မာတိကာကြည့်ရန်

အခန်း (၅)

အာကီအိုသည် အောက်ထပ်သို့ ဆင်းလာပြီးနောက် ထမင်းစားခန်းထဲ မဝင်တော့ဘဲ တခြား ဘေးတစ်ဘက်ရှိ ဧည့်ခန်းထဲသို့ ဝင်သွားခဲ့သည်။ သူ ပြန်လာစဉ်အခါက ယာအေကိုသည် ထိုအခန်းထဲမှ ထွက်လာခဲ့ခြင်း ဖြစ်သည်။ အခန်းထဲတွင် တီဗီတစ်လုံးနှင့် ဧည့်ခံစားပွဲ စက်တီတစ်စုံသာ ရှိသည်။ စားပွဲပေါ်မှာတော့ ရေနွေးကြမ်း ခရားအိုးနှင့် ကြွေခွက်တချို့။ ဧည့်ခန်း၏ အပြင်အဆင်မှာ ရိုးရိုးရှင်းရှင်းသာ။ အာကီအိုအတွက်တော့ ယခုအခါ
ကွန်းခိုနား
နေရ
ာ
 နေရာလေးတစ်ခု ဖြစ်နေသည်။ သူ အိမ်ပြန်မရောက်ခင်က  ယာအေကိုလည်း ဤနေရာမှာပင် စိတ်ရှုပ်ရှုပ်ဖြင့် ထိုင်နေခဲ့မည်မှာ အမှန်ပင်။

အာကီအိုသည် မြက်ဖျာပေါ်တွင် ခြေပစ်လက်ပစ် ထိုင်လျက် လက်တစ်ဘက်ကို အနီးရှိ ထိုင်ခုံလက်တန်းပေါ်တွင် တင်ထားသည်။ ပန်းခြံထဲတွင် ရှိနေသော အလောင်းကို နောက်တစ်ကြိမ် ထပ်သွားကြည့်သင့်သည်ဟု သူ ယူဆမိသည်။ သို့သော် စိတ်ရောကိုယ်ပါ လေးလံနေ၍ နည်းနည်းလေးမျှ မလှုပ်ချင်တော့။ သက်ပြင်းချဖို့ပင် သူ့အတွက် ခက်ခဲနေသည်။

အပေါ်ထပ်မှ နာအိုမီ၏ ဆူပူသံများ မကြားရတော့။ ယာအေကိုက ဖြစ်ကြောင်းကုန်စင်ကို သူ့သားထံမှ မေးမြန်းနိုင်ပါ့မလား မဆိုနိုင်။ သူသည် ယခင်က ကဲ့သို့ပင် သူ့သားကို ချော့မော့၍ မေးမြန်းနေမည်မှာ မြေကြီး လက်ခတ်မလွဲ။ နာအိုမီသည် ငယ်စဉ်ကတည်းက အတော်ဆိုးသည်။ ထို့ကြောင့် ယာအေကိုလည်း မသိလိုက် မသိဘာသာဖြင့် သူ့သားကို
အောက်က
ျို့
၍
 ချော့မော့ပြောတတ်သော အကျင့်ပင် ရနေလေပြီ။ အာကီအိုအနေဖြင့် ဤသို့သော အမူအကျင့်မျိုးကို နည်းနည်းမျှ ကြည့်မရသော်လည်း ကလေးကို ဆုံးမပြုစုသည့် တာဝန်မှာ ယာအေကို၏ တာဝန်သာ ဖြစ်သည်ဟု သူ ခံယူထားသောကြောင့် ဝင်မပါခဲ့ချေ။ တစ်လျှောက်လုံး ယာအေကိုကသာလျှင် သူ့သားကို ထိန်းကျောင်းခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် ထိုသို့ ပျော့ညံ့သော ကိုင်တွယ်နည်းကိုလည်း သူ ပြဿနာ ရှာမနေချင်တော့။

သို့သော် ယနေ့ ဖြစ်ပျက်ခဲ့ပြီးသော ပြဿနာသည် မည်သို့ ဖြစ်ခဲ့ရသနည်း။ သူ သိမှ ဖြစ်မည်။

သူ လုံးဝ ခန့်မှန်း၍ မရသည်တော့ မဟုတ်။ နာအိုမီ၏ မူလရည်ရွယ်ချက်ကို သူ အတိုင်းအတာတစ်ခုအထိ ခန့်မှန်းနိုင်သည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်လခန့်က ယာအေကိုထံမှ သူ့သားနှင့် ပတ်သက်သော အဖြစ်အပျက်တစ်ခုကို ကြားဖူးထားခြင်းကြောင့် ဖြစ်သည်။

ထိုနေ့ညက ယာအေကို ဈေးဝယ်ရာမှ ပြန်ရောက်လာစဉ် နာအိုမီနှင့် ရပ်ကွက်ထဲမှ ကောင်မလေးတစ်ယောက် ထမင်းစားခန်းရှေ့တွင် အတူထိုင်နေကြသည်ကို အဝေးမှ လှမ်းမြင်ခဲ့ရသည်။ သူ့သား၏ လက်ထဲတွင် ခွက်တစ်ခွက် ကိုင်ထားပြီး ကောင်မလေးကို သောက်ခိုင်းရန် ကြံစည်နေပုံ ရသည်။ သို့သော် နာအိုမီသည် သူ့မိခင်ကို လှမ်းမြင်လိုက်သည်နှင့် ခွက်ထဲမှ အရည်များကို ပန်းခြံဘက်သို့ လှမ်းပက်၍ သွန်ပစ်လိုက်သည်။ ထို့နောက် ကလေးမလေးကို အိမ်ပြန်ခိုင်းခဲ့၏။ ထိုမျှ မြင်ရသလောက်သာ ဆိုလျှင် ဘာမျှ ပြဿနာ မဟုတ်။ သို့သော် ယာအေကိုက သံသယရှိ၍ မီးဖိုချောင်ကို စစ်ဆေးကြည့်ရာ အရက်ပုလင်းမှ အရက်များ လျော့နေသည်ကို တွေ့ရှိသွားသည်။

နာအိုမီသည် ကောင်မလေးကို အရက်မူးအောင်တိုက်၍ မဖွယ်မရာ တစ်ခုခု လုပ်ဖို့ ကြံစည်ထားခြင်းသာ ဖြစ်ရပေတော့မည်။

အာကီအိုသည် သူ့ဇနီးသည်၏ အထင်ကို ရယ်ကာမောကာ ဟာသတစ်ခုအနေဖြင့်သာ နားထောင်ခဲ့သည်။ အသက်ငယ်ရွယ်သော ကလေးမလေးတွေကိုမှ ရွေးပြီး စိတ်ဝင်စားတတ်သော လိင်စိတ်ဖောက်ပြန်မှုတစ်မျိုး သူ့သားတွင် ရှိနေပြီဟု ယာအေကိုကတော့ အခိုင်အမာ ယုံကြည်နေသည်။

“အိမ်ရှေ့ကနေ ကလေးမလေးတွေ ဖြတ်သွားရင် သူက မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတတ်တယ်။ ရှေ့တစ်ခေါက်က နာရေးတစ်ခုမှာ ရှင်လည်း တွေ့တာပဲ။ ကလေးမလေးတစ်ယောက်နဲ့ ပလူးပလဲ လုပ်နေတာ။ အဲဒီကလေးမက အခုမှ မူလတန်း ရှိသေးတာလေ။ ရှင့်အမြင်မှာ နည်းနည်းမှ ထူးဆန်း မနေဘူးလား”

ထိုစကားများကို ကြည့်ခြင်းအားဖြင့် နာအိုမီ၏ ခြေလှမ်းများ ပျက်နေသည်ကို အာကီအို သဘောပေါက်သည်။ သို့သော်လည်း သူ ဘာလုပ်ရမှန်း မသိခဲ့။ သူ လုံးဝ ထင်မှတ်မထားသော အတွေ့အကြုံတစ်ခု၊ တစ်ခါမျှ မကြုံဖူးသော အခြေအနေတစ်ခုကို
ကျိုးကြောင်း
ဆီ
လျော်အောင်လည်း
 သူ မစဉ်းစားတတ်။ တွေးလေ ရှုပ်လေသာ ရှိခဲ့တော့သည်။ ထို့ကြောင့် သူ့ဇနီးပြောခဲ့သည့် အကြောင်းအရာများကို ယုတ္တိမတန်သော ယူဆချက်များဟုသာ သဘောထားလိုက်တော့သည်။ ခေါင်းရှုပ်မခံချင်သော သူ့အတွက် ဤသည်မှာ အကောင်းဆုံး ဖြေရှင်းနည်းပင် မဟုတ်ပါလား။

“ကဲပါ၊ ကိုတို့ ထပ်ပြီး စောင့်ကြည့်ကြသေးတာပေါ့” ဤသည်မှာ သူ၏ ဝေဖန်သုံးသပ်ချက်မှ နောက်ဆုံးထွက်ပေါ်လာသော ရလဒ်ပင်။

ယာအေကိုကတော့ ထိုစကားကို နည်းနည်းမျှ ဘဝင်မကျချင်။ သို့သော် သူ့ယောက်ျားက ဤမျှသာ တတ်နိုင်သည် မဟုတ်ပါလား။ ထိုအမှန်တရားကို လက်သင့်ခံကာ ခပ်မဆိတ်ပင် နေနေခဲ့သည်။

ထို့နောက်တွင် အာကီအိုသည် သူ့သားကို ဂရုတစိုက် အကဲခတ်နေခဲ့သည်။ သူမြင်သလောက်ဖြင့် နာအိုမီမှာ ဘာမျှ ထူးထူးခြားခြား မရှိ။ သူ့ဇနီး ပြောသကဲ့သို့ ကလေးမလေးများနှင့် ပရောပရည် လုပ်သည်ကို မတွေ့ခဲ့ရ။ တကယ်တမ်း ပြောရလျှင် အာကီအိုသည် သူ့သားကို တစ်နေကုန် စောင့်ကြည့်နိုင်သည်တော့ မဟုတ်။ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် ဆုံကြသောအချိန်မှာ အလွန် နည်းလှသည်။ အာကီအို နံနက်အလုပ်သွားချိန်ဆိုလျှင် နာအိုမီသည် ကုတင်ပေါ်တွင် ကွေး၍ ကောင်းနေတုန်း။ ညအချိန် ရုံးမှ ပြန်ရောက်ပြီ ဆိုလျှင်လည်း နာအိုမီသည် သူ့အခန်းထဲက မထွက်တော့။ တနင်္ဂနွေနေ့လို ရုံးပိတ်ကျောင်းပိတ်ရက်မျိုးမှာသာ ထမင်းစားခန်းထဲတွင် မျက်နှာချင်း ဆိုင်မိကြသည်။ ထိုသို့ တစ်ခန်းတည်းတွင် နှစ်ယောက်သား အတူတူ ရှိကြသောအခါမှာလည်း နာအိုမီသည် သူ့အဖေနှင့် မျက်လုံးချင်း မဆုံမိအောင် အမြဲ ရှောင်လွှဲနေတတ်သည်။ မဖြစ်မနေ စကားပြောရမည့် အချိန်မျိုး ရောက်နေလျှင်လည်း မေးထူးခေါ်ပြောလောက်သာ။

ဘယ်အချိန်မှ စပြီး နာအိုမီနှင့် သူ၏ ဆက်ဆံရေးမှာ ထိုသို့ ပြောင်းလဲသွားခဲ့သည်ကို အာကီအိုပင် သတိမထားမိခဲ့ချေ။ မူလတန်းကျောင်း တက်စဉ်အခါက အနည်းငယ်
ကတောက်က
ဆတ် ရှိခဲ့ဖူးသော်လည်း ထိုအချိန်က မိဘစကားကို ကောင်းကောင်း နားထောင်သေးသည်။ ဆုံးမသည်များကိုလည်း တတ်နိုင်သရွေ့ ပြင်ဆင်ခဲ့သည်။ ထိုစဉ်က လိမ္မာသော ကလေးဟု ဆိုနိုင်သေး၏။ သို့သော် ဘယ်အချိန်မှစကာ သူ့အဖေ အာကီအို၏ ဆိုဆုံးမစကားများကို ကလန်ကဆန် လုပ်တတ်လာခဲ့သနည်းဟု ဖခင်ဖြစ်သူပင် နားမလည်နိုင်ခဲ့။ အမှားတစ်ခုခုကို ပြင်ဆင်ရန် သတိပေး ပြောကြားလိုက်လျှင်လည်း မထုံတက်သေး အမူအရာဖြင့်သာ တုံ့ပြန်တတ်သည်။ ထိုအမူအရာကို ဒေါပွပြီး အာကီအိုက ဆူလား ကြိမ်းလား လုပ်လာလျှင်တော့ နာအိုမီက ပိုမို၍ သောင်းကျန်းပြကာ ရမ်းကားလေသည်။ ထိုအခြေအနေမျိုးတွင် ဖခင်ဖြစ်သူက တတ်နိုင်သလောက် မျက်နှာချင်း မဆိုင်ရအောင် ရှောင်နေရသည်။ နားပူသည့် ဒဏ်များကို သူ မခံလို။ အရာအားလုံး တည်ငြိမ်သွားမည့် အချိန်တစ်ခုကို စောင့်ဆိုင်းနေသော ကလေးငယ်တစ်ယောက်လိုပင် အားလုံးကို ပုန်းရှောင်နေတော့သည်။

ထိုစဉ်အချိန်ကတည်းက သူ၏ တစ်ဦးတည်းသော သားတွင် ရှိနေသည့် စိတ်ဖောက်ပြန်သော လက္ခဏာများကို သိလျက်နှင့်ပင် လျစ်လျူရှုဖို့သာ ကြိုးစားနေခဲ့သည်။ ဖျောင်းဖျကုသဖို့ပင် စိတ်ကူးမရခဲ့။ သူ့အနေနှင့် မဆုံရ မကြုံရလျှင် ဘာပြဿနာမှ မရှိဟုသာ သဘောထားခဲ့သည်။ ဆုံခဲ့ကြုံခဲ့လျှင်လည်း စိတ်ဖောက်ပြန်မှု မဟုတ်ဟု တရားသေ ကိုင်စွဲထားလိုက်ချင်သည်။

ယခုမှ နောင်တရနေလျှင်လည်း ဘာမျှ ထူးခြားလာမည် မဟုတ်တော့ပေ။ သူ့တွင် ထိုသို့သော နောင်တပင် ရှိနေလိမ့်မထင်။ အာကီအို ကိုယ်နှိုက်က မည်သို့ ကုစားရမည်ကို မသိခဲ့။ အဆိုးဆုံးမှာ ကုစားပေးရမည်ကိုပင်
သဘောမပေါက်ခဲ့ခြင်း။

လှေကားခွင်မှ ခြေနင်းသံများ ပေါ်လာပြီးနောက် ယာအေကို အောက်ထပ်သို့ ရောက်လာသည်။ နှုတ်ခမ်းများကို ဖိ၍ တင်းတင်းစေ့ကာ အာကီအိုရှိရာသို့ လမ်းလျှောက်လာသည်။ မျက်နှာမှာ နီရဲလျက်
သူ့အနား
 ကပ်ထိုင်ချလိုက်ပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။

“သူ့ကို သေချာ မေးခဲ့လား” အာကီအိုက မေးသည်။

အာကီအိုကို စိုက်ကြည့်လျက် ဘာတစ်ခွန်းမျှ မပြောဘဲ ခေါင်းညိတ်ပြသည်။

“အဲတော့ … သူက ဘာပြန်ပြောသလဲ”

သူ့ကို ပြန်လည် မဖြေကြားခင် ယာအေကိုသည် တံတွေးကို တစ်ချက် မျိုချလိုက်သည်။

“သူက ….. သူ လည်ပင်းညှစ်လိုက်လို့ သေသွားတာတဲ့”

အာကီအိုသည် စိတ်ပျက်စွာ မျက်လုံးများကို မှိတ်ချလိုက်သည်။ ကြိုတင် တွက်ဆထားပြီး ဖြစ်သော်လည်း ထိုစကားမှာ သူကြားချင်သော စကားမဟုတ်။ သူထင်ထားသကဲ့သို့ မဖြစ်ပါစေနှင့် ဟုသာ ဆုတောင်းနေခဲ့မိသည်။  မတော်တဆမှုသာ ဖြစ်ခဲ့လျှင် မည်မျှ ကောင်းလိုက်မည်နည်း။

“ဘယ်က ကလေးမလေးတဲ့လဲ”

ယာအေကိုက ခေါင်းခါပြသည်။ “သူလည်း မသိဘူးလို့ ပြောတယ်”

“ဒါဆို သူ့ကို ဘယ်ကနေ ခေါ်လာခဲ့တာတဲ့လဲ”

“သူပြောတာတော့ လမ်းမှာ တွေ့ကြတာတဲ့။ သူက အိမ်ကို ခေါ်ဖို့ စိတ်ကူးမရှိဘူး။ ကောင်မလေးက အတင်း လိုက်ခဲ့ချင်တယ်ဆိုလို့ ….”

“အဓိပ္ပာယ်မရှိတာ။ ဒီလိုစကားမျိုးလည်း မင်းက ယုံတယ်ပေါ့”

“ယုံတော့ မယုံရဘူးလေ။ ဒါပေမယ့် …….” ယာအေကိုသည် သူ့စကားကို ဆက်မပြောတော့ဘဲ မျိုသိပ်ထားလိုက်သည်။

အာကီအိုသည် သူ့နံဘေးရှိ ထိုင်ခုံကို လက်သီးဖြင့် ထိုးလိုက်သည်။

နာအိုမီသည် လမ်းပေါ် လျှောက်သွား၍ လမ်းသလားနေစဉ် သူ၏ ‘သားကောင်’ ကို ရှာဖွေနေခဲ့လိမ့်မည်။ တစ်နည်းပြောရလျှင် လမ်းသွားရင်း သူသဘောကျသော ကောင်မလေးကို တွေ့လိုက်စဉ်မှာပင် သူ၏ ကိုယ်တွင်းမှ ဉာဉ်ဆိုးများ နိုးကြွလာကြခြင်း ဖြစ်မည်။ မည်သို့ပင်ဆိုစေ။ ပထမဆုံး မြှူဆွယ်သူမှာ သူပဲ ဖြစ်ရမည်။ ကလေးငယ်များပင် မကြာခဏ လိင်အကြမ်းဖက် ခံနေရသော သတင်းများ ပျံ့နှံ့နေသည့် ယခုခေတ်မျိုးတွင် မိဘများကလည်း သူတို့၏ သမီးငယ်များကို အထူးပင် ဂရုစိုက်နေကြရသည်။ သူစိမ်းတစ်ယောက်နှင့် စကားမပြောရန်၊ သူစိမ်းကျွေးသော မုန့်ကို မစားရန်၊ သူစိမ်းခေါ်သော နေရာသို့ လိုက်မသွားရန် မိဘများက သူတို့၏ သားသမီးများကို နေ့ညမပြတ် မှာကြားနေကြရသည်။ ဤသို့သော ခေတ်အခါမျိုးတွင် သူ၏ သားမှာ ထိုကဲ့သို့သော ‘သားလိုက်မုဆိုး’ ဖြစ်နေချေပြီ။

မျက်နှာချိုသွေး၍ ပြုံးပြုံးရွှင်ရွှင်ဖြင့် ကောင်မလေးကို စကားပြောနေသည့် နာအိုမီ၏
ရုပ်အသွင်သည်
 အာကီအို၏ အာရုံတွင်
ထင်ပေါ်
လာသည်။ သူ သဘောကျသောသူ၏ ရှေ့မှောက်တွင် သို့မဟုတ် တခြားသူထံမှ တစ်ခုခု တောင်းဆိုစရာ ရှိလာပြီဆိုလျှင် နာအိုမီသည် ထိုကဲ့သို့ နှုတ်ချိုချို မျက်နှာချိုချိုဖြင့် သူလိုချင်သည်ကို မရရအောင် လုပ်တတ်သည်။ သူ့သား၏ ထိုအမူအကျင့်ကိုတော့ အာကီအို အသေအချာ သိသည်။

“သူက ဘာဖြစ်လို့ ကလေးမလေးကို ညှစ်သတ်ရတာလဲ”

“ကလေးမလေးနဲ့သူ အတူတူ ဆော့ဖို့ ပြောတာကို ကလေးမလေးက စကားနားမထောင်လို့တဲ့။ သူ့ကို ကြောက်သွားအောင် ခြိမ်းခြောက်တဲ့အနေနဲ့ လည်ပင်းညှစ်လိုက်တာ။ သတ်ဖို့ ရည်ရွယ်တာ မဟုတ်ဘူးလို့ သူက ပြောတာပဲ”

“ဆော့တယ်? …… အသက် ၁၄ နှစ်ရှိတဲ့ အကောင်တစ်ကောင်က ဒီလောက်ငယ်တဲ့ ကလေးနဲ့ အတူတူ ဘာများ ဆော့စရာ ရှိသေးလို့လဲ”

“ကျွန်မ ဘယ်လိုလို့ သိမလဲ”

“နင်က မေးမကြည့်ဘူးလား”

ယာအေကိုထံမှ ဘာအသံမျှ ထွက်မလာ။ သူ၏ မျက်နှာပေးက ‘အလကား၊ မေးစရာလား’ ဟူသော သဘော။

အာကီအိုသည် မည်သို့သော အဖြေကို ကြားရမည်နည်း ဟူသော ဆန္ဒဖြင့် ယာအေကိုကို စိုက်ကြည့်နေသော်လည်း ဘာမျှ မေးနေဖို့ မလိုအပ်ကြောင်းလည်း သူ သဘောပေါက်သည်။ သို့သော် ‘ခြိမ်းခြောက်ချင်လို့’ ဟူသော စကားလုံးကိုတော့ သူ ဘဝင်မကျ။ ကောင်မလေးက နာအိုမီ၏ မူမမှန်သော အပြုအမူကို သတိထားမိသွားသောကြောင့် ရုန်းကန်ဖို့၊ ရှောင်ထွက်ဖို့ ကြိုးစားခဲ့ခြင်းသာ ဖြစ်မည်။ သူဖြစ်ချင်တာ မဖြစ်လာသော အခါတွင်မှ နာအိုမီက လုပ်ကြံခဲ့ခြင်း ဖြစ်မည်။ နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်တော့သော အခြေအနေမျိုးတွင် မညှာမတာ ပြုကျင့်ခဲ့၍သာ လူတစ်ယောက်မှာ အသက်ပျောက်ခဲ့ရသည်။

“ဘယ်မှာ သတ်တာတဲ့လဲ”

“ထမင်းစားခန်း”

“ဘယ်လိုလုပ်ပြီး အဲဒီထဲ ရောက်နေတာလဲ”

“သူက ကလေးမလေးကို ဖျော်ရည်တိုက်မလို့ ခေါ်သွားတယ် ပြောတာပဲ”

‘ဖျော်ရည်ထဲမှာ အရက်တို့ဘာတို့ ထည့်ဦးမှာ နေမှာပေါ့’ ဟု အာကီအိုက တွေးနေမိသည်။

“သတ်ပြီးတော့ရော ဘာလုပ်သေးလဲ”

“ကလေးမလေးက သေးတွေနဲ့ ရွှဲနေပြီဆိုတော့ ကြမ်းပြင်ပေါ် ပေကုန်မှာစိုးလို့ အလောင်းကို ပန်းခြံထဲ ရွှေ့လိုက်တယ်တဲ့”

“နောက်တော့ရော”

“ဒါပဲ”

“ဒါပဲ?”

“နောက်တော့ သူလည်း ဘာလုပ်ရမှန်း မသိတော့လို့ အခန်းထဲ ဝင်နေလိုက်တယ်တဲ့”

အာကီအို၏ ခေါင်းထဲ ချာချာလည်သွားသည်။ ထိုနေရာမှာပင်
မူးမေ
့
သွားလျှင်
 ဘယ်လောက် ကောင်းလိုက်လေမည်နည်းဟု သူ တွေးနေခဲ့သည်။ သူ့သားသည် လူတစ်ယောက်ကို သတ်ဖြတ်ပြီးနောက် ပထမဆုံး အရေးတကြီး အလေးထားသော ကိစ္စမှာ ကြမ်းပြင်မညစ်ပတ်ရန်သာ ဖြစ်နေလေသည်။

နာအိုမီ ဘာတွေ စဉ်းစားနေသနည်း ဆိုသည်ကိုမူ အာကီအိုလည်း အတိအကျ နားလည်သည်တော့ မဟုတ်။ သို့သော် နာအိုမီ ဘာတွေ ကြံစည်ခဲ့သနည်း ဆိုသည်ကိုတော့ ဖခင်တစ်ယောက်အနေဖြင့် မှန်းဆ၍ ရခဲ့သည်။ သူမျှော်လင့်ထားသလို ဖြစ်မလာဘဲ သူထင်တာထက် ပြဿနာများ ရှုပ်ထွေးလာသောကြောင့်သာ ရင်မဆိုင်ရဲတော့ဘဲ သူ့အခန်းထဲ ဝင်ပုန်းနေခြင်း ဖြစ်မည်။ ရှေ့ဆက် ဘာလုပ်ရမည် ဆိုသည်ကို သူ တွေးပူနေမည် မဟုတ်။ အလောင်းကို အပြင်မှာ ပစ်ထားလိုက်လျှင် ကျန်တာကို မိဘတွေ ကြည့်ရှင်းလိမ့်မည်ဟု သူ ယူဆထားပုံ ရသည်။

အာကီအိုသည် စားပွဲပေါ်တွင် တင်ထားသော ဖုန်းရှိရာသို့ လှည့်ကြည့်ပြီး လှမ်းယူရန် ဟန်ပြင်လိုက်သည်။

“ရှင် ဘာလုပ်မလို့လဲ” ယာအေကိုက အလန့်တကြား ထအော်သည်။

“ရဲစခန်းကို ဖုန်းဆက်မလို့”

“ရှင် ……….”

ဖုန်းကို လှမ်းယူနေသည့် အာကီအို၏ လက်ကို သူက အတင်း လှမ်းဆွဲနေသည်။ အာကီအိုက တွန်းထုတ်လိုက်ပြီး

“နင်က ဘာလုပ်စေချင်တာလဲ။ အားလုံး နောက်ကျကုန်ပြီ။ ဘယ်လိုလုပ်လုပ် ဟိုကလေးမလေးက အသတ်ပြန်ရှင်လာနိုင်စရာ အကြောင်းမရှိတော့ဘူး”

“ဒါပေမယ့် နာအိုမီကို …….” ယာအေကိုသည် ညှိုးငယ်သော အကြည့်များဖြင့် သူ့ယောက်ျားကို အသနားခံနေသည်။ “ကျွန်မတို့သားလေးရဲ့ ရှေ့ရေးအတွက် ဘယ်လို လုပ်မလဲ။ လူသတ်သမား ဆိုတဲ့ နာမည်ဆိုးကြီးနဲ့ တစ်သက်လုံး တံဆိပ်ကပ်ခံသွားရတော့မှာလား”

“အဲဒါလည်း ဘယ်တတ်နိုင်မလဲ။ သူလုပ်တာ သူခံရမှာပေါ့”

“ရှင်က သားလေး ဒီလို ဖြစ်သွားမှာကို ကျေနပ်တယ်ပေါ့”

“ကျေနပ်စရာလား။ ကဲ … မင်းပဲ ပြောကြည့်။ တခြား ဘာနည်းလမ်းများ ရှိသေးလို့လဲ။ သူ့ဘာသာသူ လူသတ်မိကြောင်း ဝန်ခံလိုက်မယ်ဆိုရင် အရွယ်မရောက်သေးတဲ့ လူငယ်တစ်ယောက်အတွက် တရားဥပဒေကလည်း သက်သက်ညှာညှာ စဉ်းစား ဆုံးဖြတ်ပေးမှာပဲ။ နောက်ပြီး သူ့နာမည်ကိုလည်း တရားဝင် ထုတ်ပြန်မှာ မဟုတ်ဘူး”

“အဲဒါတွေက အာပလာတွေပဲ” ဇနီးသည်၏ မျက်လုံးများသည် စားတော့ ဝါးတော့မည့်နှယ်။ “သတင်းစာတို့၊ ဂျာနယ်တို့က သူ့နာမည်ကို မစုံစမ်းဘဲ နေမတဲ့လား။ သိရင် ထည့်မရေးဘဲ နေမတဲ့လား။ အဲဒီလိုသာဆိုရင် သူ့တစ်သက်လုံး သွားပြီ။ အပြစ်ဘယ်လောက်ပဲ ပေါ့ပေါ့၊ နောက်နောင် လူ့လောကအလယ်မှာ ပုံမှန်လူတစ်ယောက်အနေနဲ့ သူ ဘယ်လိုလုပ်ပြီး ဖြတ်သန်းနိုင်ပါတော့မလဲ။ သူ ရှေ့ဆက်ရမယ့် ခရီးက ကြမ်းသထက်ကြမ်း၊ ဆိုးသထက် ဆိုးဖို့ပဲ ရှိတော့တယ်”

ယခုပင်လျှင် မိမိဘဝမှာ အင်မတန် စုတ်ပြတ်ပြီး စိတ်ပျက်နာကျည်းစရာ ကောင်းနေပြီ ဖြစ်ကြောင်း အာကီအို တွေးနေမိသည်။ ထိုစကားကို ထုတ်ပြောလိုက်ဖို့ပင် သူ့မှာ ခွန်အား မရှိတော့။ ရဲစခန်းသို့ ဖုန်းဆက်ရန် နံပါတ်များကို နှိပ်ဖို့သာ
တာ
စူ
နေသည်။

“အား … မလုပ်ပါနဲ့”

“စိတ်ကူးယဉ် မနေစမ်းပါနဲ့တော့”

အာကီအိုသည် သူ့ထံသို့ အလောတကြီး ကုန်းရုန်းထလာသော ယာအေကိုကို တွန်းထုတ်လိုက်သောကြောင့် ယိုင်လဲသွားပြီး စားပွဲခုံနှင့် သွားဆောင့်မိသည်။

“ဘာမှ ပြင်မရတော့ဘူး” အာကီအိုက လှမ်းပြောသည်။

ယာအေကိုသည် မျက်ရည်များ ပြည့်နှက်နေသော မျက်ဝန်းအစုံဖြင့် အာကီအိုကို ကြည့်လျက် စားပွဲရှိ အံဆွဲထဲမှ အရာတစ်ခုကို လက်ဖြင့်စမ်း၍ ရှာနေသည်။ အံဆွဲထဲမှ ဆွဲထုတ်လိုက်သော အရာသည် ကတ်ကြေးတစ်လက် ဖြစ်နေမှန်း မြင်လိုက်ရသောအခါ အာကီအို၏ လက်များ တုံ့ရပ်သွားပြီး သူ့မျက်လုံးများလည်း ပြူးကျယ်သွားကြသည်။

“အဲဒါ ဘာလုပ်မလို့လဲ”

ကတ်ကြေးကို မိမိရရ ကိုင်ထားပြီး ကတ်ကြေးအချွန်ကို သူ၏ လည်မျိုတွင် ထောက်လျက်

“တောင်းပန်ပါတယ်ရှင်။ ဖုန်းကို ချထားလိုက်ပါလား”

“မဟုတ်တရုတ်တွေ လုပ်မယ် စိတ်ကူးမနေနဲ့။ မင်း ရူးနေသလား”

ကတ်ကြေးကိုင်ထားသော လက်ကို တင်းတင်း ဆုပ်ကိုင်လျက် သူ၏ ခေါင်းကိုသာ တွင်တွင် ရမ်းနေလေသည်။

“ကျွန်မ ရှင့်ကို အကျပ်ကိုင်နေတယ် မထင်နဲ့။ ကျွန်မ ဆက်နေဖို့ ခွန်အား မရှိတော့ဘူး။ ရှင်သာ သားကို ရဲလက်ထဲ အပ်လိုက်မယ်ဆိုရင် ကျွန်မအခုပဲ သေပစ်လိုက်တာ ပိုကောင်းလိမ့်မယ်။ ကျန်တာ ရှင်ဘာသာ ရှင်ပဲ ဆက်လုပ်ပေတော့”

“ဘာတွေ လျှောက်ပြောနေတာလဲ။ ချစမ်း …. ကတ်ကြေးကို ချထားစမ်းပါ”

ယာအေကိုသည် အံကို တင်းတင်း ကျိတ်ထားပြီး တစ်ချက်ကလေးပင် မလှုပ်။

သူ အမှန်တကယ် သေချင်သော ဆန္ဒ ရှိမရှိ ဆိုသည်ကို အာကီအို မသိ။ ဟန်လုပ်ပြ၍ သူ့ကို ခြိမ်းခြောက်နေသည်
ဟုဆိုစေ
၊
 လက်ရှိအနေအထားမျိုးတွင် အခြေအနေများ
ပြေလျ
ော့သွ
ားအောင်သာ
 လုပ်ရမည် ဖြစ်သည်။ နှစ်ဦးနှစ်ဘက် အလျှော့မပေးဘဲ နေနေလျှင် မရည်ရွယ်ဘဲ လက်လွန်ပြီး မထိခိုက်သင့်တာ ထိခိုက်ကုန်မှာ စိုးရိမ်ရသည်။

“ကဲ ဟုတ်ပြီ။ ငါ ဖုန်းကို ချထားမယ်။ မင်းလည်း ကတ်ကြေးကို ချလိုက်”

“ဟင့်အင်း၊ ကျွန်မ ချလိုက်တာနဲ့ ရှင်က ဖုန်းကို ထပ်ဆက်ဦးမှာ”

“ငါ မဆက်တော့ဘူးလို့ ကတိပေးပြီးပြီပဲ” အာကီအိုသည် ဖုန်းကို စားပွဲပေါ်သို့ ပြန်ချထားလိုက်သည်။

အာကီအိုကို မယုံကြည်နိုင်သေး၍ ဖြစ်မည်။ ယာအေကိုသည် သူ့လက်ထဲမှ ကတ်ကြေးကို ချထားရန် စိတ်ကူး မရှိသေး။ သံသယအပြည့်ဖြင့် သူ့ယောက်ျား၏ လှုပ်ရှားမှု မှန်သမျှကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။ အာကီအိုသည် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး မြက်ဖျာပေါ်သို့ ပြန်ထိုင်ချလိုက်သည်။

“ကဲ … မင်းဘာဖြစ်ချင်သလဲ၊ ပြော။ ငါတို့ တစ်ခုခုတော့ လုပ်မှ ဖြစ်မယ်”

ယာအေကိုကတော့ ဘာမျှ ပြန်မဖြေ။ ဒီအတိုင်း ဘာမျှ မလုပ်ဘဲ နေလို့ မဖြစ်သည်ကို ယာအေကိုလည်း သဘောပေါက်ပြီးသား ဖြစ်ပေမည်။ ကလေးမလေး၏ အိမ်သားများသည် ယခုအခါတွင် သူ့ကို လိုက်လံရှာဖွေနေလောက်ပြီ။ အာကီအိုသည် ထိုအကြောင်းကို စဉ်းစားမိသောအခါ ကားမှတ်တိုင်တွင် တွေ့ခဲ့ရသော အမျိုးသားကို ရုတ်တရက် သတိရမိသွားသည်။

“နင် ကလေးမလေးရဲ့ အင်္ကျီကို ကြည့်လိုက်သေးလား” အာကီအိုက မေးသည်။

“အင်္ကျီ?”

“သူဝတ်ထားက ပန်းရောင် ဇာအင်္ကျီလား”

‘အား’ ဟု တစ်ချက်အော်လိုက်ပြီး ယာအေကိုသည် ခေါင်းကို ဖြည်းဖြည်း ခါယမ်းနေသည်။

“ဇာအင်္ကျီ ဟုတ်မဟုတ်တော့ မသိဘူး။ ပန်းရောင်ကတော့ သေချာတယ်။ ဘာဖြစ်လို့လဲ”

အာကီအိုသည် သူ့ခေါင်းကို
တ
‌ဗျင်
း
ဗျင်
းမြည်အောင်
 ကုတ်နေသည်။ ထို့နောက်မှ ကားဂိတ်တွင် သူ ကြုံဆုံခဲ့ရသည်များကို ယာအေကိုအား ပြောပြလိုက်သည်။

“အဲဒါ ဒီကလေးမလေးရဲ့ အဖေပဲ ဖြစ်မယ်။ ဒီအတိုင်းသာဆိုရင် သူတို့ အမြန်ဆုံး ရဲတိုင်ကြတော့မှာပဲ။ ရဲတွေ ရောက်လာလို့ စုံစမ်းကြပြီဆိုရင်တော့ ငါတို့ ဘာမှ ဖုံးကွယ်လို့ ရတော့မှာ မဟုတ်ဘူး” သူက ဆက်ပြောသည်။ “ဪ … သူရှာနေတဲ့ ကလေးမက ငါ့အိမ်မှာ ရှိနေတယ်လို့ ဘယ်ထင်မိမှာလဲ။ ပြီးတော့ ရှိနေတာကလည်း အသေကောင်ကြီး”

ထိုကလေးအဖေကို အနီးကပ် မမြင်လိုက်ရသော်လည်း အရောင်းဝန်ထမ်း ကောင်မလေးအား မေးမြန်းနေသော လေသံကို နားထောင်ကြည့်ခြင်းအားဖြင့် အင်မတန် စိုးရိမ်နေကြောင်းမှာ ထင်ရှားသည်။
ခြေမွေးမီးမလောင်၊
 
လက်မွေးမီးမလောင်
 ဖူးဖူးမှုတ် မွေးမြူထားသော သမီးတစ်ယောက် ဖြစ်ရပေမည်။

ယာအေကိုသည် လက်နှစ်ဖက်ဖြင့် ကတ်ကြေးကို မြဲမြဲ ဆုပ်ကိုင်ထားရင်း သူ့ထံမှ အသံတစ်သံ ထွက်ပေါ်လာသည်။ အသံမှာ တိုးလွန်းသောကြောင့် အာကီအိုက သေချာ မကြားလိုက်ရ။

“အန် … ဘာပြောတယ်?” အာကီအိုက မေးလိုက်သည်။

သူက ခေါင်းထောင်လာပြီး “သွား လွှင့်ပစ်လိုက်ပါလား”

“ဘာ …..”

“အဲဒါကို …” ယာအေကိုသည် တံတွေးကို မျိုချလိုက်ပြီး ဆက်ပြောသည်။ “အပြင်ကို လွှင့်ပစ်လိုက်ပါလား။ ကျွန်မလည်း ကူပါ့မယ်” သူသည် ခေါင်းငုံ့ချလိုက်ပြီး “တောင်းပန်ပါတယ်ရှင်” ဟူသော စကားဖြင့် အဆုံးသတ်လိုက်သည်။

အာကီအိုသည် သက်ပြင်းကို မှုတ်ထုတ်လိုက်သည်။

“နင် … တကယ်ပြောနေတာလား”

ယာအေကိုကတော့ ခေါင်းကိုငုံ့ထားလျက် တစ်ချက်ကလေးမျှ မလှုပ်။ ကြည့်ရသည်မှာ သူ့ယောက်ျား သဘောမတူမချင်း ထိုပုံစံအတိုင်းသာ ဆက်နေသွားတော့မည်ဟု ဆုံးဖြတ်ထားပုံ ရသည်။

အာကီအိုက စိတ်ပျက်စွာ ရေရွတ်လိုက်သည်။ “မဟုတ်သေးပါဘူးကွာ”

ယာအေကိုသည် တစ်ဘက်သို့ လှည့်သွားသည်။ သူ့ခေါင်းကိုတော့ မော့လိုက်ရန် ဆန္ဒရှိသေးပုံ မရ။

“မဟုတ်သေးပါကွာ” ထိုစကားကိုပင် အာကီအို နောက်တစ်ခါ ရေရွတ်လိုက်ပြန်သည်။ ထိုသို့ တစ်ယောက်တည်း ရေရွတ်နေရင်း သူလည်း ယာအေကိုနှင့် တစ်သဘောတည်း ရှိနေကြောင်းကို သတိထားမိလိုက်သည်။ အလောင်းကို သွားလွှင့်ပစ်ရန် ဟူသော စိတ်ကူးမှာ သူဦးနှောက်၏ တစ်နေရာရာတွင် နဂိုကတည်းက နေရာယူထားနှင့် ပြီးနေပြီ။  ဖြေရှင်းရမည့် နည်းလမ်းထဲက တစ်ခုပဲ မဟုတ်ပါလား။ သူ့နှုတ်မှ ထုတ်မပြောခဲ့ခြင်းသာ ရှိမည်။ တွေးပင် တွေးမကြည့်ချင်။ ထိုသို့ တွေးမိလျှင်ပင် မိမိ၏ တစ်ကိုယ်ကောင်းဆန်မှုကို ပြန်မြင်နေရသောကြောင့် ကြောက်လန့်ကာ တွေးပင် မတွေးရဲခဲ့။

ထိုသို့ လုပ်၍ မဖြစ်နိုင်။ လုပ်လျှင်လည်း အောင်မြင်မည် မဟုတ်မှန်း သူ သိသည်။ ထိုသို့ဆိုလျှင် သူတို့ပါ တရားခံ၏ အလိုတူ အလိုပါ ဖြစ်ကြရတော့မည်။ သူသည် အတွေးများဖြင့် ဘောင်ဘင်ခတ်လျက်။ ရှုပ်ထွေးလျက်။

“မဟုတ်လည်း ….” ယာအေကိုက ခေါင်းကို ငုံ့ထားလျက် ပြောနေသည်။ “မဟုတ်လည်း ကျွန်မတို့ဘဝက သွားပြီပဲ။ သားကို ရဲစခန်းမှာ ဖြောင့်ချက် ပေးခိုင်းရင်လည်း သူဟာ မူမှန်တဲ့ ဘဝမျိုးမှာ ပြန်နေထိုင်ဖို့ မဖြစ်နိုင်တော့ဘူး။ မိဘဖြစ်တဲ့ ကျွန်မတို့မှာလည်း ဒီကိစ္စအတွက် ထိုက်သင့်တဲ့ ပြစ်တင်ကဲ့ရဲ့တာတွေ ကြုံရတော့မှာပဲ။ သားကို အဖမ်းခံခိုင်းတော့ရော၊ ကျွန်မတို့ကို ဘယ်သူက ခွင့်လွှတ်ချင်ကြဦးမှာမို့လဲ။ ကျွန်မတို့လည်း ဘဝပျက်ကြရမှာပဲ”

သူ၏ အသံများသည် လေထဲတွင် ဝေ့ဝဲနေသော တစ္ဆေတစ်ကောင်၏ အသံများကဲ့သို့ ဖြစ်နေသည်။ ကြည့်ရသည်မှာ ဘာမျှ ဆက်မခံစားနိုင်လောက်အောင် သူ့ဝေဒနာများက ကမ်းကုန်နေလေပြီ။ သူ့အသံထဲတွင် ဘာခံစားချက်မျှ မပါတော့။ တစ်ခုခုကို ခံစားဖို့ပင် သူ့တွင် အားမရှိတော့သည့်နှယ်။

တကယ့်လက်တွေ့မှာ သူပြောသလို ဖြစ်ကောင်း ဖြစ်ပေမည်။ မဟုတ်။ ထိုအတိုင်း တစ်ထေရာတည်းဟု အာကီအိုက တွေးမိသည်။ အကယ်၍ လူသတ်မိကြောင်း နာအိုမီကို ဖြောင့်ချက် ပေးခိုင်းသည်ပဲ
ထားဦး
၊
 သူတို့ကို မည်သူကမျှ ကိုယ်ချင်းစာ ခွင့်လွှတ်ပေးကြလိမ့်မည် မဟုတ်ပေ။ အသတ်ခံရသူမှာ လုံးဝ အပြစ်ကင်းစင်သော ကလေးမလေး တစ်ယောက် ဖြစ်နေသည် မဟုတ်လော။

“ဒါပေမယ့် လွှင့်ပစ်လို့ မဖြစ်နိုင်ဘူး ထင်တယ်” အာကီအိုက ပြောလိုက်သည်။ ထိုစကားကို ပြောခြင်းအားဖြင့် ဇနီးသည်၏ စကားကို သဘောတူလိုက်ပြီ ဖြစ်ကြောင်း သူလည်း နားလည်သည်။ “မဖြစ်နိုင်” နှင့် “မလုပ်နိုင်” ဟူသော စကားနှစ်ခု၏ သဘောသွားမှာ များစွာ ကွာခြားလှသည်။

“ဘာဖြစ်လို့လဲ” ဇနီးသည်က မေးသည်။

“ဘယ်လို သယ်မှာလဲ။ ငါတို့ အဝေးကြီး သွားနိုင်မှာ မဟုတ်ဘူး”

အာကီအိုတွင် ယာဉ်မောင်းလိုင်စင် ရှိသော်လည်း သူ့တွင် ကားမရှိ။ အိမ်ဝင်းထဲတွင် ကားထားစရာ နေရာ မရှိသောကြောင့် ကား မဝယ်ခဲ့ကြ။ ထို့ပြင် အာကီအိုအတွက် ကိုယ်ပိုင်ကားတစ်စီး ရှိရန် လိုအပ်သည်ဟုလည်း ယာအေကိုက မယူဆခဲ့။

“ဒါဆို ဖွက်ထားလို့ရော မရဘူးလား”

“ဖွက်မယ်? အိမ်ထဲမှာ ဖွက်ထားစရာ နေရာရှိတယ်လို့ ထင်လို့လား”

“ယာယီပေါ့။ နည်းနည်းကြာမှ ရှင်းပစ်ဖို့ စဉ်းစားကြတာပေါ့”

“မဖြစ် … မဖြစ်ပါဘူးကွာ။ နာအိုမီနဲ့ အဲဒီကလေးမလေးတို့ အတူတူ ရှိနေတာကို တစ်ယောက်ယောက်က မမြင်ဘူးလို့ မပြောနိုင်ဘူး။ အဲဒီလိုသာဆိုရင် ရဲတွေက မကြာခင် ဒီကို ရောက်လာမှာပဲ။ ဒီအိမ်ကို လာပြီး စစ်ဆေးကြဦးမှာ။ တကယ်လို့သာ အလောင်းနဲ့ လက်ပူးလက်ကြပ် မိသွားမယ်ဆိုရင် ငါတို့ ဘာမှ လုပ်လို့ မရတော့ဘူး”

အာကီအို၏ မျက်လုံးများသည် စားပွဲပေါ်မှ တယ်လီဖုန်းဆီသို့ ရောက်သွားပြန်သည်။ လုံးဝ အဓိပ္ပာယ်မရှိသော စိတ်ကူးတစ်ခုကို တိုင်ပင်ဆွေးနွေးနေကြသည်ဟု သူက ခံစားနေရသည်။ ရဲဌာနမှ လာရောက် စုံစမ်းကြပြီဆိုရင် အလောင်းကို မည်သည့်နေရာတွင် တွေ့ရသည်ဖြစ်စေ ရလဒ်မှာ ထူးခြားတော့မည် မဟုတ်ပေ။ ဥပဒေကို မျက်ကွယ်ပြု၍ ဤအခက်အခဲကို ကျော်လွှားနိုင်လိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည်မှု လုံးဝ မရှိ။

“ဒီည ညတွင်းချင်း အလောင်းကို နေရာရွှေ့နိုင်ခဲ့ရင် မျှော်လင့်ချက် ရှိနိုင်တယ်” ယာအေကိုက လှမ်းပြောသည်။

“ဘယ်လို”

သူက ခေါင်းကို မော့လိုက်သည်။ “အဝေးကြီး သယ်သွားစရာ မလိုဘူး။ တခြားတစ်နေရာကိုသာ ရွှေ့လိုက်။ ….. အဲဒီနေရာမှာ အသတ်ခံရသလို ပုံစံမျိုးပေါ့”

“တခြားနေရာ?”

“ကျွန်မ ပြောတာက ….” ယာအေကိုက ဆက်မပြောတော့ဘဲ ခေါင်းငုံ့နေပြန်သည်။

ထိုစဉ် အနောက်ဘက်မှ တရှပ်ရှပ် အသံကြားရ၍ သူ့ရင်ထဲ ထိတ်သွားသည်။

အိမ်အပြင်ဘက် လူသွားလမ်းလေးတွင် အရိပ်လေးတစ်ခု ရွေ့နေသည်ကို သတိထားမိကြသည်။ သူ့အမေ မာဆာအေ အပေါ့အပါး သွားခြင်း ဖြစ်မည်။ ကလေးကဗျာတစ်ပုဒ်ကို မပီ့တပီ ရွတ်ဆိုလျက်။ အသံကြား၍ အာကီအိုက အာရုံစိုက်ကာ နားထောင်ကြည့်သည်။ သူတို့ငယ်စဉ်က အမေ ရွတ်ပြလေ့ရှိသော ကဗျာတစ်ပုဒ်။ သူတို့အတွက် သားချော့တေးတစ်ပုဒ်။ ကဗျာနာမည်ကိုတော့ သူလည်း စဉ်းစား၍ မရတော့။ ထို့နောက် အိမ်သာတံခါးကို ဖွင့်၍ ဝင်သွားသည့် အသံကို ကြားလိုက်ရသည်။

“ဒီလိုအချိန်ကြီးမှ လာရတယ်လို့” ယာအေကိုက အပြစ်တင်သလို လေသံမာမာဖြင့် ရေရွတ်နေသည်။

နှစ်ယောက်သား အတန်ကြာမျှ ငြိမ်သက်နေကြသည်။ မကြာခင် အိမ်သာမှ ရေဆွဲသံနှင့် တံခါးဖွင့်သံများကို တစ်ဆက်တည်း ကြားကြရသည်။ ထို့နောက် တရှပ်ရှပ်မြည်သော မာဆာအေ၏ ခြေသံများကို နားထောင်ခြင်းဖြင့် သူ့အခန်းသို့ ပြန်နေကြောင်း သိသာသည်။ ခြေသံများ တိုး၍ တိုး၍ သွားကြသည်။

ရေပိုက်ခေါင်းမှ ရေများ တတောက်တောက် ကျနေသံများကတော့ ပျောက်၍ မသွား။ ယာအေကို မတ်တပ်ထရပ်လိုက်သည်။ လျှောက်လမ်းအတိုင်း သွား၍ အိမ်သာတံခါးကို ဆွဲဖွင့်သံ ကြားရသည်။ ထို့နောက်မှ ရေကျသံများ ရပ်သွားတော့သည်။ ရေပိုက်ခေါင်းကို လုံအောင် မာဆာအေ ပိတ်ခဲ့ပုံမရ။ ထိုသည်မှာလည်း နိစ္စဓူဝ ကြုံတွေ့နေရသော ကိစ္စဖြစ်နေပြီ။

‘အုန်း’ ခနဲ အသံမြည်အောင် အိမ်သာတံခါးကို ဆောင့်ပိတ်ချလိုက်သော အသံကြောင့် အာကီအိုမှာ လန့်ဖျပ်ပြီး မျက်ခုံးများ ပင့်တက်သွားကြသည်။

ယာအေကိုသည် မတ်တပ်ရပ်ရင်း နံရံကို ကျောဖြင့်မှီလျက် လက်ဖဝါးနှစ်ဘက်နှင့် သူ့မျက်နှာကို အုပ်ကာ သက်ပြင်းချလိုက်သည်။

“သိပ်စိတ်ရှုပ်ဖို့ ကောင်းတာပဲ။ သေသာ သေလိုက်ချင်တော့တယ်”

“ဒါလည်း ငါ့အမှားပဲလား” သူ့နှုတ်ခမ်းဖျားနားအထိ ရောက်လာသော ထိုစကားလုံးများကို အာကီအို မျိုချလိုက်သည်။ သူ့မျက်လုံးများက မွဲခြောက်ကုန်ကြပြီ ဖြစ်သော ထာထားမိ မြက်ဖျာကို စိုက်ကြည့်နေသည်။ တစ်ချိန်ကတော့ ကျောက်စိမ်းရောင်နှင့် တဝင်းဝင်း တပြောင်ပြောင် ရှိခဲ့ဖူးသော ထိုမြက်ဖျာကြမ်းခင်းများ။ ဖခင်ဖြစ်သူက နေ့စဉ် ကျွဲရုန်းနွားရုန်း ရုန်း၍ ငွေစုပြီး ဤအိမ်ကို ကြိုးစားဝယ်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က သူသည် အထက်တန်းကျောင်း တက်နေတုန်း။ ထိုကဲ့သို့ အဆင့်နိမ့်သော အိမ်မျိုး ဝယ်ရပါ့မလားဟု သူ့အဖေကို မကျေမနပ် ဖြစ်ခဲ့သေးသည်။

ယခုတော့ ကိုယ့်ဘာသာကိုယ် ပြန်ဆင်ခြင်မိနေသည်။ ယနေ့ ယခုအချိန်ထိ မိမိ၏ အစွမ်းအစဖြင့် မည်မျှ ခရီးရောက်အောင် လုပ်နိုင်ခဲ့သနည်း။ မိမိ အထင်မကြီးခဲ့သော ဤအိမ်လေးအတွင်းမှာပင် သက်သောင့်သက်သာ နေနေခဲ့ရသော်လည်း အဖြစ်ရှိသော မိသားစုတစ်စုကိုပင် မတည်ဆောက်နိုင်ခဲ့။ ထို့ပြင် တခြား မိသားစုကိုပင် ဒုက္ခရောက်အောင် လုပ်လိုက်သေးသည်။ အမှန်တကယ်တော့ ဤအရာ အားလုံး၏ အဓိက တရားခံမှာ သူပင် မဟုတ်ပါလော။

“ပန်းခြံထဲဆိုရင် ဘယ်လိုနေမလဲ” အာကီအိုက ပြောသည်။

“ပန်းခြံ?”

“ဟိုဘက်လမ်းထိပ်က အိချိုပန်းခြံလေ”

“အလောင်းကို အဲဒီမှာ သွားပစ်မှာလား”

“အေး”

“ကွင်းပြောင်ပြောင်ကြီးထဲမှာ ပစ်မလို့လား”

သူ ခေါင်းခါ၍ ဆက်ပြောသည်။ “အဲဒီမှာ အများသုံးအိမ်သာ ရှိတယ်မလား။ အလောင်းကို အိမ်သာအခန်း တစ်ခန်းထဲမှာ ထားမလားလို့ စိတ်ကူးတယ်”

“အများသုံးအိမ်သာ?”

“အဲဒီလို လုပ်ရင်တော့ အလောင်းကို လူတွေ့တဲ့အချိန် နောက်ကျသွားနိုင်တာပေါ့”

“အင်း၊ ဖြစ်နိုင်တယ်” ယာအေကိုသည် အာကီအိုအနား ကပ်လာပြီး သူ့ကို စိုက်ကြည့်ကာ “ဘယ်အချိန် ရွှေ့မလဲ”

“ညဉ့်နက်မှ ရွှေ့တာပေါ့၊ ည ၂ နာရီ
ဝန်းကျင်
လောက်
”

အာကီအိုသည် တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်သည်။ အခုမှ ၈ နာရီခွဲပြီးခါစ ရှိသေးသည်။

အာကီအိုသည် မီးဖိုချောင် စတိုခန်းထဲမှ စက္ကူဘူးကြီးတစ်ဘူး ဆွဲထုတ်လာသည်။ လွန်ခဲ့တဲ့ သုံးလက water cooler ရေအေးစက် ဝယ်စဉ် ပါလာသော ကတ်စက္ကူဘူးဖြစ်သည်။ တစ်ခုခု ထည့်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ခေါက်သိမ်းထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဘာမှ ထည့်မသိမ်းဖြစ်ဘဲ စတိုခန်းထဲ ပစ်ထားခဲ့သည်။ ယခုတော့ ထည့်ရမည့်ပစ္စည်းမှာ လူအလောင်း ဖြစ်နေလေပြီ။

သူသည် ခေါက်ထားသော ထိုကတ်စက္ကူအား ပန်းခြံထဲသို့ ယူသွားခဲ့သည်။ စက္ကူဘူးပုံစံရအောင် အသေအချာ ပြန်ချိုးပြီးနောက် အလောင်းထည့်ထားသည့် အိတ်အမည်းဘေးတွင် ချပြီး
လျ
ာကြည့်လိုက်သည်။
 အဆင်ပြေပြေ ထည့်၍ ဝင်ဆံ့မည်မှာ သေချာသည်။

စက္ကူဘူးအား ပြန်ခေါက်သိမ်းပြီး အခန်းထဲသို့ ဝင်လာခဲ့သည်။ ယာအေကိုသည် ဧည့်ခန်းမှ ထိုင်ခုံတစ်လုံးတွင် ထိုင်နေသည်။ ပြုတ်ကျသွားမည်စိုး၍ လက်နှစ်ဘက်က ဦးခေါင်းကို ထိန်းထားသည့်နှယ်။ ခေါင်းပေါ်မှ ဆံပင်များမှာလည်း ရှုပ်ပွ၍ တချို့တလေမှာ သူ့မျက်နှာကိုပင် ဖုံးအုပ်ထားလေသည်။

“ဘယ်လိုလဲ” သူက မလှုပ်မယှက်ဖြင့် မေးသည်။

“အင်း၊ ကြည့်ရတာ ကောင်းကောင်း ထည့်လို့ရမှာပါ”

“မထည့်ရသေးဘူးလား”

“စောလွန်းသေးတယ်ဟ။ အခုချိန် ပန်းခြံထဲမှာ ကုန်းကုန်း ကုန်းကုန်းနဲ့ တစ်ခုခု လုပ်နေရင် မြင်တဲ့သူက သံသယမဝင်ဘဲ ဘယ်နေပါ့မလဲ”

ယာအေကို၏ ခေါင်းမှာ တစ်ဘက်သို့ အနည်းငယ် လည်သွားသည်။ နာရီလှည့်ကြည့်တာ ဖြစ်မည်။ ထို့နောက် ဘာမျှ မပြောတော့ဘဲ ငြိမ်သက်နေသည်။

အာကီအိုသည် ရေငတ်၍ ဘီယာသောက်ချင်လာသည်။ ဒီထက် အဆပေါင်းများစွာ ပြင်းသော အရက်ဖြစ်လျှင် ပို၍ ကောင်းမည်။ ယခု နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်နေရသော ပြဿနာကြီးကို မူးမူးရူးရူးဖြင့် ဥပေက္ခာပြုကာ ရှောင်လွှဲလိုက်ချင်သည်။ သို့သော် သူ မူးမေ့သွား၍ မဖြစ်သေး။ နောက်မှာ လုပ်စရာတွေ ကျန်နေသေးသည်။

“နာအိုမီ ဘာလုပ်နေလဲ”

ယာအေကိုက ခေါင်းခါပြသည်။ ကြည့်ရသည်မှာ သူလည်း သိပုံမရ။

“သူ့အခန်းကို သွားကြည့်ကြည့်ပါဦးလား”

ယာအေကိုက သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး ခေါင်းမော့လာသည်။ သူ့မျက်လုံးနှစ်ဘက်တို့မှာ ရဲရဲနီလျက်။

“အခုချိန် သူ့ကို တစ်ယောက်တည်း အေးအေး နေပါစေလား”

“ဒါပေမယ့် သူ့ကို မေးစရာတွေ အများကြီး ကျန်နေသေးတယ်လေ။ ဖြစ်ပုံပျက်ပုံ အသေးစိတ်ကို ဘာမှ မသိရသေးဘူး”

“ရှင်က ဘာမေးချင်လို့လဲ” ဇနီးသည်က စိတ်မရှည်သော လေသံဖြင့်။

“သူနဲ့ ကလေးမလေး အတူတူ ရှိနေကြတုန်းမှာ ဘယ်သူတွေ သူတို့ကို မြင်သွားသေးသလဲ ဆိုတာ မေးရမယ်လေ”

“အခုသွားမေးတော့ရော ဘာအကျိုးထူးမှာမို့လဲ”

“ဟ … ငါ စောနက ပြောတာ မမှတ်မိဘူးလား။ တကယ်လို့ သူတို့ကို တစ်ယောက်ယောက်က မြင်ခဲ့ရင် အဲဒီကိစ္စ ရဲကို အကြောင်းမကြားဘဲ နေမှာ မဟုတ်ဘူး။ ဒီတော့ ရဲတွေက နာအိုမီကို လာမမေးဘဲ နေပါ့မလား။ အဲဒီအချိန်ရောက်မှ အကြံထုတ်နေလို့ မမီတော့ဘူး”

“ရဲတွေ လာတယ်ဆိုရင်တောင်” ယာအေကိုက မျက်လုံးများကို ပြူးထွက်မတတ်ကြည့်ရင်း “သူတို့ကို ကျွန်မသားနဲ့ တွေ့ခွင့်ပေးစရာလား”

“အဲဒီလို လုပ်လို့ ရလိမ့်မယ်လို့ နင် ထင်နေတာလား။ ပေးမတွေ့လေ သူတို့က သံသယ ဝင်လေပဲ”

“ဒါဆိုလည်း ဘာမှ မသိဘူးလို့ သားကို ဘူးခံပြောဖို့ သင်ပေးရမှာပေါ့။ ကလေးမလေးကို မသိပါဘူး ဆိုပြီး ဇွတ်တင်းခံပြောနေရင် သူတို့က ဘာတတ်နိုင်ဦးမှာလဲ”

“ဪ … သိပ်လွယ်နေလိုက်တာ။ တကယ်လို့ မျက်မြင်သက်သေက နာအိုမီဖြစ်ကြောင်း အာမခံနေရင် ဘယ်လို လုပ်မလဲ။ ရဲတွေကတော့ လွယ်လွယ်နဲ့ လက်လျှော့မှာ မဟုတ်ဘူး။ ပြီးတော့ နာအိုမီနဲ့
ကလေးမလေးနှစ်ယောက်
 အတူရှိနေတုန်း သူတို့ကို တစ်ယောက်ယောက်က နှုတ်ဆက်စကား ပြောခဲ့ကြသေးရင် ဘယ်လိုလုပ်မလဲ။ တကယ်လို့ သူကလည်း စကားပြန်ပြောခဲ့သေးတယ် ဆိုရင်ရော။ ငါတို့က မသိဘူး၊ မမြင်ဘူးဆိုပြီး တစ်ဘက်သတ် ပိတ်ပြောနေလို့ ရတာမဟုတ်ဘူး”

“ရှင်ဘာသာရှင် ထင်မြင်ချက်တွေ ပေးနေတာ။ ဘာအဓိပ္ပာယ် ရှိမှာလဲ”

“ဒါကြောင့်လည်း အခြေအနေမှန် သိရအောင် သူ့ကို ပြောခိုင်းနေတာပေါ့။ အနည်းဆုံးတော့ သူ တခြားလူတွေနဲ့ တွေ့ခဲ့သလား ဆိုတာ သေသေချာချာ သိမှ ဖြစ်မှာ”

အာကီအို ပြောသည်ကို ယုတ္တိရှိသည်ဟု နားလည်သွားသောကြောင့်လား မသိ။ ယာအေကိုသည် သူ့ကို ဆက်ပြီး ငြင်းမနေတော့။ သူ့မျက်နှာမှာတော့ ခံစားချက်မဲ့လျက်။

“နင် ဘယ်သွားမလို့လဲ”

“အပေါ်ထပ်လေ။ နာအိုမီကို သွားမေးမလို့။ တခြားလူတွေနဲ့ ဆုံခဲ့သေးသလားဆိုတာ မေးကြည့်မလို့”

“သူ့ကို ဒီမှာ လာပြောခိုင်းလိုက်”

“လိုလို့လားရှင်။ သားလည်း တုန်လှုပ်နေရှာမှာပဲ”

“ဒါဆို ပိုပြီးတော့ …….”

ယာအေကိုသည် အာကီအိုကို ဂရုစိုက်မနေတော့ဘဲ ထမင်းစားခန်းထဲမှ ထွက်သွားသည်။ အပြင်လျှောက်လမ်းမှ တစ်ဆင့် လှေကားသို့ လျှောက်သွားသော သူ့ခြေသံများကို ကြားနေရသည်။ လှေကားပေါ်သို့ လှမ်းသောအခါတွင် သူ့ခြေလှမ်းများမှာ ညင်သာသွားတော့သည်။ ကြည့်ရသည်မှာ သူ့သားကို အနှောင့်အယှက် မဖြစ်စေလိုသောကြောင့် ဖြစ်မည်။ ထိုကဲ့သို့ အလိုလိုက်လွန်းသော အပြုအမူမျိုးကို သူ ကြည့်မရခဲ့သည်မှာ ကြာပြီ။

ဆေးလိပ်မီးကို အားရပါးရ ဖိချေလိုက်ပြီး သူ မတ်တပ်ထရပ်လိုက်သည်။ ရေခဲသေတ္တာတံခါးကို ဖွင့်၍ အထဲမှ ဘီယာသံဘူး တစ်ဘူးကို ယူကာ ထိုနေရာ၌ပင် မတ်တပ်ရပ်လျက် မော့သောက်ပစ်လိုက်သည်။

သူ့ခြေထောက်ဘေးတွင် စူပါမားကတ်တံဆိပ်ပါသော ပလတ်စတစ်အိတ်အထုပ်ကို တွေ့ရသည်။ ယာအေကိုသည် စူပါမားကတ်မှ ဈေးဝယ်ပြီး ပြန်အလာတွင် ကလေးမလေး၏ အလောင်းကို တွေ့ခဲ့ခြင်း ဖြစ်မည်။ ထို့နောက် ပျာယာခတ်သွားပြီး ဈေးမှဝယ်ခဲ့သော ပစ္စည်းများကို ရေခဲသေတ္တာထဲ ထည့်သိမ်းရန် သတိမရတော့ပေ။

အိတ်ထဲတွင် ဟင်းရွက်တချို့နှင့် အသားတစ်များကို တွေ့ရသည်။ ကြည့်ရသည်မှာ
အသားညှပ်
 ဟမ်ဘာဂါ ပြုလုပ်ရန်အတွက် ဖြစ်မည်။ ၎င်းမှာ နာအိုမီ၏ အကြိုက်ဖြစ်သည်။ ထို့နောက် နွှေးလိုက်ရုံဖြင့် အသင့်စားနိုင်သော ဟင်းဘူးများကိုလည်း အိတ်ထဲတွင် တွေ့ရသည်။ ယာအေကိုသည် သူ့ယောက်ျားအတွက် မယ်မယ်ရရ ဟင်းချက်မကျွေးခဲ့သည်မှာ လပေါင်းများစွာပင် ကြာခဲ့ပြီ။

ထိုစဉ် ခြေသံများ ကြားရပြီး ယာအေကို ထမင်းစားခန်းထဲသို့ ဝင်လာသည်။

“ဘယ်လိုလဲ” အာကီအိုက မေးလိုက်သည်။

“ဘယ်သူနဲ့မှ မတွေ့ဘူးလို့ ပြောတယ်” သူ ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ “ဒါကြောင့် ရဲတွေ မေးလာခဲ့ရင် ဘာမှ မသိဘူးလို့ပဲ ပြန်ဖြေလိုက်လို့ ပြောခဲ့တယ်”

အာကီအိုသည် ဘီယာကို တစ်ငုံပြီးတစ်ငုံ ဆက်သောက်နေသည်။

“တကယ်လို့ ရဲတွေ ရောက်လာပြီ ဆိုရင် သူတို့မှာ အထောက်အထား တစ်ခုခု ရှိနေပြီလို့ ယူဆရမှာပဲ။ အဲဒီအချိန်မှာ ငါတို့က ဘာမှ မသိပါဘူးလို့ ပြောနေရင် သူတို့က ယုံမယ် ထင်လို့လား”

“သူတို့ မယုံလည်း ကျွန်မတို့ကတော့ ဆက်ပြီး ဘူးခံနေရမှာပဲ”

“သူက အဲဒီကိစ္စကို ရင်ဆိုင်ရဲလိမ့်မယ်လို့ နင်ထင်နေတာလား”

“ဘယ်ကိစ္စလဲ”

“ရဲတွေရဲ့ ရှေ့တည့်တည့်မှာ ခပ်တည်တည်နဲ့ ညာပြောရမှာကို ပြောတာ။ ရဲတွေကို ပေါ့သေးသေး မတွက်လိုက်နဲ့။ သူတို့က ရာဇဝတ်ကောင်တွေ အများကြီးနဲ့ ထိတွေ့ ဆက်ဆံလာခဲ့ကြတာ။ အဲဒီလို ကောင်မျိုးတွေကို စစ်မေးလာခဲ့ကြတာ။ တကယ်လို့သာ သူတို့က အတင်းဇွတ်မေးနေရင် နာအိုမီလည်း ကြာကြာခံနိုင်မယ် မထင်ဘူး။ ကြောက်ချေးပါတော့မှာ။ သူက ငါတို့အပေါ်မှာသာ ဆိုးလို့ရလို့ ခေါင်းမာပြနေတာ။ တခြားလူတွေရဲ့ အရှေ့မှာတော့ ငကြောက်ကောင်။ ဒါကို နင် အသိဆုံးပဲ”

ယာအေကိုက ဘာမျှ ပြန်မဖြေ။ အာကီအို၏ အမြင်ကို သူလည်း သဘောတူ၍ ဖြစ်နိုင်သည်။

“နင်အဲဒီလို အလိုလိုက်လွန်းလို့ ဒီကောင် ဒီလို ဖြစ်နေရတာပဲ”

“အကုန်လုံး ကျွန်မတစ်ယောက်တည်းရဲ့ အမှားပဲ ဆိုပါတော့” ယာအေကိုက သူ့ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

“နင်က သူ့ကို ဘာတောင်းတောင်း အကုန် ပေးနေတော့ အခု သူ့မှာ သည်းခံနိုင်တဲ့ စွမ်းရည် နည်းနည်းလေးတောင် မရှိတော့ဘူး”

“ဪ … ပြောတတ်ပါ့။ ရှင်ကရော သူ့ကို ဘာလုပ်ပေးဖူးလို့လဲ။ ပြဿနာတစ်ခုခု ဖြစ်လာပြီဆိုရင် ရှောင်ဖယ်ဖို့ပဲ စိတ်ကူးနေတာ”

“ဘယ်တုန်းက ရှောင်ဖယ်ဖူးလို့လဲ”

“သား ၆ တန်းတုန်းက ရှင် ရှောင်ဖယ်ခဲ့တာ မဟုတ်ဘူးလား”

“၆ တန်းတုန်းက?”

“ကြည့်၊ မေ့ပြီ မဟုတ်လား။ သူ အနိုင်ကျင့်ခံခဲ့ရတုန်းကလေ။ ရှင် အဲဒီတုန်းက သူ့ကို ဆူတောင် ဆူခဲ့သေးတယ်။ ယောက်ျားဆိုရင် သတ္တိရှိရှိ ပြန်ချမှပေါ့လို့တောင် ရှင်က ပြောသေးတာ။ သူ ကျောင်းမသွားချင်ဘူး ပြောတာကို ရှင်က သူ့လက်ကို အတင်းဆွဲပြီး ကျောင်းပို့ခဲ့တာလေ။ ကျွန်မ ဘယ်လိုတားတား မရခဲ့ဘူး”

“အဲဒါ သူ့ကို ကောင်းစေချင်လို့လေ”

“မဟုတ်ဘူး။ ရှင် ရှောင်ပုန်းခဲ့တာ။ ရှင် အဲဒီလို လုပ်ခဲ့လို့ ဘာပြဿနာမှ ပြေလည်မသွားခဲ့ဘူး။ နောက်ပိုင်းလည်း နာအိုမီကို အရင်လိုပဲ အမြဲတမ်း ဝိုင်းအနိုင်ကျင့်နေခဲ့ကြတာ။ အနိုင်ကျင့်တဲ့ ကလေးတွေကို ဆရာက ခေါ်ဆူလို့ နောက်ပိုင်းတော့ သူ့ကို အနိုင်အထက် မလုပ်ကြတော့ဘူး။ ဒါပေမယ့် ကျောင်းပြီးတဲ့အချိန်ထိ သူ့ကို ဘယ်သူကမှ အပေါင်းအဖော် မလုပ်ကြတော့ဘူး။ သူ့ကို ဘယ်သူကမှ စကားမပြောတော့ဘူး။ အဖက်ကို မလုပ်တော့တာ”

ထိုစကားများကို အာကီအိုသည် ပထမဆုံး ကြားဖူးခြင်း ဖြစ်သည်။ ထိုစဉ်က နာအိုမီသည် နေ့တိုင်း ကျောင်းမှန်မှန်သွားနေသောကြောင့် အနိုင်ကျင့်ခံရသော ကိစ္စမှာ အားလုံး ပြေလည်သွားပြီ ဟုသာ သူက ယူဆခဲ့သည်။

“ဘာဖြစ်လို့ ငါ့ကို မပြောပြခဲ့တာလဲ”

“သားက ရှင့်ကို မပြောပါနဲ့ ဆိုလို့ မပြောတာ။ ကျွန်မလည်း ရှင့်ကို မပြောဘဲ နေတာ ကောင်းမယ်လို့ ယူဆခဲ့တာပဲ။ ရှင့်ကို ပြောရင်လည်း ရှင်က ကလေးကို ဆူဖို့ပဲ သိတာ။ ရှင့်အမြင်မှာတော့ အိမ်ကလူတွေ အကုန်လုံးက ပြဿနာကောင်တွေပဲ မဟုတ်လား”

“မင်း အဲဒီလို မပြောပါနဲ့”

“မဟုတ်လို့လား။ အထူးသဖြင့် အဲဒီအချိန်ကပေါ့။ ရှင် ဘယ်က ကောင်မကို မွှန်နေမှန်း မသိဘူး။ အိမ်ကကိစ္စဆို ဘာမှ မေးဖော်ကို မရဘူး” ယာအေကိုက စိတ်ဆိုးမာန်ဆိုးဖြင့် အာကီအိုကို စူးစိုက်ကြည့်နေသည်။

“ဒီအကြောင်း ပြောပြန်ပြီ” အာကီအိုက စိတ်မရှည်စွာဖြင့် ပြန်ပြောသည်။

“ထားပါတော့။ အဲဒီကောင်မအကြောင်းလည်း ပြောမနေချင်တော့ဘူး။ ကျွန်မ ပြောချင်တာက ရှင်အပြင်ဘက်မှာ ဘယ်လောက်ပဲ
ကဲနေနေ
၊
 အိမ်က ကိစ္စတွေကို နည်းနည်းတော့ ဂရုစိုက်သင့်တာပေါ့။ ရှင်က သားအပေါ်မှာ နည်းနည်းမှ နားမလည်ဘူး။ အခုမှတော့ ရှင့်ကို ပွင့်ပွင့်လင်းလင်း ပြောရတော့မှာပဲ။ အခုချိန်ထိ ရှင့်သားဟာ ကျောင်းမှာ တစ်ယောက်တည်း အထီးကျန်နေတုန်းပဲ။ အတန်းငယ်တုန်းက သူ့ကို အနိုင်ကျင့်ခဲ့ကြတဲ့ အဲဒီကောင်တွေက အခုလည်း သူ့မကောင်းကြောင်းကို တွေ့သမျှလူ လျှောက်ပြောနေတော့တာ။ ဒီတော့ ဘယ်သူမှ သူ့ကို မပေါင်းသင်းချင်ကြတော့ဘူး။ ကလေးရဲ့ ရင်ထဲမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ ရှင် နားလည်ပေးဖူးလို့လား”

ယာအေကို၏ မျက်ဝန်းများထဲတွင် မျက်ရည်များ နောက်ထပ်တစ်ကြိမ် ပြည့်လျှံလာကြပြန်သည်။ ယခု ကျသောမျက်ရည်မှာ နာကျင်ခြင်း သက်သက်ကြောင့် မဟုတ်ဘဲ နာကျည်းခြင်းများပါ ရောနှောနေသည်။

အာကီအိုက သူ့ဇနီးကို မျက်နှာချင်း မဆိုင်ရဲ။ “တော်ပြီ။ ထပ်ပြောမနေနဲ့တော့”

“ရှင်က စလို့ ပြောရတာပဲ” ယာအေကိုက ချက်ချင်း ပြန်ပက်သည်။

အာကီအိုသည် လက်ထဲမှ ဘီယာကို ကုန်အောင် သောက်ပစ်လိုက်ပြီး ဘူးခွံလွတ်ကို လက်ဖြင့် ဖိညှစ်နေသည်။

“ရဲတွေ အိမ်ကို မလာပါစေနဲ့လို့သာ ဆုတောင်းနေရတော့မှာပဲ။ တကယ်လို့ ရောက်လာပြီ ဆိုရင်တော့ ……..။ ငါတို့အတွက် ဘာအခွင့်အရေးမှ မရှိလောက်တော့ဘူး။ အဲဒီအချိန်ကျရင်တော့ လက်လျှော့လိုက်ကြစို့”

“ဟင့်အင်း” ယာအေကိုက ခေါင်းတွင်တွင် ခါလျက်။ “လုံးဝ အရှုံးမပေးနိုင်ဘူး”

“ဒါပေမယ့် ငါတို့ ဘာမှ မတတ်နိုင်တော့ဘူးလေ။ ဘာလုပ်နိုင်ဦးတော့မလဲ”

“ကျွန်မ ဝန်ခံလိုက်မယ်”

“ဘာ!”

“ကျွန်မ ညှစ်သတ်ပါတယ်လို့ ပြောလိုက်မယ်။ ဒါဆို သူတို့ နာအိုမီကို ဖမ်းမှာ မဟုတ်တော့ဘူး”

“မဟုတ်တာကွာ”

“ဒါဆို ရှင်လုပ်မှာလား” ယာအေကိုသည် အာကီအိုကို ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ “မလုပ်နိုင်ဘူး မဟုတ်လား။ ဒီတော့ ကျွန်မလုပ်တယ်လို့ပဲ ဝန်ခံရတော့မှာပေါ့”

အာကီအိုသည် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး လက်နှစ်ဘက်ဖြင့် သူ့ဦးခေါင်းကို ခပ်ပြင်းပြင်း ကုတ်နေသည်။ ခေါင်းမှာ ကိုက်ခဲလာခဲ့လေပြီ။

“နင်ရော ငါရော ကလေးလေးတစ်ယောက်ကို ဘာကြောင့် သတ်ခဲ့ရတာလဲ။ ငါဖြင့် အကြောင်းပြဖို့ စဉ်းစားလို့ကို မရဘူး”

“အဲဒီအတွက် အဖြေကို အခုချိန်က စပြီး စဉ်းစားရင် မီနိုင်ပါသေးတယ်”

“ဒါဆို ဘယ်အချိန်က သတ်ခဲ့တာလဲ။ နင်ရော ငါရော အလုပ်သွားနေခဲ့တယ်။ ငါတို့ နှစ်ယောက်စလုံးမှာ အလီဘိုင်သက်သေ ပြစရာတွေ ရှိနေတယ်”

“အလုပ်ကနေ ပြန်ရောက်ရောက်ချင်း သတ်တယ်လို့ ပြောမှာပေါ့”

“အလုပ်မဖြစ်ပါဘူး။ ရင်ခွဲရုံက မှုခင်းဆရာဝန်ရဲ့ အစီရင်ခံစာ ထွက်လာရင် အသတ်ခံရတဲ့ အချိန်ကို အတိအကျ တွက်ချက်ပြထားမှာ”

“အဲဒီလောက် ဂရုစိုက်မနေနိုင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ သူ့အစား ရင်ကော့ခံဖို့ အသင့်ပဲ”

“မဟုတ်တာကွာ” အာကီအိုက နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။ ထို့နောက် လက်ထဲမှ ဖိညှစ်ထားသော ဘီယာဘူးခွံကို အမှိုက်ခြင်းထဲသို့ ပစ်ထည့်လိုက်သည်။

ထိုစဉ် သူ့ဦးနှောက်ထဲသို့ အတွေးစတစ်ခု
ဖျ
တ်ခ
နဲ
 ဝင်လာသည်။ ထိုအတွေးစမှာ ယခုပြဿနာကို ဖြေရှင်းပေးနိုင်မည့် ဖြစ်နိုင်ခြေအရှိဆုံး အကြံအဖန်တစ်ခု ဖြစ်သည်။ သူ့ဦးနှောက်ထဲတွင် စက္ကန့်အနည်းငယ်ကြာမျှ အကွက်ချကြည့်နေမိသည်။

“ဘာလဲ။ ရှင် ဘာပြောချင်လို့လဲ”

“မ … မရှိပါဘူး” အာကီအိုက ခေါင်းကို ခါယမ်းပစ်လိုက်သည်။ စောစောက အတွေးစကို ခေါင်းထဲမှ ထွက်သွားစေရန် ကြိုးစားပြီး ခါထုတ်နေသည့်နှယ်။ ထိုသို့သော အတွေးမျိုးကို ထပ်ပြီး မစဉ်းစားတော့ ဟုလည်း မိမိဘာသာ ဆုံးဖြတ်ချက် ချလိုက်သည်။ အလွန်ပင် အကျည်းတန်သော အတွေးတစ်စ။ တွေးခဲ့မိသော မိမိကိုယ်ကိုယ်ကိုပင် ရွံရှာစက်ဆုပ်ချင်သလို ဖြစ်လာခဲ့မိလေသည်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *