မာတိကာကြည့်ရန်

(၃၃)

နေရာမှာ မြေအောက်ထပ်တွင် ဖွင့်လှစ်ထားသော ဘားဆိုင်တစ်ဆိုင်။ တံခါးမကြီးကို ဖွင့်လိုက်လျှင် ပထမဆုံး မြင်တွေ့ရသော အရာမှာ ရှည်လျားသော ဘားကောင်တာ ဖြစ်သည်။ အတွင်းသို့ လျှောက်ဝင်သွားမည် ဆိုလျှင် အနောက်ဘက်တွင် စားပွဲသုံးလုံး ချခင်းထားသည်။ ကုစာနာဂိနှင့် ယုကာဝါတို့သည် နံရံနှင့် ကပ်လျက်ရှိသော ထိုင်ခုံများတွင် နေရာယူထားကြသည်။

“ဆောရီးပဲ ဆရာ။ ကျွန်မ နည်းနည်း နောက်ကျသွားတယ်” ဥကျုမိက ဦးညွှတ်လျက် တောင်းပန်လိုက်ပြီး ကုစာနာဂိ၏ နံဘေးတွင် ဝင်ထိုင်လိုက်သည်။

“အခြေအနေ ဘယ်လိုရှိလဲ” ကုစာနာဂိက မေးသည်။

ဥကျုမိသည် ခေါင်းကို အားရှိပါးရှိ ညိတ်ချလိုက်သည်။ “သတင်းကောင်းပဲ။ အဆိပ်တွေ တူညီနေကြောင်း စစ်ဆေးလို့ ရသွားပြီ”

“ဟုတ်လား” ကုစာနာဂိ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူတို့သည် ကျူကူအိ ဂျွန်ကို၏ မိဘအိမ်မှ ရရှိလာခဲ့သော ဗူးခွံအလွတ်ကို Spring-8 သို့ ပို့ပြီး ဓာတ်ခွဲစစ်ဆေးခဲ့ကြသည်။ ရလဒ်အနေဖြင့် တွေ့ရှိခဲ့ရသည်မှာ ဗူးခွံပေါ်တွင် စစ်ဆေးတွေ့ရှိသော အဆိပ်သည် မာရှိဘ ယိုရှီတာကာကို လုပ်ကြံရာတွင် အသုံးပြုခဲ့သော အဆိပ်နှင့် တထေရာတည်း တူညီနေသည်။ ထိုသို့ဆိုလျှင် မာရှိဘ အာယနဲ
၏
 “ဂျွန်ကို ပို့လာပေးတဲ့ အာဆန်နစ်တွေကို ရေသန့်စက်ထဲ ထည့်ထားလိုက်တယ်” ဟူသည့်
ထွက်ဆို
ချက်နှင့် ထပ်တူကျနေတော့သည်။

“ကြည့်ရတာ ဒီအမှုကို ပိတ်လို့ ရသွားလောက်ပြီ ထင်တယ်” ယုကာဝါက ပြောသည်။

“အမှန်ပဲပေါ့။ ကဲ ကဲ၊ အခု ဥကျုမိလည်း ရောက်လာပြီဆိုတော့ ငါတို့ တစ်ခွက်တစ်ဖလားလောက် မော့လိုက်ကြရအောင်” ကုစာနာဂိသည် စားပွဲထိုးကို အနားသို့ လှမ်းခေါ်ပြီး ရှန်ပိန်တစ်ပုလင်း မှာလိုက်သည်။

“တကယ်ပါ။ ဒီအမှုမှာ မင်းမှ မကယ်ရင် ငါတို့တွေ လိပ်ပက်လက်လှန်ထားသလို ယက်ကန်ယက်ကန် ဖြစ်နေလောက်တယ်။ ကျေးဇူးပဲ ငါ့ကောင်။ ဒီည ငါ ဧည့်ခံမယ်ကွာ။ မင်းတို့ သောက်ချင်သလောက်သာ သောက်ကြပေတော့”

ကုစာနာဂိ၏ စကားကို ကြားရသည်တွင် ယုကာဝါသည် မျက်မှောင်ကို ကုတ်ထားလိုက်သည်။ “နေဦး၊ နေဦး။ မင်းပြောတဲ့ စကားထဲမှာ ‘လည်း’ တစ်လုံး လိုနေတယ်။ ‘ဒီအမှုမှာလည်း’ လို့ ပြောမှ ပိုမှန်လိမ့်မယ်။ နောက်ပြီး အခုကိစ္စမှာ ငါ ကူခဲ့တဲ့လူက မင်း မဟုတ်ဘူးလေကွာ။ ဥကျုမိ ဖြစ်ရမှာပေါ့”

“ကတ်သီးကတ်ဖဲ့ ပြောချင်သပ ဆိုလည်း မင်းဟာမင်း ပြောချင်သလိုသာ ပြောပေတော့။ ကဲ … ရှန်ပိန်လည်း ရောက်လာပြီဆိုတော့ ချီးယားလုပ်လိုက်ကြစို့”

ကုစာနာဂိ၏ ငြာသံနှင့်အတူ ဖန်ခွက်သုံးခွက်၏ ထိတိုက်သံများ တစ်ပြိုက်နက် ထွက်ပေါ်လာသည်။

“တကယ် ချီးကျူးစရာ ကောင်းတဲ့အချက်က မင်း ဟိုပစ္စည်းကို သိမ်းထားခဲ့တာပဲ”

“ဘယ်ပစ္စည်းလဲ”

“ဟိုဟာလေကွာ၊ အာယနဲ ရေလောင်းတဲ့အခါမှာ သုံးတဲ့ သံဗူးခွံလေ။ မင်း အဲဒီဗူးခွံကို သိမ်းထားခဲ့တာ မဟုတ်လား”

“ဪ၊ အဲဒါကို ပြောတာလား” ကုစာနာဂိသည် မချိပြုံးပြုံးကာ မျက်လွှာကို အောက်သို့ ချထားလိုက်သည်။

“အာယနဲကို ရေကူလောင်းပေးဖို့ မင်း အာမဘန္တေ ခံထားခဲ့တာကို ငါ သိထားတယ် ဆိုပေမယ့်လည်း ရေလောင်းဖို့အတွက် ရေပန်းခရားအိုးကြီး သွားဝယ်လိမ့်မယ်လို့ ငါ ဘယ်ထင်မိမှာလဲ။ အဲဒါက ဘာဟုတ်သေးလို့လဲ။ မင်းက သံဗူးခွံကိုတောင် သိမ်းထားသေးတယ်ဆိုပဲ။ ဥကျုမိ ပြောတော့ မင်းက အဲဒါကို အံဆွဲထဲမှာ ထည့်သိမ်းထားခဲ့တာဆို”

ကုစာနာဂိသည် ဥကျုမိကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူသည် အကြည့်ချင်း မဆုံစေရန် အလျင်အမြန် ရှောင်ဖယ်ပစ်လိုက်သည်။

“အေး … အဲဒါကို ဗီဇသိလို့ ခေါ်တယ်ကွ”

“ဗီဇသိ … မှုခင်းရဲတစ်ယောက်ရဲ့ အလိုလိုသိစိတ်ကို ပြောတာလား”

“ဒါပေါ့။ ဘယ်ပစ္စည်းမဆို သက်သေခံပစ္စည်းတစ်ခု ဖြစ်လာနိုင်တယ် မဟုတ်လား။ ဒါကြောင့် အမှုမှန် မပေါ်မချင်း လက်လွတ်စပယ် လွှင့်ပစ်လိုက်လို့ ဘယ်ဖြစ်ပါ့မလဲ။ အဲဒါက ထောက်လှမ်းရေးရဲ့ လုပ်ထုံးလုပ်နည်းပဲ”

“ဪ … လုပ်ထုံးလုပ်နည်းတဲ့လား” ယုကာဝါသည် ပခုံးကို တွန့်ကာ ရှန်ပိန်တစ်ငုံ ကောက်မော့လိုက်သည်။ “မင်းက အမှတ်တရအဖြစ်နဲ့များ သိမ်းထားတာလားလို့ပါ”

“မင်းဟာက ဘာသဘောလဲ”

“ဘာသဘောမှ မဟုတ်ပါဘူးကွာ”

“ကျွန်မ ဆရာ့ကို မေးခွန်းတစ်ခု မေးလို့ ရမလား” ဥကျုမိက ပြောသည်။

“မေးလေ”

“ဆရာက အဲဒီအဆိပ်ခတ်နည်းကို ဘယ်လိုလုပ်ပြီး ရိပ်မိသွားခဲ့တာလဲ။ ‘ဒီလိုပဲပေါ့’ ဆိုတဲ့ စကားနဲ့ ကျွန်မကို ညာတာပါတေး လုပ်ဖို့တော့ စိတ်မကူးနဲ့နော်”

ယုကာဝါက ပင့်သက်ကို ရှိုက်ထုတ်လိုက်သည်။ “ဘယ်အရာကမှ သူ့အလိုလို ရောက်လာတတ်တာ မဟုတ်ဘူး။ ဘက်ပေါင်းစုံကနေ စူးစမ်းလေ့လာရမယ်။ အကြိမ်ကြိမ် ဆင်ခြင်သုံးသပ်ကြည့်ရမယ်။ အဲဒီလို နာနာလုပ်မှ အတွေးသစ် အမြင်သစ်ဆိုတာ ရောက်လာတတ်တာမျိုးပဲ။ ပထမဆုံး ကျွန်တော် သတိထားမိတာကတော့ ရေသန့်စက်ရဲ့ အနေအထားပဲ။ အဲဒီတုန်းက ကျွန်တော်ကိုယ်တိုင် မျက်စိနဲ့ တပ်အပ် မြင်ခဲ့တာလေ။ အဲဒီရေသန့်စက်ပေါ်မှာ ဖု
န်
တွေမှ ဖွေးလို့။ ဘယ်သူမှ မထိ၊ မတို့ခဲ့တာ နှစ်နဲ့ချီလောက်ရောပေါ့”

“အဲဒါကို ကျွန်မလည်း သိနေတာပဲလေ။ အဲဒီလောက် သိထားရုံနဲ့ ကျွန်မတို့က အဆိပ်ခတ်နည်းကို ဖော်မှ မဖော်ထုတ်နိုင်ခဲ့တာပဲဟာ”

“အဲဒီတုန်းက ကျွန်တော် တွေးကြည့်တယ်။ ဘာဖြစ်လို့ အဲဒီပုံစံမျိုး ဖြစ်နေရတာလဲပေါ့။ ခင်ဗျား အရင်တုန်းက ပြောပြခဲ့တဲ့ အသေးစိတ် အချက်အလက်တွေအရ အာယနဲရဲ့ စိတ်နေသဘောထားနဲ့ စရိုက်လက္ခဏာတွေကို ကျွန်တော်ရဲ့ ဦးနှောက်ထဲမှာ ပုံဖော်ကြည့်ထားတယ်။ သူက စေ့စပ်သေချာတဲ့၊ အတော်အသင့် ဇီဇာကြောင်တဲ့ အမျိုးသမီးတစ်ယောက်လို့ ကျွန်တော် မှတ်ယူထားတယ်။ တကယ်တော့ အဲဒီတုန်းက ခင်ဗျားလည်း ဗီဒိုထဲမှာ ရှိနေသင့်တဲ့ ရှန်ပိန်ခွက်တွေကို မသိမ်းဘဲ အပြင်မှာ ပစ်ထားခဲ့လို့ သူ့ကို သံသယဝင်ခဲ့တာ မဟုတ်လား။ သူက အဲဒီလို လူမျိုးဆိုမှတော့ လက်ဆေးကန် အောက်ဘက်ကိုလည်း သန့်သန့်ပြန့်ပြန့် ဖြစ်နေအောင် ရှင်းထားလင်းထားမှ သဘာဝကျလိမ့်မယ်လေ”

ဥကျုမိ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ‘သိပ်ဟုတ်တာပေါ့’ ဟုလည်း စိတ်ထဲမှ ရေရွတ်နေမိသည်။

“ဒါကြောင့် အဲဒီတုန်းက ကျွန်တော် အခုလို တွေးကြည့်လိုက်မိတယ်။ တကယ်လို့သာ သူက အဲဒီအတိုင်းဖြစ်အောင် တမင် ပစ်ထားခဲ့တာဆိုရင်ရော။ ဒါဆို အခြေအနေက ဘာတွေ ထူးခြားလာမလဲ။ သူက မလှဲမကျင်းဘဲ တမင် ပစ်ထားပြီး ဖု
န်
တွေ အမှုန်အမွှားတွေနဲ့ ပြည့်နှက်နေအောင် တမင် လုပ်ထားမယ် ဆိုရင် အဲဒီလို လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က ဘာဖြစ်နိုင်မလဲ။ အဲဒီမေးခွန်းတွေကို စဉ်းစားနေတဲ့ အတောအတွင်းမှာပဲ အမှုအခြေအနေကို ပြောင်းပြန် လှန်ပစ်နိုင်တဲ့ အတွေးတွေ ကျွန်တော့်ခေါင်းထဲကို ဝင်လာတော့တာပဲ”

ဥကျုမိသည် သိပ္ပံပညာရှင်ကြီး၏ မျက်နှာကို ငေးကြည့်လျက် ခေါင်းကို ညင်ညင်သာသာ ညိတ်လိုက်လေသည်။ “ဆရာကတော့ တကယ့်ကို ဆရာပါပဲ”

“ကျွန်တော့်ကို ဒီလောက်လည်း ချီးကျူးနေဖို့ မလိုပါဘူးဗျာ။ ချီးကျူးချင်သပဆိုရင် တကယ်တမ်း ချီးကျူးခံသင့်တဲ့သူက အာယနဲပဲ။ ဒီလောက် ယုတ္တိမရှိတဲ့၊ ဒီလောက်တောင် ဝိရောဓိတွေနဲ့ ပြည့်နှက်နေတဲ့၊ နောက်ပြီး ဒီလောက်တောင် စင်းလုံးချောနေတဲ့ လူသတ်နည်းကို သူလို မိန်းမမျိုးမို့ စဉ်းစားနိုင်ခဲ့တာ”

“ဝိရောဓိဆိုလို့ ပြောရဦးမယ်။ ဝါကာယာမာ ဟိရောမိက ကလေးကို မွေးဖို့ ဆုံးဖြတ်လိုက်ပြီတဲ့”

ယုကာဝါသည် နားမလည်နိုင်စွာဖြင့် ဥကျုမိကို လှမ်းကြည့်လိုက်သည်။ “အဲဒီကိစ္စမှာ ဝိရောဓိ ရှိနေတယ်လို့ ကျွန်တော်ဖြင့် မမြင်မိပါဘူး။ ကလေးလိုချင်တာက မိန်းမတွေရဲ့ မွေးရာပါ ဆန္ဒတစ်ခုပဲ မဟုတ်ဘူးလား”

“ကြားမိတာကတော့ သူ့ကို ကလေးဖျက်ချမပစ်ဖို့ ဖျောင်းဖျခဲ့တဲ့သူက အာယနဲတဲ့လေ”

ဥကျုမိ၏ စကားတစ်ခွန်းကြောင့် ရူပဗေဒပညာရှင်၏ မျက်နှာပေါ်မှ ကြွက်သားများအားလုံးသည် ရေခဲရိုက်လိုက်သည့်အလား တောင့်တင်းကုန်ကြသည်။ တစ်ခဏအကြာမှ သူသည် ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းရင်း စကားဆိုသည်။ “အဲဒါကတော့ … တကယ့်ကို ဝိရောဓိတစ်ခုပဲ။ တော်တော်ကို နားလည်ရ ခက်သွားပြီ”

“အဲဒါကို မိန်းမလို့ ခေါ်တယ်ရှင့်”

“ဟုတ်မှာပါပဲ။ ဒီအမှုကို အကျိုးသင့် အကြောင်းသင့်ဖြစ်အောင် ဖြေရှင်းနိုင်လိုက်တာ တကယ့်ကို မယုံနိုင်စရာပဲ။ မင်းတို့ရော အဲဒီလို မထင် …” ယုကာဝါသည် ကုစာနာဂိကို ငေးကြည့်နေရင်း ပြောလက်စ စကားသည်လည်း လမ်းတစ်ဝက်တွင် ရပ်တန့်သွားလေသည်။

ဥကျုမိသည် တစ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ကုစာနာဂိသည် ခေါင်းငိုက်စိုက်ကျကာ အိပ်ပျော်နေလေသည်။

“စင်းလုံးချောတဲ့ ပြစ်မှုတစ်ခုကို အက်ကြောင်းရှာဖို့ ကြိုးစားနေရင်းမှာပဲ သူရဲ့ ချစ်ခြင်းမေတ္တာကလည်း တစ်စစီ ကွဲကျေသွားခဲ့ရတယ်။ သူ ဘယ်လောက်တောင် စိတ်ပန်းလူပန်း ဖြစ်နေမလဲ ဆိုတာကို နားလည်ပေးလို့ ရပါတယ်။ သူ့ဟာသူ လွတ်လွတ်လပ်လပ် နားပါစေလား”

ယုကာဝါသည် သူ၏ ဖန်ခွက်ကို ကိုင်မြှောက်လိုက်လေသည်။

အသုံးချချင်ရုံ သက်သက် ချဉ်းကပ်တတ်ကြသော မိတ်ဆွေတုများနှင့် ကင်းဝေးနိုင်ကြပါစေ။

ဖြိုးကျော်

၂၀၂၄ ခု၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။

ညနေ ၄ နာရီ ၃၂ မိနစ်။ ခေတ္တ နေပြည်တော်။

[1]
 
ဂျယ်လတင် (gelatin) – တိရစ္ဆာန်၏ အရေခွံနှင့် အရိုးကို ပြုတ်၍ ထုတ်လုပ်ရသည့် ကျောက်ကျောကဲ့သို့ စေးပျစ်သည့်အရာ။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *