ပန်းခြံထဲတွင် ရဲအရာရှိများသည် မည်သည့် စကားများ ပြောနေကြသည်ကို အာကီအို ဘာမျှ မသိရ။ ယခုလို အလုံးစုံ ဖွင့်ချဝန်ခံပြီးချိန်တွင် ထိုနေရာသို့ သွားရောက်စစ်ဆေးရန် အကြောင်းတစ်စုံတစ်ရာ ရှိလိမ့်ဦးမည်ဟု သူ မထင်။ အာကီအိုသည် သူပြောခဲ့သမျှသော အချက်အလက်များကို ပြန်လှန် စဉ်းစားကြည့်နေမိသည်။ ရဲအရာရှိများဘက်မှ ဟာကွက်တစ်ခုခုကို တွေ့ရှိသွားပြီလောဟု ပြန်လှန် ဆင်ခြင်ကြည့်နေမိသည်။ သူ့အနေဖြင့် သံသယဖြစ်စရာ တစ်နေရာမျှ မတွေ့။ သူပြောခဲ့သမျှထဲတွင် လူသတ်သူမှာ မာဆာအေ မဟုတ်ဘဲ နာအိုမီဖြစ်သည်က လွဲ၍ ကျန်တာအားလုံးသည် အဖြစ်မှန်များပင် ဖြစ်သည်။
“သူတို့ ဘာတွေ စဉ်းစားနေတယ်လို့ ရှင် ထင်လဲ” ကြည့်ရသည်မှာ ယာအေကိုသည်လည်း သူ့လိုပင် စဉ်းစားနေပုံ ရသည်။ ထို့ကြောင့် မအောင့်နိုင်တော့ဘဲ မေးလာခြင်း ဖြစ်သည်။
“မသိဘူး” အာကီအိုသည် ခပ်ပြတ်ပြတ် ပြန်ဖြေပြီး သူ့အမေကို တစ်ချက် ငဲ့ကြည့်လိုက်သည်။
မာဆာအေသည် သူ့ကို ကျောပေးထားလျက် ယခင်နေရာမှာပင် ကျောက်တုံးတစ်တုံး ကဲ့သို့ မလှုပ်မယှက် ထိုင်နေသည်။
‘ဒါပဲ ကောင်းမယ်။ ဒီလို လုပ်ဖို့ပဲ ရှိတော့တာပဲ’ အာကီအိုသည် စိတ်ထဲမှ သူ့ကိုယ်သူ ပြန်ပြီး အားပေးနေလေသည်။
သူ ယခု ပြုလုပ်နေသော အလုပ်မှာ မည်မျှ ဆိုးယုတ်ကြောင်း သူကိုယ်တိုင် အသိဆုံး ဖြစ်သည်။ ကိုယ့်သားတစ်ယောက်အား ကာကွယ်နိုင်ရန် အတွက် ကိုယ့်မိခင်ကို ဓားစာခံအဖြစ် အသုံးချခြင်းမှာ လူဆန်သော လုပ်ရပ် မဟုတ်ပေ။ သူက စဉ်းစားနေမိသည်။ အကယ်၍ ငရဲပြည်သာ တကယ် ရှိနေမည် ဆိုရင် သေပြီးနောက် သူ၏ လားရာမှာ ထိုနေရာမျိုးသာ ဖြစ်ရပေလိမ့်မည်။
သို့သော် လတ်တလော သူ ရင်ဆိုင်နေရသော အခက်အခဲကို ကျော်လွားနိုင်ရန် တခြား နည်းလမ်းကိုကား သူ ရှာမတွေ့ခဲ့။ အကယ်၍သာ လူသတ်တရားခံသည် သူငယ်ပြန်နေသော အဖွားအိုတစ်ယောက် ဖြစ်သည် ဆိုလျှင် ပတ်ဝန်းကျင်၏ ကဲ့ရဲ့ ရှုတ်ချမှုမှ အတော်မတန် သက်သာနိုင်ပေမည်။ တိုင်းပြည်တွင် လူအိုများ များပြားလာခြင်း၏ ဆိုးကျိုးတစ်ခုဟုသာ အများစုက မှတ်ယူနိုင်ကြသည်။ ထိုအခါ သူတို့ မိသားစုကိုပင် တခြားသူများက ကရုဏာ သက်လာကောင်း သက်လာပေဦးမည်။ ထိုသို့သာဆိုလျှင် နာအိုမီ ရင်ဆိုင်ရမည့် အနာဂတ်အတွက် သက်ရောက်မှုမှာလည်း အနိမ့်ဆုံးသို့ လျှောကျသွားမည်။
ပြောင်းပြန် တွေးကြည့်ရမည် ဆိုလျှင် အကယ်၍ အဖြစ်မှန် ပေါ်သွားခဲ့သည် ရှိသော် နာအိုမီကို တစ်သက်လုံး လူသတ်သမား တစ်ယောက်အဖြစ်သာ သတ်မှတ်ထားကြပေတော့မည်။ သူ၏ မိဘများကိုလည်း အကြမ်းဖက်တတ်သော သားကို မဆုံးမ မသွန်သင်တတ်သော အသုံးမကျသည့် အုပ်ထိန်းသူများအဖြစ် တစ်သက်လုံး ဝေဖန်တိုက်ခိုက်ကြတော့မည်။ ထို့ပြင် လူတို့၏
တံတွေးကွက်တွင်
တစ်သက်လုံး ပက်လက် မျောပါနေရတော့မည်။ မည်သည့်မြို့၊ မည်သည့်နေရာသို့ ပြောင်းရွှေ့သွားသည် ဖြစ်စေ၊ တစ်ယောက်စကား တစ်ယောက်နားမှ ဤသတင်းမှာ ပျံ့နှံ့သွားနိုင်သည်သာ။ အဆုံးတွင် လူအများ၏ စွန့်ပစ်ခံဘဝသို့ ရောက်ကြရမည်သာ။
မာဆာအေအား ထိုသို့ မပြစ်မှားသင့်သည်ကို သူ နားလည်သည်။ အစွပ်စွဲခံရပြီဟု သူ့မိခင် ကိုယ်နှိုက်က သိပင် သိလိမ့်မည် မဟုတ်။ သူငယ်ပြန် နေသော ဝေဒနာရှင် တစ်ဦးအား တရားရုံးမှ မည်သို့ ပြစ်ဒဏ်ချနိုင်သည်ကို အာကီအိုက ကောင်းကောင်း နားမလည်သော်လည်း တရားသူကြီးများသည် ထိုဝေဒနာရှင်ကို သာမန်လူတစ်ယောက် နည်းတူပင် အပြစ်စီရင်လိမ့်မည်ဟု သူ မယူဆပေ။ အာကီအိုသည် “သေစေရန် အကြံဖြင့်” ဟူသော ဥပဒေဝေါဟာရကို သတိရမိသည်။ လူသတ်မှုတစ်ခုတွင် တရားခံသည် “သေစေရန် အကြံ” မရှိခဲ့ကြောင်း သက်သေပြနိုင်လျှင် လူသတ်မှု မမြောက်ဘဲ လူသေမှု အဖြစ် လျှော့ပေါ့စဉ်းစားပေးရသည့် သဘောသဘာဝ ရှိသည်။ ယခုအမှုတွင်လည်း မာဆာအေလို ရောဂါသည်မျိုးတွင် သေစေလိုသော ဆန္ဒ ရှိပါသည်ဟု သက်သေပြရန် အလွန်ပင် ခက်ခဲလိမ့်မည်။
မာဆာအေသည်လည်း သူ့မြေးကို ကယ်တင်နိုင်ရန်အတွက် လိုလိုလားလားဖြင့် သူ့ကိုယ်သူ အနစ်နာခံလိမ့်မည်ဟု ယူဆရသည်။ သို့သော် မာဆာအေအနေဖြင့် ယခု ဖြစ်ပျက်နေသမျှ ကိစ္စအားလုံးနှင့် သူကြုံတွေ့နေရသည့် အခြေအနေများကို အပြည့်အဝ နားလည်နိုင်ဖို့တော့ လိုအပ်ပေမည်။
သူသည် ခြံတံခါးဝမှ တံခါးပိတ်သံကို ကြားလိုက်ရသည်။ ထို့နောက် လျှောက်လမ်းမှ ခြေသံများ နီးကပ်သည်ထက် နီးကပ်လာကြသည်။
“စောင့်ရတာ ကြာသွားပြီ ထင်တယ်” မာကျုမီယာက ပြောရင်း အခန်းထဲသို့ ဝင်လာသည်။ ကာဂါကိုတော့ မတွေ့ရ။
“ဟိုဆရာရော” အာကီအိုက မေးလိုက်သည်။
“သူ တခြား တစ်နေရာကို သွားတယ်။ မကြာခင် ပြန်လာမှာပါ။ ဒါနဲ့ … ကျွန်တော် တစ်ခုလောက် မေးချင်သေးတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး အတွင်းကျကျ သိထားတဲ့သူ တခြား ဘယ်သူများ ရှိသေးသလဲ”
ထိုသို့သော မေးခွန်းမျိုး မေးလာနိုင်သည်ကို သူက ကြိုတင် တွေးဆထားပြီး ဖြစ်သည်။ ထို့ကြောင့် နဂိုက ပြင်ဆင်ထားသည့်အတိုင်း “ကျွန်တော်တို့ နှစ်ယောက်တည်း သိတာ။ တခြား ဘယ်သူ့ကိုမှ မပြောပြထားဘူး”
“ဒါပေမယ့် ခင်ဗျားတို့မှာ သားတစ်ယောက် ရှိသေးတယ် မဟုတ်လား။ သူကရော မသိဘူးလား”
“ကျွန်တော့်သားလား” အာကီအိုသည် သူ့အသံကို တည်ငြိမ်သည်ထက် တည်ငြိမ်အောင် ကြိုးစားထိန်းလိုက်ပြီး “သူက ဘာမှ မသိဘူး။ ကျွန်တော်တို့ သူမသိအောင် ဖုံးထားတယ်”
“ဒါပေမယ့် သူ ဘာတစ်ခုမှ မသိနိုင်တာတော့ မဖြစ်နိုင်ဘူး ထင်တယ်။ ကိုယ့်အိမ်ထဲမှာ အလောင်းတစ်ခု ရောက်နေတယ်။ အဖေအမေက ညကြီးသန်းခေါင် အဲဒီအလောင်းကို ဖြေရှင်းနေရတယ်။ သူ ဒီအဖြစ်အပျက်ကြီး တစ်ခုလုံးကို နည်းနည်းမှ သတိမထားမိဘူး ဆိုတာ ယုံဖို့ရာတော့ ခပ်ခက်ခက်ပဲ”
မာကျုမီယာသည် အာကီအို၏ အရှိုက်ကို ထိုးဆွနေသည်။ သူတို့အတွက် အရေးအကြီးဆုံး အချိန်အခါသို့ ရောက်လာလေပြီ။
“သူ တကယ်ကို ဘာမှ မသိဘူး။ အဲ … အတိအကျ ပြောရရင်တော့ဗျာ။ အခုတော့ သူ အဖြစ်မှန်ကို သိနေပါပြီ။ ကျွန်တော်တို့ စောနက ရဲစခန်းကို ဖုန်းမဆက်ခင်မှာပဲ သူ့ကို အကြောင်းစုံ ရှင်းပြထားပြီးပြီ။ အဲဒီ မတိုင်ခင်ကတော့ သူ ဘာမှ မသိတာ အမှန်ပဲ။ သောကြာနေ့ညကလည်း သူ ဘယ်နားသွားပြီး အလေလိုက်နေလည်း မသိဘူး။ အတော် မှောင်မှ ပြန်လာတာပဲ။ ဒါလည်း ကျွန်တော် မနေ့က ဆရာတို့ကို ပြောပြပြီးပြီ မဟုတ်လား။ ကျွန်တော့်သား ပြန်ရောက်လာတဲ့ အချိန်မှာ ကျွန်တော်တို့က အလောင်းကို ပန်းခြံထဲ ရွှေ့ထားပြီးနေပြီ။ အလောင်းပေါ်မှာ အိတ်အမည်းနဲ့ အုပ်ထားတာဆိုတော့ သူ သတိထားမိမှာ မဟုတ်ဘူး”
“ပြီးတော့” ဘေးမှာ ရပ်နေသော ယာအေကိုက ကြားဝင်၍ ပြောလေသည်။
“သူက ပြန်ရောက်ပြီဆိုရင် အခန်းထဲက ထွက်တော့တာ မဟုတ်ဘူး။ ထမင်းစားတာနဲ့ အိမ်သာတက်ဖို့က လွဲလို့ အပြင်ကို မထွက်တော့တာ။ ဒါကြောင့် ညကြီးသန်းခေါင် ကျွန်မတို့ အလုပ်ရှုပ်နေလည်း သူကတော့ နည်းနည်းမှ စိတ်ဝင်စားမှာ မဟုတ်ဘူး။ အခုလည်း ကျွန်မတို့ သူ့ကို အဖြစ်မှန် ပြောပြလိုက်တော့ ကြောက်လန့်နေပုံရတယ်။ ကလေးပဲ ရှိသေးတာကိုလေ။ ကျွန်မတို့ သူ့ကို အခုကိစ္စ ပြောပြလိုက်ပြီးတော့လည်း သူ့အခန်းထဲမှာပဲ ပြန်အောင်းနေတော့တာပဲ။ သူ့စိတ်တွေ တည်တည်ငြိမ်ငြိမ် ဖြစ်သွားအောင် တစ်ယောက်တည်း ပစ်ထားလိုက်တာ ကောင်းမယ်”
“ကလေးပဲ ရှိသေးတာ” ဟူသော စကားလုံးကို ယာအေကိုက အနည်းငယ် ဖိပြောလိုက်သည်။ အာကီအိုကလည်း စစ်ကူဝင်သည့် အနေဖြင့်
“ဒီကလေးက လူကြောက်တတ်တယ်။ တစ်ခါမှ မမြင်ဖူးတဲ့ သူစိမ်းတွေနဲ့ဆိုရင် စကားတစ်ခွန်းမှ ပြောရဲတာ မဟုတ်ဘူး။ ငယ်သေးလို့ပဲလား မသိပါဘူးဗျာ။ ဒါကြောင့် သူလည်း ဆရာတို့ကို ကူညီနိုင်မယ် မထင်ပါဘူး”
နာအိုမီအပေါ်သို့ မြားဦးလှည့်မလာအောင် အစွမ်းကုန် ကြိုးစားရမည်ဟု အာကီအိုက တွေးထားသည်။ သူတို့ လင်မယားနှစ်ယောက် တိုင်ပင်ဆွေးနွေးခဲ့ကြစဉ် အခါကလည်း ယင်းအချက်ကို အဓိက အရေးပါဆုံး အချက်အဖြစ် နှစ်ဦးစလုံးက သတ်မှတ်ခဲ့ကြသည်။
လင်မယားနှစ်ယောက်၏ မျက်နှာများကို အပြန်အလှန် ကြည့်ပြီးနောက် မာကျုမီယာက “အမှု စစ်ဆေးတဲ့အခါမှာ ကျွန်တော်တို့ဘက်ကလည်း စေ့စေ့စပ်စပ် လုပ်ရမယ့် တာဝန် ရှိပါတယ်။ သူ့အနေနဲ့လည်း တိတ်တဆိတ် သိထားတာ တစ်စုံတစ်ရာ မရှိဘူးလို့ မပြောနိုင်ဘူး။ ခင်ဗျားတို့ နှစ်ယောက်က အဲဒီလို ပြောနေကြပေမယ့်လည်း ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လုပ်ရမှာပဲ။ သက်ဆိုင်သူ အားလုံးကို မေးမြန်းရမယ့် တာဝန် ကျွန်တော်တို့မှာ ရှိတယ်”
“သက်ဆိုင်သူ ….. သူ့ကို သက်ဆိုင်သူလို့ ခေါ်လို့ ရပါ့မလား” ယာအေကိုက မေးလာသည်။
“သူက ခင်ဗျားတို့နဲ့ တစ်အိမ်တည်းမှာ အတူတူ နေနေမှတော့ ခင်ဗျားတို့ရဲ့ သားကလည်း သက်ဆိုင်သူ စာရင်းထဲ ဝင်သွားပြီပေါ့” မာကျုမီယာက ဆုံးဖြတ်ချက် ချထားပြီးကြောင်း သိသာသော အမူအရာဖြင့် ပြန်ဖြေသည်။
မာကျုမီယာ ပြောခဲ့သည်မှာလည်း ယုတ္တိရှိသည်။ နာအိုမီကို ရဲအရာရှိများနှင့် မတွေ့ရအောင် ဖယ်ထုတ်ထားရန်မှာ လုံးဝ မဖြစ်နိုင်ကြောင်း သူတို့ လင်မယားအနေဖြင့်လည်း သိရှိထားပြီး ဖြစ်သည်။ သို့သော် နာအိုမီကို အမှုနှင့် လုံးဝ မပတ်သက်ကြောင်း ဆင်ခြေဆင်လက်ပေးကာ သူတို့ကလည်း အစွမ်းကုန် ကြိုးစားကြည့်ချင်ကြသေးသည်။
“ခင်ဗျားသားရဲ့ အခန်းက အပေါ်ထပ်မှာမလား။ ကျွန်တော် တစ်ယောက်တည်း သွားကြည့်လိုက်ရမလား”
မာကျုမီယာ၏ စကားက အာကီအိုကို တုန်လှုပ်သွားစေခဲ့သည်။ ထိုသို့ မလုပ်ရန် တစ်နည်းနည်းဖြင့် တားမှ ဖြစ်ပေမည်။ နာအိုမီနှင့် ရဲအရာရှိ၊ နှစ်ဦးတည်း တွေ့ဆုံခွင့် ပေးခြင်းမှာ အန္တရာယ် များလှသည်။ ထိုသို့ ခွင့်မပြုရန် လင်မယား နှစ်ယောက်စလုံးက ဆုံးဖြတ်ထားပြီး ဖြစ်သည်။
“ကျွန်မ သူ့ကို သွားခေါ်လိုက်မယ်” ယာအေကိုက ဝင်ပြောသည်။ သူလည်း အာကီအိုကဲ့သို့ တွေးနေခဲ့ပေမည်။
“ဒါနဲ့” အာကီအိုက ပြောသည်။ “ကျွန်တော်တို့ နေရာပြောင်းကြရအောင်လား။ ဒီမှာ စကားပြောရတာလည်း အဆင်မပြေဘူးလေ” သူက မာဆာအေကို မျက်စောင်းထိုး၍ ကြည့်လိုက်သည်။
မာကျုမီယာက တစ်ဒင်္ဂမျှ စဉ်းစားလိုက်ပြီးနောက် “ဟုတ်တာပဲ”
သူတို့ ထမင်းစားခန်းသို့ လျှောက်ဝင်လာသောအခါ အာကီအိုမှာ ရင်ထဲ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ အကယ်၍ မာဆာအေကို အနားမှာထားပြီး စကားပြောကြရလျှင် နာအိုမီတစ်ယောက်မှာ မလုံမလဲစိတ်ဖြင့် အနေရ ကျဉ်းကျပ်နေတော့မည်။ သူ့မိဘများသည် သူငယ်ပြန်နေသော သူ့ဖွားအေကို သူ့ကိုယ်စား ခေါင်းခံရန် စီစဉ်ထားကြောင်း သူ သိထားပြီး ဖြစ်သည်။
“အရင်ကရော ဒီလို ပုံစံမျိုးတွေ ဖြစ်ဖူးတာ ရှိလား” ထမင်းစား စားပွဲဘေးရှိ ထိုင်ခုံများတွင် ထိုင်လိုက်ကြပြီးနောက် မာကျုမီယာက မေးလိုက်သည်။ “ကျွန်တော် ဆိုလိုတာကဗျာ၊ ခင်ဗျားတို့ အမေက သူများကို ထိခိုက်ဒဏ်ရာ ရအောင် လုပ်ဖူးတာတို့၊ ဒါမှမဟုတ် ပစ္စည်းတစ်ခုခုကို ဖျက်ဆီးတာတို့ …… အဲဒါမျိုး အရင်က လုပ်ခဲ့ဖူးလား”
“အင်း …… မလုပ်ဖူးဘူးလို့လည်း ပြောလို့ မရဘူး။ သူက အခုလို ပုံစံကြီး ဖြစ်နေပြီပဲကိုး။ အမြဲတမ်း သူ့ကိုယ်သူ ဘာအမှား လုပ်မိမှန်းကို သိတာ မဟုတ်ဘူး။ နောက်ဆုံးတော့ ကျွန်တော်တို့ပဲ ဒုက္ခရောက်ကြရတာ။ ဥပမာ ပစ္စည်းတွေ ကိုင်ပေါက်တာမျိုးပေါ့”
“ဒါပေမယ့် တာဂျိမ ဟာရုမိပြောတော့ ခင်ဗျားအမေက အဲဒီလို သောင်းကျန်းတာမျိုး မရှိဘူးဆို”
“မပြောချင်ပါဘူးဗျာ။ သူက ဟာရုမိအရှေ့မှာဆိုရင် ပုံစံတစ်မျိုးရယ်။ ဟာရုမိ ရှိနေရင် သိပ်လိမ္မာတာ”
အာကီအို၏ ထိုသို့သော အဖြေကို ကြားရသောအခါ လူငယ်ရဲအရာရှိ၏ မျက်နှာတွင် သံသယ ဝင်သော အရိပ်အယောင်များ ပေါ်လာကြသည်။
လှေကားခွင်မှ ခြေသံများ ပျံ့လွင့်ကြလာသည်။ ခြေသံကို နားထောင်ကြည့်ခြင်းဖြင့် တုံ့နှေးနေသော ခြေလှမ်းများ ဖြစ်ကြောင်း သိသာသည်။
နာအိုမီသည် လေးကန်သော အမူအရာဖြင့် ယာအေကို၏ အနောက်တွင် ကပ်ပါလာသည်။ ကိုယ်အထက်ပိုင်းတွင် တီရှပ်ကိုလည်းကောင်း အောက်ပိုင်းတွင် အားကစား ဘောင်းဘီတိုကိုလည်းကောင်း ဝတ်ဆင်ထားသည်။ သူ့လက်နှစ်ဘက်ကို ဘောင်းဘီအိတ်ကပ်ထဲသို့ ထိုးထည့်ထားပြီး လျှောက်လာနေပုံမှာ ယခင်ကကဲ့သို့ပင် ခါးပြင်ကို ကိုင်းလျက်။
“ဒါက ကျွန်မတို့ရဲ့ သားပါ။ သူ့နာမည်က နာအိုမီတဲ့” ယာအေကိုက မိတ်ဆက်ပေးသည်။ “နာအိုမီ၊ ဒီဦးဦးက ရဲသားကြီးပေါ့”
မိတ်ဆက်ပေးပြီးသည့်တိုင် နာအိုမီသည် တစ်ဘက်လူ၏ မျက်နှာကို လုံးဝ မကြည့်ဘဲ ခေါင်းကို ယခင်ကအတိုင်း ငုံ့ထားလျက် သူ့ခြေထောက်များကိုသာ စိုက်ကြည့်နေသည်။ သူ၏ သေးကွေးသော ကိုယ်ခန္ဓာကို ဖုံးကွယ်နိုင်ရန် ကြိုးစားနေသည့်အလား ယာအေကို၏ အနောက်မှာပင် ရပ်နေလေသည်။
“ဒီနား ခဏ လာလို့ ရမလား။ ဦးဦးက မင်းကို မေးစရာ ရှိလို့” မာကျုမီယာသည် မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံကို လက်ညိုးထိုးပြရင်း ပြောနေသည်။
နာအိုမီသည် ခေါင်းငုံ့ထားလျက်ပင် စားပွဲအနားသို့ ကပ်လာပြီး ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ သို့သော် ရဲအရာရှိနှင့် မျက်နှာချင်းဆိုင်ရန် ရွံ့နေသောကြောင့် ခုံပေါ်တွင်
တစောင်းထိုင်လိုက်သည်။
“ဒီအမှုကိစ္စကို မင်း သိပြီးပြီလား”
နာအိုမီ၏ အောက်မေးဖျားသည် အရှေ့ဘက်သို့ အနည်းငယ် ရွေ့သွားသည်။ သူ ခေါင်းညိတ်ပြလိုက်တာပဲ ဖြစ်မည်။
“ဘယ်အချိန်က သိခဲ့တာလဲ”
“စောစောက” နာအိုမီက မပွင့်တပွင့် ပြန်ဖြေသည်။
“အချိန်ကို ပိုပြီး တိကျအောင် ပြောမပြနိုင်ဘူးလား”
နာအိုမီသည် သူ့အမေကို ငဲ့ကြည့်လိုက်ပြီးနောက် နံရံပေါ်မှ နာရီကို အသေအချာ ကြည့်နေသည်။
“၈ နာရီလောက်”
“မင်းက ဘယ်လိုလုပ်ပြီး သိခဲ့ရတာလဲ”
နာအိုမီက နှုတ်ဆိတ်နေသည်။ သူက ထိုမေးခွန်း၏ အဓိပ္ပာယ်ကို နားမလည်ခြင်း ဖြစ်မည်ဟု အာကီအိုက တွေးနေစဉ်မှာပင် သူ့အဖေကို မျက်စိလှန်ကြည့်ကာ
“သူက ဘာဖြစ်လို့ ကျွန်တော့်ကို အဲဒါတွေ လာမေးနေရတာလဲ” သူ့အသံမှာ ဒေါသသံ စွက်လျက်။
သူ့အနေဖြင့် ဘာမျှ လုပ်စရာ မလိုဟု သူ့ဘာသာ ယူဆထားပုံ ရသည်။ သို့မဟုတ်ပါက ယာအေကိုက သူ့ကို ထိုသို့ ပြောကြားထားနိုင်သည်။ ကလေးမလေး တစ်ယောက်ကို မညှာမတာ သတ်ဖြတ်ခဲ့ပြီးနောက် ထိုသို့သာ တွေးနေတတ်သော သူ့သားကို အာကီအိုသည် ရွံသလိုလို ဖြစ်လာသည်။ သို့သော် ယခုအချိန်တွင် သူ့ကို ဆုံးမ၍ မဖြစ်သေး။
“ရဲအရာရှိက ပြောတယ်။ ငါတို့အိမ်မှာ ရှိသမျှ လူအကုန်လုံးကို မေးမြန်းရမှာပဲတဲ့။ အဲ့တော့ သူက ဘာမေးသလဲ။ မင်းက အဲဒါကို ပြန်ဖြေလိုက်ရုံပေါ့”
စိတ်မရှည်သည့် ဟန်ပန်ဖြင့် နာအိုမီ၏ မျက်နှာသည် တစ်ဘက်သို့ ဆတ်ကနဲ လှည့်သွားသည်။ “အခု လက်ရှိ ရင်ဆိုင်နေရတဲ့ အခြေအနေကို မင်း နားရော လည်ရဲ့လား” ဟု အော်ဟစ်ကာ အာကီအိုသည် သူ့ကို
မေးပစ်လိုက်ချင်သည်။
“ဘယ်သူက မင်းကို ဒီကိစ္စတွေ အကြောင်း ပြောခဲ့တာလဲ” မာကျုမီယာသည် မေးခွန်းကို နောက်တစ်မျိုးပြောင်းကာ မေးလိုက်သည်။
“စောစောက အဖေနဲ့အမေ ………” ထို့နောက် သူ့အသံ ပျောက်သွားသည်။
“သူတို့က မင်းကို ဘယ်လို ပြောခဲ့သလဲဆိုတာ ဦးဦးကို ပြောပြပါလား”
နာအိုမီ၏ အမူအရာတွင် စိုးရိမ်ခြင်းနှင့် ကြောက်လန့်ခြင်းတို့ မင်းမူနေကြပြီ။ သူ၏ အဖြေစကားထဲတွင် အမှားပါ၍ မဖြစ်သည်ကို သူလည်း သိထားပြီး ဖြစ်ပေမည်။
“အဖွားက ကောင်မလေးတစ်ယောက်ကို သတ်ခဲ့တယ်လို့ သူတို့က …..”
“ပြီးတော့ရော” မာကျုမီယာသည် နာအိုမီ၏ မျက်နှာကို စေ့စေ့ကြည့်နေသည်။
“ပြီးတော့ အဖေက အဲဒီ ကောင်မလေးကို ပန်းခြံထဲမှာ လွှင့်ပစ်လိုက်တယ်တဲ့။ အိချိုပန်းခြံထဲ ……”
“နောက်တော့ရော”
“သူတို့ ဆက်ပြောတာက ဖုံးဖိလို့ မရတော့လို့ ရဲကို ဝန်ခံတော့မယ်တဲ့”
“နောက်ရော၊ ရှိသေးလား”
နာအိုမီ၏ မျက်နှာမှာ ရှုံ့တွနေပြီး မျက်လုံးများကလည်း အဘယ်အရပ်သို့ ကြည့်နေကြမှန်း မသိ။ ပါးစပ်မှာလည်း တစ်ဝက်တစ်ပျက် ဟလျက် ရေငတ်သော ခွေးတစ်ကောင်ကဲ့သို့ လျှာက တစ်လစ်။
အာကီအိုသည် သူ့သား၏ ထိုမျက်နှာပေးကို အလွတ်ရနေလေပြီ။ အမှားတစ်ခုခု ပြုလုပ်ပြီး သူခိုးလူမိသောအခါ ထိုသို့သော မျက်နှာပေးမျိုးကိုသာ သူ လုပ်လေ့ရှိသည်။ ပြဿနာက မိမိကြောင့် အစပြုခဲ့သည် ဖြစ်စေဦး။ ထိုကိစ္စနှင့် ပတ်သက်ပြီး စိတ်မချမ်းမြေ့စရာ ကြုံလာရပြီ ဆိုလျှင် တာဝန်ကို သူတစ်ပါးထံသို့ လွှဲချတတ်ပြီး သူက ဦးအောင် ပေါက်ကွဲပြတတ်သေး၏။ ယခုလည်း ရဲများက သူ့ကို အစစ်အမေး မပြုရန် တားဆီးနိုင်ခြင်း မရှိခဲ့သော သူ့မိဘများကိုသာ အပြစ်ဖို့ နာကျည်းနေမည် ဖြစ်ကြောင်း အာကီအိုက သဘောပေါက်နေသည်။
“ရှိသေးလား” မာကျုမီယာက ဒုတိယအကြိမ် ထပ်မေးပြန်သည်။
“မသိဘူး” နာအိုမီက ခပ်မာမာ ပြန်ဖြေသည်။ “ကျွန်တော် ဘာမှ မသိဘူး”
မာကျုမီယာက ခေါင်းညိတ်နေပြီး ခါးကို မတ်မတ် ပြင်ထိုင်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်များက ပြုံးယောင် သမ်းနေသည်။ အာကီအိုသည် ထိုမျက်နှာ အမူအရာကို အဓိပ္ပာယ် မဖော်တတ်သော်လည်း နိမိတ် မကောင်းဟု သူ ခံစားနေရသည်။
“သူတို့ ပြောသမျှကို နားထောင်ပြီးတော့ မင်း ဘယ်လို ခံစားရသလဲ”
“လန့်သွားတာပေါ့”
“ဖြစ်နိုင်တာပေါ့။ မင်းရဲ့ အဖွားက အဲဒီလို လုပ်လိမ့်မယ်လို့ မင်း ထင်သလား”
နာအိုမီသည် ခေါင်းငုံ့လျက် ဆက်ဖြေနေသည်။ “သူက ကြောင်တောင် ကြောင်နေပြီပဲ။ ဘာတွေ လုပ်လာနိုင်သလဲဆိုတာ ဘယ်သိနိုင်ပါ့မလဲ”
“အရင်ကရော သောင်းကျန်းဖူးသလား”
“ရှိတယ်လို့ ထင်တာပဲ။ ဒါပေမယ့် ကျွန်တော်က နေ့တိုင်း နောက်ကျမှ အိမ်ပြန်ရောက်တာ။ အဖွားရဲ့ အခြေအနေကိုတော့ သိပ်သိတာ မဟုတ်ဘူး”
“ဟုတ်ပြီလေ။ ပြီးခဲ့တဲ့ သောကြာနေ့ကလည်း အိမ်ပြန်ရောက်တာ အတော် နောက်ကျတယ်လို့ ကြားတယ်”
နာအိုမီသည် တိတ်ဆိတ်လျက်။ တစ်ဘက်လူသည် ဘယ်သို့သော မေးခွန်းများကို မေးလာဦးမည်နည်း ဟူသော စိုးရိမ်စိတ်များ သူ့သားတွင် ဖြစ်ပေါ်နေနိုင်သည်ဟု အာကီအိုက ကိုယ်ချင်းစာမိသည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်သည်လည်း ထိုအတွေးများဖြင့် စိတ်ပူပန်နေလေပြီ။
“မင်း ဘယ်တွေကို သွားခဲ့သလဲဆိုတာ ပြောပြနိုင်မလား။ ပြီးတော့ ဘာတွေ လုပ်နေခဲ့တာလဲ”
“ဒီမှာ ဆရာ” အာကီအိုသည် မအောင့်နိုင်တော့ဘဲ ကြားဖြတ်ကာ ဝင်ပြောနေသည်။ “ကျွန်တော့်သား ဘယ်ကို သွားခဲ့သလဲ ဆိုတာ ဒီအမှုနဲ့ ဘယ်လိုမှ မပတ်သက်ဘူး ထင်တယ်”
“ဟင့်အင်း။ ပြဿနာက ပေါ့သေးသေး မဟုတ်ဘူး။ ကျွန်တော်တို့ဘက်က ‘အိမ်ပြန်နောက်ကျ’ ဆိုတဲ့ မှတ်ချက်လောက်နဲ့ ပေါ့ပေါ့ဆဆ လုပ်လို့ မရဘူး။ တကယ်လို့ အိမ်ပြန်နောက်ကျရတဲ့ အကြောင်းကို ရှင်းရှင်းလင်းလင်း မလေ့လာနိုင်ရင် ကျွန်တော့်အနေနဲ့ အထက်အရာရှိကို တင်ပြဖို့ တော်တော် ခက်လိမ့်မယ်”
မာကျုမီယာသည် စကားလုံးများကို ယဉ်ယဉ်ကျေးကျေး သုံးနှုန်းထားသော်လည်း ပြောသည့်လေသံမှာ ဈေးဆစ်မခံသော ဈေးသည်တစ်ဦးနှင့် တူနေသည်။ အာကီအိုလည်း သဘောတူ လက်ခံရုံမှတစ်ပါး ဘာမျှ မတတ်နိုင်တော့ပေ။ ထို့ကြောင့် နှုတ်ဆိတ်၍သာ နေနေလိုက်တော့သည်။
“ဘယ်လိုလဲ၊ ဖြေပါဦး” မာကျုမီယာသည် သူ၏ အကြည့်ကို နာအိုမီမျက်နှာထက်သို့ ပြန်ရွှေ့လိုက်သည်။
နာအိုမီသည် ပါးစပ်ဟောင်းလောင်း ဖွင့်လျက် အသက်ရှူသံများ ထွက်ပေါ်လာနေသည်။ သူ၏ အသက်ရှူသံများမှာ စတင်ပြီး ပုံပျက်နေလေပြီ။
“ဂိမ်းဆိုင်နဲ့ ကုန်စုံဆိုင်” တစ်ခဏအကြာတွင် ဖျော့တော့သော အသံကို သူ့ထံမှ ကြားလာရသည်။
“မင်းနဲ့အတူ တခြား ဘယ်သူတွေပါသေးလဲ”
နာအိုမီက ဖြည်းညင်းစွာ ခေါင်းခါယမ်းနေသည်။
“အဲဒီအချိန် တစ်ချိန်လုံး မင်းတစ်ယောက်တည်းပေါ့”
“ဟုတ်တယ်”
“ဒါဆို မင်းသွားခဲ့တဲ့ ဂိမ်းဆိုင်နာမည်ကို ပြောပြနိုင်မလား။ ပြီးတော့ ကုန်စုံဆိုင်ရဲ့ လိပ်စာရောပဲ”
မာကျုမီယာသည် မှတ်စုစာအုပ်ကို ဆွဲထုတ်ပြီး ရေးမှတ်တော့မည့်ဟန် ပြင်နေသည်။ ရဲအရာရှိသည် မှတ်တမ်းဖြင့် အတိအကျ ရေးမှတ်မည့်ဟန် ပြနေသောကြောင့် ဖြေဆိုရမည့် သူမှာလည်း ပေါ့ပေါ့ဆဆ ဖြေဆို၍ မဖြစ်တော့ချေ။ ထိုနည်းဖြင့် နာအိုမီကို ခြောက်လှန့်နေခြင်း ဖြစ်မည်ဟု အာကီအိုက တွေးနေသည်။
နာအိုမီသည် အထစ်ထစ် အငေါ့ငေါ့ဖြင့် ဂိမ်းဆိုင်နှင့် ကုန်စုံဆိုင်တို့၏ နာမည်များကို ပြောပြနေသည်။ ထိုနာမည်များကို သူတို့ လိုရမယ်ရ ကြိုတင်စဉ်းစားထားခြင်း ဖြစ်သည်။ ထိုဂိမ်းဆိုင်မှာ နာအိုမီ မကြာခဏ သွားဆော့တတ်သော ဆိုင်ဖြစ်သည်။ ဆိုင်မှာ တော်တော် ကျယ်သဖြင့် အသိအကျွမ်းနှင့် မျက်နှာချင်းဆိုင် ဆုံနိုင်ရန် ခဲယဉ်းသည်။ ကုန်စုံဆိုင်မှာကား သူ ယခင်က အသွားအလာ နည်းသော ဆိုင်ကို တမင် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သွားနေကျ ဆိုင်ကို ရွေးမိခဲ့လျှင် ဆိုင်ရှင်က နာအိုမီကို မှတ်မိနေပေလိမ့်မည်။ ထို့ကြောင့် သောကြာနေ့က ထိုဆိုင်သို့ မလာကြောင်းကို သက်သေထွက်ဆိုနိုင်သည်။
“မင်း ကုန်စုံဆိုင်ကနေ ဘာတွေ ဝယ်ခဲ့တာလဲ”
“ဟင့်အင်း၊ ဘာမှ မဝယ်ဘူး။ အဲဒီဆိုင်မှာ ကာတွန်းစာအုပ် ယူဖတ်နေတာ”
“ဒါဆို ဂိမ်းဆိုင်ထဲမှာရော ဘာတွေ လုပ်ခဲ့သေးလဲ။ ဘာဂိမ်းတွေ ဆော့ခဲ့သလဲ”
အာကီအို၏ ရင်ထဲ ထိတ်သွားသည်။ ထိုမေးခွန်းမျိုးမှာ သူတို့ ဆွေးနွေးခဲ့သည့် အထဲတွင် မပါဝင်ခဲ့။ ရဲများက သူတို့ကို ထိုမျှ စေ့စေ့ပေါက်ပေါက် မေးလာနိုင်သည်ဟု မယူဆထားသောကြောင့် ဖြစ်သည်။ ခေါင်းငုံ့နေသော သူ့သား၏ ပါးစပ်မှ ထွက်ကျလာမည့် စကားများကိုသာ ဘုရားတပြီး စောင့်မျှော်နေမိသည်။
“Drum Mania တီးတယ်။ Virtua Fighter ချတယ်။ Thrill Drive မောင်းတယ်” နာအိုမီက တတွတ်တွတ် ရေရွတ်နေသည်။ “နောက်ပြီး ကွိုင်စက်ရောပဲ”
ကွိုင်စက်ဆိုသည်မှာ အကြွေစေ့ထည့်ပြီး လောင်းကစား လုပ်ရသော စက်ဖြစ်သည်ကိုတော့ အာကီအို သိသည်။ သို့သော် နာအိုမီ ပြောခဲ့သော တခြား ကစားနည်းများကိုမူ သူ တစ်ခါမျှ ကြားဖူးသည် မဟုတ်။ ယခု ရွတ်ပြလိုက်သော ဂိမ်းများမှာ သူ အမြဲတမ်း ဆော့နေကျ ဂိမ်းများ ဖြစ်ရပေမည်။
“မင်း ဘယ်အချိန်လောက် အိမ်ပြန်ရောက်တာလဲ” မာကျုမီယာ၏ မေးခွန်းများက မကုန်သေး။
“၈ နာရီ ၉ နာရီလောက်ပေါ့။ အဲ့ဒီ ပတ်ဝန်းကျင်ပါပဲ”
“ကျောင်းကနေ ဘယ်အချိန် ထွက်လာတာလဲ”
“၄ နာရီကျော်ကျော်လောက် ….. ထင်တာပဲ”
“ကျောင်းက ပြန်လာတော့ အနားမှာ တခြားလူ ပါသေးလား”
“ကျွန်တော် တစ်ယောက်တည်း”
“အရင်လည်း အဲဒီလိုပဲ တစ်ယောက်တည်း အိမ်ပြန်တာပဲလား”
“အင်း” နာအိုမီက ခပ်ပြတ်ပြတ် ပြန်ဖြေသည်။ စိတ်မရှည်တော့သော လေသံဖြင့်။ မေးခွန်း မေးနေသည့် ကာလတစ်လျှောက်လုံး သူ့ကို စိုက်ကြည့်နေသော ရဲအရာရှိ၏ အကြည့်များကြောင့် နေရထိုင်ရ ကျပ်လာဟန် တူသည်။ ထို့ပြင် ယခု မေးလိုက်သော မေးခွန်းကလည်း သူ့ကို လှောင်ပြောင်နေသကဲ့သို့ ခံစားလိုက်ရသောကြောင့်လားဟု မဆိုနိုင်။
နာအိုမီတွင် သူငယ်ချင်းဟု ခေါ်တွင်နိုင်သော အဖော်တစ်ယောက်မျှ မရှိခဲ့ဖူးချေ။ မူလတန်း ကျောင်းတက်ကတည်းက ယခုအချိန်ထိ ဖြစ်သည်။ ဂိမ်းဆိုင်သို့ ဂိမ်းသွားဆော့သည် ဖြစ်စေ၊ စာအုပ်ဆိုင်တွင် စာအုပ်သွားဖတ်သည် ဖြစ်စေ၊ အမြဲတမ်း သူတစ်ယောက်တည်းသာ သွားလေ့ရှိသည်။ တစ်ဘက်မှ လှည့်တွေးရသော် အကယ်၍ သူ့တွင် တိုးတိုးတိုင်ပင်ဖော် သူငယ်ချင်း တစ်ယောက်၊ နှစ်ယောက်သာ ရှိခဲ့ပါလျှင် ယခုကဲ့သို့သော ပြဿနာမျိုး တက်လာနိုင်စရာ အကြောင်း ရှိမည် မဟုတ်။
“၄ နာရီမှာ ကျောင်းက ပြန်လာခဲ့တယ်။ ၈ နာရီကျမှ အိမ်ပြန်ရောက်တယ်။ ဒီလိုသာဆိုရင် ဂိမ်းဆိုင်နဲ့ ကုန်စုံဆိုင်မှာ ၄ နာရီကြာ နေခဲ့တဲ့ သဘောပေါ့” မာကျုမီယာက တစ်ယောက်တည်း ရေရွတ်နေဟန်ဖြင့် စကားပြောနေသည်။
“သူက အမြဲတမ်း အဲဒီလိုပဲ” ယာအေကိုက ဝင်ပြောသည်။ “သူ့ကို စောစော ပြန်လာပါလို့ ခဏခဏ ပြောနေရတာပဲ။ ဒါပေမယ့် လုံးဝ နားမဝင်ဘူး”
“ဒီခေတ် ကျောင်းသားတွေက အကုန် အဲဒီလိုချည်းပဲ” မာကျုမီယာက ပြောရင်း နာအိုမီကို ကြည့်နေသည်။ “ကျောင်းကနေ ထွက်လာပြီးတော့ အိမ်ပြန်မရောက်ခင် စပ်ကြားမှာ ရင်းနှီးတဲ့သူ တစ်ယောက်ယောက်နဲ့များ မတွေ့ခဲ့ဘူးလား”
“ဟင့်အင်း” နာအိုမီက ချက်ချင်း ပြန်ဖြေသည်။
“ဒါဆို ဂိမ်းဆိုင်နဲ့ ကုန်စုံဆိုင်ထဲမှာ မင်း သတိထားမိလောက်တဲ့ ထူးထူးခြားခြား ကိစ္စ တစ်ခုခု ဖြစ်တာ မရှိဘူးလား။ ဥပမာ ပြောရရင် ဆိုင်မှာ သူခိုးမိတာတို့၊ ဂိမ်းစက် ပျက်သွားတာတို့ပေါ့”
နာအိုမီက ခေါင်းခါပြလိုက်သည်။ “ကျွန်တော် မမှတ်မိတော့ဘူး။ မရှိဘူးလို့ ထင်တာပဲ”
“ဒီလိုလား”
အာကီအိုက ကြားဝင်၍ ရဲအရာရှိကို မေးလေသည်။ “တကယ်လို့ ကျွန်တော့်သားက ဂိမ်းဆိုင်နဲ့ ကုန်စုံဆိုင်ကို သွားခဲ့ပါတယ်လို့ သက်သေ မပြနိုင်ရင် သူ့အတွက် ပြဿနာ ရှိနိုင်လား”
“အဲဒီလိုတော့ မရှိနိုင်ပါဘူး။ တကယ်လို့သာ အတည်ပြုနိုင်မယ် ဆိုရင်တော့ သူ့အတွက် ပိုပြီး အကျိုးရှိနိုင်တာပေါ့”
“ဆရာ့ရဲ့ သဘောက?”
“တကယ်လို့ အဲဒါကို အတည်ပြုနိုင်ရင် ခင်ဗျားရဲ့သားက ဒီအမှုကနေ ကွင်းလုံးကျွတ် လွတ်သွားမှာပဲ။ ရှေ့လျှောက်လည်း သူ့ကို ထပ်ပြီး မေးမြန်းနေစရာ အကြောင်း မရှိတော့ဘူး။ ဒါပေမယ့် အတည်မပြုနိုင်ဘူး ဆိုရင်တော့ ကျွန်တော်တို့ ရဲဌာနအနေနဲ့ သူ့ကို ထပ်ပြီး မေးခွန်းတွေ မေးဖို့ လိုကောင်း လိုလာပါလိမ့်ဦးမယ်”
“ဟင့်အင်း၊ ကျွန်တော့်သားက ဒီကိစ္စနဲ့ လုံးလုံး မပတ်သက်ပါဘူး။ ဒါကို ကျွန်တော်တို့ အာမခံနိုင်ပါတယ်”
သို့သော် မာကျုမီယာက ခေါင်းကို ခါးယမ်းလျက်
“ဝမ်းနည်းပါတယ်ဗျာ။ မိဘတွေရဲ့ အာမခံချက်က ယုံကြည်ထိုက်တဲ့ သက်သေအဖြစ် သတ်မှတ်လို့ မရပါဘူး။ တတိယလူရဲ့ အာမခံချက် ရမှ ဖြစ်ပါလိမ့်မယ်”
“ကျွန်မတို့ ညာမပြောပါဘူး” ယာအေကို၏ အသံမှာ အနည်းငယ် တုန်ယင်နေသည်။ “ဒီကလေးက အမှုနဲ့ တကယ့်ကို မပတ်သက်ပါဘူး။ ကျေးဇူးပြုပြီး သူ့ကို ထပ် ဆွဲမသွင်းပါနဲ့တော့”
“တကယ်လို့သာ အဲဒါက အမှန်တရားဆိုရင် တစ်နည်းနည်းနဲ့တော့ သက်သေပြလို့ ရရမှာပေါ့။ ဒီအတွက် ခင်ဗျားတို့ မပူပါနဲ့။ ဂိမ်းဆိုင်နဲ့ ကုန်စုံဆိုင်တွေမှာ အများအားဖြင့် CCTV တပ်ထားကြပါတယ်။ အဲဒီလို နေရာမျိုးမှာ ၄ နာရီလောက် ဆော့ခဲ့တာ မှန်ရင်တော့ CCTV မှတ်တမ်းထဲမှာ မပါဘဲ မနေလောက်ပါဘူး”
ထိုစကားများက အာကီအိုကို ပို၍ တုန်လှုပ်သွားစေခဲ့သည်။ CCTV? သူတို့ ဇာတ်ညွန်းဆွဲစဉ်က ထိုအရာကို လုံးဝ သတိမရခဲ့။
မာကျုမီယာသည် နာအိုမီဘက်သို့ လှည့်ကာ
“မင်းက ဂိမ်းဆော့ရတာ တော်တော် ကြိုက်ပုံရတယ်”
နာအိုမီက ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်သည်။
“ကွန်ပျူတာရော၊ မကြာခဏ နှိပ်သလား”
နာအိုမီက တိတ်ဆိတ်နေပြန်သည်။ တုတ်တုတ်မျှ မလှုပ်သော သားကို ကြည့်ရင်း အာကီအိုပင် စိတ်ပူလာလေသည်။ ထိုကဲ့သို့ အမှုနှင့် မသက်ဆိုင်သည့် မေးခွန်းများကို သွက်သွက်လက်လက် ဖြေလိုက်ဖို့ ကောင်းသည်ဟု အာကီအိုက တွေးရင်း အားမလို အားမရ ဖြစ်နေသည်။
“သား ကွန်ပျူတာနဲ့လည်း ဂိမ်းဆော့တယ်မလား” ယာအေကိုလည်း မနေနိုင်တော့ပြီ။ အနားမှနေ၍ သူ့သားကို မေးနေသည်။
“သူ့မှာ ကိုယ်ပိုင် ကွန်ပျူတာ ရှိတာလား” မာကျုမီယာသည် ယာအေကိုဘက်သို့ လှည့်ကာ မေးလိုက်သည်။
“အင်း၊ မနှစ်က ကျွန်မတို့ရဲ့ မိတ်ဆွေတစ်ယောက်က ကျွန်မတို့ကို ကွန်ပျူတာ အဟောင်းတစ်လုံး လက်ဆောင်ပေးခဲ့တာ”
“ဒီလိုလား၊ ဒီခေတ် ကလေးတွေက အတော် ခေတ်မီတာပဲ” မာကျုမီယာသည် ပြန်လှည့်လာပြီး နာအိုမီကို စိုက်ကြည့်နေသည်။ “အခုလို ဦးရဲ့ မေးခွန်းတွေကို ဖြေပေးတာ ကျေးဇူးပါပဲကွာ။ မင်း အခန်းကို ပြန်လို့ ရပါပြီ”
နာအိုမီသည် လေးတိလေးကန်ဖြင့် မတ်တပ်ရပ်ပြီး ဘာတစ်ခွန်းမျှ မပြောဘဲ အခန်းထဲမှ ထွက်သွားသည်။ လှေကားတက်သော သူ၏ ခြေသံများကို ကြားရပြီးနောက် တံခါးဆောင့်ပိတ်သံ တစ်ချက် ထွက်ပေါ်လာသည်။
ထိုရဲအရာရှိသည် သူ့သားကို သံသယဝင်နေပြီ ဖြစ်ကြောင်း အာကီအို ခံစားနေရသည်။ မည်သည့်အချက်က သူ၏ သံသယစိတ်ကို ဖြစ်ပေါ်စေခဲ့သနည်း။ သူ့ဘက်က သေချာနေ၍သာ နာအိုမီ၏ အလီဘိုင် သက်သေရရန် အသည်းအသန် စုံစမ်းနေရခြင်း ဖြစ်ပေမည်။
အာကီအိုက ယာအေကိုကို လှမ်းကြည့်လိုက်သည်။ သူ့ဇနီးသည်လည်း အားကိုးရာ ရှာနေသော အကြည့်မျိုးဖြင့် သူ့ကို ပြန်ကြည့်နေလေသည်။ ဇနီးသည်၏ အမူအရာမှာလည်း သူကဲ့သို့ပင် ရတက်မအေးနိုင်သည့် အမူအရာဖြင့် တစ်ခုခု လုပ်ရန် သူ့ကို စစ်ကူတောင်းနေသည့်ဟန်။
ရဲဘက်မှ နာအိုမီကို သံသယ ရှိနေနိုင်သည်။ သို့သော် သူတို့မှာ ဘာသက်သေမျှ မရှိ။ အကယ်၍သာ သူတို့ တစ်အိမ်သားလုံးက နှုတ်လုံလျှင် ရဲဘက်မှလည်း ဘာမျှ တတ်နိုင်မည် မဟုတ်။ သားအရင်းတစ်ယောက်သည် သူငယ်ပြန်နေသော သူ၏ မိခင်အရင်းအား လူသတ်သမားအဖြစ် သက်သေထွက်ဆိုနေသည်ကို ရဲဘက်မှ မယုံဘဲ ပစ်ပယ်စရာ အကြောင်းမရှိချေ။ CCTV မှတ်တမ်းတွင် နာအိုမီကို မတွေ့ရလျှင်လည်း ထိုဆိုင်သို့ နာအိုမီ မရောက်ခဲ့ပါဟု ယတိပြတ် မဆိုနိုင်ပေ။ အကယ်၍ ထိုဆိုင်တွင် နေနေခဲ့သည်ဟူသော မုသားကို ဖော်ထုတ်နိုင်ခဲ့လျှင်လည်း ၎င်းအချက်ကို အခြေခံ၍ နာအိုမီကို တရားခံဟု စွပ်စွဲ၍ မဖြစ်နိုင်။
နည်းနည်းလေးမျှ တွေဝေ၍ မဖြစ်။ ခိုင်ခိုင်မာမာဖြင့် ဤလမ်းကို အဆုံးထိ လျှောက်သွားရမည်။ ထိုဆုံးဖြတ်ချက်ဖြင့် မိုင်ဟာရာသည် မိမိကိုယ်ကိုယ် အားတင်းထားလိုက်လေသည်။
ထိုစဉ် အင်တာကွန်းမှ အသံ မြည်လာပြန်သည်။ အာကီအိုသည် သတိလက်လွတ်ဖြင့် တောက်တစ်ချက် ခေါက်လိုက်မိသည်။ “ဒီလိုအချိန်ကြီး ဘယ်သူများ လာရသေးတာလဲ”
“ဒယ်လီသမားများလား” ယာအေကိုက အင်တာကွန်း ရှိရာသို့ လျှောက်သွားသည်။
“ဂရုစိုက်မနေနဲ့။ အခုလိုချိန်မှာ ပစ္စည်းလက်ခံဖို့ အားယားနေတာ မဟုတ်ဘူး”
ယာအေကိုသည် အင်တာကွန်းကို ကောက်ကိုင်ပြီး တစ်ဘက်လူနှင့် စကားအနည်းငယ် ပြောပြီးနောက် အာကီအိုကို လှမ်းကြည့်နေသည်။ သူ့မျက်နှာတွင် ဇဝေဇဝါ ဖြစ်နေသော အမူအရာက အထင်သား။
“ကို၊ ဟာရုမိလာနေတယ်”
“ဟာရုမိ?”
မိမိ၏ နှမသည် အဘယ်ကြောင့် ယခုလို အချိန်မျိုးတွင် ရောက်လာရသနည်း ဆိုသည်ကို အာကီအိုက နားမလည်နိုင်အောင် ဖြစ်နေသည်။
ထို့နောက်မှ မာကျုမီယာ၏ တည်ငြိမ်သော အသံ ထွက်ပေါ်လာသည်။
“ဆရာကာဂါလည်း သူနဲ့အတူ ပါလာလိမ့်မယ်။ သူတို့ကို တံခါးဖွင့်ပေးလိုက်ပါဦး”