မာတိကာကြည့်ရန်

(၄)

ကုစာနာဂိတို့၏ မိတ်ဆက်စကားကို နားထောင်ပြီးလျှင် ပြီးချင်း မာရှိဘ အာယနဲသည် ယိုရှီတာကာ၏ ရုပ်အလောင်းကို မည်သည့်နေရာတွင် ထား
ရှိကြောင်း
 မေးမြန်းလေတော့သည်။

“ရုပ်အလောင်းကို ရင်ခွဲရုံ ပို့ထားပါတယ်။ အခု လောလောဆယ်တော့ အခြေအနေကို အတိအကျ မသိရသေးဘူး။ ကျွန်တော်တို့ စုံစမ်းပြီး အကြောင်းပြန်ပေးပါ့မယ်” ကုစာနာဂိက ပြန်ဖြေသည်။

“ဟုတ်လား … ဒါဆို ကျွန်မ သူ့ကို အခု တွေ့လို့ မရသေးဘူးပေါ့။ အဲဒီလိုလား” သူသည် ကြေကွဲဝမ်းနည်းနေသည့် မျက်နှာဖြင့် မျက်တောင်ကို တဖျပ်ဖျပ် ခတ်နေသည်။ မျက်ရည်များ လျှံထွက်မကျစေရန် အံကြိတ်၍ ထိန်းသိမ်းနေရသည့်နှယ်။ အသားအရေကလည်း ခြောက်သွေ့နေသည်။ ၎င်းမှာ သူ၏ ပုံမှန်အခြေအနေမျိုးတော့ မဟုတ်တန်ရာ။ ယမန်နေ့ညတစ်ညလုံး အိပ်ရေးများ ပျက်ထားလေရော့သလား။

“ရင်ခွဲစစ်ဆေးပြီး အဖြေထွက်တာနဲ့ တစ်ပြိုင်နက် ရုပ်အလောင်းကို ကျွန်တော်တို့ အမြန်ဆုံးနည်းနဲ့ ခင်ဗျားဆီ ပြန်ပို့နိုင်ဖို့ စီစဉ်ပေးပါ့မယ်” ကုစာနာဂိ၏ လေသံမှာ သူ၏ နားထဲ၌ပင် ထူးဆန်းစွာ ဖင့်တွဲ့လေးကန်နေသည်။ သေဆုံးသူ၏ မိသားစုဝင်များနှင့် တွေ့ရသည့်အခါတိုင်း အနည်းအများဆိုသကဲ့သို့ စိတ်လှုပ်ရှားမှုများ ရှိသည်မှန်သော်လည်း ယခုမျက်မှောက်အချိန်တွင် ဖြစ်ပေါ်နေသော သူ၏ ခံစားချက်များသည် ယခင်ကကဲ့သို့ မဟုတ်ဘဲ နားလည်ရခက်စွာ တစ်မျိုးတစ်မည် ထူးခြားဆန်းကြယ်နေသည်။

“ကျေးဇူးတင်ပါတယ်ရှင်”

အာယနဲ၏ အသံမှာ သာမန်မိန်းကလေးတစ်ယောက်၏ အသံနှင့် မတူဘဲ အနည်းငယ် အောနေသည်။ ထို့ကြောင့် ထိုစကားသံက ကုစာနာဂိအား ညှို့ယူထားလေတော့သည်။

“ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့အတူ မဲဂူရိုရဲစခန်းကို လိုက်ခဲ့ပေးလို့ ရမလား။ ကျွန်တော်တို့ မေးစရာတချို့ ရှိနေလို့ပါ။ အဆင်ပြေနိုင်မယ် ဆိုရင်ပေါ့”

“ဟုတ်ကဲ့၊ အဆင်ပြေပါတယ်။ ကျွန်မဆီ အဦးဆုံး ဆက်သွယ်လာတဲ့ လူကလည်း ကျွန်မကို ပြောထားပြီးပါပြီ”

“အားတော့ နာပါတယ်ဗျာ။ ကားကိုလည်း ကျွန်တော်တို့ အဆင်သင့် ပြင်ထားပြီးပါပြီ”

ကုစာနာဂိသည် မာရှိဘ အာယနဲကို ပါဂျယ်ရို၏ နောက်ခုံတွင် ထိုင်စေပြီးနောက် သူသည် အရှေ့ခန်းရှိ ယာဉ်မောင်း၏ ဘေးထိုင်ခုံမှာ ဝင်ထိုင်လေသည်။ ထို့နောက် ခေါင်းလှည့်ကာ “မနေ့ညက ဖုန်းလက်ခံရတဲ့အချိန်မှာ ခင်ဗျား ဘယ်နေရာမှာ ရှိနေခဲ့တာလဲ”

“ကျွန်မတို့ မြို့နားက ရေပူစမ်းမှာပါ။ ကျွန်မက ငယ်သူငယ်ချင်းတစ်ယောက်နဲ့ အတူ ရှိနေခဲ့တာ။ ဖုန်းကိုလည်း ပိတ်ထားတာဆိုတော့ ရှင်တို့ရဲ့ ဖုန်းကောတွေကို လုံးဝ သတိမထားမိခဲ့ဘူး။ အိပ်ခါနီးကျမှ
အသံမက်ဆေ့တွေကို
 ပြန်နားထောင်ကြည့်ဖြစ်တယ်” အာယနဲသည် လေပူများကို ခပ်ရှည်ရှည် မှုတ်ထုတ်လိုက်သည်။ “အစကတော့ ကျွန်မကို နောက်နေတယ် ထင်တာ။ ရဲဌာနကနေ ဖုန်းလက်ခံရလိမ့်မယ်လို့ ဘယ်တုန်းဘယ်ခါကမှ မတွေးခဲ့ဖူးဘူးလေ”

“ဟုတ်မှာပါပဲ” ကုစာနာဂိက အလိုက်အထိုက် ပြန်ဖြေသည်။

“ဒါနဲ့ … ကျွန်မ တစ်ခုလောက် မေးလို့ရမလား။ ဘာတွေ ဘယ်လို ဖြစ်ကုန်တာလဲ။ ကျွန်မ အခုထိ အူလည်လည် ဖြစ်နေတုန်းပဲ”

အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးခွန်းထုတ်လာသော အာယနဲ၏ အသံကို ကြားလိုက်ရသည့်အခါတွင် ကုစာနာဂိ၏ ရင်ထဲ ဆစ်ကနဲ ခံစားလိုက်ရသည်။ သူတို့ စတွေ့ကြစဉ်ကတည်းက ဤမေးခွန်းကို သူ မေးချင်ခဲ့ဟန် တူသည်။ သို့သော် မေးရမည်ကိုလည်း မဝံ့မရဲ ဖြစ်နေခဲ့ပေမည်။

“သူတို့က ခင်ဗျားကို ဖုန်းထဲမှာ ရှင်းမပြခဲ့ဘူးလား”

“ကျွန်မရဲ့ အမျိုးသား ဆုံးသွားတယ် ဆိုတာရယ်၊ သေဆုံးရတဲ့ အကြောင်းအရင်းက မသင်္ကာစရာ ဖြစ်နေတာမို့ ရဲဘက်က စုံစမ်းစစ်ဆေးနေတယ် ဆိုတာထက် ဘာမှ တိတိပပ မသိရသေးဘူး”

သူ့ထံသို့ ဖုန်းဆက် အကြောင်းကြားသော ရဲအရာရှိ ကိုယ်နှိုက်ပင်လျှင် ထိုထက်ပို၍ အခြေအနေ အသေးစိတ်ကို ပြောပြနိုင်စွမ်း ရှိမည် မဟုတ်ပေ။ မည်သို့ဆိုစေ အာယနဲအဖို့မူ ၎င်းမှာ သူ့အား တစ်ညတာလုံး ဒုက္ခပေးနေမည့် အိပ်မက်ဆိုးတစ်ခုသာ ဖြစ်သည်။ လေယာဉ်စီးနေစဉ် ကာလအတွင်း သူ မည်မျှ ခံစားနေရမည်ကို တွေးကြည့်ရုံမျှဖြင့် ကုစာနာဂိ၏ ရင်တွင် မွန်းကျပ်ဆို့နင့်နေသည်။

“ခင်ဗျားရဲ့ အမျိုးသားက အိမ်ထဲမှာပဲ ဆုံးရှာတာပါ။ ကိုယ်ပေါ်မှာ ပြင်ပဒဏ်ရာ ဘာတစ်ခုမှ မရှိဘူး။ အခုချိန်ထိတော့ သေရတဲ့ အကြောင်းအရင်းကို အတိအကျ မပြောနိုင်သေးဘူး။ သူ ဧည့်ခန်းထဲမှာ လဲနေတာကို ပထမဆုံး မြင်ခဲ့တဲ့သူက ဝါကာယာမာ ဟိရောမိပါ”

“သူလား …” အာယနဲက ပင့်သက်ကို ရှိုက်လိုက်သည်။

ကုစာနာဂိသည် ကားမောင်းနေသော ဥကျုမိကို လှမ်းကြည့်လိုက်သည်။ အခိုက်သင့်ပင် သူတို့နှစ်ဦး မျက်လုံးချင်း ဆုံမိကြသည်။ မျက်လုံးများက စကားပြောနေကြသည့်နှယ်။ ‘သူလည်း ငါ့လိုပဲ တွေးနေတာ နေမယ်’ ကုစာနာဂိက တွေးသည်။ ဝါကာယာမာ ဟိရောမိနှင့် မာရှိဘ ယိုရှီတာကာတို့၏ ထူးခြားသော ဆက်ဆံရေးအကြောင်းကို သူတို့နှစ်ယောက် ဆွေးနွေးခဲ့သည်မှာ ၁၂ နာရီပင် မကြာသေးပေ။

ဝါကာယာမာ ဟိရောမိသည် အာယနဲ၏ အချစ်ဆုံး တပည့်ဖြစ်သည်။ သူတို့၏ မိသားစု ညစာစားပွဲတွင် တက်ရောက်ခွင့် ပြုခဲ့သည်ကို ကြည့်ခြင်းအားဖြင့် အာယနဲသည် သူ့ကို မိသားစုဝင်တစ်ဦးအဖြစ် သဘောထားကြောင်း သိနိုင်သည်။ ထိုသို့သော မိန်းကလေးတစ်ယောက်က မိမိခင်ပွန်း၏ ခုတင်ပေါ်သို့ တက်ခဲ့သည် ဆိုလျှင်
သားရေပေါ်အိပ်၍
 သားရေနားစားသည်ဟု ဆိုရပေတော့မည်။

ပို၍ စိတ်ဝင်စားစရာ ကောင်းသော မေးခွန်းမှာ အာယနဲသည် ခင်ပွန်းနှင့် တပည့်အကြားရှိ ထူးခြားသော ဆက်ဆံရေးကို ရိပ်စားမိခြင်း ရှိမရှိ ဟူသော မေးခွန်းဖြစ်သည်။ သူတို့ ဆရာတပည့် နှစ်ဦးသည် အနေနီး၍ အတွင်းသိ အဆင်းသိ ဆိုရုံမျှဖြင့် ဤမေးခွန်းကို လွယ်လွယ်နှင့် အဖြေထုတ်နိုင်လိမ့်မည် မဟုတ်ပေ။ ကုစာနာဂိ၏ အတွေ့အကြုံအရ အနေနီးသော်လည်း အနီးမှုန် မှုန်နေကြသော လူအများစုကို တွေ့မြင်ထားခဲ့ဖူးသည် မဟုတ်လား။

“ခင်ဗျားရဲ့ ခင်ပွန်းမှာ ရောဂါအခံ ရှိလား” ကုစာနာဂိက မေးသည်။

အာယနဲက ခေါင်းခါလိုက်သည်။ “မရှိနိုင်ပါဘူး။ သူက ရောဂါစစ်ဆေးမှုကို ကာလအပိုင်းအခြားနဲ့ ပုံမှန် လုပ်နေတတ်တဲ့ လူတစ်ယောက်ပဲ။ ရောဂါ ရှိတယ်လို့ တစ်ခါမှ မကြားဖူးဘူး။ နောက်ပြီး သူက အရက်ကို မူးအောင် သောက်တတ်တဲ့သူမျိုးလည်း မဟုတ်ဘူး”

“ဒါဆို သူ အရင်တုန်းက ရုတ်တရက် မူးမေ့သွားတာမျိုးလည်း တစ်ခါမှ မရှိခဲ့ဖူးဘူးပေါ့”

“မရှိခဲ့ဖူးလောက်ဘူး ထင်တာပဲ။ ကျွန်မလည်း သေချာ မသိဘူး။ ပြောရရင် သူ အဲဒီလို ဖြစ်လာလိမ့်မယ်လို့ ကျွန်မဖြင့် အခုထိ မယုံနိုင်သေးဘူး” အာယနဲသည် ခေါင်းကိုက်ပြေလျော့စေရန် အလို့ငှာ လက်ချောင်းများဖြင့် သူ့ကိုယ်သူ နှိပ်နယ်နေလေသည်။

အဆိပ်ကြောင့် သေဆုံးခဲ့ရသည် ဟူသော အယူအဆကို ထုတ်ဖော်ပြောဆိုရန် စောလွန်းနေသေးသည်ဟု ကုစာနာဂိက ဆုံးဖြတ်လိုက်သည်။ အမှန်အားဖြင့်လည်း ရင်ခွဲရုံမှ အဖြေ မထွက်မချင်း ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသည် သို့တည်းမဟုတ် အသတ်ခံရသည်ဟု ယတိပြတ် ဆုံးဖြတ်ချက် မချခြင်းသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

“လတ်တလော သိထားရသလောက် အချက်အလက်တွေ အရတော့ ပုံမှန်မဟုတ်တဲ့ သေမှုသေခင်းမျိုး ဖြစ်နေတာကြောင့် အခင်းဖြစ်ခဲ့တဲ့ ပတ်ဝန်းကျင် အခြေအနေတွေ အားလုံးကို ကျွန်တော်တို့ ရဲဘက်က တတ်နိုင်သမျှ စုံစုံလင်လင် သိရအောင် မှတ်တမ်းယူနေကြတဲ့ သဘောပါ။ အလောင်းကို တွေ့တဲ့အချိန်တုန်းက ခင်ဗျားကို ဘယ်လိုမှ ဆက်သွယ်လို့ မရခဲ့လို့ ကျွန်တော်တို့က မစ္စဝါကာယာမာကို မျက်မြင်သက်သေအဖြစ် ထားပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ကြတယ်”

“အဲဒီကိစ္စတွေကို မနေ့ညက ဖုန်းထဲမှာ ကျွန်မ ကြားပြီးပါပြီ”

“ခင်ဗျားက ဆပ်ပိုရိုကို မကြာမကြာ ပြန်လေ့ရှိတာလား”

အာယနဲက ခေါင်းခါသည်။ “မင်္ဂလာဆောင်ပြီးနောက်မှာတော့ အခုတစ်ကြိမ်က ပထမဆုံးအကြိမ်ပဲ”

“အမေ့အိမ်မှာ အကြောင်းကိစ္စတစ်ခုခု ရှိနေလို့လား”

“အဖေ နေသိပ်မကောင်းဘူး ကြားလို့ အလုပ်ပါးတုန်းလေး ပြန်ကြည့်ကြည့်တာပါ။ ဟိုရောက်တော့ သူက ကျန်းမာရေး ကောင်းနေတာနဲ့ သူငယ်ချင်းနဲ့ ချိန်းပြီး ရေပူစမ်းကို သွားလိုက်တာ”

“ဪ … ဒါဆို ခင်ဗျားက ဘာဖြစ်လို့ အိမ်သော့ကို မစ္စဝါကာယာမာဆီမှာ အပ်ခဲ့ရတာလဲ”

“ကျွန်မ မရှိတဲ့အတောအတွင်း အရေးပေါ် ကိစ္စတစ်ခုခု ပေါ်လာမှာ စိုးလို့ပါ။ သူက ကျွန်မရဲ့ လုပ်ငန်းကိုင်ငန်းတွေမှာ အတော်လေး ကူဖော်လောင်ဖက် ရတယ်။ ကျွန်မက ကုန်ကြမ်းတွေနဲ့ အချောထည် အတော်များများကို အိမ်မှာ သိမ်းထားတာဆိုတော့ သင်တန်းအတွက် ရုတ်တရက် လိုအပ်လာရင် အလွယ်တကူ သွားယူနိုင်အောင် သူ့ကို သော့ပေးထားခဲ့တာပါ”

“မစ္စဝါကာယာမာက ပြောတယ်။ အဲဒီတုန်းက ခင်ဗျားရဲ့ ခင်ပွန်းက အကူအညီ တစ်ခုခုများ လိုအပ်လေမလား ဆိုပြီး စိတ်ပူတာနဲ့ ဖုန်းဆက်လိုက်တာ ဖုန်းကိုင်မယ့်သူ မရှိဘူး ဖြစ်နေတယ်။ ဒါနဲ့ တစ်ခုခုတော့ လွဲနေပြီ ဆိုပြီး ခင်ဗျားတို့အိမ်ကို သွားကြည့်တယ်တဲ့” ကုစာနာဂိသည် လျောက်ပတ်လျော်ကန်မည့် စကားလုံးများကို ဂရုတစိုက် ရွေးချယ်နေရသည်။ “ခင်ဗျား ခရီးမထွက်ခင်တုန်းက ခင်ဗျားယောက်ျားရဲ့ ဝေယျာဝစ္စတွေကို ကူလုပ်ပေးဖို့ သူ့ကို အကူအညီ တောင်းခဲ့ဖူးတာများ ရှိလား”

အာယနဲသည် မျက်မှောင်ကြုတ်လျက် ခေါင်းကို ငဲ့စောင်းကာ စဉ်းစားမရသည့် ဟန်ဖြင့် ပြောလာသည်။ “ကျွန်မလည်း သေချာ မမှတ်မိတော့ဘူး။ အကူအညီတော့ တောင်းခဲ့ဖူးမယ် ထင်တာပဲ။ အဲဒီကလေးမက အတော်လေး လူရည်လည်ပါတယ်။ ကျွန်မက တကူးတကတောင် ပြောနေဖို့ လိုမယ် မထင်ဘူး။ ကျွန်မခင်ပွန်းဆီမှာ အကူအညီ လိုအပ်လား၊ မလိုအပ်ဘူးလား ဆိုတာကို သူ့ဘာသာသူ အကဲခတ်ပြီး ကြည့်လုပ်တတ်တယ်။ … ဒါနဲ့ အဲဒီ မေးခွန်းက သိပ်အရေးကြီးလို့လား။ သူ့ဆီမှာ သော့အပ်ခဲ့တဲ့ ကိစ္စက ဘာပြဿနာများ ရှိနေလို့လဲ”

“မဟုတ်ပါဘူး။ ကျွန်တော် အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ အဲဒီအကြောင်းကို မနေ့က မစ္စဝါကာယာမာဆီကနေ ကြားခဲ့ရလို့ ခင်ဗျားဆီမှာ အတည်ပြုကြည့်တဲ့ သဘောပါ”

အာယနဲသည် လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်ထားလိုက်သည်။ “တကယ့်ကို မယုံနိုင်စရာပဲ။ သူက ကျန်းမာရေး အတော် ကောင်းတဲ့လူတစ်ယောက်ပါ။ သောကြာနေ့ညကတောင် သူငယ်ချင်းတချို့ ဖိတ်ပြီး အိမ်မှာ မိတ်ဆုံစားပွဲ လုပ်
ခဲ့သေးတယ်။
 အဲဒီတုန်းကဆို သူ အရမ်း ပျော်နေခဲ့တာ …” သူ၏ အသံသည် အနည်းငယ် တုန်ယင်နေသည်။

“တရားနဲ့ ဖြေပါဗျာ။ ကျေးဇူးပြုပြီး အဲဒီတုန်းက ညစာစားပွဲကို ဘယ်သူတွေ တက်ခဲ့ကြသလဲဆိုတာ ပြောပြပေးနိုင်မလား”

“ကျွန်မခင်ပွန်းရဲ့ တက္ကသိုလ်တုန်းက သူငယ်ချင်းနဲ့ သူ့ဇနီးပါ” အာယနဲသည် အီကာအိ တတ်ဆုဟီကိုနှင့် အီကာအိ ယူကီကိုတို့၏ နာမည်များကို ပြောပြလိုက်သည်။ ထို့နောက် မျက်နှာတွင် အုပ်ထားသော လက်အစုံကို ဖယ်လိုက်ပြီး နာကျင်ကြေကွဲနေသော မျက်နှာဖြင့် စကားဆိုလာသည်။ “ကျွန်မ တစ်ခု တောင်းဆိုလို့ရမလား”

“ဘာများ တောင်းဆိုချင်လို့လဲ”

“ကျွန်မ ရဲစခန်းကို အခုချက်ချင်း သွားမှ ဖြစ်မှာလား”

“ဘာဖြစ်လို့လဲ”

“တကယ်လို့ ဖြစ်နိုင်မယ် ဆိုရင် ကျွန်မ အိမ်ကို အရင် သွားကြည့်ချင်တယ်။ သူ အဲဒီတုန်းက ဘယ်လို လဲကျသွားခဲ့သလဲ ဆိုတာကို ကျွန်မ သိချင်တယ်။ … ရမလား”

ကုစာနာဂိသည် ဥကျုမိကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြန်သည်။ သို့သော် ယခုတစ်ကြိမ်တွင် သူတို့၏ အကြည့်များ ဆုံစည်းခြင်း မရှိပေ။ အငယ်တန်းရဲမေ၏ မျက်နှာသည် ရှေ့တည့်တည့်ကိုသာ မျက်နှာမူထားသည်။ ကားကိုသာ အာရုံစိုက်၍ မောင်းနှင်နေသည့်နှယ်။

“နားလည်ပါပြီ။ ဒါပေမယ့် ကျွန်တော့်အထက်အရာရှိနဲ့ တိုင်ပင်ကြည့်လိုက်ပါဦးမယ်” ကုစာနာဂိသည် လက်ကိုင်ဖုန်းကို ဆွဲထုတ်လိုက်သည်။

ဖုန်းထဲမှ မာမီယာ၏ ပွစိပွစိ ရေရွတ်သံများကို တစ်ခဏမျှ နားထောင်ပြီးနောက်တွင် အာယနဲ၏ တောင်းဆိုချက်ကို သဘောတူလိုက်သည်။ “ဒီမှာလည်း အပြောင်းအလဲတချို့ ရှိနေတယ်။ မင်း သူ့ကို အခင်းဖြစ်တဲ့နေရာ ခေါ်သွားပြီး မေးစရာရှိတာတွေကို မေးတာ ပိုကောင်းလိမ့်မယ်။ သူ့အိမ်ကိုသာ ခေါ်သွားလိုက်တော့”

“အပြောင်းအလဲ ရှိတယ် ဆိုတာ ဘာကိုပြောတာလဲ ဆရာ”

“နောက်မှ ပြောပြမယ်ကွာ”

“ဟုတ်ကဲ့၊ သဘောပေါက်ပါပြီ”

ကုစာနာဂိက ဖုန်းချပြီး အာယနဲကို လှမ်းပြောလိုက်သည်။ “ကျွန်တော်တို့ ခင်ဗျားအိမ်ကိုပဲ တန်းသွားကြတာပေါ့”

“ကျေးဇူးပဲ” သူက တိုးလျစွာ ပြောသည်။

ကုစာနာဂိသည် ရှေ့ဘက်သို့ ပြန်လှည့်လိုက်ပြီး ဦးတည်ရာ လမ်းမပေါ်သို့ အကြည့်ရောက်သွားစဉ်မှာပင် အာယနဲ၏ ဖုန်းခေါ်သံကို ကြားလိုက်ရသည်။ “ဟယ်လို၊ ဟိရောမိလား။ ငါ အာယနဲပါ”

သူ၏ စကားသံကို ကြားလိုက်ရသည့်အခါတွင် ကုစာနာဂိ၏ ရင်ထဲ လှပ်ကနဲ ဖြစ်သွားသည်။ အာယနဲသည် ယခုလို အချိန်မျိုးတွင် ဟိရောမိထံသို့ ဖုန်းဆက်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့။ သို့သော် တားဆီးရန် သူ့တွင် အကြောင်းပြချက်လည်း မရှိပေ။

“… … အင်း။ ငါ သိတယ်။ အခု ငါ ရဲတွေနဲ့ အိမ်ကို သွားမလို့။ ဟိရောမိ၊ နင်လည်း အတော်လေး ပင်ပန်းသွားရောပေါ့”

ကုစာနာဂိသည် တစ်ယောက်တည်း နေမထိ ထိုင်မသာ ဖြစ်နေလေသည်။ ဟိရောမိသည် အာယနဲကို မည်သို့မည်ပုံ တုံ့ပြန်ပါအံ့နည်း။ ချစ်ရသောသူကို ဆုံးရှုံးလိုက်ရသည့်အတွက် အလွန်အမင်း ကြေကွဲဝမ်းနည်းကာ ယခင့်ယခင်က တစ်လျှောက်လုံး မျိုသိပ်ဖုံးကွယ်ထားခဲ့ရသော စိတ်ခံစားချက်များကို တစ်ခုမကျန် ဖွင့်အန်လှစ်ဟလိုက်မည် ဆိုလျှင် အာယနဲသည် မည်သည့်နည်းနှင့်မျှ ယခုကဲ့သို့ တည်ငြိမ်အေးဆေးနိုင်တော့မည် မဟုတ်ပေ။

“… သူတို့လည်း ငါ့ကို ပြောပြထားတယ်။ နင်ရော အိုကေရဲ့လား။ ကျန်းမာရေး ဂရုစိုက်နော်။ ဟုတ်လား။ ကောင်းတယ်၊ ကောင်းတယ်။ ဟိရောမိ၊ နင်ရော ငါ့အိမ်ကို လာခဲ့လို့ ရမလား။ အတင်းအကျပ် တောင်းဆိုတာ မဟုတ်ပါဘူး။ ဖြစ်ခဲ့သမျှကို နင့်ဆီကနေ ငါ တိုက်ရိုက် ကြားချင်လို့ပါ”

ကြည့်ရသည်မှာ ဟိရောမိ၏ စကားသံသည် အတော်အတန် တည်ငြိမ်သည်ဟု ဆိုရပေမည်။ သို့ပါသော်လည်း အာယနဲသည် သူ့ကိုပါ အိမ်သို့ တစ်ပါတည်း ခေါ်ယူလိမ့်မည်ဟု ကုစာနာဂိက လုံးဝ မျှော်လင့်မထားခဲ့ပေ။

“နင် အဆင်ပြေတယ် မဟုတ်လား။ ဒါဆို ခဏနေမှ တွေ့မယ်နော်။ … … အင်း၊ ကျေးဇူးပဲ။ နင်လည်း ဂရုစိုက်ဦး”

ဖုန်းချပြီး ဖြစ်ဟန်တူသည်။ အာယနဲ၏ နှာရှုပ်သံကို ကုစာနာဂိ ကြားနေရသည်။

“မစ္စဝါကာယာမာက လာမယ်တဲ့လား” ကုစာနာဂိက သူ့ကို မေးလိုက်သည်။

“အင်း။ အဲ … ခေါ်လို့ မရဘူးလား”

“ဟင့်အင်း။ ကိစ္စ မရှိပါဘူး။ သူက အလောင်းကို တွေ့ခဲ့တဲ့သူဆိုတော့ ခင်ဗျား သူ့ကို တိုက်ရိုက်မေးရင် ပိုကောင်းတာပေါ့”

ကုစာနာဂိသည် နှုတ်မှ ဤသို့ ပြောဆိုလိုက်သော်လည်း သူ၏ စိတ်မှာ လှုပ်ရှားတုန်ခါနေသည်။ သေဆုံးသူအား မည်သို့မည်ပုံ တွေ့ရှိခဲ့ကြောင်းကို သေဆုံးသူ၏ တိတ်တိတ်ပုန်း ရည်းစားသည် သေဆုံးသူ၏ တရားဝင် ဇနီးအား မည်ကဲ့သို့သော ခံစားချက်မျိုးဖြင့် ရှင်းလင်းပြောဆိုပါအံ့နည်း။ ထိုအချက်ကို သိချင်ဇောဖြင့် ကုစာနာဂိက ထူးထူးကဲကဲ စိတ်လှုပ်ရှားနေမိသည်။ တစ်ချိန်တည်းမှာပင် မစ္စဝါကာယာမာ၏ ရှင်းလင်းပြောဆိုချက်ကို အာယနဲသည် မည်သို့သော မျက်နှာအမူအရာဖြင့် နားထောင်နေမည်နည်း ဆိုသည့်အချက်ကို သူသည် ဘေးမှနေ၍ သတိထားလေ့လာလိုသည်။ သို့မှသာ အာယနဲသည် သူ့ခင်ပွန်းနှင့် သူ့တပည့်အကြားရှိ မရိုးသားသော ဆက်ဆံရေးကို ရိပ်စားမိခြင်း ရှိမရှိ ဟူသည့် အချက်ကို ခန့်မှန်းတွက်ဆနိုင်မည် ဖြစ်သည်။

ဥကျုမိသည် ကားကို အမြန်လမ်းပေါ်မှ ဆင်းပြီး မာရှိဘအိမ်သို့ တန်းတန်းမတ်မတ် မောင်းနှင်လာခဲ့သည်။ ယမန်နေ့က သူသည် ဤကားဖြင့်ပင် အခင်းဖြစ်ရာ နေရာသို့ ကိုယ်တိုင် မောင်းနှင်လာခဲ့ခြင်း ဖြစ်သောကြောင့် ယနေ့တွင်လည်း စိုးစဉ်းမျှ တုံ့ဆိုင်းတွေဝေနေခြင်း မရှိပေ။

မာရှိဘအိမ်သို့ ရောက်သည့်အခါတွင် အိမ်ပေါက်ဝ၌ ရပ်စောင့်နေကြသော မာမီယာနှင့် ကိရှိတာနိတို့ကို တွေ့လိုက်ရသည်။

ကုစာနာဂိသည် အာယနဲကို မာမီယာနှင့် မိတ်ဆက်ပေးသည်။

“ဖြစ်ပျက်ခဲ့တဲ့ ကိစ္စအဝဝအတွက် ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး” မာမီယာသည် အာယနဲကို ဦးညွတ်ပြီးနောက် ကုစာနာဂိဘက်သို့ လှည့်လိုက်သည်။ “ဖြစ်စဉ်ကို ပြောပြပြီးပြီ မဟုတ်လား”

“
အကြမ်းဖျင်းတော့
 ပြောထားပြီးပါပြီ”

မာမီယာက ခေါင်းညိတ်ပြီး အာယနဲဘက်သို့ လှည့်လိုက်ပြန်သည်။ “အိမ်ပြန်ရောက်ရောက်ချင်းမှာပဲ ဒုက္ခပေးသလို ဖြစ်နေလို့ အားတော့နာပါရဲ့ဗျာ။ ဒါပေမယ့် ခင်ဗျားဆီကနေ သိချင်တာတွေ ရှိနေသေးတော့ …”

“ရပါတယ်။ အားမနာပါနဲ့”

“အိမ်ထဲကို အရင် ဝင်ကြရအောင်။ … ကိရှိတာနိ၊ အိမ်သော့ရော”

ကိရှိတာနိသည် အိတ်ကပ်ထဲမှ အိမ်သော့ကို ဆွဲထုတ်ပြီး အာယနဲထံသို့ ကမ်းပေးလိုက်ရာ အာယနဲက သော့ကို
မဝံ့မရဲ
 လှမ်းယူသည်။

သော့ဖွင့်ကာ သူ အိမ်ထဲသို့ ဝင်သွားသည်နှင့် မာမီယာတို့ လူတစ်စုသည်လည်း အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့ကြသည်။ ကုစာနာဂိသည် အာယနဲ၏ ခရီးဆောင်အိတ်ကို ဆွဲလျက် အနောက်မှ ပြေးလိုက်လာသည်။

“ကျွန်မရဲ့ ခင်ပွန်းက ဘယ်နေရာမှာ အသက်ပျောက် သွားခဲ့တာလဲ” အာယနဲသည် အိမ်ထဲသို့ ရောက်လျှင်ရောက်ချင်း မေးခွန်းထုတ်လေတော့သည်။

မာမီယာသည် အရှေ့သို့ တစ်လှမ်းတိုးလာကာ နေရာကို လက်ညှိုးထိုးပြလိုက်သည်။ ဧည့်ခန်း၏ ပါကေးကြမ်းပြင်ပေါ်တွင် တိတ်များ ကပ်ထားလျက် ရှိနေဆဲပင်။ အာယနဲသည် ကြမ်းပြင်ပေါ်မှ လူပုံသဏ္ဌာန် တိတ်များကို တွေ့မြင်သွားသည့်အခါတွင် ပါးစပ်ကို လက်ဖြင့် အုပ်လျက် ကြောင်ကြည့်နေလေတော့သည်။

“မစ္စဝါကာယာမာရဲ့ ပြောစကားအရ ခင်ဗျားရဲ့ ခင်ပွန်းက ဒီနေရာမှာ လဲနေခဲ့တာ” မာမီယာက ရှင်းပြသည်။

ဝမ်းနည်းကြေကွဲမှုနှင့် ပရိဒေဝမီးသည် အာယနဲ၏ ရုပ်ခန္ဓာကို နောက်တစ်ဖန် အဟုန်ဖြင့် တိုက်ခိုက်လိုက်ဟန် တူသည်။ သူ၏ ဒူးများ ပျော့ခွေကာ ကြမ်းပြင်ပေါ် ဒူးထောက်လျက်သား ပုံကျသွားတော့သည်။ သူ၏ ပခုံးများ တဆတ်ဆတ် တုန်ခါနေပြီး ချိနဲ့ဖျော့တော့သော ငိုရှိုက်သံများသည် ကုစာနာဂိ၏ နားထဲသို့ တိုးဝင်လာလေသည်။

“ဘယ်အချိန်လောက်က ဖြစ်သွားခဲ့တာလဲ” သူက တိုးညင်းစွာ မေးသည်။

“မစ္စဝါကာယာမာ ပြောတာတော့ ၈ နာရီထိုးခါနီးလောက်တဲ့” မာမီယာက ပြန်ဖြေသည်။

“၈ နာရီ … အဲဒီအချိန်တုန်းက သူ ဘာလုပ်နေတာလဲ”

“ကော်ဖီသောက်နေတာ ဖြစ်လိမ့်မယ်။ အဲဒီတုန်းက ကြမ်းပြင်ပေါ်မှာ ကော်ဖီခွက်တစ်ခွက် မှောက်နေတာ တွေ့တယ်။ ကော်ဖီတွေလည်း ကြမ်းပြင်ပေါ် ပျံ့ကြဲလို့။ ဒါပေမယ့် ကျွန်တော်တို့ သန့်ရှင်းရေး လုပ်ပြီးသွားပြီ”

“ကော်ဖီ … သူဘာသာ ဖျော်သောက်တာလား”

“ဗျာ … ဘာကို ဆိုလိုတာလဲ” ကုစာနာဂိက အလျင်အမြန် မေးခွန်းထုတ်လိုက်သည်။

“ကျွန်မယောက်ျားက သူ့ဟာသူဆို ဘာမှ လုပ်တတ်တာ မဟုတ်ဘူး။ သူ့ဘာသာသူ ကော်ဖီဖျော်သောက်တာမျိုးလည်း ကျွန်မတော့ တစ်ခါမှ မမြင်ဖူးဘူး”

မာမီယာ၏ မျက်ခုံးများ ဆတ်ကနဲ လှုပ်ခါသွားကြောင်းကို ကုစာနာဂိက သတိထားလိုက်မိသည်။

“ခင်ဗျားရဲ့ သဘောက … ကော်ဖီကို သူ့ဟာသူ ဖျော်တာ မဖြစ်နိုင်ဘူးလို့ ဆိုလိုချင်တာလား” မာမီယာက သတိကြီးကြီးဖြင့် မေးလိုက်သည်။

“ကျွန်မတို့ မင်္ဂလာမဆောင်ခင်တုန်းကတော့ သူ့ဘာသာ ဖျော်သောက်ခဲ့ဖူးမယ် ထင်ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက သူ့မှာ ကော်ဖီဖျော်စက်တစ်လုံး ရှိတယ်”

“အဲဒီစက်က အခုရော ရှိသေးတာလား”

“မရှိတော့ဘူး။ ထားဖို့ မလိုအပ်တော့တာနဲ့ ကျွန်မ ရှင်းပစ်လိုက်ပြီ။ ကျွန်မက ကော်ဖီစစ်ခွက်ကိုပဲ သုံးတယ်”

မာမီယာ၏ မျက်လုံးများ ပို၍ ပြူးကျယ်လာသည်။ သူက မျက်နှာထားတည်တည်ဖြင့် စကားဆိုသည်။ “လက်ရှိအချိန်ထိ ဓာတ်ခွဲခန်းအဖြေက ထွက်မလာသေးဘူး ဆိုတော့ ကျွန်တော်တို့လည်း ဘာကိုမှ ယတိပြတ် ပြောလို့ မဖြစ်နိုင်သေးဘူး။ ဒါပေမယ့် ခင်ဗျားရဲ့ ခင်ပွန်းက အဆိပ်မိလို့ သေတာ ဖြစ်ဖို့ များတယ်”

အာယနဲ၏ မျက်နှာသည် တဒင်္ဂမျှ သွေးဆုတ်သွားကာ ပြူးကျယ်သော မျက်ဝန်းတစ်စုံဖြင့် မေးခွန်းထုတ်လေတော့သည်။ “အဆိပ်သင့်တာ … ဘာအဆိပ်သင့်တာလဲ”

“အဲဒီအချက်ကိုတော့ ကျွန်တော်တို့ စစ်ဆေးနေတုန်းပဲ ရှိသေးတယ်။ အခင်းဖြစ်တဲ့ နေရာမှာ ပျံ့ကြဲနေတဲ့ ကော်ဖီတွေထဲကနေ လူကို သေစေနိုင်လောက်တဲ့ ဓာတ်သတ္တိတချို့ကို ကျွန်တော်တို့ ဓာတ်ခွဲတွေ့ရှိထားတယ်။ တစ်နည်းပြောပြရင်တော့ ခင်ဗျားရဲ့ ခင်ပွန်းက အနာရောဂါကြောင့် ဒါမှမဟုတ် မတော်တဆ ဖြစ်မှုကြောင့် အသက် ဆုံးရှုံးခဲ့ရတာ မဟုတ်ဘူး”

အာယနဲသည် ပါးစပ်ကို လက်ဖြင့် အုပ်လျက် မျက်တောင်ကို အဆက်မပြတ် ခတ်နေသည်။ မျက်လုံးအိမ်များက သွေးရောင်လွှမ်းလာသည်။ “သူ ဘာဖြစ်လို့ … ဘာဖြစ်လို့ အဲဒီလို အဖြစ်မျိုးနဲ့ ကြုံခဲ့ရတာလဲ”

“အခုထိ အဲဒါ ပဟေဠိတစ်ခု ဖြစ်နေဆဲပဲ။ ဒါကြောင့် အခုဖြစ်သွားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာများ ပြောပြနိုင်တာ ရှိမလဲလို့ ကျွန်တော်တို့ ခင်ဗျားဆီကနေ သိချင်နေတာ”

အပြောင်းအလဲ ရှိသည် ဟု ဖုန်းထဲတွင် ပြောခဲ့သော မာမီယာ၏ စကားကို ယခုမှ ကုစာနာဂိ သဘောပေါက် နားလည်လာခဲ့သည်။ မာမီယာကိုယ်တိုင် လာရောက်တွေ့ဆုံသည့် ကိစ္စအပေါ်၌လည်း နဝေတိမ်တောင် ဖြစ်နေစရာ မလိုအပ်တော့ပေ။

အာယနဲသည် လက်ကို နဖူးပေါ်သို့ ပြောင်းရွှေ့ကာ နံဘေးရှိ ဆိုဖာခုံပေါ်သို့ ထိုင်ချလိုက်သည်။ “ကျွန်မ ဘယ်လိုလုပ် သိနိုင်ပါ့မလဲ”

“ခင်ဗျားနဲ့ ခင်ဗျားခင်ပွန်း နောက်ဆုံးအကြိမ် စကားပြောဖြစ်ခဲ့ကြတာ ဘယ်အချိန်လောက်က ဖြစ်မလဲ” မာမီယာက မေးသည်။

“စနေနေ့မနက် ကျွန်မ အိမ်က ထွက်တော့ သူလည်း ကျွန်မနဲ့အတူ အိမ်က ထွက်လာခဲ့တယ်”

“အဲဒီတုန်းက ခင်ဗျားခင်ပွန်းရဲ့ ပုံပန်းသဏ္ဌာန်က အရင်ကနဲ့ ဘာများ ထူးခြားတာ ရှိသလဲ။ ဘယ်လောက်
သေးနုပ်တဲ့
 ကိစ္စ ဖြစ်ပါစေ ကိစ္စ မရှိပါဘူး”

အာယနဲက တစ်ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။ “မရှိဘူး။ အဲဒီတုန်းက ဘာများ ထူးခြားနေသလဲ ဆိုတာကို ကျွန်မ ဘယ်လိုမှ စဉ်းစားလို့ မရဘူး”

ဟုတ်မှာပါပဲလေ။ ကုစာနာဂိက သူ့ကို ကိုယ်ချင်းစာနာမိသည်။ ခင်ပွန်းသည် ရုတ်တရက် ကွယ်လွန်သွားခြင်းကြောင့် ဖြစ်ပေါ်လာသော ပူဆွေးသောကများ၏ ပြင်းထန်သော ရိုက်ချက်များကို
ရင်စည်းခံနေရဆဲမှာပင်
 ‘သံသယဖြစ်ဖွယ် သေဆုံးမှု’၊ ‘အဆိပ်မိ၍ သေဆုံးခြင်း’ စသည့် သတင်းများကို မဖြစ်မနေ နားထောင်ခဲ့ရပြန်သည်။ သူ၏ စိတ်သည် ယခုအခါတွင် ယောက်ယက်ခတ်နေလိမ့်မည်ဟု ကုစာနာဂိက တွေးဆကြည့်နေမိသည်။

“ဆရာ၊ သူ့ကို တစ်ခဏလောက်ဖြစ်ဖြစ် အနားယူခွင့် ပေးလိုက်ရင် ကောင်းမယ် ထင်တယ်။ အခုလေးတင်မှ လေယာဉ်နဲ့ ဆပ်ပိုရိုကနေ ပြန်ရောက်တာဆိုတော့ အတော်လေး ပင်ပန်းနေလောက်ပြီ” ကုစာနာဂိက ပြောသည်။

“အင်း၊ ဟုတ်တာပေါ့”

“ဟင့်အင်း၊ ရပါတယ်” အာယနဲက ခါးကို မတ်မတ် ဆန့်ထားလိုက်သည်။ “ဒါပေမယ့် ကျွန်မကို အင်္ကျီလဲခွင့်တော့ ပြုပါဦး။ မနေ့ညကတည်းက ဒီအင်္ကျီတစ်စုံကိုပဲ ဝတ်ထားခဲ့ရတာ ဆိုတော့”

သူ၏ ကိုယ်ပေါ်တွင် အနက်ရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။

“မနေ့ညကတည်းက … ” ကုစာနာဂိက မေးသည်။

“ဟုတ်တယ်။ ကျွန်မ တိုကျိုကို အမြန်ဆုံး ပြန်လာနိုင်ဖို့ တစ်ချိန်လုံး အကြံထုတ်နေခဲ့တာ။ အချိန်မရွေး ထထွက်လာနိုင်အောင် အစောကြီးကတည်းက အသင့်ပြင်ပြီး စောင့်နေခဲ့တာပါ”

“အဲဒီလိုဆိုတော့ ခင်ဗျား မနေ့ညက တစ်ညလုံး တစ်ရေးမှ မအိပ်ရသေးဘူးပေါ့”

“ဟုတ်တယ်။ အိပ်လည်း အိပ်ပျော်နိုင်မှာမှ မဟုတ်ပဲ”

“ဒါတော့ ဘယ်ဖြစ်မလဲဗျ” မာမီယာက ပြောသည်။ “ခင်ဗျား တစ်ခဏဖြစ်ဖြစ် အနားယူလိုက်တာ ပိုကောင်းလိမ့်မယ်”

“ဟင့်အင်း၊ ရပါတယ်။ ကျွန်မ အဝတ်အစား လဲပြီးတာနဲ့ ပြန်လာခဲ့ပါမယ်” ပြောပြီးနောက် သူ မတ်တတ်ထရပ်လိုက်သည်။

သူ အခန်းထဲမှ ထွက်သွားသည့်အခါတွင် ကုစာနာဂိက မာမီယာကို မေးလိုက်သည်။ “အဆိပ်ရဲ့ အမျိုးအစားကို စုံစမ်းလို့ ရပြီလား ဆရာ”

မာမီယာက ခေါင်းညိတ်ပြသည်။ “လက်ကျန် ကော်ဖီရည်ထဲမှာ အာဆန်နစ်အက်ဆစ်တွေ တွေ့တယ်တဲ့”

ကုစာနာဂိ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ “စိန်ကို ပြောတာလား။ ရှေ့တစ်ခေါက်က ကာလီဟင်းကို အဆိပ်ခတ်တဲ့ အမှုမှာ သုံးခဲ့တဲ့ဟာလေ”

“ထ.ရ.ဖ က လူတွေရဲ့ စကားအရတော့ အခုအမှုမှာ ဆိုဒီယမ် အာဆန်နိုက်ကို သုံးထားတယ်တဲ့။ ကော်ဖီထဲမှာ ပျော်ဝင်နေတဲ့ အဆိပ်ရဲ့ သည်းသိပ်ဆအရ တွက်ဆကြည့်ရင် မစ္စတာမာရှိဘ သောက်ခဲ့တဲ့ ပမာဏက သေစေနိုင်လောက်တဲ့ ပမာဏထက် အပုံကြီး ပိုများနေတာ တွေ့ရတယ်။ ခွဲစိတ်ခန်းအဖြေ အသေးစိတ်က ဒီညနေလောက် ထွက်လာလိမ့်မယ် ထင်တယ်။ ဒါပေမယ့် အလောင်းရဲ့ မျက်မြင် အနေအထားအရတော့ အာဆန်နစ်အဆိပ်သင့်ပုံနဲ့ တထေရာတည်းပဲ”

ကုစာနာဂိက သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။ ကြည့်ရသည်မှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်း၊ သို့တည်းမဟုတ် အနာရောဂါကြောင့် သေဆုံးခြင်း တည်းဟူသော ဖြစ်နိုင်ခြေနှစ်ခုကို စာရင်းထဲမှ ပယ်ဖျက်ပစ်ရန် သေချာသလောက် ရှိနေချေပြီ။

“မစ္စစ်မာရှိဘရဲ့ စကားအရ သူ့ယောက်ျားက ကော်ဖီကို သူ့ဘာသာသူ ဖျော်မသောက်တတ်ဘူး ဆိုတော့ကာ အဲဒီကော်ဖီကို ဘယ်သူက ဖျော်ပေးခဲ့တာလဲ” မာမီယာက တစ်ယောက်တည်း ရေရွတ်နေသည့်ဟန်ဖြင့် ပြောနေသည်။ သို့သော် သူ၏ လက်အောက်ငယ်သားများ ကြားနိုင်လောက်အောင် ပြောဆိုနေခြင်း ဖြစ်သည်။

“ကျွန်မအထင်တော့ သူ့ဘာသာသူ ကော်ဖီဖျော်ဖူးလိမ့်မယ်လို့ ယူဆတယ်” ဥကျုမိထံမှ ရုတ်တရက် စကားသံ ထွက်ပေါ်လာသည်။

“ဘာကြောင့် အဲဒီလို ပြောနိုင်ရတာလဲ” မာမီယာက မေးသည်။

“လူသက်သေ ရှိနေတာပဲ” ဥကျုမိသည် ကုစာနာဂိကို လှမ်းကြည့်ပြီး ဆက်ပြောသည်။ “မစ္စဝါကာယာမာလေ”

“သူက ဘာပြောဖူးလို့လဲ” ကုစာနာဂိသည် သူ၏ မှတ်ဉာဏ်ထဲမှ အပိုင်းအစများကို လှန်လှော ရှာဖွေကြည့်နေသည်။

“မနေ့ညက ကျွန်မ သူ့ကို ခွက်ခံပန်းကန်ပြားအကြောင်း မေးလိုက်တာ ဆရာ မှတ်မိသေးလား။ မစ္စတာမာရှိဘက ကော်ဖီသောက်ရင် ခွက်ခံပန်းကန်ပြား မသုံးဘူးလားလို့ အဲဒီတုန်းက ကျွန်မ သူ့ကို မေးလိုက်တယ်။ မစ္စဝါကာယာမာရဲ့ အဖြေက ‘သူတစ်ယောက်တည်း သောက်ရင်တော့ မသုံးလောက်ဘူး’ တဲ့”

သူတို့ နှစ်ယောက်၏ ပြောစကားများကို ကုစာနာဂိ ပြန်လည် ကြားယောင်လာသည်။

“ဟုတ်တယ်။ ငါလည်း ကြားမိတယ်” မာမီယာက ခေါင်းညိတ်လိုက်သည်။ “တစ်ခု မေးစရာရှိတာက ဒီကိစ္စကို သူ့ဇနီးကတောင် မသိတဲ့ ဥစ္စာ၊ သူ့ဇနီးရဲ့ တပည့်မက ဘာဖြစ်လို့ သိနေရတာလဲ”

“အဲဒီအချက်နဲ့ ပတ်သက်ပြီး ဆရာ့ကို ပြောပြစရာတွေ ရှိနေသေးတယ်” ကုစာနာဂိသည် မာမီယာ၏ နားနားသို့ ကပ်ပြီး မာရှိဘ ယိုရှီတာကာနှင့် ဝါကာယာမာ ဟိရောမိတို့၏ ဆက်ဆံရေးနှင့် ပတ်သက်သော သူနှင့် ဥကျုမိတို့၏ ထင်မြင်ချက်ကို ပြောပြလိုက်လေသည်။

မာမီယာသည် ကုစာနာဂိနှင့် ဥကျုမိတို့၏ မျက်နှာများကို တစ်လှည့်စီ ကြည့်ပြီး ပြုံးလျက် ပြောသည်။ “နင်တို့ကလည်း အဲဒီလိုပဲ ထင်တာလား”

“ဆရာကရော အဲဒီလို …” ကုစာနာဂိက သူ့ဆရာ၏ မျက်နှာကို တအံ့တဩ ငေးကြည့်နေသည်။

“အတွေ့အကြုံက စကားပြောတယ်လေကွာ။ ဒီဦးနှောက်က အလကား ထားထားတာမှ မဟုတ်ဘဲ။ မနေ့တုန်းကတည်းက အဲဒီကိစ္စကို ငါ ရိပ်စားမိတယ်” မာမီယာသည် သူ၏ ဦးခေါင်းကို လက်ညှိုးနှင့် ထောက်ကာ ပြောနေသည်။

“အဲ … ဘာတွေ ဖြစ်နေတာလဲ ဆိုတာ ကျွန်တော့်ကို ရှင်းပြကြပါဦးလား” ကိရှိတာနိက မေးသည်။

“ခဏနေမှ မင်းကို ရှင်းပြမယ်” ပြောပြီး မာမီယာသည် ကုစာနာဂိတို့ကို လှမ်းကြည့်လိုက်ပြန်သည်။ “မစ္စစ်မာရှိဘရဲ့ အရှေ့မှာ အဲဒီကိစ္စကို လုံးဝ မပြောမိစေနဲ့။ သဘောပေါက်တယ်မလား”

ကုစာနာဂိက “ဟုတ်” ဟု ပြန်ဖြေလိုက်စဉ် နံဘေးမှ ဥကျုမိကလည်း ခေါင်းညိတ်ပြလိုက်သည်။

“လက်ကျန် ကော်ဖီရည်ထဲကနေပဲ အဆိပ်ကို တွေ့ခဲ့တာလား” ကုစာနာဂိက မေးသည်။

“မဟုတ်ဘူး။ နောက်တစ်နေရာမှာလည်း တွေ့သေးတယ်”

“ဘယ်နေရာလဲ”

“ကော်ဖီစစ်ခွက်ထဲက စက္ကူရေစစ်ပေါ်မှာ။ အတိအကျ ပြောရမယ် ဆိုရင် စစ်ခွက်ထဲက စက္ကူရေစစ်ပေါ်မှာ တင်ကျန်နေခဲ့တဲ့ ကော်ဖီမှုန့်တွေထဲမှာ”

“ကော်ဖီဖျော်နေတုန်းမှာ အဆိပ်ကို ကော်ဖီမှုန့်ထဲ ရောထည့်ခဲ့တယ်လို့ ယူဆရမယ် ထင်တယ်” ကိရှိတာနိက ပြောသည်။

“အဲဒါက ဖြစ်နိုင်ခြေတစ်ခုပေါ့။ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုလည်း ရှိနေသေးတယ်” မာမီယာက လက်ညှိုးတစ်ချောင်း ထောင်ကာ ပြောလိုက်သည်။

“ကော်ဖီမှုန့်ထဲကို ကြိုထည့်ထားတာမျိုးလည်း ဖြစ်နိုင်သေးတယ်” ဥကျုမိက ပြောသည်။

မာမီယာက ကျေနပ်သဘောကျသော အကြည့်ဖြင့် ဥကျုမိကို လှမ်းကြည့်လိုက်သည်။ “ဟုတ်တယ်။ မူလက ကော်ဖီမှုန့်ကို ရေခဲသေတ္တာထဲမှာ ထည့်ထားတာ။ ထ.ရ.ဖ က ကော်ဖီမှုန့်ထုပ်ထဲကနေ အဆိပ်ကို ရှာမတွေ့ခဲ့ဘူးလို့ ပြောနေပေမယ့် တကယ် မရှိခဲ့ပါဘူးလို့တော့ ယတိပြတ် ပြောလို့ မရဘူး။ အခင်းမဖြစ်ခင်တုန်းက အဆိပ်ကို ကော်ဖီမှုန့်ထုပ်ရဲ့ အပေါ်ယံကြောမှာပဲ တင်ထားခဲ့မယ်ဆိုရင် ကော်ဖီမှုန့်ကို ခပ်ယူလိုက်တာနဲ့ အဆိပ်တွေ အားလုံးက ချိန်ဇွန်းထဲ အကုန်လုံး ပါသွားနိုင်တယ်”

“အဲဒီလိုဆိုရင် အဆိပ်ကို ဘယ်အချိန်တုန်းက အိတ်ထဲ ထည့်ခဲ့တာလဲ” ကုစာနာဂိက မေးသည်။

“အခုထိတော့ သေချာ မသိသေးဘူး။ ထ.ရ.ဖ က အမှိုက်အိတ်ထဲကနေ သုံးပြီးသား ရေစစ်စက္ကူ သုံး၊ လေးချပ်ကို ရှာတွေ့ခဲ့တယ်။ အဲဒါတွေ အပေါ်မှာလည်း အဆိပ်ကို ရှာမတွေ့ခဲ့ဘူး။ ဒါလည်း သဘာဝကျတယ်လေ။ တကယ်လို့သာ အဆိပ်တွေ့ခဲ့ရင် အခုသေဆုံးသူရဲ့ အရင့်အရင်မှာ တခြားသူတွေလည်း ဒီအဆိပ်ပါတဲ့ ကော်ဖီကို သောက်ခဲ့ဖူးကြတယ်လို့ ယူဆရမလို ဖြစ်နေတယ်”

“လက်ဆေးကန်ထဲမှာ မဆေးရသေးတဲ့ ကော်ဖီခွက်တွေ ရှိတယ်” ဥကျုမိက ပြောသည်။ “အဲဒီခွက်တွေကို ဘယ်အချိန်တုန်းက သုံးခဲ့သလဲဆိုတာ သိဖို့ အတော်လေး အရေးကြီးတယ်။ နောက်ပြီး ဘယ်သူ သုံးခဲ့တာလဲ ဆိုတာလည်း အရေးပါတာပဲ”

မာမီယာက လျှာဖြင့် နှုတ်ခမ်းသပ်လိုက်သည်။ “အဲဒီအချက်ကတော့ သေချာသွားပြီ။ လက်ဗွေရာကို စစ်လို့ ပြီးသွားပြီ။ တစ်ခုက မစ္စတာမာရှိဘရဲ့ဟာ။ နောက်တစ်ခုကတော့ မင်းတို့စိတ်ထဲမှာ သံသယ ရှိနေတဲ့လူပဲ”

ကုစာနာဂိနှင့် ဥကျုမိတို့သည် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။ သူတို့နှစ်ဦး၏ ထင်မြင်ချက်သည် သက်သေခိုင်လုံသွားပြီဟု ဆိုနိုင်သည်။

“ဆရာ၊ မစ္စဝါကာယာမာလည်း မကြာခင် ဒီကို ရောက်လာလိမ့်မယ်” ကုစာနာဂိသည် ကားပေါ်တွင် အာယနဲ ဖုန်းဆက်ခဲ့သည့် အကြောင်းကို မာမီယာအား ပြောပြလိုက်သည်။

မာမီယာက မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်လိုက်သည်။ “လာတာ အတော်ပဲပေါ့။ မစ္စဝါကာယာမာတို့ ကော်ဖီသောက်ခဲ့တဲ့ အချိန်ကို မင်းတို့ ရအောင် စုံစမ်းခဲ့။ ပိုင်ပါစေနော်။ မလှိမ့်တစ်ပတ် လုပ်မသွားစေနဲ့ဦး”

ကုစာနာဂိက ပြန်ဖြေသည်။ “ဟုတ်၊ မဖြစ်စေရပါဘူး ဆရာ”

ထိုအခိုက်မှာပင် အောက်ထပ်သို့ ဆင်းလာသော ခြေသံများကို ကြားလာရသည်။ သူတို့အားလုံး စကားကို မြန်မြန် လက်စသတ်လိုက်ကြသည်။

“စောင့်ရတာ ကြာသွားပြီ ထင်တယ်” အာယနဲသည် သူတို့၏ အရှေ့သို့ ရောက်လာသည်။ သူသည် အနက်ရောင် ဘောင်းဘီရှည်၏ အထက်တွင် အပြာနုရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်။ မိတ်ကပ်ကို ပြန်ပြင်လိမ်းခဲ့သောကြောင့် ဖြစ်မည်။ မျက်နှာတွင် သွေးရောင်များ ပြန်လွှမ်းလာသည်။

“ခင်ဗျားကို မေးခွန်းတွေ မေးလို့ ရမလား” မာမီယာက မေးသည်။

“ဟုတ်၊ မေးနိုင်ပါတယ်”

“ခင်ဗျားလည်း ခရီးပန်း၊ လူပန်း ဖြစ်နေလောက်ပြီ။ ကျွန်တော်တို့ ထိုင်ရင်း စကားပြောကြတာပေါ့” ခွဲမှူးက ဆိုဖာခုံကို လက်ညှိုးထိုးပြသည်။

အာယနဲသည် ဆိုဖာခုံပေါ်တွင် ထိုင်လျက် မျက်စိအစုံသည် မှန်တံခါးမှတစ်ဆင့် အပြင်ဘက် ဥယျာဉ်ထဲသို့ ကြည့်ကာ စကားဆိုလေသည်။ “အတော် သနားစရာ ကောင်းတာပဲ။ အကုန်လုံး ညှိုးကုန်ပြီ။ ခရီးမထွက်ခင်က ကျွန်မယောက်ျားကို ရေလောင်းဖို့ မမေ့နဲ့နော်ဆိုပြီး အတန်တန် မှာခဲ့ဖြစ်သေးတယ်။ သူက သစ်ပင်ပန်းမန်တွေကို နည်းနည်းလေးမှ စိတ်ဝင်စားတာ မဟုတ်ဘူးရယ်”

ကုစာနာဂိသည် ဥယျာဉ်ဘက်သို့ ခေါင်းလှည့်ကြည့်သည်။ ပန်းအိုးများထဲတွင် ပန်းရောင်စုံတို့ ဖူးပွင့်ဝေဆာနေသည်ကို တွေ့မြင်ရသည်။

“ဆောရီးပါပဲရှင်။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်မ ပန်းပင်တွေကို အရင်ဦးဆုံး ရေလောင်းပေးလိုက်ချင်တယ်။ သူတို့တွေ အဲဒီလို ဖြစ်ပျက်နေတာ မြင်ရတော့ စိတ်ထဲ ဘယ်လိုမှ နေလို့မကောင်းဘူး”

မာမီယာ၏ မျက်နှာပေါ်တွင် စိတ်ပျက်အံ့ဩသော အမူအရာများ တဒင်္ဂမျှ လွှမ်းမိုးသွားပြီးနောက် အပြုံးတချို့ ပြန်လည်ထွက်ပေါ်လာပြီး ခေါင်းညိတ်ကာ စကားဆိုလိုက်သည်။ “ကိစ္စ မရှိပါဘူး။ ကျွန်တော်တို့ စောင့်နိုင်ပါတယ်”

“အားတော့ နာပါတယ်ရှင်” အာယနဲသည် ပြောပြီး မတ်တတ်ရပ်ကာ မီးဖိုဆောင်ထဲသို့ လျှောက်ဝင်သွားသည်။ အဘယ်ကြောင့် မီးဖိုဆောင်ထဲသို့ ဝင်သွားရသနည်း ဟူသည့်အချက်ကို စိတ်ဝင်စားသောကြောင့် ကုစာနာဂိလည်း အနောက်မှ လိုက်ပါသွားလေသည်။ ရေပိုက်ခေါင်းကို ဖွင့်၍ ရေပုံးကြီးကြီးတစ်လုံးထဲသို့ ရေဖြည့်နေသည်ကို တွေ့ရသည်။

“ပန်းခြံထဲမှာ ရေဘုံပိုင် မရှိဘူးလား” ကုစာနာဂိက သူ့အနောက်မှ လှမ်းမေးလိုက်သည်။

သူက နောက်ပြန်လှည့်ကာ ပြုံးပြသည်။ “ဒီရေတွေက အပေါ်ထပ် လသာဆောင်အတွက်ပါ။ အပေါ်ထပ်မှာ ရေပိုက်ခေါင်း သီးသန့်မရှိဘူး”

“ဪ၊ အဲဒီလိုလား”

ယမန့်နေ့ည ဤအိမ်သို့ ရောက်ခါစအချိန်က လသာဆောင်ပေါ်မှ ပန်းပင်များကို ငေးမော့ကြည့်နေသည့် ဥကျုမိ၏ ပုံပန်းသဏ္ဌာန်ကို ကုစာနာဂိ ပြန်လည် မြင်ယောင်လာမိသည်။

ရေအပြည့် ဖြည့်ထားသော ရေပုံးသည် အတော်ပင် လေးလံပေလိမ့်မည်။ ကုစာနာဂိသည် ၎င်းကို အပေါ်ထပ်သို့ သယ်ဆောင်ပေးပါရစေဟု တောင်းဆိုလိုက်သည်။

“ရပါတယ်။ ကျွန်မ သယ်နိုင်တယ်”

“အားမနာပါနဲ့ဗျာ။ အပေါ်ထပ်ကို ကျွန်တော် သယ်ပေးပါ့မယ်”

အာယနဲ၏ အသံမှာ တစ်ဖက်လူ မကြားနိုင်လောက်အောင် တိုးလျလွန်းလှသည်။ “ကျေးဇူးပါပဲ”

သူတို့ လင်မယားနှစ်ယောက်၏ အိပ်ခန်းသည် အနည်းဆုံး မြက်ဖျာ အချပ် ၂၀ စာရှိသော အနောက်တိုင်းပုံစံ အိပ်ခန်းတစ်ခန်း ဖြစ်သည်။ ခုတင်ထက်ရှိ နံရံပေါ်တွင် ကြီးမားသော စပ်ထည်ပန်းချီကားတစ်ချပ်ကို ချိတ်ဆွဲထားသည်။ စပ်ထည်ပေါ်ရှိ တောက်ပစူးရှသော အရောင်အသွေးများက ကုစာနာဂိ၏ မျက်ဝန်းတစ်စုံကို အပြည့်အဝ ဆွဲဆောင်ထားကြသည်။

“အဲဒါ ခင်ဗျားကိုယ်တိုင် လုပ်ထားတာလား”

“ဟုတ်တယ်။ ပြီးထားတာ သိပ်မကြာသေးဘူး”

“တော်တော်လှတာပဲဗျ။ ပြောရမှာတော့ ခပ်ရှက်ရှက်ပဲ။ ကျွန်တော် အရင်က စပ်ထည်ပန်းချီကို ပန်းထိုးပန်းချီနဲ့ အတူတူပဲလို့ ထင်ထားတာ။ ဒီလောက် အနုပညာ လက်ရာမြောက်အောင် လုပ်လို့ရမှန်း အခုမှပဲ သိရတော့တယ်”

“ဒါတွေက သိပ်ပြီး လက်ရာမြောက်တယ်လို့ မဆိုနိုင်ပါဘူးရှင်။ စပ်ထည်ရဲ့ သဘောကိုက လက်တွေ့ အသုံးချဖို့ အဓိက ရည်ရွယ်ထားတာဆိုတော့ သုံးလို့ရရင် ပြီးနေတာပဲ ဥစ္စာ။ ဒါပေမယ့် မျက်စိပသာဒလည်း ဖြစ်တယ် ဆိုရင်တော့ ပိုပြီး ပြီးပြည့်စုံသွားတာပေါ့ရှင်”

“သေချာတာပေါ့ဗျာ။ ခင်ဗျားက အဲဒီလို မျက်စိပသာဒ ဖြစ်တဲ့ လက်ရာမျိုးကို ဖန်တီးနိုင်တယ်ဆိုတော့ တကယ့်ကို ချီးကျူးစရာပဲပေါ့။ ဒါပေမယ့် အတော်လေးလည်း လက်ဝင်လိမ့်မယ် ထင်တယ်”

“အချိန်တွေ အများကြီး ပေးရတာပေါ့။ ဒါကြောင့် တော်ရုံဇွဲမျိုးနဲ့တော့ မရဘူး။ ဒါပေမယ့် ဝါသနာအရ လုပ်တာဆိုတော့ အချိန်လည်း
ကုန်လို့ကုန်မှန်း
 မသိတော့ပါဘူးရှင်။ တကယ်လို့သာ အဲဒီလို ဝါသနာမျိုး မရှိခဲ့ဘူးဆိုရင်တော့ အခုလို လက်ရာမျိုးကိုလည်း ဘယ်လိုနည်းနဲ့မှ ရအောင် လုပ်နိုင်မှာ မဟုတ်ဘူး”

ကုစာနာဂိက ခေါင်းညိတ်ကာ အကြည့်ကို စပ်ထည်ပန်းချီကားပေါ်သို့ ပြန်လှည့်လိုက်သည်။ ရုတ်တရက် ကြည့်လိုက်လျှင် စပ်ထည်ပန်းချီကားပေါ်မှ အရောင်များကို ဖြစ်သလို ရွေးချယ်ပေါင်းစပ်ထားသည်ဟု မှတ်ထင်ရသော်လည်း ၎င်းကို အာယနဲသည် နဖူးကချွေး ခြေမ,ကျအောင် အပ်တစ်ချောင်းဖြင့် တကုပ်ကုပ် ချုပ်လုပ်ခဲ့ရသည်ဟု ကြားသိရပြီးသည့် နောက်တွင် ကုစာနာဂိသည် ၎င်းပန်းချီကားကို ကြည့်ရင်း ကြည့်ရင်းနှင့် ကြည်နူးနှစ်ခြိုက်လာမိသည်။

လသာဆောင်သည် အိပ်ခန်းကဲ့သို့ပင် အတော်အတန် ကြီးမားကျယ်ပြန့်သည်။ သို့သော် ပန်းအိုးများကို နေရာအနှံ့ ချထားသောကြောင့် လူတစ်ယောက်သာ ဖြတ်သွားဖြတ်လာ လုပ်နိုင်သည်ဟု ထင်ရလောက်အောင် ကျဉ်းမြောင်းနေလေသည်။

အာယနဲသည် ထောင့်တစ်နေရာတွင် ချထားသော သံဗူးခွံအလွတ်တစ်လုံးကို လှမ်းယူပြီး ကုစာနာဂိကို ပြလိုက်သည်။ “မိုက်တယ် မဟုတ်လား”

သံဗူးခွံ၏ အောက်ခြေတွင် အပေါက်များစွာ ဖောက်ထားသည်။ အာယနဲသည် သံဗူးခွံကို ရေပုံးထဲသို့ နှစ်၍ ရေဖြည့်ပြီး သံဗူးခွံ၏ အောက်ခြေ အပေါက်များမှ ထွက်သော ရေဖြင့် ပန်းပင်ကို ရေလောင်းလေသည်။

“ဝိုး … အိမ်တွင်းဖြစ် ရေပန်းခရားပါလား”

“ဟုတ်တယ်။ ပုံမှန် ရေပန်းခရားနဲ့ဆိုရင် ရေပုံးထဲကနေ ရေယူဖို့ ခက်တယ်လေ။ ဒါကြောင့် ကျွန်မက ဒီသံဗူးခွံရဲ့ အောက်ခြေကို သံချောင်းနဲ့ အပေါက်တွေ ဖောက်ပြီး ရေပန်းခရားလိုဖြစ်အောင် လုပ်ယူထားတာ”

“ပိုင်လိုက်တဲ့ အကြံဗျာ”

“ဟုတ်တယ်။ ဒါပေမယ့် အခုလို သစ်ပင်ပန်းမန်တွေအပေါ် စိတ်လိုလက်ရ လုပ်နေကိုင်နေတာကို ကျွန်မရဲ့ ယောက်ျားက နည်းနည်းလေးမှ နားလည်မပေးနိုင်ဘူး” ပြောပြီးနောက် အာယနဲ၏ မျက်နှာတွင် ကြွက်သားများ တောင့်တင်းသွားကာ ကြမ်းပြင်ပေါ်သို့ ငုတ်တုတ် ထိုင်ချလိုက်သည်။ သံဗူးခွံထဲမှ ရေများသည် သူ၏ ဖိနပ်များပေါ်သို့ တတောက်တောက် စီးကျနေလေသည်။

“မစ္စစ်မာရှိဘ” ကုစာနာဂိက သူ့ကို ခေါ်လိုက်သည်။

“ဆောရီးပဲ။ ကျွန်မယောက်ျား ဒီလောကမှာ မရှိတော့ဘူး ဆိုတဲ့ အမှန်တရားကို ကျွန်မ ဘယ်လိုမှ လက်ခံလို့ မရသေးဘူး”

“အဖြစ်အပျက်တွေက မြန်ဆန်လွန်းနေတော့ အချိန်တိုအတွင်းမှာ ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်သေးဘူး”

“ရှင်တို့လည်း သိပြီးလောက်ပြီ ထင်ပါတယ်။ ကျွန်မတို့ အိမ်ထောင်ပြုခဲ့ကြတာ တစ်နှစ်တောင် မပြည့်သေးဘူး။ ကျွန်မအနေနဲ့ အခုလို ဘဝအသစ်မှာ နေသားတကျဖြစ်အောင် မနည်း ကြိုးစားထားရတာလေ။ သူရဲ့ စရိုက်ဝါသနာနဲ့ ကြိုက်တတ် မကြိုက်တတ်တဲ့ အရာတွေကို နားလည်အောင် မနည်း လေ့လာထားရတာ။ ကျွန်မတို့အတွက် သာယာ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘဝခရီးလမ်းက အရှည်ကြီး ကျန်သေးတယ်လို့ ကျွန်မ ယုံကြည်ထားခဲ့တာ”

သူ၏ ရှေ့တွင် မျက်နှာကို လက်ဖြင့်အုပ်လျက် ဆို့နင့်ကြေကွဲနေသော အမျိုးသမီးတစ်ယောက်ကို ကုစာနာဂိသည် မည်သို့သော စကားလုံးများဖြင့်
ဖျောင်းဖျနှစ်သိမ့်ရမည်မှန်း
 ဝေခွဲမရနိုင်အောင် ဖြစ်နေမိသည်။ သူ၏ နံဘေးတွင် ဝန်းရံနေကြသည့် တောက်ပရွှန်းစိုနေသော ရောင်စုံပန်းပွင့်များသည် မျက်မှောက်အခြေအနေနှင့် မည်သို့မျှ
အံဝင်ခွင်ကျ
 မဖြစ်တော့ပေ။

“ဆောရီးပဲရှင်။ ဒီပုံစံနဲ့ဆိုရင် ရှင်တို့ကို အကူအညီ ပေးနိုင်ပါ့မလားတောင် မပြောတတ်တော့ဘူး။ ကျွန်မအနေနဲ့ စိတ်ကို ခိုင်ခိုင် ထားသင့်မှန်း ကျွန်မ သိပါတယ်။ ဒါပေမယ့် …” အာယနဲက တိုးလျသော လေသံဖြင့် ပြောနေသည်။

“ဒါဆိုလျှင် နောက်နေ့မှ ခင်ဗျားဆီကနေ သတင်းယူတာပေါ့” ကုစာနာဂိ၏ နှုတ်မှ လွှတ်ကနဲ ထွက်ကျသွားသည်။ ရုတ်တရက် ဆိုသကဲ့သို့ သူ့ အတွေးအာရုံထဲတွင် ရှုံ့မဲ့နေသော မာမီယာ၏ မျက်နှာကို မြင်ယောင်လာသည်။

“မလုပ်ပါနဲ့။ ကျွန်မလည်း အဖြစ်မှန်ကို အမြန်ဆုံး သိချင်တာပါပဲ။ ဒါပေမယ့် ကျွန်မ ဘယ်လိုမှ နားမလည်နိုင်တဲ့ အချက်က … ဘယ်လို လူမျိုးက သူ့ကို အသေသတ်ချင်နေရတာလဲ”

စကားသံ ဆုံးဆုံးချင်းမှာပင် အိမ်တံခါးဝရှိ အင်တာကွန်းစက်မှ အသံထွက်ပေါ်လာသည်။ ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် အာယနဲသည် ထိတ်ကနဲ လန့်ဖျပ်သွားပြီး တစ်ခဏကြာမှ မတ်တတ်ရပ်ကာ ဝရန်တာမှ အောက်ဘက်သို့ ငုံ့ကြည့်လေသည်။

“ဟိရောမိ” သူသည် လက်မြှောက်ကာ အိမ်အောက်ဘက်သို့ လှမ်းအော်လိုက်သည်။

“မစ္စဝါကာယာမာ ရောက်လာတာလား”

အာယနဲသည် ခေါင်းညိတ်ပြီး အိမ်ထဲသို့ လှည့်ဝင်သွားသည်။

ကုစာနာဂိသည် အာယနဲနှင့်အတူ အောက်ထပ်သို့ ဆင်းလာစဉ် စင်္ကြံလမ်းပေါ်တွင် ရပ်နေသော ဥကျုမိကို တွေ့လိုက်ရသည်။ သူလည်း တံခါးခေါင်းလောင်းသံကို ကြားပေလိမ့်မည်။ ဝါကာယာမာ ဟိရောမိ ရောက်နေခြင်း ဖြစ်ကြောင်း ကုစာနာဂိက ဥကျုမိကို ခပ်တိုးတိုး ပြောပြလိုက်သည်။

အာယနဲက အိမ်တံခါးမကြီးကို ဆွဲဖွင့်လိုက်သည့်အခါတွင် ဝါကာယာမာ ဟိရောမိသည် အိမ်အပြင်ဘက်တွင် ရပ်နေလေသည်။ “ဟိရောမိ၊ အထဲဝင်ခဲ့လေ” အာယနဲ၏ စကားသံထဲတွင် ငိုသံပါနေသည်။

“ဆရာမ၊ နေကောင်းတယ် မဟုတ်လား”

“နေကောင်းပါတယ်။ ငါ့ကို လာတွေ့တဲ့အတွက် ကျေးဇူးပါပဲ”

စကားဆုံးသည်နှင့် တစ်ပြိုင်နက် အာယနဲသည် သူ၏ ဧည့်သည်ကို ပွေ့ဖက်ကာ ကလေးငယ်တစ်ယောက်ကဲ့သို့ တရှုံ့ရှုံ့ ငိုကြွေးနေလေတော့သည်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *