ဤအိဒဘာရှိဘူတာမှ ကာဂူရာဇာကာ-ဒိုရီလမ်းအတိုင်း အထက်သို့ ဆန်တက်၍ ဘီရှာမွန်တန် ဇန်ကိုကု-ဂျိ ဘုရားကျောင်းကို လွန်သွားလျှင် သွားချင်း ဘယ်ဘက်သို့ ချိုးလိုက်ပြီး ကုန်းမြင့်လေးတစ်ခုပေါ်သို့ တက်သွားလိုက်သည်နှင့် ညာဘက်အခြမ်းတွင် ဦးတည်ရာဖြစ်သော တိုက်ကြီးတစ်လုံးကို တွေ့မြင်ရသည်။
ကုစာနာဂိသည် ပင်မတံခါးပေါက်မှ အဆောက်အအုံထဲသို့ ဝင်လာခဲ့သည်။ ဘယ်ဘက် နံရံပေါ်တွင် ရုံးခန်းအသီးသီး၏ နာမည်တံဆိပ်ပြားများ အစီအရီ ချိတ်ဆွဲထားသည်။ ကုနူဂီစာအုပ်တိုက်မှာ ဒုတိယလွှာတွင် ရှိသည်။
အဆောက်အအုံကြီးတွင် ဓာတ်လှေကား တပ်ဆင်ထားသော်လည်း ကုစာနာဂိသည် လှေကားပေါ်သို့ ခြေလျင်လှမ်းတက်ခဲ့သည်။ လှေကားထစ်များပေါ်တွင် စက္ကူဂျပ်ဖာများ တောင်လိုပုံနေသောကြောင့် အတော်ပင် ရှောင်ရှား၍ တက်ခဲ့ရသည်။ ၎င်းလုပ်ရပ်မှာ မီးသတ်ဥပဒေနှင့် ငြိစွန်းနေသော်လည်း ယနေ့တွင် ဤကိစ္စကို ဋီကာချဲ့မနေချင်တော့။
ရုံးခန်း၏ တံခါးမကြီးမှာ ပွင့်လျက်။ ခေါင်းလျှို၍ လှမ်းကြည့်လိုက်သည့်အခါ ဝန်ထမ်းတချို့ ခေါင်းမဖော်နိုင်အောင် အလုပ်များနေကြသည်။ ကုစာနာဂိနှင့် အနီးဆုံးတွင် ရှိသော ဝန်ထမ်းအမျိုးသမီးတစ်ယောက်က သူ့ကို မြင်သွားသောကြောင့် မတ်တတ်ရပ်ကာ အနားသို့ လျှောက်လာသည်။
“ဘာများ ကူညီပေးရမလဲ”
“မစ္စတာစာစာအိုကာ ရှိလား မသိဘူး။ ကျွန်တော် စောစောကတင် ဖုန်းဆက်ထားသေးတယ်”
ထိုစဉ် နံဘေးမှ လူတစ်ယောက်က “ဪ၊ မင်္ဂလာပါခင်ဗျာ” ဟု နှုတ်ဆက်လေသည်။ အနည်းငယ် ဝသယောင် ထင်ရသည့် အမျိုးသားတစ်ယောက်သည် စာအုပ်စင်အနောက်မှ
ခေါင်းပြူထွက်လာသည်။
တစ်လျှောက်လုံး ထိုနေရာတွင် ငုတ်တုတ်ထိုင်နေဟန် တူသည်။
“ဒီက လူကြီးမင်းက မစ္စတာစာစာအိုကာလား မသိဘူး”
“ဟုတ်ပါတယ်ခင်ဗျ။ အဲ …” သူသည် နံဘေးရှိ အံဆွဲတစ်ခုကို ဆွဲဖွင့်ပြီး လိပ်စာကတ်တစ်ကတ်ကို ကောက်ယူလိုက်သည်။ “တွေ့ရတာ ဝမ်းသာပါတယ်”
ကုစာနာဂိလည်း လိပ်စာကတ် ထုတ်ပြီး ထိုသူကို ကမ်းပေးလိုက်လေသည်။ ထိုသူ ကမ်းပေးသော လိပ်စာကတ်ပေါ်တွင် ‘စာစာအိုကာ ကုနိအို၊ စီအီးအို၊ ကုနူဂိစာအုပ်တိုက်’ ဟု ရေးသားထားသည်။
“မှုခင်းရဲတစ်ယောက်ရဲ့ လိပ်စာကတ်ကို ပထမဆုံးအကြိမ် ရဖူးတာပဲဗျ။ အမှတ်တရ သိမ်းထားရဦးမယ်” စာစာအိုကာသည် လိပ်စာကတ်၏ နောက်ကျောဘက်ကို လှန်ကြည့်လိုက်သည်။ “ဪ … နောက်ကျောမှာ သို့ – မစ္စတာစာစာအိုကာ ဆိုပြီး ဒီနေ့နေ့စွဲပါ ထည့်ရေးထားပါလား။ အလွဲသုံးစား လုပ်မှာ စိုးလို့ ထင်ပါရဲ့”
“စိတ်မရှိပါနဲ့ဗျာ။ ကျွန်တော်က အကျင့်ပါနေလို့ပါ”
“ဟာ … ဘာမှ မဖြစ်ပါဘူး။ သတိဝီရိယ ထားမှ တော်ကာကျမှာကိုးဗျ။ အင်း၊ ဒါနဲ့ … ခင်ဗျား ဒီမှာပဲ စကားပြောမလား။ ဒါမှမဟုတ် ကော်ဖီဆိုင် တစ်ဆိုင်ဆိုင် သွားမလား”
“ဒီမှာလည်း ရပါတယ်”
“ကောင်းပြီလေ”
စာစာအိုကာသည် ကုစာနာဂိကို ရုံးခန်းထောင့်တစ်နေရာရှိ ဧည့်ခံတွေ့ဆုံရာ နေရာသို့ ခေါ်ဆောင်သွားသည်။
“ဆောရီးပဲဗျာ။ ခင်ဗျားလည်း အလုပ်တွေ ရှုပ်နေမှာပဲ။ အနှောင့်အယှက်ပေးသလို ဖြစ်သွားပြီ” ကုစာနာဂိသည် အနက်ရောင် သားရေတု ဆိုဖာခုံပေါ်တွင် ထိုင်လျက် ပြောလိုက်သည်။
“ကိစ္စ မရှိပါဘူး။ ကျွန်တော်တို့ ဒီမှာက စာအုပ်တိုက်အကြီးစားကြီးတွေလို မဟုတ်ဘူး။ အားလပ်တဲ့အချိန်က ခပ်များများရယ်” စာစာအိုကာက ပြောပြီး အားရပါးရ ရယ်ချလိုက်သည်။ ကြည့်ရသည်မှာ စိတ်ကောင်းရှိမည့်ပုံ။
“ဖုန်းထဲမှာလည်း ကျွန်တော် ခင်ဗျားကို ပြောပြီးခဲ့ပါပြီ။ ဒီတစ်ခေါက် လာရင်းကိစ္စက ကျုကူအိ ဂျွန်ကိုရဲ့ အကြောင်းကို သိချင်လို့ပါ”
စာစာအိုကာ၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားသည်။ “သူရဲ့ စာအုပ်ကို အဲဒီတုန်းက ကျွန်တော်ပဲ တာဝန်ယူပြီး လုပ်ပေးခဲ့တာပါ။ သူက အတော်လေး ပါရမီရှိတဲ့ အမျိုးသမီးတစ်ယောက်ပဲ။ တကယ် နှမြောစရာပါဗျာ”
“ခင်ဗျား အရင်က မစ္စကျုကူအိနဲ့ ဘယ်လောက်ကြာကြာ အလုပ်လုပ်ခဲ့ဖူးလဲ”
“နှစ်နှစ်ကျော်လောက်ပေါ့။ အကြာကြီးလို့တော့ မဆိုသာဘူးပေါ့ဗျာ။ ကျွန်တော်ဆီမှာပဲ သူ့စာအုပ်နှစ်အုပ် ထုတ်ပေးခဲ့ဖူးတယ်”
စာစာအိုကာသည် မတ်တတ်ရပ်ကာ သူ၏ စားပွဲပေါ်မှ ရုပ်ပြစာအုပ်နှစ်အုပ်ကို လှမ်းယူလိုက်သည်။ “ဒီနှစ်အုပ်ပဲ”
“ကျွန်တော် ကြည့်ကြည့်ချင်လို့၊ ရမလား” ကုစာနာဂိက စာအုပ်နှစ်အုပ်ကို လှမ်းယူလိုက်သည်။ တစ်အုပ်မှာ ‘နှင်းလူလဲကျပြီ’ နှင့် နောက်တစ်အုပ်မှာ ‘ခွေးခြင်္သေ့ တာရို၏ စွန့်စားခန်း’ ဖြစ်သည်။
“သူက နှင်းလူနဲ့ ခွေးခြင်္သေ့လို လူကြိုက်များပြီးသား ရုပ်ပုံတွေနဲ့ ဇာတ်အိမ်ဖွဲ့ပြီး ရုပ်ပြရေးရတာကို သဘောကျပုံ ရတယ်။ နောက်ပြီး မိုးနတ်သမီးရဲ့ ရုပ်ပုံနဲ့ စာအုပ်တစ်အုပ် ထွက်ထားတာလည်း ရှိသေးတယ်”
“အဲဒီ ရုပ်ပြစာအုပ်ကို ကျွန်တော် သိတယ်။ ‘မနက်ဖြန် မိုးရွာတော့မည်’ မဟုတ်လား”
မာရှိဘ ယိုရှီတာကာသည် ထိုရုပ်ပြကို မြင်ရပြီးသည့်နောက်တွင် ကျုကူအိ ဂျွန်ကိုအား သူ့အတွက် ကာတွန်းရုပ်ပုံတစ်ပုံ ဆွဲပေးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
စာစာအိုကာက ခေါင်းညိတ်ပြသည်။ ထို့နောက် သူ၏ နဖူးကြောများ တွန့်ခေါက်သွားကြသည်။ “မစ္စကျုကူအိရဲ့ လက်ထဲရောက်သွားရင် မြင်ဖူးနေကျ ရုပ်ပုံတွေကလည်း အရင်ကထက် ပိုပြီး အသက်ဝင်သွားတယ်။ ပိုပြီး အရောင်အသွေး စုံသွားတယ်။ လူ့လောကကို စောစောစီးစီး စွန့်ခွာသွားတာ အတော်ကို နှမြောစရာ ကောင်းတာပဲဗျာ”
“မစ္စကျုကူအိ ကွယ်လွန်သွားတုန်းက ဖြစ်ရပ်တွေကို ခင်ဗျား မှတ်မိသေးလား”
“မှတ်မိတာပေါ့။ သူက ကျွန်တော့်ကို စာတစ်စောင် ရေးပေးခဲ့သေးတာပဲကို”
“ဟုတ်လား။ သူ့မိသားစုရဲ့ စကားအရ သူ ဆုံးခါနီးမှာ လူတချို့အတွက် စာတစ်စောင်စီ ရေးပြီး ချန်ထားခဲ့တယ်လို့ ကြားမိတယ်”
ကျုကူအိ ဂျွန်ကို၏ မိဘအိမ်သည် ဟီရိုရှီးမားတွင် ရှိသည်။ ကုစာနာဂိသည် သူ့မိခင်ထံသို့ ဖုန်းဆက် ဆက်သွယ်ခဲ့သေးသည်။ ကျုကူအိ ဂျွန်ကိုသည် အိပ်ဆေးသောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြောင်း သူ့မိခင်ထံမှ သိခဲ့ရသည်။ သူ့အခန်းထဲတွင် စာသုံးစောင် ချန်ထားခဲ့သည်။ သူ့အလုပ်နှင့် ပတ်သက်သည့် လူများအတွက် ရေးသားထားခဲ့ခြင်း ဖြစ်သည်။ ၎င်းအနက်မှ တစ်စောင်မှာ စာစာအိုကာအတွက် ဖြစ်သည်။
“သူ့စာထဲမှာ ရေးထားတာက … ‘အခုလို ပုံစံမျိုးနဲ့ လုပ်လက်စအလုပ်ကို ပစ်ထားခဲ့ရတဲ့အတွက် ကျွန်မ အနူးအညွတ် တောင်းပန်ပါတယ်’ တဲ့။ အဲဒီတုန်းက ကျွန်တော် သူ့ကို နောက်ရုပ်ပြတစ်အုပ် ထုတ်ဖို့အတွက် အကူအညီ တောင်းထားတာပါ။ သူ့ခမျာလည်း အဲဒီကိစ္စအတွက် စိတ်မကောင်းဘူး ထင်ပါရဲ့ဗျာ” စာစာအိုကာသည် အတိတ်၏ ပုံရိပ်များကို ပြန်လည် မြင်ယောင်နေသည့်နှယ် မျက်မှောင်ကြုတ်လျက် ခေါင်းတခါခါ လုပ်နေလေသည်။
“သူရဲ့ သေတမ်းစာထဲမှာ သတ်သေရတဲ့ အကြောင်းအရင်းကို ထည့်ရေးထားသေးလား”
“ဟင့်အင်း။ အနူးအညွတ် တောင်းပန်ပါတယ် ဆိုတာလောက်ပဲ ပါတယ်”
စင်စစ်မှာမူ ကျုကူအိ ဂျွန်ကို၏ သေတမ်းစာထဲတွင် ထိုမျှလောက် မကသေး။ သတ်မသေခင်တွင် သူသည် သူ့မိခင်ထံသို့ စာတစ်စောင် ရေးသားခဲ့သည်။ ထိုစာကို ဖတ်ပြီးသည့်နောက်တွင် သူ့မိခင်သည် အကြီးအကျယ် အံ့အားသင့်သွားပြီး သူ့ထံကို အလျင်အမြန် ဖုန်းဆက်လိုက်သည်။ သို့သော် ဆက်သွယ်၍ မရခဲ့ပေ။ ထို့ကြောင့် ရဲထံသို့ ချက်ချင်း အကြောင်းကြားခဲ့သည်။ နယ်မြေခံ ရဲစခန်းသည် ဖုန်းလက်ခံ ရရှိပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ တိုက်ခန်းသို့ အလျင်အမြန် သွားရောက်ခဲ့ကြသည်။ သို့ဖြင့် သူ၏ ရုပ်အလောင်းကို တွေ့ရှိရလေတော့သည်။
သူ့မိခင်ထံသို့ ရေးပေးသည့် စာထဲတွင်လည်း သတ်သေရသည့် အကြောင်းအရင်းကို ထည့်သွင်း ရေးသားထားခြင်း မရှိပေ။ မိခင်၏ မွေးကျေးဇူးများ မည်မျှ ကြီးမားကြောင်းနှင့် ဤမျှ တယုတယ စောင့်ရှောက်ပေးခဲ့သည့် အသက်တစ်ချောင်းကို တန်ဖိုးမထားခဲ့မိသည့်အတွက် အနူးအညွတ် တောင်းပန်ကြောင်းကိုသာ ရေးသားထားသည်။
ကုစာနာဂိနှင့် ဖုန်းပြောနေစဉ် သူ့မိခင်သည် အကြီးအကျယ် ငိုယိုနေခဲ့သည်။ အဘယ်သို့သော အကြောင်းကြောင်းကြောင့် ဤသို့ ဖြစ်ပွားခဲ့ရသည်ကို ယနေ့တိုင် နားမလည်နိုင်အောင် ဖြစ်နေရဆဲပင်။ နှစ်နှစ်ဟူသော အချိန်ကာလသည် သမီးတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးခဲ့ရသော မိခင်တစ်ယောက်၏ သောကပရိဒေဝမီးကို ငြှိမ်းသတ်နိုင်ခြင်းငှာ မစွမ်းနိုင်ပေ။
“မစ္စတာစာစာအိုကာ၊ မစ္စကျုကူအိ သတ်သေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားမှာ သဲလွန်စလေး ဘာလေးများ မရှိဘူးလား”
ကုစာနာဂိ၏ မေးခွန်းကို ကြားရသည့်အခါတွင် စာစာအိုကာသည် ကျွတ်ကနဲ မြည်အောင် စုပ်သပ်ပြီး ခေါင်းကို ခါယမ်းနေလေသည်။ “အဲဒီတုန်းကလည်း ရဲတွေက
ကျွန်တော့်ကို
အဲဒီလိုမေးခွန်းမျိုး မေးခဲ့ဖူးတယ်ဗျ။ ဒါပေမယ့် ကျွန်တော် တကယ့်ကို ဘာတစ်ခုမှ မသိဘူး။ သူ သတ်မသေခင် နှစ်ပတ်လောက်အလိုမှာ ကျွန်တော် သူနဲ့ ဆုံဖြစ်ခဲ့ကြသေးတယ်။ အဲဒီတုန်းကတော့ သူ့ပုံကြည့်ရတာ အဲဒီလို သတ်သေချင်တဲ့ ရုပ်မျိုးလည်း ပေါက်မနေပါဘူးဗျာ။ ကျွန်တော်ပဲ
လူကဲခတ်
ညံ့နေတာလားတော့ မပြောတတ်ဘူး”
စာစာအိုကာသည် လူကဲခတ်ညံ့သော လူတစ်ယောက် မဖြစ်နိုင်ဟု ကုစာနာဂိ ထင်သည်။ သေတမ်းစာကို လက်ခံရရှိသော တခြားလူနှစ်ယောက်လည်း ထိုအချက်ကို ရိပ်စားမိခဲ့ခြင်း မရှိကြချေ။
“မစ္စကျုကူအိမှာ အရင်က ချစ်သူရည်းစား ရှိခဲ့ဖူးလား” ကုစာနာဂိက မေးခွန်းပြောင်းလိုက်သည်။
“ကြားတော့ ကြားတယ်ဗျ။ ဒါပေမယ့် ဘယ်သူလဲ ဆိုတာတော့ အသေအချာ မသိဘူး။ ဒီခေတ်ကြီးထဲမှာ အဲဒီလို မေးခွန်းမျိုးကို တည့်တိုးမေးလိုက်ရင် လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးတယ် ဆိုပြီး တရားစွဲ ခံရနိုင်တယ်ဗျ” စာစာအိုကာက ခပ်တည်တည် ပြန်ဖြေသည်။
“သူ့ ချစ်သူရည်းစားအပြင် သူနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ တခြား လူတွေကိုရော ခင်ဗျား သိလား။ အမျိုးသမီးမိတ်ဆွေပဲ ဖြစ်ဖြစ်ပေါ့ဗျာ”
စာစာအိုကာသည် သူ၏ တုတ်ခိုင်သော လက်နှစ်ဖက်ကို ပိုက်လျက် ပခုံးကို ပင့်တင်လိုက်သည်။ “ရဲတွေက အဲဒီမေးခွန်းမျိုးကိုလည်း မေးခဲ့ဖူးတယ်။ ဒါပေမယ့် ကျွန်တော် စဉ်းစားမရဘူး။ ကျွန်တော့်အထင်တော့ သူက တစ်ယောက်တည်း နေရတာကို သဘောကျပုံရတယ်။ အခန်းထဲမှာ တစ်ယောက်တည်းနေပြီး တိတ်တဆိတ် ပုံဆွဲနေရရင် ကျေနပ်နေတဲ့လူမျိုး ထင်ပါရဲ့ဗျာ။ သူက လူတွေနဲ့ လုံးလားထွေးလား လုပ်တတ်တဲ့ လူမျိုးမဟုတ်ဘူး။ ဒါကြောင့် သူ့မှာ ရည်းစားရှိနေပြီလို့ ကြားလိုက်ရတော့ ကျွန်တော်ဖြင့် အတော်ကို အံ့ဩသွားခဲ့တာ”
ဤအချက်တွင် သူသည် အာယနဲနှင့် အတော်ပင် တူသည်ဟု ကုစာနာဂိက စဉ်းစားမိသည်။ အာယနဲ၏ နံဘေးတွင် ဝါကာယာမာ ဟိရောမိကဲ့သို့ လက်ထောက်တစ်ယောက် ရှိသည်ဟု ဆိုရသော်လည်း၊ မိဘအိမ်သို့ ပြန်ရောက်သည့် အခါမျိုးတွင် ရေပူစမ်းသို့ သွားရန် အဖော်လိုက်ပေးမည့် ငယ်သူငယ်ချင်းတစ်ယောက် ရှိသည်ဟု ဆိုရသော်ငြားလည်း ပင်ကိုအားဖြင့် သူသည် တစ်ကိုယ်တည်း သွားလာလှုပ်ရှားတတ်သူ တစ်ယောက်သာ ဖြစ်သည်။ ဧည့်ခန်းထဲရှိ ဆိုဖာခုံပေါ်တွင် တစ်နေကုန် တစ်ယောက်တည်း ထိုင်လျက် စပ်ထည်ချုပ်လုပ်နေခြင်းမှာ သူ၏ ဘဝပင် ဖြစ်သည်။
သို့ဆိုလျှင် မာရှိဘ ယိုရှီတာကာသည် ထိုသို့သော စရိုက်လက္ခဏာ ရှိသည့် မိန်းမမျိုးကို ပိုမို အကြိုက်တွေ့ သဘောခွေ့ခြင်း ဖြစ်ရပေလိမ့်မည်။
မဟုတ်သေး … ။
အနည်းအကျဉ်းတော့ ခြားနားမှု ရှိရဦးမည်။ ကုစာနာဂိသည် သူ၏ ကောက်ချက်ကို သူ့ဘာသာသူ
ပယ်ချပစ်လိုက်သည်
။
သူသည် အီကာအိ တတ်ဆုဟီကို၏ ပြောစကားကို ပြန်လည် ကြားယောင်လာသည်။
“ဒါပေမယ့် မာရှိဘအတွက်ကျတော့ အဲဒီလုပ်ရပ်တွေက ဘာမှ တန်ဖိုးမရှိသလိုပဲ။ သူ့အမြင်အရ မိန်းမတစ်ယောက်ဖြစ်ပြီး ကလေးတစ်ယောက်မှ မွေးမပေးနိုင်ဘူး ဆိုရင် ဆိုဖာပေါ် ထိုင်နေလည်း အဲဒါ အလှပြပစ္စည်းနဲ့ ဘာမှ မထူးဘူး။ နေရာတောင် ရှုပ်သေးတယ်လို့ ယူဆချင် ယူဆနေမှာ”
ဤသို့ ထီးတည်းနေထိုင်တတ်သော မိန်းမများကို မာရှိဘ ယိုရှီတာကာ ရွေးချယ်ရသည့် အကြောင်းအရင်းမှာ သူသည် ထိုမိန်းမများကို ကလေးမွေးဖွားပေးမည့် ကိရိယာတစ်ခု အဖြစ်သာ ရှုမြင်ထားသောကြောင့် ဖြစ်သည်။ ယင်းကိရိယာတွင် ရှုပ်ထွေးပွေလီသော လူမှုဆက်ဆံရေး ယန္တယားမျိုး ပါရှိနေရန် မလိုအပ်ဟု ယူဆထားသောကြောင့်လည်း ဖြစ်ပေလိမ့်မည်။
“တစ်ခုလောက် မေးပါရစေ။ … အခုလို အချိန်ကျမှ ဘာဖြစ်လို့ အဲဒီသတ်သေတဲ့ ကိစ္စကို ပြန်စုံစမ်းနေရတာလဲ။ သတ်သေရတဲ့ အကြောင်းအရင်းကို မ
ဖော်ထုတ်နိုင်ခဲ့ဘူး
ဆိုပေမယ့် တခြား ရာဇဝတ်မှုတွေနဲ့ ပတ်သက်နိုင်ခြေ မရှိလို့ ရဲဘက်က အဲဒီအမှုကို ပိတ်ထားလိုက်တာ ကြာပြီ မဟုတ်လား” စာစာအိုကာက အူလည်လည် ဖြစ်နေသည်။
“အဲဒီသတ်သေတဲ့အမှုကို ပြန်စစ်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တခြားအမှုတစ်ခုကို စစ်ဆေးနေရင်း မစ္စကျုကူအိရဲ့ နာမည်က အဲဒီအမှုတွဲထဲမှာ ပါလာလို့ ခင်ဗျားကို လာမေးကြည့်တာပါ”
“ဪ ဒီလိုလား”
မည်သည့်အမှုကို စစ်ဆေးနေသနည်းဟု စာစာအိုကာက သိလိုနေဟန် ရှိသည်။ ကုစာနာဂိသည် စကားလမ်းကြောင်းကို အလျင်အမြန် ဖြတ်ချပစ်လိုက်သည်။
“ခင်ဗျားကို ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ။ ကျွန်တော်ကို ပြန်ခွင့်ပြုပါဦး”
“မေးလို့ ပြီးသွားပြီလား။ ဟာဗျာ … လက်ဖက်ရည်တောင် ဧည့်မခံလိုက်ရဘူး”
“ရပါတယ်။ ကျေးဇူးပါပဲ။ ဒါနဲ့ ဒီစာအုပ်နှစ်အုပ်ကို ခဏ ငှားပေးလို့ ရလား”
သူသည် စားပွဲပေါ်မှ စာအုပ်နှစ်အုပ်ကို ကောက်ယူလိုက်သည်။
“အပိုင်သာ ယူထားလိုက်ပါတော့ဗျာ”
“ဟာ … အားနာစရာကြီး”
“အဲဒီစာအုပ်နှစ်အုပ်ကို ဒီမှာ ထားထားလည်း အနှေးနဲ့အမြန်တော့ ရှင်းထုတ်ပစ်ရမှာပဲဗျ”
“ဟုတ်လား။ ဒါဆို ကျွန်တော် ယူထားလိုက်ပါ့မယ်”
ကုစာနာဂိသည် မတ်တတ်ရပ်၍ အပေါက်ဝဆီကို လျှောက်လာခဲ့သည်။ စာစာအိုကာလည်း အနောက်မှ လိုက်လာလေသည်။
“ပြောရမယ်ဆိုရင် အဲဒီတုန်းက ကျွန်တော်ဖြင့်
လန့်ဖျပ်သွားတာပဲ။
သူ ဆုံးသွားပြီလို့ သတင်းကြားတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်လို့ ဘယ်ထင်မိပါ့မလဲ။ ကျွန်တော်နဲ့ တခြားလုပ်ဖော်ကိုယ်ဖက်တွေကတောင် အကြောင်းအရင်းကို စဉ်းစားကြည့်ခဲ့ကြသေးတယ်။ တစ်ယောက်ယောက်ကများ သူ့ကို လုပ်ကြံသတ်ဖြတ်ခဲ့သလားပေါ့ … ခင်ဗျားပဲ စဉ်းစားကြည့်လေဗျာ။ ဘယ်သူက
အဲဒီလိုဟာမျိုး
သောက်ပြီး ကိုယ့်ဘာသာကိုယ် သေကြောင်းကြံပါ့မလဲ။ မဟုတ်ဘူးလား။ မသေခင် အတော်ကြီး ခံစားသွားရမှာဗျ”
ကုစာနာဂိ၏ ခြေလှမ်းများ တုံ့ရပ်သွားသည်။ စာစာအိုကာ၏ ဝိုင်းစက်နေသော မျက်နှာကို စိုက်ကြည့်လျက် “အဲဒီလိုဟာမျိုး ဆိုတာ ဘာကို ပြောတာလဲ”
“အဆိပ်လေဗျာ”
“အိပ်ဆေး မဟုတ်ဘူးလား”
စာစာအိုကာသည် နှုတ်ခမ်းကို မဲ့ကာ လက်ခါပြသည်။ “မဟုတ်ပါဘူးဗျာ။ အဲ … ခင်ဗျား မသိသေးဘူးလား။ စိန်လေ”
“စိန် …” ကုစာနာဂိ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
“ဝါကာယာမာမြို့က ကာလီဟင်း အဆိပ်ခတ်တဲ့ အမှုထဲမှာ သုံးတဲ့ဟာနဲ့ အတူတူပဲလို့ ပြောသံကြားတယ်”
“အာဆန်နစ်အက်ဆစ်လား”
“အား … အဲဒီလို နာမည်မျိုးပဲ”
ကုစာနာဂိ၏ နှလုံးခုန်နှုန်းမှာ တအုံးအုံးနှင့် မြန်သည်ထက် လျင်မြန်လာသည်။ သူသည် “ခွင့်ပြုပါဦး” ဟု ဆိုကာ လှေကားမှ ပြေးဆင်းသွားလေတော့သည်။
သူသည် ကိရှိတာနိထံသို့ ဖုန်းဆက်ပြီး ကျုကူအိ ဂျွန်ကို၏ အမှုကို ကိုင်ခဲ့သော နယ်မြေခံရဲစခန်းမှ ၎င်းအမှုနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို တောင်းယူခဲ့ရန် သူ့ကို မှာကြားလိုက်သည်။
“ဘယ်လို ဖြစ်ရတာလဲ အာစရိရယ်။ အဲဒီပန်းချီဆရာမ ကိစ္စကို လိုက်နေတုန်းပဲလား”
“ခွဲမှူးဆီက ခွင့်ပြုချက် ရထားပြီးပြီကွ။ လျှာရှည်မနေနဲ့။ ငါ ပြောတာသာ ရအောင် သွားယူခဲ့”
သူသည် ဖုန်းကို ချလိုက်ပြီး အခန့်သင့် ရောက်လာသော တက္ကစီတစ်စီးကို ဖြတ်တား၍ ကားဆရာအား မဲဂူရိုရဲစခန်းသို့ မောင်းရန် ညွှန်ကြားလိုက်လေသည်။
အခင်းဖြစ်ပွားသည့် နေ့မှ စ၍ ရေတွက်လျှင် ရက်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း စုံစမ်းစစ်ဆေးမှုသည် တစ်စုံတစ်ရာ တိုးတက်မှုကိုမျှ မတွေ့ရသေးပေ။ အဆိပ်ကို မည်သို့ ခတ်ခဲ့ကြောင်း စုံစမ်း၍ မရသေးသည့် အချက်သည် စုံစမ်းစစ်ဆေးမှုအတွက် ကြီးမားသော အဟန့်အတားကြီးတစ်ခု ဖြစ်နေသည် မှန်သော်လည်း မာရှိဘ ယိုရှီတာကာကို သေစေလိုသော ဆန္ဒရှိသူအား လုံးဝ ရှာမတွေ့သေးသည့်အချက်မှာလည်း အကြောင်းအရင်းတစ်ရပ် ဖြစ်နေပေသည်။ အကယ်၍သာ သေစေလိုသော ဆန္ဒရှိသူတစ်ဦးကို မဖြစ်မနေ ဆွဲထုတ်ပြရမည်ဆိုလျှင် ထိုသူမှာ အာယနဲပင် ဖြစ်သည်။ သို့သော် သူ့တွင် ပြစ်မျိုးမှဲ့မထင်သော အလီဘိုင်ရှိနေသည်။
အခင်းဖြစ်ပွားသည့်နေ့က မာရှိဘအိမ်သို့ ဧည့်သည်တစ်ဦးဦး လာကို လာခဲ့ရမည်ဟု ကုစာနာဂိသည် မာမီယာကို အခိုင်အမာ ပြောဆိုခဲ့သည်။ ထို့အပြင် မာရှိဘ ယိုရှီတာကာ၏ ရည်းစားဟောင်းဖြစ်သည့် ကျုကူအိ ဂျွန်ကိုအား လေ့လာစုံစမ်းခွင့် ပြုရန်လည်း တောင်းဆိုခဲ့သည်။
“သူက သေသွားပြီ မဟုတ်လား” မာမီယာက မေးသည်။
“အဲဒါကြောင့်ပဲ ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေတာပေါ့” ကုစာနာဂိက ပြန်ဖြေသည်။ “တကယ်လို့သာ သူက မာရှိဘ ယိုရှီတာကာကြောင့် သတ်သေခဲ့တာ ဆိုရင် သူ့အနားမှာ မာရှိဘကို အမှုန့်ချေပစ်ချင်လောက်အောင် မုန်းနေတဲ့ လူတစ်ယောက်ယောက်တော့ ရှိနေမှာပဲ”
“သူ့အတွက် လက်စားချေတယ်လို့ မင်းက ဆိုလိုချင်တာလား။ ဒါပေမယ့် သူ သတ်သေခဲ့တဲ့အချိန်က အခုဆို နှစ်နှစ်ကျော်တောင် ရှိသွားပြီ။ ဒီကာလအတွင်းမှာ လူသတ်တရားခံက ဘာဖြစ်လို့ မလုပ်ကြံခဲ့ရတာလဲ”
“အဲဒါတော့ ကျွန်တော်လည်း မသိသေးဘူး။ အချိန်တစ်ခု မစောင့်ဘဲ လက်စားချေလိုက်ရင် ရဲဘက်က ကျုကူအိ သတ်သေတဲ့အမှုနဲ့ ဆက်စပ်နေနိုင်တယ်လို့ ရိပ်မိသွားမှာကို စိုးရိမ်လို့လည်း ဖြစ်ချင် ဖြစ်မှာပေါ့”
“မင်းရဲ့ ယူဆချက်သာ အမှန်ဆိုရင် အဲဒီ လူသတ်တရားခံက တော်တော်ကို ခေါင်းမာတဲ့လူပဲကွ။ နှစ်နှစ်ကြာသွားတာတောင် ရင်ထဲမှာ ရှိတဲ့ အမုန်းအာဃာတတွေကို မချေဖျက်နိုင်ခဲ့ရှာဘူး”
မာမီယာ၏ မျက်နှာအမူအရာက မယုံရခက် ယုံရခက်နေသော အမူအရာမျိုး။ သို့သော် ကျုကူအိ ဂျွန်ကိုအား စုံစမ်းထောက်လှမ်းရန် ခွင့်ပြုလိုက်လေသည်။
သို့ဖြင့် ကုစာနာဂိသည် ယမန်နေ့မှ စတင်၍ အသေးစိတ် အချက်အလက်များကို ရရှိရန် ဟိုဟိုဒီဒီ လိုက်လံစုဆောင်းခဲ့သည်။ ကျုကူအိ ဂျွန်ကို၏ မိဘအိမ်သို့ ဖုန်းဆက်ခဲ့သည်။ သေတမ်းစာများကို လက်ခံရရှိသူများထံသို့ သွားရောက်တွေ့ဆုံခဲ့သည်။ သူ့မိဘများထံသို့ ဆက်သွယ်ရန် ဖုန်းနံပါတ်ကိုမူ ‘မနက်ဖြန် မိုးရွာတော့မည်’ စာအုပ်ကို တည်းဖြတ်ပေးခဲ့သော အယ်ဒီတာထံမှ ရရှိခဲ့လေသည်။
သို့သော် ကုစာနာဂိ ဆက်သွယ်ခဲ့သော လူများထဲတွင် မည်သူ တစ်ဦးတစ်ယောက်ကမျှ သူ၏ သေကြောင်းကြံစည်မှုအကြောင်းနှင့် မာရှိဘ ယိုရှီတာကာနှင့် ပတ်သတ်နေမှု အကြောင်းတို့ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။ ထိုမျှသာ မကသေး။ သူနှင့် မာရှိဘ ယိုရှီတာကာတို့ တွဲနေကြသည့် အကြောင်းကိုပင် မည်သူမျှ မသိကြချေ။
မစ္စကျုကူအိ၏ တိုက်ခန်းသို့ ယောက်ျားတစ်ယောက် ဝင်ထွက်သွားလာဖူးသည့် အရိပ်အယောင်မျှပင် မတွေ့ရကြောင်း သူ့မိခင်က ပြောဆိုခဲ့သည်။ ထို့ကြောင့် မိခင်ဖြစ်သူ ကိုယ်နှိုက်ကပင်လျှင် သူ့သမီး သတ်သေရသည့် အကြောင်းအရင်းသည် ရည်းစားသနာကိစ္စနှင့် လုံးဝ ပတ်သက်နေလိမ့်မည် မဟုတ်ကြောင်း ယုံကြည်ထားခဲ့သည်။
လက်ဖက်ခြောက် အရောင်းဆိုင်မှ စားပွဲထိုးမလေးသည် မာရှိဘနှင့် ကျုကူအိတို့ကို လွန်ခဲ့သော သုံးနှစ်ခန့်က ပထမဆုံးအကြိမ် တွေ့ဖူးခဲ့ခြင်း ဖြစ်သည်။ အကယ်၍သာ များမကြာခင် သူတို့နှစ်ဦး လမ်းခွဲခဲ့ကြသည် ဆိုလျှင် နောက်တစ်နှစ်အကြာ၌ ကျုကူအိ သတ်သေသွားခြင်းသည် မာရှိဘနှင့် လုံးဝ ပတ်သက် ဆက်စပ်နေတော့မည် မဟုတ်ပေ။
ပတ်သက်နေသည် ဆိုစေဦးတော့။ အကယ်၍သာ သူတို့နှစ်ဦး၏ အချစ်ဇာတ်လမ်းကို မည်သူ တစ်ဦးတစ်ယောက်ကမျှ သိရှိထားခြင်း မရှိခဲ့ပါမူ မည်သူကမျှလည်း မာရှိဘကို
အာဃာတ
ထားတော့မည် မဟုတ်ပေ။ စုံစမ်းစစ်ဆေးရန် ခွင့်ပြုချက်ကို မာမီယာထံမှ
ခဲရာခဲဆစ်
တောင်းယူနိုင်ခဲ့ပြီးခါမှ စောစောစီးစီး တပ်ခေါက်ပြန်ရတော့မည်လား။
ထိုအခိုက်အတန့်မှာပင် အဆိပ်ဟူသော စကားလုံးကို ကုစာနာဂိ ကြားလာရသည်။
အကယ်၍သာ ကျုကူအိ၏ အမှုဖိုင်တွဲကို နယ်မြေခံရဲစခန်းမှ ဦးစွာ တောင်းယူကြည့်ခဲ့မိပါမူ ယင်းအချက်ကို ပိုမို၍ စောလျင်စွာ သတိထားခဲ့မိပေလိမ့်မည်။ သို့သော် သူသည် ကျုကူအိ၏ မိဘထံသို့ အရင်ဆုံး ဖုန်းဆက်ခဲ့မိသောကြောင့် ကျုကူအိ၏ မိခင်ထံမှ ဝမ်းနည်းကြေကွဲဖွယ် ဇာတ်လမ်းကို နားထောင်ပြီးသည့်နောက်တွင် စုံစမ်းစစ်ဆေးမှု၏ အစီအစဉ်သည်လည်း ကမောက်ကမ ဖြစ်သွားတော့သည်။ ထိုစဉ်က သူ၏ စိတ်ထဲတွင် နယ်မြေခံရဲစခန်းကို အထင်အမြင် သေးသောစိတ်များ ပေါ်ပေါက်သွားခဲ့သည်။ သူတို့သည် ဤအမှုကို မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုအဖြစ် သတ်မှတ်ထားခဲ့ပြီး ဖြစ်သောကြောင့် အသုံးတည့်မည့် မည်သည့်အချက်အလက်ကိုမျှ သူတို့ထံမှ ရနိုင်လိမ့်မည် မဟုတ်ကြောင်း ယူဆထားခဲ့သည်။
သို့ရာတွင် … အာဆန်နစ်အက်ဆစ် …
တိုက်ဆိုင်မှုသက်သက်ပေလော။ ကာလီဟင်း အဆိပ်ခတ်မှု ဖြစ်ပွားပြီးသည့် နောက်တွင် အာဆန်နစ်(စိန်)သည် လူကို သေစေနိုင်သော အဆိပ်တစ်မျိုးဖြစ်ကြောင်း သိရှိသူမှာ များသည်ထက် များလာခဲ့သည်။ ထိုနည်းတူစွာ ၎င်းကို အသုံးပြု၍ လုပ်ကြံသတ်ဖြတ်သူ၊ သို့တည်းမဟုတ် သေကြောင်းကြံသူမှာလည်း ဒီရေပမာ မြင့်တက်လာခဲ့သည်။
အကယ်၍သာ မာရှိဘအား အသက်ပျောက်စေခဲ့သော အဆိပ်သည် သူ့ရည်းစားဟောင်း သတ်သေစဉ်က အသုံးပြုခဲ့သော အဆိပ်နှင့် အမျိုးတူ ဖြစ်နေခဲ့ပါမူ တိုက်ဆိုင်လွန်းလှချည့်ဟု ဆိုလိုက်ချင်သည်။ ယင်းကိစ္စများ အားလုံးကို လူတစ်ဦးတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ စီမံဆောင်ရွက်နေသည်ဟု ယူဆပါက ပို၍ ယုတ္တိတန်မည်လော မဆိုနိုင်။
ကုစာနာဂိ ဤသို့ စဉ်းစားနေသည့် အခိုက်မှာပင် လက်ကိုင်ဖုန်းမှ အသံမြည်လာသည်။ ယုကာဝါထံမှ ဖြစ်သည်။
“ဘာလဲ။ ဆယ်ကျော်သက် ကောင်မလေးတွေလို ဖုန်းတဂွမ်ဂွမ် ဆက်တတ်တဲ့ အကျင့်မျိုး မင်းဆီ ဘယ်တုန်းက ကူးစက်သွားခဲ့တာလဲ”
“မင်းကို အရေးတကြီး ပြောစရာ ရှိလို့ မဆက်ချင် ဆက်ချင်နဲ့ ဆက်ရတာပါကွာ။ ဒီနေ့ တစ်နေရာရာမှာ တွေ့လို့ရမလား”
“တွေ့တာလောက်ကတော့ ရပါတယ်။ ဘာကိစ္စလဲ ဆိုတာတော့ အရင်ပြောမှဖြစ်မယ်။ အဆိပ်ခတ်တဲ့ နည်းလမ်းကို ရှာတွေ့သွားတာတော့ မဟုတ်ပါဘူးနော်”
“‘ရှာတွေ့’ တယ်ဆိုတဲ့ စကားလုံးကို သုံးရင် သိပ်တော့ တိကျမယ် မထင်ဘူး။ လက်တွေ့ မစမ်းသပ်ရသေးဘူး ဆိုပေမယ့် ‘အလုပ်ဖြစ်တဲ့ နည်းလမ်းတစ်ခုကို စဉ်းစားလို့ ရထားပြီ’ လို့ သုံးရင် အမှန်တရားနဲ့ ပိုပြီး နီးစပ်လိမ့်မယ်”
ကုစာနာဂိသည် ဖုန်းကို ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး တွေးနေမိသည်။ ‘ဒီကောင်က စကားပြောရင် အမြဲတမ်း ဝေ့လည်ကြောင်ပတ် ပြောနေရမှ ကျေနပ်တဲ့ အကောင်မျိုးပဲ’
ဤသို့သော စကားမျိုးကို ယုကာဝါထံမှ ကြားရပြီ ဆိုလျှင် စစ်မှန်သော အဖြေကို ရှာတွေ့သွားပြီဟု အကြမ်းအားဖြင့် ယူဆနိုင်လေသည်။
“မင်း ဥကျုမိကိုရော ပြောပြီးပြီလား”
“မပြောရသေးဘူး။ ကြုံတုန်း ပြောရဦးမယ်။ မင်းကိုလည်း လတ်တလော ပြောပြဖို့ အစီအစဉ် မရှိသေးဘူး။ တကယ်လို့ ငါက မင်းကို အကြောင်းစုံ ရှင်းပြဖို့ ခေါ်တယ်လို့ ယူဆနေရင်တော့ မင်းမျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာနိုင်တာမို့ စိတ်မကောင်းပါဘူးလို့ပဲ ကြိုပြောပါရစေ”
“မင်းဟာက ဘာတွေတုံး။ ဒါဆို ငါမေးမယ်ကွာ။ မင်းက ငါ့ကို ဘာပြောမလို့ တွေ့ချင်နေရတာလဲ”
“ရှေ့လျှောက် ဆက်လုပ်သွားမယ့် စုံစမ်းစစ်ဆေးမှုအတွက် အကြံဉာဏ်ပေးမလို့ပေါ့။ ငါ တွေးထားတဲ့ နည်းလမ်းအတိုင်း လုပ်ကြံနိုင်ဖို့အတွက် လိုအပ်ချက်တွေအားလုံး ပြည့်စုံ၏၊ မပြည့်စုံ၏ ငါ ရှင်းရှင်းလင်းလင်း သိရမှ ဖြစ်မယ်”
“ဆိုလိုတာက မင်းက ငါ့ကို အဆိပ်ခတ်တဲ့ နည်းလမ်း မပြောပြတဲ့အပြင် ငါ့ဆီကနေ သတင်းအချက်အလက်တွေကိုတောင် နှိုက်ယူချင်တယ် ဆိုတဲ့သဘောပေါ့။ ရဲဘက်က အမှုစစ်ဆေးလို့ ရလာတဲ့ သတင်းအချက်အလက်တွေကို မဆိုင်တဲ့ အပြင်လူတွေဆီ ပေါက်ကြားခွင့် မရှိဘူးဆိုတာ မင်းလည်း သိပြီးသားနေမှာပါ”
ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် ယုကာဝါထံမှ စကားသံ ထွက်ပေါ်လာသည်။ “မင်းက ငါ့ကို အခုလို စာအုပ်ကြီးနဲ့ ကိုင်ပေါက်လိမ့်မယ်လို့ ထင်တောင် ထင်မထားဘူး။ ရှိစေတော့။ တရားခံရဲ့ အဆိပ်ခတ်တဲ့ နည်းလမ်းကို မင်းကို ပြောမပြဘူး ဆိုတာကလည်း ငါ့မှာ အကြောင်းရှိတယ်။ လူချင်းတွေ့မှ မင်းကို ငါ ရှင်းပြတော့မယ်”
“အတော် ဈေးကိုင်တဲ့ကောင်ပဲ။ ငါ အခု မဲဂူရိုရဲစခန်းကို သွားရဦးမယ်။ အဲဒီကနေ အပြန်မှ ကျောင်းကို ဝင်ခဲ့မယ်။ ခန့်မှန်းခြေတော့ ၈ နာရီလောက် ရောက်မယ် ထင်တယ်”
“ဒါဆို အဲဒီအချိန်ကျမှ ငါ့ဆီ ဖုန်းဆက်လိုက်။ ငါက ဓာတ်ခွဲခန်းထဲမှာ ရှိချင်မှ ရှိမှာ”
“ကောင်းပြီလေ”
ဖုန်းချပြီးသည့်နောက်တွင် ကုစာနာဂိသည် ရင်ထဲ တလှပ်လှပ်ဖြစ်ကာ စိတ်စောနေမှန်း ကိုယ့်ကိုယ်ကိုယ် သတိထားမိလိုက်သည်။ ယုကာဝါ တွေးမိထားသော အဆိပ်ခတ်သည့် နည်းလမ်းမှာ အသို့ ဖြစ်အံ့နည်း။ ကုစာနာဂိသည် ယင်းအဖြေကို မိမိ၏ ကိုယ်စွမ်းကိုယ်စဖြင့် ကြံဆ တွေးခေါ်နိုင်လိမ့်မည်ဟု မယူဆပေ။ သူ စိတ်ပူပန်နေသည့် အချက်မှာ အဆိပ်ခတ်သည့် နည်းလမ်းသာ အမှန်အတိုင်း ဖော်ထုတ်နိုင်ခဲ့ပြီ ဆိုလျှင် အာယနဲ၏ အမှုနှင့် ပတ်သက်စပ်ဆိုင်နေသည့် အနေအထားသည် တစ်နည်းတစ်ဖုံ ပြောင်းလဲမှု ရှိလာပေတော့မည်။
အကယ်၍သာ ယုကာဝါ စိတ်ကူးကြံဆထားသော အဆိပ်ခတ်ပုံ နည်းလမ်းသည် သံမဏိကဲ့သို့ ခိုင်မာကျစ်လစ်သော အာယနဲ၏ အလီဘိုင်ကို ချိုးချေတိုက်လှဲနိုင်ပါမူကား …
သို့ဆိုလျှင် ထွက်ပေါက်ပိတ်ချေတော့မည်။ အာယနဲအကြောင်း ပြောနေခြင်း မဟုတ်။ ကုစာနာဂိ၏ နောက်ဆုံး ထွက်ပေါက်များကို ပိတ်ဆို့ခံလိုက်ရသည့်နှယ် ခံစားနေရသည်။ ယင်းအခြေအနေသို့ ဆိုက်ရောက်လာခဲ့ပြီ ဆိုလျှင် နောက်ဆုံး၌ သူသည် အာယနဲအား မယုံသင်္ကာသော မျက်ဝန်းများဖြင့် မဖြစ်မနေ ကြည့်ရှုဆက်ဆံရပေတော့မည်။
ယုကာဝါသည် သူ့အား မည်သို့မည်ပုံ ရှင်းပြပါအံ့နည်း။ ယခင်ကဆိုလျှင် ထိုအခိုက်အတန့်ကို သူသည် စိတ်အားထက်သန်စွာ စောင့်စားမျှော်လင့်ခဲ့ရစမြဲ။ ယနေ့မူ ထိုသို့မဟုတ်။ အမည်တပ်ရန် ခဲယဉ်းလှသော ဖိအားတစ်ခုသည် သူ့ရင်ကို မွန်းကျပ်သည်ထက် မွန်းကျပ်လာအောင် ဖိညှစ်ဆုပ်နယ်နေသည်ဟု သူ ခံစားနေရသည်။
မဲဂူရိုရဲစခန်း၏ အစည်းအဝေးခန်းမထဲတွင် ကိရှိတာနိသည် ဖက်ခ်စ်စက္ကူများကို ကိုင်လျက် ကုစာနာဂိကို စောင့်မျှော်နေသည်။ ကျုကူအိ ဂျွန်ကို သတ်သေမှုနှင့် စပ်ဆိုင်သည့် အမှုဖိုင်တွဲကို နယ်မြေခံ ရဲစခန်းမှ ပို့ထားခဲ့လေပြီ။ ထိုအချိန်တွင် မာမီယာသည်လည်း ကိရှိတာနိ၏ အနားတွင် ရှိနေသည်။
“အာစရိ ကျွန်တော့်ကို ဒါ တောင်းခိုင်းရတဲ့ အကြောင်းအရင်းကို ကျွန်တော် သိပြီ။ အဆိပ်ကြောင့် မဟုတ်လား” ကိရှိတာနိသည် လက်ထဲမှ စက္ကူတစ်ထပ်ကို သူ့အား ကမ်းပေးလိုက်သည်။
ကုစာနာဂိသည် အမှုဖိုင်တွဲကို အလျင်အမြန် ဖတ်ရှုကြည့်သည်။ အစီရင်ခံစာထဲတွင် မှတ်တမ်းတင်ထားချက်များအရ ကျုကူအိ ဂျွန်ကိုသည် သူ့အိမ်၏ ခုတင်ပေါ်တွင် လဲလျောင်း၍ သေဆုံးနေခဲ့သည်။ နံဘေးရှိ စားပွဲပေါ်တွင် ရေတစ်ဝက်ပါသော ဖန်ခွက်တစ်ခွက်နှင့် အဖြူရောင်အမှုန့်များ ထည့်ထားသော ပလတ်စတစ်အိတ်တစ်လုံးကို တွေ့ခဲ့ရသည်။ ၎င်းအဖြူမှုန့်များမှာ အာဆန်နစ် ထရိုင်အောက်ဆိုဒ်ခေါ် အာဆန်နစ်အက်ဆစ်ပင် ဖြစ်သည်။
“သူ အဲဒီတုန်းက အဲဒီအမှုန့်တွေကို ဘယ်က ရထားသလဲဆိုတာ အစီရင်ခံစာထဲမှာ ရေးမထားဘူး။ စုံစမ်းလို့ မရလို့များလား” ကုစာနာဂိက ခေါင်းငုံ့ထားလျက် မေးခွန်းထုတ်လိုက်သည်။
“သူတို့တွေ လုံးလုံးကို မစုံစမ်းခဲ့တာ ဖြစ်မယ်” မာမီယာက ပြောသည်။ “ဒီအမှုက ဘယ်လိုပဲကြည့်ကြည့် သတ်သေမှုပဲ ဖြစ်နေတာဆိုတော့ နယ်မြေခံ ရဲစခန်းကလည်း အလွယ်တကူ ရနိုင်တဲ့ အာဆန်နစ်ကို အလုပ်ရှုပ်ခံပြီး ဘယ်မှာ စုံစမ်းချင်ပါတော့မလဲ”
“ဒါပေမယ့်လည်း မစ္စတာမာရှိဘရဲ့ ရည်းစားဟောင်းကလည်း အာဆန်နစ်အဆိပ်ကို သုံးပြီး သတ်သေခဲ့တာဆိုတော့ အဲဒီအချက်က အတော်ကြီးကို စိတ်ဝင်စားစရာ ကောင်းနေတယ်။ အာစရိ … ဒီတစ်ချီတော့ လမ်းကြောင်းတည့်သွားပြီ ထင်တယ်” ကိရှိတာနိက စိတ်လှုပ်ရှားစွာ စကားဆိုလိုက်သည်။
“အဲဒီတုန်းက သုံးခဲ့တဲ့ အဆိပ်ကို နယ်မြေခံရဲစခန်းက သိမ်းထားပါဦးမလား မသိဘူးနော်” ကုစာနာဂိက ပြောသည်။
“ငါ မေးပြီးသွားပြီ။ စိတ်မကောင်းစရာပဲ။ မရှိတော့ဘူးတဲ့။ အမှုက နှစ်နှစ်တောင် ကျော်ခဲ့မှကိုး” မာမီယာက စိတ်မကောင်းသည့် လေသံဖြင့် ပြောသည်။
အကယ်၍သာ လက်ကျန် ရှိနေဦးမည် ဆိုလျှင် ယခုအမှုတွင် အသုံးပြုခဲ့သော အဆိပ်မှုန့်များနှင့် တေ့တေ့ဆိုင်ဆိုင် နှိုင်းယှဉ်လေ့လာကြည့်နိုင်သည်။
“ဒါနဲ့ … ရဲဘက်က သူ့မိသားစုတွေကို အဆိပ်အကြောင်း သေသေချာချာ ရှင်းပြခဲ့ပုံ မရဘူး” ကုစာနာဂိ၏ စိတ်ထဲ ထူးဆန်းအံ့ဩနေသည်။
“ဘာကို ဆိုလိုတာလဲ”
“သူ့သမီးက အိပ်ဆေးသောက်ပြီး သတ်သေခဲ့တာပါလို့ ကျုကူအိ ဂျွန်ကိုရဲ့ အမေက ကျွန်တော့်ကို ဖုန်းထဲမှာ ပြောခဲ့တာ။ ရဲဘက်က သူတို့ကို အမှန်အတိုင်း ပြောမပြခဲ့လို့များလား”
“သူတို့ အမှတ်မှားတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့”
“အဲဒီလိုလည်း ဖြစ်နိုင်တာပဲ …” ကုစာနာဂိက ပြောသည်။ သို့သော် မိမိ၏ သမီးတစ်ယောက် သတ်သေသည့် အကြောင်းကိစ္စနှင့် ပတ်သက်၍ အမှတ်မှားနိုင်ပါမည်လော။ သူ ယုံရခက်နေသည်။
“ဥကျုမိကလည်း အဲဒီလို စကားမျိုး ပြောခဲ့ဖူးတာပဲ။ … အေးဗျာ၊ အခုမှ အမှုမှန်ပေါ်ဖို့ နီးစပ်သထက် နီးစပ်လာပြီလို့ ခံစားရတော့တယ်” ကိရှိတာနိက ပြောသည်။
ကုစာနာဂိ ခေါင်းထောင်လာသည်။ “ဥကျုမိက ဘာပြောလို့လဲ”
“စုံထောက်ကြီး ဂယ်လီလီယိုက သူ့ကို အကြံတချို့ ပေးလိုက်ပုံ ရတယ်” မာမီယာက ပြန်ဖြေသည်။ “မာရှိဘအိမ်မှာ တပ်ထားတဲ့ ရေသန့်စက်ကို သေသေချာချာ ပြန်စစ်ကြည့်ဖို့ ပြောတယ်။ အဲဒါကို ဘယ်ကို ပို့မယ် ဆိုလား … နာမည်က ဘာတဲ့”
“Spring-8” ကိရှိတာနိက ပြောသည်။
“ဟုတ်တယ်။ အဲဒါ။ အဲဒီကို ပို့ပြီး နောက်တစ်ကြိမ် စေ့စေ့စပ်စပ် ပြန်စစ်ဆေးဖို့ ဆရာယုကာဝါက ပြောနေတယ်။ အခုလောက်ဆို ဥကျုမိလည်း ပျာတောက်နေရောပေါ့။ ပြန်စစ်ဆေးနိုင်အောင် ခွင့်ပြုမိန့်ကျဖို့ လုံးပမ်းနေလောက်ပြီ”
Spring-8 သည် ဟျိုဂိုစီရင်စုနယ်တွင် တည်ရှိပြီး ကမ္ဘာပေါ်တွင် အကြီးဆုံးသော ဓာတ်ရောင်ခြည် သုတေသနဌာနကြီးတစ်ခု ဖြစ်သည်။ လွန်စွာမှ သေးငယ်မှုန်မွှားသော ပရမာဏုမြူ ကလေးများကိုပင် ရှာဖွေ ဖော်ထုတ်နိုင်စွမ်း ရှိသောကြောင့် ကာလီဟင်း အဆိပ်ခတ်မှုမှ စတင်၍ မှုခင်းဆေးပညာနှင့်ဆိုင်ရာ လုပ်ငန်းများတွင် မရှိမဖြစ်သော အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့လေသည်။
“ဒါဆို ယုကာဝါက ရေသန့်စက်ထဲမှာ အဆိပ်ခတ်ခဲ့တယ်လို့ ယူဆတာလား မသိဘူး”
“ဥကျုမိ ပြောပုံအရဆိုရင်တော့ အဲဒီအတိုင်း ဖြစ်မှာပဲ”
“ဒါပေမယ့် အဲဒီကောင်က အဆိပ်ခတ်တဲ့ နည်းလမ်းကို ရှာမှ မတွေ့သေး …” သူသည် ပြောနေရင်းတန်းလန်း ရပ်တန့်သွားသည်။
“ဘာဖြစ်လို့လဲ”
“ဘာမှ မဖြစ်ပါဘူး။ ကျွန်တော် သူနဲ့ ခဏနေ တွေ့ဖို့ ချိန်းထားတယ်။ သူက အဆိပ်ခတ်တဲ့ ပဟေဠိကို ဖြေရှင်းနိုင်ပြီလို့ ပြောတယ်။ အဲဒီလိုသာ အမှန်ဆိုရင်တော့ သူ ပြောတဲ့ နည်းလမ်းဆိုတာက ရေသန့်စက်ထဲကို အဆိပ်ခတ်တဲ့ နည်းလမ်းပဲ ဖြစ်ရတော့မှာပေါ့”
မာမီယာက ခေါင်းညိတ်လိုက်သည်။ “အရင်က ဥကျုမိလည်း အဲဒီလို စကားမျိုး ပြောခဲ့ဖူးတယ်။ ဆရာက ပဟေဠိကို ဖြေရှင်းနိုင်လိုက်ပြီ ဆိုလား။ ဒါပေမယ့် သူ့ကို တကယ့် အရေးပါတဲ့ အကြောင်းအရာတွေ ပြောပြသေးပုံ မရဘူး။ အဲဒီဆရာက ဉာဏ်ပညာမှာတော့ သူမတူအောင် ထူးချွန်တဲ့ လူတစ်ယောက်ပဲ။ ဒါပေမယ့် ခေါင်းမာနေတာ ခက်တယ်။ တကယ့်ကို မနိုင်စိန်ပဲ”
“သူကလည်း ကျွန်တော့်ကို ပြောပြဖို့ အစီအစဉ် ရှိပုံမရဘူး”
မာမီယာက မချိပြုံး ပြုံးလိုက်လေသည်။ “ထားပါလေ။ သူက ငါတို့ကို အစွမ်းကုန် ကူညီနေတာပဲဥစ္စာ။ ဘာပဲဖြစ်ဖြစ် သူက မင်းကို တကူးတက လှမ်းခေါ်တယ်ဆိုတော့ မင်းကို အသုံးတည့်မယ့် အကြံဉာဏ်တစ်ခုခု ပေးချင်လို့ နေမှာပေါ့။ သူ ဘာပြောမလို့လဲ ဆိုတာ စိတ်ရှည်လက်ရှည်နဲ့ သွားနားထောင်လိုက်ဦးပေါ့ကွာ”
***
ကုစာနာဂိ
တက္ကသိုလ်ပရိဝုဏ်သို့
ရောက်သည့်အခါတွင် ၈ နာရီ ထိုးကျော်လေပြီ။ သူသည် ယုကာဝါ၏ ဖုန်းကို ဆက်သော်လည်း ဖုန်းက မဝင်။ နောက်တစ်ကြိမ် ပြန်ခေါ်ကြည့်သည်။ အချိန်တော်တော်ကြာ မြည်နေပြီးနောက် ဖုန်းကိုင်လေတော့သည်။ “ဆောရီးကွာ။ စောစောက ဖုန်းမြည်သံ မကြားလိုက်ဘူး”
“မင်းအခု ဘယ်မှာလဲ။ ဓာတ်ခွဲခန်းမှာလား”
“မဟုတ်ဘူး။ အားကစားခန်းမထဲမှာ။ နေရာတော့ မှတ်မိသေးတယ် မဟုတ်လား”
“မှတ်မိတာပေါ့ကွ”
ကုစာနာဂိသည် ဖုန်းချပြီး အားကစားရုံဘက်သို့ လျှောက်သွားသည်။ ပင်မတံခါးပေါက်မှ ဝင်ပြီး ညာဘက်သို့ ချိုးလိုက်လျှင် လိပ်ခုံးအမိုးနှင့် မီးခိုးရောင် အဆောက်အအုံတစ်လုံးကို တွေ့မြင်နိုင်သည်။ သူ ကျောင်းတက်နေစဉ် အခါက စာသင်ခန်းထက် ထိုနေရာသို့ အရောက်အပေါက် ပိုများခဲ့သည်။ ယုကာဝါနှင့်လည်း ထိုနေရာ၌ပင် ခင်မင်ရင်းနှီးခဲ့ကြခြင်း ဖြစ်သည်။ ထိုစဉ်က သူတို့နှစ်ယောက်စလုံးမှာ ခန္ဓာကိုယ် သေးသေးသွယ်သွယ်။ ယခုမူ ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ် အချိုးအစားကို ထိန်းသိမ်းထားနိုင်သူမှာ ယုကာဝါ တစ်ယောက်တည်းသာ ကျန်ရှိတော့သည်။
ကုစာနာဂိသည် ကြက်တောင်ကွင်းဆီသို့ လျှောက်သွားသည်။ အားကစားဝတ်စုံကို ဝတ်ဆင်လျက် ဘက်တံ ကိုင်ထားသော လူငယ်တစ်ယောက်သည် ကွင်းထဲမှ ထွက်လာပြီး ကုစာနာဂိကို မြင်သည့်အခါတွင် ခေါင်းဆတ်၍ နှုတ်ဆက်လိုက်သည်။
လေကာအင်္ကျီ ဝတ်ဆင်ထားသော ယုကာဝါသည် ကြမ်းပြင်တွင် ထိုင်နေသည်။ ကွင်းလယ်တွင် ပိုက်တန်းထားလျက် ရှိသည်ကို ကြည့်ခြင်းအားဖြင့် မကြာခင်ကမှ ကြက်တောင်ရိုက်ပြီးထားကြောင်း နားလည်နိုင်သည်။
“တက္ကသိုလ်က ဆရာတွေ အတော် သက်ရှည်ကြပါလားလို့ ငါ အရင်ကတည်းက တွေးနေခဲ့တာ။ အခုမှ သဘောပေါက်တော့တယ်။ မင်းတို့က တက္ကသိုလ်ပိုင် အားကစား ပစ္စည်းတွေကို ကိုယ်ပိုင်ပစ္စည်းလို သဘောထားပြီး အလကားမတ်တင်း အသုံးပြုခွင့် ရနေကြတာကိုးကွ”
ကုစာနာဂိ၏ ခနိုးခနဲ့ ဆိုကဲ့ရဲ့သည့် စကားများကို ကြားရသည်တွင် ယုကာဝါသည် မတုန်မလှုပ် ကျောက်ရုပ်အလား ထိုင်မြဲ ထိုင်နေလေသည်။
“မင်း ပြောတဲ့ ကိုယ်ပိုင်ပစ္စည်းလို သဘောထားပြီး သုံးနေတယ် ဆိုတာကတော့ နည်းနည်း များသွားပြီ ငါ့ကောင်။ ငါက သူ့စည်းကမ်းအတိုင်း စာရင်းသွင်းပြီးမှ သူ့အလှည့် ကိုယ့်အလှည့်ကြည့်ပြီး အသုံးပြုရတာကွ။ နောက်ပြီး မင်းပြောခဲ့တဲ့ တက္ကသိုလ်ဆရာတွေက အသက်ရှည်တယ် ဆိုတဲ့ အဆိုမှာလည်း ချွတ်ယွင်းချက် ရှိနေတယ်။ ကျောင်းဆရာတစ်ယောက် လုပ်ချင်ပြီဆိုရင် သူရဲ့ အချိန်နဲ့ ခွန်အားအတော်များများကို ဒီလုပ်ငန်းအပေါ်မှာ အပြည့်အဝ နှစ်မြှုပ်ထားနိုင်ရမယ်။ ဒါကြောင့် အသက်ရှည်လောက်တဲ့အထိသာ ကျန်းမာမနေဘူးဆိုရင် တက္ကသိုလ် ကျောင်းဆရာလည်း လုပ်ဖို့ မဖြစ်နိုင်တော့ဘူး။ မင်းက အကြောင်းအရင်းနဲ့ အကျိုးရလဒ်ကို ဇောက်ထိုးကြီး မြင်နေတာပဲ”
ကုစာနာဂိသည် ချောင်းဟပ်ကာ လက်နှစ်ဖက်ပိုက်လျက် ယုကာဝါကို ငုံ့ကြည့်နေသည်။ “ဆိုစမ်းပါဦး။ ငါ့ကို တွေ့ချင်တာ ဘာကိစ္စလဲ”
“ဒီလောက် လောနေဖို့ လိုလို့လားကွာ။ တစ်ပွဲလောက် ရိုက်လိုက်ကြရအောင်လား” ယုကာဝါသည် အနားရှိ ဘက်တံနှစ်ချောင်းကို လှမ်းယူပြီး ကုစာနာဂိကို တစ်ချောင်း ကမ်းပေးလိုက်သည်။
“ဟ … မင်းနဲ့ ဘက်တံရိုက်ရအောင် လာတာ မဟုတ်ဘူး”
“ကိုယ်လုပ်ရမယ့် အလုပ်အပေါ်မှာ အပြည့်အဝ စိတ်နှစ်ပြီး လုပ်နေတဲ့အတွက် မင်းအစား ဂုဏ်ယူမိပါတယ်ကွာ။ ဒါပေမယ့် ငါ သတိထားမိတာလေးတစ်ခု ပြောပြရဦးမယ်။ ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းမှာ မင်းရဲ့ ခါးဆိုဒ်က ၉ စင်တီမီတာလောက် တိုးသွားတယ်။ အဲဒါ ဘာကို ဖော်ပြနေသလဲ ဆိုတော့ အမှုစုံစမ်းဖို့အတွက် မင်း ဟိုဟိုဒီဒီ ပြေးလွှားနေရတာက ကျန်းမာတဲ့ ခန္ဓာကိုယ်အချိုးအစားကို ထိန်းသိမ်းပေးတဲ့နေရာမှာ အကျိုးသက်ရောက်မှု မရှိဘူး ဆိုတဲ့ အချက်ပဲ”
“မင်းက စမ်းကြည့်ချင်တယ် ဆိုပါတော့” ကုစာနာဂိသည် အပေါ်အင်္ကျီကို ချွတ်ကာ ယုကာဝါ ကမ်းလာပေးသော ဘက်တံကို လှမ်းယူလိုက်သည်။
သူသည် ယုကာဝါနှင့် ယခုကဲ့သို့ ဝမ်းဘိုင်ဝမ်း မရိုက်ရသည်မှာ နှစ်နှစ်ဆယ်မျှပင် ကြာညောင်းခဲ့ချေပြီ။ အတိတ်၏ မှတ်ဉာဏ်များမှာ ဝေဝါးသွားခဲ့ပြီ ဖြစ်သော်လည်း ဘက်တံကို ပြန်လည် ဆုပ်ကိုင်ခွင့်ရသည့် ခဏ၌ပင် လက်ဖဝါးထဲမှ ဘက်တံ၏ အထိအတွေ့၊ ပိုက်တန်း၏ ပုံပန်းသဏ္ဌာန်နှင့် ကြမ်းပြင်၏ ပွတ်တိုက်ထိခတ်သံများသည် သူနှင့် ပြန်လည် ရင်းနှီးလာကြလေသည်။
သို့သော် ကြက်တောင်ရိုက်စဉ် ဘက်တံနှင့် ကြက်တောင်ကို ပိုင်နိုင်စွာ ထိန်းချုပ်နိုင်စွမ်းတို့သည် ယခင်ကဲ့သို့ ပြန်ပေါ်မလာတော့ပေ။ ထိုမျှသာ မကသေး။ သူ၏ ခွန်အားတို့ ဆုတ်ယုတ်လျက် ရှိကြောင်း သူကိုယ်တိုင် ထဲထဲဝင်ဝင် ခံစားသိရှိလိုက်ရသည်။ ယုကာဝါ ပြောခဲ့သည့်အတိုင်း ဆယ်မိနစ်ဟူသော အချိန်တိုလေးအတွင်းမှာပင် သူသည် ဖားဖိုကြီးတစ်ဖိုကဲ့သို့ ရှူးရှူးရှဲရှဲ မြည်လျက် ခြေလက်များ လေးလံလာကြသည်။
တစ်ဖက်ကစားသမား၏ အညှာအတာ ကင်းမဲ့သော ရိုက်ချက်ကြောင့် မည်သို့မျှ လက်လှမ်းမမီနိုင်သော နေရာသို့ ကြက်တောင် ပြေးဝင်သွားသည်ကို ငေးကြည့်နေရင်း ကုစာနာဂိသည် ကြမ်းပြင်ပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်လေသည်။
“တကယ့်ကို အိုပြီ ထင်ပါတယ်ကွာ။ ဒါပေမယ့် လက်မောင်းလှဲကြေး ဆိုရင်တော့ ချာတိတ်တွေကိုတောင် အပြတ်လှဲနိုင်သေးတယ်ကွ”
“လက်မောင်းလှဲတယ် ဆိုတာက ညှစ်ထုတ်အားကို အားကိုးရတာ။ အဲဒီ ညှစ်ထုတ်အားကလည်း အသက်အရွယ် ကြီးလာတာနဲ့အမျှ
ဆုတ်ယုတ်သွားတတ်တာပဲကွ။
ပြန်ပြီး လေ့ကျင့်ပေးရင် ပြည့်ဖြိုးလာနိုင်တယ် ဆိုပေမယ့် တောင့်ခံအားကကျတော့ အရင်အတိုင်း ပြန်ရဖို့ မဖြစ်နိုင်သလောက်ပဲ။ နှလုံးလည်း အဲဒီအတိုင်းပဲ။ လေ့ကျင့်ခန်းတွေ ပုံမှန် ပြန်လုပ်ဖို့ မင်းကို အကြံပြုချင်တယ် ငါ့ကောင်”
ယုကာဝါသည် စကားလုံးများကို အေးအေးဆေးဆေး ပြောဆိုနေသည်။ သူ၏ စကားသံထဲတွင် မောဟိုက်နေသည့် အရိပ်အငွေ့များကို လုံးဝ မတွေ့ရပေ။ ကုစာနာဂိသည် ဤအချက်ကို မကျေမချမ်း ဖြစ်နေလေသည်။
သူတို့နှစ်ယောက်သည် နံရံကို မှီထိုင်လိုက်သည်။ ယုကာဝါက ရေဗူးကို ဆွဲထုတ်ပြီး အဖုံးထဲသို့ ရေလောင်းထည့်လိုက်သည်။ ကုစာနာဂိကို ကမ်းပေးလိုက်ရာ ကုစာနာဂိက တစ်ငုံ မော့သောက်လေသည်။ အေးမြသော အားဖြည့်အချိုရည် ဖြစ်နေသည်။
“အခုလို ထိုင်နေရတော့ ကျောင်းသားဘဝကို ပြန်ရောက်သွားသလိုပဲ။ ငါ့ရဲ့ ပုံက
ကိုးရိုးကားရားကြီး
ဖြစ်နေတာက လွဲလို့ပေါ့ကွာ”
“ပုံမှန် လေ့ကျင့်ခန်း မလုပ်ဘူးဆိုရင် မင်းရဲ့ ရိုက်ချက်တွေက ကိုယ်ခန္ဓာလိုပဲ တစ်နေ့တခြား ဆိုးသထက် ဆိုးသွားဖို့ပဲ ရှိတယ်။ ဒီနှစ်ပိုင်းတွေမှာ
ငါက
ထရိန်နင်မပျက်ဘူးလို့ ပြောလို့ရတယ်။ မင်းက လုပ်မှမလုပ်ဘဲ။ အဲဒီလောက်ပဲ ကွာတာပါ”
“မင်းစကားက ငါ့ကို နှစ်သိမ့်နေတာလား”
“မဟုတ်ပါဘူး။ မင်းကို ဘာကြောင့် ငါက နှစ်သိမ့်နေရမှာလဲ”
ယုကာဝါ၏ တအံ့တဩ ဖြစ်နေသည့် မျက်နှာကို မြင်ရသည့်အခါတွင် ကုစာနာဂိက မဲ့ပြုံး ပြုံးလိုက်သည်။ သူသည် ရေဗူးအဖုံးကို ယုကာဝါအား ပြန်ပေးပြီး ခပ်တည်တည်ဖြင့် စကားစလိုက်ပြန်သည်။ “အဆိပ်က ရေသန့်စက်ထဲမှာ ခတ်ခဲ့တာလား”
ယုကာဝါသည် “အင်း” ဟု ဆိုကာ ခေါင်းညိတ်ပြသည်။ “ဖုန်းထဲမှာလည်း မင်းကို ငါ ပြောခဲ့ပြီးပြီ။ အခုထိတော့ သက်သေမရှိသေးဘူး။ ဒါပေမယ့် မှားစရာမရှိဘူးလို့ ယူဆတယ်”
“ဒါကြောင့် မင်းက ရေသန့်စက်ကို Spring-8 ပို့ဖို့ ဥကျုမိကို ခိုင်းထားတာလား”
“ငါ မာရှိဘအိမ်က ရေသန့်စက်နဲ့ တထေရာတည်းတူတဲ့ စက်လေးလုံး ဝယ်ထားတယ်။ အဲဒီအထဲကို အာဆန်နစ်မှုန့်တွေ ထည့်ပြီး ရေနဲ့ အကြိမ်ကြိမ် အထပ်ထပ် ဆေးကြည့်တယ်။ ပြီးတော့မှ အဲဒီအထဲမှာ ဘာတွေ ကြွင်းကျန်ခဲ့မလဲ ဆိုတာကို ငါ လေ့လာကြည့်တယ်။ ငါတို့ ဓာတ်ခွဲခန်းမှာ လုပ်နိုင်တာကတော့ ICP-MS နည်းပဲ။ အင်္ဂလိပ်လို အရှည်ကတော့ Inductively Coupled Plasma Mass Spectrometry လို့ ခေါ်တယ်”
“ဘာရယ် ဘာရယ်”
“နားမလည်လည်း ကိစ္စမရှိပါဘူး။ အဆင့်မြင့်တဲ့ ခြေရာခံနည်းလို့သာ မှတ်ထားလိုက်တော့။ ငါ ရေသန့်စက်လေးလုံးကို စမ်းကြည့်တယ်။ အဲဒီအထဲကမှ ခြေရာခံလို့ ရတာဆိုလို့ ၂ လုံးပဲ ရှိတယ်။ ကျန်တဲ့ ၂ လုံးက တိကျပြတ်သားတဲ့ အဖြေကို ထုတ်မပေးနိုင်ဘူး။ အဲဒီစက်ထဲမှာ သုံးထားတဲ့ ရေစစ်စကာမှာ အင်မတန်မှ ထူးခြားတဲ့ အလွှာတစ်ခု အုပ်ထားတယ်။ အဲဒီအလွှာကြောင့် အင်မတန်မှ သေးငယ်တဲ့ အမှုန်တွေက အဲဒီမှာ ကပ်မနေနိုင်တော့ဘူး။ ငါ ဥကျုမိကို စုံစမ်းခိုင်းကြည့်တော့ ထ.ရ.ဖက ရေသန့်စက်ကို စစ်ဆေးတဲ့အခါမှာ အက်တမ်စုတ်ယူ ခွဲခြမ်းစိတ်ဖြာနည်းကို သုံးခဲ့တယ်တဲ့။ အဲဒီနည်းက ငါသုံးတဲ့နည်းထက် အဆင့်နိမ့်တယ်။ ဒါကြောင့် ငါက သူ့ကို Spring-8 ဆီ ပို့ခိုင်းလိုက်တာ”
“မင်း ဒီလောက်တောင် ပြောနေပြီ ဆိုမှတော့ အပိုင်ဖဲတစ်ချပ် ကိုင်ထားနိုင်ပြီ ထင်တယ်”
“အပိုင်လို့တော့ ပြောလို့ မရသေးဘူး။ ဒါပေမယ့် လတ်တလောအချိန်ထိတော့ အဲဒီတစ်နည်းပဲ ဖြစ်နိုင်စရာ ရှိတော့တယ်”
“ဒါဆို အဆိပ်ကို ဘယ်လို ခတ်ခဲ့တာလဲ။ မင်း အရင်က ရေသန့်စက်ထဲမှာ အဆိပ်ခတ်ခဲ့တယ် ဆိုတဲ့ အယူအဆကို စွန့်လွှတ်လိုက်ပြီလို့ ဥကျုမိဆီက ကြားမိသလိုပဲ”
ကုစာနာဂိ၏ မေးခွန်းကို ဘာမျှ ပြန်မဖြေဘဲ မျက်နှာသုတ်ပဝါကို လက်နှစ်ဖက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင်ထားလေသည်။
“အဲဒါ မင်း ပြောမပြနိုင်ဘူး ဆိုတဲ့ အဆိပ်ခတ်နည်းပဲလား”
“ငါ ဥကျုမိကိုလည်း ပြောခဲ့ဖူးပါတယ်။ မင်းတို့ရဲ့ စိတ်ထဲမှာ ဘက်လိုက်မှုတွေ ဖြစ်ပေါ်လာမှာ ငါ စိုးရိမ်တယ်”
“ငါတို့စိတ်ထဲမှာ ဘက်လိုက်မှု ဖြစ်မဖြစ်နဲ့ အဆိပ်ခတ်တဲ့နည်းက ဘာဆိုင်နေလို့လဲ”
“သိပ်ဆိုင်တာပေါ့” ယုကာဝါသည် ကုစာနာဂိဘက်သို့ လှည့်လာသည်။ “တကယ်လို့သာ လူသတ်တရားခံက ငါ တွေးဆထားတဲ့ နည်းလမ်းအတိုင်း အဆိပ်ခတ်ခဲ့တာ မှန်ရင် တစ်နေရာရာမှာ သဲလွန်စ မကျန်ဘဲ နေမှာ မဟုတ်ဘူး။ ရေသန့်စက်ကို Spring-8 ပို့ပြီး စစ်ဆေးခိုင်းတယ် ဆိုတာကလည်း အဲဒီ သဲလွန်စကို ရှာထုတ်ချင်လို့ပဲ။ ဒါပေမယ့် … ဘာသဲလွန်စမှ မတွေ့ခဲ့ဘူး ဆိုရင်တောင် အဲဒီနည်းလမ်းကို မသုံးခဲ့ပါဘူးလို့ ယတိပြတ် ဆုံးဖြတ်လို့ မရပြန်ဘူး။ အဲဒီနည်းလမ်းက အဲဒီလောက်ကို ထူးခြားနေတယ်”
“ဒါဆို မင်းက ဘာဖြစ်လို့ ငါတို့ကို မပြောပြနိုင်ရတာလဲ”
“ဆိုကြပါစို့ကွာ။ တကယ်လို့သာ ငါက မင်းတို့ကို အဆိပ်ခတ်တဲ့နည်းလမ်း ပြောပြလိုက်ပါပြီတဲ့။ နောက်တစ်ဆင့် လိုအပ်နေတာက သဲလွန်စ ရှာတွေ့ဖို့ပဲ ကျန်တော့တယ်။ ဒါပေမယ့် သဲလွန်စကို မတွေ့ခဲ့ဘူး ဆိုရင် ဘာဆက်လုပ်ကြမလဲ။ အဲဒီအချိန်ကျရင် မင်းတို့က နဂိုရှိပြီးသား အတွေးအမြင်ကို ပြန်ပြင်နိုင်ပါ့မလား။ ဒါမှမဟုတ် ငါ ပြောပြထားတဲ့ နည်းလမ်းကိုပဲ တရားသေပိုက်ပြီး ဆက်ရှာနေမှာလား”
“ဒါတော့ … မင်းပြောတာလည်း မှားတော့ မမှားပါဘူး။ အဲဒီလို အဆိပ်ခတ်တဲ့ နည်းလမ်းကို လူသတ်တရားခံက မသုံးခဲ့ပါဘူး ဆိုတဲ့ အထောက်အထားက ငါတို့ရဲ့ လက်ထဲမှာ ရှိမှ မရှိတာပဲ”
“အဲဒီအချက်ကြောင့် ငါ ဦးနှောက်ခြောက်နေတာပေါ့”
“ဘာကို ဆိုလိုတာလဲ”
“ဘာသက်သေမှ အခိုင်အမာ မပြနိုင်သေးတဲ့ အခြေအနေမျိုးမှာ သံသယမျက်လုံးတွေကို လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပေါ်မှာ စုနေတာမျိုး ငါ မဖြစ်စေချင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလောကကြီးထဲမှာ အဲဒီနည်းလမ်းကို သုံးနိုင်တဲ့သူဆိုလို့ တစ်ယောက်တည်းပဲ ရှိတယ်”
ကုစာနာဂိသည် မျက်မှန်၏ နောက်မှ ယုကာဝါ၏ မျက်လုံးများကို စူးစိုက်ကြည့်နေသည်။
“မစ္စစ်မာရှိဘလား”
ယုကာဝါသည် မျက်တောင်ကို ဖြည်းညင်းစွာ ခတ်လိုက်သည်။ ၎င်းအပြုအမူမှာ ခေါင်းညိတ်လိုက်သည့်နှယ်။
ကုစာနာဂိသည် ထွက်သက်ကို အားရပါးရ မှုတ်ထုတ်လိုက်သည်။ “ထားပါတော့။ ငါလည်း ငါ့နည်းငါ့ဟန်နဲ့ ဆက်ပြီး စုံစမ်းနေဦးမှာပဲ။ အခုဆို သဲလွန်စလေးတစ်ခုတောင် ပေါ်လာပြီ”
“သဲလွန်စ …”
“ငါ မာရှိဘ ယိုရှီတာကာရဲ့ ရည်းစားဟောင်းကို စုံစမ်းလို့ ရထားတဲ့အပြင် ဒီအမှုနဲ့ ဆက်စပ်နေတဲ့ ဘုံတူညီချက်တစ်ခုကိုလည်း တွေ့ထားပြီ”
ကျုကူအိ ဂျွန်ကို၏ အာဆန်နစ်သောက်၍ သတ်သေခဲ့သည့်ကိစ္စကို ကုစာနာဂိသည် ယုကာဝါအား ပြောပြလိုက်သည်။ ယုကာဝါသည် တခြားသူအား ထပ်ဆင့် ပြောပြလိမ့်မည်မဟုတ်ဟု သူ ယုံကြည်ထားသည်။
“အဲဒီလိုလား။ လွန်ခဲ့တဲ့ နှစ်နှစ်က ဖြစ်သွားခဲ့တာပေါ့” ယုကာဝါသည် ခေါင်းမော့ကာ အဝေးသို့ ငေးကြည့်နေသည်။
“မင်းက အဲဒီအဆိပ်ခတ်တဲ့နည်းအပေါ် ယုံကြည်ချက် အပြည့်အဝ ထားထားပုံ ရတယ်။ ဒါပေမယ့် ငါကလည်း ငါ စုံစမ်းနေတဲ့ လမ်းကြောင်းကို မှားနေတယ်လို့ မယူဆဘူး။ ဒီအမှုမှာ အမြှောင်ထားတဲ့ လင်ယောက်ျားတစ်ယောက်ကို ဇနီးသည်တစ်ယောက်က မလိုမုန်းထားလို့ လက်စားချေတာမျိုး ဖြစ်နိုင်တယ် ဆိုပေမယ့် ငါ့အထင်တော့ ပြဿနာက အဲဒီလောက် ရိုးရှင်းမနေဘူး။ တခြား မြှုပ်ကွက်တွေလည်း ရှိနေနိုင်သေးတယ်”
ယုကာဝါသည် ကုစာနာဂိ၏ မျက်နှာကို တည့်တည့်စိုက်ကြည့်ကာ အားရပါးရ ရယ်ချလိုက်သည်။
“ဘာဖြစ်တာတုံးဟ။ လန့်တောင်လန့်တယ်။ ငါ ပြောတာ ဘာများ အမှားပါသွားလို့လဲ”
“မဟုတ်ပါဘူး။ ငါ တွေးကြည့်နေတာ။ ဒီလိုမှန်းသိရင် မင်းကို တကူးတက ခေါ်မနေပါဘူးလို့”
ကုစာနာဂိသည် ဆိုလိုရင်း အဓိပ္ပာယ်ကို နားမလည်သောကြောင့် မျက်မှောင်ကို ကြုတ်လိုက်မိသည်။
ယုကာဝါသည် ခေါင်းတဆတ်ဆတ် ညိတ်ကာ စကားဆက်လေသည်။
“ငါ မင်းကို ခေါ်ရတဲ့ အကြောင်းအရင်းက အဲဒီအချက်ကို ပြောပြချင်လို့ပဲ။ ဒီအမှုရဲ့ ဇာစ်မြစ်က အတော်ကို နက်ရှိုင်းတယ်။ အခင်းမဖြစ်ခင်နဲ့ ဖြစ်ပြီး အခြေအနေလောက်တင် မကဘဲ ဟိုးအတိတ်က အဖြစ်အပျက်တွေကိုပါ စုံနိုင်သမျှ စုံအောင် လိုက်နိုင်ရင် အကောင်းဆုံးပဲ။ စောစောတုန်းက မင်းပြောခဲ့တဲ့ ကိစ္စကလည်း အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ အာဆန်နစ်က အဲဒီတုန်းကတည်းကကို ကိုယ်ထင်ပြနေခဲ့ပြီ”
“မင်းကို ဘယ်လိုမှ နားမလည်နိုင်တော့ဘူး။ မင်းက မစ္စစ်မာရှိဘကိုပဲ တစ်ချိန်လုံး သံသယ ဝင်နေခဲ့တာ မဟုတ်ဘူးလား။ အဲဒီလိုဆိုမှတော့ အတိတ်အကြောင်းတွေက အဲဒီလောက် အရေးကြီးနေသေးလို့လား”
“အရေးကြီးတယ်။ တော်တော်ကို အရေးကြီးတယ်”
ယုကာဝါသည် ဘက်တံနှင့် ကျောပိုးအိတ်ကို ကောက်ယူပြီး မတ်တတ်ထရပ်လိုက်သည်။ “နည်းနည်းတောင် အေးလာပြီ။ ပြန်ကြစို့”
သူတို့နှစ်ဦးသည် အားကစားရုံထဲမှ ထွက်လာပြီး အပေါက်ဝနံဘေးသို့ အရောက်တွင် ယုကာဝါက ခြေလှမ်းများကို တုံ့ရပ်လိုက်သည်။
“ငါ ဓာတ်ခွဲခန်း ပြန်တော့မယ်။ မင်းရော။ ကော်ဖီလိုက်သောက်ပါဦးလား”
“မင်း ငါ့ကို ပြောစရာ ကျန်သေးလား”
“ဟင့်အင်း၊ ဘာမှ မကျန်တော့ဘူး”
“ဒါဆိုလည်း မလိုက်တော့ဘူး။ ရဲစခန်းပြန်ပြီး လုပ်စရာ ရှိတာလေးတွေ လုပ်လိုက်ဦးမယ်”
“ကောင်းပြီလေ” ယုကာဝါသည် အနားမှ လှည့်ထွက်သွားသည်။
“ယုကာဝါ” ကုစာနာဂိက လှမ်းခေါ်လိုက်သည်။ “သူ အရင်တုန်းက စပ်ထည်နဲ့ အနွေးထည်တစ်ထည်ချုပ်ပြီး သူ့အဖေကို လက်ဆောင်ပေးခဲ့ဖူးတယ်။ နှင်းပုံထဲမှာ ချော်လဲပြီး ခါးထိသွားမှာ စိုးလို့ဆိုပြီး အဲဒီအနွေးထည်ရဲ့ ခါးနေရာလောက်မှာ ဖော့ထူထူတစ်ခု ထည့်ချုပ်ပေးထားတယ်”
ယုကာဝါက နောက်လှည့်ကြည့်သည်။ “အဲဒီတော့ …”
“မစ္စစ်မာရှိဘက လက်လွတ်စပယ် လုပ်တတ်တဲ့သူမျိုး မဟုတ်ဘူး။ မလှုပ်ရှားခင်ကတည်းက ဘယ်လိုလုပ်ရင် အကောင်းဆုံး ဖြစ်မလဲဆိုပြီး ကြိုတင် အကွက်ချ စီမံလိမ့်မယ်။ ငါ့အထင်တော့ သူက ယောက်ျားတစ်ယောက် သစ္စာဖောက်တာကို မခံနိုင်တာနဲ့ပဲ လူသတ်မယ့် လူမျိုးစား မဟုတ်ဘူး”
“အဲဒါက မှုခင်းရဲတစ်ယောက်ရဲ့ ဗီဇသိစိတ်လား”
“သူ့အပေါ်မှာ မြင်ထားတဲ့ ငါရဲ့အမြင်ကို ပြောပြရုံသက်သက်ပါ။ မင်းက ဥကျုမိ အတိုင်းပဲ။ မစ္စစ်မာရှိဘကို ငါက ကျနေတယ်လို့ မင်းတို့ ထင်နေကြတာ မဟုတ်လား”
ယုကာဝါသည် မျက်လွှာကို အောက်သို့ ချလိုက်ပြီး ချက်ချင်းဆိုသကဲ့သို့ ကုစာနာဂိကို လှန်ကြည့်လိုက်သည်။ “မင်း သူ့အပေါ် ကျနေတယ် ဆိုရင်ရော ဘာဖြစ်သေးလဲ။ မင်းက ပျော့ညံ့တဲ့ မှုခင်းရဲတစ်ယောက် မဟုတ်ဘူး ဆိုတာကို ငါ ယုံပြီးသားပါ။ ကိုယ့်ရဲ့ ခံစားချက်အတွက်နဲ့ ယုံကြည်ရာကို စွန့်လွှတ်တတ်တဲ့ လူစားမျိုးမှ မဟုတ်တာ။ နောက်တစ်ချက်က …” သူက လက်ညှိုးတစ်ချောင်း ထောင်ကာ ဆက်ပြောသည်။ “မင်း ပြောတာ မမှားဘူး။ သူက နုံတုံတုံ အတတ လူမျိုးထဲက မဟုတ်ဘူး”
“မင်း သူ့ကို သံသယဝင်နေတာ မဟုတ်ဘူးလား”
ယုကာဝါသည် ဘာမျှ ပြန်မဖြေတော့ဘဲ လက်တစ်ဖက်မြှောက်ကာ ဝှေ့ယမ်းလျက် အနားမှ ထွက်ခွာသွားလေတော့သည်။