မာတိကာကြည့်ရန်

အခန်း (၁၉)

မာကျုမီယာနှင့် ကာဂါတို့ စခန်းမှ အတူထွက်ခွာလာကြသောအခါ ည ၁၁ နာရီပင် ထိုးခါနီးတော့မည်။ သူက ဌာနမှာပင် ညအိပ်ရန် ရည်ရွယ်ထားသော်လည်း ကိုဘာယာရှိက သူ့ကို ယခုလောက် ပင်ပန်းခံရန် မလိုသေးကြောင်း ပြောလာသည်။ ယခုမှ အစသာ ရှိသေးသည်။ ရေရှည်လုပ်ရမည့် အလုပ်အတွက် အားမွေးထားရန် လိုအပ်ကြောင်း အထက်အရာရှိတစ်ယောက်အနေဖြင့် အကြံပြုခဲ့ခြင်း ဖြစ်သည်။

“အစ်ကို အခု ဘာဆက်လုပ်ဖို့ ရှိလဲ”

“အိမ် တန်းပြန်ရုံပေါ့။ မနက်ဖြန်အတွက် ပြင်ဆင်စရာ ရှိတာလည်း ပြင်ဆင်ရဦးမယ်။ ဘာဖြစ်လို့ အဲဒီလို မေးရတာလဲ”

“မဟုတ်ပါဘူး။ ကျွန်တော် မေးချင်တာက ……. ကျွန်တော်နဲ့ တစ်နေရာ လိုက်ခဲ့လို့ ရမလား။ နာရီဝက်လောက်ပဲ ကြာမှာပါ”

“မင်းက ဘယ်သွားချင်လို့လဲ”

မာကျုမီယာသည် တစ်ခဏမျှ တွေဝေသွားပြီး “အုအေနောကို သွားမလို့”

ကာဂါ၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားကာ “အဲဒီနေရာ ဆိုရင်တော့ နေပါစေတော့ကွာ”

“ဘာဖြစ်လို့ နေပါစေလို့ ပြောရတာလဲ”

“မနက်ဖြန် နောက်ကျမနေနဲ့ဦး။ အင်မတန် အရေးကြီးတဲ့ ရက်တစ်ရက်ပဲ”

လှည့်ထွက်သွားသော ကာဂါ၏ ကျောပြင်ကို ကြည့်လျက် သူ့ခေါင်းကိုသာ စိတ်ပျက်စွာ တွင်တွင် ခါနေတော့သည်။

သူတို့ ဌာနသို့ ပြန်ရောက်သောအခါ မိုင်ဟာရာတို့၏ အခြေအနေနှင့် ပတ်သက်သမျှသော အကြောင်းအရာများကို ကိုဘာယာရှိနှင့် အိရှိဂါကီတို့အား ရှင်းပြခဲ့ကြသည်။ “အရင်လိုပဲ၊ သိပ်ကို အတင့်ရဲတဲ့ ယူဆချက်တစ်ခုပဲ။ ရဲဘော်ကာဂါ” ၎င်းမှာ အိရှိဂါကီ၏ ကနဦး အမြင်ပင် ဖြစ်သည်။ ထိုအကြောင်းအရာများကို အစီရင်ခံခဲ့သူမှာ မာကျုမီယာ ဖြစ်သော်လည်း မိုင်ဟာရာတို့အိမ်ကို အာရုံစိုက်မိသူမှာ မည်သူဖြစ်ကြောင်း ထည့်ပြောစရာ မလိုဘဲ အထက်လူကြီးများက အလိုလို သိနေကြသည်။

“ဒါပေမယ့် သိပ်တော့ မခိုင်လုံသေးဘူး” အိရှိဂါကီက ဆက်ပြောသည်။

“ဒီအမြင်တွေက တစ်ခုစီတိုင်း တစ်ခုစီတိုင်းမှာ အဓိပ္ပာယ်ရှိတယ်လို့ ပြောရမှာပဲ။ အလောင်းကို ဘာနဲ့မှ မထုပ်ပိုးဘဲ ကတ်ပုံးထဲ တန်းထည့်တာကိုကြည့်ပြီး တရားခံဟာ ကားကို မသုံးခဲ့ဘူးလို့ သုံးသပ်တဲ့ အပိုင်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ ဒါပေမယ့် ဖြစ်ရပ်တစ်ခုလုံးကို ခြုံငုံပြီး သုံးသပ်လိုက်ရင် ဘယ်လို ဖြစ်သွားမလဲ။ ဒီလိုသာဆိုရင် လူနေအိမ်တွေကို စစ်ဆေးရတာ အတော်လေး ခက်ခဲသွားလိမ့်မယ်”

“အထူးသဖြင့် ……” ခွဲမှူးက ထည့်ဖြည့်လိုက်သည်။ “တကယ်လို့သာ တရားခံက ကားကို မသုံးနိုင်ခဲ့ဘူးဆိုရင် အင်မတန် ကြီးမားတဲ့ ဟာကွက်တစ်ကွက် ထွက်လာလိမ့်မယ်”

“ကျွန်တော် သဘောပေါက်ပါတယ်” ပြန်လည် ဖြေကြားလာသူမှာ ကာဂါ ဖြစ်သည်။ “တရားခံက ကလေးမလေးကို သူ့အိမ်ရောက်အောင် ဘယ်လို သယ်ခဲ့သလဲဆိုတာကို ဆရာတို့ မေးချင်တာ မဟုတ်လား”

“ဟုတ်တယ်။ ဒီလိုမျိုး အမှုအခင်းတွေမှာ အများစုက ကားနဲ့ ဖမ်းပြီး ခေါ်သွားကြတာပဲ များတယ်။ အစပိုင်းမှာ တရားခံဟာ သူရဲ့ သားကောင်နဲ့အတူ အကွာအဝေးတစ်ခုထိ လမ်းအတူတူ လျှောက်ရင်း စကားရောဖောရော လုပ်ကောင်း လုပ်နေလိမ့်ဦးမယ်။ ဒါပေမယ့် နောက်ဆုံးတော့ သားကောင်ကို ကားပေါ် တင်ပြီး ပြေးကြတာပဲ။ ကိုယ့်သားကောင်ကို လွတ်ထွက်မသွားစေချင်ဘူးဆိုရင် အဲဒီလိုလုပ်တာက သဘာဝ အကျဆုံးပဲ။ အင်း … ကားမသုံးကြတဲ့ အမှုတချို့လည်း ရှိတော့ ရှိတာပေါ့။ အဲဒီလို အမှုမျိုးမှာ ဆိုရင်တော့ အလောင်းကို အသတ်ခံရတဲ့ နေရာမှာပဲ တွေ့ကြရတာ။ အဲဒီလို နေရာမျိုးက လူသူကင်းဆိတ်တဲ့ နေရာမျိုး ဖြစ်နေလေတော့ တခြားနေရာဆီ တကူးတက သယ်သွားနေဖို့လည်း မလိုတော့ဘူးပေါ့။ အခု မင်းတို့ရဲ့ အယူအဆအရ တရားခံမှာ ကား မရှိဘူး။ ပြီးတော့ ကလေးမလေးက တရားခံရဲ့ အိမ်ထဲကို ရောက်နေခဲ့ပြီး အဲဒီမှာပဲ အသတ်ခံလိုက်ရတယ်။ လူသတ်သမားက ဘာဖြစ်လို့ အဲဒီလို လုပ်ရတာလဲ။ နဂိုကတည်းက သတ်ဖို့ ရည်ရွယ်ချက် မရှိခဲ့လို့လား။ တကယ်လို့သာ ကလေးမလေးက သူ့မိဘကို သူသွားမယ့်နေရာ ကြိုအသိပေး ထားခဲ့မယ်ဆိုရင် လူသတ်သမားကို လွယ်လွယ်နဲ့ ဖမ်းလို့ ရသွားတော့မှာပေါ့”

အိရှိဂါကီသည် တည်တည်ငြိမ်ငြိမ်ဖြင့် ကျိုးကြောင်းဆီလျော်အောင် သုံးသပ်ပြနေသည်။ သို့သော် ကာဂါကလည်း ထိုကိစ္စနှင့် ပတ်သက်၍ သူ့အမြင်နှင့်သူ ရှိနေသေးသည်။ သူ၏ အမြင်မှာ ကလေးမလေးနှင့် လူသတ်သမားတို့သည် အမှုမဖြစ်ခင်ကပင် ရင်းနှီးပြီးသော သူများ ဖြစ်ရမည်ဟူသော အချက်ပေါ်တွင် အခြေခံလေသည်။

“ကျွန်တော် အထူးစိတ်ဝင်စားတဲ့ အချက်တစ်ချက် ရှိတယ်။ ကလေးမလေးက အိမ်ပြန်ရောက်ပြီးကာမှ အမေရဲ့ ခွင့်ပြုချက် မယူဘဲ နောက်တစ်ခေါက် အိမ်ကနေ ပြန်ထွက်သွားတဲ့ အချက်ပဲ။ အခု စုံစမ်းလို့ ရထားသလောက်ဆိုရင် သူဘာကြောင့် အပြင် ပြန်ထွက်သွားရသလဲဆိုတာ ကျွန်တော်တို့ မသိရသေးဘူး။ သူက တရားခံနဲ့ သွားတွေ့တာပါလို့ ကျွန်တော်တို့ ယူဆကြည့်ရအောင်လား။ အဲဒီလိုသာ ဆိုရင် ကလေးမလေးက လူသတ်သမားရဲ့ အိမ်ကို အလိုတူ အလိုပါ ဝင်ရောက်ခဲ့တာ ဖြစ်နိုင်တယ်။ ဒါဆို ကလေးမလေးဆီက ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ထွက်ပေါ်လာစရာ အကြောင်းမရှိဘူးလို့ တရားခံအနေနဲ့ ရဲရဲကြီး ခံယူထားမှာပဲ”

ကာဂါ၏ အမြင်ကို အပြည့်အဝ လက်ခံရန် မဖြစ်နိုင်သေးသော်လည်း အိရှိဂါကီက အသေအချာ စဉ်းစားလိုက်ပြီး “ကောင်းပြီလေ။ မင်းတို့နှစ်ယောက် မနက်ဖြန်ကျရင် ကလေးမလေးရဲ့ မိဘတွေဆီ နောက်တစ်ခေါက် ထပ်သွားလိုက်ကြဦး။ သူတို့ရဲ့ သမီးနဲ့ အဲဒီအိမ်က လူတွေ သိ၊ မသိဆိုတာ ရအောင် စုံစမ်းခဲ့ကြ။ တကယ်လို့ မိုင်ဟာရာတို့နဲ့ သက်ဆိုင်တဲ့ သဲလွန်စတစ်ခုခု စုံစမ်းနိုင်ခဲ့ပြီ ဆိုရင်တော့ ငါတို့ စပြီး လှုပ်ရှားကြတာပေါ့”

“ဟုတ်ကဲ့ပါ ဆရာ” ခွဲမှူး၏
ညွှန်ကြားချက်ကို
 လက်ခံသည့်အနေဖြင့် မာကျုမီယာက မာန်ပါပါ ပြန်ဖြေလိုက်လေ၏။

ကာဂါ ကျိုချိရိုသည် အင်မတန် ချီးကျူးစရာကောင်းသော စုံထောက်တစ်ဦး ဖြစ်ကြောင်း သူ နောက်ထပ်တစ်ကြိမ် သိခွင့်ရခဲ့ပြန်သည်။ သူတို့နှစ်ဦး အတူတကွ ထောက်လှမ်းမှု ပြုလုပ်ခဲ့ကြသည်မှာ အချိန်တစ်ရက်သာ ရှိခဲ့သော်လည်း ကာဂါ၏ ဆင်ခြင်သုံးသပ်နိုင်စွမ်းတို့က သူ့ကို အပြည့်အဝ ညှို့ယူဖမ်းစားနေလေပြီ။ ဤအမှုသည် သူ့ကို အတွေ့အကြုံ ကောင်းကောင်း ပေးနိုင်လိမ့်မည်ဟု ကိုဘာယာရှိ ပြောခဲ့သော စကားကို ယခုမှ သူ ကောင်းကောင်း သဘောပေါက်လာတော့သည်။

အမှုတစ်ခုကို သူတို့နှစ်ဦး အတူတကွ ပူးတွဲ ကိုင်တွယ်နေကြရသည့် အကြောင်းကို တာကာမာဆာအား ပြောပြချင်နေသည်။ သူတို့၏ အတွေ့အကြုံကို နားထောင်ပြီး သူ့ဦးလေးမှာ အတော်ပင် ဝမ်းမြောက်လိမ့်မည် ဖြစ်ကြောင်း သူ သိသည်။ သူ့ဦးလေးဆီ အမြန်ပြေး၍ ကာဂါ မည်မျှ တော်ကြောင်းကို ပြောပြလိုက်ချင်သည်။ ကာဂါကိုယ်တိုင် လိုက်ပါနိုင်လျှင် အဘယ်ဆိုဖွယ်ရာ ရှိတော့မည်နည်း။

ဆေးရုံသို့ သူရောက်သောအခါ ည ၁၁ နာရီပင် ကျော်နေလေပြီ။ သူသည် မလွယ်ပေါက်မှ ဆေးရုံထဲသို့ ဝင်လာခဲ့သည်။ သူနှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံနေကျဖြစ်သော လုံခြုံရေး ဝန်ထမ်းသည် တံခါးမကြီးမှ ခပ်လှမ်းလှမ်းတွင် ရှိသော အဆောင်လေးတစ်ဆောင်တွင် ရှိနေသည်။ သက်လတ်ပိုင်း အရွယ်ရှိသော ထိုလုံခြုံရေးကို သူ နှုတ်ဆက်လိုက်သောအခါ ထိုသူက အသိအမှတ်ပြုသည့် အနေဖြင့် ခေါင်းဆတ်ပြသည်။

မီးရောင် မှိန်မှိန်သာ ထွန်းထားသော လျှောက်လမ်းအတိုင်း ဓာတ်လှေကား ရှိရာသို့ လျှောက်လာခဲ့သည်။ ငါးထပ်သို့ ရောက်သောအခါ သူနာပြုရုံးခန်းသို့ ဦးစွာ ဝင်လိုက်သည်။ ကာနာမိုရီ တိုကီကိုသည် ခေါင်းငုံ့ကာ မှတ်တမ်းမှတ်ရာများ ရေးခြစ်နေသည်။ သူ၏ ယူနီဖောင်းပေါ်တွင် နက်ပြာရောင် သိုးမွေးအင်္ကျီ တစ်ထည်ကို ထပ်ဝတ်ထားသည်။

“အဟမ်း” သူက အခန်းပြင် ပြတင်းပေါက်မှနေ၍ အသံပြုပြီး လှမ်းမေးသည်။ “ကျွန်တော် သူ့ကို သွားကြည့်လို့ ရမလား”

ကာနာမိုရီ တိုကီကိုက သူ့ကို ပြုံးပြလိုက်ပြီးမှ တစ်ခုခုကို သတိရသွားဟန်ဖြင့် “သူ အိပ်ပျော်နေလောက်ပြီ ထင်တယ်”

“ကိစ္စ မရှိပါဘူး။ ကျွန်တော်က သူ့အခြေအနေ ခဏကြည့်ပြီး ပြန်မှာပါ”

တစ်ဘက်မှ ခေါင်းညိတ်ပြသည်။ “ဒါဆိုလည်း ရပါတယ်”

မာကျုမီယာသည် သူ့ကို နှုတ်ဆက်၍ ရုံးခန်းဘက်မှ ထွက်လာပြီး တာကာမာဆာ၏ အခန်းဘက်သို့ ဦးတည်လျှောက်လာခဲ့သည်။ လျှောက်လမ်းပေါ်တွင် တခြားသူ တစ်ဦးတစ်ယောက်မျှ မရှိသောကြောင့် သူ၏ ခြေသံများက ပဲ့တင်ထပ်နေသည်ဟုပင် ထင်ရသည်။

တာကာမာဆာမှာ အမှန်ပင် အိပ်ပျော်နေလေပြီ။ အသေအချာ နားထောင်ကြည့်လျှင် သူ့နှာခေါင်းမှ လေမှုတ်သံပင် ကြားနေရသည်။ ထိုအချက်က သူ့ကို စိတ်သက်သာရာ ရစေသည်။ သူက ထိုင်ခုံတစ်လုံးကို အသာအယာ မ,ရွှေ့လိုက်ပြီး ခုတင်ဘေးတွင် ထိုင်လိုက်သည်။ တာကာမာဆာ၏ အရိုးပြိုင်းပြိုင်း ထနေသော ရင်ဘတ်က စည်းချက်ညီညီဖြင့် လှုပ်ရှားနေကြလေသည်။

ခုတင်နှင့် မလှမ်းမကမ်းရှိ စားပွဲပေါ်တွင် စစ်တုရင်ဗန်းနှင့် စစ်တုရင်အရုပ်များက ဣန္ဒြေရစွာ ရပ်နေကြသည်။ အခန်းတွင်းရှိ အလင်းရောင်မှာ မှုန်ပျပျသာ ရှိနေသောကြောင့် စစ်ပွဲ၏ အခင်းအကျင်း မည်သို့ ရှိနေသည်ကို သူ ကောင်းစွာ မမြင်ရပေ။ လင်းလင်းကျင်းကျင်း မြင်ရသည် ဆိုစေဦး။ သူ့အတွက်တော့ ကျွဲပါးစောင်းတီးသကဲ့သို့ ရှိချေမည်။ သူက စစ်တုရင် ကစားတတ်သူ မဟုတ်။

မနက်ဖြန်မှစကာ ပို၍ အလုပ်ရှုပ်လာတော့မည် ဖြစ်သောကြောင့် ဦးလေးနှင့် အချိန်ကြာကြာ ခွဲရပေဦးမည်။ မနက်ဖြန် ပြုလုပ်ရမည့် စုံစမ်းမှုများမှာ ပိုပြီး အသေးစိတ်လာပေတော့မည်။ စခန်းတွင် ညလုံးပေါက် အလုပ်လုပ်ချင် လုပ်နေရမည်။

ဤအမှု ပြီးပြတ်သွားသည့်အချိန်ထိ တာကာမာဆာကို ရှင်သန်ခွင့် ပြုပါရန် ဆုတောင်းနေမိသည်။ အမှု မပြီးမချင်း သူ့ကို နောက်တစ်ကြိမ် လာတွေ့နိုင်ရန်မှာ မရေရာသောကြောင့် ဖြစ်သည်။ ထိုအကြောင်းကို တွေးမိ၍ မာကျုမီယာ စိတ်မကောင်း ဖြစ်နေသည်။ တာကာမာဆာကို မတွေ့ချင်၍ ရှောင်ဖယ်ဖယ် လုပ်နေသော ကာဂါအတွက်တော့ ထိုကိစ္စမှာ အရေးပါလှမည် မဟုတ်ပေ။

ငြိမ်းချမ်းစွာ အိပ်စက်နေသော တာကာမာဆာ၏ မျက်နှာကို စိုက်ကြည့်နေရင်း လွန်ခဲ့သော ဆယ်နှစ်ခန့်က အကြောင်းအရာများ သူ့အတွေးထဲသို့ ဝင်လာကြသည်။ ရာသီဥတု အလွန်ပူပြင်းသော ဇူလိုင်လတွင် ဖြစ်သည်။ ထိုအချိန်က သူသည် ၉ တန်းတက်နေဆဲ။ တစ်နေ့တွင် သူသည် သူ၏ ဝမ်းကွဲအစ်ကို ကာဂါ ကျိုချိရိုနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည်။

မာကျုမီယာသည် သူ၏မိခင် ကာကျုကိုထံမှ သူ့အစ်ကိုအကြောင်းကို ကြားဖူးထားသည်။ သို့သော် ထိုရက်မတိုင်ခင်အထိ သူတို့နှစ်ဦး တွေ့ဆုံခွင့် မရခဲ့ကြ။ မာကျုမီယာတို့ သားအမိသည် တာကာမာဆာ တစ်ဦးတည်း နေထိုင်သော မီတာကာရှိ နေအိမ်သို့ သွားရောက် လည်ပတ်ခဲ့ကြသည်။ ထိုနေ့တွင်မှ မထင်မှတ်ဘဲ ထိုအိမ်၌ သူ့အစ်ကိုကို တွေ့ခဲ့ရခြင်း ဖြစ်သည်။ ကာဂါသည် သူ့ဖခင်နှင့် အတူ မနေတော့ဘဲ တခြားတစ်နေရာတွင် တိုက်ခန်းငှား၍ သီးခြား ပြောင်းနေသည်။

“တွေ့ရတာ ဝမ်းသာပါတယ်”

သူတို့ နှစ်ယောက်ကို မိတ်ဆက်ပေးပြီးနောက် ကာဂါသည် ဤသို့သော စကားတစ်ခွန်းသာ သူ့ကို ပြန်ပြောခဲ့သည်။ သူသည် လုပ်စရာရှိသည်များ လုပ်ပြီးသောအခါ ထိုအိမ်မှ ထွက်ခွာသွားတော့သည်။ သူက ရဲသားတစ်ယောက် ဖြစ်နေလေပြီ။ ထို့ကြောင့် အလုပ်လည်း အင်မတန် ရှုပ်နေလိမ့်မည်။ ၎င်းမှာ မာကျုမီယာ၏ အမြင် ဖြစ်သည်။ သို့သော် သူတို့ သားအဖနှစ်ယောက်၏ ဆက်ဆံရေးမှာ အတော်လေး ကျဲပါးကြောင်းကိုမူ မာကျုမီယာ သတိထားမိခဲ့သည်။ တစ်ဦးနှင့်တစ်ဦးမှာ မျက်လုံးချင်း ဆုံပြီး ကြည့်ဖော်ပင် မရကြ။

ထို့နောက်တွင်မူ မာကျုမီယာသည် သူနှင့် အသက်ဆယ်နှစ်မျှ ကွာဟနေသော သူ့ဝမ်းကွဲအစ်ကိုနှင့် တော်တော်ကြာမျှ မဆုံဖြစ်ကြတော့ချေ။ သူတို့နှစ်ဦး နောက်တစ်ကြိမ် ပြန်ဆုံကြသည်မှာ တာကာမာဆာ အိမ်ပြောင်းစဉ်က ဖြစ်သည်။ ယခု နေထိုင်နေသော အိမ်မှာ အိုဟောင်းနေပြီး ခေါင်မိုးမှာ မလုံတော့ဘဲ မိုးယိုနေသောကြောင့် ထိုအိမ်ရှင် ပိုင်ဆိုင်သော တိုက်ခန်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သည်။

မာကျုမီယာနှင့် ကာကျုကိုတို့က အိမ်ပြောင်းရာတွင် သွားရောက် ကူညီပေးခဲ့ကြသည်။ ပစ္စည်းများကို သူတို့ သိမ်းဆည်းကြစဉ် ဆုဖလား အမြောက်အမြားကို တွေ့လိုက်ရသောကြောင့် မာကျုမီယာသည် အတော်လေး အံ့အားသင့်နေခဲ့သည်။ ဓားသိုင်းပြိုင်ပွဲများမှ ရသော ကာဂါ၏ ဆုတံဆိပ်နှင့် ဖလားများ ဖြစ်သည်။ ထိုအထဲတွင် အပြည်ပြည်ဆိုင်ရာ ဓားသိုင်းပြိုင်ပွဲမှ ဆုဖလားတစ်လုံးကိုလည်း တွေ့ရသည်။

“နင့်အစ်ကိုက သိပ်တော်တာ။ ကျောင်းတုန်းကလည်း စာတော်တယ်။ အခု ရဲအလုပ် ဝင်လုပ်တော့လည်း သူ့အထက် လူကြီးတွေကတောင် သူ့ကို ချီးကျူးကြသတဲ့”

ကာဂါအကြောင်းကို ပြောရလျှင် ကာကျုကိုသည် မမောနိုင် မပန်းနိုင် မနားတမ်း ပြောနေတတ်သည်။ ထိုသို့ ပြောရသည့် အကြောင်းအရင်းတစ်ခုမှာ သူ့သား မာကျုမီယာကို အတုယူ အားကျတတ်စေရန် ဖြစ်သည်။ ထို့ပြင် ကာကျုကို ကိုယ်တိုင်ကလည်း သူ့တူ၏ အောင်မြင်မှုများအတွက် ဂုဏ်ယူနေခဲ့မည်သာ။

ထိုသို့ဖြင့် သူတို့သည် ပစ္စည်းများကို အမျိုးအစားခွဲ၍ ထုပ်ပိုးနေကြစဉ် ကာဂါသည် အိမ်သို့ ရောက်လာခဲ့သည်။ တိုက်ဆိုင်စွာပင် ထိုစဉ်က တာကာမာဆာသည် အိမ်တွင် မရှိပေ။ သူ့ဖခင် မရှိသော အချိန်ကို တမင်သက်သက် ရွေး၍ လာခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ သူက မာကျုမီယာ၏ မိခင်အနားသို့ သွားပြီး နှုတ်ဆက်လိုက်သည်။

“အဒေါ်တို့လည်း ပင်ပန်းနေပြီ၊ အားနာစရာကြီးဗျာ”

“အားနာစရာ မလိုပါဘူးကွယ်။ အဒေါ်တို့လည်း ကူညီခွင့်ရတုန်းလေး ကူညီရတာပါ”

ကာဂါက နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး “ဒါမျိုးကိစ္စတွေကို တခြားလူတစ်ယောက်ယောက် ခေါ်ခိုင်းလိုက်လို့ ရနေတာပဲ ဥစ္စာ။ အဒေါ်တို့က ဝင်လုပ်ပေးနေရတော့ ….. နေရာမကျပါဘူးဗျာ”

ထိုစကားက တာကာမာဆာကို အပြစ်တင်နေဟန် ရှိသည်။

“ဒါနဲ့ ဒီပစ္စည်းတွေကို ဘယ်လို လုပ်လိုက်ရမလဲ။ သားရဲ့အိမ်ကိုပဲ ပို့ပေးရမလား” အာရုံလွှဲသည့် အနေဖြင့် ကာကျုကိုက ဆုဖလားတွေ အကြောင်း စကားစလိုက်သည်။

ကာဂါက ခေါင်းခါရင်း “ဘာမှ အသုံးမကျတော့ပါဘူးဗျာ။ အိမ်ပြောင်းတဲ့ ကုမ္ပဏီကို လွှင့်သာ ပစ်ခိုင်းလိုက်ပါတော့”

“အကုန် လွှင့်ပစ်ရမယ်? အဲ ….. မလုပ်ပါနဲ့။ သားအဖေက ဒါတွေ အကုန်လုံးကို အခုချိန်ထိ တယုတယ သိမ်းဆည်းလာခဲ့တာ။ သူ့အိမ်သစ်ဆီပဲ ပို့လိုက်တာ ကောင်းပါတယ်”

“လုပ်မနေပါနဲ့ဗျာ။ ရှုပ်ကရှုပ်နဲ့”

ကာဂါသည် ဆုဖလားများ ထည့်ထားသော ကတ်သေတ္တာကို သူ့အနားသို့ ဆွဲယူလိုက်ပြီး အနားရှိ ဆော့ပင်ဖြင့် ‘စွန့်ပစ်ရန်’ ဟူသော စာလုံးကြီးများကို ချရေးနေလေသည်။

ထို့နောက် သူသည် ပစ္စည်း အတော်များများကို သေတ္တာတစ်လုံးထဲ စုထည့်ပြီး ‘စွန့်ပစ်ရန်’ ဟု သတ်မှတ်လိုက်လေသည်။ သူ၏ ကိုယ်ပိုင် ပစ္စည်းများ အားလုံးကို ထိုအိမ်မှ စွန့်ပစ်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် သူ ရောက်လာခဲ့ခြင်း ဖြစ်ပေမည်။ အတိအကျ ဆိုရလျှင် တာကာမာဆာ၏ အနားမှ ရာသက်ပန် ဖယ်ရှားပစ်ရန် ဟူသော ရည်ရွယ်ချက်ပင် ဖြစ်မည်။

သူထွက်သွားသောအခါ တာကာမာဆာလည်း အိမ်ပြန်ရောက်လာသည်။ ယခုတစ်ကြိမ်သည်လည်း ထူးခြားသော တိုက်ဆိုင်မှုပေလောဟု မာကျုမီယာ မတွေးတတ်ခဲ့။

တာကာမာဆာသည်လည်း ‘စွန့်ပစ်ရန်’ ဟူသော ကတ်သေတ္တာများကို သတိထားမိဟန် တူသည်။ သို့သော် ဘာတစ်ခွန်းမျှ မဆို။ ကာကျုကိုသည် ကာဂါ လာသွားကြောင်း သူ့အစ်ကိုကို အသိပေးလိုက်သော်လည်း သူ့အစ်ကိုက “အင်း” ဟုသာ တစ်ခွန်းတည်း ခပ်ပြတ်ပြတ် ပြန်ဖြေခဲ့သည်။

သူတို့အိမ်သို့ ပြန်ရောက်ကြသောအခါတွင် မာကျုမီယာသည် သူ့မိခင်ကို မေးခွန်းများစွာ မေးလေတော့သည်။ တာကာမာဆာတို့ သားအဖနှင့် ပတ်သက်သော မေးခွန်းများ။ သူတို့ နှစ်ယောက်အကြားတွင် မည်သို့သော ပဋိပက္ခများ ရှိနေကြသနည်း။ အဘယ်ကြောင့် မျက်နှာချင်း မဆိုင်နိုင်လောက်အောင် ဖြစ်နေကြရသနည်း။ မာကျုမီယာက သိချင်နေသည်။

“အိမ်တိုင်းအိမ်တိုင်းမှာ အပူကိုယ်စီတော့ ရှိကြတာပဲ သားရဲ့” ကာကျုကို၏ အဖြေမှာ ထိုစကား တစ်ခွန်းတည်းသာ။ မာကျုမီယာသည် သူ့မိခင်၏ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ခြင်းအားဖြင့် သူ့မိခင်သည် ထိုသားအဖနှစ်ဦး၏ အတွင်းရေးကို ကျကျနန သိထားမည် ဖြစ်ကြောင်း သူ ရိပ်စားမိသည်။ သို့သော် သူက အတင်းအကျပ် မေးမြန်းရန် မကြိုးစားခဲ့။ သူ အင်မတန် လေးစားကြည်ညိုရသော သူ့ဦးလေးတွင် မည်သို့သော လူသိ မခံဝံ့သည့် အတွင်းရေးများ ရှိနေဦးမည်နည်း။ ထိုအကြောင်းအရာများကို လက်သင့်ခံနိုင်ရန် သူ့တွင် အဆင်သင့် မဖြစ်သေးချေ။

ထို့နောက်တွင် အချိန်တော်တော် ကြာသည်အထိ မာကျုမီယာနှင့် ကာဂါတို့မှာ မဆုံဖြစ်ကြပြန်တော့။ နောက်တစ်ကြိမ် ပြန်ဆုံကြရသည်မှာ မာကျုမီယာ၏ တက္ကသိုလ် ကျောင်းသားဘဝတွင် ဖြစ်သည်။ တွေ့ဆုံကြသည့် နေရာမှာ ဆေးရုံကြီး။ တာကာမာဆာ နေမကောင်း၍ ဆေးရုံတင်ထားရသည်ဟု သတင်းကြားသောကြောင့် သူ့မိခင်နှင့်အတူ ဆေးရုံသို့ ရောက်သွားခဲ့ကြသည်။ သူတို့ကို အသိပေးခဲ့သူမှာ တာကာမာဆာ၏ အိမ်အနီးတွင် နေထိုင်သော စစ်တုရင် ကစားဖော်တစ်ဦး ဖြစ်သည်။ ထိုနေ့က သူတို့ စစ်တုရင် အတူ ကစားကြရန် ချိန်းဆိုထားကြသည်။ သို့သော် အချိန်လွန်သည်အထိ တာကာမာဆာ ရောက်မလာသည်နှင့် မသင်္ကာသောကြောင့် သူ့အိမ်သို့ လိုက်သွားခဲ့သည်။ ထိုအခါမှ မီးဖိုချောင်ထဲတွင် ခွေခွေလေး လဲနေသော တာကာမာဆာကို တွေ့ခဲ့ရခြင်း ဖြစ်သည်။

နှလုံးအောင့်သည့် ဝေဒနာကို ပြင်းထန်စွာ ခံစားနေရသောကြောင့် ဖြစ်သည်။ မကြာခင် ကာဂါလည်း ရောက်လာသည်။ ကာကျုကိုက သူ့ကို သူ့ဖခင်၏ ရောဂါလက္ခဏာအကြောင်း ရှင်းပြသောအခါ သူ့ခေါင်းကို ညိတ်လိုက်သည်။

“ဒါဆို တော်သေးတာပေါ့။ ကျွန်တော်ကတောင် စဉ်းစားနေတာ။ နှလုံးသွေးကြော ပိတ်တာဆိုရင်တော့ မချောင်ဘူး။ အသက်အန္တရာယ် ရှိနိုင်တယ်။ အခုလို ဆိုရင်တော့ ပြဿနာ မကြီးနိုင်ပါဘူး။ အဒေါ်နဲ့ မာကျုမီယာတို့လည်း အိမ်ပြန်ကြတော့လေ။ လမ်းမှာ ဂရုစိုက်ဦး”

“အစ်ကိုက စိတ်မပူဘူးလား”

မာကျုမီယာ၏ အမေးကို ကြားရသောအခါ သူသည် မာကျုမီယာကို စိုက်ကြည့်လိုက်ပြီး

“နဂိုကတော့ စဉ်းစားနေတာပဲ။ တကယ်လို့သာ နှလုံးသွေးကြော ပိတ်တာဆိုရင် ဆက်လုပ်ရမယ့် အလုပ်တွေက မနည်းဘူး။ ဒါပေမယ့် အခုဟာက နှလုံးအောင့်ရုံပဲ ဆိုတော့ မစိုးရိမ်ရပါဘူး။ ဆေးမှန်မှန် စားနေရင် သက်သာသွားမှာပါ”

“အဲဒီလို ဆိုပေမယ့်လည်း ……”

ထိုစဉ် သူနာပြုတစ်ယောက် အနားရောက်လာသည်။ အရေးပေါ် ကုသမှု ပြီးစီးကြောင်း လာ အသိပေးခြင်းဖြစ်သည်။ ကုသပြီးနောက် တာကာမာဆာ၏ ရင်ဘတ်မှာလည်း နာကျင်မှု မရှိတော့ဘဲ သက်သာလာလေသည်။

လူနာကို အပြင်လူ ကြည့်ရှုခွင့် ရသည်နှင့်တပြိုင်နက် မာကျုမီယာနှင့် ကာကျုကိုတို့သည် လူနာခန်းထဲသို့ ဝင်သွားကြသည်။ ကာဂါကတော့ လူနာ၏ အခြေအနေကို ဆရာဝန်နှင့် ဆွေးနွေးဦးမည်ဟု ဆိုကာ အခန်းထဲသို့ လိုက်မလာခဲ့ချေ။

သူတို့ အခန်းထဲသို့ ရောက်သောအခါတွင် လူနာမှာ အတော်လေး သက်သာနေချေပြီ။ မျက်နှာမှာ
ဖြူဖ
ပ်
ဖြူရော်
 ဖြစ်နေသေးသော်လည်း သူ့ကို ကြည့်ရသည်မှာ နာကျင်မှုအားလုံး သက်သာသွားဟန် တူသည်။

“ဟိုးအရင်ကတည်းက ရင်ဘတ်မှာ မကြာခဏ အောင့်အောင့်နေတတ်တာ။ အင်း …. ခပ်စောစောကတည်းက ဆရာဝန်နဲ့ ပြခဲ့ရမှာ” သူက ပြောပြီး ရယ်နေသည်။

ကာဂါ ဆေးရုံ၌ ရှိနေကြောင်းကို ကာကျုကိုက တာကာမာဆာအား အသိမပေးခဲ့။ မာကျုမီယာကလည်း ဘာမျှ မပြော။ မဟုတ်လည်း ခဏနေလျှင် ကာဂါကို သူကိုယ်တိုင် တွေ့ရတော့မယ် မဟုတ်ပါလား။ ထို့ကြောင့်လည်း သူတို့က ကြိုတင် အသိပေးမနေကြတော့။

သို့သော် ကာဂါက လူနာခန်းထဲသို့ လုံးဝ ရောက်မလာခဲ့ချေ။ လူနာခန်းမှ အထွက်တွင် သူတို့က သူနာပြုကို မေးကြည့်သည်။ ကာဂါသည် ဆရာဝန်အား ရောဂါအခြေအနေကို မေးမြန်းပြီးနောက် ဆေးရုံမှ ပြန်ထွက်သွားသည် ဆို၏။

ထိုအခါမှ မာကျုမီယာမှာ ဒေါပွရလေပြီ။ မိခင်အား အရှေ့ထားပြီး သူ၏ ဒေါသများကို ဖောက်ထုတ်နေတော့သည်။

“ဒါတော့ တော်တော် လွန်သွားပြီ။ ဘာဖြစ်လို့ ဦးလေးကို တစ်ချက်လေးတောင် မကြည့်ဘဲ ပြန်သွားရတာလဲ”

“ကျိုစံက အလုပ်ချိန်ကြီးမှာ ထွက်လာရတာလေ၊ သားရယ်။ သူ့အလုပ်ကလည်း အမြန်ပြန်သွားမှ ဖြစ်မှာမို့လို့ နေမှာပေါ့” ကာကျုကိုက သူ့ကို နှစ်သိမ့်နေရသည်။

“ဘယ်လောက် မအား မအား၊ တစ်ခဏလောက်တော့ သာကြောင်း မာကြောင်း မေးသွားသင့်တာပေါ့။ အခုဟာက သူ့အဖေ အရင်းလေဗျာ”

“အင်း ……. အတိတ်က အဖြစ်အပျက်တွေကြောင့်ပဲပေါ့ သားရယ်”

“ဘာတွေ ဖြစ်ခဲ့လို့လဲ”

အမျက်ခြောင်းခြောင်း ထွက်နေသော သားတော်မောင်အား အတိတ်ဇာတ်လမ်းတချို့ကို မပြောပြ၍ မဖြစ်တော့ပြီ။ တာကာမာဆာ၏ ဇနီးနှင့် ပတ်သက်သော အတိတ်များ။

တာကာမာဆာသည် ငယ်ရွယ်စဉ်ကတည်းက မုဆိုးဖိုတစ်ယောက် အဖြစ်ဖြင့် ကာဂါကို စောင့်ရှောက်ခဲ့ရသည်ဟု မာကျုမီယာက ထင်နေခဲ့သည်။ ကာကျုကို ပြောပြ၍ သိရသည်မှာ လွန်ခဲ့သော အနှစ်နှစ်ဆယ်က သူ့ဇနီးသည် သူ့အိမ်မှ တစ်ယောက်တည်း ဆင်းသွားခဲ့ခြင်း ဖြစ်သည်။

“သူက စာတိုလေး တစ်စောင် ထားခဲ့တယ်။ ဒါကြောင့် ပြန်ပေးဆွဲခံရတာတို့ ဘာတို့ မဟုတ်တာ သေချာတာပေါ့။ တခြား ယောက်ျားတစ်ယောက်နဲ့ ထွက်ပြေးသွားတယ်လို့ တချို့က ပြောကြတာပဲ။ ဒါပေမယ့် အဲဒီလို ပြောဖို့ သက်သေလည်း မရှိပါဘူး။ မင်းဦးလေးက တစ်နေကုန် အလုပ်ပဲ ဖိလုပ်နေတော့ အိမ်မှာ မရှိတာပဲ များတယ်။ မူလတန်းတက်နေတဲ့ ကျိုစံကလည်း အဲဒီအချိန်က နွေရာသီ ဓားသိုင်းပြိုင်ပွဲတွေ ရှိနေတော့ အနီးကပ် ထရိန်နင် ဆင်းနေရတာနဲ့ ရှင်ရှူးမှာ ရောက်နေတာ”

“ဦးလေးက သွားမရှာဘူးလား”

“ရှာမယ် ထင်တာပဲ။ အတိအကျတော့ အမေလည်း မသိဘူး။ နောက်ပိုင်းတော့ သူတို့ သားအဖနှစ်ယောက်အကြား စိမ်းသထက် စိမ်းလာတော့တာပဲ။ ကျိုစံရဲ့ ပါးစပ်ကနေ ဘာမှ မပြောပေမယ့် သူ့အမေ အခုလို အိမ်ပေါ်က ဆင်းသွားရတာ သူ့အဖေရဲ့ အပြစ်ပဲလို့ ခံယူထားပုံ ရတယ်။ မင်းဦးလေးက အိမ်ကို တစ်ချက်ကလေးတောင် ငဲ့ကြည့်တတ်တဲ့ လူစားမျိုး မဟုတ်ဘူးလေ”

“ဦးလေးက အိမ်ကို မငဲ့ဘူး? ဒါပေမယ့် ကျွန်တော်အပေါ် သူ ဒီလောက်တောင် ကောင်းနေတာပဲဟာ”

“အဲဒီအချိန် သူ ရဲအလုပ်ကနေ ထွက်ထားပြီးပြီလေ။ ပြီးတော့ အမေတို့ကို ဂရုစိုက်တယ် ဆိုတာကလည်း သူတစ်ချိန်က လုပ်ခဲ့တဲ့ အမှားအတွက် တတ်နိုင်သလောက် ပြန်ပြီး ဖာထေးနေတဲ့ သဘောလည်း ဖြစ်ချင်ဖြစ်မှာ။ သူက တာဝန်ကျေခဲ့တဲ့ လင်ကောင်း၊ ဖခင်ကောင်းတော့ မဟုတ်ခဲ့ဘူး”

ထိုသို့သော စကားမျိုး ကြားရလိမ့်မည်ဟု မာကျုမီယာ မထင်မှတ်ခဲ့။ ယခုမှသာ ကာဂါတို့ သားအဖနှစ်ယောက် အကြားတွင် ရှိနေသော သဘာဝ မကျသည့် အခြေအနေကို သဘောပေါက် နားလည်လာတော့သည်။ သို့သော် ယခုအချိန်ထိ မာကျုမီယာသည် တာကာမာဆာထက် ကာဂါကိုသာ ပို၍ အပြစ်မြင်နေသည်။ ကာဂါ၏ အမေ အိမ်မှ ဆင်းသွားသည့် ကိစ္စနှင့် ပတ်သက်ပြီး သူသည် သူ့အဖေကို အသားလွတ် အပြစ်တင်နေခြင်း ဖြစ်သည်ဟု မာကျုမီယာက ခံယူထားသည်။

“သူ့ဇနီးကို ဘယ်လိုမှ ရှာမတွေ့တော့ဘူးလား”

“နောက်ထပ် ၅ နှစ် ၆ နှစ်လောက်ကြာတော့ သူ့ဇနီး သေသွားပြီလို့ သတင်းရခဲ့တယ်။ ဆန်ဒိုင်းမြို့မှာ တစ်ယောက်တည်း နေခဲ့တယ်လို့ ကြားတာပဲ။ ကျိုစံကပဲ သူ့အမေရဲ့ အရိုးပြာတွေကို သွားကောက်ခဲ့တာပေါ့”

“အစ်ကို သွားတာ? ဒါဆို ဦးလေးကရော”

“အတိအကျတော့ အမေလည်း မသိဘူး။ ဒါပေမယ့် ကျိုစံက သူတစ်ယောက်တည်းပဲ သွားမယ်လို့
အတင်းအကျပ်
 တောင်းဆိုခဲ့ပုံပဲ။ အဲဒီနောက်တော့ သူတို့ သားအဖနှစ်ယောက်ရဲ့ ဆက်ဆံရေးက ပိုဆိုးကုန်တာပေါ့”

“သူ့ဇနီးက ဘယ်လို သေတာတဲ့လဲ”

“နေမကောင်းလို့လို့ ကြားတာပဲ။ မပြောတတ်ဘူး။ ကျိုစံကလည်း အမေ့ကို အဲဒီ အကြောင်း မပြောပြဘူး။ ဒါမျိုးကိစ္စကလည်း မေးလို့ ကောင်းတာ မဟုတ်ဘူးလေ”

“ဒါနဲ့ပဲ ဘာဖြစ်လို့ ဦးလေးကို အပြစ်ဖို့နေရတာလဲ”

“အဲဒီလို ဆိုပေမယ့်လည်း ကျိုစံရဲ့ ကလေးဘဝက ဒဏ်ရာတွေကို အပြင်လူတစ်ယောက်အနေနဲ့ နားလည်ရ ခက်တယ်လေ။ သားအဖ အရင်းကြီးတွေပဲ။ တစ်နေ့နေ့တော့ ပြန်နားလည်ကြကောင်းပါရဲ့”

ကာကျုကို၏ စကားမှာ အကောင်းမြင်လွန်းသည်ဟု မာကျုမီယာက ယူဆသည်။

တာကာမာဆာ၏ အခြေအနေမှာ တဖြည်းဖြည်းနှင့် မူမှန်အဆင့်သို့ ရောက်လာခဲ့သည်။ ဆေးရုံမှ ဆင်းပြီးနောက်တွင် ဆေးစစ်ရန်အတွက် မကြာခဏ ဆေးရုံသို့ သွားနေရသေး၏။

မာကျုမီယာသည် တက္ကသိုလ် တက်နေစဉ်အတွင်း တာကာမာဆာထံသို့ မကြာခဏ ရောက်တတ်သည်။ သူတို့ ဆုံမိကြသောအခါ မာကျုမီယာ၏ ပညာရေးနှင့် ရှေ့အနာဂတ် ဘဝလမ်းကြောင်းအတွက်သာ အများဆုံး ဆွေးနွေးဖြစ်ကြသည်။ မာကျုမီယာအတွက်တော့ တာကာမာဆာမှာ ဖခင်အရင်းတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ ရဲအရာရှိကျောင်း တက်ရန် ဆုံးဖြတ်ချက် ချပြီးသော အခါမှာလည်း တာကာမာဆာကို ပထမဆုံး အသိပေးခဲ့သည်။

အသက်အရွယ်က ကြီးရင့်လာသည်နှင့်အမျှ တာကာမာဆာ၏ မျက်နှာမှ အရေးအကြောင်းတို့ကလည်း ပိုမို၍ နက်ရှိုင်းလာကြသည်။ တစ်ချိန်က
ကျန်းမာသန်စွမ်းအောင်
 မပြတ်လေ့ကျင့်ခဲ့သော ကိုယ်ခန္ဓာမှာလည်း တဖြည်းဖြည်း ကျုံ့ဝင်နေသယောင် ထင်ရသည်။ တာကာမာဆာအနီးရှိ အရာရာကို သတိထားမိနေသော မာကျုမီယာသည် သူ့ကျေးဇူးရှင်ကို အထီးကျန်သော အဘိုးအိုကြီး တစ်ယောက်အဖြစ် မတွေ့မြင်လို။

အကယ်၍ သားအရင်း ဖြစ်သူကို အားကိုး၍ မရလျှင် ဦးလေးကို ကိုယ်တိုင် အစွမ်းကုန် စောင့်ရှောက်ပေးမည်။ ၎င်းမှာ မာကျုမီယာ၏ ဆုံးဖြတ်ချက် ဖြစ်သည်။ တာကာမာဆာသည် နောက်ထပ်တစ်ကြိမ် အိပ်ရာဖျာကပ် ဖြစ်ရပြန်သည်။ ကံကောင်းသည်မှာ သူ့ထံသို့ အလည်သွားတတ်သော ကာကျုကိုက စောစောစီးစီး တွေ့ရှိသွားခြင်း ဖြစ်သည်။ တာကာမာဆာသည် အဖျားဝင်ပြီး ခုတင်မှ မထနိုင်တော့။ သူက အအေးမိခြင်း ဖြစ်မည်ဟု ဆိုနေသော်လည်း ကာကျုကိုက စိတ်မချသောကြောင့် လူနာတင်ယာဉ်ကို ခေါ်လိုက်ရသည်။

သတင်းကြား၍ ဆေးရုံသို့ အသည်းအသန် ပြေးလာရသော မာကျုမီယာသည် ဆရာဝန်နှင့် ဆွေးနွေးကြည့်သောအခါ ရင်ဝကို ဆောင့်ကန်ခံရပြန်တော့သည်။ လူနာသည် ကင်ဆာ ဖြစ်နေလေပြီ။ သာမန် အခြေအနေမျိုး မဟုတ်။ နဂိုမူလ သည်းခြေအိတ်ကင်ဆာမှ အစပြုသည်ဟု ဆိုရပေမည်။ သို့သော် ယခုအခါ သည်းခြေအိတ်သာ မကတော့ဘဲ အဆုတ်နှင့် တခြား ကလီစာများသို့ပါ ပျံ့နှံ့နေလေပြီ။ ကင်ဆာ နောက်ဆုံး အဆင့်ဟု သိရသည်။ ခွဲစိတ်ဖို့လည်း မဖြစ်နိုင်တော့။ သူ၏ နှလုံးရောဂါကလည်း သူ့ကို ပိုပြီး အားနည်းနေအောင် ဖိစီးထားသည်။

ထိုအခြေအနေများကို ကာကျုကိုက ကာဂါအား အသိပေးခဲ့သည်။ အံ့ဩစရာ ကောင်းသည်မှာ သူသည် အရင်က ကဲ့သို့ပင် လူနာကို တစ်ချက်ကလေးမျှ လာကြည့်ဖော်မရ။ ဖခင်အတွက် ဆေးကုသစရိတ်ကို သူထုတ်ပါမည်ဟုသာ ပြောကြားခဲ့သည်။ ဖခင်ကို အနီးကပ် စောင့်ရှောက်ရန် သူနာပြုတစ်ယောက် ငှားခွင့်ပြုသည်။ ထိုမျှသာ။

မာကျုမီယာကတော့ ကာဂါ၏ အတွေးကို မည်သို့မျှ နားလည်ပေး၍ မရ။ အတိတ်တွင် မည်သို့ ဖြစ်ခဲ့စေကာမူ၊ ဆက်ဆံရေး မည်မျှ အဆင်မပြေခဲ့စေကာမူ ယခုအခါ လူတစ်ယောက်၏ နောက်ဆုံးအချိန်သို့ ရောက်ရှိနေလေပြီ။ သားသမီးတစ်ယောက်အနေဖြင့် မိမိကို ကျွေးမွေး စောင့်ရှောက်ခဲ့သော မိဘအား ယခုလို နောက်ဆုံးအချိန်မျိုးတွင် အစွမ်းကုန် ပြုစုပေးရမည့် တာဝန်ရှိသည်။

အတွေးပေါင်း အထောင်အသောင်း အကြားတွင် နစ်မြောနေသော မာကျုမီယာသည် အသက်ရှူသံများ ပြင်းထန်လာသည့် တာကာမာဆာကို သတိထားမိသွားသည်။ တစ်ဆက်တည်းပင် ချောင်းဆိုးသံများ ထွက်ပေါ်လာ၍ မာကျုမီယာမှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားလေသည်။ သူနာပြုကို သွားခေါ်ရန် လှည့်ထွက်မည် အပြုတွင် တာကာမာဆာ၏ မျက်လုံးများက ဖြည်းဖြည်းချင်း ပွင့်လာကြသည်။ ထိုအခါ ချောင်းဆိုးသံလည်း ရပ်တန့်သွားလေပြီ။

တာကာမာဆာထံမှ အံ့ဩခြင်းကို ကိုယ်စားပြုသော အသံယဲ့ယဲ့လေး ထွက်ပေါ်လာသည်။

“နေရထိုင်ရ သက်သာရဲ့လား ဦးလေး”

“……
ရှုဟေး
လား။ ဘယ်နှယ့် ဒီအချိန်ကြီး”

“ကျွန်တော် ဦးလေးကို လာကြည့်တာပါ”

“အလုပ်ရော အဆင်ပြေရဲ့လား”

“ဒီနေ့အတွက်တော့ ပြီးပြီပေါ့။ အခု ၁၂ နာရီတောင် ရှိနေပြီ”

“ဒါဆိုလည်း မြန်မြန် ပြန်တော့လေ။ အချိန်ရတုန်း အနားယူမှပေါ့။ မှုခင်းရဲလုပ်တာလည်း ကျန်းမာရေးကို ဂရုစိုက်ရသေးတယ်”

“ခဏနေ၊ ပြန်ပါ့မယ်”

မာကျုမီယာက တာကာမာဆာကို ပြောပြရန် သင့်မသင့် တွေဝေနေမိသည်။ ယခုအမှုမှာ ကာဂါနှင့်အတူ နှစ်ယောက်တွဲကာ အလုပ်လုပ်နေရကြောင်း ပြောပြလိုက်ချင်သည်။ သို့သော် ထိုစကားကို ကြားလိုက်လျှင် တာကာမာဆာသည် များစွာ စိတ်လှုပ်ရှား သွားနိုင်သည်။ သူ့သားအကြောင်းကို လုံးဝ စိတ်မဝင်စားဘဲ နေမည် မဟုတ်ပေ။

ထိုသို့ စဉ်းစားနေစဉ်မှာပင် တာကာမာဆာထံမှ ဟန်ချက်ညီသော နှာခေါင်းလေတိုးသံများကို ကြားလာရသည်။

မာကျုမီယာသည် ဖြည်းညင်းစွာ ထရပ်လိုက်ပြီး တာကာမာဆာအား ကတိတစ်ခုကို တိုးတိုးတိတ်တိတ် ပေးလိုက်လေသည်။ “အစ်ကို့ကို ဦးလေးဆီ ရောက်အောင် ခေါ်လာခဲ့မယ်”

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *