မာတိကာကြည့်ရန်

(၅)

(၅)

                                   

မာရှိဘ အာယနဲသည် ဝါကာယာမာ ဟိရောမိကို ရင်ခွင်ထဲမှ ဖယ်ခွာလိုက်ပြီး မျက်လုံးထောင့်စွန်းရှိ မျက်ရည်စများကို လက်ညှိုးဖြင့် သုတ်ကာ “ဆောရီးပဲ” ဟု ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“သူများတွေ အရှေ့မှာ မငိုမိဖို့ စိတ်တင်းထားနိုင်လိမ့်မယ် ထင်တာ။ ဟိရောမိကို မြင်တော့ ဘယ်လိုမှ စိတ်မထိန်းနိုင်တော့ဘူး ဖြစ်သွားတယ်။ အခုတော့ အဆင်ပြေသွားပါပြီ။ တောင်းပန်ပါတယ်”

မပြုံးချင့် ပြုံးချင်ဖြင့် ပြုံးပြနေသော အာယနဲကို ကြည့်ပြီး ကုစာနာဂိ၏ ရင်ထဲ၌ ဆို့နင့်ဝမ်းနည်းနေမိသည်။ သူသည် တစ်ကိုယ်တည်း စိတ်အေးလက်အေးနေရန် အမှန်ပင် လိုအပ်နေသည်။

“ဆရာမ၊ ကျွန်မ ဘာများ ကူညီပေးရမလဲ” ဟိရောမိသည် အာယနဲကို မော့ကြည့်လျက် မေးလိုက်သည်။

အာယနဲက ခေါင်းခါယမ်းလိုက်သည်။ “ငါ့ကို အဖော်လာလုပ်ပေးတာနဲ့တင် လုံလောက်နေပါပြီ။ နောက်ပြီး အခုချိန်မှာ ငါ့ခေါင်းထဲလည်း ဟာလာဟင်းလင်း ဖြစ်နေတယ်။ အထဲကို အရင် ဝင်ကြရအောင်။ ငါ နင့်ကို မေးစရာ ရှိတယ်”

“မစ္စစ်မာရှိဘ၊ ခဏလေး နေပါဦး” ကုစာနာဂိက သူတို့နှစ်ယောက်ကို အလျင်အမြန် လှမ်းပြောလိုက်သည်။ “ကျွန်တော်တို့ မစ္စဝါကာယာမာကို မေးစရာ မေးခွန်းတချို့ ရှိနေတယ်။ မနေ့ညက အခြေအနေအားလုံး ရှုပ်ယှက်ခတ်နေတာနဲ့ သူနဲ့ စကားတောင် ကောင်းကောင်း မပြောလိုက်ရဘူး”

ဟိရောမိသည် သိသိသာသာ မျက်နှာပျက်လျက် ရှိသည်။ အကြည့်များနှင့် မဆုံမိစေရန် တမင်တကာ မျက်နှာလွှဲနေသည်။ အလောင်း တွေ့မြင်စဉ်က အခြေအနေ အရပ်ရပ်ကို မခြွင်းမချန် ပြောပြပြီး ဖြစ်သောကြောင့် သူ့တွင် တခြား ဘာမျှ ပြောစရာ မကျန်တော့ ဟူ၍ သူ တွေးကောင်း တွေးနေပေလိမ့်မည်။

“ကိစ္စ မရှိပါဘူး။ ရှင်တို့လည်း ကျွန်မတို့နဲ့ အတူတူ မေးစရာရှိတာ မေးလို့ရတာပဲ” အာယနဲသည် ကုစာနာဂိ၏ အကြံအစည်ကို စိုးစဉ်းမျှ ရိပ်စားမိဟန် မတူ။

“အဲ … ကျွန်တော်တို့ မစ္စဝါကာယာမာနဲ့ နှစ်ကိုယ်တည်း အရင် စကားပြောကြည့်ချင်တယ်”

ကုစာနာဂိ၏ စကားကို ကြားရသောအခါတွင် အာယနဲသည်
နားမလည်သည့်ဟန်ဖြင့်
 မျက်လုံးကို ပေကလပ် ပေကလပ် လုပ်နေလေသည်။

“ဘာဖြစ်လို့လဲ။ ဟိရောမိရဲ့ ပြောစကားကို ကျွန်မလည်း နားထောင်ချင်တယ်လေ။ ဒါကြောင့်မို့ပဲ သူ့ကို ဒီခေါ်လိုက်တာပေါ့”

“မစ္စစ်၊ မစ္စစ်မာရှိဘ” မာမီယာသည် မည်သည့်အချိန်က အာယနဲ၏ နံဘေးသို့ ရောက်နေသည် မသိ။ “ဆောရီးပါဗျာ။ ကျွန်တော်တို့ ရဲဘက်ကလည်း လုပ်စရာ တာဝန်လေးတွေ ရှိနေသေးလို့ပါ။ ကျေးဇူးပြုပြီး ကုစာနာဂိကို မစ္စဝါကာယာမာနဲ့ အရင်ဦးဆုံး စကားပြောခွင့် ပြုစေချင်ပါတယ်။ ကျွန်တော်တို့ကို လူမှုရေး နားမလည်ဘူးလို့ ခင်ဗျား ယူဆကောင်း ယူဆမိမှာပါပဲ။ ဒါပေမယ့် လုပ်ထုံးလုပ်နည်းအတိုင်းသာ လုပ်မသွားခဲ့ဘူး ဆိုရင် နောက်ပိုင်းကျတော့ မလိုအပ်တဲ့ ပြဿနာတွေ တက်လာနိုင်လို့ပါ”

မာမီယာ၏ ပွင့်လင်းမြင်သာလွန်းသည့် စကားကို ကြားလိုက်ရသည့်အခါတွင် အာယနဲ၏ မျက်နှာပေါ်၌ အလိုမကျသော စိတ်ခံစားချက်များ အထင်းသား ပေါ်လွင်လာသည်။ သို့သော်လည်း သူ ခေါင်းညိတ်ကာ သဘောတူလိုက်လေသည်။

“ကျွန်မ သဘောပေါက်ပါပြီ။ ဒါဆို ကျွန်မက ဘယ်နေရာကို သွားပြီး ရှောင်ပေးနေရမလဲ”

“ခင်ဗျားက ဒီနေရာမှာ နေခဲ့ရင် ရပါတယ်။ ကျွန်တော်တို့ ခင်ဗျားကို မေးခွန်းတချို့ မေးစရာ ရှိသေးတယ်” ပြောပြီး မာမီယာသည် ကုစာနာဂိနှင့် ဥကျုမိတို့ကို လှမ်းကြည့်လိုက်သည်။ “မင်းတို့ မစ္စဝါကာယာမာကို အေးအေးဆေးဆေး စကားပြောလို့ ရမယ့် နေရာတစ်နေရာကို ခေါ်သွားလိုက်ကြ”

“ဟုတ်” ကုစာနာဂိက ပြန်ဖြေသည်။

“ကျွန်မ ကားသွားယူလိုက်ဦးမယ်” ဥကျုမိသည် အိမ်တံခါးမကြီးကို ဖွင့်ပြီး အပြင်သို့ ထွက်သွားသည်။

***

မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက်တွင် ကုစာနာဂိတို့ သုံးယောက်သည် မိသားစု စားသောက်ဆိုင်တစ်ဆိုင်၏ ထောင့်စွန်းတစ်နေရာရှိ စားပွဲပတ်ပတ်လည်တွင် ထိုင်မိကြသည်။ ဥကျုမိသည် ကုစာနာဂိ၏ နံဘေးတွင် ထိုင်ပြီး မျက်နှာချင်းဆိုင်ရှိ ဟိရောမိသည် မျက်နှာသေဖြင့် ခေါင်းကို အောက်သို့ ငုံ့ထားသည်။

ကုစာနာဂိက ကော်ဖီတစ်ငုံ သောက်ပြီး “မနေ့ညက အိပ်လို့ အဆင်ပြေတယ် မဟုတ်လား”

“ကောင်းကောင်း အိပ်မပျော်ပါဘူး”

“ဟုတ်မှာပါပဲ။ လူသေအလောင်းကို မျက်စိနဲ့ တပ်အပ် မြင်ထားရတာဆိုတော့ ခင်ဗျားလည်း မထိတ်မလန့်ဘဲ နေမှာမဟုတ်ဘူး”

‘အထူးသဖြင့် သေဆုံးတဲ့သူက ခင်ဗျားရဲ့ ချစ်သူရည်းစား ဖြစ်နေတယ်လေ’ ဟု ကုစာနာဂိက စိတ်ထဲမှ ရေရွတ်နေမိသည်။ ဥကျုမိ၏ စကားသာ မှန်မည် ဆိုလျှင် သူသည် ယမန်နေ့ညက အိမ်သို့ ပြန်ရောက်လျှင် ရောက်ချင်း အသည်းအသန် ငိုကြွေးနေခဲ့သေးသည်။

ဟိရောမိသည် မည်သို့မျှ မတုံ့ပြန်ဘဲ နှုတ်ခမ်းကို ကိုက်လျက် ခေါင်းကို ငုံ့မြဲ ငုံ့ထားသည်။

“မနေ့ညက အချိန်မရလိုက်လို့ မေးဖို့ မေးခွန်းတချို့ ကျန်သွားတယ်။ အခု မေးလို့ မရလား”

ဟိရောမိသည် ပင့်သက်ကို ရှိုက်သွင်းလိုက်သည်။ “ကျွန်မ ဘာမှ မသိဘူး။ … … ရှင်တို့ မေးလည်း အပိုပဲ။ ကျွန်မ ဘာကိုမှ ဖြေပေးနိုင်မယ် မထင်ဘူး”

“စိတ်မပူပါနဲ့။ ကျွန်တော်တို့ရဲ့ မေးခွန်းက ဒီလောက်လည်း မခက်ခဲပါဘူး။ ခင်ဗျားသာ အမှန်အတိုင်း ပြောပြဖို့ ဆန္ဒရှိမယ် ဆိုရင်ပေါ့”

ဟိရောမိသည် ကုစာနာဂိကို မျက်လုံးပြူးကြည့်လိုက်သည်။ “ကျွန်မ ဘယ်တုန်းက ညာခဲ့ဖူးလို့လဲ”

“အဲဒီလိုဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ကျွန်တော် ခင်ဗျားကို မေးပါရစေ။ မနေ့ည ၈ နာရီပတ်ဝန်းကျင်က မစ္စတာမာရှိဘရဲ့ ရုပ်အလောင်းကို တွေ့ခဲ့တယ်လို့ ခင်ဗျား ထွက်ဆိုခဲ့တယ်။ အဲဒီမတိုင်ခင် သူ့ကို နောက်ဆုံးတစ်ကြိမ် တွေ့ခဲ့ကြတာကလည်း သောကြာနေ့ညက မာရှိဘအိမ်မှာ လုပ်တဲ့ ညစာစားပွဲမှာလို့ ခင်ဗျား ပြောခဲ့တယ်။ ခင်ဗျား တစ်ခုခုများ အမှတ်မှားနေခဲ့သလား”

“မမှားပါဘူး”

“တကယ့်ကို အမှတ်မမှားဘူးလား။ လူအများစုက စိတ်လှုပ်ရှားစရာနဲ့ တွေ့ရင် မှတ်ဉာဏ်တွေပါ ကမောက်ကမ ဖြစ်သွားတတ်ကြတယ်။ ခင်ဗျားလည်း စိတ်ငြိမ်ငြိမ်ထားပြီး သေချာပြန် စဉ်းစားကြည့်ပါဦးလား။ သောကြာနေ့ည ထွက်ခွာသွားပြီးတဲ့ အချိန်ကနေ စပြီး မနေ့ညက ပြန်ရောက်တဲ့အချိန်အထိ အဲဒီကြားထဲမှာ ခင်ဗျား တကယ်ပဲ မာရှိဘအိမ်ကို တစ်ခေါက်မှ ပြန်မရောက်ဖြစ်တော့ဘူးလား” ကုစာနာဂိသည် ဟိရောမိ၏ ရှည်လျားဖြောင့်စင်းသော မျက်တောင်မွေးများကို စိုက်ကြည့်၍ မေးခွန်းထုတ်လိုက်သည်။ သူသည် “တကယ်” ဟူသော စကားလုံးနှစ်လုံးအရောက်တွင် လေသံကို အနည်းငယ် မြှင့်တင်ပစ်လိုက်သည်။

ဟိရောမိသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ စကားဆိုသည်။ “ဘာဖြစ်လို့ အဲဒီလို မေးရတာလဲ။ အမှတ်မမှားပါဘူးလို့ ကျွန်မ ပြောပြီးနေမှပဲ။ ရှင်တို့က ဘာအကြောင်းပြချက်နဲ့ ဒီလောက်တောင် ပေကတ်ကတ် လုပ်နေရတာလဲ”

ကုစာနာဂိက ပြုံးလိုက်သည်။ “မေးခွန်း မေးနေတဲ့သူက ကျွန်တော်ပါဗျာ”

“ဒါပေမယ့် …”

“ကျွန်တော်ရဲ့ စကားကို သာမန် အတည်ပြုချက် ရယူနေတယ်လို့ပဲ သဘောထားပေးပါဗျာ။ ဒါပေမယ့် ခင်ဗျား စောစောတုန်းက ပြောခဲ့သလိုပေါ့။ ကျွန်တော်တို့ ခင်ဗျားကို ပေကတ်ကတ် လုပ်နေရတဲ့ အကြောင်းအရင်းက အဲဒီမေးခွန်းကို လေးလေးနက်နက် သဘောထားပြီး ဖြေစေချင်လို့ပဲ။ တကယ်လို့သာ ခင်ဗျားရဲ့ ထွက်ဆိုချက်ထဲမှာ တမင်သက်သက် ဖုံးကွယ်ထားတာ ဒါမှမဟုတ် လိမ်ညာထားတာ ပါနေခဲ့မယ်ဆိုရင် ခင်ဗျားရော ကျွန်တော်တို့အတွက်ပါ မကောင်းတဲ့ အကျိုးရလဒ်တွေ ဖြစ်လာနိုင်တယ်”

ဟိရောမိသည် နောက်တစ်ကြိမ် တုဏှိဘာဝေ လုပ်နေပြန်သည်။ နောင်အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်မည့် ကောင်းကျိုးဆိုးပြစ်များကို သူ၏ ဦးနှောက်ထဲ၌ ချိန်ဆနေမည် ဖြစ်ကြောင်း ကုစာနာဂိက ခံစားနေရသည်။ မိမိ၏ မုသားစကားကို ရဲဘက်မှ လှစ်ဟဖော်ထုတ်နိုင်မည့် ဖြစ်နိုင်ခြေက မည်သို့ ရှိမည်နည်း။ အမှန်အတိုင်း ဖွင့်ဟဝန်ခံခြင်းကသာ မိမိအတွက် ပို၍ အကျိုးများမည်လော။ စသည့် အချက်များကို သူ ချိန်ဆတွက်ချက်နေပေလိမ့်မည်။

သို့သော် သူ၏ ဦးနှောက်ထဲမှ ချိန်ခွင်လျှာသည် အတော်အတန် ကြာသည်အထိ ဟိုယိမ်းဒီယိုင် ဖြစ်နေသောကြောင့် သူ၏ နှုတ်ဆိတ်နေမှုသည်လည်း အတော်ပင် ကြာညောင်းသွားခဲ့သည်။

ကုစာနာဂိက စိတ်မရှည်နိုင်တော့။

“ကျွန်တော် မနေ့ညက အခင်းဖြစ်တဲ့ နေရာကိုရောက်တော့ လက်ဆေးကန်ထဲမှာ ကော်ဖီခွက်တစ်ခွက်နဲ့ ခံပန်းကန်ပြား နှစ်ချပ်ကို တွေ့ခဲ့တယ်။ အဲဒီတုန်းကလည်း ကျွန်တော်တို့ ခင်ဗျားကို အဲဒီပစ္စည်းအကြောင်း မေးမြန်းခဲ့သေးတယ်။ ခင်ဗျားက ဘာမှ မသိကြောင်း ဖြေခဲ့တယ်။ ဒါပေမယ့် နောက်ကျတော့ ကျွန်တော်တို့ရဲ့ ဓာတ်ခွဲလေ့လာချက်အရ ခင်ဗျားရဲ့ လက်ဗွေရာကို တွေ့ခဲ့ရတယ်။ အဲဒီခွက်နဲ့ ပန်းကန်ပြားကို ခင်ဗျား ဘယ်အချိန်တုန်းက ထိတို့ခဲ့တာလဲ”

ဟိရောမိ၏ ပခုံးနှစ်ဖက်သည် လှိုက်ဖိုနေသော အသက်ရှူသံနှင့်အတူ နိမ့်ချီမြင့်ချီ ဖြစ်နေလေသည်။

“စနေနဲ့ တနင်္ဂနွေ နှစ်ရက်အတွင်းမှာ ခင်ဗျား မစ္စတာမာရှိဘကို တွေ့ခဲ့သေးတယ် မဟုတ်လား။ အဲ … အသက်ရှင်လျက် ရှိနေသေးတဲ့ မစ္စတာမာရှိဘပေါ့”

ဟိရောမိသည် တံတောင်ဖြင့် စားပွဲပေါ်ထောက်လျက် လက်နှစ်ဖက်က ခေါင်းကို ဆုပ်ကိုင်ထားသည်။ အကျပ်အတည်းကို ရှောင်ကွင်းနိုင်ရန်အတွက် သူ အကြံထုတ်နေခြင်း ဖြစ်ကောင်း ဖြစ်ပေမည်။ သို့သော် သူ၏ လုပ်ကြံလီဆယ်မှုကို အလွယ်တကူ လှစ်ဟနိုင်လိမ့်မည်ဟု ကုစာနာဂိက အပြည့်အဝ ယုံကြည်ထားသည်။

သူ၏ ခေါင်းပေါ်မှ လက်နှစ်ဖက်ကို ဖယ်ရှားလိုက်ပြီး မျက်လုံးအစုံက ကြမ်းပြင်ပေါ်သို့ စိုက်ကြည့်နေသည်။ ထို့နောက် ခေါင်းညိတ်ကာ “ရှင်ပြောတာ အမှန်ပါပဲ။ လိမ်ပြောမိခဲ့တဲ့အတွက် ကျွန်မ တောင်းပန်ပါတယ်”

“ခင်ဗျား မစ္စတာမာရှိဘနဲ့ တွေ့ဆုံခဲ့သေးတယ်ပေါ့။ ဟုတ်လား”

ခေတ္တမျှ တိတ်ဆိတ်သွားပြီး သူက “ဟုတ်ပါတယ်” ဟု ပြန်ဖြေလေသည်။

“ဘယ်အချိန်ကလဲ”

ဤမေးခွန်းကိုလည်း သူက ချက်ချင်း ပြန်မဖြေဘဲ နှုတ်ဆိတ်နေပြန်သည်။ ကုစာနာဂိသည်
မရိုးမရွ
 ဖြစ်ကာ စိတ်ထဲမှ ကျိတ်ပြီး သူ့ကို ကျိန်ဆဲနေမိသည်။

“အဲဒီမေးခွန်းကို မဖြေလို့ မရဘူးလား” ဟိရောမိသည် ခေါင်းမော့ကာ ကုစာနာဂိနှင့် ဥကျုမိတို့ကို စိုက်ကြည့်နေသည်။ “အဲဒါက အမှုနဲ့ ဘယ်လိုမှ ပတ်သက်နိုင်စရာ မရှိပါဘူးရှင်။ ရှင်တို့က အခုလို လျှောက်မေးနေတော့ သူတစ်ဖက်သားရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စကို စွက်ဖက်ရာ ရောက်မနေဘူးလား”

သူ့ကို
 ကြည့်ရသည်မှာ ယခုပင် ငိုချတော့မည့် ဟန်မျိုး။ သူ၏ မျက်ဝန်းထဲတွင် ဒေါသ၏ အငွေ့အသက်များနှင့် လေသံကလည်း စူးရှခက်ထန်နေသည်။

ကုစာနာဂိသည် ဝါရင့်စုံထောက်တစ်ဦး၏ စကားကို ပြန်လည် ကြားယောင်လာမိသည်။ မိန်းမတစ်ယောက်သည် အပြင်ပန်းအရ မည်မျှပင် နူးညံ့ပျော့ပျောင်းနေစေကာမူ အိမ်ထောင်ရှိသော ယောက်ျားတစ်ယောက်နှင့် ငြိစွန်းမိသွားခဲ့ပြီ ဆိုလျှင် ထိုမိန်းမမျိုးကို လွန်စွာ ကိုင်တွယ်ရခက်သည်။

ဤသို့ အချိန်ဆွဲနေ၍ မဖြစ်သေး။ ကုစာနာဂိသည် လက်ထဲမှ ဒုတိယဖဲချပ်ကို ထုတ်ပြရန် ဆုံးဖြတ်လိုက်သည်။ “မစ္စတာမာရှိဘ သေရတဲ့ အကြောင်းအရင်းကို စုံစမ်းလို့ ရသွားပါပြီ။ အဆိပ်သောက်မိလို့ သေခဲ့တာပါ”

ဟိရောမိ၏ အမူအရာမှာ အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားသည်။ “အဆိပ်မိတယ် …”

“အခင်းဖြစ်တဲ့နေရာမှာ
ဖိတ်စဉ်နေတဲ့
 ကော်ဖီတွေကို စစ်ဆေးကြည့်တဲ့အခါ အဲဒီအထဲမှာ အဆိပ်တွေ ပါနေတာ တွေ့ရတယ်”

သူ၏ မျက်လုံးများ ပြူးကျယ်လာသည်။ “မဖြစ်နိုင်တာပဲ”

ကုစာနာဂိသည် ကိုယ်ကို အရှေ့သို့ အနည်းငယ် ကိုင်းညွတ်ပြီး သူ၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။ “ခင်ဗျားက ဘာဖြစ်လို့ မဖြစ်နိုင်ဘူးလို့ ပြောရတာလဲ”

“ဘာဖြစ်လို့လဲ ဆိုတော့ …”

“အဲဒီအရင် ခင်ဗျား သောက်ခဲ့တုန်းက ဘာမှ မဖြစ်ခဲ့လို့ မဟုတ်လား”

သူသည် မျက်တောင်ခတ်လျက် တဒင်္ဂမျှ တုံ့ဆိုင်းနေပြီးကာမှ ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။

“ပြဿနာက အဲဒီမှာ တက်နေတာပဲ မစ္စဝါကာယာမာ။ တကယ်လို့သာ မစ္စတာမာရှိဘက သူသောက်မယ့် ကော်ဖီခွက်ထဲကို သူ့ဟာသူ အဆိပ်ခတ်ခဲ့တာ ဆိုရင် ဒီအမှုကို ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ဒါမှမဟုတ် မတော်တဆ ဖြစ်မှုဆိုပြီး အမှုပိတ်လိုက်ရုံပဲ။ ကျွန်တော်တို့လည်း ဒီလောက် ဒုက္ခခံနေစရာ အကြောင်းမရှိတော့ဘူး။ ဒါပေမယ့် ခက်တာက လက်ရှိအခြေအနေအရ အဲဒီလို ဖြစ်နိုင်ခြေက မရှိသလောက် နည်းနေတယ်။ လူတစ်ဦးတစ်ယောက်က ရည်ရွယ်ချက် ရှိရှိနဲ့ မစ္စတာမာရှိဘရဲ့ ကော်ဖီခွက်ထဲကို အဆိပ်ခတ်ခဲ့တယ်လို့ပဲ ကျွန်တော်တို့ ယူဆရမလို ဖြစ်နေတယ်။ နောက်ပြီး သုံးပြီးသား ရေစစ်စက္ကူပေါ်မှာလည်း ပါဝင်ပစ္စည်း တူညီတဲ့ အဆိပ်တွေကို တွေ့ထားသေးတယ်။ လက်ရှိအချိန်ထိ ဖြစ်နိုင်ခြေအရှိဆုံး ယူဆချက်က ဘာလဲဆိုတော့ လူတစ်ယောက်ယောက်က ကော်ဖီမှုန့်ထဲမှာ အဆိပ်ခတ်ထားခဲ့တယ် ဆိုတဲ့ အချက်ပဲ”

ဟိရောမိသည် မျက်စိမျက်နှာပျက်လျက် ခေါင်းကို တွင်တွင် ခါယမ်းနေသည်။ “ကျွန်မ အဲဒါတွေ ဘာမှ မသိဘူး”

“အဲဒီလိုဆိုရင်လည်း ခင်ဗျားအနေနဲ့ ကျွန်တော်တို့ရဲ့ မေးခွန်းကို အနည်းဆုံးတော့ အမှန်အတိုင်း အဖြေပေးသင့်တယ်။ အခင်းမဖြစ်ခင် ခင်ဗျားက မာရှိဘအိမ်မှာ ကော်ဖီသောက်ခဲ့ဖူးတယ်။ အဲဒီအချက်က တော်တော်ကို အရေးပါတဲ့ သဲလွန်စ တစ်ခုပဲ။ တရားခံက … မဟုတ်သေးဘူး။ အခုချိန်မှာ ‘တရားခံ’ ဆိုတဲ့ အသုံးအနှုန်းက သင့်လျော်၏၊ မသင့်လျော်၏ ဆိုတာကို လတ်တလောအချိန်မှာ ဆုံးဖြတ်လို့ မရနိုင်သေးဘူး။ ဒါပေမယ့် အဲဒီလူက ကော်ဖီမှုန့်ထဲကို ဘယ်အချိန်တုန်းက အဆိပ်ခတ်ခဲ့တာလဲ ဆိုတာကို တွက်ဆနိုင်ဖို့အတွက် ခင်ဗျားရဲ့ ထွက်ဆိုချက်က သိပ်ကို အရေးပါလွန်းနေတယ်”

နောက်ဆုံးတွင် ကုစာနာဂိသည် “ခင်ဗျား ဘယ်လို သဘောရသလဲ” ဟူသော စကားဖြင့် အဆုံးသတ်ကာ ခါးကို မတ်မတ်ဆန့်လျက် သူ့ကို စိုက်ကြည့်နေလိုက်သည်။ သူ စကားမဟမချင်း ဘာမျှ ထပ်မပြောတော့ ဟုလည်း ကုစာနာဂိက ဆုံးဖြတ်ထားလေသည်။

ဟိရောမိသည် ပါးစပ်ကို လက်ဖြင့် အုပ်ကာ အကြည့်များက စားပွဲမျက်နှာပြင်ထက်၌ ရွေ့လျားနေကြသည်။ နောက်ဆုံး သူ၏ စကားသံ ထွက်ပေါ်လာသည်။ “ကျွန်မ မဟုတ်ဘူး”

“ဗျာ”

“ကျွန်မ လုပ်တာ မဟုတ်ဘူး” သူ၏ အသံက တောင်းပန်တိုးလျှိုးနေသည့်နှယ်။ ခေါင်းကို ခါယမ်းလျက် “အဆိပ်ခတ်တဲ့သူက ကျွန်မ မဟုတ်ဘူး။ ကျွန်မ မညာပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်ပေးကြပါ”

ကုစာနာဂိသည် ဥကျုမိကို လှမ်းကြည့်လိုက်သည်။

မှန်၏။ ဝါကာယာမာ ဟိရောမိသည် သံသယရှိထိုက်သူများထဲမှ တစ်ဦး ဖြစ်သည်။ မသင်္ကာစရာ အကောင်းဆုံးသူ ဟူ၍ပင် မှတ်ယူနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူ့တွင် အဆိပ်ခတ်နိုင်သည့် အချိန်နှင့် အခွင့်အရေးများကို လက်ဝယ်ပိုင်ဆိုင်ထားသည်။ ထို့အပြင် အကယ်၍သာ သူနှင့် မာရှိဘ ယိုရှီတာကာတို့တွင် ပုံမှန်မဟုတ်သော အချစ်ဇာတ်လမ်းတစ်ပုဒ် အမှန် ရှိနေခဲ့ပါလျှင် အချစ်ကြီး၍ အမျက်ကြီးကာ တစ်ဖက်လူကို အသက်သေဆုံးသည်အထိ ဒုက္ခပေးနိုင်သည်။ သို့ဖြင့် အဆိပ်ခတ် သတ်ဖြတ်ပြီးနောက်တွင် အလောင်းကို ပထမဆုံး တွေ့မြင်သူအဖြစ် ဟန်ဆောင်နေသော ဖြစ်နိုင်ခြေသည် လုံးဝ မရှိသည် မဟုတ်။

သို့ပါသော်လည်း ပထမဦးဆုံးအနေဖြင့် ကုစာနာဂိသည် မိမိ၏ တင်ကြိုမှန်းဆချက်ကို တတ်နိုင်သမျှ ဘေးဖယ်ထားပြီး ဟိရောမိထံမှ သတင်းအချက်အလက်များကို ဓမ္မဓိဋ္ဌာန်ကျကျ ကောက်ယူစုဆောင်းရန် ဆုံးဖြတ်ထားသည်။ ကုစာနာဂိသည် ဟိရောမိအပေါ် သံသယဝင်နေသည့် အချက်ကို သူ၏ ပြောစကားနှင့် ဟန်အမူအရာတို့တွင် မပေါ်လွင်အောင် ဖုံးဖိထားနိုင်သည်ဟု သူ့ကိုယ်သူ မှတ်ယူထားသည်။ သို့ဖြင့် ဟိရောမိနှင့် မာရှိဘ ယိုရှီတာကာတို့ အတူတကွ ကော်ဖီသောက်ခဲ့ကြသည့် အချိန်ကိုသာ မေးမြန်းစုံစမ်းနေခြင်း ဖြစ်ပါလျက် သူသည် အဘယ်ကြောင့် ဤသို့သော စကားမျိုးကို ပြောဆိုခဲ့ရသနည်း။ တစ်နည်းတစ်ဖုံ နားလည်၍ ရနိုင်သည်မှာ သူသည် လူသတ်တရားခံ ဖြစ်သောကြောင့်သာလျှင် မှုခင်းရဲ၏ စကားကို အထအနကောက်၍ သူ့တွင် အပြစ်မရှိကြောင်း သူ့ကိုယ်သူ ဆင်ခြင်လဲရန် ကြိုးစားနေခြင်းပေလော။

“ကျွန်တော်တို့က ခင်ဗျားကို သံသယဝင်နေတာ မဟုတ်ပါဘူး” ကုစာနာဂိက ဟိရောမိကို ပြုံးပြလိုက်သည်။ “ကျွန်တော် စောစောက ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့က တရားခံ ဘယ်အချိန်က အဆိပ်ခတ်ခဲ့သလဲ ဆိုတာကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေတာပါ။ အခု ခင်ဗျားက မစ္စတာမာရှိဘနဲ့ တွေ့ဆုံပြီး သူနဲ့အတူတူ ကော်ဖီသောက်ခဲ့ပါတယ်လို့ ဝန်ခံထားပြီးပြီဆိုတော့ ကျွန်တော်တို့ကို အသေးစိတ် ပြောပြနိုင်မလား။ ဘယ်အချိန်က သောက်ခဲ့တာလဲ။ အဲဒီကော်ဖီကို ဘယ်သူက ဖျော်ခဲ့တာလဲ။ နောက်ပြီး ဘယ်လို ဖျော်ခဲ့တာလဲ”

ဖြူဖွေးနေသော ဟိရောမိ၏ မျက်နှာပေါ်တွင် သောကရိပ်များ ယှက်သန်းသွားသည်။ သူသည် သူတို့၏ နှစ်ကိုယ်ကြားဇာတ်လမ်းကို အမှန်အတိုင်း ထုတ်ဖော်ပြောပြရန် သင့်မသင့် ဝေခွဲမရနိုင်အောင် ဖြစ်နေခြင်း သက်သက်ပေလော။ ကုစာနာဂိလည်း ဆုံးဖြတ်ရခက်နေသည်။

“မစ္စဝါကာယာမာ” ဥကျုမိ၏အသံ ရုတ်တရက် ထွက်ပေါ်လာသည်။

ဟိရောမိသည် အထိတ်တလန့် ဖြစ်ကာ သူ့ကို ခေါင်းမော့ကြည့်လေသည်။

“ရှင်နဲ့ မစ္စတာမာရှိဘတို့ အကြားမှာရှိတဲ့
ဆက်နွှယ်ပတ်သက်မှုကို
 ကျွန်မတို့ မှန်းဆထားပြီးပါပြီ” ဥကျုမိက ဆက်ပြောသည်။ “အခုချိန်မှာ ရှင်က ဘူးခံပြီး ငြင်းနေမယ် ဆိုရင်တောင် ကျွန်မတို့က အဲဒီကိစ္စကို အတည်ပြုချက် ရတဲ့အထိ ဆက်ပြီး စုံစမ်းသွားနေဦးမှာပဲ။ စုံစမ်းနေတဲ့ ကာလအတွင်းမှာ အဲဒီအကြောင်းကိစ္စနဲ့ ပတ်သက်ပြီး လူတွေအများကြီးကို ကျွန်မတို့ မေးရမြန်းရလိမ့်မယ်။ ဒီလောက်ဆို ရှင် သဘောပေါက်လောက်ပါပြီ။ တကယ်လို့သာ အခုချိန်မှာ ကျွန်မတို့ကို အမှန်အတိုင်း ပြောပြမယ်ဆိုရင် ကျွန်မတို့အနေနဲ့လည်း အမှုစုံစမ်း စစ်ဆေးတဲ့နေရာမှာ တတ်နိုင်သမျှ သတိကြီးကြီးထားပြီး လုပ်ဆောင်ပေးသွားဖို့ ဆန္ဒရှိပါတယ်။ ဥပမာပြောရရင် တကယ်လို့သာ ရှင်က အဲဒီကိစ္စကို အပြင်လူဆီ မပေါက်ကြားစေချင်ဘူး ဆိုရင် ကျွန်မတို့ကလည်း ရှင့်ဆန္ဒအတိုင်း ကူညီပေးဖို့ အသင့်ပါပဲ”

မည်သို့မည်ပုံ ဖောင်ဖြည့်ရမည်ကို ရုံးဝန်ထမ်းတစ်ယောက်က ရှင်းပြနေသည့်နှယ် အထက်ပါ စကားများကို ပြောဆိုပြီးသည့်နောက်တွင် ဥကျုမိသည် ကုစာနာဂိကို တစ်ချက်လှမ်းကြည့်ပြီး ခေါင်းကို အောက်သို့ အနည်းငယ် ငိုက်ထားလိုက်သည်။ စောစောက ဘောင်ကျော်၍ လုပ်မိခဲ့သည့် လုပ်ရပ်အပေါ် ကုစာနာဂိအား တိုးလျှိုးတောင်းပန်နေသယောင်။

သို့သော် သူ၏ အကြံပြုချက်သည် ဟိရောမိ၏ နှလုံးသားကို ရိုက်ဖွင့်ပေးလိုက်ဟန် တူသည်။ သို့တည်းမဟုတ် မိန်းမသားအချင်းချင်း ပြောသည့် စကားက ပို၍ နားဝင်လွယ်သောကြောင့်လားမသိ။ ဟိရောမိသည် ခေါင်းမော့ကာ မျက်တောင်ခတ်ပြီး သက်ပြင်းချလိုက်သည်။ “ရှင်တို့ တကယ်ပဲ လျှို့ဝှက်ထားပေးနိုင်မလား”

“တကယ်လို့သာ အမှုနဲ့ လုံးဝ ပတ်သက်မနေဘူးဆိုရင် ကျွန်တော်တို့က တခြားလူကို လျှောက်ပြောနေမှာ မဟုတ်ဘူး။ ကျွန်တော်တို့ကို ယုံကြည်နိုင်ပါတယ်” ကုစာနာဂိက အာမခံလိုက်သည်။

ဟိရောမိက ခေါင်းညိတ်လိုက်သည်။ “ရှင်တို့နှစ်ယောက် ပြောခဲ့သလိုပါပဲ။ ကျွန်မနဲ့ မစ္စတာမာရှိဘက တကယ်ပဲ မရှင်းမရှင်း ဖြစ်ခဲ့ကြတယ်။ မနေ့ညတင် မကဘူး။ စနေနေ့ကလည်း ကျွန်မ သူ့အိမ်ကို သွားခဲ့သေးတယ်”

“ပထမတစ်ခေါက်က ဘယ်အချိန်လောက် ရောက်သွားခဲ့တာလဲ”

“စနေနေ့ညပါ။ ခန့်မှန်းခြေ ၉ နာရီကျော်ကျော်လောက် ဖြစ်မယ်”

ထိုသို့ဆိုလျှင် အာယနဲ အိမ်မှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် သူတို့နှစ်ဦးသည် ထိုအိမ်၌ လွတ်လွတ်လပ်လပ် ကဲနေကြလေပြီ။

“ခင်ဗျားတို့က အစောကြီးကတည်းက ချိန်းထားကြတာလား”

“မဟုတ်ပါဘူး။ အဲဒီနေ့က ကျွန်မ သင်တန်းကျောင်းက အလုပ်တွေပြီးတော့ မစ္စတာမာရှိဘက ကျွန်မဆီ ဖုန်းဆက်လာပြီး ည သူ့ဆီလာဖို့ ပြောခဲ့တာပါ”

“နောက်တော့ ခင်ဗျား သူ့အိမ်ကို သွားလိုက်တယ် ဆိုပါတော့။ နောက် ဘာဆက်ဖြစ်သေးလဲ”

ဟိရောမိသည် တစ်ခဏမျှ တွေဝေနေပြီး တစ်စုံတစ်ခုကို ဆုံးဖြတ်လိုက်ဟန်ဖြင့် ကုစာနာဂိကို ငေးကြည့်နေသည်။ “အဲဒီညက ကျွန်မ မာရှိဘအိမ်မှာပဲ အိပ်ခဲ့တယ်။ နောက်တစ်နေ့ မနက်ရောက်မှ ကျွန်မ ပြန်လာခဲ့တာ”

နံဘေးရှိ ဥကျုမိက မှတ်တမ်းယူနေသည်။ ကုစာနာဂိသည် သူ့ကို ဘေးတစ်စောင်း မြင်နေရသောကြောင့် သူ၏ မျက်နှာရိပ် မျက်နှာခြေကို အကဲခတ်၍ မရပေ။ သို့သော် သူလည်း သူ့အမြင်နှင့်သူ ရှိပေလိမ့်မည်။ စုံစမ်းမေးမြန်းမှု ပြီးဆုံးသည့်အခါမှ သူ၏အမြင်ကို မေးကြည့်ရဦးမည်ဟု ကုစာနာဂိက တေးမှတ်ထားလိုက်သည်။

“ခင်ဗျားတို့နှစ်ယောက်က ဘယ်အချိန်မှာ ကော်ဖီသောက်ခဲ့ကြတာလဲ”

“မနေ့မနက်က … ကျွန်မ ဖျော်တာ။ အဲ … ကျွန်မတို့ ရှေ့တစ်ရက်ကလည်း သောက်ခဲ့ကြသေးတယ်”

“စနေနေ့ညကို ပြောတာလား။ အဲဒီလိုဆိုတော့ ခင်ဗျားတို့က နှစ်ကြိမ်တောင် သောက်ခဲ့ကြတာပေါ့။ ဟုတ်တယ်မလား”

“ဟုတ်”

“စနေနေ့ညကရော ခင်ဗျားပဲ ဖျော်တာလား”

“မဟုတ်ဘူး။ စနေနေ့ညက ကျွန်မ ရောက်တဲ့အချိန်မှာ မစ္စတာမာရှိဘက ကော်ဖီကို ဖျော်ထားနှင့်ပြီ။ ကျွန်မအတွက်လည်း တစ်ခွက် ပိုဖျော်ထားပေးတယ်” ဟိရောမိက ခေါင်းငုံ့လျက် ဆက်ပြောသည်။ “သူ ကော်ဖီဖျော်တာကို ကျွန်မ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပဲ။ အဲဒီတုန်းက သူကိုယ်တိုင်ကလည်း ပြောသေးတယ်။ သူ့ဟာသူ ကော်ဖီဖျော်မသောက်ဖြစ်တာ အတော်ကြာပြီတဲ့”

“အဲဒီတုန်းက သူ ခံပန်းကန်ပြားကို မသုံးခဲ့ဘူး မဟုတ်လား” ဥကျုမိသည် မှတ်စုစာအုပ်ပေါ်မှ မျက်နှာခွာပြီး ခေါင်းမော့ကာ မေးခွန်းထုတ်လိုက်သည်။

“ဟုတ်တယ်”

“ဒါဆို … မနေ့မနက်က သောက်တဲ့ကော်ဖီကို ခင်ဗျားဖျော်တာပေါ့” ကုစာနာဂိက နောက်တစ်ကြိမ် အတည်ပြုချက် ရယူလိုက်သည်။

“ရှေ့တစ်ညတုန်းက မစ္စတာမာရှိဘဖျော်တဲ့ ကော်ဖီက တော်တော်လေး ခါးနေတာကြောင့် သူက ကျွန်မကို ဖျော်ခိုင်းခဲ့တာ။ မနေ့မနက်က ကျွန်မ ကော်ဖီဖျော်နေတဲ့ တစ်ချိန်လုံး မစ္စတာမာရှိဘလည်း အနားမှာ ရှိနေခဲ့တယ်” သူက ဥကျုမိကို လှမ်းကြည့်လိုက်သည်။ “အဲဒီတုန်းက ကျွန်မ ခံပန်းကန်ပြားတွေကို အသုံးပြုခဲ့တယ်။ လက်ဆေးကန်ထဲမှာ ရှိနေတဲ့ နှစ်ချပ်ပဲ”

ကုစာနာဂိက ခေါင်းညိတ်လိုက်သည်။ ယခုအချိန်ထိ သူ၏ ပြောစကားများသည် အရှေ့နှင့်အနောက် ကြောင်းကျိုးညီညွတ်နေဆဲပင်။

“ကျွန်တော် ထပ်ပြီး မေးပါရစေဦး။ စနေနေ့ညနဲ့ တနင်္ဂနွေနေ့ မနက် ခင်ဗျားတို့ သောက်တဲ့ ကော်ဖီတွေက မာရှိဘအိမ်မှာ ရှိတဲ့ သုံးနေကျ ကော်ဖီမှုန့်တွေဆိုတာ သေချာရဲ့လား”

“သေချာပါတယ်။ ကျွန်မ ရေခဲသေတ္တာထဲမှာ ထည့်ထားတဲ့ ကော်ဖီမှုန့်ကိုပဲ ယူသုံးခဲ့တာပါ။ ဒါပေမယ့် စနေနေ့ညမှာ မစ္စတာမာရှိဘ သုံးတဲ့ ကော်ဖီမှုန့်က ဘယ်ကနေ ရသလဲဆိုတာကိုတော့ ကျွန်မလည်း မပြောတတ်ဘူး။ ဒါပေမယ့် အတူတူ ဖြစ်မှာပါပဲ”

“ခင်ဗျား
ဟိုအရင်တုန်းကရော
 မာရှိဘအိမ်မှာ ကော်ဖီဖျော်ပေးခဲ့ဖူးလား”

“ဆရာမက တစ်ခါတလေကျရင် ကျွန်မကို ဖျော်ခိုင်းတတ်တယ်။ ဖျော်နည်းကိုလည်း သူပဲ သင်ပေးခဲ့တာ။ မနေ့မနက်က သူသင်ပေးတဲ့ နည်းအတိုင်းပဲ ကျွန်မ ဖျော်ခဲ့တာ”

“ခင်ဗျား ကော်ဖီဖျော်နေတဲ့ အချိန်မှာ ဘာများ ထူးခြားတာရှိလဲ။ သတိထားမိလား။ ဥပမာ ပြောရရင် ကော်ဖီထုပ်က မူလ ရှိသင့်တဲ့ နေရာမှာ မရှိဘဲ နေရာရွေ့နေတာတို့၊
ကော်ဖီမှုန့်တံဆိပ်က
 ခါတိုင်း သုံးနေကျတံဆိပ် မဟုတ်တာတို့ပေါ့”

ဟိရောမိက မျက်လုံးအစုံကို အသာအယာ မှိတ်ပြီး ခေါင်းကို ခါယမ်းလိုက်သည်။ “သတိမထားမိဘူး။ ရှိသမျှ ပစ္စည်းအားလုံးက အရင်ကအတိုင်းပဲ ရှိနေတယ်လို့ ထင်တာပဲ” ပြောပြီး သူ မျက်လုံးဖွင့်ကြည့်သည်။ ထို့နောက် ခေါင်းကို ငဲ့စောင်းလျက် စဉ်းစားရကျပ်နေသည့် မျက်နှာပေးမျိုးဖြင့် မေးလေသည်။ “အမှုနဲ့ ကျွန်မ ကော်ဖီဖျော်ခဲ့တဲ့ ကိစ္စနဲ့က ဘယ်လိုမှ မဆက်စပ်နိုင်ဘူး ထင်တယ်”

“ခင်ဗျား ဆိုလိုတာက …”

“ဘာဖြစ်လို့လဲ ဆိုတော့” သူ၏ခေါင်းကို အနည်းငယ် ငုံ့လျက် ကုစာနာဂိကို မျက်လုံးအစုံဖြင့် လှန်ကြည့်လိုက်သည်။ “ကျွန်မတို့ သောက်တုန်းက ကော်ဖီထဲမှာ အဆိပ်မှ မရှိသေးတာ။ လူတစ်ယောက်ယောက်က အဆိပ်ခတ်ခဲ့တယ်ပဲ ဆိုဦးတော့။ ဒါဆိုလည်း အဲဒီနောက်ပိုင်းမှပဲ ဖြစ်ရတော့မှာပေါ့”

“ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် တရားခံက အကွက်ဆင်ထားတဲ့ ဖြစ်နိုင်ခြေကို ဖယ်ရှားပစ်လို့ မရနိုင်သေးဘူး”

“အကွက်ဆင်တယ် …” သူသည် နားမလည်နိုင်သော မျက်နှာဖြင့် ရေရွတ်နေသည်။ “ကျွန်မတော့ ဘာထူးခြားချက်မှ သတိမထားမိဘူး”

“ကော်ဖီသောက်ပြီးတဲ့နောက်မှာရော ခင်ဗျားတို့ ဘာလုပ်ကြသေးလဲ”

“ကျွန်မ ချက်ချင်း အိမ်ပြန်လာခဲ့တယ်။ တနင်္ဂနွေနေ့ဆိုရင် အိကဲဘုကုရိုက အနုပညာသင်ကျောင်းမှာ ကျွန်မ စာသင်ပေးရသေးတယ်”

“သင်တန်းချိန်က ဘယ်နှနာရီကနေ ဘယ်နှနာရီအထိလဲ”

“မနက် ၉ နာရီကနေ ၁၂ နာရီအထိ။ ညနေ ၃ နာရီကနေ ၆ နာရီအထိ”

“နေ့ခင်း သင်တန်းနားတဲ့ အချိန်ကျတော့ရော”

“စာသင်ခန်းကို သန့်ရှင်းရေး လုပ်ပြီး နေ့လည်စာ ထွက်စားတယ်။ ပြီးတာနဲ့ ညနေ စာသင်ချိန်အတွက် ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ရတယ်”

“နေ့လည်စာကို အပြင်မှာ ထွက်စားတာလား”

“ဟုတ်တယ်။ ကုန်တိုက်ကြီးရဲ့ မုန့်ဆိုင်တန်းမှာ ရှိတဲ့ ခေါက်ဆွဲဆိုင်တစ်ဆိုင်မှာ စားတယ်” သူက မျက်မှောင်ကြုတ်လျက် စကားကို ဆက်သည်။ “အဲဒီနေ့တုန်းက ကျွန်မ တစ်နာရီလောက်ပဲ အပြင်ထွက်ခဲ့တယ်လို့ မှတ်မိနေတယ်။ သင်တန်းကျောင်းကနေ မာရှိဘအိမ်ကို အဲဒီအချိန်လောက်နဲ့ ဘယ်လိုမှ အသွားအပြန် သွားလို့ မဖြစ်နိုင်ဘူး”

ကုစာနာဂိက သွားဖြဲလျက် လက်ကို ခါယမ်းပြလေသည်။ “ကျွန်တော်တို့က ခင်ဗျားရဲ့ အလီဘိုင်ကို စုံစမ်းနေတာ မဟုတ်ပါဘူးဗျာ။ စိတ်ချပါ။ ခင်ဗျား မနေ့က ပြောခဲ့တယ်လေ။ အတန်းချိန်တွေ ပြီးတော့ ခင်ဗျား မစ္စတာမာရှိဘဆီကို ဖုန်းဆက်ခဲ့တယ်တဲ့။ အဲဒီအချက်နဲ့ ပတ်သက်ပြီး ခင်ဗျားအနေနဲ့ ပြင်ဆင်ချင်တာများ ရှိနေသေးလား”

ဟိရောမိသည် စိတ်မသက်မသာ ဖြစ်ကာ အကြည့်ကို ကုစာနာဂိထံမှ ဖယ်ရှားလိုက်သည်။ “ကျွန်မ တကယ်ပဲ သူ့ဆီကို ဖုန်းဆက်ခဲ့တယ်။ ဒါပေမယ့် ဖုန်းဆက်ရတဲ့ အကြောင်းအရင်းက ရှင်တို့ကို မနေ့က ပြောခဲ့တာနဲ့တော့ ကွာခြားမှု ရှိတာပေါ့”

“မနေ့က ခင်ဗျားပြောခဲ့တဲ့ စကားကို ကျွန်တော် မှတ်မိနေသေးတယ်။ သူ့ဇနီး အိမ်မှာ မရှိတာကြောင့် အကူအညီ တစ်ခုခုများ လိုအပ်နေမလားလို့ စိတ်ပူတာနဲ့ ခင်ဗျား သူ့ဆီကို ဖုန်းဆက်ခဲ့တယ်။ အဲဒီလို မဟုတ်လား”

“တကယ်တော့ အဲဒီမနက် သူ့အိမ်ကနေ ထွက်ခွာခါနီးမှာ မစ္စတာမာရှိဘက ကျွန်မကို သင်တန်းပြီးရင် သူ့ဆီ ဖုန်းဆက်ဖို့ ပြောခဲ့တာ”

ကုစာနာဂိသည် ခေါင်းငိုက်စိုက်ကျနေသော ဟိရောမိကို ကြည့်လျက် ခေါင်းညိတ်လိုက်သည်။ “အဲဒီတုန်းက ခင်ဗျားနဲ့အတူ ညစာထွက်စားဖို့ စီစဉ်ထားတာ မဟုတ်လား”

“ဟုတ်လောက်တယ်”

“ဒါဆိုရင် ကျွန်တော်တို့ လိပ်ပတ်လည်သွားပါပြီ။ အစကတည်းက ကျွန်တော်တို့ အဲဒီကိစ္စကို သံသယ ရှိနေခဲ့ကြတာ။ သူက ခင်ဗျား အင်မတန် လေးစားရတဲ့ ဆရာမရဲ့ ခင်ပွန်း ဖြစ်နေတယ် ဆိုရင်တောင် ခင်ဗျားအနေနဲ့ သူ့ကို ဒီလောက်အထိ အလေးထားနေဖို့ မထိုက်တန်လှဘူး။ နောက်ပြီး သူ ဖုန်းမကိုင်ဘူး ဆိုရင်တောင် သူ့အိမ်ကို တကူးတက သွားကြည့်နေဖို့ လိုအပ်မယ် မထင်ဘူး”

ဟိရောမိက ပခုံးကို တွန့်ကာ မျက်နှာကို ရှုံ့မဲ့လျက် “ကျွန်မကိုယ်တိုင်လည်း ကိုယ့်စကားကိုယ် ယုတ္တိမရှိဘူးလို့ ခံစားမိလိုက်တယ်။ ဒါပေမယ့် ရုတ်တရက်ဆိုတော့လည်း တခြား အကြောင်းပြချက်ကို ဘယ်လိုမှ စဉ်းစားလို့ မရခဲ့ဘူး”

“အဲဒီတုန်းက မစ္စတာမာရှိဘက ဖုန်းမကိုင်လို့ စိတ်ပူတာကြောင့် ခင်ဗျား သူ့အိမ်ကို သွားကြည့်ခဲ့တယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ခင်ဗျား ပြင်ဆင်ဖြည့်စွက်ချင်တာ ဘာများ ရှိသေးလဲ”

“ဟင့်အင်း၊ မရှိပါဘူး။ အဲဒီနောက်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကတော့ ကျွန်မ မနေ့က ထွက်ဆိုခဲ့တဲ့ ထွက်ချက်တွေအတိုင်းပဲ။ အရင်က ရှင်တို့ကို လိမ်ပြောခဲ့မိတဲ့အတွက် ကျွန်မ တောင်းပန်ပါတယ်” သူက ညှိုးငယ်သော မျက်နှာထားဖြင့် ပြောသည်။

ဥကျုမိသည် ကုစာနာဂိ၏ နံဘေးတွင် ထိုင်လျက် မှတ်စုစာအုပ်ထဲ အဆက်မပြတ် ရေးမှတ်နေသည်။ ကုစာနာဂိက သူ့ကို တစ်ချက်လှမ်းကြည့်ပြီး အကြည့်ကို ဟိရောမိထံသို့ ပြောင်းရွှေ့လိုက်ပြန်သည်။

မဆွက သူ ပြောခဲ့သော စကားများထဲတွင် မသင်္ကာစရာ ဘာတစ်ခုမျှ ရှာမတွေ့ပေ။ အတိအကျ ပြောရလျှင် ယမန်နေ့က ဖြစ်ပေါ်ခဲ့သော သံသယများသည် ယခုအခါ အားလုံး ကျေပျက်သွားပြီဟု ဆိုနိုင်သည်။ သို့သော် ထိုသို့သော အကြောင်းကြောင့် သူ့ကို အပြည့်အဝ ယုံကြည်ရန် စောလွန်းနေသေးသည်။

“အရင်က ကျွန်တော်တို့ ခင်ဗျားကို ပြောပြခဲ့ဖူးပါတယ်။ ဒီအမှုက လူသတ်မှုဖြစ်နိုင်တဲ့ ဖြစ်နိုင်ခြေက တော်တော်လေး များတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး ခင်ဗျား ဘာသိထားတာ ရှိသလဲလို့ မနေ့က ကျွန်တော်တို့ မေးတော့ ခင်ဗျားက မသိဘူးလို့ ပြန်ဖြေခဲ့တယ်။ နောက်ပြီး မစ္စတာမာရှိဘကို ဆရာမရဲ့ယောက်ျား ဖြစ်နေတာက လွဲလို့ တခြား ဘာကိုမှ သိထားတာ မရှိဘူးလို့လည်း ခင်ဗျား ပြောခဲ့သေးတယ်။ အခုဆို ခင်ဗျားက မစ္စတာမာရှိဘနဲ့ ထူးခြားတဲ့
ဆက်နွှယ်မှု
 ရှိခဲ့တဲ့အကြောင်းကို ဝန်ခံပြီးပြီဆိုတော့ ကျွန်တော်တို့ကို ပြောပြနိုင်မယ့် တခြား သတင်းအချက်အလက်တွေ ရှိနေသေးလား။ အမှုနဲ့ ပတ်သက်ပြီး သုံးသပ်ကြည့်ရအောင်ပါ”

ဟိရောမိက မျက်မှောင်ကြုတ်လျက် ပြောသည်။ “ကျွန်မလည်း အသေအချာ မသိဘူး။ သူ့ကို တစ်ယောက်ယောက်က အဆိပ်ခတ် သတ်လိမ့်မယ်လို့ ကျွန်မဖြင့် ဘယ်လိုမှ မယုံနိုင်အောင်ပါပဲ”

“ခင်ဗျား သေသေချာချာလေး ပြန်စဉ်းစားကြည့်ပါဦးလား။ အခုတလော ခင်ဗျားနဲ့ မစ္စတာမာရှိဘတို့ ဘာတွေ ပြောခဲ့ကြသလဲ။ တကယ်လို့သာ လူသတ်မှုဆိုရင် ကြိုတင်ကြံစည်ပြီး လုပ်ကြံခဲ့တယ်ဆိုတာ သိပ်ကို ထင်ရှားလွန်းနေတယ်။ တစ်နည်းပြောရရင် ဒီ့မတိုင်ခင်မှာ ကြိုတင်ပြင်ဆင်မှုတွေ ရှိကို ရှိခဲ့ရမယ်။ အဲဒီလို အနေအထားမျိုးမှာ လုပ်ကြံခံရသူရဲ့ အတွင်းစိတ်ထဲမှာလည်း ထူးခြား ပြင်းထန်တဲ့ ခံစားချက်မျိုး ရှိနေခဲ့မှာပဲ။ လုပ်ကြံခံရသူက တမင်တကာ ဖုံးကွယ်ဖို့ ကြိုးစားထားခဲ့မယ် ဆိုရင်တောင်မှ မတော်တဆ နှုတ်ကျွံသွားတာမျိုးတွေ ရှိတတ်ကြတယ်”

ဟိရောမိသည် လက်နှစ်ဖက်ဖြင့် နားထင်ကို ဖိလျက် ခေါင်းကို ခါယမ်းလိုက်သည်။ “ကျွန်မ တကယ် မသိဘူး။ သူရဲ့ လုပ်ငန်းကိုင်ငန်းတွေက တစ်လျှောက်လုံး အဆင်ပြေနေခဲ့တာပဲ။ ထူးထူးထွေထွေ ဦးနှောက်ခြောက်စရာမျိုးတွေ ရှိခဲ့မယ် မထင်ဘူး။ နောက်ပြီး သူ့ဆီကနေ သူများ မကောင်းကြောင်း ပြောတာမျိုးလည်း တစ်ခါမှ မကြားခဲ့ဖူးဘူး”

“ကျေးဇူးပြုပြီး စေ့စေ့စပ်စပ် စဉ်းစားကြည့်ပါဦးလား”

ထိုစကားကို ကြားရသည့်အခါတွင် ဟိရောမိသည် အာခံလိုသော ဟန်ပန်အမူအရာကို ဆောင်လျက် ဝမ်းနည်းကြေကွဲသည့် အကြည့်တစ်စုံဖြင့် ကုစာနာဂိကို စိုက်ကြည့်နေလေသည်။ “ကျွန်မ အများကြီး အများကြီးကို စဉ်းစားခဲ့ပြီးသွားပြီ။ မနေ့ညကဆိုရင် တစ်ညလုံး ရှိုက်ရင်းငိုရင်းနဲ့ စဉ်းစားနေခဲ့တာ။ ဘာဖြစ်လို့ အခုလို အဖြစ်မျိုး ကြုံခဲ့ရတာလဲ။ သူ့ဟာသူ သက်သေသွားတာများ ဖြစ်နိုင်မလားလို့လည်း ကျွန်မ စဉ်းစားကြည့်သေးတယ်။ သူများသတ်လို့ သေခဲ့ရတာရော မဖြစ်နိုင်ဘူးလား။ ကျွန်မ စဉ်းစားခဲ့တာမှ စုံလို့ပဲ။ ဒါပေမယ့် ဘယ်လို စဉ်းစားစဉ်းစား၊ ဘယ်လိုမှ အဖြေမထွက်ခဲ့ဘူး။ ဘယ်လိုမှ နားလည်လို့ မရခဲ့ဘူး။ သူနဲ့ အတူရှိခဲ့ဖူးတဲ့ အချိန်တွေကိုလည်း ကျွန်မ ပြန်ပြောင်း စဉ်းစားကြည့်ခဲ့သေးတယ်။ ဒါပေမယ့် ဘာမှ ထူးမလာခဲ့ဘူး။ တကယ်တော့ သူ ဘာကြောင့် အခုလို ဖြစ်သွားခဲ့ရတာလဲ ဆိုတဲ့ အကြောင်းအရင်းကို အသိချင်ဆုံးသူက ကျွန်မပါရှင်”

ဟိရောမိ၏ မျက်လုံးအစုံတွင် သွေးရောင်လွှမ်းကာ ချင်းချင်းနီလာကြောင်း ကုစာနာဂိ သတိထားမိသည်။ သူ တွေးကြည့်မိသည်။ ဟိရောမိသည် တတိယလူ ဖြစ်နေသော်လည်း မစ္စတာမာရှိဘကို နက်နက်ရှိုင်းရှိုင်း ချစ်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် ကုစာနာဂိသည် သူ့ကိုယ်သူ သတိပေးနေမိသည်။ အကယ်၍ ဟိရောမိသည် သရုပ်ဆောင် ပြနေခြင်းမျှသာ ဖြစ်လျှင် လက်ဖျားခါလောက်သည့် သရုပ်ဆောင်ကောင်းသူတစ်ယောက်ဟု ဆိုရပေတော့မည်။

“ခင်ဗျား ဘယ်အချိန်လောက်က စပြီး မစ္စတာမာရှိဘနဲ့ တွဲခဲ့ကြတာလဲ”

သူ၏ အမေးကြောင့် ဟိရောမိ၏ နီမြန်းနေသော မျက်လုံးအစုံမှာ ပြူးကျယ်သွားသည်။ “အဲဒီကိစ္စက အမှုနဲ့ မဆိုင်လောက်ဘူး ထင်တယ်”

“အမှုနဲ့ ဆိုင်မဆိုင် ဆိုတာကို ကျွန်တော်တို့
ကိုယ့်ဘာသာ
 ပိုင်းဖြတ်ယူပါ့မယ်။ စောစောတုန်းက ပြောခဲ့သလိုပေါ့ဗျာ။ အခုကိစ္စကို ကျွန်တော်တို့ မဆိုင်တဲ့သူတွေဆီ မပေါက်ကြားစေရပါဘူး။ နောက်ပြီး ဒီကိစ္စက အမှုနဲ့ ဘယ်လိုမှ ပတ်သက်မှု မရှိဘူးလို့ ကျွန်တော်တို့ စစ်ဆေးတွေ့ရှိတာနဲ့
တစ်ပြိုင်နက်
 အဲဒီကိစ္စနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ကျွန်တော်တို့ နောက်ထပ် ဘယ်တော့မှ မေးမှာ မဟုတ်တော့ပါဘူး”

ဟိရောမိက နှုတ်ခမ်းကို စေ့လျက် အသက်ကို ဝဝရှူသွင်းလိုက်သည်။ ထို့နောက် အေးစက်နေလောက်ပြီ ဖြစ်သော လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံ မော့သောက်လိုက်သည်။ “လွန်ခဲ့တဲ့ သုံးလလောက်က စခဲ့တာပါ”

ကုစာနာဂိက ခေါင်းညိတ်လိုက်သည်။ သူတစ်ပါး၏ ကာမပိုင် လင်ယောက်ျားနှင့် ဖောက်ပြားမိလောက်အောင် ဘယ်သို့သော အခြေအနေများက ဟိရောမိအား တွန်းပို့ခဲ့လေသနည်း။ ကုစာနာဂိသည် ယင်းဖြစ်စဉ် အသေးစိတ်ကို သိချင်စိတ် ပြင်းပြနေသော်လည်း နောက်ဆုံး၌ သူ့ကိုယ်သူ ချုပ်တည်းထားနိုင်ခဲ့သည်။ “ခင်ဗျားတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကို တခြား ဘယ်သူတွေရော သိထားသေးလဲ”

“ဟင့်အင်း၊ တခြား ဘယ်သူမှ မသိလောက်ဘူး”

“ဒါပေမယ့် ခင်ဗျားတို့နှစ်ယောက်က အပြင်မှာ အတူတူ ထမင်းစားခဲ့ကြဖူးတယ် မဟုတ်လား။ တစ်ယောက်ယောက်က မတော်တဆ တွေ့သွားနိုင်တယ်လေ”

“ကျွန်မတို့က အဲဒီအပိုင်းမှာ အတော်လေး သတိထားခဲ့ကြတယ်။ ဘယ်တော့မှ တစ်ဆိုင်တည်းကို နှစ်ခါ မသွားဖြစ်ကြဘူး။ နောက်ပြီး သူက အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး တခြားအမျိုးသမီးတွေနဲ့လည်း ထမင်းအတူ စားလေ့ရှိတာဆိုတော့ တစ်စုံတစ်ယောက်က ကျွန်မတို့နှစ်ယောက်ကို တွေ့သွားတယ် ဆိုရင်တောင် တောင်တောင်ဤဤ လျှောက်တွေးနေမှာ မဟုတ်ဘူး”

ကြည့်ရသည်မှာ မာရှိဘ ယိုရှီတာကာသည် လွန်စွာမှ မျက်နှာများသော ဘဲတစ်ပွေသာ ဖြစ်ရပေလိမ့်မည်။ ဟိရောမိအပြင် တခြား တိတ်တိတ်ပုန်းများလည်း ရှိချင် ရှိနေနိုင်သေးသည်။ ထိုသို့သာ အမှန်ဖြစ်မည်ဆိုလျှင် မိမိမျက်စိရှေ့၌ တည်ရှိသော ဤအမျိုးသမီးတွင် မာရှိဘ ယိုရှီတာကာကို သတ်ဖြတ်ရန် လုံလောက်သော အကြောင်းပြချက် ရှိနေပေပြီ။ ကုစာနာဂိက ထိုသို့ မှန်းဆကြည့်နေမိသည်။

ဥကျုမိသည် စာရေးနေသော လက်ကို ရပ်တန့်ပြီး ခေါင်းမော့ကာ မေးခွန်းထုတ်လိုက်သည်။ “ရှင်တို့ ချိန်းတွေ့တဲ့ အချိန်တုန်းက ဟိုတယ်ပေါ် ရောက်ခဲ့ကြသေးလား”

ကုစာနာဂိသည် အသံလာရာ ဘက်သို့ တအံ့တဩ လှည့်ကြည့်လိုက်မိသည်။ ဘာကိုမျှ မငဲ့ကွက်ဘဲ မေးစရာ ရှိသည့် မေးခွန်းကို သွေးအေးအေးဖြင့် မေးမြန်းလိုက်သော ရဲမေ၏ မျက်နှာတစ်ခြမ်းကို ငေးစိုက်ကြည့်နေသည်။ ထိုသို့သော မေးခွန်းမျိုးကို မေးမြန်းရန် သူ့တွင် အစီအစဉ် ရှိထားပြီး ဖြစ်သော်ငြားလည်း ဤကဲ့သို့ တဲ့တိုးမေးရန် စိတ်ကူးမရှိပေ။

မကျေနပ်ချက်များက ဟိရောမိ၏ မျက်နှာတွင် အထင်းသား ပေါ်လွင်နေသည်။ “အဲဒီကိစ္စက စုံစမ်းစစ်ဆေးမှုအတွက် တကယ်ရော အရေးပါလို့လား”

ဥကျုမိက မှင်သေသေဖြင့် ပြန်လည် ဖြေကြားသည်။ “သိပ် အရေးပါတာပေါ့။ အဖြစ်မှန်ကို စုံစမ်းနိုင်ဖို့အတွက် ကျွန်မတို့အနေနဲ့ မစ္စတာမာရှိဘရဲ့ နေ့စဉ်ဘဝကို ဘက်ပေါင်းစုံကနေ အနုစိတ်နိုင်သမျှ နားလည်ထားဖို့ လိုအပ်ပါတယ်။ သူ အသက်ရှင်နေစဉ် ကာလအတွင်း ဘယ်နေရာမှာ ဘာတွေ လုပ်ခဲ့သလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်အောင် တတ်နိုင်သလောက် လေ့လာစုံစမ်းထားရလိမ့်မယ်။ ဒီတော့ လူပေါင်းစုံဆီကနေ သတင်းအချက်အလက် ပေါင်းစုံကို ကျွန်မတို့ စုစည်းကြရတယ်။ ဒါပေမယ့် မစ္စတာမာရှိဘရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး တမင်သက်သက် မစုံစမ်းဘဲ ချန်ထားခဲ့တဲ့ ကွက်လပ်တချို့လည်း ရှိပါသေးတယ်။ ရှင်တို့ အဲဒီမှာ ဘာတွေ လုပ်ခဲ့ကြသလဲ ဆိုတာမျိုးကျတော့ ကျွန်မတို့ သိဖို့ မလိုအပ်တော့ဘူး။ ဒါပေမယ့် ရှင်တို့ ဘယ်ဟိုတယ်တွေကို သွားခဲ့သလဲ ဆိုတာမျိုးကိုတော့ ကျွန်မတို့ သိဖို့ လိုလိမ့်မယ်”

“အဲဒီမှာ သူတို့ ဘာတွေ လုပ်ခဲ့သလဲဆိုတာ လမ်းကြုံတုန်း မေးလိုက်ပါလား” ကုစာနာဂိက ဤသို့ ဝင်နောက်လိုက်ချင်သော်လည်း အောင့်အီးထားလိုက်ရသည်။

ဟိရောမိသည် စိတ်ပျက်လက်ပျက်ဖြင့် နှုတ်ခမ်းကို မဲ့လိုက်သည်။ “ကျွန်မတို့က အပေါစား ဟိုတယ်တွေကို သွားလေ့မရှိဘူး”

“ပုံသေ သတ်မှတ်ထားတာမျိုး ရှိလား”

“ဟိုတယ်သုံးလုံးတော့ အမြဲသွားလေ့ရှိတယ်။ ဒါပေမယ့် ရှင်တို့ ဘယ်လိုမှ အတည်ပြုနိုင်မယ် မထင်ဘူး။ သူက ဘယ်တော့မှ နာမည်အရင်းကို သုံးလေ့မရှိဘူး”

“ဖြစ်နိုင်မယ်ဆိုရင် အဲဒီ ဟိုတယ်သုံးလုံးရဲ့ နာမည်ကို ပြောပြပေးပါလား။ လိုအပ်လို လိုအပ်ငြားပေါ့” ဥကျုမိက မှတ်တမ်းယူရန် အသင့်ပြင်ထားသည်။

ဟိရောမိသည် မျက်နှာညှိုးငယ်စွာဖြင့် ဟိုတယ်သုံးလုံး၏ နာမည်များကို ရွတ်ပြလိုက်သည်။ ၎င်းဟိုတယ်များ အားလုံးသည် တိုကျိုမြို့တွင်းရှိ အဆင့်တန်းမြင့်သော ဟိုတယ်များ ဖြစ်ကြသည်။ အကယ်၍သာ ယင်းဟိုတယ်များတွင် ရက်ရှည် တည်းခိုခြင်း မပြုခဲ့ပါလျှင် ဟိုတယ်ဝန်ထမ်းများသည် ဧည့်သည်၏ ပုံပန်းသဏ္ဌာန်ကို မည်သို့မျှ မှတ်သားထားနိုင်လိမ့်မည် မဟုတ်ပေ။

“ချိန်းတွေ့တဲ့ ရက်ကရော အသေ သတ်မှတ်ထားတာမျိုး ရှိလား” ဥကျုမိက တစ်ဆင့်တက်၍ မေးလိုက်ပြန်သည်။

“မရှိဘူး။ များသောအားဖြင့် အပြန်အလှန် စာတိုပို့ပြီး အားမအား မေးဖြစ်ကြတာပဲ”

“အကြိမ်ရေကရော”

ဟိရောမိက ခေါင်းငဲ့ကာ ပြောသည်။ “တစ်ပတ်ကို တစ်ခါလောက်ပဲ”

မေးချင်သည်တို့ကို မေးမြန်းပြီးသည့်အခါတွင် ဥကျုမိသည် ကုစာနာဂိကို ခေါင်းဆတ်ပြသည်။

“အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီနေ့အတွက်တော့ ကျွန်တော်တို့ မေးစရာ မရှိတော့ပါဘူး”

ကုစာနာဂိသည် စိတ်လက် မကြည်မသာ ဖြစ်နေသော ဟိရောမိကို ပြုံးပြနှုတ်ဆက်ကာ ဘေလ်စာရွက်ကို ကောက်ယူလိုက်သည်။

စားသောက်ဆိုင်မှ ယာဉ်ရပ်နားကွင်းသို့ သွားသည့် လမ်းပေါ်တွင် ဟိရောမိသည် ခြေလှမ်းကို ရုတ်တရက် တုံ့ရပ်လိုက်သည်။ “ဒီမယ် …”

“ဗျာ …”

“ကျွန်မ အိမ်ပြန်လို့ ရပြီလား”

ကုစာနာဂိက သူ့ကို လှည့်ကြည့်လိုက်သည်။ “ခင်ဗျားဆရာမက ခင်ဗျားကို ခေါ်ထားတာ မဟုတ်ဘူးလား”

“ကျွန်မ အခု အရမ်း ပင်ပန်းနေပြီ။ နေလို့လည်း မကောင်းဘူး။ ဆရာမကိုတော့ ရှင်တို့ပဲ ကြည့်ပြောပေးပါ”

“ရပါတယ်”

“ရှင့်ကို ကျွန်မတို့ အိမ်အထိ လိုက်ပို့ပေးရမလား” ဥကျုမိက မေးသည်။

“မလိုပါဘူး။ ကျွန်မ ကိုယ့်ဘာသာကိုယ်ပဲ တက္ကစီ ငှားပြန်လိုက်မယ်။ ကျေးဇူးပါပဲ”

ဟိရောမိသည် ကုစာနာဂိတို့ကို ကျောခိုင်းကာ အဝေးသို့ လမ်းလျှောက်သွားလေတော့သည်။ တက္ကစီ အလွတ်တစ်စီးက အခန့်သင့် ရောက်လာသောကြောင့် လက်ပြတားကာ ကားထဲသို့ လျှိုးဝင်ပျောက်ကွယ်သွားသည်။ တက္ကစီကား မောင်းထွက်သွားသည်ကို ကုစာနာဂိက အဝေးသို့ ရောက်သည်အထိ ငေးကြည့်နေမိသည်။

“ငါတို့က မစ္စစ်မာရှိဘကို သူတို့အကြောင်း ပြန်ပြောပြလိမ့်မယ်လို့များ သူ ထင်နေသလား မသိဘူး”

“မပြောတတ်ဘူးလေ။ ဒါပေမယ့် ကျွန်မအထင် ပြောရရင်တော့ ကျွန်မတို့ကို အခုလေးတင်မှ သူတို့ကိစ္စ ပြောပြထားတာဆိုတော့ မစ္စစ်မာရှိဘရဲ့ အရှေ့မှာ ဘာမှ မဖြစ်သလို သူ ဟန်ဆောင်ပန်ဆောင် နေနေတာကို ကျွန်မတို့ မြင်သွားမှာ မလိုလားလို့ ဖြစ်မယ် ထင်တယ်”

“အဲဒီလိုလည်း ဖြစ်နိုင်တာပဲ”

“အဲဒီဘက်ကရော အခြေအနေ ဘယ်လို ရှိမလဲ မသိဘူးနော်”

“ဘယ်ဘက်လဲ”

“မစ္စစ်မာရှိဘဘက်လေ။ သူ့ယောက်ျား ဖောက်ပြန်နေတာကို သူ တကယ်ပဲ တစ်စက်ကလေးတောင်
သတိမထားခဲ့မိဘူးလား
”

“အဲဒါလား … မထားမိခဲ့ဘူး နေမှာပေါ့”

“ဆရာက ဘာဖြစ်လို့ အဲဒီလို ယူဆရတာလဲ”

“စောစောက သူရဲ့ အမူအရာကို ကြည့်ရင် သိနေပြီပဲ ဥစ္စာ။ သူက ဝါကာယာမာ ဟိရောမိကို ဖက်ပြီးတော့တောင် ငိုနေခဲ့သေးတာပဲ”

“ဟုတ်လား …” ဥကျုမိက ခေါင်းငုံ့ကာ ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ။ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်း ပြောပြမှပေါ့”

သူသည် ကုစာနာဂိကို ခေါင်းမော့ကြည့်ရင်း ပြောလိုက်သည်။ “အဲဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ အချိန်မှာပဲ ကျွန်မ ရုတ်တရက် အတွေးပေါက်သွားတယ်။ မစ္စစ်မာရှိဘက အများရှေ့မှာ တမင်သက်သက် သူ့ကို ငိုပြတာ မဖြစ်နိုင်ဘူးလား။ လူမြင်ကွင်းမှာ ဘယ်တော့မှ ထင်ထင်ပေါ်ပေါ် ငိုကြွေးခွင့်မရနိုင်တဲ့ လူရဲ့ အရှေ့မှာ တမင် ငိုပြတာပါ ဆိုရင်ရော”

“ဘယ်လို ဘယ်လို”

“ဆောရီးပဲ။ ကျွန်မ ရမ်းပြောတယ်လို့ပဲ သဘောထားလိုက်ပါတော့။ ကျွန်မ ကားသွားယူလိုက်ဦးမယ်”

ယာဉ်ရပ်နားကွင်းသို့ ဦးတည်၍ လျှောက်လှမ်းနေသော ဥကျုမိ၏ ကျောပြင်ကို ကုစာနာဂိက ငေးငိုင်၍ ကြည့်နေမိလေသည်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *