နေ့ခင်း ၂ နာရီတွင် မြို့ထဲမှ ထောက်လှမ်းရေးဌာနချုပ်၌ ထိုအမှုနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် အဖွဲ့ပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကြသည်။ မာကျုမီယာသည် သူ၏ ထိုင်ခုံ အရှေ့တွင် ထိုင်နေသောသူကို သတိထားကြည့်မိသည်။ သူနှင့် နောက်ဆုံးအကြိမ် ဆုံခဲ့ရသည်မှာ လွန်ခဲ့သော ၁၀ နှစ်ခန့်က ဖြစ်၏။ နှုတ်ခမ်းများကို တင်းတင်း စေ့ထားတတ်သော သူ၏ မျက်နှာသည် ယခင်ကကဲ့သို့ပင် အပြောင်းအလဲ မရှိပေ။ ဓားသိုင်း ကစားလေ့ရှိသောကြောင့် သူ၏ သန်စွမ်းတောင့်တင်းသည့် ခန္ဓာကိုယ် အချိုးအစားမှာလည်း အရင်အတိုင်းပင် ရှိနေသေးသည်။ ထိုင်ပုံမှာလည်း ယခင်ပုံစံအတိုင်း ခါးကို ဆန့်ဆန့်မတ်ကာ မျက်လွှာချထားတတ်မြဲ။
မာကျုမီယာအနေဖြင့် ဤအမှုနှင့် ဝင်ရောက်ပတ်သက်ရတော့မည် ဆိုလျှင် သူနှင့် မဖြစ်မနေ တွေ့ရတော့မည်ကို သဘောပေါက်ပြီးသား ဖြစ်သည်။ ထိုသူက သူ့ကို တွေ့လျှင် မည်သို့ တုံ့ပြန်လာနိုင်သည်ကိုလည်း မာကျုမီယာ မစဉ်းစားတတ်။ မာကျုမီယာ ရဲဘဝ ရောက်နေသည်ကို ထိုသူက သိရှိထားသော်လည်း ရာဇဝတ်မှုခင်းဌာနတွင်
ပြောင်းရွ
ှေ့
တာဝန်ကျနေကြောင်းကိုမူ
ထိုသူက သိချင်မှ သိပေလိမ့်မည်။
ထိုသူသည် မာကျုမီယာ မရောက်ခင်ကတည်းက ကြိုထိုင်နေနှင့်ပြီ။ မာကျုမီယာသည် သူ့နောက်မှ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ထို့ကြောင့် မာကျုမီယာဟူသော ရဲသားသစ်ကလေး၏ တည်ရှိနေမှုကို ထိုသူက သတိထားမိဦးမည် မဟုတ်ပေ။
အစည်းအဝေးကို သတ်မှတ်ထားသည့် အချိန်အတိုင်း ကျင်းပခဲ့ကြသည်။ သေဆုံးချိန်ကို ညနေ ၅ နာရီမှ ည ၉ နာရီအတွင်း ဖြစ်နိုင်သည်ဟု သတ်မှတ်ခဲ့သည်။ ရုပ်အလောင်းတွင် ထိခိုက်ထားသော ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မရှိဘဲ ညှစ်သတ်ခံထားရခြင်း ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။
သေသူ၏ အစာအိမ်အတွင်း၌ ရေခဲချောင်းခရင်များ တွေ့ရှိထားသည်။ ထိုသို့ဆိုလျှင် မုန့်ဆိုင်တွင် တစ်ယောက်တည်း ရေခဲချောင်းဝယ်ခဲ့သည် ဆိုသော မိန်းကလေးမှာ ယခု အလောင်းရှင် ကလေးမလေး ဖြစ်ဖို့ရာ သေချာသလောက် ဖြစ်နေသည်။ ထိုသို့သာ အမှန်ဖြစ်လျှင် သေဆုံးချိန်ကို ယခင်ထက် ပိုမိုတိကျစွာ တွက်ဆနိုင်ပေမည်။
အိချိုပန်းခြံ၏ ပတ်ဝန်းကျင်ရှိ လမ်းများဘေးတွင် ကားပေါင်း များစွာ ရပ်ထားကြသည်။ အများစုမှာ လုပ်ငန်းသုံး ကားအလတ်စားများ ဖြစ်သည်။ ထိုသို့ပင် အနီးတဝိုက်၌ အမြဲလိုလို ရပ်ထားတတ်ကြသည်။ ညသန်းခေါင်ယံ အချိန်မှ ရောက်လာပြီး ပါကင်ထိုးတတ်သော ကားစာရင်းကိုတော့ သူတို့ စုဆောင်း၍ မရသေးချေ။
လူသတ်တရားခံ၏ အမှုမဲ့အမှတ်မဲ့ ကျန်နေနိုင်သော သဲလွန်စဟူ၍ တစ်စုံတစ်ရာကိုမျှ မတွေ့ခဲ့ရပေ။ သို့သော် စိတ်ဝင်စားစရာ ကောင်းသည့် တွေ့ရှိချက်တစ်ခုကိုတော့ အစီရင်ခံခဲ့သည်။ ရုပ်အလောင်း၏ အင်္ကျီပေါ်တွင် မြက်စမြက်နတချို့ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ အများက ဂျပန်မြက်ဟု ခေါ်သော မြက်အမျိုးအစား ဖြစ်ပြီး ပိုင်ရှင်၏ ဂရုတစိုက် စောင့်ရှောက်မှု မရှိသောကြောင့် မြက်များမှာ ကြုံလှီနေသည်ဟု ဆိုသည်။ ထို့ပြင် တခြား မြက်အမျိုးအစား တချို့လည်း ရုပ်အလောင်းတွင် တွေ့ရသေးသည်။ ထိုမြက်များမှာ လမ်းဘေးတွင် အလေ့ကျ ပေါက်တတ်သော မြက်ရိုင်းမျိုး ဖြစ်သည်။
ကာဆုဂါအိတို့ မိသားစုနေသော အိမ်မှာ ကန်ထရိုက်တိုက် အမျိုးအစား ဖြစ်၍ ပန်းခြံ ရှိနိုင်မည် မဟုတ်ပေ။ ကာဆုဂါအိ ယူနာ သွားလေ့သွားထ ရှိသည် ဆိုသော ပန်းခြံတွင် မြက်ခင်းပြင် ရှိသည်ဟု ဆိုသော်လည်း အလောင်းတွင် တွေ့ရသော မြက်အမျိုးအစားနှင့် ကွဲပြားနေသည်။ အလောင်းတွေ့ရသော အိချိုပန်းခြံတွင်လည်း မြက်ခင်းပြင် မရှိပေ။
ဓာတ်ခွဲခန်းမှ တင်ပြလာသော နောက်အစီရင်ခံစာ တစ်စောင်ကလည်း စိတ်ဝင်စားစရာ ကောင်းနေသည်။ ကာဆုဂါအိ ယူနာ၏ ခြေအိတ်ပေါ်တွင်လည်း အမျိုးအစားတူ မြက်တချို့ ကပ်နေကြောင်း တွေ့ခဲ့ရခြင်း ဖြစ်သည်။ ထူးဆန်းသည်မှာ အလောင်းကို တွေ့ကြစဉ်က ခြေနှစ်ဘက်လုံးတွင် ခြေနင်းစီးထားကြသည်။
ကလေးမလေးသည် ခြံဝင်း သို့မဟုတ် ပန်းခြံအတွင်းရှိ မြက်ခင်းပြင်ပေါ်တွင် နင်းလျှောက်သွားပြီးမှ လဲကျခဲ့သည် ဆိုသော ဖြစ်နိုင်ခြေကို မငြင်းဆိုနိုင်သော်လည်း ဖိနပ်ချွတ်၍ ခြေအိတ်ဝတ်လျက် လျှောက်သွားခဲ့ခြင်း မဖြစ်တန်ရာဟု အားလုံးက တစ်ညီတစ်ညွတ်တည်း လက်ခံကြသည်။ ထို့ပြင် စဉ်းစားစရာ ရှိသည်မှာ မနေ့မနက်က တစ်မနက်လုံး မိုးရွာခဲ့သောကြောင့် မြက်ခင်းပြင် တစ်ခုလုံး စိုရွဲနေပေမည်။ ထို့ကြောင့် ခြေတုံးလုံး လျှောက်သွားနေသည်ကမှ ပိုပြီး ယုတ္တိရှိလေသည်။ ခြေနင်းမစီးဘဲ ခြေအိတ်ဝတ်လျက်သာ စိုစွတ်နေသော မြက်ခင်းပြင်ပေါ် လျှောက်သွားနေခဲ့သည် ဆိုလျှင် ထိုအဆိုကို လက်ခံရန် ခက်လှပေသည်။ ကာဆုဂါအိ ယူနာ စီးထားသော ခြေနင်းရှိ ဖိနပ်စည်းကြိုးမှာ ခြေဖမိုးအထက်တွင် စည်းရသော ခြေနင်းမျိုး မဟုတ်ဘဲ ခြေချင်းဝတ်အထက်ထိ စည်းနိုင်သော လည်ရှည်ဖိနပ်မျိုး ဖြစ်သည်။ ဆိုလိုသည်မှာ ရုန်းရင်းကန်ရင်း လွယ်လွယ်ဖြင့် ကျွတ်သွားနိုင်သည့် ဖိနပ်မျိုး မဟုတ်ပေ။ ထိုအချက်များကို ကြည့်ခြင်းအားဖြင့် မြက်ခင်းပြင်ပေါ်တွင် ကလေးမလေး လဲလျောင်းနေခဲ့ရခြင်းမှာ သူ၏ ကိုယ်ပိုင် သဘောဆန္ဒကြောင့် မဟုတ်ကြောင်း ထင်ရှားနေသည်။
ပို၍ သဘာဝကျသော ကောက်ချက်မှာ ကလေးမလေးသည် အသတ်ခံရပြီးနောက်မှ မြက်ခင်းပြင်ပေါ်သို့ ပစ်ထားခံရခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ပစ်ထားသောနေရာသည် လူအများအတွက် ထင်သာမြင်သာ ရှိသော နေရာမျိုး လုံးဝ မဖြစ်နိုင်တော့ပေ။ တစ်ဦးတစ်ယောက်၏ ကိုယ်ပိုင် ခြံဝင်းတစ်ခုအတွင်း၌သာ ဖြစ်ရပေတော့မည်။
အထက်ပါ အချက်များမှာ ကနဦး သုံးသပ်ချက်များသာ ဖြစ်သည်။ ထို့ကြောင့် သက်သေခံ ရှာဖွေရေးအဖွဲ့နှင့် နေရိမရဲစခန်းမှ မှုခင်းရဲအဖွဲ့တို့သည် အိချိုပန်းခြံ ပတ်ဝန်းကျင်ရှိ ဂျပန်မြက် ရှိနိုင်သော နေရာများကို စတင် စာရင်းပြုစုခဲ့ကြသည်။ ထိုမြက်မျိုးကို ဂျပန်နိုင်ငံတွင် နေရာအနှံအပြားတွင် တွေ့ရှိနိုင်သည်။ ထိုမြက်မျိုး စိုက်ပျိုးထားသော လူနေခြံဝင်း၏ အရေအတွက်သည်ပင် မရေမတွက်နိုင်အောင် များပြားလှသည်။ အကယ်၍ လူသတ်တရားခံတွင် ကိုယ်ပိုင်ကား ရှိလျှင် စစ်ဆေးရမည့် နေရာစာရင်းမှာ ပို၍ပင် တိုးလာနိုင်သေးသည်။ သို့သော် ထိုအချက်သည် အမှုမှန် ပေါ်ပေါက်ရေးအတွက် အထောက်အကူ ပြုနိုင်သော သဲလွန်စတစ်ခု ဟုတ်မဟုတ်ကိုမူ မသေချာသေးချေ။
ဆက်လက်ပြီး ပတ်ဝန်းကျင် အိမ်ခြေများအား ကနဦး စုံစမ်းထားသည်များကို အစီရင်ခံကြရန် ဖြစ်သည်။ ပထမဆုံး မတ်တပ်ရပ်၍ အစီရင်ခံသူမှာ မာကျုမီယာ အခန်းထဲသို့ ရောက်ကတည်းက အာရုံစိုက်နေခဲ့မိသောသူ ဖြစ်နေသောကြောင့် သူ အံ့အားသင့်သွားသည်။
“ကျွန်တော်က နေရိမရဲစခန်းက ကာဂါပါ” ထိုသူက ဦးစွာ သူ့ကိုယ်သူ မိတ်ဆက်လိုက်ပြီး သူ တွေ့ရှိသည်များကို စတင် တင်ပြလေသည်။ “ကျွန်တော် တာဝန်ကျတဲ့ ခုနစ်ဘလောက်အတွင်းက လူနေအိမ်တွေကို လေ့လာကြည့်တဲ့အခါမှာ မြက်ခင်းပြင် ရှိတဲ့ ပုဂ္ဂလိက အိမ်ခြံဝင်းပေါင်း ၂၄ အိမ် ရှိပါတယ်။ အဲဒီအထဲကမှ ၁၃ အိမ်မှာပဲ ဂျပန်မြက်မျိုး တွေ့ခဲ့ရတယ်။ အခုဟာက မျက်စိနဲ့ မြင်ခဲ့ရသလောက်သာ မှတ်သားထားရတာကြောင့် မြက်အမျိုးအစား သတ်မှတ်တာ မှားကောင်းလည်း မှားနိုင်တာပေါ့။ ကျန်တဲ့ ၁၁ အိမ်မှာရှိတဲ့ မြက်အမျိုးအစားကိုတော့ ကျွန်တော်တို့လည်း အမျိုးအမည် မခွဲတတ်ဘူး။ အခု မေးမြန်းခဲ့သမျှ အိမ်တွေရဲ့ အိမ်ရှင်တွေကို ကလေးမလေးရဲ့ ဓာတ်ပုံ ပြကြည့်တော့ သူတို့အထဲက ၃ အိမ်ကပဲ ကလေးမလေးကို အရင်ကတည်းက သိကြောင်း ပြန်ဖြေပါတယ်။ ဒါပေမယ့် အခုတလော သူတို့ဆီ မလာတော့ကြောင်း ၃ အိမ်စလုံးက ပြောကြတယ်”
ကာဂါ၏ အစီရင်ခံချက်ကို နားထောင်ခြင်းအားဖြင့် အမှုကို လက်ခံရရချင်း သူ စတင်လှုပ်ရှားပြီး စုံစမ်းထောက်လှမ်းခဲ့ကြောင်း မာကျုမီယာ သဘောပေါက်ခဲ့သည်။
ထို့နောက်တွင် ကျန်ရှိနေသေးသော ထောက်လှမ်းရေး အဖွဲ့သားများ၏ အစီရင်ခံစာများကို တစ်ဦးချင်း ဆက်လက် တင်ပြနေကြသည်။ အကြမ်းဖျင်း သတင်းစုဆောင်းခြင်း အဆင့်သာဖြစ်၍ ထိုတင်ပြချက်များထဲမှ အရေးပါသော သဲလွန်စဟူ၍ လက်တလောတွင် ကောက်နုတ်နိုင်ဦးမည် မဟုတ်ပေ။
ရာဇဝတ်မှုခင်းဌာန ဌာနမှူး၏ ညွှန်ကြားချက်များကို နားထောင်ပြီးသောအခါတွင် အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြသည်။ လူသတ်တရားခံသည် သူ၏ ပစ်မှတ်ကို ခပ်စောစောကပင် ကြိုတင်ရွေးချယ်ထားခဲ့ခြင်းလော၊ သို့မဟုတ် တစ်ဦးဦးကို သားကောင်အဖြစ် ကြုံရာကျပန်း သတ်မှတ်ခဲ့ခြင်းလော ဟူသောအချက်မှာ လက်ရှိအချိန်အထိ အတည်မပြုနိုင်သေးချေ။ သေချာသလောက် ရှိသည်မှာ ကလေးမလေးကို ကားဖြင့် ဖမ်းခေါ်သွားခြင်း ဖြစ်မည်ဟူသော အယူအဆ ဖြစ်သည်။ ကလေးမလေး၏ ရုပ်အလောင်းကို သူ့အိမ်နှင့် မလှမ်းမကမ်း နေရာတွင် စွန့်ပစ်ခံထားရခြင်းကြောင့် လူသတ်တရားခံသည် ဤပတ်ဝန်းကျင်တွင်ပင် နေထိုင်သူ ဖြစ်ရမည်ဟု တရားသေ စွဲမှတ်ယူရန် မဖြစ်နိုင်ချေ။ ဤသို့ မှတ်ထင်သွားစေရန်အတွက် ရည်ရွယ်ချက်ရှိရှိ အကွက်ဆင်ထားသော လှည့်ကွက်တစ်ခုလည်း ဖြစ်နေနိုင်သည်။ ဤအမှုတွင် ပါဝင်ပတ်သက်နေသော ထောက်လှမ်းရေး အရာရှိအားလုံး၏ တူညီသော သဘောထားတစ်ခု ရှိသည်။ အိချိုပန်းခြံအတွင်း ရုပ်အလောင်းကို စွန့်ပစ်ရန် ဆုံးဖြတ်ခဲ့သော တရားခံသည် ဤပတ်ဝန်းကျင်၏ ရေမြေအနေအထားနှင့် ပတ်သက်၍ အင်မတန် ရင်းနှီးကျွမ်းဝင်သူတစ်ယောက် ဖြစ်ရပေမည်။
အစည်းအဝေးပြီးနောက် ဌာနခွဲမှူး အိရှိဂါကီသည် တာဝန်ခံ အရာရှိနှစ်ဦးကို သီးခြားခေါ်၍ အမှုကိစ္စ ဆွေးနွေးနေကြသည်။ ထို့နောက် နေရိမရဲစခန်းမှ ထောက်လှမ်းရေး အဖွဲ့သားများ၏ အမြင်နှင့် အကြံပြုချက်များကို နားထောင်၍ ဆက်လက် ဆွေးနွေးနေကြပြန်သည်။ မာကျုမီယာသည် သူ၏ အထက်အရာရှိများနှင့် တွတ်ထိုးနေသော ကာဂါကို အဝေးမှ လှမ်းကြည့်ပြီး အားကျစိတ်၊ စပ်စုလိုစိတ်များ ပြင်းပြနေပေသည်။
သူတို့၏ ဆွေးနွေးပွဲ ပြီးသောအခါ ကိုဘာယာရှိသည် မာကျုမီယာအနားသို့ လျှောက်လာသည်။
“အခင်းပတ်ဝန်းကျင်အတွက် ငါတို့ပဲ တာဝန်ယူလိုက်မယ်။ တခြား သက်သေခံ အထောက်အထားနဲ့ သဲလွန်စတွေ ရှာဖွေ စုဆောင်းတာအပြင် ကလေးမလေးနဲ့ ပတ်သက်ပြီး ဒီကိစ္စမတိုင်ခင်က ထိခိုက်ဒဏ်ရာ ရမှု ရှိမရှိဆိုတာလည်း ငါတို့ လေ့လာရဦးမယ်။ နောက်ပြီးတော့ မြက်ခင်းပြင်ရှိတဲ့ အိမ်တွေ ကိစ္စပဲ။ ဓာတ်ခွဲဌာနဘက်က တစ်အိမ်ချင်းစီမှာ ရှိတဲ့ မြက်တွေကို သူတို့ ယူပြီး ဓာတ်ခွဲစိစစ်ကြလိမ့်မယ်။ တကယ်လို့ အလောင်းပေါ်က ရထားတဲ့ အထောက်အထားနဲ့ တိုက်ဆိုင်နေရင်တော့ ဆက်ပြီး အသေးစိတ် စုံစမ်းထောက်လှမ်းကြရမှာပဲ”
ကိုဘာယာရှိသည် သူ့လက်အောက်ရှိ ရဲဝန်ထမ်းအားလုံးကို ကိုယ်စီကိုယ်စီ အလုပ်တာဝန်များ ခွဲဝေပေးခဲ့သည်။ မာကျုမီယာလည်း ပတ်ဝန်းကျင်နေအိမ်များသို့ ဆက်လက် စုံစမ်းထောက်လှမ်းရန် အမိန့်ရသည်။
“မင်းနဲ့ ကာဂါနဲ့ တစ်ဖွဲ့ပေါ့ကွာ”
ကိုဘာယာရှိ၏ စကားကို ကြားရသောအခါ သူ့နားသူပင် မယုံနိုင်ဘဲ သေချာအောင် နောက်တစ်ခါ ပြန်မေးနေလေသည်။
“မင်းလည်း ကြားဖူးပြီးသား ဖြစ်လိမ့်မယ် ထင်ပါတယ်။ သူက အင်မတန် တော်တဲ့ မှုခင်းစုံထောက်တစ်ယောက်ပဲ။ ငါ သူနဲ့ အလုပ်တွဲလုပ်ခဲ့ဖူးတာ ခဏခဏပဲ။ မင်းအတွက်တော့ နည်းနည်း ခက်ခဲချင် ခက်ခဲနေလိမ့်မယ်။ ဒါပေမယ့် သူနဲ့ တွဲလုပ်ကြည့်ပါ။ မင်းအတွက် ပညာတွေ အများကြီး ရမှာကို ငါ အာမခံပါတယ်”
“ဒါပေမယ့် …”
“ဘာအခက်အခဲ ရှိလို့လဲ” ကိုဘာယာရှိက မာကျုမီယာကို စိုက်ကြည့်လိုက်သည်။
“မရှိပါဘူး” မာကျုမီယာက ခေါင်းခါပြနေစဉ် သူ့နောက်ကျောဘက်မှ သူ့အား နှုတ်ဆက်နေသံတစ်ခုကို ကြားလိုက်ရသည်။ သူ လှည့်ကြည့်သောအခါ သူ့ကို အသေအချာ စိုက်ကြည့်နေသော ကာဂါနှင့် မျက်လုံးချင်း ဆုံမိကြတော့သည်။ သူ့အကြည့်များက အဓိပ္ပာယ် နက်ရှိုင်းလှပေစွ။
မာကျုမီယာကလည်း ပြန်ပြီး နှုတ်ခွန်းဆက်လိုက်သည်။
အစည်းအဝေးခန်းမှ ထွက်လာသောအခါ မာကျုမီယာက ကာဂါကို စကားစလိုက်သည်။ “မတွေ့တာ ကြာပြီနော်”
တစ်ဘက်မှ ခပ်ပြတ်ပြတ် ပြန်ဖြေပြီး သူ့ကို ပြန်မေးလေသည်။ “နေ့လယ်စာ စားပြီးပြီလား”
“ဟင့်အင်း၊ မစားရသေးဘူး”
“ဒါဆို ငါတို့ အတူတူ သွားစားရအောင်။ ငါ ဆိုင်ကောင်းကောင်းတစ်ဆိုင် သိထားတာ ရှိတယ်”
ဌာနချုပ် အဆောက်အအုံမှ ထွက်လာကြပြီးနောက် ကားမှတ်တိုင်အရှေ့ရှိ ဈေးဆိုင်တန်းထဲသို့ ကာဂါက ဦးဆောင်ခေါ်သွားခဲ့သည်။
“နေသားကျပြီလား” ကာဂါက လမ်းလျှောက်နေရင်း မေးလိုက်သည်။
“ဖြည်းဖြည်းချင်းစီပေါ့” မာကျုမီယာက ပြန်ဖြေသည်။ “ဆေတာဂါယာအိမ်က လူသတ်ခံမှုမှာ ကျွန်တော် ဝင်ပါခဲ့ရသေးတယ်။ အမှုစစ်ဆေးနေတုန်း ကျွန်တော်အတွက် သင်ခန်းစာတွေ အများကြီး ရလာခဲ့တာပဲ။ လူသတ်မှုနဲ့လည်း အသားကျသလောက် ရှိနေပါပြီ”
‘မိမိတွင် အတွေ့အကြုံ ရှိသည်’ ဟူသော ဂုဏ်ဆာသည့် အဓိပ္ပာယ်များ ထိုစကားထဲတွင် ပါဝင်နေသည်။ သူ့နှင့် လက်တလော ဆက်ဆံနေရသူသည် သူ့အား ချာတိတ်ကလေး၊ လူသစ်ကလေးဟု ထင်မှတ်နေမည်ကို သူ မခံယူလိုသောကြောင့် ဖြစ်သည်။
ကာဂါက အသံထွက်အောင် ရယ်မောလိုက်ပြီး “အမှုနဲ့ အသားကျတယ်ဆိုတာ မဖြစ်နိုင်ပါဘူးကွာ။ အထူးသဖြင့် လူသတ်မှုကို ကိုင်ရတဲ့သူမျိုးပေါ့။ ကျန်ရစ်သူ မိသားစုတွေရဲ့ ပရိဒေဝသောကမီးတွေကို သာမန်ကိစ္စတစ်ခုလို သဘောထားနေပြီ ဆိုရင်တော့ အဲဒီလူရဲ့ စိတ်ဓာတ်က အတော် သံသယရှိချင်စရာပဲ။ အစ်ကို မေးချင်တာက မင်းအခု မှုခင်းရဲတစ်ယောက်အနေနဲ့ အသားကျနေပြီလား လို့ပါ။ ရဲဝတ်စုံ ဝတ်ထားရတဲ့အခါမှာ ပတ်ဝန်းကျင်က အရာတွေကို ကြည့်တဲ့ အကြည့်တွေကလည်း သာမန်ကာလျှံကာ မဖြစ်သင့်တော့ဘူး”
“အဲဒါကို ကျွန်တော် သဘောပေါက်ပါတယ်”
“ကောင်းတာပေါ့။ ဘာပဲဖြစ်ဖြစ်ပါ၊ အချိန်က စကားပြောပါလိမ့်မယ်”
ကာဂါသည် ဘတ်စ်ကားမှတ်တိုင်၏ မျက်နှာချင်းဆိုင် လမ်းတစ်ဘက်ခြမ်းရှိ ဈေးဆိုင်တန်း၏ အစွန်ဆုံးတွင် ရှိသော ထမင်းဆိုင်ထဲသို့ ဝင်သွားသည်။ အထဲတွင် စားပွဲ လေးလုံးရှိပြီး နှစ်လုံးမှာ လူပြည့်နေသည်။ ကာဂါသည် ပြတင်းပေါက်နှင့် ကပ်လျက်ရှိသော ထိုင်ခုံကို ရွေးထိုင်လိုက်သည်။ သူ ဆိုင်အတွင်းသို့ ဝင်လာစဉ်က ကောင်တာထိုင်နေသော အမျိုးသမီးနှင့် စကားတစ်ခွန်းနှစ်ခွန်း ပြောနေသည်ကို ထောက်ဆခြင်းဖြင့် ထိုဆိုင်နှင့်သူ ရင်းနှီးသည်မှာ သိသာသည်။
“ဒီဆိုင်မှာ ရတဲ့ ဟင်းတွေက စားလို့ကောင်းတယ်။ ကြက်ကင်ထမင်းက ဒီဆိုင်ရဲ့ အထူးရှယ် ဟင်းလျာပေါ့”
“ဪ” မာကျုမီယာက အူကြောင်ကြောင်ဖြင့် ခေါင်းညိတ်လိုက်ပြီး ငါးကြော်နှင့် ထမင်းတစ်ပွဲ မှာလိုက်သည်။ ကာဂါကတော့ ထမင်းကြော်တစ်ပွဲ မှာသည်။
“ဒီမနက် အမှုကိစ္စ ကြားရကတည်းက အစ်ကိုနဲ့ တွေ့ရတော့မယ်လို့ စဉ်းစားနေမိတာ”
“ဒီလိုလား”
“ကျွန်တော့်ကို တွေ့ရတော့ အစ်ကို အံ့ဩမသွားဘူးလား”
“အံ့တော့ မဩမိပါဘူး။ မင်းကို စတွေ့လိုက်ရတော့ တကယ်ပဲ မင်း ဒီရောက်နေတာကိုးလို့ အတည်ပြုလိုက်ရုံပါပဲ”
“ဒါဆို ကျွန်တော် ရာဇဝတ်မှုခင်းဌာနထဲ ရောက်နေတာ အစ်ကို သိတယ်ပေါ့”
“အင်း”
“ဦးလေးဆီက သိထားတာလား”
“မဟုတ်ပါဘူး။ ငါတို့ဆီမှာလည်း ရာဇဝတ်မှုခင်းဌာနက သတင်းတွေ ကြားနေရတာပဲဟာ”
“ဪ”
ယခင်က ကာဂါသည် ရာဇဝတ်မှုခင်းဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ထို့ကြောင့်လည်း ဌာနမှ မိတ်ဟောင်းများနှင့် အဆက်အသွယ် ရှိနေဦးမည်မှာ သေချာသည်။
“အစ်ကိုနဲ့ တစ်ဖွဲ့တည်း ကျလိမ့်မယ်လို့ ထင်တောင် ထင်မထားဘူး။ အစ်ကိုက တပ်ဖွဲ့မှူးကို ဘာသွား ပြောလိုက်လို့လဲ”
“မပြောပါဘူး။ ဘာတုန်း၊ မင်းက သိပ်သဘောကျပုံ မရဘူး”
“အဲဒီလို သဘောမျိုး မဟုတ်ပါဘူး။ နည်းနည်း ထူးဆန်းနေလို့ပါ”
“မင်းက ငါနဲ့ တစ်ဖွဲ့တည်း အတူ အလုပ်မလုပ်ချင်ဘူး ဆိုရင်လည်း ငါ မစ္စတာကိုဘာယာရှိကို ပြောလိုက်ပါ့မယ်”
“ကျွန်တော် အဲဒီသဘောမျိုး ပြောတာ မဟုတ်ပါဘူးဗျာ” မာကျုမီယာ၏ တုံ့ပြန်သံမှာ အနည်းငယ် ကျယ်လောင်သွားသည်။
ကာဂါသည် လက်ဖဝါးနှစ်ဘက်ကို စားပွဲပေါ် ဖြန့်တင်ထားပြီး ရှေ့တည့်တည့်သို့သာ ကြည့်၍ ပြောနေသည်။
“နေရိမရဲစခန်းရဲ့ မှုခင်းရဲတွေအနေနဲ့ကလည်း ရာဇဝတ်မှုခင်းဌာနရဲ့
ညွှန်ကြားချက်အောက်မှာ
အလုပ်လုပ်နေကြရတာ။ ဒီတော့ မင်းနဲ့ငါ အဖွဲ့တစ်ဖွဲ့တည်း ကျတယ်ဆိုတာကလည်း တိုက်ဆိုင်မှု သက်သက်ပါပဲ။ ဒါတွေကို ဘာမှ စိတ်ထဲ ထားမနေနဲ့”
“ကျွန်တော်က ဘာမှ မဖြစ်ပါဘူး။ ကျွန်တော်လည်း ခွဲမှူးတို့ တပ်ဖွဲ့မှူးတို့ရဲ့ အစီအစဉ်အတိုင်း ကျရာတာဝန် ထမ်းဆောင်ရတာ မဟုတ်လား။ ကျွန်တော်ကလည်း အစ်ကို့ကို နယ်မြေခံ ရဲတစ်ယောက်အနေနဲ့ပဲ သဘောထားမှာပါ”
“အေး ကောင်းတာပေါ့။ ဒါဆိုလည်း ပြီးတာပဲလေ” ကာဂါက ခပ်ပြတ်ပြတ် ပြန်ဖြေသည်။
မကြာခင် မှာထားသည်များ ရောက်လာကြသည်။ ကြည့်ရသည်နှင့်ပင် စားချင်စရာ အရသာ ရှိမည့်ပုံ။ ထည့်ထားသော ဟင်းသီးဟင်းရွက်များမှာ အမယ်စုံ၍ အရောင်လည်း စုံနေသည်။ ဗီတာမင် မျိုးစုံကို တွဲဖက်ထားသည့်နှယ်။ တစ်ကိုယ်တည်း လူပျိုကြီးဘဝဖြင့် နေနေသော ကာဂါအတွက် ဤသို့သော ဆိုင်မျိုးမှာ မရှိမဖြစ် အရေးပါနေပေလိမ့်မည်ဟု မာကျုမီယာက တွေးနေမိသည်။
“အဒေါ်ရော နေကောင်းလား” ကာဂါက သူ့ထမင်းကြော်ကို မွှေနေရင်း မေးသည်။
ဆွေမျိုးရင်းချာကဲ့သို့ မေးမြန်းနေသော တစ်ဘက်လူ၏ မေးခွန်းကို မာကျုမီယာ ကြားလိုက်ရသောအခါ စိတ်ထဲမှ ချဉ်တင်တင်ဖြစ်ကာ ဘာမျှ ပြန်မဖြေသေးဘဲ ငေးကြည့်နေမိသည်။ ကာဂါကလည်း ဆွံ့အနေသော သူ့ကို ထူးဆန်းစွာ စိုက်ကြည့်နေလေသည်။
ဘာမျှ ပြန်မဖြေဘဲ ခပ်တည်တည် ငြိမ်နေလျှင် ကလေးအထာဟု အထင်ခံရမည် စိုးသောကြောင့် တစ်ခဏအကြာတွင် မာကျုမီယာသည် ခေါင်းညိတ်ပြလိုက်သည်။
“သူကတော့ အရင်လိုပါပဲ။ အခုချိန်ထိ အာသွက်လျှာသွက်ပဲ။ အစ်ကိုနဲ့တွေ့ရင် သူက သတိရကြောင်း ပြောလိုက်စမ်းပါ ဆိုပြီး ဟိုးအရင်ကတည်းက ပြောနေတာ။ ကျွန်တော်ကလည်း ‘ဘယ်ဆီဘယ်ဝယ်မှ တွေ့ရမယ်မှန်း မသိဘူး။ တွေ့ရင် ပြောလိုက်ပါမယ်’ လို့သာ ပြောထားရတယ်”
“ဒီလိုလား” ကာဂါက ခေါင်းတညိတ်ညိတ်ဖြင့် ပြောသည်။
သူတို့နှစ်ယောက် ဘာမျှ ထပ်မပြောတော့ဘဲ ပန်းကန်ထဲမှ စားစရာများကို အပြောင်ရှင်းနေကြသည်။ မာကျုမီယာ၏ ဦးနှောက်ထဲတွင် အတွေးပေါင်းစုံဖြင့် ရှုပ်ယှက်ခတ်နေသောကြောင့် သူမှာထားသော ဟင်းလျာ၏ အရသာကိုပင် အပြည့်အဝ မခံစားလိုက်ရပေ။
ကာဂါသည် ထမင်းစားပြီးနောက် လက်ကိုင်ဖုန်းကို ဆွဲထုတ်ကာ ဟိုတို့ဒီတို့နှင့် အလုပ်ရှုပ်နေသည်။ သူ ဟိုတို့ဒီတို့ လုပ်နေသည်မှာ တစ်ခဏသာ ကြာသောကြောင့် စာတိုတစ်စောင် ပို့နေခြင်းသာ ဖြစ်လိမ့်မည်ဟု ယူဆရသည်။
“ကျွန်တော် လွန်ခဲ့တဲ့ သုံးရက်လောက်ကမှ ဦးလေးဆီ ရောက်ခဲ့သေးတယ်” မာကျုမီယာသည် ပြောနေရင်း တစ်ဘက်လူ၏ မျက်နှာ အမူအရာကို အကဲခတ်နေမိသည်။
ကာဂါက ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲ သိမ်းလိုက်ပြီး မာကျုမီယာကို မော့ကြည့်သည်။
“ဟုတ်လား” သူ၏ လေသံက သိပ်ပြီး အလေးမထားပုံ ပေါက်နေသည်။
မာကျုမီယာသည် လက်ထဲမှ
ဇွန်းခက်ရင်းကို
ချလိုက်ပြီး “အစ်ကို့အနေနဲ့ သွားကြည့်သင့်တယ် ထင်တာပဲ။ ဦးလေးရဲ့ အခြေအနေကလည်း ကောင်းတာ မဟုတ်ဘူး။ အမှန်အတိုင်း ပြောရရင် ဘယ်လောက်မှ ကြာကြာ ခံမှာ မဟုတ်တော့ဘူး။ ကျွန်တော့် အရှေ့မှာသာ သူက သက်သာနေသယောင် ဟန်ပန်လုပ်နေတာ”
ကာဂါက ဘာမျှ ပြန်မဖြေဘဲ ငုံ့၍သာ ဟင်းရည်များကို တစ်ဇွန်းပြီးတစ်ဇွန်း ယူသောက်နေသည်။
“အစ်ကို!”
“သိပ်စကားများမနေနဲ့။ မြန်မြန်စား။ ဒီလောက်ကောင်းတဲ့ ဟင်းတွေ အေးကုန်ပြီ။ ပြီးတော့ အမှုကိစ္စနဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများကြီးအတွက် အပြန်အလှန် ဆွေးနွေးတိုင်ပင်ကြရဦးမှာ”
မာကျုမီယာ၏ မိသားစုအကြောင်းကို ကာဂါကပင် စပြီး မေးခဲ့သည်။ ယခု မာကျုမီယာက သူ့မိသားစုအကြောင်း ပြန်ပြောတော့ သူက မကြည်ဖြူချင်။ မာကျုမီယာသည် ဘာမျှ ထပ်မပြောတော့ဘဲ ခေါင်းငုံ့ကာ သူ့ထမင်းသူ ပြီးအောင် စားနေတော့သည်။
စားပြီးသောအခါ သူ့ဖုန်းသံ မြည်လာသည်။ ကိုဘာယာရှိ ဆက်လာခြင်း ဖြစ်သည်။
“ဓာတ်ခွဲဌာနဆီက သတင်းအသစ်တစ်ခု ရတယ်။ ရုပ်အလောင်းရဲ့ အင်္ကျီမှာ ကပ်ပါနေတဲ့ အဖြူရောင် အစေ့လေးတွေက ဘာလဲဆိုတာ အခု ဓာတ်ခွဲလို့ ရပြီတဲ့”
“အဖြူစေ့လေးတွေ … ဘာတွေလဲ”
“ဖော့လုံးလေးတွေ”
“အန်?” မာကျုမီယာသည် အူကြောင်ကြောင်ဖြင့် ခေါင်းကို ပွတ်နေသည်။
“အိမ်သုံး လျှပ်စစ်ပစ္စည်းတွေကို ထုပ်ပိုးတဲ့အခါ အထဲမှာ ဖော့တုံးတွေ ထည့်တတ်တယ် မဟုတ်လား။ ဓာတ်ခွဲဌာနရဲ့ အဆိုအရ အဲဒီလို ဖော့တုံးက ထွက်လာတဲ့ ဖော့လုံးလေးတွေ ဖြစ်မယ်တဲ့”
“အဲဒီလိုဆိုတော့ ….”
“ကတ်စက္ကူပုံးပေါ့” ကိုဘာယာရှိက ချက်ချင်း ပြန်ဖြေသည်။ “လူသတ်သမားက အလောင်းကို ကတ်စက္ကူပုံးထဲ ထည့်ပြီး သယ်ခဲ့တာပဲ။ အဲဒီ ကတ်ပုံးထဲမှာ ကျန်နေတဲ့ ဖော့လုံးကလေးတွေက အလောင်းရဲ့ အင်္ကျီမှာ ကပ်ပါလာတာပေါ့”
“ဒီလိုကြောင့်လား”
“ငါတို့ ဆက်ပြီး အိချိုပန်းခြံ ပတ်ဝန်းကျင်ကို ရှာဖွေကြမယ်။ ဒါပေမယ့် ဖြစ်နိုင်တာက အဲဒီစက္ကူပုံးကို တရားခံက ပြန်ယူသွားလောက်ပြီ။ ဒါမှမဟုတ် တခြား တစ်နေရာရာမှာ ပစ်ထားလောက်တယ်။ တကယ်လို့ တရားခံဟာ အနီးပတ်ဝန်းကျင်မှာပဲ နေတဲ့သူဆိုရင်တော့ အိမ်ပြန်သယ်သွားနိုင်တဲ့ ဖြစ်နိုင်ခြေကိုလည်း ထည့်စဉ်းစားရမှာပဲ။ ဒါကြောင့် မင်းတို့ နေအိမ်တွေမှာ မြက်ခင်းပြင်တွေကို သွားစုံစမ်းနေရင်း ကတ်စက္ကူပုံးလိုဟာမျိုး သူတို့ ခြံထဲမှာ ရှိမရှိ ဆိုတာကိုလည်း
မျက်
စိရှ
င်ရှင်ထားပြီး
သတိထား လေ့လာဖို့ မှာချင်တာပဲ။ ဓာတ်ခွဲဌာနရဲ့ အပြောအရ အဲဒီကတ်ပုံးဟာ ကလေးမလေးကို ထည့်သယ်ထားတာကြောင့် အတော်လေး နံနေနိုင်တယ်တဲ့။ ဒါကြောင့် အိမ်ခန်းထဲ သိမ်းထားဖို့ မဖြစ်နိုင်ဘူး”
“ကျွန်တော် သဘောပေါက်ပြီ” မာကျုမီယာက ပြောပြီး ဖုန်းချလိုက်သည်။
သူ့ကို စူးစမ်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေသော ကာဂါကို မြင်လိုက်ရသောအခါ ဖုန်းထဲမှ သူကြားခဲ့ရသော အကြောင်းအရာများကို ကာဂါအား ထပ်မံ ရှင်းပြလိုက်သည်။ ထို့ပြင် သူ့ကိုယ်ပိုင် အမြင်ကိုလည်း တစ်ခွန်းထပ်ဖြည့်လိုက်သည်။
“ကျွန်တော့်အထင်တော့ အလုပ်ပိုပဲ နေမှာ”
ထိုစကားကို ကြားရသောအခါ ကာဂါက သူ့စကား၏ အဓိပ္ပာယ်ကို မေးမြန်းလေသည်။
“ကျွန်တော်သာ တရားခံဆိုရင် အဲဒီ ကတ်စက္ကူပုံးကို ဘာဖြစ်လို့ အိမ်ပြန်သယ်သွားမလဲ။ ဒီအနီးအနားမှာ နေတယ်ဆိုရင်တောင် ပြန်သယ်မနေဘူး။ ကားနဲ့ ဟိုးအဝေးကြီးတစ်နေရာ မောင်းသွားပြီး အဆင်ပြေတဲ့ တစ်နေရာမှာ ဖျောက်ဖျက်ပစ်လိုက်မှာပေါ့။ အဲဒီလိုပဲ လုပ်သင့်တာ”
ကာဂါကတော့ ခေါင်းလည်း မညိတ်၊
ခ
ေါင်း
လည်း
မခါ။ တစ်ခုခုကို နက်နက်နဲနဲ စဉ်းစားနေသလို ဟန်အမူအရာဖြင့် ဖုန်းမျက်နှာပြင်ကိုသာ စိုက်ကြည့်နေလေသည်။