မာတိကာကြည့်ရန်

အခန်း (၁)

ညနေစာ သုံးဆောင်ရန် အချိန် နီးကပ်ခါမှ တာကာမာဆာသည် ကိတ်မုန့်ကို စားလိုကြောင်း ပြောလာ၏။ ထိုကိတ်မုန့်ကို မာကျုမီယာသည် သူ့အတွက် ဝယ်ယူလာခဲ့ခြင်း ဖြစ်သည်။

“အခုချိန် စားလို့ ဖြစ်ပါ့မလား” မာကျုမီယာသည် ကိတ်မုန့်ဘူးကို ကိုင်လျက် မေးနေသည်။

“ဒါတွေ ဂရုစိုက်မနေစမ်းပါနဲ့ကွာ။ ဗိုက်ဆာလာရင် စားရမှာပဲ။ အဲဒါမှ ကျန်းမာရေးအတွက် အကောင်းဆုံး မဟုတ်ဘူးလား”

“ခဏနေ နာ့စ်မက ပွစိပွစိလုပ်လာရင် ကျွန်တော်လည်း မတတ်နိုင်ဘူးနော်” မာကျုမီယာအနေဖြင့် ယခုလို ပြောလိုက်ရသော်လည်း သူ၏ ဦးလေးတွင် ယခုကဲ့သို့ စားချင်သောက်ချင်စိတ် ရှိနေခြင်းအတွက်ပင် သူ့မှာ ဝမ်းသာ၍မဆုံး ရှိတော့၏။

မာကျုမီယာသည် ပလတ်စတစ်အိတ်ထဲမှ ကိတ်မုန့်ဘူးကို ထုတ်၍ ဘူးကို အသာအယာ ဖွင့်လိုက်သည်။ ဘူးထဲတွင် ကိတ်မုန့်တစ်တုံးစီ တစ်တုံးစီကို စက္ကူအိတ်ကလေးများဖြင့် သီးခြားစီ ထုပ်ပိုးထား၏။ ထိုအထဲမှ စက္ကူထုပ် တစ်ထုပ်ကို ထုတ်ယူ၍ စက္ကူများကို ခွာထုတ်ပြီး ကိတ်မုန့်တုံးအား တာကာမာဆာ၏ ပိန်လှီနေသော လက်ဖဝါးထဲသို့ ထည့်ပေးလိုက်သည်။ နံရံတွင် မှီနိုင်ရန်အတွက် တာကာမာဆာသည် ကျန်လက်တစ်ဘက်ဖြင့် သူ၏ နောက်ကျောတွင်ရှိသော ခေါင်းအုံးအား နေရာချနေသည်ကို မြင်သောအခါ မာကျုမီယာသည် ခုတင်နား တိုးကပ်၍ ကူညီပေးသည်။

ကိတ်မုန့်တစ်တုံးသည် သာမန် လူတစ်ယောက်အတွက် နှစ်ကိုက်စာမျှသာ ရှိသော်လည်း တာကာမာဆာအတွက်မူ နည်းနည်းစီ ပါးစပ်ထဲထည့်၍ တမြုံ့မြုံ့ ဝါးနေရသောကြောင့် အချိန်အတော်ကြာမှ ကုန်လေတော့သည်။ တစ်လုတ်စီတိုင်းကို ပင်ပန်းဆင်းရဲစွာ မျိုချနေရသော ဒုက္ခအား အမှုမထားဘဲ ကိတ်မုန့်၏ အရသာကို တမြုံ့မြုံ့ ခံစားနေသော ဦးလေးကို မြင်ရ၍ မာကျုမီယာမှာ မျက်ရည်ဝဲခဲ့ရသည်။

“ရေသောက်ဦးမလား”

“အေး ကောင်းသားကွ။ ငါ့ကို ယူပေးပါဦး”

ခုတင်ခေါင်းရင်းရှိ စားပွဲခုံပေါ်မှ ရေခရားဖြင့် ရေတစ်ခွက် ထည့်လိုက်ပြီး တာကာမာဆာလက်ထဲသို့ ထိုးပေးလိုက်သည်။ အလွယ်တကူ စုပ်သောက်နိုင်ရန် ပိုက်တစ်ချောင်းကို ခွက်ထဲတွင် အသင့်ထည့်ထားသောကြောင့် တာကာမာဆာသည် ခွက်ထဲမှ ရေများ ကုန်သည်အထိ ဖြည်းဖြည်းချင်း စုပ်ယူလေသည်။

“ဦးလေး၊ အခု အဖျားရော ရှိသေးလား” ရေသောက်ပြီး၍ ခွက်ကို ပြန်ယူနေစဉ် မာကျုမီယာက မေးလိုက်သည်။

“ဒီလိုပါပဲ။ ၃၇ ဖြစ်လိုက် ၃၈ ဖြစ်လိုက်ပေါ့။ အသားကျနေပါပြီကွာ။ အဲဒါကို ကိုယ့်ရဲ့ ပုံမှန်အပူချိန်လို့ပဲ ယူဆလိုက်တော့တယ်”

“ဟုတ်၊ ဦးလေး နေရထိုင်ရ သက်သာရင် ပြီးတာပါပဲ”

“ငါ့အတွက် မပူပါနဲ့ကွာ။ မင်းပဲ။ ဒီကို ခဏခဏ လာနေတာ။ အလုပ်ရော အဆင်ပြေရဲ့လား”

“လတ်တလော အမှုတစ်ခု ပြီးသွားလို့ အားလပ်ချိန် များများ ရနေတာ”

“ဒါဆိုလည်းကွာ အခု အားလပ်ချိန်ရတုန်း ရာထူးတိုး စာမေးပွဲအတွက် စာလေးဘာလေး လုပ်ပါတော့လား”

“ဦးလေးက လာပြန်ပြီဗျာ” မာကျုမီယာသည် မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။

“စာလုပ်ရမှာ စိတ်မပါဘူးဆိုလည်းကွာ၊ ရည်းစားလေးဘာလေး
ခေါ်
ပြီး ထွက်လည်ပေါ့ကွ။ ဒီအဘိုးကြီးကိုပဲ အလကားနေရင်း စိတ်ပူနေပြီး ဒီပဲ ခဏခဏ လာနေတာ ဘာအသုံးကျမလဲ။ ငါ့ကို ပူမနေစမ်းပါနဲ့ကွာ။ ကာကျုကိုလည်း ဒီကို မကြာမကြာ ရောက်နေတာပဲဟာ”

ကာကျုကိုဟူသည် မာကျုမီယာ၏ မိခင်ဖြစ်သည်။ တာကာမာဆာ၏ နှမလည်း ဖြစ်သည်။

“ကျွန်တော့်မှာ ရည်းစားမှ မရှိဘဲ ဦးလေးရာ။ ပြီးတော့ ဦးလေးလည်း အားနေတာပဲ မဟုတ်ဘူးလား”

“အမယ် မင်းထင်သလို အားမနေဘူးကွ။ ဆေးရုံတက်နေရတဲ့သူ ဆိုပေမယ့် ငါ့မှာ စဉ်းစားစရာ တွေးတောစရာတွေကလည်း အများသားဟ”

“ဦးလေးက ဒါကို ပြောတာလား” မာကျုမီယာသည် ဘီးတပ်စားပွဲပေါ်မှ စစ်တုရင်ဗန်းကို
လက်ည
ှိုး
ထိုးပြရင်း
 မေးလိုက်သည်။ စစ်တုရင် အရုပ်တစ်ခုစီ၏ အောက်ခြေတွင် သံလိုက်ထည့်ထားသော စစ်တုရင်ဗန်းတစ်ဗန်း ဖြစ်သည်။

“လျှောက်မကိုင်နဲ့။ ပွဲက မပြီးသေးဘူး။ အကွက်ရွှေ့နေတုန်းကွ”

“ကျွန်တော်က ဒါမျိုးတွေ ဝါသနာ မပါပါဘူး။ ဒါပေမယ့် ကြည့်ရတာ ရှေ့တစ်ခေါက် ကျွန်တော် ဒီကို ရောက်တုန်းကနဲ့ ဘာမှ မထူးသလိုပါပဲ”

“ဘယ်ကလာကွာ။ တိုက်ကွက်တွေက အချိန်နဲ့အမျှ ပြောင်းလဲနေတာ။ ငါ့ပြိုင်ဘက်ကလည်း ခေသူတော့ မဟုတ်ဘူးကွ”

တာကာမာဆာ၏ စကားပင် မဆုံးသေးခင် သူနာပြုဆရာမ တစ်ယောက်သည် လူနာခန်း တံခါးကို ဖွင့်၍ ဝင်လာသည်။ အသက် ၃၀ ခန့် ပတ်ဝန်းကျင်ဟု ခန့်မှန်း၍ရသော မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးတစ်ဦး။

“ကျွန်မတို့ ကိုယ်အပူချိန်နဲ့ သွေးပေါင်ချိန်လေး တိုင်းကြည့်ရအောင်လား” သူနာပြုဆရာမက ပြောလာသည်။

“အခုပဲ သမီးအကြောင်း ပြောနေတာ။ ဒီကောင့်ကို စစ်တုရင်ဗန်း ပြနေတာလေ”

တာကာမာဆာ၏ စကားသံကို ကြားရသောအခါ မျက်နှာဝိုင်းနှင့် သူနာပြုဆရာမ၏ မျက်နှာမှ အပြုံးတစ်စ ထွက်ပေါ်လာသည်။

“နောက်တစ်ကွက် ဘာရွှေ့မလဲဆိုတာ သမီး စဉ်းစားပြီးပြီလား”

“အွန်း” သူက ခေါင်းတစ်ချက် ညိတ်ပြနေစဉ်မှာပင် စစ်တုရင်ဗန်းပေါ်မှ အရုပ်တစ်ရုပ်ကို နေရာရွှေ့လိုက်သည်။

မာကျုမီယာသည် တာကာမာဆာနှင့် သူနာပြုဆရာမတို့၏ မျက်နှာကို တစ်လှည့်စီ အပြန်အလှန် ကြည့်ရင်း အံ့အား အသင့်ကြီး သင့်နေတော့သည်။

“အန် … ဦးလေးရဲ့ ပြိုင်ဘက်ဆိုတာ ဒီဆရာမလေးလား”

“သူ့ကို အထင်မသေးလိုက်နဲ့။
ရှုဟေး
 … ဗန်းကို ငါ့ခုတင်နား ရွှေ့ပေးစမ်းပါကွာ”

မာကျုမီယာသည် စစ်တုရင်ဗန်း တင်ထားသော စားပွဲကို ခုတင်အနားသို့ တိုးရွှေ့ပေးလိုက်သည်။ တာကာမာဆာသည် စစ်တုရင်ဗန်းကို တစ်ချက်စိုက်ကြည့်လိုက်ပြီး သူ၏ မျက်မှောင်တို့ ကျုံ့ဝင်သွားကြသည်။ သူ၏ မျက်နှာပေါ်မှ မရေမတွက်နိုင်သော အရေးအကြောင်းများသည်လည်း ပို၍ နက်ရှိုင်းသွားကုန်သည် ထင်ရ၏။

“မြင်း ခုန်လိုက်တယ်လား။ နိပ်ပါ့ကွာ။ ထင်တောင် ထင်မထားဘူး”

“အန်ကယ် ခဏနေလောက်မှ အေးအေးဆေးဆေး စဉ်းစားပါလား။ တော်ကြာ သွေးပြန်တက်နေပါဦးမယ်”

ရင်ဘတ်တွင် ‘ကာနာမိုရီ’ ဟူသော ရင်ထိုးတံဆိပ်ပါသည့် ဆရာမလေးသည် ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် တာကာမာဆာကို သွေးပေါင်ချိန်ပေးနေ၏။ နောင်အခါတွင် တာကာမာဆာသည် မာကျုမီယာကို သူနှင့် အောင်သွယ်ပေးမည် ဖြစ်ကြောင်း ပြောလာခဲ့သည်။ မာကျုမီယာမှာ ဆန္ဒမရှိ၍ ငြင်းဆိုလိုက်ရ၏။ ဆရာမလေးမှာလည်း ထိုသို့ ဆန္ဒရှိပုံ မရ။

“ဘယ်နားလေးများ ကိုက်တာ ခဲတာ ရှိသလဲ အန်ကယ်” စမ်းသပ်တိုင်းတာသည်များ ပြီးသောအခါ ဆရာမလေးသည် တာကာမာဆာကို မေးလာသည်။

“မရှိပါဘူး။ အရင်အတိုင်းပါပဲ”

“ကိစ္စတစ်ခုခု ရှိလာရင်တော့ ကျွန်မကို အချိန်မရွေး ခေါ်လိုက်ပါနော်” ကာနာမိုရီ တိုကီကိုသည် တစ်ချက်ပြုံးပြပြီး အခန်းတွင်းမှ ထွက်သွားတော့သည်။

တာကာမာဆာသည် ဆရာမလေး ထွက်သွားသည်ကို ခဏတာ လိုက်ကြည့်ရင်းမှ ချက်ချင်းဆိုသလို မျက်လုံးများသည် စစ်တုရင်ဗန်းပေါ်သို့ အာရုံပြောင်းသွားသည်။

“ဪ … သူက ဒီအကွက် ရွှေ့တာကိုး။ ရွှေ့နိုင်လောက်တယ်လို့ စဉ်းစားခဲ့ဖူးပေမယ့် တကယ် ရွှေ့လိမ့်မယ် ထင်မထားခဲ့ဘူး”

ထိုကဲ့သို့ စစ်တုရင်ဗန်းကို စိတ်ပါလက်ပါ အာရုံစူးစိုက် ကြည့်နေသော သူ့ကို မြင်ရ၍ ပျင်းရိငြီးငွေ့နေမည်လားဟု စိတ်ပူပန်နေစရာ မလိုတော့ပေ။ စိတ်ချသွားပြီဖြစ်၍ မာကျုမီယာသည် ထိုင်နေရာမှ ထရပ်လိုက်သည်။

“ဒါဆို ကျွန်တော် ပြန်တော့မယ်”

“အေး အေး၊ ကာကျုကိုကို ပြောလိုက်ပါကွာ။ ငါ နေကောင်းတယ်လို့”

မာကျုမီယာသည် အခန်းတံခါးဖွင့်၍ အပြင် ထွက်တော့မည် ပြုစဉ် သူ့အား လှမ်းခေါ်သံကို တာကာမာဆာထံမှ ကြားလိုက်ရသည်။

“ဘာမှာစရာ ရှိလို့လဲ ဦးလေး”

“…….. အခုလို မအားတဲ့ကြားက ငါ့ဆီ တကူးတက လာမနေပါနဲ့ကွာ။ မင်းမှာလည်း လုပ်စရာကိုင်စရာတွေက အများကြီး ရှိဦးမှာပဲ”

“ကျွန်တော် ပြောပြီးသားပဲ ဦးလေးရယ်။ ကျွန်တော် အားနေတာပဲ။ နောက်လည်း လာခဲ့ဦးမယ်” ပြောပြီးပြီးချင်း မာကျုမီယာသည် အခန်းထဲမှ ထွက်လာခဲ့သည်။

ဓာတ်လှေကားသို့ သွားစဉ် လမ်းကြုံ၍ သူနာပြု အလုပ်ခန်းသို့ ခဏဝင်လိုက်သည်။ အခန်းတွင်းတွင် နားနေသော ကာနာမိုရီ တိုကီကိုကို လှမ်းမြင်ရ၍ အပြင်မှ လက်ယပ်ခေါ်လိုက်သောအခါ ကာနာမိုရီ တိုကီကိုသည် ထူးဆန်းသော မျက်နှာပေးဖြင့် အပြင်ထွက်လာသည်။

“အခုတလော ကျွန်တော့်ဦးလေးဆီကို လူနာလာမေးတဲ့သူများ ရှိသလားဗျ။ ကျွန်တော့်အမေက လွဲလို့ပေါ့”

သူနာပြုများသည် သူ၏မိခင် ကာကျုကို
ကို
လည်း သိနေသည်။ ကာနာမိုရီ တိုကီကိုသည် ခဏတာ စဉ်းစားနေပြီးမှ ပြန်ဖြေသည်။

“ကျွန်မ သတိထားမိသလောက် ဘယ်သူမှ မရှိဘူးရှင့်”

“ကျွန်တော့်အစ်ကိုရော မလာဘူးလား။ ကျွန်တော့်ဦးလေးရဲ့ သားလေ”

“သူ့သားလား။ ဟင့်အင်း၊ လာတာ မတွေ့ဘူး”

“ဒီလိုလား။ တောင်းပန်ပါတယ်ဗျာ။ နှောင့်ယှက်သလို ဖြစ်သွားပြီ”

“ကိစ္စ မရှိပါဘူး” သူက ပြုံးလျက် ပြန်ဖြေပြီး အခန်းအတွင်းသို့ ပြန်ဝင်သွားလေသည်။

ဓာတ်လှေကားအတွင်းသို့ ရောက်သောအခါ မာကျုမီယာသည် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။ သေခါနီး လူနာတစ်ယောက်အား အဘယ်ကြောင့် ဤမျှ စိတ်နာနေရသနည်း ဆိုသည်ကိုမူ သူ မတွေးတတ်ခဲ့။ ယခင်က မည်သို့ပင် ရှိခဲ့စေကာမူ ယခုလို နောက်ဆုံး အချိန်မျိုးတွင် အာဃာတအားလုံးကို ခဝါချ၍ အရာအားလုံးကို ခွင့်လွှတ်နိုင်သင့်သည် မဟုတ်ပါလား။ သူ၏ အတွေးများ လေးပင်လာ၏။ သူတို့နှစ်ဦးကြားမှ စိမ်းကားနေသည့် ဤသို့သော ဆက်ဆံရေးကို မိမိအနေဖြင့် မည်သို့မျှ ပြုပြင်မပေးနိုင်သည်ကိုလည်း ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ ဖြစ်နေမိသည်။

တာကာမာဆာ၏ ညှိုးရော်နေသော ဝါကျင့်ကျင့် မျက်နှာသည် မာကျုမီယာ၏ အတွေးအာရုံထဲတွင် ပေါ်လာသည်။ သူ၏ သည်းခြေနှင့် အသည်းတို့တွင် ကင်ဆာဆဲလ်များ ပြန့်နှံ့နေလေပြီ။ ခွဲစိတ်ကုသ၍လည်း မဖြစ်နိုင်တော့။ ယခုအခါတွင် သူ၏ အသက်ကို တတ်နိုင်သမျှ ဆွဲဆန့်ထားရုံသာ ကျန်တော့သည်။ လိုအပ်လျှင် ဝေဒနာသက်သာစေရန် မော်ဖင်းထိုးပေးရုံမှ လွဲ၍ တခြားနည်းလမ်းလည်း မရှိ။ မာကျုမီယာတို့ သားအမိ၏ နောက်ဆုံး ဆန္ဒမှာ တာကာမာဆာကို ဤကမ္ဘာလောကမှ ဝေဒနာနည်းနည်းနှင့် သက်သောင့်သက်သာ ထွက်ခွာသွားနိုင်ရန် ကြိုးစားပေးနေခြင်းမျှသာ။ ထိုနေ့ထိုရက်သည် မည်သည့်အချိန်တွင် ဆိုက်ရောက်လာမည်ကို သူတို့ မခန့်မှန်းနိုင်။ မည်သည့်အချိန်မဆို ဖြစ်လာနိုင်သည်ဟုသာ ဆရာဝန်များက ပြောကြ၏။ တာကာမာဆာကတော့ အရာအားလုံးအတွက် ကြိုတင်ပြင်ဆင်ထားပြီး နေပုံရသည်။ သေခြင်းတရားသည် သူ့အတွက် ဘာမျှ အရေးမကြီးသလိုပင်။ သေမင်းသည် သူ့ထံသို့ အချိန်မရွေး ရောက်လာနိုင်သည်ကိုလည်း သူ သိထားပြီး ဖြစ်နေပေလိမ့်မည်။

မာကျုမီယာသည် သူ့ဦးလေး တာကာမာဆာကို ပထမဆုံး မြင်ဖူးသည့်အချိန်မှာ အလယ်တန်းကျောင်းသားဘဝက ဖြစ်သည်။ ယခင်က မာကျုမီယာတို့ သားအမိသည် တာကာဆာကီတွင် နှစ်ဦးတည်း နေထိုင်ခဲ့ကြပြီး နောက်တော့ တိုကျိုသို့ ပြောင်းလာခဲ့ကြသည်။ ထိုစဉ်က
မည်သည့်
အတွက်ကြောင့် တိုကျိုသို့ ပြောင်းလာခဲ့မှန်း သူ မသိခဲ့။ မိခင်၏ အလုပ်ကြောင့်ဟုသာ သူ ယူဆခဲ့သည်။ သူ့ မိခင်က သူနှင့် တာကာမာဆာတို့ကို မိတ်ဆက်ပေးစဉ် အခါက သူ့အနေဖြင့် အလွန် အံ့အားသင့်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုစဉ်အချိန်က သူ့တွင် တခြားဆွေမျိုးသားချင်း တစ်ဦးတလေ ရှိသည်ကို သူ မကြားဖူးခဲ့ပေ။ သူ့မိခင်ကို တစ်ဦးတည်းသော သမီးဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ သူ၏ အဘိုးအဘွားတို့သည်လည်း ခပ်စောစောကပင် ကွယ်လွန်ကုန်ကြပြီ။ မာကျုမီယာက ထိုသို့ပင် မှတ်ထင်ထားခဲ့သည်။

ကာဂါ တာကာမာဆာသည် ယခင်က ရဲအမှုထမ်းတစ်ဦး ဖြစ်ခဲ့သည်။ ထို့နောက် အလုပ်ထွက်၍ လုံခြုံရေးကုမ္ပဏီတစ်ခုတွင် အကြံပေးလုပ်ခဲ့ပြန်သည်။ ထိုစဉ်က သူသည် အလုပ်မအားလပ်သည့် ကြားမှပင် မာကျုမီယာတို့ဆီ အလည်လာတတ်သည်။ အလုပ်ကိစ္စရှိ၍ လာခြင်းမျိုး မဟုတ်ဘဲ မကြာမကြာလာပြီး ဘာတွေ လိုအပ်မည်နည်းဟု ဂရုတစိုက် စောင့်ရှောက်လိုခြင်းမျိုး ဖြစ်သည်။ သူ ငယ်စဉ်အခါက တာကာမာဆာ အိမ်သို့လာလည်တိုင်း အမြဲ ယူလာတတ်သည့် သူ ကြိုက်တတ်သော အသားပေါက်စီ၊ ဘဲသားမုန့် စသည်တို့ကို အမှတ်ရနေမိသည်။ ခန္ဓာကိုယ် ဖွံ့ဖြိုးဆဲအရွယ် ရောက်နေသော အလယ်တန်းကျောင်းသားလေး မာကျုမီယာအတွက် မုတ်ဆိတ် ပျားစွဲသကဲ့သို့ အပျော်ကြီး ပျော်ခဲ့ရသော ကာလများ ဖြစ်သည်။ နွေရာသီ ဆိုလျှင်လည်း ဖရဲသီးကြီး တစ်လုံးအား မနိုင့်တနိုင် သယ်လာတတ်သည်ကို မြင်ယောင်မိသည်။

သူ့အတွက် တွေးရခက်နေသည်မှာ သူတို့အပေါ် ဤမျှ ကောင်းရှာသော ဦးလေးတစ်ယောက် ဤလောကတွင် ရှိနေမှန်း တိုကျိုမရောက်ခင်က သူ လုံးဝ မသိခဲ့ပေ။ ကြားလည်း မကြားဖူးခဲ့။ သူတို့ နေခဲ့သော တာကာဆာကီနှင့် တိုကျိုမှာလည်း လမ်းပန်းဆက်ဆံသွယ်ရေး ခက်ခဲလှသည် မဟုတ်။ အဘယ်ကြောင့် အဆက်အသွယ် မရှိခဲ့ကြသနည်း။ ထိုအကြောင်းကို သူ၏ မိခင်နှင့် ဦးလေးတို့ကို မေးလိုက်လျှင်လည်း “အဲဒီတုန်းက အဆက်အသွယ် ပြတ်နေကြလို့ပေါ့ကွာ” ဟုသာ ခပ်လွယ်လွယ် ဖြေတတ်ကြသည်။ ဤအဖြေသည် မာကျုမီယာအတွက်တော့ ကျေနပ်စရာ အဖြေမဟုတ်ခဲ့။

နှစ်အနည်းငယ်ကြာပြီး အထက်တန်း ကျောင်းသားဘဝ ရောက်သောအခါတွင် သူ့မိခင်ထံမှ လိုချင်သော အဖြေကို ရရှိခဲ့သည်။ အိမ်ထောင်စုဇယားထဲရှိ ဖခင်အမည် နေရာတွင် ဗလာဖြစ်နေသည်ကို သတိထားမိသွားသောကြောင့် ဖြစ်သည်။ မာကျုမီယာသည် သူ့မိခင်ကို အကြောင်းအရင်း မေးကြည့်သောအခါမှ သူ မျှော်လင့်မထားခဲ့သော အဖြေတစ်ခုကို ရလာခဲ့သည်။

မာကျုမီယာ၏ မိဘများသည် တရားဝင် လက်ထပ်ခဲ့ကြသည် မဟုတ်။ “မာကျုမီယာ” ဟူသော အမည်သည်လည်း ခင်ပွန်းဟောင်း၏ မျိုးရိုးအမည်သာ ဖြစ်သည်။

မာကျုမီယာ၏ ဖခင်သည် ကာကျုကိုနှင့် မတွေ့စဉ်ကပင် အိမ်ထောင်ရှိပြီးနှင့်သူ ဖြစ်သည်။ ပြောရလျှင် ကာကျုကိုသည် သူ့ဖခင်၏ အမြှောင်မယား။ သို့သော် ပြီးစလွယ် သဘောထားသော အပျော်မယားမျိုးလည်း မဟုတ်။ သူ၏ ဖခင်သည် တရားဝင်မယားနှင့် ကွာရှင်းနိုင်ဖို့ အတန်တန် ကြိုးစားခဲ့၏။ တစ်ဘက်မှ အမျိုးသမီးက ကွာရှင်းခွင့် မပေးခဲ့ပေ။ ထို့ကြောင့် သူ၏ ဖခင်သည် ကာကျုကိုကို တာကာဆာကီမြို့သို့ ခိုးပြေးသွားခဲ့ခြင်း ဖြစ်ပြီး ထိုမြို့တွင် စာဖိုမှူးအလုပ်ဖြင့် အသက်မွေးနေခဲ့သည်။

များမကြာခင်မှာပင် သူတို့နှစ်ဦးတွင် သားတစ်ယောက် ဖြစ်ထွန်းလာခဲ့သော်လည်း သူ့ဖခင်မှာ တရားဝင် ကွာရှင်းခွင့် မရသေးပေ။ သူတို့သည် တရားဝင် လက်ထပ်နိုင်ခြင်း မရှိသော်လည်း တာကာဆာကီတွင် သူတို့ကို သိကျွမ်းသူများ မရှိရကား တရားဝင် လင်မယားကဲ့သို့သာ ဆက်လက် နေထိုင်ခဲ့ကြသည်။ သို့သော် သူတို့၏ ဘဝမှာ သာယာဖြောင့်ဖြူးခြင်း မရှိခဲ့ပေ။ တစ်နေ့သောအခါတွင် သူ၏ ဖခင် အလုပ်လုပ်သော စားသောက်ဆိုင်တွင် မီးလောင်ကျွမ်း၍ ဖခင်ဖြစ်သူ စားဖိုမှူးမှာ မီးထဲတွင် အသက်ဆုံးရှုံးခဲ့ရသည်။

ငယ်ရွယ်သေးသော မာကျုမီယာနှင့် သူ၏ မိခင်မှာ တစ်နယ်တစ်ကျေးတွင် ဝမ်းရေးအတွက် မည်မျှ ရုန်းကန်ခဲ့ရမည်ကို တွေးကြည့်ရုံဖြင့်ပင် သိနိုင်ပေသည်။ ယခုအချိန်ထိ မာကျုမီယာ၏ မှတ်ဉာဏ်ထဲတွင် ရှိနေသေးသည်မှာ ညဉ့်နက်သန်းခေါင်မှ အိမ်ပြန်ရောက်လာတတ်သော မိခင်၏ ပုံရိပ်များ ဖြစ်သည်။ ပြန်ရောက်လာလျှင်လည်း လူမှန်းသူမှန်း မသိအောင် မူးနေတတ်ပြီး တစ်ခါတစ်ရံ သန့်စင်ခန်းထဲတွင် အော့အန်နေတတ်သည်။

ထိုသို့ ဖြတ်သန်းနေကြရသော သူတို့၏ ဘဝလေးကို တယုတယ ဆယ်မ ကူညီခဲ့သူမှာ ကာဂါ တာကာမာဆာပင် ဖြစ်သည်။ သူ၏ ဦးလေးကပင် သူတို့ သားအမိကို တိုကျိုသို့ ပြန်လာရန် တောင်းဆိုခဲ့သည်။ ချော့မော့ခဲ့သည်။ သူ၏ အနီးအနားတွင် ရှိနေလျှင် အလွယ်တကူ စောင့်ရှောက်ပေးနိုင်မည်ဟု အကြောင်းပြ၍ တိုကျိုသို့ ပြန်ခေါ်ခဲ့သည်။ ကာကျုကိုသည် သူ့အစ်ကိုကို ဒုက္ခမပေးလိုသော်ငြားလည်း သားမောင်၏ ရှေ့ရေးကလည်း ရှိနေသေးသည် မဟုတ်ပါလော။ သို
့
ဖြင့် သူ့အစ်ကို၏ ကမ်းလှမ်းမှုကို လက်သင့်ခံ၍ တိုကျိုသို့ ပြောင်းလာခဲ့ကြသည်။

တာကာမာဆာသည် သူ့နှမအတွက် နေစရာ အိမ်တင်မကဘဲ အလုပ်တစ်ခုကိုပါ ရှာပေးခဲ့သည်။ ထို့အပြင် လိုအပ်သော ကျန်းမာရေး၊ လူမှုရေး စောင့်ရှောက်မှုများလည်း လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးခဲ့သည်။ မာကျုမီယာသည် ထိုအကြောင်းအရာများကို သိလာရသောအခါ ဦးလေးဖြစ်သူကို အဘယ်မှာ မလေးစားဘဲ ကျေးဇူးမတင်ဘဲ နေနိုင်ပါတော့အံ့နည်း။ သူ ယခုကဲ့သို့ လူတန်းစေ့အောင် လူတစ်လုံး သူတစ်လုံး နေနိုင်သည်မှာ ဦးလေး၏ စောင်မမှုကြောင့်သာ ဖြစ်သည်။ ယခုကဲ့သို့ နှမကို အင်မတန် ချစ်သော အစ်ကိုတစ်ယောက်၊ တူကို အင်မတန် ချစ်သော ဦးလေးတစ်ယောက် ရှိနေခဲ့သောကြောင့်သာ သူ့ဘဝမှာ မျက်နှာ မငယ်ခဲ့ရခြင်း ဖြစ်သည်။

သူ၏ ကျေးဇူးတို့သည် ဆပ်၍ မကုန်တော့ပြီ။ ဤကျေးဇူးများကို ဆပ်နိုင်အောင် ကြိုးစားမည်ဟူသော စိတ်အခံဖြင့်ပင် သူ စာကြိုးစားခဲ့သည်။ တက္ကသိုလ်မှ ဘွဲ့ရအောင် ကြိုးစားခဲ့သည်။ ပညာတတ် ဖြစ်စေလိုသော ဦးလေး၏ ဆန္ဒကို အစွမ်းကုန် ဖြည့်ဆည်းပေးရမည် မဟုတ်ပါလား။

မာကျုမီယာသည် ဘွဲ့ရပြီးသော အခါတွင်လည်း တွေဝေမနေဘဲ ရဲအမှုထမ်းဘဝကို ရွေးချယ်ခဲ့သည်။ သူ့ဘဝတွင် အလေးစားရဆုံး ပုဂ္ဂိုလ်တစ်ဦးကို အားကျ၍ ရဲသားတစ်ယောက် ဖြစ်လာရသည်ဟု ဆိုလျှင်လည်း မမှားချေ။

ယခုအခါ ဦးလေး၏ အသက်အန္တရာယ်ကို ကယ်တင်ရန် မည်သို့မျှ မတတ်နိုင်သည် ရှိစေဦးတော့။ ဤလောကကြီးမှ သူခွဲခွာခါနီးတွင် သူ၏ ဆန္ဒဟူသမျှကို ဖြည့်ဆည်းပေးခဲ့လိုသည်။ ဤသည်မှာလည်း မာကျုမီယာအတွက် နောက်ဆုံးအနေဖြင့် ကျေးဇူးဆပ်နိုင်သော တစ်ခုတည်းသော အခွင့်အလမ်း မဟုတ်ပါလား။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *