မာတိကာကြည့်ရန်

(၁၅)

အကောင်းစား လက်ဖက်ခြောက်များကို အထူးပြုရောင်းချနေသော ‘ကူဇေး’ လက်ဖက်ခြောက်ဆိုင်သည် နီဟွန်းဘာရှိ စီရင်စု၊ အိုဒန်မာချိုရပ်ကွက်တွင် တည်ရှိသည်။ ဘဏ်အဆောက်အအုံကြီးများ တန်းစီ၍ တည်ရှိနေကြသော ဆူအိတန်ဂူလမ်းမကြီး၏ အနီးအနားတွင် ရှိသည့် ရုံးအဆောက်အအုံကြီး၏ ပထမထပ်တွင် ဆိုင်ကို ဖွင့်လှစ်ထားသည်။ ထို့ကြောင့်ပင် နေ့ခင်းထမင်းစား နားချိန်အတွင်း ဤနေရာ၌ ရုံးဝန်ထမ်း မိန်းမချော အမြောက်အမြားကို တွေ့ရှိနိုင်သည်။

ကုစာနာဂိသည် မှန်တံခါးကို တွန်းဖွင့်ပြီး လက်ဖက်ခြောက်ရောင်းသည့် ကောင်တာဘက်သို့ ဦးစွာ လျှောက်သွားလိုက်သည်။ ဤဆိုင်တွင် လက်ဖက်ခြောက် အမျိုးပေါင်း ၅၀ ကျော် ရောင်းချလျက်ရှိကြောင်း သူ ကြိုတင် လေ့လာထားခဲ့သည်။

အရောင်းကောင်တာများ၏ အနောက်ဘက်တွင် လက်ဖက်ရည်ခန်းတစ်ခန်း ရှိသည်။ ညနေ ၄ နာရီဟူသော အချိန်သည် စောလည်း မစောလွန်း၊ မှောင်လည်း မမှောင်လွန်းသော စကောစကအချိန်မျိုး ဖြစ်နေသော်လည်း လက်ဖက်ရည်ခန်းထဲ၌မူ အမျိုးသမီးဧည့်သည် အမြောက်အမြား ရောက်ရှိနေကြသည်။ ကုမ္ပဏီဝတ်စုံ ဝတ်ဆင်ထားသည့် တချို့သော ဧည့်သည်များသည် မဂ္ဂဇင်းစာအုပ်များကို လှန်လှောကြည့်ရှုနေကြသည်။ အမျိုးသား ဧည့်သည်များကိုတော့ တစ်ယောက်တလေမျှပင် မတွေ့ရချေ။

အဖြူရောင် အင်္ကျီနှင့် ကိုယ်ခန္ဓာသေးသွယ်သော စားပွဲထိုးမလေးတစ်ယောက်သည် သူ့အနားသို့ ရောက်ရှိလာသည်။

“ကြိုဆိုပါတယ်ရှင်။ တစ်ယောက်တည်းပဲလား မသိဘူး” သူ၏ အပြုံးက အသက်မပါလှ။ သူသည် ကုစာနာဂိကို နေရာသို့ ပို့ဆောင်ပေးသည်။ ထိုင်ခုံမှာ နံရံနှင့် ကပ်လျက်။

လက်ဖက်ရည်မီနျူးပေါ်တွင် ယမန်နေ့ကအချိန်ထိ ကုစာနာဂိအတွက် ဘူးလုံးနားမထွင်းသော လက်ဖက်ခြောက် အမျိုးမျိုး၏ နာမည်များကို ရေးသားထားသည်။ သို့သော် ယခုအခါတွင်မူ သူသည် ၎င်းစာရင်းထဲမှ တချို့သော လက်ဖက်ခြောက်များကို အမျိုးအမည် ခွဲခြားသိရှိနေသည့်အပြင် ကိုယ်တိုင်လည်း မြည်းစမ်းဖူးခဲ့ပေပြီ။ ယခုဆိုင်မှာ သူ ဝင်ရောက်စုံစမ်းခဲ့သော စတုတ္ထမြောက် လက်ဖက်ခြောက်ဆိုင် ဖြစ်သည်။

သူသည် စားပွဲထိုးမလေးကို အနားသို့
လက်ယပ်ခေါ်ပြီး
 လက်ဖက်ရည်အချိုတစ်ခွက် မှာလိုက်သည်။ ၎င်းမှာ အာသံအချိုခြောက်ကို နွားနို့ဖြင့် ရောစပ်၍ ဖျော်ထားသော နို့လက်ဖက်ရည် ဖြစ်သည်ဟု ရှေ့ဆိုင်တစ်ဆိုင်မှ သိထားခဲ့ရသည်။ သူသည် ယင်းလက်ဖက်ရည်ကို ခံတွင်းတွေ့နေသောကြောင့် နောက်တစ်ခွက် ထပ်သောက်ရန် မှာယူလိုက်သည်။

“နောက်ပြီး …” သူ၏ လိပ်စာကတ်ပြားကို စားပွဲထိုးမလေးအား ပြလိုက်သည်။ “ခင်ဗျားတို့ ဆိုင်မန်နေဂျာကို ခဏ ခေါ်ပေးလို့ ရမလား။ ကျွန်တော် မေးစရာနည်းနည်း ရှိနေလို့ပါ”

လိပ်စာကတ်ပေါ်မှ စာများကို ဖတ်ပြီးသွားသည့် အခါတွင် စားပွဲထိုးမလေး၏ မျက်နှာပေါ်မှ အပြုံးများ လုံးဝ ပျောက်ကွယ်သွားသည်။

ကုစာနာဂိသည် အလျင်အမြန် လက်ခါယမ်းပြလိုက်သည်။ “စိတ်မပူပါနဲ့။ ပြဿနာ ကြီးကြီးမားမား မရှိပါဘူး။ ဒီဆိုင်ကို လာဖူးတဲ့ ဧည့်သည်အကြောင်း နည်းနည်း စုံစမ်းချင်လို့ပါ”

“ဟုတ်ကဲ့။ ကျွန်မ သွားမေးကြည့်လိုက်ပါဦးမယ်”

“ကျေးဇူးပဲ” ကုစာနာဂိသည် ဤနေရာတွင် ဆေးလိပ်သောက်၍ ရနိုင်ပါ၏လောဟု မေးခွန်းထုတ်ရန် ဟန်ပြင်ပြီးကာမှ အရှိန်သတ်လိုက်ရသည်။ နံရံပေါ်တွင် ‘ဆေးလိပ်မသောက်ရ’ ဟူသော ဆိုင်းဘုတ်ကို တွေ့မြင်လိုက်ရသောကြောင့်ပင်။

သူသည် နောက်တစ်ကြိမ် အခန်းအတွင်းသို့ ဟိုဟိုဒီဒီ ဝေ့ဝိုက်ကြည့်လိုက်သည်။ ပတ်ဝန်းကျင်မှာ ဆိတ်ငြိမ်အေးချမ်းသည်။ စိတ်ကို ညွတ်နူးစေသည်။ စားပွဲထိုင်ခုံများ ချထားသည့် ပုံစံမှာလည်း စနစ်တကျ ရှိသည်။ သမီးရည်းစားများ ချိန်းတွေ့သည့်အခါတွင် ဘေးဘက်စားပွဲမှ လူများကို ဂရုစိုက်နေစရာ မလိုပေ။ ဤနေရာသည် မာရှိဘ ယိုရှီတာကာအား အကြိုက်တွေ့စေမည့် နေရာတစ်ခု ဖြစ်သည်ဟု တွေးနေမိသည်။ သို့ရာတွင် ကုစာနာဂိသည် များစွာတော့ မျှော်လင့်မထားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယခင် ရောက်ခဲ့ဖူးပြီးသော ဆိုင်သုံးဆိုင်တွင်လည်း သူသည် ဤနည်းတူ ခံစားခဲ့ရသည်။

များမကြာခင်တွင် အဖြူရောင်အင်္ကျီပေါ်၌ အနက်ရောင် ဝစ္စကုတ်ထပ်ဝတ်ထားသော အမျိုးသမီးတစ်ယောက်သည် အလွန်ဖော်ရွေသော မျက်နှာထားဖြင့် ကုစာနာဂိ၏ အရှေ့တွင် ရပ်နေလေသည်။ အသက်မှာ ၃၅-၆ နှစ်၊ မိတ်ကပ်ကို ခပ်ပါးပါး လိမ်းခြယ်ထားပြီး ဆံပင်ကို အနောက်တွင် စုချည်ထားသည်။

“ဘာများ ကူညီပေးရမလဲရှင်”

“ခင်ဗျားက ဒီဆိုင်ရဲ့ မန်နေဂျာလား”

“ဟုတ်ကဲ့၊ ကျွန်မနာမည် ဟာမာဒါပါ”

“အလုပ်ချိန်အတွင်းမှာ အနှောင့်အယှက်ပေးမိသလို ဖြစ်နေတဲ့အတွက် တောင်းပန်ပါတယ်။ ထိုင်ပြီး စကားပြောကြရအောင်လား” မျက်နှာချင်းဆိုင်တွင် သူ့ကို ထိုင်စေပြီးနောက် ကုစာနာဂိသည် အိတ်ကပ်ထဲမှ ဓာတ်ပုံတစ်ပုံကို ထုတ်ယူလိုက်သည်။ မာရှိဘ ယိုရှီတာကာ၏ ဓာတ်ပုံ ဖြစ်သည်။

“ကျွန်တော် အခု အမှုတစ်ခုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာတွေ လုပ်နေလို့ပါ။ ဓာတ်ပုံထဲကလူ ဒီကို လာဖူးသလား မသိဘူး။ ကျွန်တော် သိချင်တာက လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းက အကြောင်းကိုပါ”

မစ္စစ်ဟာမာဒါသည် ဓာတ်ပုံကို လှမ်းယူပြီး တစ်ခဏမျှ အသေအချာ စိုက်ကြည့်နေသည်။ ထို့နောက် ခေါင်းကို ငဲ့စောင်းလျက် “မြင်ဖူးတယ်လို့တော့ ထင်တာပဲ။ ဒါပေမယ့် အပိုင်တော့ မပြောရဲဘူး။ နေ့တိုင်းနေ့တိုင်း ဆိုင်ကို ဝင်ထွက်နေကြတဲ့ ဧည့်သည်တွေက အများကြီးပဲလေ။ နောက်ပြီး ဧည့်သည်တွေရဲ့ မျက်နှာကို တည့်တည့်စိုက်ကြည့်တာကလည်း မယဉ်ကျေးရာ ရောက်နေမှာကိုး”

သူ၏ အဖြေသည် ရှေ့ဆိုင်သုံးဆိုင်၏ အဖြေနှင့် များစွာ မကွာခြားလှ။

“ဟုတ်လား။ ကျွန်တော့်အထင် အဲဒီတုန်းက သူနဲ့အတူ မိန်းကလေးအဖော်တစ်ယောက်လည်း ပါလိမ့်ဦးမယ်” ကုစာနာဂိသည် ပိုပြီး သေချာသွားအောင် နောက်တစ်ကြောင်း ထပ်ဖြည့်လိုက်သည်။

ဆိုင်မန်နေဂျာသည် ခေါင်းကို ငဲ့စောင်းထားလျက်က ပြုံးပြသည်။ “ဒီဆိုင်ကို ပုံမှန်အားဖြင့်လည်း အတွဲတွေ အတော်များများက လာအားပေးကြတယ်” ပြောပြီး ဓာတ်ပုံကို စားပွဲပေါ် ချထားလိုက်သည်။

ကုစာနာဂိသည် ခေါင်းညိတ်ကာ သူ့ကို ပြုံးပြသည်။ သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာသောကြောင့် စိတ်ပျက်သွားသည်ဟု မဆိုသာပေ။ သို့သော် လုပ်တိုင်း အရာမထင်သောကြောင့် အနည်းငယ်
အားပြတ်သွားသည်။

“ဆရာ မေးချင်တာ ဒါပဲလား မသိဘူးနော်”

“ဟုတ်ကဲ့။ အခုလို ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဆိုင်မန်နေဂျာသည် ကုစာနာဂိ၏ စကားကို ကြားရသည်နှင့် မတ်တတ်ရပ်ကာ ထွက်ခွာသွားလေသည်။ ထို့နောက် စားပွဲထိုးမလေးက လက်ဖက်ရည်ခွက်တစ်ခွက် လာချပေးသည်။ ခွက်ကို စားပွဲပေါ်သို့ ချမည်အပြုတွင် စားပွဲပေါ်မှ ဓာတ်ပုံကို တွေ့မြင်သွားသောကြောင့် လက်မှာ လေထဲတွင် တုံ့ကနဲ ရပ်တန့်သွားသည်။

“အား … ဆောရီး” ကုစာနာဂိသည် စားပွဲပေါ်မှ ဓာတ်ပုံကို အလျင်အမြန် ကောက်ယူ သိမ်းဆည်းလိုက်သည်။

စားပွဲထိုးမလေးသည် လက်ဖက်ရည်ခွက်ကို မချသေးဘဲ ရပ်မြဲ ရပ်ကာ ကုစာနာဂိကို ကြည့်လျက် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်နေလေသည်။

“ဘာဖြစ်လို့လဲ” ကုစာနာဂိက မေးသည်။

“ဆရာ သိချင်တဲ့ ဧည့်သည်ဆိုတာ ဓာတ်ပုံထဲက လူကို ပြောတာလား” စားပွဲထိုးမလေးက တွန့်ဆုတ်သော အမူအရာဖြင့် မေးလိုက်သည်။

ကုစာနာဂိ၏ မျက်လုံးများ ပြူးကျယ်လာသည်။ သူသည် ဓာတ်ပုံကို စားပွဲထိုးမလေးရှေ့သို့ ပြန်ချပေးလိုက်သည်။ “ခင်ဗျား သူ့ကို သိလို့လား”

“သိတယ်လို့ပဲ ဆိုပါတော့ … အရင် ဒီဆိုင်က ဖောက်သည်ပဲလေ”

မစ္စစ်ဟာမာဒါသည်လည်း သူ၏ စကားသံကို ကြားသွားဟန်တူသည်။ သူတို့အနားသို့ ပြန်ရောက်လာသည်။

“သေချာရဲ့လား”

“ဟုတ်။ မှားစရာ မရှိလောက်ပါဘူး။ အဲဒီဧည့်သည်က ဒီဆိုင်ကို ခဏခဏ လာခဲ့ဖူးတယ်” သူ၏ လေသံမှာ အနည်းငယ် တွန့်ဆုတ်နေဟန် ရှိသော်လည်း စားပွဲထိုးမလေးသည် သူ၏ မှတ်ဉာဏ်ကို အပြည့်အဝ ယုံကြည်ထားပုံရသည်။

“ကျွန်တော် သူ့ကို မေးစရာလေးတွေ ရှိလို့ ခဏ ခေါ်ထားလို့ ရမလား” ကုစာနာဂိက မစ္စစ်ဟာမာဒါကို မေးလိုက်သည်။

“ဟုတ်၊ ရပါတယ်” ထိုစဉ် ဆိုင်ထဲသို့ ဧည့်သည်အသစ်များ ဝင်ရောက်လာသောကြောင့် မစ္စစ်ဟာမာဒါသည် ဧည့်သည်များကို ကြိုဆိုနှုတ်ဆက်ရန် တစ်ဘက်သို့လှည့်၍ ထွက်ခွာသွားလေသည်။

ကုစာနာဂိသည် စားပွဲထိုးမလေးကို မျက်နှာချင်းဆိုင်တွင် ထိုင်ခိုင်းပြီးနောက် သူ့ကို စမေးလေသည်။ “သမီး ဒီဧည့်သည်ကို ဘယ်တုန်းလောက်က မြင်ဖူးခဲ့တာလဲ”

“မှတ်မိတာတော့ ပထမဆုံးအကြိမ် သူ့ကိုတွေ့တာက လွန်ခဲ့တဲ့ သုံးနှစ်လောက်ကပဲ။ အဲဒီတုန်းက ကျွန်မ ဒီဆိုင်မှာ အလုပ်ဝင်ခါစဆိုတော့ လက်ဖက်ရည်တွေရဲ့ နာမည်တွေကိုတောင် ကောင်းကောင်း မမှတ်မိသေးဘူး။ သူ မှာတာကို အလွဲလွဲ အချော်ချော် ချမိနေလို့ ကျွန်မ အဲဒီကိစ္စကို အခုထိ ကောင်းကောင်း မှတ်မိနေသေးတာ”

“သူက ဒီကို တစ်ယောက်တည်း လာတာလား”

“ဟင့်အင်း။ အမြဲတမ်း သူ့ဇနီးနဲ့ အတူလာတာ”

“သူ့ဇနီး … သူ့ဇနီးကရော ဘယ်လို ပုံမျိုးလဲ”

“ဆံပင်အရှည်နဲ့။ ရုပ်က တော်တော်လေး ချစ်စရာကောင်းတယ်။ ကြည့်ရတာ ဂျပန်စစ်စစ်တော့ ဟုတ်ပုံ မရဘူး။ ကပြား ဖြစ်မယ် ထင်တယ်”

မာရှိဘ အာယနဲ မဖြစ်နိုင်ဟု ကုစာနာဂိ တွေးသည်။ အာယနဲသည် စံထားလောက်သည့် ဂျပန်မိန်းမချောတစ်ယောက် ဖြစ်သည်။

“အသက်အရွယ်က …”

“သုံးဆယ် စွန်းစွန်းလောက် ရှိမယ် ထင်တယ်။ အဲဒီထက်လည်း နည်းနည်း ပိုကြီးနိုင်တယ်”

“သူတို့နှစ်ယောက်က သူတို့ကိုယ်သူတို့ လင်မယားလို့ ပြောထားလို့လား”

စားပွဲထိုးမလေးသည် တစ်ခဏမျှ စဉ်းစားပြီးနောက် “အဲဒါလား … … ကျွန်မရဲ့ အထင်ပဲလားတော့ မပြောတတ်ဘူး။ ဒါပေမယ့် သူတို့ကို ကြည့်ရတာတော့ တကယ့်ကို လင်မယားတွေနဲ့ တူနေတယ်။ တစ်ယောက်ကိုတစ်ယောက်လည်း အတော်လေး ချစ်ကြတယ်။ ဈေးဝယ်ထွက်ပြီးအပြန် ဒီဆိုင်မှာ တစ်ထောက် ဝင်နားကြတယ်လို့ ကျွန်မစိတ်ထဲ ခံစားနေခဲ့မိတယ်”

“သူနဲ့ အတူပါလာတဲ့ အမျိုးသမီးအကြောင်းကို စောစောက ပြောခဲ့တာအပြင် တခြား ဘာတွေကိုရော မှတ်မိနေသေးလဲ။ ဘယ်လောက် အသေးအမွှားလေး ဖြစ်ဖြစ် ပြောပြပေးပါ”

စားပွဲထိုးမလေး၏ မျက်နှာတွင် သောက၏ အရိပ်အယောင်များ ယှက်သန်းလာသည်။ ဓာတ်ပုံထဲမှ လူကို သိပါသည်ဟု ပြောခဲ့မိသည့်အတွက် နောင်တရနေပြီလား မသိ။ ကုစာနာဂိ တွေးနေမိသည်။

“ကျွန်မရဲ့ စိတ်အထင် သက်သက်ပဲ ဖြစ်နေမလားတော့ မပြောတတ်ဘူး” စားပွဲထိုးမလေး၏ ပါးစပ်မှ အသံ ထစ်ငေါ့ထစ်ငေါ့ ထွက်ပေါ်လာသည်။ “အဲဒီအမျိုးသမီးက ပုံဆွဲတဲ့သူ ဖြစ်မယ် ထင်တယ်”

“ပုံဆွဲတဲ့သူ … ပန်းချီဆရာကို ပြောတာလား”

စားပွဲထိုးမလေးက ခေါင်းညိတ်ပြသည်။ ထို့နောက် ကုစာနာဂိကို မော့ကြည့်ရင်း “သူ့လက်ထဲမှာ တစ်ခါတလေကျရင် ပုံကြမ်းဆွဲစာအုပ် ဒါမှမဟုတ် ဒီလောက်အရွယ်ရှိတဲ့ လေးထောင့်ပုံ သေတ္တာတစ်လုံး ကိုင်ထားတတ်တယ်” ပြောပြီး သူသည် လက်နှစ်ဖက်ဖြင့် ၆၀ စင်တီမီတာခန့် ရှိသော လေးထောင့်ပုံသဏ္ဌာန်တစ်ခု လုပ်ပြသည်။ “စတုရန်းပုံ သေတ္တာအပြားလေး”

“အဲဒီအထဲမှာ ဘာထည့်ထားတာလဲ။ မြင်မိသေးလား”

“ဟင့်အင်း” သူက ခေါင်းငုံ့လျက် ပြောသည်။

ကုစာနာဂိက ပြန်တွေးကြည့်သည်။ မာရှိဘ ယိုရှီတာကာ၏ ရည်းစားဟောင်းသည် ပုံနှိပ်ထုတ်ဝေရေးနှင့် ပတ်သက်သည့် အလုပ်မျိုးကို လုပ်ကိုင်သည်ဟု ဟိရောမိထံမှ ကြားခဲ့ရသည်။ စာအုပ်လည်း ထုတ်ဝေခဲ့ဖူးသည်။ ပန်းချီဆရာက စာအုပ်ထုတ်လျှင် ပန်းချီစာအုပ်သာ ဖြစ်ရပေလိမ့်မည်။ သို့သော် စာဖတ်ပြီးနောက် ဖြစ်ပေါ်လာသည့် ခံစားချက်များကို ခဏခဏ မေးမြန်းခံရသောကြောင့် မာရှိဘ ယိုရှီတာကာသည် ထိုကိစ္စအတွက် အတော် စိတ်ညစ်ခဲ့ရသည်ဟုလည်း ဟိရောမိက ပြောခဲ့သေးသည်။ အကယ်၍သာ ပန်းချီစာအုပ် ဖြစ်လျှင် များစွာ စိတ်ညစ်ရလိမ့်မည် မဟုတ်။

“အဲဒါအပြင် တခြား မှတ်မိတာ ရှိသေးလား မသိဘူး” ကုစာနာဂိက မေးသည်။

စားပွဲထိုးမလေးသည် အတန်ငယ်မျှ စဉ်းစားနေပြီးနောက် ကုစာနာဂိကို စူးစမ်းလိုသောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ “သူတို့နှစ်ယောက်က လင်မယား မဟုတ်ဘူးလား”

“မဟုတ်လောက်ဘူး။ ဘာဖြစ်လို့ အဲဒီလို မေးရတာလဲ”

“ဟင့်အင်း။ ဘာရယ်မဟုတ်ပါဘူး” ပြောပြီး လက်တစ်ဖက်ကို မျက်နှာတွင် အပ်ထားသည်။ “ကျွန်မ မှတ်မိတာတော့ အဲဒီတုန်းက သူတို့နှစ်ယောက်က ကလေးအကြောင်းကို ဆွေးနွေးနေကြသလိုပဲ။ စောစောစီးစီး ကလေးယူချင်တာ ဘာညာ ပြောနေကြတာ။ ဒါပေမယ့် ကျွန်မ ယတိပြတ်တော့ မပြောနိုင်ဘူး။ တခြားလင်မယားနဲ့ ရောသွားတာလည်း ဖြစ်ချင် ဖြစ်နိုင်တယ်”

စားပွဲထိုးမလေး၏ လေသံမှာ ဝေဝေဝါးဝါး ဖြစ်နေသော်ငြားလည်း ကုစာနာဂိသည် ထိုကလေးမလေး၏ မှတ်ဉာဏ်ကို အပြည့်အဝ ယုံကြည်နေမိသည်။ မှားယွင်း လွဲချော်နိုင်စရာ အကြောင်းမရှိ။ မာရှိဘ ယိုရှီတာကာနှင့် ထိုစဉ်က ရည်းစားဟောင်းတို့၏ အကြောင်းသာ ဖြစ်ရပေမည်။

သဲလွန်စ တွေ့ချေပြီတကား။ ကုစာနာဂိ၏ ရင်ထဲ မြူးကြွ ပျော်ရွှင်လာသည်။ သူသည် စားပွဲထိုးမလေးကို ကျေးဇူးတင်စကား ပြောကြားပြီးနောက် လက်ဖက်ရည်ခွက်ဆီသို့ လက်လှမ်းလိုက်သည်။ ခွက်မှာ အေးစက်နေသည်။ သို့သော် အချိုခြောက်၏ မွှေးမြသည့် ရနံ့နှင့် နွားနို့၏ ချိုစိမ့်သော အရသာတို့သည် ဆန်းကြယ်စွာ
ပေါင်းစပ်ယှက်နွှယ်နေကြသည်။

လက်ဖက်ရည်ကို တစ်ဝက်ခန့်မျှ သောက်ပြီး ပန်းချီဆရာမအား မည်သို့ ရှာထုတ်ရမည်ကို စတင် စဉ်းစားနေစဉ်မှာပင် လက်ကိုင်ဖုန်းမှ အသံမြည်လာသည်။ ဖုန်းစခရင်ကို ငုံ့ကြည့်လိုက်သည်။ ခေါ်လာသူမှာ ယုကာဝါ။ ကုစာနာဂိသည် ဘေးဘီသို့ တစ်ချက် ဝေ့ကြည့်ပြီး ဖုန်းကို လက်ခံလိုက်သည်။ “အေး၊ ပြော”

“ငါပါ။ အခု ဖုန်းပြောလို့ အဆင်ပြေလား”

“ပြေတယ်။ ဒါပေမယ့် အခု ငါရောက်နေတဲ့ နေရာက ဖုန်းကျယ်ကျယ် ပြောလို့ မရဘူး။ အတော်တော့ ထူးဆန်းတာပဲ။ မင်းက ငါ့ကို တကူးတက ဖုန်းဆက်လာတယ် ဆိုတော့။ ပြောလေ။ ဘာကိစ္စလဲ”

“ငါ မင်းကို ပြောစရာ ရှိတယ်။ ဒီနေ့ ငါ့ကို အချိန်ပေးနိုင်မလား”

“အရေးကြီးတဲ့ ကိစ္စ ဆိုရင်တော့ မရရအောင် အချိန်ပေးရမှာပေါ့။ ဘာထူးလို့လဲ”

“အကြောင်းအရာ အတိအကျကိုတော့ လူချင်းတွေ့မှပဲ ပြောတော့မယ်။ အခု လတ်တလော ပြောနိုင်တာကတော့ မင်းရဲ့ အလုပ်နဲ့ သက်ဆိုင်နေတယ် ဆိုတာပဲ”

ကုစာနာဂိက သက်ပြင်းချလိုက်သည်။ “မင်းနဲ့ ဥကျုမိက ဘာတွေ ခိုးကြောင်ခိုးဝှက် လုပ်နေကြတာလဲ”

“ဟ၊ ခိုးကြောင်ခိုးဝှက် လုပ်နေတယ် မဖြစ်အောင်လို့ မင်းဆီ ဖုန်းဆက်တာပေါ့ကွ။ မင်း လာမလား၊ မလာဘူးလား”

စတိုင်တစ်ခွဲသားနှင့် စကားပြောနေသော ယုကာဝါ၏ ပုံပန်းသဏ္ဌာန်ကို မြင်ယောင်ကြည့်မိသည့် အခါတွင် ကုစာနာဂိက မဲ့ပြုံးပြုံးလိုက်သည်။ “အေးပါကွာ။ ဘယ်ကို လာတွေ့ရမလဲ”

“နေရာကို မင်း ရွေး။ ဒါပေမယ့် ဆေးလိပ်မသောက်ရတဲ့ နေရာမျိုးတော့ ဖြစ်ပါစေ” ယုကာဝါသည် ဘာကိုမျှ ဂရုမစိုက်ဘဲ သူပြောချင်ရာကို ပြောချလိုက်သည်။

***

သူတို့နှစ်ဦးသည် ရှီနာဂါဝါဘူတာအနီးရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် တွေ့ဆုံကြသည်။ ၎င်းနေရာသည် အာယနဲ တည်းခိုနေသည့် ဟိုတယ်နှင့်လည်း အလွန်နီးသည်။ အကယ်၍သာ ယုကာဝါနှင့် စကားဝိုင်းကို ခပ်မြန်မြန် ဖြတ်နိုင်ခဲ့မည် ဆိုလျှင် အာယနဲထံသို့ သွားပြီး ပန်းချီဆရာမအကြောင်း မေးမြန်းဦးမည်ဟု သူ ကြံစည်ထားသည်။

ကော်ဖီဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ဆေးလိပ်သောက်ခွင့် မရှိသော ဧရိယာ၏ အတွင်းဘက် အကျဆုံး ထိုင်ခုံတွင် ထိုင်နေသော ယုကာဝါကို တွေ့မြင်လိုက်ရသည်။ မဂ္ဂဇင်းဟု ယူဆရသော စာစောင်တစ်ခုကို လှန်လှောနေသည်။ မကြာခင် ဆောင်းဝင်ပေတော့မည်။ သူသည် ရှပ်လက်တိုတစ်ထည်ကိုသာ ဝတ်လျက် နံဘေးရှိ ထိုင်ခုံအလွတ်ပေါ်တွင် အနက်ရောင် သားရေအိတ်တစ်လုံးကို တင်ထားသည်။

ကုစာနာဂိက သူ့အရှေ့သို့ လျှောက်သွားသည်တွင် သူသည် ခေါင်းကိုပင် တစ်ချက်ကလေးမျှ မော်မကြည့်ပေ။

“ဘာတွေများ အဲဒီလောက် စိတ်ဝင်စားစရာ ကောင်းနေလို့လဲ” ကုစာနာဂိသည် ထိုင်ခုံကို ဆွဲယူရင်း ပြောလိုက်သည်။

ယုကာဝါ၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အရိပ်အယောင်ကို တစ်စက်ကလေးမျှ မတွေ့ပေ။ ဖတ်လက်စ စာစောင်ကို လက်ညှိုးထိုးလျက်က “ဒိုင်နိုဆောနဲ့ ပတ်သက်တဲ့ ဆောင်းပါးပါကွာ။ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို CT scan နဲ့ ဖတ်တဲ့ နည်းပညာအကြောင်း ရေးထားတာ” ဆိုင်ထဲသို့ ကုစာနာဂိ ဝင်လာကတည်းက သူ ရိပ်မိထားပြီး ဖြစ်ပေလိမ့်မည်။

“သိပ္ပံမဂ္ဂဇင်းလား။ ဒိုင်နိုဆောရဲ့ အရိုးကို CT scan နဲ့ ဖတ်တော့ရော ဘာထူးသွားမှာမို့လဲ”

“အရိုးမဟုတ်ဘူး။ ကျောက်ဖြစ်ရုပ်ကြွင်းကို ဖတ်တာ” ယုကာဝါသည် ယခုမှ ခေါင်းမော့ကြည့်လာသည်။ လက်ညှိုးထိပ်ဖြင့် မျက်မှန်ကိုင်းကို အထက်သို့ ပင့်တင်လိုက်သည်။

“အတူတူပဲလေကွာ။ အဲဒီ ဒိုင်နိုဆောရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေဆိုတာ အရိုးတွေပဲ မဟုတ်ဘူးလား”

ယုကာဝါသည် မျက်လုံးကို မှေးစင်းကာ ရယ်ချလိုက်သည်။ “မင်းဆိုတဲ့ ကောင်ကတော့ကွာ။ ငါ့ကို မျှော်လင့်ချက်မဲ့အောင်တော့ ဘယ်တော့မှ မလုပ်တတ်ဘူး။ ငါ မျှော်လင့်ထားတဲ့ အဖြေကို အမြဲတမ်း ရွေးဖြေတတ်တယ်”

“မင်းက ငါ့ကို ရွဲ့နေတာလား”

စားပွဲထိုးသည် သူတို့အနားသို့ ရောက်လာသည်။ ကုစာနာဂိက ခရမ်းချဉ်သီးဖျော်ရည် တစ်ခွက် မှာလိုက်သည်။

“အရင်တုန်းက အဲဒီလိုဟာမျိုး တစ်ခါမှ မမှာဖူးပါဘူး။ ဘာလဲ။ ကျန်းမာရေးကို အလေးထားလာတဲ့ သဘောလား”

“တော်ပါကွာ။ ငါက လက်ဖက်ရည်နဲ့ ကော်ဖီကို မသောက်ချင်တော့တာ။ ဒါနဲ့ … ဘာကိစ္စလဲ။ ပြောစရာရှိတာသာ မြန်မြန် ပြောပေတော့”

“ငါက မင်းနဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ကိစ္စကို ဆွေးနွေးကြည့်ချင်သေးတာ။ ထားပါတော့ကွာ” ယုကာဝါသည် ကော်ဖီခွက်ကို ကောက်ကိုင်လိုက်သည်။ “အဆိပ်ခတ်ပုံ ခတ်နည်းနဲ့ ပတ်သက်ပြီး ထ.ရ.ဖဆီက မင်း ကြားပြီးပြီ မဟုတ်လား”

“ကြားပြီးပြီ။ မင်း ယူဆထားတဲ့ နည်းလမ်းက သဲလွန်စ မကျန်ဘဲ မနေဘူး။ ဒါကြောင့် ဒီအမှုမှာ အသုံးချဖို့ လုံးဝ မဖြစ်နိုင်ဘူးတဲ့။ ငါတို့ရဲ့ စုံထောက်ဝိဇ္ဇာကြီး ဂယ်လီလီယိုတောင် အမှားလုပ်တတ်သေးတာပဲနော်။ တကယ် မထင်ရဘူး”

“‘မကျန်ဘဲ မနေဘူး’ ဆိုတဲ့ စကားနဲ့ ‘အသုံးချဖို့ လုံးဝ မဖြစ်နိုင်ဘူး’ ဆိုတဲ့ စကားတွေက သိပ်တော့ သိပ္ပံနည်းမကျဘူးကွ။ နောက်ပြီး ပြောရဦးမယ်။ လူတစ်ယောက်က အဆိုကြမ်းတစ်ခု တင်ပြပြီး အဲဒီ အဆိုကြမ်းကို မှားကြောင်း သက်သေပြနိုင်တာနဲ့ပဲ အဲဒီလူကို အမှားလုပ်တယ်လို့ ပြောလို့ မရဘူး။ ဒါပေမယ့် မင်းက သိပ္ပံပညာရှင် မဟုတ်လေတော့ မင်းနဲ့ ဆက်ငြင်းမနေချင်တော့ဘူး”

“တကယ်လို့ အနာပေါ် တုတ်ကျသွားတယ် ဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ပြောလို့ ရပါတယ်ကွာ”

“ငါ ရှုံးသွားပြီလို့ မင်းက ဆိုလိုချင်တာလား။ ငါဖြင့် တစ်စက်ကလေးမှ အဲဒီလို မခံစားရပါဘူးကွာ။ အဆိုကြမ်းကို တွန်းလှန်ဖယ်ရှားပစ်နိုင်တယ် ဆိုတာကိုက အောင်မြင်မှု တစ်ခုပဲ။ အဲဒီလိုမှလည်း ကျန်ခဲ့တဲ့ ဖြစ်နိုင်ခြေတွေက နည်းသထက် နည်းသွားမှာ။ ကော်ဖီထဲ အဆိပ်ခတ်နိုင်တဲ့ နည်းလမ်းက အခုဆို တစ်ခု ထပ်လျော့သွားပြီ”

ခရမ်းချဉ်သီး ဖျော်ရည်တစ်ခွက် ရှေ့သို့ ရောက်လာသည်။ ကုစာနာဂိသည် စုတ်ပိုက်ကို မသုံးဘဲ ဂလုဂလုမြည်အောင် တစ်ကျိုက် မော့ချလိုက်သည်။ ယခင်က လက်ဖက်ရည်ကိုသာ တောက်လျှောက် သောက်လာခဲ့ရသောကြောင့် ခရမ်းချဉ်ဖျော်ရည်သည် သူ၏ လျှာပေါ်မှ ရသာဖုလေးများကို သစ်ဆန်းသော ထိုးနှက်ချက်များ ဆောင်ကြဉ်းပေးသွားသည်။

“အဆိပ်ခတ်နိုင်တဲ့ နည်းလမ်းက တစ်ခုပဲ ရှိတယ်” ကုစာနာဂိက ပြောသည်။ “တစ်ယောက်ယောက်က ရေခရားအိုးထဲကို အဆိပ်ထည့်ခဲ့တယ်။ အဲဒီလူက ဝါကာယာမာ ဟိရောမိ မဟုတ်ဘူးဆိုရင် တနင်္ဂနွေနေ့က မာရှိဘ ယိုရှီတာကာကိုယ်တိုင် အိမ်ထဲ ခေါ်သွင်းခဲ့တဲ့ လူတစ်ယောက် ဖြစ်မှာပဲ”

“ဒီလိုဆို မင်းက ရေထဲ အဆိပ်ခတ်တဲ့ ဖြစ်နိုင်ခြေကို ငြင်းပယ်လိုက်တယ် ဆိုပါတော့”

ယုကာဝါ၏ စကားကို ကြားရသည့်အခါတွင် ကုစာနာဂိက နှုတ်ခမ်းကို မဲ့လိုက်သည်။ “ထ.ရ.ဖနဲ့ ဓာတ်ခွဲဌာနကို ငါ ယုံတယ်။ သူတို့က ပလတ်စတစ်ဗူးခွံထဲမှာ အဆိပ်မတွေ့ဘူး ဆိုတော့ ရေထဲမှာ အဆိပ်မရှိဘူး ဆိုတဲ့ သဘောပဲပေါ့”

“အဲဒီပလတ်စတစ်ဗူးတွေကို ဆေးကြောထားတာ ဖြစ်နိုင်တယ်လို့ ဥကျုမိက ယူဆသတဲ့လေ”

“ငါ ကြားပြီးပြီ။ လုပ်ကြံခံရသူ ကိုယ်တိုင်က ဆေးကြောထားတာလို့ သူ ပြောခဲ့တာ မဟုတ်လား။ ငါ လောင်းရဲတယ်ကွာ။ ဒီလောကမှာ ဘယ်သူကများ ရေထည့်တဲ့ ဗူးခွံကို ဆေးမှာတဲ့လဲ”

“ဒါပေမယ့် ဖြစ်နိုင်ခြေ လုံးဝ မရှိဘူးလို့ ပြောလို့ မရဘူးလေ”

ကုစာနာဂိက ဟွန့်ကနဲ နှာမှုတ်လိုက်သည်။ “အင်မတိ အင်မတန်မှ ဖြစ်နိုင်ခြေ နည်းတဲ့အပေါ်မှာ မင်းက လောင်းကြေးတင်မလို့လား။ အဲဒါဆိုလည်း မင်း သဘောပဲ။ ငါကတော့ ပိုပြီး သေချာတဲ့ အပိုင်းကနေပဲ လောင်းမယ်”

“မင်း အခု သွားနေတဲ့ လမ်းကြောင်းက ပိုပြီး တည်ငြိမ်စေ့စပ်တယ် ဆိုတာကို ငါ ဝန်ခံပါတယ်။ ဒါပေမယ့် ဘယ်နေရာမှာပဲဖြစ်ဖြစ် ခြွင်းချက်ဆိုတာ ရှိစမြဲပဲ မဟုတ်လား။ အဲဒီလို ဖြစ်နိုင်ခြေ သေးသေးမွှားမွှားလေးကို ခြေရာကောက်ရတာကလည်း သိပ္ပံလောကမှာ မရှိမဖြစ် လိုအပ်တာပဲ” ယုကာဝါသည် လေးနက်တည်ကြည်သော အကြည့်တစ်စုံဖြင့် သူ့ကို ကြည့်နေသည်။ “ငါ မင်းကို အကူအညီ တောင်းစရာ ရှိတယ်”

“ဘာလဲ”

“ငါ မာရှိဘအိမ်ကို နောက်တစ်ခေါက် သွားကြည့်ချင်သေးတယ်။ ငါ့ကို ဝင်လို့ရအောင် မင်း လုပ်ပေးနိုင်မလား။ သူတို့ရဲ့ အိမ်သော့က မင်းနဲ့အတူ ထပ်ကြပ်မကွာ ရှိနေသေးတယ် ဆိုတာကို ငါ သိထားပြီးသား”

ကုစာနာဂိသည် လူထူးလူဆန်း ရူပဗေဒပညာရှင်ကို မျက်လုံးပင့်ကြည့်လိုက်သည်။ “မင်းက ဘာကြည့်ချင်သေးလို့လဲ။ လွန်ခဲ့တဲ့ နှစ်ရက်က ဥကျုမိနဲ့အတူ ကြည့်ခဲ့ပြီးပြီ မဟုတ်ဘူးလား”

“အခု အမှုကို ကြည့်တဲ့ ရှုထောင့်က အရင်နဲ့ မတူတော့ဘူး”

“ဘယ်လို မတူတာလဲ”

“ငါရဲ့ အတွေးက ရိုးရိုးလေးပါပဲ။ ငါ အမှားတစ်ခုခု လုပ်ခဲ့ပုံ ရတယ်။ ဒါကြောင့် သေချာအောင် နောက်တစ်ခေါက် ထပ်ကြည့်ချင်တယ်”

ကုစာနာဂိသည် စားပွဲကို လက်ချောင်းဖြင့် တဒေါက်ဒေါက် ခေါက်နေသည်။ “ဘာတွေလဲကွာ။ ဒီထက်ရှင်းအောင် ပြောလို့ မရဘူးလား”

“ဟိုဘက်ရောက်လို့ ငါ့အမှားကို အတည်ပြုနိုင်ရင် မင်းကို ပြောပြမယ်။ အဲဒီလို လုပ်တာကလည်း မင်း ကောင်းဖို့ အတွက်ပဲ”

ကုစာနာဂိသည် ထိုင်ခုံပေါ် မှီချပြီး သက်ပြင်းချလိုက်သည်။ “မင်း ဘာတွေ အကြံကြီး ကြံနေတာလဲ။ မင်းနဲ့ ဥကျုမိက ဘယ်လိုများ အပေးအယူ လုပ်ထားကြတာလဲ”

“အပေးအယူ … မင်းဟာက ဘာအဓိပ္ပာယ်လဲ” ယုကာဝါက ရယ်နေသည်။ “အတွေးမခေါင်စမ်းပါနဲ့ကွာ။ ငါ မင်းကို အရင်က ပြောခဲ့ဖူးသလိုပေါ့။ သိပ္ပံပညာရှင်တစ်ယောက်အနေနဲ့ ငါက ပဟေဠိတွေကို စိတ်ဝင်စားတယ်။ ဒါကြောင့် အဲဒါကို ဖြေရှင်းဖို့ ကြိုးစားကြည့်တယ်။ ဒါပဲ။ စိတ်ဝင်စားမှု ပျောက်သွားတာနဲ့ ဂဲတောက်ပေါ့ကွာ။ အခု နောက်ဆုံး ဆုံးဖြတ်ချက်ကို ချဖို့အတွက် အဲဒီအိမ်ကို ထပ်သွားဖို့ လိုနေတယ်။ ဒါကြောင့် မင်းကို အကူအညီ တောင်းရတာပဲ”

ကုစာနာဂိသည် သူငယ်ချင်းဟောင်းကြီး၏ မျက်လုံးအစုံကို မျက်တောင်မခတ်ဘဲ ခင်တင်းတင်း စိုက်ကြည့်နေသည်။ သို့တစေ ယုကာဝါမှာမူ ခါတိုင်းကဲ့သို့ အေးတိအေးစက် မျက်နှာထားဖြင့် သူ့ကို ပြန်ကြည့်နေလေသည်။

ယုကာဝါ မည်သို့မည်ပုံ စဉ်းစားကြံစည်နေသည်ကို ကုစာနာဂိ မတွေးဆတတ်အောင် ဖြစ်နေရသည်။ သို့သော် ယင်းသို့ ဖြစ်နေရခြင်းမှာလည်း အထူးအဆန်းတော့ မဟုတ်။ ယခင်ကလည်း ဘာမှန်းမသိသည့် အခြေအနေမျိုးမှာပင် ယုကာဝါကို အပြည့်အဝ ယုံကြည်ခဲ့သောကြောင့် အကူအညီပေါင်း များစွာကို ရရှိခဲ့ဖူးပြီး ဖြစ်သည်။

“ငါ မစ္စစ်မာရှိဘဆီ ဖုန်းဆက်ကြည့်လိုက်ဦးမယ်။ ခဏစောင့်” ကုစာနာဂိသည် လက်ကိုင်ဖုန်းကို ဆွဲထုတ်ရင်း မတ်တတ်ထရပ်လိုက်သည်။

အဝေးသို့ လျှောက်သွားပြီး ဖုန်းခလုတ်များကို နှိပ်ချလိုက်သည်။ အာယနဲက ဖုန်းလက်ခံလိုက်သည့် အခါတွင် သူသည် ပါးစပ်ကို လက်ဖြင့် အုပ်လျက် ယခုအချိန် မာရှိဘအိမ်သို့ သွားကြည့်၍ ဖြစ်မဖြစ် မေးကြည့်လေသည်။ “တောင်းပန်ပါတယ်ဗျာ။ နေရာတစ်နေရာကို ကျွန်တော်တို့ အခုသွားစစ်ဆေးကြည့်ဖို့ လိုအပ်နေလို့ပါ”

အာယနဲထံမှ သက်ပြင်းချသံ ခပ်သဲ့သဲ့ကို သူ ကြားလိုက်ရသည်။ “ဆရာ့အနေနဲ့ အခုလို အားတောင့်အားနာ ဖြစ်နေဖို့ မလိုပါဘူးရှင်။ စုံစမ်းထောက်လှမ်းတယ် ဆိုတာက လုပ်ကို လုပ်ရမယ့် ကိစ္စပဲ မဟုတ်လား။ ဆရာတို့ လုပ်စရာ ရှိတာသာ လုပ်ပါ”

“ကျေးဇူးပါပဲ။ ကျွန်တော် လမ်းကြုံတုန်း ပန်းပင်တွေကိုပါ ရေလောင်းပေးလိုက်ပါ့မယ်”

“ကျေးဇူးပါပဲရှင်။ အတိုင်းထက်အလွန်ပဲပေါ့”

ဖုန်းချပြီးနောက် ကုစာနာဂိက နေရာသို့ ပြန်ထိုင်သည်။ ယုကာဝါသည် သူ့ကို မျက်တောင်မခတ်တမ်း အကဲခတ်နေသည်ကို တွေ့လိုက်ရသည်။

“ဘာပြောချင်လို့လဲ”

“ဖုန်းဆက်တာပဲကွာ။ အဝေးကြီး သွားနေစရာ လိုလို့လား။ ငါ မကြားစေချင်တဲ့ စကားများ ပြောနေလို့လား”

“မဖြစ်နိုင်တာ … သူ့အိမ်ကို ငါတို့ ဝင်ကြည့်ဖို့ သူ့ကို ခွင့်ပြုချက်တောင်းရုံ သက်သက်ပါပဲ”

“ဪ”

“ဘာတုံး … ဘာဖြစ်ရပြန်တာလဲ”

“ဘာမှ မဟုတ်ပါဘူး။ ငါ စဉ်းစားနေတာ။ မင်း စောစောက ဖုန်းဆက်နေတဲ့ ပုံစံက ဈေးဝယ်နဲ့ အဆက်အသွယ် လုပ်နေတဲ့ အရောင်းသမားပုံ ပေါက်နေလို့။ အဲဒီလောက်တောင် မျက်နှာချို သွေးနေစရာ လိုလို့လား”

“ငါတို့က အိမ်ရှင် အိမ်မှာ မရှိတဲ့အချိန်မှာ သူ့အိမ်ကို ဝင်ကြရမှာလေကွာ။ ဒီတော့ ယဉ်ယဉ်ကျေးကျေးနဲ့ အခွင့်တောင်းရမှာပေါ့”
ကုစာနာဂိသည
် စားပွဲပေါ်မှ ဘေလ်စာရွက်ကို ကောက်ယူလိုက်သည်။ “လာ သွားမယ်။ အချိန်မရှိဘူး”

သူတို့ နှစ်ဦးသည် ဘူတာရုံရှေ့တွင် တက္ကစီတစ်စီး ငှားလိုက်ကြသည်။ ယုကာဝါသည် ကားပေါ်သို့ ရောက်သည်နှင့် ဖတ်လက်စ သိပ္ပံမဂ္ဂဇင်းကို လှန်လှောနေတော့သည်။

“ဒိုင်နိုဆောရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေက အရိုးတွေပဲလို့ မင်း စောစောက ပြောခဲ့တယ်နော်။ အဲဒီအယူအဆထဲမှာ အင်မတန် ကြီးမားတဲ့ ဟာကွက်တစ်ခု ကပ်ပါနေတယ်။ အဲဒါကြောင့်လည်းပဲ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင် အများစုက တန်ဖိုးမဖြတ်နိုင်တဲ့ အရင်းအမြစ် အတော်များများကို ဖြုန်းတီးမိခဲ့ကြတယ်”

ကုစာနာဂိသည် ဤကိစ္စကို ထိပ်တိုက်ဆွေးနွေးရန် ဆန္ဒမရှိလှသော်လည်း ယုကာဝါနှင့် စကားစမြည်ပြောရန် ဆုံးဖြတ်လိုက်သည်။ “ဒါပေမယ့် ပြတိုက်တွေမှာ တွေ့ရတဲ့ ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းတွေ အားလုံးက အရိုးတွေချည်းပဲ မဟုတ်ဘူးလား”

“ဟုတ်တယ်။ အရိုးတွေပဲ ကျန်ခဲ့လိမ့်မယ်လို့ လူတွေက သိထားကြတာလေ။ ဒါကြောင့် ကျန်တာအကုန်လုံးကို လွှင့်ပစ်လိုက်ကြတယ်”

“မင်းစကားက ဘာအဓိပ္ပာယ်လဲ”

“ဆိုကြပါစို့ကွာ။ တွင်းကြီးတစ်တွင်း တူးပြီး အထဲမှာ ဒိုင်နိုဆောအရိုးတွေကို တွေ့လာရပြီ ဆိုပါစို့။ အဲဒီအခါ သုတေသီတွေက ဝမ်းသာအယ်လဲနဲ့ အသည်းအသန် တူးဖော်ကြတယ်။ အရိုးတွေမှာ ကပ်နေတဲ့ မြေမှုန်တွေကို ပြောင်သလင်းခါသွားအောင် သန့်ရှင်းပစ်ကြတယ်။ ပြီးတော့ အဲဒါတွေ အားလုံးကို ဆက်ပြီး ဒိုင်နိုဆော အရိုးခွံကြီးတစ်ခု ဖန်တီးတယ်။ တီရန်နိုဆောရပ်စ်ရဲ့ မေးရိုးက ဒီလိုပါလား။ ရှေ့လက်တွေက ဒီလောက် တိုပါလား။ စသဖြင့် လေ့လာချက်တွေကို စတင် လုပ်ဆောင်ကြတယ်။ ဒါပေမယ့် သူတို့ မသိတာက သူတို့ဟာ အင်မတန် ဆိုးရွားပြင်းထန်တဲ့ အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့မိပြီလို့ သူတို့ မသိကြဘူး။ ၂၀၀၀ ပြည့်နှစ်က သုတေသနအဖွဲ့တစ်ဖွဲ့ဟာ တူးဖော်တွေ့ရှိထားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းရဲ့ အပေါ်မှာ တွယ်ကပ်နေတဲ့ ရွှံ့မြေတွေကို ရှင်းလင်းဖယ်ရှား မပစ်ဘဲ အတုံးအခဲလိုက်ယူပြီး CT Scan ဖတ်ကြည့်ကြတယ်။ ဘာတွေ တွေ့လာရသလဲ သိလား။ သူတို့ရဲ့ နှလုံးကို တွေ့ရှိခဲ့တယ်။ အရိုးတွေရဲ့ ကြားမှာ တွယ်ကပ်နေတဲ့ မြေစိုင်မြေခဲတွေက သတ္တဝါကြီးရဲ့ ကိုယ်တွင်းကလီစာတွေကို လုံးဝ ပုံမပျက်အောင် ထိန်းသိမ်းပေးထားခဲ့တယ်။ အဲဒီနေ့ကစပြီး ကျောက်ဖြစ်ရုပ်ကြွင်းတွေ အားလုံးကို CT Scan ဖတ်တဲ့ အလေ့အကျင့်က စံလုပ်ထုံးတစ်ခု ဖြစ်လာခဲ့တယ်”

ကုစာနာဂိ၏ တုံ့ပြန်မှုက အနည်းငယ် တုံ့ဆိုင်းနေသည်။ သူသည် ‘အင်း’ တစ်ချက် ထူးကာ “အတော်တော့ စိတ်ဝင်စားစရာ ကောင်းတာပဲ။ ဒါပေမယ့် အဲဒါက ဒီအမှုနဲ့ ဘယ်လိုများ ပတ်သက်နေလို့လဲ။ ဒါမှမဟုတ် ဗဟုသုတဖြစ်အောင် ပြောပြရုံ သက်သက်ပဲလား”

“အဲဒီအကြောင်းကို စသိတဲ့ အချိန်တုန်းက ငါ ဘာစဉ်းစားမိသလဲ ဆိုတော့ အဲဒါကို နှစ်ပေါင်း အသိန်းအသန်းချီပြီး လုပ်ယူထားတဲ့ ဆန်းကြယ်တဲ့ သဘာဝတရားကြီးရဲ့ လှည့်ကွက်တစ်ခုပဲ။ ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်းတွေကို ရှာတွေ့ပြီး မြေစိုင်မြေခဲတွေ အားလုံးကို ရှင်းထုတ်ပစ်ခဲ့တဲ့ သုတေသီတွေကို ငါတို့အနေနဲ့ အပြစ်ပြောလို့ မရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အရိုးတွေချည်း ကျန်ခဲ့မယ် ဆိုတဲ့ အယူအဆကလည်း သဘာဝနိယာမတရားနဲ့ ကိုက်ညီနေတယ်။ သုတေသီတစ်ယောက်ရဲ့ တာဝန်က အဲဒီအရိုးတွေကို မြေပေါ်ရောက်အောင် တူးထုတ်ပြီး ပြီးပြည့်စုံတဲ့ ရုပ်သဏ္ဌာန်တစ်ခု ဖြစ်အောင် ပြန်လည် တည်ဆောက်ရတာ မဟုတ်လား။ ဒါ သဘာဝကျတယ်လေ။ ဒါပေမယ့် သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိတာက ဘာမှ အသုံးမဝင်ပါဘူး ဆိုပြီး သူတို့ စွန့်ပစ်ခဲ့တဲ့ မြေစိုင်မြေခဲတွေမှာ ပိုပြီး အဓိပ္ပာယ် ပြည့်ဝတဲ့ တန်ဖိုးတစ်ခု ရှိနေကြတယ်”

ယုကာဝါသည် မဂ္ဂဇင်းကို ပြန်ပိတ်လိုက်သည်။ “ဖယ်ထုတ်နည်း ဆိုတာကို ငါ့ပါးစပ်ဖျားကနေ မချဘဲ အမြဲ ပြောနေခဲ့တယ် မဟုတ်လား။ ဖြစ်နိုင်ခြေ ရှိတဲ့ အဆိုကြမ်းတွေကို တစ်ခုပြီးတစ်ခု ဖြိုဖျက်နိုင်အောင် ကြိုးစား။ နောက်ဆုံးကျရင် တစ်ခုတည်းသော အမှန်တရားကို ရှာတွေ့နိုင်လိမ့်မယ်။ ဒါပေမယ့် အဆိုကြမ်း သတ်မှတ်တဲ့ နည်းလမ်းကိုယ်နှိုက်မှာကိုက အခြေခံကျတဲ့ အမှားမျိုး ပါနေတတ်တယ်။ အဲဒီလို အမှားမျိုး ပါသွားပြီ ဆိုရင်တော့ အင်မတန်မှ အန္တရာယ်များတဲ့ ရလဒ်မျိုး ထွက်လာတော့တာပဲ။ တစ်နည်းပြောရရင် ဒိုင်နိုဆောရဲ့ အရိုးတွေကိုပဲ အလေးထားလွန်း အားကြီးသွားရင် ပိုပြီး အရေးပါတဲ့ ပစ္စည်းတွေကို စွန့်ပစ်မိလျက်သား ဖြစ်သွားနိုင်တယ်”

ယခုမှ ကုစာနာဂိ နားလည်သဘောပေါက်သွားသည်။ ယုကာဝါ၏ စကားသည် အမှုနှင့် လုံးဝ မသက်ဆိုင်သော စကားမျိုး မဟုတ်ပေ။ “မင်း ဆိုလိုချင်တာက … ငါတို့ အဆိပ်ခတ်တဲ့နည်းကို စဉ်းစားတဲ့နေရာမှာ အမှားတစ်ခုခု ကျူးလွန်မိခဲ့တယ်။ အဲဒီလိုလား”

“အဲဒီကိစ္စကို ငါ အခု သွားစစ်ကြည့်မလို့ပဲ။ ဒီတရားခံက အစွမ်းအစ ရှိတဲ့ သိပ္ပံပညာရှင်တစ်ယောက် ဖြစ်ချင် ဖြစ်နေမှာ” ယုကာဝါ၏ စကားက သူ့ကိုယ်သူ ပြန်ပြောနေသည့်နှယ်။

မာရှိဘအိမ်တွင် လူတစ်ဦးတစ်ယောက်မျှ မရှိ။ ကုစာနာဂိသည် အိတ်ကပ်ထဲမှ သော့ကို ဆွဲထုတ်လိုက်သည်။ ဤအိမ်တွင် သော့နှစ်စုံ
ရှိသည်။
 တကယ်တော့ အာယနဲကို ပြန်ပေးဖို့ အချိန်တန်ပြီ။ ကုစာနာဂိကလည်း သော့ပြန်ပေးရန် ဟိုတယ်သို့ ရောက်သွားခဲ့သည်။ သို့သော် အာယနဲက နောင်အသုံးလိုလျှင် လိုလာနိုင်သေးသည်ဟု ဆိုကာ သော့တစ်စုံကို ကုစာနာဂိ၏ လက်အတွင်းသို့ ပြန်လည် အပ်နှံခဲ့သည်။ အာယနဲကလည်း လတ်တလောအချိန်တွင် ထိုအိမ်သို့ ပြန်နေရန် အစီအစဉ် မရှိသေးဟု ဆိုသည်။

“ဈာပနအခမ်းအနားက ပြီးသွားပြီ မဟုတ်ဘူးလား။ မစ္စစ်မာရှိဘက အိမ်ပြန်ပြီး သူ့ယောက်ျားအတွက် ကန်တော့စင်တွေ ဘာတွေ လုပ်ဖို့ အစီအစဉ် မရှိဘူးလား” ယုကာဝါသည် ဖိနပ်ချွတ်ရင်း မေးလိုက်သည်။

“ငါ မင်းကို ပြောဖူးမှာပါ။ မစ္စတာမာရှိဘက ဘာသာရေး အယူအဆတွေကို အယုံအကြည် ရှိတာ မဟုတ်ဘူး။ ဒါကြောင့် အသုဘရှုအစား ပန်းကပ်တဲ့ အခမ်းအနားကိုပဲ လုပ်ပေးခဲ့တာ။ မီးသာ သင်္ဂြိုဟ်လိုက်တာ။ ရက်လည်လုပ်ဖို့ အစီအစဉ် ရှိပုံ မရဘူး”

“အဲဒီလိုလား။ သဘာဝကျပါတယ်။ ငါ သေရင်လည်း အဲဒီအတိုင်းပဲ လုပ်ပေးကွာ”

“မပူနဲ့။ မင်းဆန္ဒအတိုင်း ငါ ကိုယ်တိုင်ဦးစီးပြီး လုပ်ပေးမယ်”

အိမ်ထဲသို့ ရောက်သည်နှင့် ယုကာဝါသည် လျှောက်လမ်းအတိုင်း တန်းတန်းမတ်မတ် လျှောက်ဝင်သွားသည်။ ကုစာနာဂိသည် သူ ထွက်ခွာသွားသည်ကို ကြည့်နေပြီးနောက် လှေကားပေါ်သို့ တက်သွားလေသည်။ ထို့နောက် မာရှိဘဇနီးမောင်နှံ၏ အိပ်ခန်းထဲသို့ ဝင်၍ လသာဆောင်သို့ သွားရာ မှန်တံခါးရွက်ကို တွန်းဖွင့်ပြီး ရေပန်းခရားကြီးကို ကောက်ကိုင်လိုက်သည်။ သူ့ကို အာယနဲက ရေလောင်းပေးရန် အကူအညီ တောင်းခဲ့စဉ် လွန်ခဲ့သော နှစ်ရက်ကတည်းက ယင်းရေပန်းခရားကြီးကို စူပါမားကတ်မှ ဝယ်၍ စတင် အသုံးပြုခဲ့သည်။

သူသည် ခရားကိုကိုင်လျက် အောက်ထပ်သို့ ဆင်းလာပြီး ဧည့်ခန်းထဲသို့ လျှောက်ဝင်လာခဲ့သည်။ မီးဖိုဆောင်ထဲသို့ ခေါင်းငဲ့ကြည့်လိုက်သည့်အခါတွင် ယုကာဝါသည် လက်ဆေးကန်အောက်ဘက်ကို လေ့လာနေကြောင်း တွေ့ရှိရသည်။

“အဲဒီနေရာကို မင်း ဟိုတစ်နေ့က ကြည့်ပြီးပြီ မဟုတ်ဘူးလား” သူသည် ယုကာဝါ၏ ကျောဘက်မှ နေ၍ မေးလိုက်သည်။

“မမှားသောရှေ့နေ၊ မသေသောဆေးသမား မရှိဘူး ဆိုတဲ့ စကားပုံ မကြားဖူးဘူးလား” ယုကာဝါသည် အသင့်ယူလာသော လက်နှိပ်ဓာတ်မီးဖြင့် အတွင်းသို့ ထိုးကြည့်နေသည်။ “တကယ့်ကို ထိထား၊ တို့ထားတဲ့ ခြေရာလက်ရာတွေ မရှိဘူးပဲ”

“မင်း ဘာတွေ ရှာနေတာလဲ”

“စမှတ်ကို ပြန်သွားနေတာ။ ဒိုင်နိုဆောရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို တွေ့တယ် ဆိုရင်တောင် ဒီတစ်ခါကျရင် မြေစိုင်မြေခဲတွေကို ရူးကြောင်မူးကြောင်နဲ့ ဖယ်ရှားပစ်လို့ မဖြစ်တော့ဘူး” ယုကာဝါသည် နောက်လှည့်ကာ ကုစာနာဂိကို စိုက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ “မင်းလက်ထဲက ဘာကြီးလဲ”

“မြင်နေတာပဲ ဥစ္စာ။ ရေပန်းခရားလေကွာ”

“မင်း ရှေ့တစ်ခေါက်တုန်းကလည်း ကိရှိတာနိကို ရေလောင်းခိုင်းခဲ့သေးတယ်။ မင်းတို့ အထက်လူကြီးတွေက ဝန်ဆောင်မှု အပြည့်ပေးဖို့များ အမိန့်ချထားတာလား”

“မင်း ပြောချင်သလိုသာ ပြောပေတော့” ကုစာနာဂိက ယုကာဝါကို တွန်းဖယ်ပစ်လိုက်သည်။ ရေပိုက်ခေါင်းကို ဖွင့်ပြီး ပန်းထွက်လာသော ရေများကို ရေပန်းခရားဖြင့် ခံယူနေသည်။

“ဒီခရားက အတော်ကို ကြီးတာပဲ။ ပန်းခြံထဲမှာ ရေဖြန်းပိုက် မရှိဘူးလား”

“ဒီရေက အပေါ်ထပ် လသာဆောင်မှာ ရှိတဲ့ ပန်းပင်တွေအတွက်။ လသာဆောင်ပေါ်မှာလည်း ပန်းအိုးတွေ အများကြီးပဲ”

“ဪ ဒုက္ခ၊ ဒုက္ခ”

ကုစာနာဂိသည် ယုကာဝါ၏ ခနဲ့တဲ့တဲ့ စကားကို ဂရုမစိုက်တော့ဘဲ အခန်းထဲမှ လှည့်ထွက်သွားပြီး လသာဆောင်မှ ပန်းပင်များကို ရေလောင်းပေးနေသည်။ သူသည် ပန်းတစ်မယ်ချင်းစီ၏ နာမည်ကို တစ်ခုမျှ မခေါ်တတ်သော်လည်း ပန်းအိုးတိုင်း ညှိုးရော်နေသည်ကိုမူ ကြည့်ရုံနှင့် သိရှိနေသည်။ နှစ်ရက်ခြားလျှင် ရေတစ်ခါ လာလောင်းမှ ဖြစ်ပေတော့မည်ဟု သူ တွေးနေမိသည်။ လသာဆောင်ပေါ်မှ ပန်းများသည် မိမိ၏ ဘဝကဲ့သို့ ညှိုးရော်ခြောက်သွေ့သွားမည်ကို မမြင်ရက်ကြောင်း ပြောခဲ့ဖူးသည့် အာယနဲ၏ အသံကို ပြန်လည် ကြားယောင်လာသည်။

ရေလောင်းပြီးသည်နှင့် ကုစာနာဂိသည် မှန်တံခါးကို ပိတ်၍ အိပ်ခန်းထဲမှ ချက်ချင်း ထွက်ခွာလာခဲ့သည်။ ပိုင်ရှင်၏ ခွင့်ပြုချက်ကို ရရှိထားပြီး ဖြစ်လင့်ကစား တစ်ပါးသူ၏ အိပ်ခန်းအတွင်း၌ ကာလကြာရှည် နေနေရခြင်းအတွက် စိတ်ထဲတွင် မသိုးမသန့် ခံစားနေရသည်။

အောက်ထပ်သို့ ပြန်ရောက်သည့်အခါတွင် ယုကာဝါသည် လက်နှစ်ဖက် ပိုက်လျက် မီးဖိုဆောင်ထဲတွင် ရပ်မြဲအတိုင်း ရပ်နေသည်ကို တွေ့လိုက်ရသည်။ မျက်လုံးများကမူ လက်ဆေးကန်ကို စိုက်ကြည့်နေသည်။

“ကဲ … ငါ့ကို ပြောပြစမ်းပါဦး။ ဘာတွေများ ကြံနေတာလဲလို့။ မပြောပြဘူး ဆိုရင်တော့ နောက် ဘယ်တော့မှ မင်းကို ခေါ်မလာတော့ဘူး”

“ခေါ်မလာဘူး …” ယုကာဝါသည် မျက်ခုံးကို ပင့်ချီလိုက်သည်။ “မင်း စကားက ရယ်စရာ ကောင်းမနေဘူးလား။ မင်းလက်အောက်က ချာတိတ်မကသာ ငါ့ကို လာမတွေ့ရင် မင်းတို့ အရှုပ်ထုပ်ထဲ အားအားယားယား ဝင်မပါချင်ပါဘူးကွာ”

ကုစာနာဂိသည် ခါးထောက်ကာ ငယ်သူငယ်ချင်းကို ပြန်စိုက်ကြည့်လိုက်သည်။ “ဥကျုမိက မင်းဆီ ပြေးသွားပြီး ဘာတွေ ပြောခဲ့သလဲ ဆိုတာကိုတော့ ငါ မသိဘူး။ ငါနဲ့လည်း မဆိုင်ဘူး။ ဒီနေ့လည်း အဲဒီအတိုင်းပဲ။ တကယ်လို့သာ မင်း စုံစမ်းစစ်ဆေးချင်ရင် သူ့ကို တိုက်ရိုက် ဆက်သွယ်လို့ နေရတာပဲ ဥစ္စာ။ ဘာဖြစ်လို့ ငါ့ကို လာရှာရတာလဲ”

“ဝေဖန်သုံးသပ်တယ် ဆိုတာမျိုးက ဆန့်ကျင်ဘက် အမြင်ရှိတဲ့ လူတွေ အကြားမှာမှ အဓိပ္ပာယ် ရှိတာကွ”

“မင်းက ငါရဲ့ လုပ်ရပ်ကို ဆန့်ကျင်တယ် ဆိုပါတော့ … ။ မင်းပဲ စောစောက ငါရဲ့ လုပ်နည်းလုပ်ဟန်ကို တည်ငြိမ်စေ့စပ်တယ်လို့ ပြောခဲ့သေးတယ်လေ”

“မင်းဟာမင်း တည်ငြိမ်စေ့စပ်တဲ့ လမ်းကြောင်းအတိုင်း စုံစမ်းထောက်လှမ်းနေတာကို ငါ့အနေနဲ့ ဘာမှ ကန့်ကွက်နေစရာ အကြောင်းမရှိဘူး။ ဒါပေမယ့် မတည်ငြိမ် မစေ့စပ်တဲ့ လမ်းကြောင်းအတိုင်း သွားနေတာကို တစ်ချက်ကလေးမှ မမေးမြန်း မစူးစမ်းဘဲ ဥပေက္ခာပြုနေတဲ့ မင်းရဲ့ လုပ်ရပ်ကို ငါ သည်းမခံနိုင်ဘူး။ ဖြစ်နိုင်ခြေက မုန်ညင်းစေ့တစ်စေ့စာလောက် ရှိနေသေးတယ် ဆိုရင်ပဲ အဲဒီ ဖြစ်နိုင်ခြေကို လွယ်လွယ်နဲ့ ချေဖျက်ပစ်တာမျိုး မလုပ်သင့်ဘူး။ ငါ မင်းကို ခဏခဏ ပြောခဲ့ဖူးပါတယ်ကွာ။ ဒိုင်နိုဆောရဲ့ အရိုးတွေကိုပဲ အာရုံစိုက်နေပြီး မြေစိုင်မြေခဲတွေကို စွန့်ပစ်တဲ့ လုပ်ရပ်က သိပ်ကို အန္တရာယ်များတယ်”

ကုစာနာဂိသည် ရှူးရှူးရှဲရှဲဖြင့် ခေါင်းခါယမ်းနေသည်။ “မင်း ပြောနေတဲ့ မြေစိုင်မြေခဲဆိုတာ ဘာကို ဆိုလိုချင်တာလဲ”

“ရေကိုပြောတာ” ယုကာဝါက ပြန်ဖြေသည်။ “အဆိပ်ကို ရေထဲမှာ ခတ်ထားခဲ့တာ။ ငါ အဲဒီလို ယူဆထားတုန်းပဲ”

“လုပ်ကြံခံရသူက ရေသန့်ဗူးခွံကို ဆေးပစ်ခဲ့တယ်လို့ မင်း ပြောချင်တာလား” ကုစာနာဂိက ပခုံးကို ပင့်လိုက်သည်။

“ဗူးခွံနဲ့ ဘာမှ မဆိုင်ဘူး။ တခြားနေရာမှာလည်း ရေ ရှိသေးတာပဲ” ယုကာဝါက လက်ဆေးကန်ကို လက်ညှိုးထိုးပြသည်။ “ရေပိုက်ခေါင်းကို ဖွင့်လိုက်ရင် မင်း လိုသလောက် ရေကို ရနိုင်တယ်လေ”

ကုစာနာဂိသည် အေးစက်တည်ငြိမ်နေသော ယုကာဝါ၏ မျက်လုံးအစုံကို စိုက်ကြည့်နေသည်။ “မင်း ရူးသွားပြီလား”

“အဲဒီဖြစ်နိုင်ခြေကလည်း ရှိသေးတာပဲ မဟုတ်လား”

“ရေပိုက်ခေါင်းက ရေမှာ ဘာမှ ထူးခြားချက် မရှိဘူးလို့ ထ.ရ.ဖက အတည်ပြုထားပြီးသားလေကွာ”

“ထ.ရ.ဖက ပိုက်ခေါင်းရေရဲ့ ပါဝင်နှုန်း အချိုးအဆကို ဓာတ်ခွဲခဲ့တာတော့ အမှန်ပဲ။ ဒါပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်က ရေနွေးခရားအိုးထဲမှာ တင်ကျန်နေတဲ့ ရေတွေဟာ ပိုက်ခေါင်းရေလား၊ သောက်ရေသန့်ရေလား ဆိုတာကို ခွဲခြားသိနိုင်ဖို့အတွက်ပဲ။ ဝမ်းနည်းစရာ ကောင်းတာက ဘယ်လိုမှ ခွဲခြားမရနိုင်ခဲ့ဘူး။ နောက်ပြီး ရေခရားအိုးရဲ့ သက်တမ်းကလည်း ကြာပြီဆိုတော့ ရေခရားအိုးရဲ့ အတွင်းဘက် မျက်နှာပြင်မှာ ပိုက်ခေါင်းရေရဲ့ အကြွင်းအကျန်တွေကို တွေ့ခဲ့ရတယ်”

“တကယ်လို့သာ ပိုက်ခေါင်းရေထဲကို အဆိပ်ခတ်ခဲ့တာပါ ဆိုရင် သူတို့ အဲဒီတုန်းကတည်းက စစ်ဆေးလို့ ရခဲ့ရမှာပေါ့”

“ရေပိုက်ခေါင်းရဲ့ တစ်နေရာရာမှာ အဆိပ်မှုန့်ကို သိမ်းထားခဲ့တယ် ဆိုရင်တောင် ထ.ရ.ဖ စစ်ဆေးတဲ့အချိန်မှာ အဲဒီအမှုန့်တွေက ရေနဲ့အတူ အကုန်လုံး မျောပါသွားလောက်ပြီ”

ယုကာဝါသည် အဘယ်ကြောင့် လက်ဆေးကန်၏ အောက်ဘက်ကို စစ်ဆေးကြည့်ရှုနေကြောင်း ယခုမှ သဘောပေါက်သွားသည်။ ရေပိုက်ခေါင်းထဲတွင် အဆိပ်ကို ဝှက်နိုင် မဝှက်နိုင် လေ့လာနေခြင်း ဖြစ်သည်။ “မစ္စတာမာရှိဘက ကော်ဖီဖျော်ရင် သောက်ရေသန့်နဲ့ပဲ ဖျော်တာ”

“အဲဒီလို ပြောတာပဲလေ” ယုကာဝါက ပြောသည်။ “ဒါပေမယ့် အဲဒီကိစ္စကို ဘယ်သူက မင်းကို ပြောပြတာလဲ”

“မစ္စစ်မာရှိဘ” ပြောပြီး ကုစာနာဂိသည် နှုတ်ခမ်းကို ကိုက်လျက် ယုကာဝါကို စိုက်ကြည့်နေသည်။ “မင်းကလည်း သူ့ကို သံသယ ရှိနေတယ်ပေါ့။ မင်း သူ့ကိုတောင် မမြင်ဖူးသေးဘူး မဟုတ်လား။ ဥကျုမိက မင်းကို ဘာဆေးများ ကျွေးထားလဲ မသိဘူး”

“သူ့မှာလည်း သူ့ကိုယ်ပိုင်အမြင် ရှိတာပဲ။ ငါကတော့ ပြဿနာကို ဓမ္မဓိဋ္ဌာန်ကျကျ ကြည့်ပြီး အဆိုကြမ်းတစ်ခု တင်ပြကြည့်ရုံပါ”

“ဒါဆို မင်းရဲ့ အဆိုကြမ်းအရ သေဆုံးသူရဲ့ ဇနီးက လူသတ်တရားခံပေါ့”

“သူ သောက်ရေသန့် ကိစ္စကို မင်းကို ဘာဖြစ်လို့ ဦးအောင် ပြောပြရသလဲ ဆိုတာကို ငါ စဉ်းစားကြည့်တယ်။ ဒီနေရာမှာ အခြေအနေ နှစ်ရပ်ခွဲပြီး သုံးသပ်ကြည့်ရမယ်။ သေဆုံးသူဟာ သောက်ရေသန့်ဗူးထဲက ရေကိုပဲ သောက်တယ် ဆိုတဲ့ စကားက ဒီနေရာမှာ မှန်တယ်နဲ့ မှားတယ် ဆိုတဲ့ အခြေအနေ နှစ်မျိုး ရှိတယ်။ မှန်တယ် ဆိုရင်တော့ ပြဿနာ မရှိဘူး။ မစ္စစ်မာရှိဘက အမှုစုံစမ်းရေးမှာ
အားတက်သရော
 ကူညီဆောင်ရွက်ပေးနေတယ်လို့ ဆိုနိုင်တယ်။ အဲဒီလို အခြေအနေမျိုးမှာတောင် ဥကျုမိက မစ္စစ်မာရှိဘကို သံသယဝင်နေတုန်းပဲ။ ဒါပေမယ့် ငါဆိုတဲ့ ကောင်က ပြဿနာကို အဖြေရှာတဲ့အခါမှာ အဲဒီလောက် အစွန်းမရောက်တတ်ဘူး။ အဲ … အဲဒီထက် ပိုကြီးတဲ့ ပြဿနာက ဘာလဲဆိုတော့ မစ္စစ်မာရှိဘသာ ညာပြောခဲ့ရင်ရော … ။ သူက အဲဒီလို မုသားတစ်ခုကို ပြောလိုက်တာ ဆိုတော့ သူဟာ ဒီလူသတ်မှုနဲ့ တစ်နည်းတစ်ဖုံ ပတ်သက်နေရတော့မယ်။ ငါတို့ စဉ်းစားဖို့ လိုအပ်တာက အဲဒီလို လိမ်ညာလိုက်လို့ သူ့အတွက် ဘာအကျိုးရှိသွားနိုင်သလဲ။ ဒါကြောင့် ငါ တွေးဆကြည့်တယ်။ ရဲဘက်က သောက်ရေသန့်နဲ့ ဆိုင်တဲ့ ထွက်ဆိုချက်အပေါ် အခြေခံပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ကို လုပ်ရတော့မယ်”

ယုကာဝါသည် နှုတ်ခမ်းကို လျှာဖြင့် သပ်ကာ စကားကို ဆက်ပြောသည်။ “ပထမဆုံးအနေနဲ့ ရဲဘက်က ရေသန့်ဗူးခွံတွေကို စစ်ဆေးတယ်။ ရလဒ်အနေနဲ့ ဘာအဆိပ်မှ ရှာမတွေ့ခဲ့ဘူး။ ဒါပေမယ့် ရေနွေးခရားအိုးထဲမှာ အဆိပ်ကို တွေ့သွားခဲ့တယ်။ ဒါနဲ့ ရေနွေးခရားအိုးထဲကို အဆိပ်ခတ်တဲ့ ဖြစ်နိုင်ခြေက အရမ်းများတယ် ဆိုပြီး ရဲဘက်က ဆုံးဖြတ်ခဲ့တယ်။ အဲဒီလိုဆိုတော့ မစ္စစ်မာရှိဘမှာ သံမဏိလို ခိုင်မာတဲ့ အလီဘိုင်သက်သေ ရမသွားပေဘူးလား”

ကုစာနာဂိသည် နတ်ပူးနေသကဲ့သို့ ခေါင်းကို ခါးယမ်းလိုက်သည်။ “မင်း အဲဒီလို ပြောတာတော့ သဘာဝမကျဘူး။ မစ္စစ်မာရှိဘရဲ့ ထွက်ဆိုချက် မရှိဘူး ဆိုရင်တောင် ထ.ရ.ဖက ပိုက်ခေါင်းရေနဲ့ သောက်ရေသန့်ကို စစ်ဆေးဦးမှာပဲ။ နောက်ပြီး အဲဒီထွက်ဆိုချက်ကြောင့်ပဲ မစ္စစ်မာရှိဘရဲ့ အလီဘိုင်က ပျက်ပြယ်သွားခဲ့တယ်။ လူသတ်တရားခံဟာ သောက်ရေသန့်ဗူးထဲမှာ အဆိပ်ခတ်ခဲ့ပါတယ် ဆိုတဲ့ အယူအဆကို ဥကျုမိက အခုချိန်ထိ မစွန့်လွှတ်နိုင်သေးဘူး”

“အဲဒါက အဓိက ပြဿနာပဲ။ ဥကျုမိလို အတွေးမျိုးကို တွေးနေတဲ့လူက နည်းနည်းနောနော မဟုတ်ဘူး။ သောက်ရေသန့်ဗူးနဲ့ ဆိုင်တဲ့ ထွက်ဆိုချက်က မင်းတို့ ရဲတွေကို ခုန်ချဖို့ စောင့်နေတဲ့ ထောင်ချောက် ဖြစ်နေရင်ရော”

“ထောင်ချောက် …”

“မစ္စစ်မာရှိဘကို သံသယဝင်နေတဲ့ လူက ရေသန့်ဗူးထဲမှာ အဆိပ်ခတ်တယ် ဆိုတဲ့ အယူအဆကို ဘယ်လိုနည်းနဲ့မှ စွန့်လွှတ်နိုင်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ အမြင်မှာ တခြားနည်းလမ်း မရှိနိုင်တော့ဘူးလို့ ယူဆထားကြလို့ပဲ။ ဒါပေမယ့် လူသတ်တရားခံက အဲဒီ ‘တခြားနည်းလမ်း’ ကို အသုံးပြုခဲ့တယ် ဆိုရင်ရော ဘယ်နှယ့်လုပ်မလဲ။ အဲဒီလိုသာဆိုရင် ရေသန့်ဗူးနဲ့ တိုင်ပတ်နေတဲ့ လူတွေကတော့ ဘယ်တော့မှ အမှန်တရားကို ရှာတွေ့နိုင်မှာ မဟုတ်တော့ဘူး။ အဲဒါ ထောင်ချောက်မဟုတ်လို့ ဘာလဲ။ ဒါကြောင့် ငါ စဉ်းစားကြည့်တယ်။ တကယ်လို့သာ အဲဒီတုန်းက မစ္စတာမာရှိဘ သုံးခဲ့တာ ရေသန့်ဗူးထဲကရေ မဟုတ်ခဲ့ဘူး ဆိုရင် …” စကားကို ပြော၍ မဆုံးခင်မှာပင် ယုကာဝါ၏ ကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားသည်။ မျက်လုံးများမှာ ပြူးကျယ်လျက် ကုစာနာဂိ၏ အနောက်ဘက်သို့ ငေးစိုက်ကြည့်နေလေသည်။

ကုစာနာဂိလည်း နောက်လှည့်ကြည့်ပြီး ယုကာဝါကဲ့သို့ ကြက်သေသေသွားသည်။

ထိုစဉ်က အာယနဲသည် ဧည့်ခန်းအပေါက်ဝတွင် ရပ်နေလေသည်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *