မာတိကာကြည့်ရန်

(၃၂)

‘အဲဒီနေ့က ငါလည်း အခုလို ရေလောင်းနေခဲ့တာပဲ’

အာယနဲသည် လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က အဖြစ်အပျက်ကို ပြန်လည် မြင်ယောင်ကြည့်နေသည်။ ယိုရှီတာကာသည် ထိုနေ့က သူ့အား စာနာမှုကင်းမဲ့သော အမှန်တရားကို အသိပေးကြေညာခဲ့သည်။ ထိုစဉ်က ကော်ပန်းအိုးထဲမှ ပေါင်ဒါပန်းများကို ငေးကြည့်ရင်း သူ ပြောသမျှ နားထောင်နေခဲ့သည်။ ၎င်းမှာ သူ၏ အချစ်ဆုံး သူငယ်ချင်းဖြစ်သော ကျုကူအိ ဂျွန်ကို၏ အသည်းစွဲပန်းပင် ဖြစ်သည်။ ဂျွန်ကို ရွေးချယ် အသုံးပြုခဲ့သော ကလောင်အမည် ဖြစ်သည့် ‘ခရမ်းလိပ်ပြာ’ သည် ပေါင်ဒါပန်းကို ချစ်စနိုးခေါ်ဝေါ်ကြသော အမည်ခွဲဖြစ်သည်။

သူနှင့် ဂျွန်ကိုသည် လန်ဒန်ရှိ စာအုပ်ဆိုင်တစ်ဆိုင်တွင် ခင်မင်ခဲ့ကြသည်။ ထိုစဉ်က အာယနဲသည် စပ်ထည်ဒီဇိုင်းပိုင်းနှင့် ဆိုင်သော စာအုပ်စာတမ်းများကို ရှာဖွေနေသည်။ သူသည် စာအုပ်စင်ပေါ်ရှိ ဓာတ်ပုံကတ်တလောက်ကို လှမ်းယူရန် လက်ဆန့်ထုတ်လိုက်စဉ်မှာပင် သူ့နံဘေးရှိ အမျိုးသမီးတစ်ဦးကလည်း ထိုစာအုပ်ကို ယူရန် လက်ဆန့်တန်းလိုက်သည်။ ထိုအမျိုးသမီးသည်လည်း ဂျပန်လူမျိုးဖြစ်ပြီး အာယနဲထက် အနည်းငယ် အသက်ကြီးသယောင် မှတ်ထင်ရသည်။

သူနှင့် ဂျွန်ကိုတို့သည် တစ်ခဏချင်း ရင်းနှီးသွားကြကာ အမိမြေသို့ ပြန်ရောက်သည့်အခါတွင် နောက်တစ်ကြိမ် ချိန်းတွေ့ရန် ကတိပြုခဲ့ကြသည်။ တိုကျိုသို့ အာယနဲ ပြန်ရောက်ပြီး များမကြာခင်မှာပင် ဂျွန်ကိုသည်လည်း တိုကျိုသို့ ပြန်ရောက်လာခဲ့သည်။

သူတို့နှစ်ဦး ကိုယ်စီ အလုပ်များ ရှိကြသောကြောင့် အချိန်မှန် မတွေ့ဖြစ်ကြသော်လည်း အာယနဲအတွက်မူ ဂျွန်ကိုသည် စိတ်ရင်းအတိုင်း ပေါင်းနိုင်သင်းနိုင်သည့် သူ၏ သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်သည်။ ထို့အပြင် ဂျွန်ကိုသည်လည်း သူ့ကို ထိုကဲ့သို့ မှတ်ယူထားမည်ဟု သူက အပြည့်အဝ ယုံကြည်ထားသည်။ အဘယ်ကြောင့်ဆိုသော် ဂျွန်ကိုသည် အာယနဲထက်ပင် လူအများနှင့် ပေါင်းသင်းဆက်ဆံရာ၌ ညံ့ဖျင်းသည်ဟု ဆိုရပေမည်။

တစ်နေ့တွင် ဂျွန်ကိုက သူ့ကို လူတစ်ယောက်နှင့် မိတ်ဆက်ပေးမည်ဟု ရုတ်တရက် စကားဆိုလာသည်။ ထိုသူသည် ဂျွန်ကို ဆွဲထားသော ကာတွန်းရုပ်ကို အွန်လိုင်းကာတွန်းရုပ်ရှင်အဖြစ် အသွင်ပြောင်းပေးမည့် ကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌဖြစ်သည်ဟု နော
င်
မှ သိလာရသည်။

“သူနဲ့ငါ ကာတွန်းရုပ်ရဲ့ အခြံအရံ ပစ္စည်းတွေကို တိုင်ပင်ကြရင်း ကျွမ်းကျင်တဲ့ စပ်ထည်ဒီဇိုင်နာတစ်ယောက်ကို ငါ သိထားတာ ရှိတယ်လို့ သူ့ကို ပြောလိုက်မိတယ်။ ဒီတော့ သူက နင်နဲ့ မိတ်ဆက်ပေးဖို့ ပြောလာပါရော။ နင် အလုပ်ရှုပ်တယ်ဆိုတာ ငါ သိပါတယ်ဟာ။ ဒါပေမယ့် ဒီတစ်ခါတော့ ငါ့ကို ကူညီပါဦး။ ရတယ်မဟုတ်လား”

ဂျွန်ကိုသည် တယ်လီဖုန်းထဲတွင် အားတောင့်အားနာဖြင့် သူ့ကို အကူအညီ တောင်းနေခဲ့သည်။ အာယနဲက သူ့ကို ချက်ချင်း သဘောတူလိုက်သည်။ သူ့တွင် ငြင်းဆန်ရန်လည်း အကြောင်း မရှိပေ။

ဤသို့ဖြင့် အာယနဲသည် မာရှိဘ ယိုရှီတာကာနှင့် တွေ့ဆုံခဲ့သည်။ ယိုရှီတာကာသည် ညှို့ဓာတ်အပြည့်ရှိသော ယောက်ျားတစ်ယောက် ဖြစ်သည်။ သူသည် သူ၏ အတွေးအမြင်များကို ထုတ်ဖော် ပြောကြားနေသည့်အချိန်တွင် သူ၏ မျက်နှာအမူအရာမှာ နှစ်လိုအားရဖွယ် ကောင်းသည်။ သူ၏ မျက်ဝန်းများသည်လည်း ယုံကြည်မှုဖြင့် တဖိတ်ဖိတ် တောက်ပနေကြသည်။ သူသည် တခြားသူများကို စကားပြောလာအောင် ဆွဲဆောင်နိုင်စွမ်း ရှိသည်။ သူနှင့် မိနစ်ပိုင်းမျှ စကားပြောရစေခါမူ မိမိကိုယ်မိမိ နှုတ်စလျှာစ ကောင်းသူအဖြစ် အထင်ရောက်သွားပေလိမ့်မည်။

သူနှင့် တွေ့ဆုံပြီးသည့်အခါတွင် အာယနဲသည် “ဒီလူက မဆိုးဘူးပဲ” ဟုပင် မနေနိုင် မထိုင်နိုင် ချီးကျူးမိလိုက်သည်။ သူ၏ စကားကို ကြားရသည်တွင် ဂျွန်ကိုသည် ကျေနပ်ပျော်ရွှင်သော မျက်နှာထားဖြင့် “ငါ မပြောဘူးလား” ဟု ပြန်ဖြေလေသည်။ ဂျွန်ကို၏ ဟန်ပန်အမူအရာကို မြင်လိုက်ရသည်နှင့် ယိုရှီတာကာအပေါ် ထားသည့် သူ၏ သဘောထားကို အာယနဲသည် ချက်ချင်း သဘောပေါက် နားလည်သွားသည်။

အာယနဲသည် ယခုအချိန်ထိ နောင်တရနေဆဲပင် ရှိသေးသည်။ သူသည် ထိုစဉ်က အဘယ်ကြောင့် ဂျွန်ကိုအား ပွင့်ပွင့်လင်းလင်း မမေးခဲ့မိသနည်း။ သူ့အား “နင်တို့ တွဲနေကြတာလား” ဟု ပွင့်ပွင့်လင်းလင်း မေးခဲ့ဖို့ ကောင်းသည်။ ထိုကဲ့သို့ မမေးခဲ့သောကြောင့်ပင် သူကလည်း ရေငုံနှုတ်ပိတ် နေနေခဲ့သည်။

ကာတွန်းဇာတ်ကောင်တစ်ခုတွင် စပ်ထည်ဒီဇိုင်းကို တွဲဖက်အသုံးပြုရန် ဟူသော အိုင်ဒီယာကို နောက်ဆုံးတွင် ပယ်ချပစ်လိုက်ကြသည်။ ထို့အတွက် ယိုရှီတာကာသည် သူ့ထံသို့ တကူးတက ဖုန်းဆက်လာခဲ့သည်။ သူ၏ အချိန်များကို အလဟဿ ဖြုန်းတီးခဲ့မိသည့်အတွက် အနူးအညွတ် တောင်းပန်ကြောင်း စကားဆိုလာသည့်အပြင် တစ်နေ့နေ့တွင် သူ့ကို ညစာဖြင့် တည်းခင်းဧည့်ခံမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

မူလက အာယနဲသည် ထိုစကားကို ဝတ်ကျေတမ်းကျေ ပြောသည့် စကားအဖြစ်သာ ယူဆခဲ့သည်။ သို့သော် များမကြာခင်တွင် ယိုရှီတာကာသည် သူ့ထံသို့ ဖုန်းဆက်ကာ သူ့ကို ချိန်းဆိုလေတော့သည်။ ယိုရှီတာကာ၏ နှုတ်ထွက်စကားများအရဆိုလျှင် သူသည် ဂျွန်ကိုကိုပင် အသိပေး ဖိတ်ကြားထားပုံ မရပေ။ ထို့ကြောင့် သူတို့နှစ်ယောက်သည် အတွဲမဟုတ်နိုင်ကြောင်း အာယနဲက တစ်ဖက်သတ်
မှတ်
ယူလိုက်မိသည်။

သူသည် ညစာကို ယိုရှီတာကာနှင့်အတူ ကြည်နူးပျော်ရွှင်စွာ စားသောက်ခဲ့သည်။ ထိုစဉ်က နှစ်ယောက်တစ်ကမ္ဘာ နေထိုင်ခဲ့ရသော အချိန်ကာလကလေးသည် သူ့ဘဝတွင် တစ်ခါမျှ မရရှိခဲ့ဖူးသော
ရင်ဖိုလှိုက်မောမှုများကို
ဆောင်ကြဉ်းပေးခဲ့သည်။

အာယနဲသည် အချစ်နွံတွင် တစ်နေ့တခြား နစ်မြုပ်သည်ထက် နစ်မြုပ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူနှင့် ဂျွန်ကိုတို့၏ သူငယ်ချင်းသံယောဇဉ်သည်လည်း ပါးလျားသည်ထက် ပါးလျားလာသည်။ ဂျွန်ကိုသည်လည်း ယိုရှီတ
ာ
ကာအပေါ်တွင် အရူးအမူး ဖြစ်နေကြောင်း သူ သိနေသည်။ ထိုအချက်ကြောင့်ပင် သူ့အနေဖြင့် ဂျွန်ကိုကို ဆက်သွယ်ရန် လက်တွန့်နေမိတော့သည်။

လအနည်းငယ် ကြာပြီးနောက် ဂျွန်ကိုနှင့် ပြန်တွေ့ရသည့်အခါတွင် ၎င်းမြင်ကွင်းက အာယနဲကို အံ့အား အသင့်ကြီး သင့်သွားစေခဲ့သည်။ ဂျွန်ကိုသည် ကြောက်စရာကောင်းလောက်အောင် ပိန်လှီနေသည်။ အသားအရေများလည်း ခြောက်ကပ်ကြမ်းထော်နေသည်။ ထိုမြင်ကွင်းကြောင့် ဂျွန်ကိုကို ကျန်းမာရေး မကောင်း၍ပေလောဟု စိုးရိမ်မိခဲ့သေးသည်။ သို့သော် သူက “နေကောင်းပါတယ်” ဟုသာ ပြန်ဖြေခဲ့သည်။

တစ်ဦးကိုတစ်ဦး ရှေးဟောင်းနှောင်းဖြစ်များ ပြန်ပြောကြရင်းနှင့် ဂျွန်ကိုလည်း အနည်းငယ် လန်းဆန်းလာသည်။ ယင်းအခြေအနေကို အခွင့်ကောင်းယူ၍ အာယနဲသည် သူနှင့် ယိုရှီတာကာတို့အကြောင်းကို ဂျွန်ကိုအား ဖွင့်ပြောပြလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။ သို့ရာတွင် ထင်မှတ်မထားလောက်အောင် ဂျွန်ကို၏ မျက်နှာမှာ အပျက်ကြီး ပျက်သွားလေတော့သည်။

သူက ဂျွန်ကိုကို “ဘာဖြစ်လို့လဲ” ဟု မေးလိုက်သည့်အခါ “ဘာမှ မဖြစ်ပါဘူး” ဟု ပြန်ဖြေပြီး ချက်ချင်း မတ်တတ်ထရပ်လိုက်သည်။ ထို့နောက် အရေးကြီးကိစ္စတစ်ခု လုပ်ရန် သတိရလာသောကြောင့် အိမ်ပြန်တော့မည်ဟု ဆိုလာသည်။

အာယနဲသည် နားမလည်နိုင်စွာဖြင့် ဂျွန်ကိုကို တက္ကစီကားထဲ ဝင်သွားသည့်အထိ လိုက်ပို့ပေးခဲ့သည်။ သူနှင့် တစ်သက်တာ နှုတ်ဆက်လမ်းခွဲရတော့မည်ဟု မည်သို့ သိနိုင်ပါအံ့နည်း။

ငါးရက်ကြာပြီးနောက်တွင် အာယနဲထံသို့ ပါဆယ်တစ်ထုပ် ရောက်ရှိလာသည်။ သေတ္တာသေးသေးလေးတစ်ခုထဲတွင် အဖြူမှုန့်များ ထည့်ထားသော အိတ်တစ်လုံး ပါရှိသည်။ ပလတ်စတစ်အိတ်ပေါ်တွင် ‘စိန် (အဆိပ်)’ ဟူသော စတစ်ကာတစ်ခု ကပ်ထားသည်။ ပေးပို့သူနေရာတွင် ဂျွန်ကို ဟု ရေးသားထားသည်။

သူ နားမလည်နိုင်အောင် ဖြစ်သွားရသည်။ သို့ဖြင့် သူ့ထံသို့ ဖုန်းဆက်ကြည့်လိုက်သည်။ သို့သော် ဂျွန်ကိုသည် ဖုန်းမကိုင်တော့။ စိတ်ထဲ မတင်မကျ ဖြစ်နေသောကြောင့် ဂျွန်ကိုနေသည့် တိုက်ခန်းသို့ သွားကြည့်လိုက်ပြန်သည်။ ထိုနေရာသို့ ရောက်သည့်အခါတွင် ဂျွန်ကို၏ အခန်းတွင်း၌ ပျားပန်းခတ်မျှ အလုပ်ရှုပ်နေကြသော ရဲအရာရှိများကိုသာ တွေ့မြင်ရလေသည်။ ဝိုင်းကြည့်နေသော လူတစ်ယောက်၏ ပြောပြချက်အရ ဤအခန်းတွင် ငှားနေသူသည် အဆိပ်သောက်၍ သတ်သေသွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

အာယနဲမှာ အတော်ကြီး တုန်လှုပ်သွားခဲ့သည်။ ထို့နောက်တွင် သူ မည်သည့် နေရာသို့ ရောက်ရှိခဲ့ကြောင်း၊ မည်သို့ အိမ်ပြန်ရောက်သွားခဲ့ကြောင်း စသည်တို့ကိုပင် မမှတ်မိတော့ပေ။ သူ ပြန်လည် သတိဝင်လာသည့် အခါတွင်မူ သူ့တိုက်ခန်း၏ ခုတင်ပေါ်တွင် ရောက်ရှိနေလေပြီ။ သူ၏ အကြည့်တစ်စုံသည် ဂျွန်ကိုပို့ပေးလာခဲ့သော ပလတ်စတစ်အိတ်ပေါ်တွင် နောက်တစ်ကြိမ် တွယ်ငြိနေပြန်သည်။

‘ဂျွန်ကိုက ဘာကြောင့် ဒီအမှုန့်
တွေ
ကို ငါ့ဆီ ပို့ပေးခဲ့တာလဲ။ သူ ဘာကို ဆိုလိုချင်တာပါလိမ့်။ သူ ငါ့ကို ဘာပြောပြချင်နေတာလဲ’

သူ ဤသို့ တွေးဆဆင်ခြင်နေစဉ်မှာပင် အကြောင်းအရာတစ်ခုကို ရုတ်တရက် သတိရလာမိသည်။ သူနှင့် ဂျွန်ကိုတို့ နောက်ဆုံးအကြိမ် တွေ့ဆုံကြစဉ်က ဂျွန်ကိုသည် ပန်းကန်ပြားဘေးတွင် ချထားသော သူ၏ လက်ကိုင်ဖုန်းကို တစ်ချိန်လုံး စိုက်ကြည့်နေခဲ့သည်။ အာယနဲသည် သူ၏ ဖုန်းကို ချက်ချင်း ကောက်ကိုင်ကြည့်လိုက်သည်။ သူ၏ ဖုန်းပေါ်တွင် ဖုန်းဆွဲကြိုးတစ်ခု ချိတ်ဆွဲထားသည်။ ယင်းအလှဆွဲကြိုးသည် ယိုရှီတာကာ၏ ဖုန်းပေါ်မှ ဆွဲကြိုးနှင့် တထေရာတည်း ဆင်တူနေသည်။

ဂျွန်ကိုသည် မိမိနှင့် ယိုရှီတာကာတို့၏ ဇာတ်လမ်းကို သိရှိသွားသောကြောင့် မိမိကိုယ်မိမိ သေကြောင်းကြံသွားခဲ့ခြင်းပေလော။

မကောင်းသော နိမိတ်လက္ခဏာများသည် အာယနဲ၏ ဦးနှောက်ထဲတွင် အစီအရီ ထွက်ပေါ်လာကြသည်။ အကယ်၍ ဂျွန်ကိုသည် ယိုရှီတာကာအပေါ်၌ တစ်ဖက်သတ် ချစ်ကြိုက်နေခဲ့ခြင်းသာ ဖြစ်ခဲ့မည်ဆိုလျှင် သူသည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရလောက်အောင် ကြံစည်ခဲ့လိမ့်မည် မဟုတ်ပေ။ သို့ဆိုလျှင် သူနှင့် ယိုရှီတာကာတို့အကြား၌ မရှင်းမရှင်း ဖြစ်နေခဲ့မည်မှာ အမှန်ပင် ဖြစ်နေတော့သည်။

အာယနဲသည် ရဲစခန်းသို့ မသွားခဲ့သည့်အပြင် ဂျွန်ကို၏ ဈာပနအခမ်းအနားသို့လည်း သွားရောက်ခဲ့ခြင်း မရှိပေ။ မိမိသည် သူ့ကို သေတွင်းနှုတ်ခမ်းသို့ တွန်းပို့မိခဲ့ခြင်းပေလောဟု တွေးလိုက်မိသည့် အခါတိုင်း သူ စိုးထိတ်ကြောက်ရွံ့လာသည်။ အမှန်တရားများ ဗူးပေါ်သကဲ့သို့ ပေါ်လာမည်ကို ကြောက်ရွံ့နေမိသည်။

ထိုသို့သော အကြောင်းအရင်းကြောင့်ပင် ယိုရှီတာကာကို ပွင့်ပွင့်လင်းလင်း မေးမြန်းကြည့်ရန် ဝန်လေးနေခဲ့သည်။ တွန့်ဆုတ်နေခဲ့သည်။ ထို့အပြင် ဤသို့ မေးခွန်းထုတ်လိုက်လျှင် သူနှင့် ယိုရှီတာကာတို့၏ ဆက်ဆံရေးကို တစ်နည်းတစ်ဖုံ ထိခိုက်နစ်နာသွားမည်ကိုလည်း စိုးရိမ်နေခဲ့သည်။

တစ်နေ့တွင် ယိုရှီတာကာသည် သူ့အား အလွန်ထူးဆန်းသော အဆိုပြုချက်တစ်ခုကို တင်ပြလာသည်။ သူတို့နှစ်ဦးသည် အတွဲရှာသော ပါတီပွဲတစ်ပွဲသို့ သီးခြားစီ တက်ရောက်ကြမည် ဖြစ်ပြီး ၎င်းပွဲ၌ ပထမဆုံးအကြိမ် ဆုံတွေ့ကြသယောင် သရုပ်ဆောင်ကြမည်ဟု ပြောလာသည်။ ဤသို့ ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ သူ့စကားအတိုင်း ပြောရမည်ဆိုလျှင် “မလိုလားအပ်တဲ့ ပြဿနာမျိုး မဖြစ်အောင်” ဟူ၍။

သူက ပြောသေးသည်။ “လူတွေက စုံတွဲတစ်တွဲကို တွေ့ရင် ဘယ်နေရာမှာ ရေစက်ဆုံခဲ့ကြတာလဲ ဆိုပြီး အားအားယားယား မေးတတ်ကြတယ်။ အဲဒီလို အရည်မရ အဖက်မရတဲ့ မေးခွန်းတွေကို နည်းနည်းမှ ဖြေချင်တာ မဟုတ်ဘူး။ တကယ်လို့ အတွဲရှာတဲ့ ပါတီပွဲမှာ ဆုံကြတာပါဆိုရင် အဲဒီလောက် လေကြောရှည်တော့မှာ မဟုတ်ဘူးပေါ့”

အကယ်၍ လူတစ်ဦးတစ်ယောက်က မေးလာခဲ့မည်ဆိုလျှင် သူ ပြောသကဲ့သို့ အဖြေပေးလိုက်ရုံနှင့် အဆင်ပြေသွားနိုင်မည် မဟုတ်လော။ ပါတီပွဲသို့ အမှန်တကယ် သွားတက်နေစရာ လိုအံ့မထင်ဟု အာယနဲက တွေးဆခဲ့ဖူးသည်။ သို့သော် သူသည် အီကာအိကဲ့သို့သော မျက်မြင်သက်သေ တစ်ဦးကိုပင် လက်တွေ့ကျကျ ပြင်ဆင်ထားခဲ့သည်။ အလုပ်တစ်ခုကို ဤသို့ စေ့စေ့စပ်စပ် ပြုလုပ်တတ်ခြင်းမှာ သူ၏ ပင်ကိုဗီဇပင် ဖြစ်ကြောင်း အာယနဲ သိနားလည်ထားခဲ့သည်။ သို့သော် အာယနဲသည် သူ့ကို သင်္ကာမကင်း ဖြစ်နေမိသည်။ သူသည် ဂျွန်ကို၏ ပုံရိပ်များကို သူ၏ ဘဝထဲမှ လုံးဝ ဖျောက်ဖျက်ဖယ်ရှားပစ်ရန် ကြိုးစားနေခြင်းပေလော။ အာယနဲသည် တစ်ယောက်တည်း ကြိတ်၍သာ သံသယဝင်နေမိသော်လည်း နှုတ်မှ ဖွင့်ပြောရန် မဝံ့မရဲ ဖြစ်နေခဲ့သည်။ သို့ဖြင့် သူသည် ယင်းပါတီပွဲသို့ အစီအစဉ်အတိုင်း တက်ရောက်ခဲ့ပြီး ယိုရှီတာကာ၏ ‘ပထမဆုံး တွေ့ဆုံခြင်း’ ဇာတ်ညွှန်းကို သရုပ်ဆောင်ခဲ့လေသည်။

နောက်ပိုင်းနေ့ရက်များတွင် သူတို့နှစ်ဦး၏ အချစ်ဇာတ်လမ်းသည် သာယာဖြောင့်ဖြူးနေခဲ့သည်။ ပါတီပွဲသို့ တက်ပြီး နှစ်ဝက်ခန့်အကြာတွင် ယိုရှီတာကာသည် အာယနဲကို လက်ထပ်ခွင့် တောင်းလေတော့သည်။

တစ်ကိုယ်လုံးတွင် ပီတိအဟုန်ဖြင့် တသိမ့်သိမ့် တစိမ့်စိမ့် ခံစားနေရငြားသော်လည်း သူ၏ ရင်တွင်း၌ သံသယချောက်နက်ကြီးတစ်ခုသည် တစ်နေ့တခြား နက်ရှိုင်းသည်ထက် နက်ရှိုင်းလာခဲ့သည်။ ဂျွန်ကိုသည် အဘယ်ကြောင့် မိမိကိုယ်မိမိ အဆုံးစီရင်သွားခဲ့ရသနည်း။ သူနှင့် ယိုရှီတာကာသည် မည်သို့မည်ပုံ ပတ်သက်ဆက်နွှယ်နေကြသနည်း။

အဖြစ်မှန်ကို သိချင်နေစေကာမူ အမှန်အတိုင်း သိလာရမည်ကိုလည်း ရင်ထဲမှ စိုးရွံ့နေသည်။ ဤသို့ မထွေးနိုင်မအန်နိုင်သော ခံစားချက်သည် အာယနဲ၏ ရင်တွင် တစ်ဆို့နေခဲ့သည်။ ထိုသို့ ခံစားနေရစဉ်မှာပင် ယိုရှီတာကာနှင့် လက်ထပ်ကြမည့် မင်္ဂလာနေ့ရက်သည်လည်း သူ့အနားသို့ နီးသည်ထက် နီးအောင် တစ်လှမ်းချင်း ချဉ်းကပ်လာလေသည်။

တစ်နေ့သောအခါတွင် ယိုရှီတာကာသည် တုန်လှုပ်ချောက်ချားသွားစေမည့် အကြောင်းအရာတစ်ခုကို အာယနဲအား ရုတ်တရက် အသိပေးလာခဲ့သည်။ သို့သော် ထုတ်ပြန်ကြေညာသူ ကာယကံရှင်သည် စကားကို အဘယ်မျှ ပေါ့ပေါ့ပါးပါး ပြောဆိုခဲ့မိကြောင်း သူကိုယ်တိုင် သတိထားမိခဲ့ဟန် မတူပေ။ ထိုစဉ်က သူသည် အာယနဲကို ဤသို့ ပြောဆိုခဲ့သည်။

“မင်္ဂလာဆောင်ပြီးလို့ တစ်နှစ်အတွင်း ကလေးမရဘူးဆိုရင် ငါတို့ လမ်းခွဲကြမယ်”

နားကြားများ လွဲလေရော့သလား
။
 အာယနဲသည် ကိုယ့်နားကိုပင် မယုံနိုင်အောင် ဖြစ်သွားခဲ့ရသည်။ မင်္ဂလာပင် မဆောင်ရသေး။ သတို့သားသည် ကွာရှင်းရန် စကားကမ်းလှမ်းလာမည်ဟု မည်သူ တွေးထင်ထားနိုင်ပါအံ့နည်း။ မိမိကို ကျီစားနောက်ပြောင်နေခြင်းပေလော။ ထိုစဉ်က သူ ဤသို့ တွေးထင်ခဲ့ဖူးသည်။ သို့သော် သူ ထင်သကဲ့သို့ မဟုတ်မှန်း တဖြည်းဖြည်း သိလာခဲ့ရသည်။

“အရင်ကတည်းက ငါ အခုလို ယုံကြည်ထားခဲ့တယ်။ အချိန်ကို တစ်နှစ် သတ်မှတ်ထားမယ်။ တကယ်လို့သာ သန္ဓေတားတာတွေ မလုပ်ဘူးဆိုရင် ပုံမှန်လင်မယားအနေနဲ့ ကလေးတစ်ယောက် ရလာနိုင်တယ်။ မရဘူးဆိုရင်တော့ သူတို့နှစ်ယောက်ထဲမှာ တစ်ယောက်ယောက်ကတော့ ချွတ်ယွင်းချက်  ရှိနေလို့ပဲ။ ဒါပေမယ့် ငါ အရင်က ဆရာဝန်နဲ့ သွားပြခဲ့ဖူးတယ်။ ဆရာဝန်က ငါ့မှာ ဘာချွတ်ယွင်းချက်မှ မရှိဘူးတဲ့”

သူ၏ စကားကို ကြားရသည့်အခါတွင် အာယနဲသည် ကြက်သီးတဖြန်းဖြန်း ထလာခဲ့ရသည်။ အာယနဲသည် သူ့ကို ကြည့်လျက် မေးခွန်းထုတ်လိုက်သည်။ “မောင် ဂျွန်ကို့ကိုလည်း အခုလို စကားမျိုး ပြောခဲ့ဖူးတာလား”

“အန်” ယိုရှီတာကာ၏ အကြည့်များ
လေထဲ
ဝေ့ပျံနေကြသည်။ ဇောချွေးများပင် ပြန်နေရော့လား မသိ။

“ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မကို အမှန်အတိုင်း ဖြေစမ်းပါ။ မောင် အရင်က ဂျွန်ကိုနဲ့ တွဲခဲ့ဖူးသေးတယ် မဟုတ်လား”

ယိုရှီတာကာသည် အလိုမကျစွာ မျက်မှောင်ကို ကုတ်ထားသည်။ သို့သော် သူသည် အမှန်တရားကို ဖုံးကွယ်နိုင်ရန် မကြိုးစားခဲ့ပေ။ သူ၏ မျက်နှာတွင် မအီမသာ ဖြစ်နေသည် မှန်သော်လည်း သူသည် “ဟုတ်တယ်” ဟု ခပ်ပြတ်ပြတ် ဝန်ခံခဲ့သည်။

“နင်တို့ အစောကြီးကတည်းက သိနေကြလောက်ပြီလို့ ငါ ထင်ထားခဲ့တာ။ နင်နဲ့ ဂျွန်ကို၊ တစ်ယောက်ယောက်ကတော့ ငါ့အကြောင်းကို မပြောဘဲ နေမှာ မဟုတ်ဘူးလို့ ငါ ယူဆထားခဲ့တာ”

“ဒါဆို မောင်က လှေနံနှစ်ဖက် နင်းခဲ့တာပေါ့”

“နင် အဲဒီလိုတော့ မပြောသင့်ဘူး။ နင်နဲ့ စတွဲနေတဲ့အချိန်မှာ ငါက ဂျွန်ကိုနဲ့ အပြီးအပိုင်
ပြတ်စဲသွားခဲ့ပြီလို့
ယူဆထားတာ။ ငါ နင့်ကို မညာဘူး။ တကယ်”

“မောင် သူနဲ့ လမ်းခွဲတုန်းက ဘယ်လို ပြောပြီး လမ်းခွဲခဲ့တာလဲ” အာယနဲသည် သူ၏ ခင်ပွန်းလောင်းကို စိုက်ကြည့်လျက် မေးသည်။ “ငါ ကလေးမမွေးနိုင်တဲ့ မိန်းမနဲ့ အိမ်ထောင်မပြုနိုင်ဘူး … မောင် အဲဒီလို ပြောခဲ့တာလား”

ယိုရှီတာကာသည် ပခုံးကို တွန့်လိုက်သည်။ “စကားလုံးတွေကတော့ မတူဘူး။ ဒါပေမယ့် ဆိုလိုတဲ့ အဓိပ္ပာယ်ကတော့ အဲဒီအတိုင်းပဲ။ အချိန်ပြည့်ပြီလို့ ငါ ပြောလိုက်တာ”

“အချိန်ပြည့်ပြီ …”

“သူ အဲဒီတုန်းက အသက် ၃၄ နှစ် ပြည့်သွားခဲ့ပြီ။ ငါတို့ သန္ဓေတားတာတွေ မလုပ်ခဲ့ဖူးပါပဲနဲ့ သူရဲ့ ဗိုက်က ဘာမှ ထူးခြားမလာခဲ့ဘူး။ ဒီတော့
ဘိုင့်ဘိုင်
လုပ်ဖို့ အချိန်တန်ပြီပေါ့”

“ဒါနဲ့ပဲ မောင်က ကျွန်မကို ရွေးချယ်ခဲ့တယ် ဆိုပါတော့”

“မရဘူးလား။ မစွမ်းတော့တဲ့ လူတစ်ယောက်နဲ့ အတူတူ နေနေတော့ရော ဘာအဓိပ္ပာယ် ရှိဦးမှာလဲ။ ငါ ဘယ်တုန်းကမှ အဲဒီလို အကျိုးအမြတ် မရှိတဲ့ အလုပ်မျိုးကို မလုပ်ဖူးဘူး”

“ဒါဆို မောင်က ဘာဖြစ်လို့ အခုချိန်ထိ အဲဒီကိစ္စကို ကွယ်ဝှက်ထားရတာလဲ”

“နင့်ကို ငါကိုယ်တိုင် ပြောပြနေဖို့ မလိုအပ်ဘူးလို့ ငါ အရင်က ယူဆထားခဲ့တာလေ။ စောစောကလည်း ငါ ပြောခဲ့ပြီးပြီပဲ။ တစ်နေ့နေ့မှာ နင် သိသွားလိမ့်မယ်ဆိုပြီး ငါ အစောကြီးကတည်းက ကြိုတင် ပြင်ဆင်ထားပြီးသားပါ။ ဒါကြောင့် နင် မေးလာမယ့် တစ်နေ့ကို ငါစောင့်နေခဲ့တာ။ နင် မေးလာရင် ငါ ဖြေရှင်းပြလိုက်ရုံပဲ။ ငါ နင့်ကို သစ္စာလည်း မဖောက်ခဲ့ဘူး။ လိမ်လည်း မလိမ်ခဲ့ဘူး။ အဲဒီအချက်ကိုတော့ ငါ ရဲရဲကြီး အာမခံတယ်”

အာယနဲသည် တစ်ဘက်သို့ လှည့်ကာ ယိုရှီတာကာကို ကျောပေးထားပြီး ခေါင်းငုံ့လျက် လသာဆောင်မှ ပန်းများကို ငေးကြည့်နေသည်။ သူ၏ အမြင်အာရုံထဲသို့ ပထမဆုံး ဝင်ရောက်လာသော အရာမှာ ပေါင်ဒါပန်းများ ဖြစ်သည်။ ဂျွန်ကို အသက်ရှိစဉ်က အင်မတိ အင်မတန် နှစ်သက် မြတ်နိုးခဲ့သော ပေါင်ဒါပန်းများ။ ၎င်းပန်းများကို ကြည့်ရင်း ဂျွန်ကိုကို သတိရလာမိသည်။ ထိုစဉ် ထိုအခါက သူ၏ ရင်တွင်း၌ ဖြစ်ပေါ်နေမည့် နာကျည်းမှုများကို မှန်းဆကြည့်မိသည့်အခါတွင် အာယနဲ၏ မျက်ဝန်းများသည် မျက်ရည်များဖြင့် ပြည့်လျှံလာကြသည်။

ယိုရှီတာကာသည် သူ့အား လမ်းခွဲစကား ပြောကြားပြီးသည့်နောက်တွင် ဂျွန်ကို၏ ရင်တွင်း၌ ဤချစ်ခြင်းကို လွယ်လွယ်နှင့် မည်သို့ ဖြတ်တောက်ပစ်နိုင်ပါအံ့နည်း။ ဤသို့ လိပ်ခဲတည်းလည်း ဖြစ်နေသည့် အချိန်တွင် သူသည် အာယနဲနှင့် ပြန်လည်ဆုံတွေ့ခဲ့သည်။ ဖုန်းဆွဲကြိုးကို တွေ့မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် အာယနဲနှင့် ယိုရှီတာကာတို့၏ အကြောင်းကို ရိပ်စားမိသွားသည်။ သို့ဖြင့် သူသည် သတ်သေသည့် လမ်းကြောင်းကို ရွေးချယ်ခဲ့သည်။ သို့သော် အာယနဲထံသို့ သတင်းစကားတစ်ခုကို မမေ့မလျော့ ပို့ဖြစ်အောင် ပို့လိုက်သေးသည်။ ၎င်းသတင်းစကားမှာ အာဆန်နစ်ပင် ဖြစ်သည်။

ဤသို့ ပြုလုပ်ခဲ့ရခြင်း အကြောင်းမှာ သူ၏ ချစ်သူကို လုယူသွားခဲ့သော အာယနဲကို မုန်းတီး၍ မဟုတ်။ သတိပေးစကား ပြောကြားခဲ့ခြင်းမျှသာ ဖြစ်သည်။
တစ်နေ့ကျရင် နင်လည်း ငါ့လို အဖြစ်မျိုးနဲ့ ကြုံလာရလိမ့်မယ်
 … သူသည် အာယနဲအား ဤသို့ ပြောကြားလိုခြင်းမျှသာ။

ဂျွန်ကိုသည် အာယနဲ၏ တစ်ဦးတည်းသော တိုးတိုးတိုင်ပင်ဖော်၊ ရင်ဖွင့်ဖော်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူသည် ဂျွန်ကို တစ်ဦးတည်းကိုသာ သူ၏ အားနည်းချက်ကို ဖွင့်ဟပြောပြခဲ့ဖူးသည်။ သူ၏ ခန္ဓာကိုယ် ချွတ်ယွင်းချက်ကြောင့် သည်တစ်သက်တွင် ကလေးရနိုင်စရာ အကြောင်း မရှိတော့ပေ။ ထို့ကြောင့် ဂျွန်ကိုသည် အာယနဲ၏ အနာဂတ်ကို ကြိုတင်တွက်ဆမိခဲ့သည်။ မကြာသော တစ်နေ့တွင် အာယနဲသည်လည်း ယိုရှီတာကာ၏ စွန့်ပစ်ခြင်းကို ခံရပေဦးတော့မည်။

“နင် ငါပြောနေတာကို ကြားရော ကြားရဲ့လား” ယိုရှီတာကာက ပြောသည်။

သူသည် ခေါင်းကို လှည့်ကာ “ကြားတာပေါ့။ ဘာဖြစ်လို့ မကြားရမှာလဲ”

“ကြားတယ်လို့လည်း ပြောသေးတယ်။ ဘာဖြစ်လို့ ငြိမ်နေတာလဲ”

“စောစောက စိတ် နည်းနည်းလွင့်သွားလို့ပါ”

“စိတ်လွင့်တယ် … နင် ဘယ်တုန်းက အဲဒီလို ငိုင်နေဖူးလို့လဲ”

“မောင့်စကားကြောင့် ရင်ထဲ ထိတ်သွားလို့လေ”

“ဟုတ်လား။ နင်က ငါ့ရဲ့ ဘဝခံယူချက်ကို ကောင်းကောင်းကြီး နားလည်ပြီးသားပဲဟာ”

ယိုရှီတာကာသည် ယခင်က အာယနဲအား သူ၏ အိမ်ထောင်ရေးဒဿနကို ပြောပြခဲ့ဖူးသည်။ အကယ်၍ ကလေးတစ်ယောက်မျှ မွေးမပေးနိုင်လျှင် အိမ်ထောင်ပြုခြင်းသည်လည်း မည်သို့မျှ အဓိပ္ပာယ် ရှိတော့မည် မဟုတ် ဟူ၍။

“ဒီမယ် အာယနဲ၊ နင့်မှာ ဘာများ မပြည့်စုံတာ ရှိသေးလို့လဲ။ နင် လိုချင်သမျှ အရာအားလုံးကို ရပြီးနေပြီပဲ မဟုတ်လား။ အေး … တကယ်လို့ နင့်မှာ တောင်းဆိုချင်တာ ရှိနေသေးတယ် ဆိုရင်လည်း အားမနာနဲ့။ ငါ့ကို ပွင့်ပွင့်လင်းလင်းသာ ပြော။ ငါ လုပ်ပေးနိုင်တာဆိုရင် ဘယ်တော့မှ လက်တွန့်နေမှာ မဟုတ်ဘူး။ နင့်ဘဝက အခုဆို လိုလေးသေးမရှိအောင် ပြည့်စုံနေပြီပဲ ဥစ္စာ။ ဘဝသစ်တစ်ခု တည်ဆောက်ဖို့သာ စိတ်ကူးထားပေတော့။ ဒါမှမဟုတ် နင့်မှာ တခြား ရွေးချယ်စရာရော ရှိသေးတယ်လို့များ ထင်နေသေးတာလား”

သူ၏ နှုတ်ထွက်စကားများသည် အဖျက်စွမ်းအား မည်မျှ ပြင်းထန်ခဲ့သည်ကို သူကိုယ်တိုင် နားလည်ခဲ့ဟန် မတူပေ။ ပြန်လှန်စဉ်းစားကြည့်မည် ဆိုလျှင် သူ၏ ထောက်ပံ့အားပေးမှုကြောင့် အာယနဲသည် သူနှင့် အတူနေခဲ့သော တစ်နှစ်အတွင်း၌ ကိုယ်ပိုင် ဘဝအိပ်မက် အဖုံဖုံကို အကောင်အထည် ဖော်နိုင်ခဲ့သည်မှာ ငြင်း၍မရသော အမှန်တရားတစ်ခု ဖြစ်သည်။ သို့သော် တစ်နှစ်ဆိုသည့် အချိန်ကာလ က
ုန်
လွန်ကူးမြောက်သွားသည့်အခါတွင် မိမိ၏ အိပ်မက်ကမ္ဘာလေး ပြိုကွဲသွားတော့မည်ဟု ကြိုတင် သိရှိထားသူ တစ်ယောက်အဖို့ ရရှိထားသော အိမ်ထောင်ရေးသုခများကို မည်သို့ မြိန်ရေယှက်ရေ ခံစားနိုင်ပါအံနည်း။

“ကျွန်မ မောင့်ကို မေးခွန်းတစ်ခု မေးလို့ ရမလား။ ဒီမေးခွန်းက မောင့်အတွက်တော့ ဘာမှ အရေးပါလိမ့်မယ် မထင်ဘူး” အာယနဲက ယိုရှီတာကာကို မေးလိုက်သည်။ “ကျွန်မ အပေါ်မှာ မောင် ထားခဲ့တဲ့ အချစ်တွေကရော … ။ မောင် ကျွန်မကို ချစ်ရော ချစ်ရဲ့လား”

အမှန်စင်စစ် သူ မေးချင်သည့် မေးခွန်းမှာ … “အဲဒီတုန်းက မောင် ဂျွန်ကို့ကို စွန့်ပစ်ထားခဲ့ပြီး ကျွန်မကို ရွေးချယ်ခဲ့တဲ့ အကြောင်းအရင်းက ကျွန်မဟာ မောင့်အတွက် ကလေးမွေးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတာကြောင့် မဟုတ်လား။ မောင် ကျွန်မကို တကယ် ချစ်လို့ မဟုတ်ပါဘူး” ဟူ၍။

“ချစ်တာပေါ့။ ဒါတော့ ငါ ရဲရဲကြီး အာမခံနိုင်တယ်” ယိုရှီတာကာက ပြန်ဖြေသည်။ “နင့်အပေါ်မှာ ချစ်ခဲ့တဲ့ အချစ်တွေက တစိုးတစိမှ ပြောင်းလဲမသွားဘူး”

ငါ့ကို တကယ် ချစ်ရော ချစ်ရဲ့လား။
  ဤအချက်ကို အာယနဲ သိချင်နေသည်။ သိမှ ဖြစ်မည်။ သူ၏ ရင်ထဲတွင် ဖြစ်ပေါ်ခံစားနေရသည့် အချစ်နှင့် အမုန်းသည် သူ၏ အသည်းနှလုံးကို နှစ်မြွှာနှစ်ခြမ်း ဖြန်းဖြန်းကွဲသွားအောင် ဆွဲဖြဲနေကြလေသည်။ ယင်းချစ်ခြင်းမုန်းခြင်း၏ ထုရိုက်မှုဒဏ်ကြောင့် အမှန်တရားအတွက် လူ့အသက်တစ်ချောင်းကိုပင် လက်စတုံးပစ်ဝံ့လောက်အောင် သူ၏ အသည်းနှလုံးသည် မာကျောလာခဲ့သည်။ သို့ဖြင့် သူ ဆုံးဖြတ်ချက် ချခဲ့သည်။ အရာရာကို ရဲရဲ ရင်ဆိုင်တော့မည်။ အာယနဲသည် သူ၏ ဇနီးမယားအဖြစ် သူ၏ နံဘေး၌ အမြဲ ရှိနေမည်ဟု သန္နိဋ္ဌာန် ချလိုက်သည်။ ထိုသူ၏ ကံကြမ္မာကို သူ့လက်ထဲတွင် မြဲမြဲ ဆုပ်ကိုင်ထားပြီး တစ်ချိန်တည်းမှာပင် သူ့ကို အပြစ်ဒဏ်ခတ်ရန် အနီးကပ် စောင့်ကြပ်ကြည့်ရှုသွားမည်။

ရေသန့်စက်ထဲသို့ အာဆန်နစ် ထည့်စဉ်က သူ စိတ်လှုပ်ရှားနေခဲ့သည်။ ဤသို့ဆိုလျှင် မီးဖိုဆောင်ထဲသို့ မည်သူ့ကိုမျှ ချဉ်းကပ်ခွင့် ပြုရန် မဖြစ်နိုင်တော့ပေ။ သို့သော် တစ်ချိန်တည်း၌ ကျေနပ်ပျော်ရွှင်မှုက သူရင်တွင် ဖြစ်ပေါ်နေခဲ့သည်။ ယိုရှီတာကာ၏ ကံကြမ္မာကို ဖမ်းဆုပ်ထားခွင့် သူတွင် ရှိနေခဲ့ပြီ မဟုတ်လ
ား
။ အိမ်တွင် ယိုရှီတာကာ ရှိနေစဉ် အခါ၌ သူသည် ဧည့်ခန်းဆိုဖာခုံတွင် ထိုင်လျက် ကျောက်ချထားသည်။ အိမ်သာ သို့မဟုတ် ရေချိုးရန် သွားလိုသည့်အခါ၌ ယိုရှီတာကာ၏ အရိပ်အခြေကို လေ့လာပြီး မီးဖိုဆောင်သို့ လုံးဝ ဝင်ရောက်ရန် မဖြစ်နိုင်သည့်အခါမျိုးကို စောင့်ဆိုင်းနေတတ်သည်။

မင်္ဂလာဆောင်ပြီးနောက်တွင် ယိုရှီတာကာသည် အာယနဲအပေါ်တွင် လင်ယောက်ျားတစ်ယောက် အနေဖြင့် အပြစ်ပြောစရာ ဘာမျှ ရှာမတွေ့နိုင်အောင် ယခင်ကကဲ့သို့ ကောင်းမြဲ ကောင်းနေခဲ့သည်။ အကယ်၍သာ မိမိအပေါ် ထားရှိသော သူ၏ အချစ်သည် စိုးစဉ်းမျှ ပြောင်းလဲသွားခဲ့ခြင်း မရှိသရွေ့ အာယနဲသည် ရေသန့်စက်အနားသို့ မည်သူကိုမျှ ချဉ်းကပ်ခွင့် ပြုမည် မဟုတ်ဟု ဆုံးဖြတ်ထားသည်။ ဂျွန်ကိုအပေါ်တွင် ပြုမူဆက်ဆံခဲ့သော သူ၏ လုပ်ရပ်သည် မည်သို့မျှ ခွင့်လွှတ်ချင်စရာ မကောင်းသည် မှန်သော်လည်း အကယ်၍သာ မိမိအား ဤနည်းအတူ ပြုမူဆက်ဆံခြင်း မရှိခဲ့ပါလျှင် အာယနဲသည် ဤသို့သာ တစ်သက်လုံး နေသွားရန် သန္နိဋ္ဌာန် ချထားခဲ့သည်။ အာယနဲအနေဖြင့် ဆိုလျှင် အိမ်ထောင်သည်ဘဝဟူသည် ကားစင်ပေါ်တွင် ချည်တုပ်ထားသော ခင်ပွန်းသည်ကို နေ့နေ့ညည ကြည့်ရှု စောင့်ရှောက်နေရခြင်းပင် ဖြစ်သည်။

ယိုရှီတာကာသည် ကလေးလိုချင်နေသော စိတ်ဆန္ဒကို မည်သည့်အခါမှ စွန့်လွှတ်လိမ့်မည် မဟုတ်ကြောင်း သူ ကောင်းကောင်း သိထားသည်။ ထို့ကြောင့် ယိုရှီတာကာနှင့် ဟိရောမိတို့၏ တိတ်တိတ်ပုန်း ဇာတ်လမ်းကို ရိပ်စားမိသွားသည့် အခါတွင် ‘အချိန်တန်ပါပြီပကော’ ဟု သူ တွေးလိုက်မိသည်။

အီကာအိဇနီးမောင်နှံကို ဧည့်ခံကျွေးမွေးသည့် ထိုနေ့ညတွင် ယိုရှီတာကာသည်
ကွာရှင်းပြတ်စဲရန်
သူ့ကို တရားဝင် တောင်းဆိုလာတော့သည်။ ထိုစဉ်က သူ၏ ဆက်ဆံပုံမှာ အလုပ်သဘော ဆန်လွန်းလှသည်။

“နင်လည်း သိပါတယ်။ အချိန်က ပြည့်တော့မယ်လေ။ ဒီတော့ သိမ်းစရာ ရှိတာတွေ ခပ်မြန်မြန် သိမ်းပြီး ဒီကနေ ထွက်ခွာဖို့သာ ပြင်ဆင်ထားပေတော့”

အာယနဲသည် ထိုစဉ်က တစ်ချက်ပြုံးလိုက်ပြီး ဤသို့ ပြန်ဖြေခဲ့သည်။ “ကျွန်မ မသွားခင် မောင့်ကို တောင်းဆိုချင်တာ တစ်ခုရှိတယ်”

ယိုရှီတာကာက သူ၏ တောင်းဆိုချက်ကို မေးမြန်းလိုက်သောအခါ သူသည် သူ့ခင်ပွန်း၏ မျက်လုံးအစုံကို စေ့စေ့စိုက်ကြည့်ပြီး ပြောလိုက်သည်။ “မနက်ဖြန်ကနေ စပြီး ကျွန်မ နှစ်ရက်၊ သုံးရက်လောက် ခရီးထွက်ချင်တယ်။ ဒါပေမယ့် မောင့်ကို အိမ်မှာ တစ်ယောက်တည်း ပစ်ထားခဲ့ရမှာလည်း သိပ်တော့ စိတ်မချဘူး”

သူက ပြုံးလျက် “ဘယ်လောက်များ အရေးကြီးတဲ့ ကိစ္စလဲလို့။ စိတ်ပူမနေနဲ့။ အိမ်မှာ ငါတစ်ယောက်တည်း နေရလည်း ဘာပြဿနာမှ ဖြစ်လာနိုင်စရာ မရှိဘူး”

အာယနဲသည် ခေါင်းတဆတ်ဆတ် ညိတ်လျက် နှုတ်မှ “ဟုတ်လား” ဟု တစ်ခွန်း ရေရွတ်လိုက်သည်။ ဤအချိန် ဤကာလမှစ၍ ခင်ပွန်းသည်အား ‘ကယ်
မ
ခြင်း’ အမှုသည် နိဂုံးကမ္ပတ် အဆုံးသတ်သို့ ရောက်ရှိသွားလေတော့သည်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *