မာတိကာကြည့်ရန်

ကယ်မတော်မူသော

  • မာရှိဘ ယိုရှီတာကာ – အသတ်ခံရသူ
  • မာရှိဘ အာယနဲ (မီတာ အာယနဲ) – အသတ်ခံရသူ၏ ဇနီး
  • ဝါကာယာမာ ဟိရောမိ – အသတ်ခံရသူ၏ ချစ်သူ
  • အီကာအိ တတ်ဆုဟီကို – မာရှိဘ၏ သူငယ်ချင်း
  • အီကာအိ ယူကီကို – အီကာအိ၏ ဇနီး
  • မီတာ ကာဇူဟီရို – အာယနဲ၏ ဖခင်
  • မီတာ တိုကီကို – အာယနဲ၏ မိခင်
  • မိုတိုအိုကာ ဆာကီကို – အာယနဲ၏ သူငယ်ချင်း
  • ကျုကူအိ ဂျွန်ကို – အသတ်ခံရသူ၏ ရည်းစားဟောင်း
  • ကျုကူအိ ယိုကို – ဂျွန်ကို၏ မိခင်
  • ထောက် (၁) မှ ရဲအရာရှိများ

– မာမီယာ

– ကုစာနာဂိ

– ကိရှိတာနိ

– ဥကျုမိ

  • ယုကာဝါ မနာဘု – ရူပဗေဒပါမောက္ခ

ကယ်မတော်မူသော
(၁)

ပန်းအိုးထဲမှ ပေါင်ဒါပန်းပင်တွင် အပွင့်သေးသေးကလေးများ ဝေဝေဆာဆာ ဖူးပွင့်နေကြသည်။ ခြောက်သွေ့နေသော မြေစိုင်မြေခဲတို့သည် ပွင့်ဖတ်ပွင့်ချပ်တို့၏ ရွှန်းစိုတောက်ပမှုကို မှေးမှိန်ညှိုးငယ်သွားအောင် ပြုလုပ်နိုင်စွမ်း မရှိကြပေ။ ပန်းပွင့်ကလေးများ၏ အဆင်းသဏ္ဌာန်မှာ များစွာ ကြည့်ကောင်းလှသည်တော့ မဟုတ်။ သို့သော် ရှုမြင်ရသူ၏
ဟဒယတွင်
 ဘဝ၏ အားမာန်ကို အပြည့်အဝ ခံစားရစေသည်။ အာယနဲသည် မှန်ပြတင်းမှ ဖြတ်၍ ဝရံတာကို ငေးစိုက်ကြည့်ရင်း စဉ်းစားနေသည်။ ခဏနေလျှင် ပန်းပင်များကို ရေလောင်းပေးမှ ဖြစ်တော့မည်။

“နင် ငါ ပြောတာ ကြားရော ကြားရဲ့လား” သူ၏ အနောက်မှ စကားသံတစ်သံ ထွက်ပေါ်လာသည်။

အာယနဲက နောက်ပြန်လှည့်ကာ စိတ်မပါ့တပါ ပြုံးပြလိုက်သည်။ “ကြားတာပေါ့။ ဘာဖြစ်လို့ မကြားရမှာလဲ”

“ကြားတယ်လို့လည်း ပြောသေးတယ်။ ဘာဖြစ်လို့ ငြိမ်နေတာလဲ”

ဆိုဖာထိုင်ခုံတွင် ပျင်းရိပျင်းတွဲ ထိုင်နေသော ယိုရှီတာကာသည် ခြေထောက်ကို ဘယ်ညာ ပြောင်းချိတ်လိုက်သည်။ အသားကပ်ဘောင်းဘီကို ဝတ်ရမည့်အရွယ် မဟုတ်တော့သော်လည်း သူသည် ဂျင်မ်တွင် အားကစား လုပ်သည့်အခါတိုင်း၌ သူ၏ ခါးအောက်ပိုင်းကို အထူးသတိထားကာ မလိုအပ်သည့် အဆီပိုများ မထွက်စေရန် အထူးအားပြုပြီး လေ့ကျင့်လေ့ရှိသည်။

“စောစောက စိတ် နည်းနည်းလွင့်သွားလို့ပါ”

“စိတ်လွင့်တယ် … နင် ဘယ်တုန်းက အဲဒီလို ငိုင်နေဖူးလို့လဲ” ယိုရှီတာကာသည် သပ်သပ်ရပ်ရပ် ဖြတ်ညှပ်သုတ်သင်ထားသော မျက်ခုံးမွေးကို ချီပင့်လိုက်သည်။

“မောင့်စကားကြောင့် ရင်ထဲ ထိတ်သွားလို့လေ”

“ဟုတ်လား။ နင်က ငါ့ရဲ့ ဘဝခံယူချက်ကို ကောင်းကောင်းကြီး နားလည်ပြီးသားပဲဟာ”

“အဲဒါလား။ နားလည်တယ်လို့တော့ ပြောလို့ရမယ် ထင်တယ်”

“ဘာကို ဆိုလိုချင်တာလဲ” ယိုရှီတာကာသည် ကျောကို နောက်သို့ မှီချလိုက်ကာ လက်နှစ်ဖက်ကို ဆိုဖာနောက်မှီပေါ်တွင် ဆန့်တန်းထားပြီး ဘာမျှ အရေးမကြီးသယောင် ပြုမူနေသည်။ ဤသို့ ပြုမူနေခြင်းမှာ ဟန်ဆောင်နေခြင်းလော။ သို့တည်းမဟုတ် သူ၏ စိတ်ထဲတွင် အမှန်တကယ် တည်ငြိမ်အေးဆေး နေသောကြောင့်ပေလော။ အာယနဲက မှန်းဆကြည့်နေမိသည်။

သူသည် ဝင်သက်ကို အားရပါးရ ရှူသွင်းကာ ယိုရှီတာကာ၏ ခန့်ညားသော မျက်နှာသွင်ပြင်ကို စိုက်ကြည့်လိုက်သည်။

“အဲဒါက မောင့်အတွက် ဒီလောက်တောင်ပဲ အရေးပါနေတာလား” သူက မေးလိုက်သည်။

“ဘာကို မေးတာလဲ”

“ကလေးရဖို့ ကိစ္စပေါ့”

ယိုရှီတာကာသည် မဲ့ပြုံးပြုံးကာ အခြားတစ်နေရာသို့ ခေတ္တမျှ ငေးစိုက်ကြည့်ပြီးနောက် အကြည့်ကို အာယနဲထံသို့ ရုတ်ချည်း ပြောင်းရွှေ့လိုက်သည်။ “စောစောတုန်းက ငါ ပြောတာကို နင် တကယ် ကြားရော ကြားရဲ့လား”

“ကြားလို့ပဲ မောင့်ကို ပြန်မေးနေတာပေါ့” အာယနဲက ယိုရှီတာကာကို ငေးစိုက်ကြည့်နေသည်။

ယိုရှီတာကာ၏ နှုတ်ခမ်းများပေါ်မှ အပြုံးများ လုံးဝ ပျောက်ကွယ်သွားပြီး သူ၏ ဦးခေါင်းကို ဖြည်းလေးစွာ ညိတ်ချလိုက်သည်။ “သိပ် အရေးကြီးတာပေါ့။ တော်တော်ကြီးကို အရေးကြီးတယ်။ အဲဒါက ငါ့ဘဝအတွက် မရှိမဖြစ်တဲ့ ကိစ္စတစ်ခုပဲ။ တကယ်လို့သာ သားသမီး မရှိရင် အိမ်ထောင်ပြုခြင်းရဲ့ တကယ့်အနှစ်သာရကို ဆုံးရှုံးလိုက်ရသလို ဖြစ်သွားလိမ့်မယ်။ ယောက်ျားနဲ့ မိန်းမအကြားမှာ ရှိတဲ့ ချစ်ခြင်းမေတ္တာ ဆိုတာကလည်း အချိန်ကာလ ကြာညောင်းလာတာနဲ့အမျှ တဖြည်းဖြည်း
လွင့်ပြယ်သွားတော့မှာပဲ။
 ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်က အိမ်ထောင်ပြုပြီးတာနဲ့ အရင်ဆုံး လင်ရယ် မယားရယ်လို့ ဖြစ်လာကြတယ်။ အဲဒီနောက် သားသမီး ပွားစီးပြီး မိခင်ဖခင်တွေ ဖြစ်လာကြတယ်။ အဲဒီအဆင့်အထိ ရောက်မှသာလျှင် တစ်ဘဝတာလုံး ပေါင်းဖော်နိုင်တဲ့ အဖော်မွန်ကောင်းလို့ သတ်မှတ်နိုင်တာ။ နင်ရော အဲဒီလို မယူဆဘူးလား”

“အိမ်ထောင်ရေးဆိုတာ အဲဒီလောက်တင် ဘယ်ကမလဲ”

ယိုရှီတာကာက ခေါင်းကို
ခါယမ်းလိုက်သည်။
 “ငါကတော့ အဲဒီလို ယူဆတာပဲ။ အဲဒီလို အခိုင်အမာ ယုံကြည်ထားရုံတင် မကဘူး။ ငါ့ရဲ့ ခံယူချက်ကို ဘယ်လိုနည်းနဲ့မှ ပြောင်းလဲ မပစ်နိုင်ဘူး။ ခံယူချက်ကို ပြောင်းမပစ်နိုင်ဘူး ဆိုမှတော့ အခုလို ဘာအသီးအပွင့်မှ မရှိတဲ့ ဘဝမျိုးကို ဆက်ပြီး သည်းခံသွားဖို့ မဖြစ်နိုင်တော့ဘူး”

အာယနဲသည် ခေါင်းကိုက်လာသောကြောင့် နားထင်ကို နှိပ်နယ်နေသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဤသို့သော စကားမျိုးကို ကြားလာရလိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ခဲ့ဖူးပေ။

“မောင် စကားကို ဝေ့လည်ကြောင်ပတ် ပြောမနေစမ်းပါနဲ့။ ကလေးမမွေးနိုင်တဲ့ မိန်းမက
ဘာသောက်သုံးကျဦးမလဲလို့
 ပြောချင်တာ မဟုတ်လား။ ဒါကြောင့် ခပ်မြန်မြန် ကန်ထုတ်ပစ်လိုက်ပြီး ကလေးမွေးပေးနိုင်မယ့် နောက်မိန်းမတစ်ယောက်ကို ပြောင်းယူလိုက်မယ်။ မောင် အဲဒီလို ပြောချင်တာ မဟုတ်လား”

“နင့်စကားက နားဝင်ပီယံ မရှိလိုက်တာ”

“အဓိပ္ပာယ်ကတော့ အဲဒီလိုပဲ မဟုတ်ဘူးလား”

အာယနဲ၏ လေသံက မာထန်လာသောကြောင့် ဖြစ်မည်။ ယိုရှီတာကာသည် ခါးကို မတ်မတ်ဆန့်ထားကာ မျက်မှောင်များကို ပူးကပ်မတတ် ကျုံ့ယုံ့ထားသည်။ ထို့နောက် သောကရိပ် လွှမ်းနေသော အကြည့်ဖြင့် ခေါင်းညိတ်နေသည်။ “နင် ပြောချင်သလိုသာ ပြောပေတော့။ ငါက ငါ့ရဲ့ ဘဝခံယူချက်ကို ဘယ်တုန်း ဘယ်အခါကမှ ပြင်တတ်တဲ့ လူစားမျိုး မဟုတ်ဘူး။ အဲဒါကို အကောင်အထည် ဖော်နိုင်ဖို့အတွက် ဘာကိုမှ ဂရုစိုက်မနေနိုင်ဘူး”

အာယနဲ၏ နှုတ်ခမ်းများ အထက်သို့ ကွေးညွတ်သွားသည်။ သူ၏ ဦးနှောက်ထဲတွင် ပြုံးချင်ရယ်ချင်စိတ်မှာ စိုးစိမျှ မရှိသည်မှာ သေချာလှသည်။ “ဘဝခံယူချက် … ဟုတ်လား။ မောင်က အဲဒီစကားလုံးကို အတော် သုံးတာပဲနော်။ မှတ်မိပါသေးတယ်။ ကျွန်မတို့ စခင်ခါစက မောင် ပြောခဲ့တဲ့ ပထမဆုံး စကားကလည်း အဲဒီ ဘဝခံယူချက်အကြောင်းပဲ”

“အာယနဲ၊ နင် ဘာလို့ အဲဒီလောက် ပေကတ်နေရတာလဲ။ နင် လိုချင်တာမှန်သမျှကို အကုန်လုံး ရနေပြီပဲ မဟုတ်လား။ တကယ်လို့ နင့်မှာ တခြား တောင်းဆိုချင်တာ ရှိသေးတယ် ဆိုရင်လည်း ပြောကြည့်ပေါ့။ ငါ တတ်နိုင်သလောက် အစွမ်းကုန် လုပ်ပေးပါ့မယ်။ ဒီတော့ ကတ်တတ်တတ် လုပ်မနေစမ်းနဲ့ဟာ။ နင် ရှေ့ဆက်လျှောက်ရမယ့် လမ်းကို စဉ်းစားဆုံးဖြတ်ဖို့ အချိန်တန်ပြီ။ ငါတို့မှာ တခြား ရွေးချယ်စရာရော ရှိနေသေးလို့လား”

အာယနဲသည် သူနှင့် မျက်နှာချင်း မဆိုင်တော့ဘဲ အကြည့်ကို နံရံဘက်သို့ လွှဲထားလိုက်သည်။ နံရံပေါ်တွင် တစ်မီတာ အကျယ်ရှိသော စပ်ထည်ပန်းချီကားတစ်ချပ် ချိတ်ဆွဲထားသည်။ ထိုပန်းချီကားတစ်ချပ် ပြီးစီးရန်အတွက် သုံးလတိတိ အချိန်ပေးခဲ့ရသည်။ ၎င်းအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို အင်္ဂလန်မှ တိုက်ရိုက် မှာယူတင်သွင်းခဲ့ကြောင်း ပြန်လည် အမှတ်ရနေမိသည်။

ယိုရှီတာကာ မဆိုထားဘိ။ အာယနဲ ကိုယ်နှိုက်ပင် သားသမီးကို အရူးအမူး တောင့်တခဲ့ဖူးသည်။ သူသည် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဆုတောင်းခဲ့ဖူးသည်။ လှုပ်ကုလားထိုင်ပေါ်တွင် ထိုင်လျက် တစ်နေ့တခြား ဖောင်းပြည့်လာမည့် ဝမ်းဗိုက်ကို တယုတယ ပွတ်သပ်ကာ စပ်ထည်ကို သီချုပ်နေမည့် မိမိ၏ ပုံပန်းသဏ္ဌာန်ကို အကြိမ်ကြိမ် စိတ်ကူးယဉ်ခဲ့ဖူးသည်။

သို့သော် ကံမကောင်း အကြောင်းမလှသဖြင့် သူ၏ စိတ်ဆန္ဒမှာ လုံးဝ အကောင်အထည် ပေါ်မလာခဲ့ပေ။ နောက်ပိုင်းတွင် သူသည် မိမိ၏ ကံကြမ္မာကို တည်တည်ငြိမ်ငြိမ်ဖြင့် လက်ခံနိုင်လာခဲ့သည်။ အဘယ်ကြောင့် ဆိုသော် သူ့အနေဖြင့် သားသမီး မွေးမပေးနိုင်သော်လည်း ယိုရှီတာကာသည် သူ့ကို ချစ်မြဲချစ်ကာ ဆက်လက်၍ ပေါင်းသင်းနေထိုင်သွားလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားသောကြောင့်ပင်။

“ကျွန်မ မောင့်ကို မေးခွန်းတစ်ခု မေးလို့ ရမလား။ ဒီမေးခွန်းက မောင့်အတွက်တော့ ဘာမှ အရေးပါလိမ့်မယ် မထင်ဘူး”

“ဘာလဲ”

အာယနဲသည် ကိုယ်ကို လှည့်ကာ သူနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ ထို့နောက် သက်ပြင်းကို မှုတ်ထုတ်လိုက်သည်။ “ကျွန်မ အပေါ်မှာ မောင် ထားခဲ့တဲ့ အချစ်တွေကရော … ။ မောင် ကျွန်မကို ချစ်ရော ချစ်ရဲ့လား”

မထင်မှတ်ထားသော မေးခွန်းကြောင့် ယိုရှီတာကာသည် ဇက်ပုကာ ကြက်သေသေသွားသည်။ တစ်ခဏအကြာတွင်မှ သူ၏ နှုတ်ခမ်းပေါ်၌ အပြုံးများ ပြန်လည် ဝေဆာလာသည်။ “ချစ်တာပေါ့။ ဒါတော့ ငါ ရဲရဲကြီး အာမခံနိုင်တယ်။ နင့်အပေါ်မှာ ချစ်ခဲ့တဲ့ အချစ်တွေက တစိုးတစိမှ ပြောင်းလဲမသွားဘူး”

ယိုရှီတာကာ၏ စကားသည် အာယနဲ၏ နားထဲတွင် ပြက်လုံးတစ်ခုနှယ် ရယ်စရာကောင်းနေသည်။ သို့သော် သူသည် နှုတ်ခမ်းကို တွန့်ရုံမျှ ပြုံးပြလိုက်သည်။ ထို့ထက် သူ ဘာမျှ မတတ်နိုင်။ “ဒါဆိုလည်း ပြီးရော”

“သွားစို့” ယိုရှီတာကာသည် တစ်ဘက်သို့ လှည့်ကာ အခန်းဆီသို့ လျှောက်သွားသည်။

အာယနဲသည် သူ၏ အနောက်မှ ကပ်လိုက်လာပြီး မျက်လုံးများက မှန်တင်ခုံ ရှိရာသို့ စူးစိုက်ကြည့်နေမိသည်။ မှန်တင်ခုံ၏ ညာဘက် အောက်ဆုံးအံဆွဲထဲ၌ ဖွက်ထားခဲ့သော အဖြူရောင် ဆေးမှုန့်များကို သူ အမှတ်ရသွားသည်။ ၎င်းဆေးမှုန့်များကို ပလတ်စတစ်အိတ်ထဲတွင် လေလုံအောင် ထည့်သိမ်းထားသည်။

အဲဒီဆေးမှုန့်တွေကို အားကိုးရတော့မှာပဲ။ သူ တွေးနေမိသည်။ သူ၏ အနာဂတ် မျှော်လင့်ချက်မှာ မှေးမှိန်ဖျော့တော့နေသည်။

အာယနဲသည် ယိုရှီတာကာ၏ ကျောပြင်ကို ငေးစိုက်ကြည့်ရင်း စိတ်ထဲမှ တိုးတိုးတိတ်တိတ် ရေရွတ်နေမိသည်။

မောင်၊ ကျွန်မ မောင့်ကို ရင်ထဲ အသည်းထဲက ချစ်ခဲ့တာပါ။ စောစောက ပြောခဲ့တဲ့ မောင့်ရဲ့စကားကြောင့် အဲဒီလို ချစ်ခဲ့ဖူးတဲ့ ကျွန်မရဲ့ အသည်းနှလုံးလည်း အခုချိန်ကစပြီး လုံးဝကို သေသွားခဲ့ပြီ။ ဒီတော့ ဒီတစ်ခါ မောင့်အလှည့်ပဲ။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *