အဆောက်အအုံထဲသို့ လျှောက်ဝင်သွားသည့်အခါ ကြမ်းပြင်ပေါ်မှ အေးမြသော အငွေ့အသက်များကို ခံစားလာရသည်။ အားကစားဖိနပ်ကို ဝတ်ထားသော်လည်း ခြေသံများက ထူးဆန်းစွာ ကျယ်လောင်နေကြသည်။ တစ်တိုက်လုံးတွင် အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်ငြိမ်သက်နေသည်။ လူတစ်ဦးတစ်ယောက်မျှ မရှိကြပေဘူးလော။
ဥကျုမိသည် လှေကားပေါ်သို့ နင်းတက်လာစဉ် မျက်မှန်နှင့် ကောင်လေးတစ်ယောက်ကို တွေ့ရသည်။ ကောင်လေးက သူ့ကို မြင်လိုက်သည်နှင့် အံ့ဩထူးဆန်းသွားသည့် ဟန်ပန်အမူအရာက သူ့မျက်နှာတွင် အထင်းသား ပေါ်လွင်လာသည်။ ဤတိုက်ပေါ်တွင် သူစိမ်းမိန်းကလေးတစ်ယောက်ကို တွေ့ရခဲသောကြောင့်လား မသိ။
ဥကျုမိသည် ဤနေရာသို့ လွန်ခဲ့သော လအနည်းငယ်က ရောက်ခဲ့သေးသည်။ ထိုစဉ်က သူသည် ထောက် (၁) သို့ ပြောင်းရွှေ့လာခါစ ဖြစ်ပြီး အမှုတစ်ခုနှင့် ပတ်သက်၍ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ အမှုထဲတွင် ရူပဗေဒနှင့် သက်ဆိုင်သော သဲလွန်စများ ပါဝင်နေသောကြောင့် ယင်းအချက်များကို ကောင်းစွာ နားလည်သဘောပေါက်နိုင်ရန် အလို့ငှာ ဤနေရာသို့ အပြေးအလွှားလာပြီး အကူအညီ တောင်းခံခဲ့ရသည်။ ဦးနှောက်တွင် ကျန်ရှိနေဆဲဖြစ်သော မှတ်ဉာဏ်အပိုင်းအစကို အားကိုး၍ သူသည် အခန်းတစ်ခန်းဆီသို့ ဦးတည်သွားနေခဲ့သည်။
ဓာတ်ခွဲခန်း အမှတ် (၁၃) သည် သူ၏ ဦးတည်ရာဖြစ်သည်။ ရှေ့တစ်ခေါက် ရောက်ခဲ့စဉ်ကကဲ့သို့ အဝင်ပေါက်တွင် ဝင်ထွက်စာရင်းကို တွေ့မြင်ရသည်။ ဤအခန်းကို အသုံးပြုနေသော လူပုဂ္ဂိုလ်သည် ယခု မည်သည့်နေရာတွင် ရောက်ရှိနေသည် ဟူသော အချက်အလက်ကို ဖော်ပြထားသည်။ ‘ယုကာဝါ’ ဟူသော နာမည်၏ နံဘေးရှိ ‘အခန်းတွင်း’ ကော်လံတိုင်ပေါ်တွင် အနီရောင် သံလိုက်တုံးတစ်တုံးကို ကပ်ထားလေသည်။ ဥကျုမိ စိတ်သက်သာရာ ရသွားသည်။ ထိုသူသည် ရှောင်ပုန်းနေခြင်း မရှိဘဲ ကတိအတိုင်း သူ့ကို စောင့်နေလေသည်။ လက်ထောက်နှင့် ကျောင်းသားများအားလုံး အတန်းဝင်နေကြပုံ ရသည်။ ထိုအချက်ကလည်း သူ့ကို ပို၍ စိတ်သက်သာရာ ရစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဖြစ်နိုင်သမျှ လူသိနည်းလေ ကောင်းလေဟု ယူဆထားသောကြောင့်ပင်။
သူ တံခါးခေါက်လိုက်သည့်အခါတွင် အခန်းထဲမှ ပြန်ထူးသံ ထွက်ပေါ်လာသည်။ သို့ဖြင့် တံခါးဝတွင် ရပ်နေလိုက်သည်။ အချိန်ကြာသွားသော်လည်း တံခါးလာဖွင့်သူ တစ်ယောက်မျှ ပေါ်မလာခဲ့ပေ။
“စိတ်မကောင်းပါဘူး။ ဒါက အော်တိုတံခါး မဟုတ်ဘူး” အခန်းထဲမှ အသံ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
ဥကျုမိသည် တံခါးကို ကိုယ်တိုင် ဆွဲဖွင့်ပြီး အထဲသို့ ဝင်လိုက်သည့်အခါ သူ့ကို ကျောပေးထားသည့် အနက်ရောင် ရှပ်လက်တို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်ကို တွေ့မြင်လိုက်ရသည်။ အမျိုးသား၏ အရှေ့တွင် မော်နီတာအကြီးတစ်လုံး ချထားပြီး စခရင်ပေါ်တွင် ပူဖောင်းအကြီးအသေးများ စုဖွဲ့နေသည့် ရုပ်ပုံတစ်ခုကို တွေ့မြင်ရသည်။
“ကျေးဇူးပြုပြီးတော့ လက်ဆေးကန်ဘေးက ကော်ဖီဖျော်စက်ရဲ့ ခလုတ်ကို ဖွင့်ပေးလို့ ရမလား။ ရေနဲ့ကော်ဖီက အဆင်သင့် ထည့်ထားပြီးသား” ကျောပေးထားသောသူက စကားဆိုသည်။
လက်ဆေးကန်သည် သူ၏ ညာဘက်တွင် ရှိပြီး ယင်းလက်ဆေးကန်၏ နံဘေးတွင် ကော်ဖီဖျော်စက်တစ်လုံး ချထားသည်။ ကြည့်ရသည်မှာ သစ်လွင်နေဆဲ။ စက်ကို ခလုတ်ဖွင့်လိုက်ပြီး များမကြာခင်မှာပင် စက်ထဲမှ အသံဗလံများ ထွက်ပေါ်လာသည်။
“ဆရာက အသင့်ဖျော် ကော်ဖီကိုပဲ ပိုကြိုက်တယ်လို့ ကြားဖူးထားတာ” ဥကျုမိက ပြောသည်။
“ဒီကော်ဖီဖျော်စက်ကို ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ဆုအဖြစ်နဲ့ ရထားတာ။ ရတောင့်ရခဲ ဆိုတော့ ကျွန်တော်လည်း အစမ်း သုံးကြည့်နေတာ။ သုံးရ အဆင်ပြေတယ်။ နောက်ပြီး ကော်ဖီမှုန့်လည်း အကုန်သက်သာတယ်”
“စောစောစီးစီး မသုံးခဲ့မိလို့ ဆရာက နောင်တရနေတာလား”
“မဟုတ်ပါဘူးဗျာ။ ဒီကောင့်မှာ အားနည်းချက် အကြီးကြီး ရှိတယ်”
“ဘာအားနည်းချက်လဲ”
“အသင့်ဖျော်ကော်ဖီလို အရသာမျိုး ထွက်မလာဘူး” ပြောရင်း ကီးဘုတ်ကို တစ်ခဏမျှ တဂျောက်ဂျောက် နှိပ်၍ ဤအခန်း၏ ပိုင်ရှင် ယုကာဝါသည် ထိုင်ခုံကို တစ်ဘက်သို့ လှည့်လိုက်လေသည်။ ဥကျုမိကို မျက်နှာချင်းဆိုင်လျက် “ထောက် (၁) က အလုပ်တွေနဲ့ အသားကျသွားပြီလား”
“မဆိုးပါဘူး”
“ဟုတ်လား။ ကောင်းတာပေါ့လို့ ပြောဖို့ သင့်ပါ့မလား မသိဘူး။ ကျွန်တော် တစ်သမတ်တည်း လက်ခံထားတဲ့ ကျွန်တော်ရဲ့ အမြင်အရ ဆိုရင်တော့ မှုခင်းစစ်ရဲတစ်ယောက်အနေနဲ့ သူရဲ့ အလုပ်တာဝန်တွေနဲ့ အသားကျသွားခြင်းက ဘာကို ဆိုလိုသလဲ ဆိုရင် တဖြည်းဖြည်းနဲ့ လူစိတ် ပျောက်နေတယ် ဆိုတဲ့ သဘောပဲ”
“ဒီစကားကို ဆရာကုစာနာဂိကိုရော ပြောခဲ့ဖူးသေးလား”
“မရေမတွက်နိုင်အောင် ပြောဖူးတာပေါ့။ ဒါပေမယ့် ကျွဲပါးစောင်းတီးပါပဲ” ယုကာဝါ၏ အကြည့်က မော်နီတာပေါ်သို့ ပြန်ရောက်သွားပြီး မောက်စ်ကို ဆုပ်ကိုင်ထားသည်။
“အဲဒါ ဘာတွေလဲ ဆရာ”
“ဒါကို ပြောတာလား။ ဖယ်ရိုက်ပုံဆောင်ခဲ ဖွဲ့စည်းပုံမော်ဒယ်”
“ဖယ်ရိုက် ဆိုတော့ … သံလိုက်လိုမျိုးလား”
ဥကျုမိ၏ မေးခွန်းကို ကြားရသည့်အခါတွင် မျက်မှန်တပ်ထားသော ရူပဗေဒပညာရှင်၏ မျက်လုံးများ ဝိုင်းစက်သွားသည်။ “ခင်ဗျားက ဘယ်ဆိုးလို့လဲ။ အတိအကျ ပြောရရင်တော့ ဖယ်ရိုသံလိုက်ပေါ့။ ဒါပေမယ့် ခင်ဗျားပြောတာနဲ့ အတော် နီးစပ်ပါတယ်”
“အရင်က စာအုပ်တချို့ ဖတ်ခဲ့ဖူးတယ်။ သံလိုက်ခေါင်းတွေပေါ်မှာ သုံးရတာ ထင်တယ်”
“ဒီစကားကို ကုစာနာဂိကိုလည်း ကြားစေချင်လိုက်တာ” ယုကာဝါသည် မော်နီတာ ခလုတ်ကို ပိတ်ပစ်ပြီး ဥကျုမိကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။ “ကဲ … ထားပါတော့။ ခင်ဗျား ကျွန်တော့်မေးခွန်းကို အရင် ဖြေစမ်းပါဦး။ အခု ဒီရောက်လာတဲ့ ကိစ္စကို ဘာကြောင့် ကုစာနာဂိကို မသိစေချင်ရတာလဲ”
“ဒီမေးခွန်းကို ဖြေဖို့အတွက် ဆရာ အမှုသွား အမှုလာကို အရင်ဆုံး နားထောင်ပေးမှ ဖြစ်မယ်”
ဥကျုမိ၏ အဖြေကို ကြားရသည်တွင် ယုကာဝါက အသာအယာ ခေါင်းခါယမ်းလိုက်သည်။ “ဖုန်းထဲမှာကတည်းက ကျွန်တော် ငြင်းထားခဲ့ပြီးပြီပဲ။ ရဲဘက်က အမှုစစ်တဲ့ ကိစ္စတွေမှာ ကျွန်တော်အနေနဲ့ ဘယ်လိုမှ ပတ်သက်ချင်တဲ့ ဆန္ဒမရှိတော့ဘူး။ ဒါပေမယ့် အခုလို လာတွေ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကုစာနာဂိကိုတောင် အသိပေးလို့ မဖြစ်ဘူးလို့ ကြားလိုက်ရတဲ့ အခါမှာ ကျွန်တော် စိတ်ပြောင်းသွားတယ်။ ဘာဖြစ်လို့ ကုစာနာဂိကိုတောင် ဖုံးကွယ်ထားဖို့ လိုအပ်တာလဲ ဆိုတာကို ကျွန်တော် သိချင်သွားလို့ပဲ။ ဒါနဲ့ ကျွန်တော် ခင်ဗျားကို တွေ့ဖို့ မအားတဲ့ကြားထဲက မရအရ စီစဉ်ပေးထားတာ။ ဒီတော့ ခင်ဗျား ကျွန်တော်ရဲ့ မေးခွန်းကို အရင် ဖြေပေးပါ။ ကြိုပြီးတော့ ပြောထားပါရစေ။ အမှုသွား အမှုလာကို နားထောင် မထောင်ဆိုတာ ကျွန်တော် နောက်မှ ထပ်ပြီး ဆုံးဖြတ်ချက် ချမယ်”
ယုကာဝါ၏ အေးစက်သော စကားသံကို ကြားရပြီးသည့် နောက်တွင် ဥကျုမိသည် သူ့ကို ငေးကြည့်ရင်း အခြေအနေကို ပြန်လည် သုံးသပ်ကြည့်နေမိသည်။ ကုစာနာဂိ၏ အပြောအရဆိုလျှင် ယုကာဝါသည် ယခင်က ပြစ်မှုစုံစမ်း စစ်ဆေးသည့် ကိစ္စများတွင် အားတက်သရော ပါဝင်ဆောင်ရွက် ပေးခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အမှုတစ်ခုနှင့် ပတ်သက်ပြီး ကုစာနာဂိနှင့် စိတ်ဝမ်းကွဲမှု ဖြစ်ပေါ်ခဲ့သည်။ ၎င်းအမှုသည် မည်သည့်အမှု ဖြစ်သနည်း ဆိုသည်ကိုမူ ဥကျုမိ ကောင်းစွာ မသိပေ။
“တကယ်လို့သာ အမှုသွားအမှုလာကို နားမလည်ဘူး ဆိုရင် ဆရာ့ကို ဘယ်လိုမှ ရှင်းပြလို့ ရမှာ မဟုတ်ဘူး”
“မဖြစ်နိုင်တာပဲ။ ခင်ဗျားတို့ အပြင်လူကို စုံစမ်း စစ်ဆေးတဲ့အခါမှာ ဘယ်တုန်းကများ တစ်ဖက်လူကို အမှုအကြောင်း အသေးစိတ် ရှင်းပြခဲ့ဖူးလို့လဲ။ ခင်ဗျားတို့ အကျွမ်းဆုံး အလုပ်က ရူးချင်ယောင်ဆောင်တဲ့ အလုပ်ပဲ။ ရူးချင်ယောင်ဆောင်ပြီး တခြားလူတွေရဲ့ ပါးစပ်ထဲကနေ ကိုယ်လိုချင်တဲ့ သတင်းအချက်အလက်ကို အစ်အောက်ထုတ်တာ မဟုတ်ဘူးလား။ ကဲ … ပြောမလား မပြောဘူးလား။ ဆက်ပြီး အချိန်ဆွဲနေရင် မကြာခင် ကျောင်းသားတွေ ပြန်ရောက်လာတော့မယ်”
သူ၏ ခနဲ့တဲ့တဲ့ စကားကို ကြားရသည့်အခါတွင် ဥကျုမိသည် ပြန်မပက်မိစေရန် သူ၏ စိတ်ကို မနည်း ချုပ်တည်းထားရသည်။ အေးစက်မာကြောသော နှလုံးသားပိုင်ရှင် ထိုပါမောက္ခကြီးကို မရိုးမရွ ဖြစ်အောင် ကလိလိုက်ဦးမည်ဟု ဆုံးဖြတ်လိုက်သည်။
“ဘာလဲ” သူ မျက်မှောင်ကြုတ်နေသည်။ “မပြောပြချင်ဘူးလား”
“မဟုတ်ပါဘူး”
“ဒါဆိုလည်း မြန်မြန် ပြောလေ။ ခင်ဗျားနဲ့ အချိန်ဖြုန်းနေဖို့ ကျွန်တော်မှာ တကယ် အချိန်ပို မရှိဘူး”
ဥကျုမိက “ကောင်းပြီလေ” ဟု ပြောပြီး ဝင်လေထွက်လေကို စည်းချက်မှန်မှန် ရှူရှိုက်လိုက်သည်။ “ဆရာကုစာနာဂိက …” သူသည် ယုကာဝါ၏ မျက်လုံးအစုံကို စိုက်ကြည့်ပြီး ဆက်ပြောသည်။ “သူ ရည်းစားပူ မိနေတယ်”
“အန် …” တည်ငြိမ်ရွှန်းစိုသော အလင်းရောင်များသည် ယုကာဝါ၏ မျက်လုံးအိမ်ထဲတွင် လုံးဝ ပျောက်ကွယ်သွားသည်။ သူသည် ယခုအခါတွင် လမ်းပျောက်နေသော ကလေးငယ်တစ်ယောက်ပမာ တစ်ခဏမျှ ငေးငိုင်သွားပြီး ဖျော့တော့သည့် အကြည့်များဖြင့် ဥကျုမိကို စိုက်ကြည့်နေသည်။ “ခင်ဗျား ဘာပြောလိုက်တယ်”
“ရည်းစားပူ မိနေတယ်လို့ ပြောတာ” သူက နောက်တစ်ကြိမ် ပြန်ပြောလိုက်သည်။ “သူ မိန်းမတစ်ယောက်ကို ချစ်နေမိပြီ”
ယုကာဝါသည် ခေါင်းငုံ့လျက် မျက်မှန်ကို ပင့်တင်လိုက်သည်။ ထို့နောက် ဥကျုမိကို နောက်တစ်ကြိမ် မော့ကြည့်လိုက်ပြန်သည်။ မျက်ဝန်းထဲတွင် စိုးရိမ်သည့် အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေသည်။ “ဘယ်သူ့ကိုလဲ”
“သံသယတရားခံ တစ်ယောက်ကို” ဥကျုမိက ပြန်ဖြေသည်။ “ဆရာက ဒီအမှုရဲ့ သံသယတရားခံတစ်ယောက်ကို ချစ်မိနေတယ်။ ဒါကြောင့် အမှုကို ကြည့်တဲ့ ရှုထောင့်ကလည်း လုံးဝကို ကွဲပြားသွားတယ်။ အဲဒါကြောင့်မို့လို့ပဲ ကျွန်မ ဒီကို လာတဲ့ကိစ္စကို သူ မသိစေချင်ဘူး”
“တစ်နည်းပြောရရင် ကျွန်တော်က ခင်ဗျားကို အကြံဉာဏ်ပေးတာမျိုး သူ လုံးဝ မလိုလားဘူး ဆိုတဲ့ သဘောပေါ့”
“ဟုတ်တယ်” ဥကျုမိက ခေါင်းညိတ်ပြသည်။
ယုကာဝါသည် လက်ကို တင်းတင်းပိုက်လျက် မျက်လုံးကို စုံမှိတ်ထားသည်။ ထို့နောက် ထိုင်ခုံတွင် မှီထိုင်ချပြီး ထွက်သက်ကို အားရပါးရ မှုတ်ထုတ်ပစ်လိုက်သည်။ “ကြည့်ရတာ ကျွန်တော် ခင်ဗျားကို လျှော့တွက်ထားခဲ့မိပြီ ထင်ပါတယ်။ ခင်ဗျား ဘာတွေပဲ ပြောလာပြောလာ အလိုက်သင့် ပြန်ပြောပြီး ခင်ဗျားကို ဒီကနေ မြန်မြန် ထွက်သွားအောင် လုပ်ပစ်လိုက်မယ်လို့ နဂိုက ဆုံးဖြတ်ထားခဲ့တာ။ အခုတော့ ဒီလိုကိစ္စတစ်ခု ထွက်လာလိမ့်မယ်လို့ လုံးဝ မျှော်လင့်မထားခဲ့ဘူး။ ဪ ချစ်ဒုက္ခ၊ ချစ်ဒုက္ခ။ ကုစာနာဂိလို အကောင်ပေါ်မှာမှ ဖြစ်ရတယ်လို့”
“အခု ဆရာ့ကို အမှုသွားအမှုလာအကြောင်း ရှင်းပြလို့ ရပြီလား” ဥကျုမိသည် အောင်မြင်မှု၏ အရသာကို မြိန်ရှက်ခံစားရင်း မေးခွန်းထုတ်လိုက်သည်။
“ခဏနေပါဦး။ ကော်ဖီ အရင် သောက်ကြရအောင်လား။ စိတ်ငြိမ်အောင် အရင်လုပ်ပြီးမှ ခင်ဗျားပြောတာကို စူးစူးစိုက်စိုက် နားထောင်နိုင်မှာပေါ့” ယုကာဝါသည် မတ်တတ်ရပ်ကာ ခွက်နှစ်ခွက်ထဲသို့ ကော်ဖီများ လောင်းထည့်လိုက်သည်။
“အတော်တော့ တိုက်ဆိုင်နေပြီ” ဥကျုမိသည် ကော်ဖီခွက်ကို လှမ်းယူရင်း ပြောသည်။
“ဘာများ တိုက်ဆိုင်နေလို့လဲ”
“အခုအမှုက ကော်ဖီသောက်ရင်း ပြောမှ အထာကျတာ။ ဒီအမှုကြီးတစ်ခုလုံးက ကော်ဖီတစ်ခွက်ကနေ အစပျိုးခဲ့တာပဲ”
“ကော်ဖီတစ်ခွက်ကနေ အိပ်မက်ပန်းပွင့်လာ … … အဲဒီလို သီချင်းတစ်ပုဒ် အရင်က ရှိခဲ့ဖူးသလိုပဲ။ ကဲပါ။ ပြောပြစမ်းပါဦး” ယုကာဝါသည် ထိုင်ခုံတွင် ထိုင်လျက် ကော်ဖီတစ်ငုံ မော့သောက်လိုက်သည်။
ဥကျုမိသည် လက်ရှိအချိန်ထိ စုံစမ်းပြီးသမျှသော မာရှိဘ ယိုရှီတာကာ လူသတ်မှုနှင့် သက်ဆိုင်သော သတင်းအချက်အလက်များ အားလုံးကို အစမှ အဆုံးတိုင် ယုကာဝါအား ပြောပြလိုက်သည်။ အမှုနှင့် မသက်ဆိုင်သည့် ပြင်ပလူများထံသို့ သတင်းပေါက်ကြားခြင်းသည် စည်းကမ်းကို ဖောက်ဖျက်ရာကျကြောင်း သူ သိထားပြီး ဖြစ်သော်လည်း ကုစာနာဂိ ပြောဖူးသည်မှာ အကယ်၍သာ ထိုသို့ ပြောမပြလျှင် ယုကာဝါကလည်း လုံးဝ အကူအညီ ပေးလိမ့်မည် မဟုတ်ပေ။ ထို့ထက် ပို၍ အရေးကြီးသည့် အချက်မှာ သူသည် သူ့မျက်စိရှေ့မှ ဤလူကို အပြည့်အဝ ယုံကြည်ထားခြင်း ဖြစ်သည်။
သူ၏ ပြောပြချက်ကို နားထောင်ပြီးသည့်နောက်တွင် ယုကာဝါသည် ကော်ဖီ နောက်ဆုံးတစ်ငုံကို မော့သောက်၍ ခွက်ဗလာကို စိုက်ကြည့်နေသည်။ “ခင်ဗျားက အသတ်ခံရသူရဲ့ ဇနီးကို သံသယ ရှိနေတယ်။ ကုစာနာဂိကတော့ သူ့ကို ချစ်မိနေလို့ ဓမ္မဓိဋ္ဌာန်ကျကျ မဆုံးဖြတ်နိုင်ဘူး။ အကျဉ်းချုပ် ပြောရရင် အဲဒီလို မဟုတ်လား”
“ချစ်မိနေတယ် ဆိုတဲ့ အပြောက ကျွန်မ ပုံကြီးချဲ့လိုက်မိတာပါ။ ဆရာ့ကို စိတ်ဝင်စားလာအောင် မြှူဆွယ်တဲ့အနေနဲ့ ထိုးနှက်အားကောင်းမယ့် စကားလုံးကို တမင် ရွေးချယ်ပြီး သုံးလိုက်တာပဲ။ ဒါပေမယ့် ဆရာကုစာနာဂိက အဲဒီအမျိုးသမီးကို ထူးခြားတဲ့ စိတ်ခံစားချက်တစ်မျိုးနဲ့ ဆက်ဆံနေတယ် ဆိုတာကတော့ လုံးဝ ငြင်းလို့ မရဘူး။ အနည်းဆုံးတော့ သူရဲ့ အမူအရာက အရင်ကနဲ့ သိသိသာသာ ကွဲပြားခြားနားနေတယ်”
“ဘာကြောင့် အဲဒီလို ကောက်ချက်ချရတာလဲ ဆိုတာကိုတော့ ခင်ဗျားကို ကျွန်တော် မမေးတော့ပါဘူး။ အဲဒီလို ကိစ္စမျိုးနဲ့ ပတ်သက်လာရင် မိန်းမတွေမှာ ထူးခြားတဲ့ ဗီဇသိမျိုး ရှိနေကြတယ် ဆိုတာကိုတော့ ကျွန်တော် ယုံတယ်”
“ကျေးဇူးပါရှင်”
ယုကာဝါသည် မျက်မှောင်ကြုတ်လျက် ကော်ဖီခွက်ကို စားပွဲပေါ် ချထားလိုက်သည်။ “ဒါပေမယ့် ခင်ဗျား စောစောက ပြောခဲ့တဲ့ စကားတွေပေါ် အခြေခံပြီး စဉ်းစားကြည့်မယ်ဆိုရင် ကုစာနာဂိရဲ့ အတွေးအမြင်ကလည်း လွန်လွန်ကျွံကျွံကြီး ဘက်လိုက်နေတာမျိုး မရှိဘူးလို့ ကျွန်တော် ယူဆတယ်။ မာရှိဘ အာယနဲ … အဲဒီနာမည် မဟုတ်လား။ အဲဒီအမျိုးသမီးရဲ့ အလီဘိုင်က သိပ်ကို အပြစ်အနာအဆာ ကင်းတယ်”
“ဒါပေမယ့် လူသတ်လက်နက်က ဓား ဒါမှမဟုတ် သေနတ် ဖြစ်နေရင်တော့ တစ်မျိုးပေါ့ရှင်။ အခုဟာက အဆိပ်ခတ် သတ်တာ ဖြစ်နေတယ်။ ကျွန်မရဲ့ ထင်မြင်ချက်ကတော့ တရားခံက လုပ်ကြံသတ်ဖြတ်နိုင်ဖို့ ကြိုတင်
အကွက်ဆင်ထားတာမျိုးရော
မဖြစ်နိုင်ဘူးလား”
“အဲဒီလှည့်ကွက်ကို နားလည်အောင် ဖြေရှင်းပေးဖို့ ခင်ဗျားက ကျွန်တော်ကို အကူအညီ တောင်းချင်တာ ထင်ပါရဲ့”
ယုကာဝါ၏ စကားမှာ မှန်လွန်းနေသောကြောင့် ဥကျုမိသည် အသံမထွက်ရဲဘဲ နှုတ်ဆိတ်နေမိသည်။
ရူပဗေဒပညာရှင်သည် မဲ့ပြုံးပြုံးလိုက်သည်။ “ခင်ဗျား နားလည်မှု လွဲနေပြီ ထင်ပါတယ်။ ရူပဗေဒ ပညာရပ်က မှော်ပညာ မဟုတ်ဘူး”
“ဒါပေမယ့် အဲဒီလို မှော်ဆန်တဲ့ မှုခင်းလှည့်ကွက်တွေကို ဆရာ အရင်က ခဏခဏ ဖြေရှင်းပေးခဲ့ဖူးတာပဲ မဟုတ်လား”
“မှုခင်းလှည့်ကွက်နဲ့ မှော်လှည့်ကွက်က တခြားစီပဲလေ။ သူတို့နှစ်ခုရဲ့ ကွာခြားချက်က ဘာလဲဆိုတာ ခင်ဗျားသိလား” ဥကျုမိ ခေါင်းခါယမ်းသည်ကို တွေ့ရသည့်အခါ ယုကာဝါက စကားကို ဆက်လိုက်သည်။ “သူတို့ နှစ်ခုစလုံးမှာ လျှို့ဝှက်ချက်တွေ ရှိကြတာတော့ အမှန်ပဲ။ ဒါပေမယ့် အဲဒီလျှို့ဝှက်ချက်တွေရဲ့ ကံကြမ္မာကတော့ လုံးဝ မတူကြဘူး။ မှော်လှည့်ကွက်မှာကျတော့ ပြသမှု ပြီးဆုံးတာနဲ့ တစ်ပြိုင်နက် ပွဲကြည့်ပရိသတ်အဖို့ သူရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်တဲ့ အခွင့်အရေးကလည်း လုံးဝ ကုန်ဆုံးသွားတယ်။ ဒါပေမယ့် မှုခင်းလှည့်ကွက်မှာကျတော့ ရဲဘက်က အခင်းဖြစ်တဲ့ နေရာကို စိတ်တိုင်းမကျမချင်း အပြည့်အဝ စုံစမ်းစစ်ဆေးပိုင်ခွင့် ရှိတယ်။ တကယ်လို့သာ အကွက်ဆင်ရမယ်ဆိုရင် လက်စလက်နတော့ လုံးဝ မကျန်ဘဲ နေမှာမဟုတ်ဘူး။ အဲဒီ လက်စလက်နတွေ တစ်စတလေတောင် မကျန်ရစ်အောင် လုပ်ဖို့ ဆိုတာက … မှုခင်းလှည့်ကွက်မှာ အခက်ခဲ အနက်နဲဆုံး အစိတ်အပိုင်းတစ်ခုလို့ ဆိုရတော့မှာပဲ”
“ဒီအမှုထဲမှာ မှုခင်းလှည့်ကွက်ကို တရားခံက ပညာသားပါပါနဲ့ လုံးဝ ခြေရာမကျန်အောင် ဖျောက်ဖျက်ပစ်နိုင်တဲ့ ဖြစ်နိုင်ခြေမျိုး ရှိလား”
“ခင်ဗျား စောစောက ပြောပြခဲ့သမျှကို အခြေခံပြီး စဉ်းစားကြည့်ရမယ် ဆိုရင် ဖြစ်နိုင်ခြေက ရှိရင်တောင် တော်တော်ကို နည်းတယ်လို့ ပြောရတော့မှာပဲ။ သေဆုံးသူရဲ့ ရည်းစားနာမည်က ဘယ်သူ …”
“ဝါကာယာမာ ဟိရောမိ”
“အဲဒီအမျိုးသမီးက သေဆုံးသူနဲ့အတူ ကော်ဖီသောက်ခဲ့ဖူးတယ်လို့ ဝန်ခံထားတယ် မဟုတ်လား။ နောက်ပြီး ကော်ဖီကိုလည်း အဲဒီအမျိုးသမီးကိုယ်တိုင် ဖျော်ပေးခဲ့တာ။ တကယ်လို့သာ ကြိုတင်ပြီး အကွက်ဆင်ထားမယ် ဆိုရင် အဲဒီတုန်းက ဘာကြောင့် သူတို့နှစ်ယောက်စလုံး ဘာမှ မဖြစ်ခဲ့ကြတာလဲ။ ဒါက အင်မတန်ကြီးမားတဲ့ ပဟေဠိတစ်ခုပဲ။ စောစောတုန်းက ခင်ဗျားပြောခဲ့တဲ့ မှန်းဆချက်ကလည်း အတော် စိတ်ဝင်စားစရာ ကောင်းတယ်။ အဆိပ်ကို ကော်ဖီအရသာ ပိုကောင်းအောင် လုပ်ပေးနိုင်တဲ့ အမှုန့်ပါ ဆိုပြီး မလှိမ့်တစ်ပတ်နဲ့ ကြိုပေးထားတဲ့ နည်းလမ်းက ရုပ်ရှင်ဇာတ်လမ်းတွဲထဲ ထည့်ရိုက်မယ်ဆိုရင်တော့ အတော်လေး မဆိုးလောက်ဘူး။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ဘယ်လိုမှ ဖြစ်လာနိုင်စရာ မရှိဘူး”
“ဘာဖြစ်လို့လဲ”
“ခင်ဗျားက တရားခံဘက်ကနေ နေပြီး ထောင့်စေ့အောင် စဉ်းစားမှ မကြည့်ဘဲ။ အဆိပ်ကို ရသာမှုန့်ဆိုပြီး တစ်ဖက်လူကို ပေးထားပြီးတဲ့ နောက်မှာ အဲဒီလူက တကယ်လို့ ကိုယ့်အိမ်မှာကိုယ် မသုံးဘဲ အပြင် တစ်နေရာရာမှာ သုံးလိုက်မိရင် အခြေအနေက ဘယ်လောက်တောင် ပြောင်းလဲသွားနိုင်မလဲ။ တကယ်လို့သာ သူက လူတစ်ယောက်ယောက်ကို သူ့ဇနီးက ပေးထားတာ ဖြစ်တဲ့အကြောင်း ပြောပြပြီး ကော်ဖီထဲ ထည့်သောက်လိုက်ရင်ရော။ အကျိုးဆက်က ဘာဖြစ်လာမလဲ”
ဥကျုမိသည် နှုတ်ခမ်းကို ကိုက်လျက် ဘာစကားမျှ ပြောမထွက်တော့ပေ။ ယုကာဝါ၏ စကားက အမှန်ပင် အဓိပ္ပာယ် ရှိနေသည်။ သို့သော် သူ၏ မှန်းဆချက်ကို လုံးဝ စွန့်လွှတ်ပစ်ရန်မှာလည်း ခက်ခဲနေဆဲပင်။
“သေဆုံးသူရဲ့ ဇနီးက တရားခံပဲ ဆိုကြပါစို့။ သူ့အနေနဲ့ အခက်အခဲ သုံးခုကို တစ်ပြိုက်နက်တည်း ဖြေရှင်းနိုင်တဲ့ လှည့်ကွက်တစ်ခုကို ဆင်ထားနိုင်မှ ဖြစ်မယ်” ယုကာဝါက လက်သုံးချောင်း ထောင်လျက် ဆက်ပြောသည်။ “နံပါတ်တစ်၊ ကြိုတင် အဆိပ်ခတ်ထားမယ့် ကိစ္စကို ဘယ်သူမှ မရိပ်မိဖို့ လိုတယ်။ အဲဒီလိုမှ မဟုတ်ရင် သူ ပြင်ဆင်ထားတဲ့ အလီဘိုင်သက်သေက ဘာမှ အဓိပ္ပာယ် မရှိတော့ဘူး။ နံပါတ်နှစ်၊ အဆိပ်ကို သောက်ချမယ့်သူက မစ္စတာမာရှိဘ ဖြစ်ကိုဖြစ်ရမယ်။ တကယ်လို့ သူရဲ့ ရည်းစားပါ မတော်တဆ ညပ်ပါလာခဲ့ရင်တောင် မစ္စတာမာရှိဘက မဖြစ်မနေ သေကို သေရမယ်။ အဲဒီလိုမှ မဟုတ်ရင်လည်း ဘာအဓိပ္ပာယ်မှ ရှိမှာ မဟုတ်တော့ဘူး။ နံပါတ်သုံး၊ ဒီလှည့်ကွက်ကို အချိန်တိုအတွင်းမှာ ပြင်ဆင်နိုင်ရမယ်။ သူ ဟော့ကိုင်းဒိုးကို မသွားခင် ရှေ့တစ်ညက သူတို့ အိမ်မှာ ညစာစားပွဲ လုပ်ခဲ့ကြသေးတယ် မဟုတ်လား။ တကယ်လို့သာ အဲဒီအချိန်တုန်းက အဆိပ်ခတ်ခဲ့မယ် ဆိုရင် တခြားလူတွေပါ အဆိပ်မိပြီး သေသွားနိုင်တဲ့ အန္တရာယ် ရှိနေတယ်။ ဒါကြောင့် ကျွန်တော့်အထင်တော့ အဲဒီထောင်ချောက်က ညစာစားပွဲပြီးမှ ဆင်ခဲ့တာ ဖြစ်ရမယ်” စကားလုံးများကို တစ်ဆက်တည်း ပြောချလိုက်ပြီးနောက် သူသည် လက်နှစ်ဖက်ကို ဖြန့်ကားလျက် ဆက်ပြောလေသည်။ “အဲဒီအချက်တွေ အားလုံးနဲ့ တစ်ပြိုက်နက် ကိုက်ညီအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကိုတော့ ကျွန်တော်လည်း မစဉ်းစားတတ်ဘူး။ ဆောရီးပဲ”
“ဆရာ အခုပြောခဲ့တဲ့ အခက်အခဲ ဆိုတဲ့ဟာတွေက ဖြေရှင်းဖို့ရာ အဲဒီလောက်တောင် ခက်ခဲနေလို့လား”
“သိပ်ခက်တာပေါ့။ ပထမဆုံး အခက်အခဲကို ကျော်လွှားနိုင်ဖို့ ဆိုတာတောင် တော်တော် မလွယ်ဘူး။ ကျွန်တော်အထင်တော့ သေဆုံးသူရဲ့ ဇနီးဟာ လူသတ်တရားခံ မဟုတ်ဘူး ဆိုတာက ပိုပြီး ယုတ္တိရှိလိမ့်မယ်”
ဥကျုမိက သက်ပြင်းချလိုက်သည်။ ယုကာဝါပင်လျှင် အခိုင်အမာ ယုံကြည်နေပြီ ဆိုမှဖြင့် သူ၏ မှန်းဆချက်သည် မည်သည့်နည်းနှင့်မျှ သက်သေထူနိုင်တော့မည် မဟုတ်ပေ။ ထိုစဉ် ဥကျုမိ၏ လက်ကိုင်ဖုန်းတွင် ဖုန်းဝင်လာသည်။ သူ ဖုန်းကိုင်လိုက်သောအခါ ယုကာဝါသည် မတ်တတ်ထ၍ ကော်ဖီသွားဖြည့်နေသည်ကို မျက်လုံးထောင့်စွန်းမှ လှမ်းမြင်နေရသည်။
“နင် အခု ဘယ်မှာလဲ” ဖုန်းစပီကာထဲမှ ကုစာနာဂိ၏အသံ ထွက်ပေါ်လာသည်။ လေသံက ဘောက်ဆတ်ဆတ်။
“ကျွန်မ ဆေးဆိုင်မှာ အာဆန်နစ်ရဲ့ ဇာစ်မြစ်ကို စုံစမ်းနေတာ။ ဘာများ ထူးခြားလို့လဲ”
“ထ.ရ.ဖ လာသွားတယ်။ သူတို့ ကော်ဖီအပြင် တခြားနေရာကနေလည်း အဆိပ်ကို ရှာတွေ့ထားပြီ”
ဥကျုမိသည် ဖုန်းကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိသည်။ “ဘယ်နေရာကလဲ”
“ခရားအိုး၊ ရေနွေးကျိုတဲ့ ခရားအိုး”
“အဲဒီအထဲမှာ တွေ့တာလား …”
“ပမာဏ နည်းတယ် ဆိုပေမယ့် လွဲစရာ မရှိဘူး။ အခု ဟိရောမိကို သွားခေါ်ပြီး ရဲစခန်းမှာ မေးစရာရှိတာ မေးကြတော့မလို့”
“ဘာဖြစ်လို့ သူ့ကို ခေါ်ရတာလဲ”
“ရေခရားအိုးပေါ်မှာ သူ့လက်ဗွေရာ တွေ့တယ်လေ”
“အဲဒါ သဘာဝကျတာပဲလေ။ တနင်္ဂနွေနေ့ မနက်က သူ ကော်ဖီဖျော်ခဲ့သေးတာပဲ မဟုတ်လား”
“ငါ သိပါတယ်။ ဒါကြောင့်လည်း အဆိပ်ခတ်ဖို့ သူ့မှာ အခွင့်အရေး ရှိတာပေါ့”
“ရေခရားအိုးပေါ်မှာ သူ့ လက်ဗွေရာတစ်ခုတည်း ရှာတွေ့ခဲ့တာလား”
“သေဆုံးသူရဲ့ လက်ဗွေရာလည်း ပါတာပေါ့ဟာ”
“မစ္စစ်မာရှိဘရော။ သူ့လက်ဗွေရာကိုရော မတွေ့ဘူးလား”
ကုစာနာဂိ၏ ဆွဲဆွဲငင်ငင် သက်ပြင်းချသံကို ကြားလိုက်ရသည်။ “သူက အဲဒီအိမ်ရဲ့ အိမ်ရှင်မလေဟာ။ တစ်နေရာ၊ နှစ်နေရာလောက်မှာတော့ သူ့လက်ဗွေရာ တွေ့နိုင်တာပေါ့။ ဒါပေမယ့် လက်ဗွေရာတွေရဲ့ အထက်အောက် အစီအစဉ်ကို လေ့လာကြည့်တော့ မစ္စစ်မာရှိဘက ရေခရားအိုးကို နောက်ဆုံး ကိုင်ခဲ့တဲ့သူ မဟုတ်ဘူး။ နောက်တစ်ခု ပြောရဦးမယ်။ ရေခရားအိုးပေါ်မှာ လက်အိတ်သုံးပြီး ကိုင်ထားတဲ့ အမှတ်အသားမျိုးလည်း မတွေ့ရဘူး”
“ကျွန်မ သင်ထားဖူးတာတော့ လက်အိတ်နဲ့ဆိုရင် အမှတ်အသား ကျန်ချင်မှ ကျန်တတ်တာတဲ့”
“ငါ သိပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေ အရတော့ ဝါကာယာမာ ဟိရောမိကလွဲလို့ အဆိပ်ခတ်နိုင်တဲ့လူ ဘယ်သူမှ မရှိဘူး။ ငါတို့အဖွဲ့က သူ့ကို ခဏနေကျရင် စစ်မေးကြလိမ့်မယ်။ နင်လည်း စောစော ပြန်လာခဲ့”
ဥကျုမိ၏ အဖြေစကား မရခင်မှာပင် တစ်ဖက်မှ ဖုန်းချသွားလေတော့သည်။
“ဘာတွေ ထူးခြားလို့လဲ” ယုကာဝါက ပြောပြီး ကော်ဖီတစ်ငုံ မော့သောက်လိုက်သည်။
ဥကျုမိသည် ဖုန်းထဲမှ ကြားခဲ့ရသမျှကို သူ့အား ပြန်ပြောပြလိုက်သည်။ သူက ကော်ဖီသောက်ရင်း နားထောင်နေသည်။ ခေါင်းကိုပင် တစ်ချက်ကလေး ညိတ်ဖော်မရပေ။
“ရေနွေးခရားအိုးထဲမှာ တွေ့တာလား။ လုံးဝ ထင်မထားမိဘူး”
“ကျွန်မပဲ အတွေးလွန်နေတာလား မသိပါဘူး။ တနင်္ဂနွေနေ့ မနက်မှာ ဝါကာယာမာ ဟိရောမိက အဲဒီခရားအိုးနဲ့ပဲ ရေနွေးတည်၊ ကော်ဖီဖျော်ပြီး သေဆုံးသူနဲ့အတူ ကော်ဖီသောက်ခဲ့ကြသေးတာ။ အဲဒီလိုဆိုတော့ အဲဒီအချိန်တုန်းက ရေနွေးခရားအိုးထဲမှာ အဆိပ် ရှိမနေသေးဘူး ဆိုတဲ့ သဘောပေါ့။ ဒါဆို မာရှိဘ အာယနဲက အမှု မလုပ်နိုင်တော့ဘူး။ ဟုတ်တယ်မလား”
“တစ်မျိုးပြောင်းပြီး စဉ်းစားကြည့်ရင် မစ္စစ်မာရှိဘအနေနဲ့ ရေနွေးခရားအိုးထဲမှာ အဆိပ်ခတ်စရာ ဘာအကြောင်းမှ မရှိဘူး။ ခတ်ရင်လည်း ဒါက လှည့်ကွက်တစ်ခု ဖြစ်မနေဘူး”
ဥကျုမိက ထိုစကား၏ အဓိပ္ပာယ်ကို နားလည်နိုင်ရန် ကြိုးစားနေရသည်။
“ခင်ဗျား စောစောက မစ္စစ်မာရှိဘကို အမှု လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ် မဟုတ်လား။ ဘာဖြစ်လို့ အဲဒီလို ပြောနိုင်ရတာလဲ။ အခင်းမဖြစ်ခင်မှာ ရေနွေးခရားအိုးကို တခြားလူတစ်ယောက်ယောက်က သုံးခဲ့ဖူးလို့ မဟုတ်လား။ ဒါပေမယ့် တခြားသူ ဘယ်သူတစ်ဦးတစ်ယောက်ကမှ အဲဒီ ရေနွေးခရားအိုးကို မသုံးခဲ့ဘူး ဆိုရင်ရော။ အခြေအနေက ဘယ်လို ဖြစ်သွားမလဲ။ အဲဒီလိုဆိုရင် ရဲတွေရဲ့ သံသယအားလုံးက မစ္စစ်မာရှိဘအပေါ် ရောက်သွားကြမှာပဲ။ ဒီတော့ တကူးတက စီမံထားတဲ့ မစ္စစ်မာရှိဘရဲ့ အလီဘိုင်သက်သေက လုံးဝကို အဓိပ္ပာယ် မဲ့သွားသလို ဖြစ်မနေဘူးလား”
“အား … သိပ်ဟုတ်တာပေါ့” ဥကျုမိက လက်ပိုက်လျက် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ “ဒါဆို ဘယ်ကနေပဲကြည့်ကြည့် မာရှိဘ အာယနဲရဲ့ သံသယကို ချေဖျက်ပြီးသား ဖြစ်နေတာပေါ့နော်”
ယုကာဝါသည် သူ၏ မေးခွန်းကို ဘာမျှ ပြန်မဖြေဘဲ သူ့ကိုသာ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ “ဒါဆို ရှေ့လျှောက် ဘယ်ဘက်ကို ဦးတည်ပြီး စုံစမ်းထောက်လှမ်းသွားမယ် စိတ်ကူးထားလဲ။ မစ္စစ်မာရှိဘကသာ တရားခံ မဟုတ်တော့ဘူး ဆိုရင် ခင်ဗျားလည်း ကုစာနာဂိလိုပဲ သေဆုံးသူရဲ့ ရည်းစားကို ပစ်မှတ်ထားတော့မှာလား”
ဥကျုမိက ခေါင်းခါလိုက်သည်။ “ကျွန်မတော့ အဲဒီလို မထင်ဘူး”
“သိပ်ကို ယုံကြည်မှု ပြည့်ဝနေပါလား။ ခင်ဗျားရဲ့ အကြောင်းပြချက်ကို ပြောပြစမ်းပါဦး။ ကိုယ်ချစ်တဲ့ ချစ်သူကို သတ်ပစ်စရာ
ဘာအကြောင်းမှ
မရှိဘူးလို့တော့ ခင်ဗျား မပြောဘူး မဟုတ်လား” ယုကာဝါသည် ထိုင်ခုံတွင် ထိုင်ချပြီး ခြေတစ်ဖက်ကို ချိတ်တင်လိုက်သည်။
ဥကျုမိ၏ ရင်ထဲတွင် ထိတ်ကနဲ ခံစားလိုက်ရသည်။ ထိုသို့ ပြောရန် သူ ကြံစည်ထားသောကြောင့်ပင်။ ၎င်းအပြင် သူ့တွင် ဘာအကြောင်းပြချက်မျှ ပြောစရာ မရှိပေ။
သို့ရာတွင် ယုကာဝါ၏ လတ်တလော အမူအရာကို လေ့လာကြည့်လျှင် သူသည်လည်း ဝါကာယာမာ ဟိရောမိကို တရားခံအဖြစ် ယူဆမထားကြောင်း ဥကျုမိ ခံစားသိရှိနေသည်။ ထို့အပြင် သူ့တွင် ခိုင်လုံသော အကြောင်းပြချက် တစ်ခုခု ရှိနေသည့်ပုံ။ သို့သော် ဤအမှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ အားလုံးကို ယုကာဝါသည် ဥကျုမိထံမှ တစ်ဆင့်စကားဖြင့် ကြားခဲ့ရခြင်းသာ ဖြစ်သည်။ ဤသို့ဆိုလျှင် ရေနွေးခရားအိုးထဲ၌ အဆိပ်ခတ်ထားသူသည် ဝါကာယာမာ ဟိရောမိ မဟုတ်ဟု သူ ယုံကြည်နေရသည့် အရင်းခံ အကြောင်းအရင်းသည် မည်သည့် သဲလွန်စကို အခြေတည်၍ ဖြစ်ပေါ်လာရသနည်း။
ဥကျုမိသည် “အား” ဟု အာမေဍိတ်ပြုလျက် ခေါင်းကို ဆတ်ကနဲ မော့လိုက်မိသည်။
“ဘာဖြစ်လို့လဲ”
“သူက ရေနွေးခရားအိုးကို ဆေးပစ်လိုက်လို့ ရတာပဲ”
“ဘာရယ် …”
“တကယ်လို့သာ ဝါကာယာမာ ဟိရောမိက ရေနွေးခရားအိုးထဲ အဆိပ်ခတ်ခဲ့မယ် ဆိုရင် သူက ရဲတွေ ရောက်မလာခင် ခရားအိုးကို ဆေးပစ်လိုက်လို့ ရတယ်။ အလောင်းကို တွေ့တဲ့သူက သူဆိုတော့ သူ့မှာ ပြင်ဆင်ချိန် လုံလုံလောက်လောက် ရှိနေတယ်”
ယုကာဝါက ကျေနပ်သော အကြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။ “သိပ်ဟုတ်တာပေါ့။ ကျွန်တော် တစ်ခွန်းလောက် ထပ်ဖြည့်လိုက်ဦးမယ်။ အဲဒီအမျိုးသမီးက တရားခံသာ ဖြစ်မယ်ဆိုရင် ခရားအိုးကို ဆေးပစ်လိုက်တဲ့အပြင် သုံးခဲ့ပြီးသား ကော်ဖီမှုန့်တွေနဲ့ ရေစစ်စက္ကူကိုပါ ရှင်းပစ်လိမ့်မယ်။ နောက်ပြီး အဆိပ်မှုန့် ထည့်ထားခဲ့ဖူးတဲ့ အိတ်ခွံလို ပစ္စည်းမျိုးကိုလည်း အလောင်းရဲ့ နံဘေးမှာ ချထားလိမ့်မယ်။ အခင်းဖြစ်တဲ့နေရာကို ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာနဲ့ တူအောင် ပြင်ဆင်ထားမှာပဲ”
“ကျေးဇူးပဲ ဆရာ” ဥကျုမိက ဦးညွတ်လိုက်သည်။ “ဆရာဆီလာလိုက်တာ အကျိုးရှိသွားပြီ။ အနှောင့်အယှက် ပေးမိရင် တောင်းပန်ပါတယ် ဆရာ” ထို့နောက် တစ်ဘက်သို့ လှည့်ကာ တံခါးဆီသို့ လမ်းလျှောက်သွားလေသည်။
ယုကာဝါက သူ့ကို လှမ်းပြောလိုက်သည်။ “အခင်းဖြစ်တဲ့ နေရာကို ကြည့်ဖို့ရာကတော့ အတော်လေး ခက်ခဲလိမ့်မယ် ထင်တယ်။ ဓာတ်ပုံလေး ဘာလေး ရှိရင်တော့ မဆိုးဘူး”
“ဘာဓာတ်ပုံလဲ ဆရာ”
“အဆိပ်ကော်ဖီ ဖျော်တဲ့ မီးဖိုဆောင်ရဲ့ ဓာတ်ပုံလေ။ နောက်ပြီး ခင်ဗျားတို့ သက်သေခံ ပစ္စည်းအဖြစ် သိမ်းလာတဲ့ ပန်းကန်ခွက်ယောက်တွေနဲ့ ခရားအိုးရဲ့ ဓာတ်ပုံ”
ဥကျုမိက အံ့ဩသော အမူအရာဖြင့် “ဆရာ ကျွန်မတို့ကို အကူအညီ ပေးတော့မယ်ပေါ့”
ယုကာဝါက မျက်မှောင်ကြုတ်လျက် ခေါင်းကို ခါယမ်းလိုက်သည်။ “အလုပ်အားလို့ ပျင်းနေတဲ့ အချိန်မျိုးဆိုရင် ဦးနှောက်ကို အလုပ်ပေးလို့ ရတာပေါ့။ ဟော့ကိုင်းဒိုးမှာ ရှိနေတဲ့ လူတစ်ယောက်က တိုကျိုမှာ နေတဲ့ လူတစ်ယောက်ကို ဘယ်လို အဆိပ်ခတ် သတ်လို့ရမလဲ ဆိုတာ စဉ်းစားကြည့်ရတာပေါ့”
ဥကျုမိက သဘောကျစွာ ရယ်လိုက်ပြီးနောက် လက်ကိုင်အိတ်ကို ဆွဲဖွင့်၍ အိတ်ထဲမှ ဖိုင်တွဲတစ်တွဲကို ဆွဲထုတ်လိုက်သည်။ “ဒီမှာ”
“ဒါက …”
“ဆရာ စောစောက ကြည့်ချင်တယ်လို့ ပြောတဲ့ဟာတွေလေ။ ဒီနေ့မနက်ပဲ ကျွန်မ ရိုက်ယူထားတာ”
ယုကာဝါသည် ဖိုင်တွဲအိတ်ကို ဆွဲဖွင့်ပြီး ခေါင်းကို အနောက်ဘက်သို့ အနည်းငယ် ဆုတ်လိုက်သည်။ “တကယ်လို့သာ ဒီပဟေဠိကို ဖွင့်ချနိုင်လိုက်ပြီ ဆိုရင် ဟိုကောင့်ကို နင့်ဆီကနေ ပညာလေး ဘာလေး သင်ခိုင်းရဦးမယ်” ယုကာဝါက ပြောင်စပ်စပ် မျက်နှာပေးဖြင့် “ဟိုကောင် ကုစာနာဂိကို ပြောနေတာ”