်ထားသည်။ ထိုကဲ့သို့ ခက်ခဲကြမ်းတမ်းသော ဘဝမျိုးကို သူ ဖြတ်သန်းရတော့မည်ဟု ယခင်က မတွေးခဲ့ဖူးသောကြောင့်လား။ သို့မဟုတ် နောက်ဆုံးအရွယ်သို့ ရောက်နေပြီဖြစ်သော သူ့မိခင်အတွက် စိတ်ပူပန်နေသောကြောင့်လား။ အဘယ်ကြောင့် သူ ယခုကဲ့သို့ ဖြစ်ပျက်နေသည်ကို မာကျုမီယာသည် မဝေခွဲတတ်ပေ။

“မစ္စတာမိုင်ဟာရာ …” ကာဂါသည် တည်ငြိမ်စွာဖြင့် “ခင်ဗျား ဒီအတိုင်းပဲ ဖြစ်စေချင်ခဲ့တာလား”

အရှိုက်ကို အထိုးခံလိုက်ရသော လူတစ်ယောက်ကဲ့သို့ မိုင်ဟာရာသည် မိုက်ခနဲ ဖြစ်သွားပြီး သူ၏ နီရဲနေသော မျက်နှာကို ကာဂါဘက်သို့ လှည့်လိုက်သည်။ မျက်နှာတစ်ပြင်လုံးနှင့် လည်ပင်း၌ပင် သွေးရောင်ဖြင့် လွှမ်းလျက်။

“ဆရာ့စကားက ဘာအဓိပ္ပာယ်လဲ”

“သေချာအောင် မေးကြည့်တာပါဗျာ။ ခင်ဗျားအမေက သူလုပ်ခဲ့တဲ့ အပြုအမူအတွက် ရှင်းလင်းအောင် ပြောပြနိုင်စွမ်း မရှိတော့ ခင်ဗျားတို့က သူ့ကိုယ်စား ထွက်ဆိုကြရတာကိုး။ ဒီတော့ သူက ခင်ဗျားရဲ့ ပါးစပ်ကြောင့် လူသတ်တရားခံ ဖြစ်သွားရတော့တာပေါ့။ ကျွန်တော် သေချာအောင် မေးချင်တဲ့ အချက်ကတော့ …… အဲဒါက ခင်ဗျားတို့ လိုချင်တဲ့ နောက်ဆုံး ရလဒ်ပဲလား”

“နောက်ဆုံး ရလဒ်? ဒါပေမယ့်” မိုင်ဟာရာ၏ စကားသံမှာ ပလုံးပထွေး ဖြစ်လာသည်။ “ကျွန်တော်တို့လည်း မတတ်နိုင်ဘူးလေ။ သူ့အစား ဖုံးဖိပေးခဲ့ချင်တာပဲ။ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာလို့မှ မရတာ”

“ဟုတ်လား။ ဒါဆိုလည်း ကျွန်တော် ထပ်မပြောတော့ပါဘူး” ကာဂါက နာရီကို ငုံ့ကြည့်လိုက်သည်။ “ပြင်ကြဆင်ကြဖို့ လိုဦးမလား။ ခင်ဗျားတို့ တော်တော်နဲ့ ပြန်လာနိုင်ဦးမယ် မထင်ဘူး”

ယာအေကိုက မတ်တပ်ထရပ်လိုက်သည်။ “ကျွန်မ အဝတ်အစား သွားလဲလို့ ရမလား”

“ရပါတယ်။ မစ္စတာမိုင်ဟာရာရော ….”

“ရတယ်။ ကျွန်တော် ဒါပဲ ဝတ်သွားတော့မယ်”

ယာအေကိုတစ်ယောက်တည်း အခန်းထဲမှ ထွက်သွားသည်။

“ကျွန်တော် ဆေးလိပ်သောက်လို့ ရတယ်မလား” မိုင်ဟာရာက မေးသည်။

“သဘောပါ” ကာဂါက ပြန်ဖြေသည်။

မိုင်ဟာရာသည် ဆေးပေါ့လိပ်တစ်လိပ်ကို ဆွဲထုတ်ပြီး တစ်ခါသုံးမီးခြစ်ဖြင့် မီးညှိ‌လေသည်။ ထို့နောက် ဆေးလိပ်မီးခိုးများကို ခံတွင်းမှ ခပ်မြန်မြန် မှုတ်ထုတ်လိုက်သည်။ ဆေးလိပ်၏ အရသာကို ခံစားနေသော အရိပ်အယောင်ကို တစ်ချက်ကလေးမျှ မတွေ့ရ။

“ခင်ဗျား အခု ဘယ်လို ခံစားနေရသလဲ” ကာဂါသည် မိုင်ဟာရာ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။

“ဘယ် နေလို့ ကောင်းမှာလဲဗျာ။ ဒီတစ်ဘဝလုံး ကျွန်တော် လုပ်ခဲ့သမျှ အကုန်လုံး လက်လွှတ် ဆုံးရှုံးရတော့မှာကို တွေးနေမိတာပဲ”

“ခင်ဗျားအမေ အပေါ်မှာရော?”

“ကျွန်တော့်အမေ အပေါ်? ….. ဘယ်လိုပြောရမလဲ” မိုင်ဟာရာသည် ဆေးလိပ်‌ငွေ့ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး တစ်ခဏအကြာတွင် မီးခိုးများကို ဖြည်းဖြည်းချင်း မှုတ်ထုတ်နေသည်။

“သူ အဲဒီရောဂါကို ရပြီးကတည်းက သူနဲ့ ကျွန်တော့်အကြားမှာ သားအမိဆိုတဲ့ ခံစားချက်က တဖြည်းဖြည်း ပျောက်ကွယ်သွားသလိုပဲ။ သူက ကျွန်တော့်ကိုတောင် မမှတ်မိတော့ဘူးလေ။ ကျွန်တော် တစ်ခါက စဉ်းစားမိတယ်။ မိသားစုကြားက သံယောဇဉ်တွေဟာ ဒီလိုပဲ နိဂုံးချုပ်ကြရတာလားပေါ့”

“ခင်ဗျား အဖေလည်း အခုလိုပဲ သူငယ်ပြန်ခဲ့တယ်လို့ ကြားဖူးတာပဲ”

“ဟုတ်တယ်”

“သူ့ကို ဘယ်သူက စောင့်ရှောက်ခဲ့တာလဲ”

“ကျွန်တော့် အမေပေါ့။ အဲဒီတုန်းက သူက မူမှန်သေးတာကိုး”

“ဒါဆို ခင်ဗျားအမေလည်း အတော်လေး ဒုက္ခခံခဲ့ရမှာပဲ”

“ကျွန်တော်လည်း အဲဒါပဲ တွေးမိတယ်။ ကျွန်တော့် အဖေ သေသွားတဲ့အခါ ကျွန်တော့်အမေလည်း စိတ်လက် ပေါ့ပါး သွားမလား မသိဘူး”

တစ်ခဏတာ ကြာသွားပြီးနောက် ကာဂါက ဆက်မေးသည်။ “ခင်ဗျားက အဲဒီလို ထင်တာလား”

“အင်း၊ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ကို စောင့်ရှောက်ရတာက အတော် ပင်ပန်းတာကိုး”

ကာဂါကတော့ ခေါင်းမညိတ်။ အဘယ်ကြောင့်မှန်း မသိ။ သူသည် မာကျုမီယာကို တစ်ချက် လှမ်းကြည့်လိုက်ပြီးမှ မိုင်ဟာရာဘက်သို့ လှည့်သွားသည်။

“တစ်ချိန်တုန်းက သေတူရှင်ဖက် ရုန်းကန်ခဲ့ကြတဲ့ ဇနီးမောင်နှံတွေမှာ အပြင်လူတွေ ဘယ်လိုမှ နားမလည်နိုင်တဲ့ နက်ရှိုင်းတဲ့ သံယောဇဉ်တွေ ဆိုတာ ရှိကြတယ်။ ဒါကြောင့်လည်း သူတို့ဆီမှာ ကိုယ့်ဘဝကြင်ဖော်ရဲ့ ဒုက္ခကို ကူညီမျှခံပေးဖို့ ခွန်အားတွေ ရှိနေကြတာပေါ့။ ရှောင်ဖယ်လိုတဲ့ စိတ်ခံစားမှုတွေ သူတို့ဆီမှာ ရှိကောင်း ရှိနိုင်တာပဲ။ နောက်ဆုံး ကိုယ့်လူကို မြန်မြန် သေပါစေလို့ ကျိတ်ပြီး ဆုတောင်းနေတာမျိုးလည်း ရှိနိုင်တယ်။ ဒါပေမယ့် အဲဒီလိုနေ့တစ်နေ့ တကယ် ရောက်လာခဲ့ရင် သူတို့စိတ်ထဲမှာ အရင်ကထက် ပေါ့ပါးသွားမှာတော့ မဟုတ်ဘူး။ ကိုယ့်လူကို စောင့်ရှောက်နေရတဲ့ ဒုက္ခကနေ လွတ်မြောက်သွားပြီ ဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိတဲ့ စိတ်ဆင်းရဲမှု အချုပ်အနှောင်ထဲ ပြန်ကျသွားတော့တာပဲ”

“….. ဆရာဆိုလိုတာက”

“သူတို့ အစွမ်းကုန် မလုပ်နိုင်ခဲ့ဘူးလို့ ထင်နေကြမှာလေ။ သူတို့သာ ဒီထက် ပိုကောင်းအောင် လုပ်ပေးနိုင်ခဲ့ရင် ဒီလို အခြေအနေမျိုး ဖြစ်ခဲ့မှာ မဟုတ်ဘူးလို့ ခံစားနေမိကြမှာ။ ဒီတော့ သူတို့ကိုယ်သူတို့ အပြစ်တင်နေမိကြရော။ တစ်ခါတလေဆို အဲဒီစိတ်နဲ့ ရောဂါတွေတောင် ရကြတယ်”

“ကျွန်တော့်အမေကရော အဲဒီ အကြောင်းကြောင့် ရောဂါရလာပါတယ်လို့ ဆရာက ဆိုလိုချင်တာလား”

“ဒါတော့ ကျွန်တော်လည်း မပြောတတ်ဘူးလေ။ ကျွန်တော် ပြောနိုင်တာက လူအိုတွေရဲ့ စိတ်အခြေအနေဟာ အတော်ကို ရှုပ်ထွေးကြတယ်။ တကယ်လို့ သေမင်းနဲ့ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရတော့မယ်လို့ သိသွားပြီ ဆိုရင် ပိုဆိုးတော့တာပဲ။ ကျွန်တော်တို့အနေနဲ့ အဲဒီလူအိုတွေအတွက် လုပ်ပေးနိုင်တာက သူတို့ရဲ့ ဆန္ဒတွေကို အလေးထားဖို့ပဲ။ သူတို့ရဲ့ အပြုအမူကို ကြည့်ရတာ ဘယ်လောက်ပဲ ပေါ့ပြက်နေပါစေ။ သူတို့ ကာယကံရှင်တွေ အနေနဲ့ကျတော့ အဲဒါဟာ အင်မတန် အဓိပ္ပာယ် ပြည့်ဝနေတတ်တယ်”

“ကျွန်တော့် အထင်တော့ …….. အမေ့ရဲ့ ဆန္ဒကို ကျွန်တော် တစ်လျှောက်လုံး အလေးထားခဲ့တာပဲ။ အခုချိန်မှာတော့ သူ့မှာ ဆန္ဒ ဆိုတာမျိုး ရှိသေးသလား ဆိုတာ မသိတော့တာက လွဲလို့ပေါ့”

ထိုစကားများကို ပြောဆိုနေသော မိုင်ဟာရာကို စိုက်ကြည့်ပြီး ကာဂါက ပြုံးနေလေသည်။

“ဟုတ်လား။ ဒါဆို ကောင်းတာပေါ့။ အေးဗျာ … အခုလို အရည်မရ အဖတ်မရ လျှောက်ပြောနေမိတာ တောင်းပန်ပါတယ်”

“ဟာ၊ မဟုတ်တာပဲ” မိုင်ဟာရာသည် ဆေးလိပ်ပြာခွက်ထဲတွင် ဆေးလိပ်ကို ထိုးချေသည်။

ကာဂါသည် နာရီကို ကြည့်ပြီး မတ်တပ်ထရပ်လိုက်သည်။

“ဒါဆို …. ကျွန်တော်တို့နဲ့အတူ ခင်ဗျားအမေကို အပြင် ခေါ်ထုတ်ကြရအောင်လား”

ကာဂါသည် နောက်လှည့်ပြီး မာကျုမီယာကို ခေါင်းဆတ်ပြလိုက်သည်။ အတူ လိုက်လာရန် သူ့ကိုလည်း ခေါ်နေခြင်း ဖြစ်သည်။

သူတို့ အတွင်းခန်းနားသို့ ရောက်သောအခါ အပေါက်ဝတွင် ဟာရုမိ ထိုင်နေသည်ကို တွေ့ရသည်။ သူသည် ဘာတစ်ခွန်းမျှ မပြောဘဲ လျှောက်လမ်းတွင် ထိုင်နေသော သူ့မိခင်ကို ငေးကြည့်နေသည်။ အဖွားအိုသည် ခါးကို အနည်းငယ် ကိုင်းလျက် တင်ပလ္လင်ခွေကာ ကျောက်တုံးတစ်တုံးကဲ့သို့ မလှုပ်မယှက် ထိုင်နေသည်။

“ကျွန်တော်တို့ ခင်ဗျားအမေကို အပြင် ခေါ်သွားချင်တယ်” ကာဂါသည် ဟာရုမိ၏ နောက်ကျောမှ ကပ်၍ ပြောလိုက်သည်။

“အင်း” သူက အသံတိုးတိုးဖြင့် ပြန်ဖြေပြီး မာဆာအေထံသို့ လျှောက်သွားသည်။

“တကယ်လို့” ကာဂါက ဆက်ပြောသည်။ “ခင်ဗျားအမေမှာ အင်မတန် အရေးကြီးတဲ့ ပစ္စည်းတွေ ရှိမယ်ဆိုရင် …. ကိုယ်နဲ့မကွာ ထားပေးလို့ သူ့ကို စိတ်ချမ်းသာစေမယ့် အရာမျိုး ရှိရင် အခု တစ်ပါတည်း ယူလာခဲ့ပါလား။ ကျွန်တော်တို့ အချုပ်ခန်းတာဝန်ခံနဲ့ ညှိပြီး သူနဲ့ အတူ ထားခွင့်ရအောင် စီစဉ်ပေးပါ့မယ်”

ဟာရုမိသည် ခေါင်းညိတ်ကာ အခန်းထဲဝင်ပြီး လျှောက်ကြည့်နေသည်။ မကြာခင် သတိရသွားဟန်ဖြင့် စားပွဲပုလေးဆီသို့ လျှောက်သွားသည်။ ထို့နောက် အောက်ဘက်မှ အံဆွဲကို ဆွဲဖွင့်ပြီး အထဲမှ စာအုပ်နှင့်တူသော အရာတစ်ခုကို ထုတ်လာခဲ့သည်။

“ဒါ ယူသွားလို့ ရမလား” သူက ကာဂါကို မေးသည်။

“ကြည့်ကြည့်ရအောင်” ကာဂါသည် ထိုအရာကို ဖွင့်ကြည့်ပြီးနောက် မိုင်ဟာရာကို လှမ်းပေးလိုက်သည်။ “ဒါ ခင်ဗျားအမေရဲ့ ရတနာသိုက်ပဲဗျ”

တစ်ခဏကြာသောအခါ မိုင်ဟာရာ၏ ခန္ဓာကိုယ်မှာ တစ်ဆတ်ဆတ် တုန်နေကြသည်ကို မာကျုမီယာ တွေ့လိုက်ရသည်။ ကာဂါက သူ့အား လှမ်းပေးလိုက်သော အရာမှာ ဓာတ်ပုံအယ်ဘမ် စာအုပ်ကလေး ဖြစ်သည်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *