ဤအိမ်သို့ အာကီအိုတို့ စပြောင်းလာစဉ် အချိန်က မိခင်နှင့် အတူနေရန် ဆုံးဖြတ်ခဲ့ခြင်းသည် မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်သည်ဟု သူ အထင်ရောက်နေခဲ့သည်။ ယာအေကိုလည်း ပတ်ဝန်းကျင် အသစ်တွင် အသားကျနေပြီး မာဆာအေမှာလည်း သူ့ပုံစံနှင့်သူ အဆင်ပြေနေပြီဟု ယူဆခဲ့သည်။ သို့သော် ထိုအခြေအနေ အားလုံးမှာ အပြင်ပန်းမျှသာ။ သဲကြီးမဲကြီး ထစ်ချုန်းရွာသွန်းနိုင်ရန် မိုးသားတိမ်လိပ်များ နည်းနည်းချင်းစီ တဖြည်းဖြည်း စုဝေးရောက်ရှိလာကြသည့်နှယ်။
ထိုပြောင်းလဲမှုကို ပထမဆုံး အကြိမ် သတိထားမိသည်မှာ နေ့တစ်နေ့၏ ညစာစားသော အချိန်တွင် ဖြစ်သည်။ အာကီအိုသည် ခါတိုင်းလိုပင် ညစာစားရန်အတွက် ထမင်းစား စားပွဲတွင် ထိုင်နေစဉ် မာဆာအေ ရောက်မလာသည်ကို သတိထားမိသွားသည်။
“အမေက သူ့အခန်းထဲမှာပဲ ထမင်းစားချင်တယ်တဲ့” အာကီအို၏ အမေးကို ယာအေကိုက ခပ်တိုတိုပင် ပြန်ဖြေခဲ့သည်။ အကြောင်းအရင်းကို မေးမြန်းကြည့်ရာတွင် သူလည်း မသိကြောင်း ခေါင်းခါရုံသာ ခါပြခဲ့သည်။
ထိုအချိန်မှ စ၍ မာဆာအေသည် သူတို့မိသားစုနှင့် အတူတူ ထမင်းမစားတော့ချေ။ ထိုမျှပင် မကသေး၊ ထမင်းဟင်းများကိုလည်း သီးခြားစီ ချက်ပြုတ်လာတော့သည်။ ထိုစဉ်ကတည်းက ယာအေကိုသည် အပြင်တွင် အချိန်ပိုင်းအလုပ် ထွက်လုပ်နေခဲ့သည်။ ထို့ကြောင့် ယာအေကို အိမ်၌ မရှိသည့် အချိန်မျိုးတွင် မာဆာအေက သူ့ထမင်းဟင်းကို သူ့ဘာသာ ချက်ပြုတ်လေသည်။
“ရှင့်အမေကို ရှင်ပြောပါဦး။ ဒယ်အိုးဖင်တွေကို မတိုက်ပါနဲ့လို့။ သူက အဲဒီလို တိုက်ချွတ် ဆေးပစ်နေတော့ ဆီဝအောင် မနည်းလုပ်ထားရတာတွေ နှမြောစရာ ဖြစ်ကုန်တာပေါ့” ထိုကဲ့သို့သော ယာအေကို၏ အပြစ်တင် မောင်းမဲသံများလည်း တစ်နေ့ထက်တစ်နေ့ ဆက်လာတော့သည်။ ကျယ်လာတော့သည်။
အဘယ်ကြောင့် သူတို့နှစ်ယောက် ယခုကဲ့သို့ ဖိုခွဲပြီး ချက်ပြုတ်နေကြရသည်ကို သူ သိချင်လှသော်လည်း မေးမြန်းရန် ပါးစပ်မဟဖြစ်ခဲ့။ အကြောင်းအရင်းကို သူ ခန့်မှန်းကြည့်နိုင်သောကြောင့်လည်း ဖြစ်ပေလိမ့်မည်။ မာဆာအေနှင့် ယာအေကိုတို့ ကြိုက်နှစ်သက်ကြသော ဟင်းအမယ် အရသာများကလည်း ကွဲပြားကြသည်။ အကြိုက်ချင်း မတူ၍ အငြင်းပွားကြရင်း ညှိနှိုင်းမရသော အကျိုးဆက်များ ဖြစ်နိုင်ပေသည်။
ယောက္ခမနှင့် ချွေးမတို့၏ ရန်ပွဲသည် ရှောင်လွှဲ၍ မရနိုင်သော လောကဓမ္မတာ တစ်ခုပင် ဖြစ်သည်ဟု ခံယူထားသော အာကီအိုက မသိချင်ယောင်သာ ဆောင်နေခဲ့ရသည်။ ထိုနောက်ပိုင်းတွင် စိတ်မချမ်းမြေ့စရာ မြင်ကွင်းများကို ရှောင်လွှဲနိုင်ရန် အိမ်မကပ်တော့ဘဲ အရက်ဆိုင်၊ ဘီယာဆိုင်သို့သာ မကြာခဏ သွားနေတော့သည်။ ထိုကာလမှာပင် အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး အတော်လေး ရင်းနှီးသွားကြသည်။
ထိုစဉ်အချိန်မှာပင် နာအိုမီအနိုင်ကျင့်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး ယာအေကိုက သူ့ထံ လာတိုင်ပင်ခဲ့သည်။ ဘာမျှ ကြီးကျယ်သည့် ကိစ္စရပ် မဟုတ်ဘဲ သူ့ကို စိတ်ရှုပ်အောင် လုပ်သည်ဟု ယူဆကာ နာအိုမီကို ဆူပူခဲ့သေးသည်။ အိမ်တွင်းမှ နားပူနားဆာ စကားလုံးများက သူ့ ဒေါသအိုးအတွက် ယမ်းမီးများပမာ ဖြစ်နေတော့သည်။
ထိုကာလအတွင်း အိမ်တွင်းရေးများမှ ရှောင်ဖယ်နိုင်ရန် အလို့ငှာ ထိုအမျိုးသမီး၏ ရင်ခွင်ထဲသို့ တိုးဝင်မိသလို ဖြစ်သွားတော့သည်။ နှစ်ပတ်တစ်ကြိမ်မှသည် တစ်ပတ်တစ်ကြိမ်၊ ထို့နောက် သုံးရက်လျှင် တစ်ကြိမ် ထိုဆိုင်သို့ ပုံမှန် ရောက်နေတော့သည်။ တစ်ခါတစ်ရံ ထိုအမျိုးသမီး၏ အိမ်မှာပင် ညအိပ်လေသည်။
ယာအေကိုလည်း ကြာတော့ သင်္ကာမကင်း ဖြစ်လာခဲ့ပြီ။
“အဲဒီမိန်းမက ဘယ်ကလဲ” တစ်ခုသောညတွင် သူက မေးလာသည်။
“နင် ဘာပြောနေတာလဲ”
“ရူးချင်ယောင် ဆောင်မနေနဲ့။ ရှင် ညတိုင်း ဘယ်သွားနေတာလဲ။ ကျွန်မကို မှန်မှန် ပြောစမ်းပါဦး”
“ငါ့မိတ်ဆွေတွေနဲ့ ချိန်းပြီး အရက်သောက်နေတာပဲ။ လျှောက်တွေးမနေစမ်းပါနဲ့”
ထိုသို့ ညစဉ်လိုလို သူတို့ လင်မယား၏ ရန်ပွဲမှာ ဆက်လာတော့သည်။ အာကီအိုကလည်း ထိုအမျိုးသမီးနှင့် ပတ်သက်၍ နည်းနည်းလေးမျှ ဝန်မခံခဲ့ပေ။ လက်ဆုပ်လက်ကိုင် ပြရန် ယာအေကိုတွင် သက်သေ မရှိသော်လည်း သူ့ယုံကြည်ချက်က ခိုင်မာနေသဖြင့် သံသယများမှာ လျော့ပါးမသွားခဲ့ကြ။ အာကီအိုသည် ထိုအမျိုးသမီးနှင့် မဆက်သွယ်ဘဲ နေခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော်လည်း ဇနီးသည်သည် သူ့ဖုန်းကို လစ်လျှင်လစ်သလို ခိုးစစ်နေဦးမည် ဖြစ်ကြောင်း အာကီအို သိနေသည်။
ထိုသို့ နေ့စဉ်ဘဝကို စိတ်ပျက်လေးကန်စွာ ဖြတ်သန်းလာပြီးနောက် တစ်နေ့တွင် မာဆာအေသည် အပြင်သို့ လုံးဝ ထွက်မလာတော့ဘဲ နေ့ရောညပါ သူ့အခန်းထဲတွင် အောင်းနေတော့သည်။ အာကီအိုသည် ထူးဆန်း၍ အခြေအနေ သိရအောင် သွားကြည့်သောအခါ ပြတင်းပေါက်မှ အပြင်ဘက်သို့ ငေးကြည့်နေပြီး ကုတ်ကုတ်ကလေး ထိုင်နေသော သူ့မိခင်ကို တွေ့ရသည်။ သူ ဘာလုပ်နေသလဲဟု အာကီအိုက မေးလိုက်သည်တွင် တစ်ဘက်လူ၏ အဖြေစကားက သူ့ကို များစွာ အံ့အားသင့်စေခဲ့သည်။
“အိမ်မှာ ဧည့်သည်တွေ ရောက်နေတယ် ထင်တယ်။ ဒါကြောင့် အပြင်မထွက်တော့ဘူး”
“ဧည့်သည်? မရှိပါဘူး”
“ရှိပါတယ်။ ဟော … နားထောင်ကြည့်။ သူတို့ စကားပြောနေကြတယ်”
စကားပြောနေကြသူမှာ ယာအေကိုနှင့် နာအိုမီတို့ ဖြစ်ကြသည်။
အာကီအိုက စိတ်မကောင်း ဖြစ်သွားသည်။ မာဆာအေက သူ့ကို အရွဲ့တိုက်နေသည်ဟုပင် ထင်လိုက်သည်။
“အမေနဲ့ ယာအေကိုအကြားမှာ ဘာတွေ ဖြစ်ခဲ့ကြသလဲ ဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ ဒါပေမယ့် သူ့ကို စိတ်ထဲ ထားမနေပါနဲ့။ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်လည်း စိတ်တော်တော် ပင်ပန်းနေပြီ”
သို့သော် မာဆာအေကတော့ ဘာမျှ စိတ်ဝင်စားပုံ မရ။
“
အဲဒီဧည့်သည်တွေက
သူစိမ်းတွေ ထင်တယ်”
“တော်ပြီဗျာ။ အမေ ကြိုက်သလိုသာ နေလိုက်တော့” စကားဆုံးသည်နှင့် အာကီအို အခန်းထဲမှ ထွက်ခွာလာခဲ့သည်။
ထိုစဉ်က သူ ဘာသံသယမျှ မဝင်ခဲ့သေး။ မာဆာအေက ယာအေကိုကို စိတ်ဆိုးနေ၍သာ သူ့ကို သူစိမ်းအဖြစ် သုံးနှုန်းနေခြင်း ဖြစ်မည်ဟု ထင်နေခဲ့သည်။ ထို့နောက် မာဆာအေသည် ယာအေကို၊ နာအိုမီတို့နှင့် ယခင်က ကဲ့သို့ပင် ဆက်ဆံနေထိုင်သွားခဲ့သည်။ သို့သော် ရင်းနှီးသော ဆက်ဆံရေးမျိုးတော့ မဟုတ်။ မေးထူးခေါ်ပြောမျှသာ။ ထိုကိစ္စမှာ လွယ်လွယ်နှင့် ပြေလည်သွားနိုင်မည့် ကိစ္စမျိုး မဟုတ်ချေ။
ညတစ်ည ခုတင်ပေါ်တွင် အာကီအိုသည် အိပ်ပျော်လုဆဲဆဲ အချိန်မှာပင် ယာအေကို၏ လှုပ်နှိုးခြင်းကို ခံလိုက်ရသည်။ အိမ်အောက်ထပ်မှ အသံဗလံတချို့ ကြားနေရခြင်းကြောင့် ဖြစ်သည်။ သူသည် အိပ်မှုန်စုံမွှား မျက်လုံးများဖြင့် အောက်ထပ်သို့ ဆင်းကြည့်သောအခါ ဧည့်ခန်းထဲမှ စားပွဲအနိမ့်လေးကို ထမင်းစားခန်းထဲသို့ ရွှေ့နေသည့် မာဆာအေကို တွေ့လိုက်ရသည်။
“အမေ ဘာလုပ်နေတာလဲ”
“ဒီမှာကြည့်၊ ဒီဟာက ဒီအခန်းထဲမှာ ရှိရမယ့် ဟာပဲ”
“ဘယ်ဟုတ်မှာလဲ။ ဒါကို ဧည့်ခန်းထဲမှာပဲ ထားတော့မယ်လို့ ကျွန်တော်တို့ ပြောခဲ့ကြတာလေ”
“ဒါပေမယ့် ထမင်းစားမယ့် နေရာမှာ ထားသင့်တာပေါ့”
“အမေ ဘာပြောနေတာလဲ။ ကျွန်တော်တို့မှာ ထမင်းစား စားပွဲ သက်သက် ရှိတယ်လေ”
“ထမင်းစား စားပွဲ?”
အာကီအိုက ထမင်းစားခန်း တံခါးကို ဆွဲဖွင့်လိုက်ပြီး သူ့ကို လက်ညှိုးထိုးပြလိုက်သည်။ ယခင်က ထိုစားပွဲပုကလေးမှာ ထမင်းစားခန်းတွင် ထားပြီး သူတို့ မိသားစုက ကြမ်းပြင်မှာ ထိုင်၍ ထမင်းစားခဲ့ကြသည်။ သို့သော် သူတို့ စ ပြောင်းလာသော အချိန်က စားပွဲအမြင့်နှင့် ထိုင်ခုံများဖြင့် စားသောက်နိုင်ရန်အတွက် သူတို့ စားပွဲအသစ်ကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
“အဲ …” မာဆာအေက ပါးစပ်ဟလျက် မလှုပ်မယှက် ရပ်နေတော့သည်။
“ကဲ ကဲ၊ အမေလည်း သွားအိပ်တော့။ ကျွန်တော်ပဲ ဧည့်ခန်းထဲ ပြန်ရွှေ့ထားလိုက်မယ်”
မာဆာအေလည်း ဘာမျှ မပြောတော့ဘဲ သူ့အခန်းသို့ ပြန်သွားလေသည်။
ထိုကိစ္စနှင့် ပတ်သက်၍ အာကီအို၏ အမြင်မှာ မာဆာအေသည် အိပ်ချင်မူးတူးဖြင့် လုပ်ချင်ရာ လျှောက်လုပ်နေခြင်းသာ ဖြစ်သည်။ သို့သော် ထိုအဖြစ်အပျက်ကို ယာအေကိုအား ပြောပြလိုက်သောအခါတွင် သူ၏ ကောက်ချက်မှာ တစ်မူ ကွဲပြားနေသည်။
“အမေလည်း သူငယ်ပြန်နေပြီ ထင်တယ်” သူက တွေးတွေးဆဆဖြင့် ပြောသည်။
“မဖြစ်နိုင်တာ” အာကီအိုက ပြန်ဖြေသည်။
“ရှင်က တစ်နေကုန် အလုပ်မှာချည်း နေရတာလေ။ သိပ်တွေ့ရတာမှ မဟုတ်တာ။ ဒီတော့ ရှင်က ကျွန်မလောက် နားမလည်နိုင်ပါဘူး။ သူ တကယ်ပဲ သူငယ်ပြန်လာပြီ နေမှာ။ ထမင်းဟင်းတွေ ချက်ပြီးရင်လည်း ဟိုနေရာမှာ ဒီအတိုင်း ပစ်ထားလိုက်တာ။ စားဖို့ပဲ မေ့မေ့နေသလို။ ကျွန်မက သူ့ကို အိုးထဲက ဆန်ပြုတ်တွေ သောက်တော့မလားလို့ သွားမေးရင်လည်း သူ ချက်မထားဘူးဆိုပြီး ငြင်းချင် ငြင်းနေတတ်တာ။ ဒါပေမယ့် ဒါမျိုး နေ့တိုင်း ဖြစ်နေတာတော့ မဟုတ်ဘူး”
အာကီအိုအတွက် ပြောစရာ စကားမရှိ။ သူ့အဖေ သူငယ်ပြန်ပြီးနောက် သူ့အမေလည်း ထိုကဲ့သို့ ပြောင်းလဲသွားနိုင်သည်ဟု သူ တစ်ခါမျှ မတွေးစဖူး။ တွေးနေရင်းပင် သူ့မျက်စိတွေ ဝေဝါးလာသည်။
“ရှင် ဘယ်လိုလုပ်မယ် စိတ်ကူးသလဲ။ ရှင့်ကို အရင်ကတည်းက ကြိုပြောထားပြီးသားနော်။ သူများကို စောင့်ရှောက်ပေးချင်လို့ ကျွန်မ ဒီအိမ်ကို ပြောင်းလာနေတာ မဟုတ်ဘူး”
“ကို နားလည်ပါတယ်” ၎င်းမှာ အာကီအိုအတွက် အကောင်းဆုံး ဖြေကြားပေးနိုင်မည့် တစ်ခုတည်းသော အဖြေစကား ဖြစ်သည်။ သို့သော် ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းကိုတော့ သူ ရှာမတွေ့သေးပေ။
မာဆာအေ၏ ကြောင်တောင်တောင် အပြုအမူမှာ ဆိုးသည်ထက် ဆိုးလာခဲ့သည်။ သူ၏ ရောဂါလက္ခဏာများမှာ အဓိကအားဖြင့် မှတ်ဉာဏ် အစိတ်အပိုင်းများ ချို့ယွင်းလာသောကြောင့် ဖြစ်သည်။ သူပြောခဲ့သော စကားများ၊ သူ လုပ်ခဲ့သော အလုပ်များနှင့် အိမ်သားများ၏ မျက်နှာသွင်ပြင်ကိုပါ သတိမရတော့ဘဲ မေ့တတ်လာသည်။ အဆိုးဆုံးမှာ သူ မည်သူ ဖြစ်သည်ကိုပင် မမှတ်မိနိုင်တော့ခြင်း ဖြစ်သည်။ ဟာရုမိက သူ့ကို ဆေးရုံသို့ ခေါ်သွားကာ စစ်ဆေးပြသခဲ့သော်လည်း ထူးခြားသော မျှော်လင့်ချက်ကား မရခဲ့ပေ။
ယာအေကိုက သူ့ကို ဘိုးဘွားရိပ်သာ ပို့ရန် အကြံပြုသည်။ ယောက္ခမကြီးကို အိမ်မှ နှင်ချရန် သူ့အတွက် အကောင်းဆုံး အခွင့်အရေး တစ်ရပ်ပဲ မဟုတ်ပါလား။ သို့သော် ထိုကိစ္စကို ဟာရုမိက အပြင်းအထန် ကန့်ကွက်ခဲ့သည်။
“အိမ်မှာ နေရတာဟာ အမေ့အတွက် စိတ်အချမ်းသာဆုံးပဲ။ ပြီးတော့ သူ့အခန်းကို ပြင်ဖို့ ပြောင်းဖို့တောင် သူက သဘောတူတာ မဟုတ်ဘူး။ အဖေနဲ့ အဲဒီအခန်းဟောင်းထဲမှာ အတူတူ နေနေရတယ်လို့ သူက အခုထိ စိတ်ကူးယဉ်နေတုန်း။ အဲဒီလို ယုံကြည်နေရမှလည်း သူ အေးအေးချမ်းချမ်းနဲ့ နေနိုင်မှာ။ တကယ်လို့ တခြားနေရာကို ပြောင်းပစ်လိုက်ရင် သူ စိတ်ဆင်းရဲပြီး သေသွားလိမ့်မယ်။ ကျွန်မကတော့ အဲဒီလို လုံးဝ အဖြစ်မခံနိုင်ဘူး”
ယာအေကိုက စကားနာ ထိုးပြန်သည်။ အိမ်တွင် ဆက်ထားလျှင် နောက်ဆုံး စောင့်ရှောက်ရမည့်သူမှာ သူသာလျှင် ကျန်တော့ကြောင်း စကားဆိုလာ၏။ ထို့ကြောင့် ဟာရုမိက ထိုကိစ္စအတွက် သူစီစဉ်မည် ဖြစ်ကြောင်း ပြန်ပြောလေသည်။
“အစ်ကိုနဲ့ အစ်မတို့ ဘာမှ စိတ်ပူမနေပါနဲ့။ အမေ့ကို ကျွန်မ လာစောင့်ရှောက်ပါ့မယ်။ ဒါကြောင့် သူ့ကို ဒီအိမ်မှာပဲ နေခွင့် ပြုကြပါလား။ ရတယ်မလား”
နှမဖြစ်သူက ထိုမျှအထိ ပြောလာပြီဆိုလျှင် အာကီအိုလည်း ဘာမျှ စောဒက မတက်ချင်တော့ပေ။ ထိုသို့သော သဘောတူညီချက်အတိုင်း ထားကြည့်ကြရန် အားလုံး သဘောတူလိုက်ကြသည်။
အစပိုင်းတွင် ဟာရုမိသည် နေ့ခင်းပိုင်းတွင် မာဆာအေထံ လာရောက်ပြီး သူ့အတွက် ထမင်းဟင်းများ ချက်ပေးခဲ့သည်။ အာကီအို အိမ်ပြန်ရောက်သောအခါမှ သူလည်း သူ့အိမ်သို့ ပြန်သွားသည်။ သို့သော် နောက်ပိုင်းတွင် ညပိုင်းလာမှ ပိုအဆင်ပြေကြောင်း သူ သိရှိသွားခဲ့သည်။ မာဆာအေသည် နေ့ခင်းပိုင်းတွင် အိပ်နေသည်ကသာ များ၍ ညပိုင်းရောက်မှသာ နိုးကြားနေတတ်သောကြောင့် ဖြစ်သည်။ ထိုနောက်ပိုင်းတွင် ဟာရုမိသည် သတ်မှတ်ထားသော ညအချိန်တွင် ပုံမှန် လာတတ်ပြီး အမေ့အတွက် အိမ်မှ သူချက်ထားသော ထမင်းဟင်းများ ယူလာခဲ့သည်။ မာဆာအေက ယာအေကိုချက်သော ထမင်းဟင်းများကို လုံးဝ မစားတော့ပေ။
တစ်ခါက ဟာရုမိ ပြောဖူးသော စကားတစ်ခွန်း ရှိသည်။
“အမေက ကျွန်မကို သူ့အမေလို့ ထင်နေတာ။ သူ့ကိုယ်သူလည်း သူစိမ်းအိမ်မှာ ပစ်ထားခံရတဲ့ ကလေးတစ်ယောက်လို့ အောက်မေ့နေပုံ ရတယ်။ ညရောက်ခါမှ သူ့အမေရင်းက သူ့ကို လာတွေ့နိုင်ရှာတယ်လို့ ထင်မြင်နေပုံပဲ”
အာကီအိုသည် ထိုစကားများကို ချက်ချင်းလက်ငင်း လက်ခံရန် မဖြစ်နိုင်ခဲ့ချေ။ သို့သော် မာဆာအေဘက်ကလည်း အမှန်တကယ်ပင် ကလေးငယ်တစ်ယောက်၏ ပြုမူနေထိုင်ပုံ အဆင့်သို့ နိမ့်ကျရွေ့လျောနေလေပြီ။ သူက ထိုရောဂါနှင့် သက်ဆိုင်သော စာအုပ်စာတမ်းများကို ရှာဖွေ ဖတ်ရှုကြည့်ခဲ့သည်။ စာအုပ်များတွင် အောက်ပါ အကြံပြုချက်များ ရေးသားထားကြသည်။
သူငယ်ပြန်နေသော လူအိုတို့၏ မှတ်ဉာဏ်ကမ္ဘာထဲတွင် သူတို့၏ ကိုယ်ပိုင် လောကလေးတစ်ခု ဖန်တီးထားကြသည်။ ထိုလောကကို သွားရောက် ဖျက်ဆီးနှောင့်ယှက်ရန် မကြိုးစားသင့်။ ထိုလောကကလေးကို အတူတကွ စောင့်ရှောက်ပေးရင်းဖြင့်သာ သက်ကြီးရွယ်အိုများကို ဖေးမကူညီသွားသင့်သည်။
မာဆာအေ၏ သဘောအရ ဤနေရာသည် သူစိမ်းတစ်ရံဆံ၏ အိမ်မျှသာ ဖြစ်သည်။ ဤအိမ်တွင် နေထိုင်ကြသော အာကီအို အပါအဝင် တခြားသူများမှာလည်း သူ့အမြင်အားဖြင့် သူစိမ်းပြင်ပြင်သာ။