ဝင်ထွက်စာရင်းအရ ကြည့်လျှင် ယခုအချိန်တွင် ယုကာဝါ တစ်ဦးတည်းသာ ဓာတ်ခွဲခန်းထဲ၌ ရှိနေသည်။ သို့တိုင် ၎င်းမှာ တိုက်ဆိုင်မှုကြောင့် မဟုတ်ဘဲ ဥကျုမိသည် ဤအချိန်ကို တမင် ရွေးလာခဲ့ခြင်းသာ ဖြစ်ပေသည်။
ဥကျုမိသည် တံခါးကို အသာအယာ ခေါက်လိုက်ပြီး အတွင်းထဲမှ “ဝင်ခဲ့” ဟူသော အသံကို ကြားသည့်အခါမှ သူသည် တံခါးကို တွန်းဖွင့်၍ ဝင်သွားခဲ့သည်။ ယုကာဝါသည် ကော်ဖီဖျော်လျက် အလုပ်ရှုပ်နေသည်။ သူသည် ရေစစ်စက္ကူ သုံး၍ ကော်ဖီစစ်ခွက်ဖြင့် ကော်ဖီဖျော်သည့်နည်းကို အသုံးပြုနေသည်။
“ခင်ဗျား လာတာနဲ့ အတော်ပဲ” ယုကာဝါသည် ခွက်နှစ်ခွက်ထဲသို့ ကော်ဖီများ လောင်းထည့်လိုက်သည်။
“ထူးထူးဆန်းဆန်းပါလား ဆရာ။ စက်နဲ့ မဖျော်တော့ဘူးလား”
“ဇီဇာကြောင်တဲ့ လူတွေရဲ့ စိတ်ခံစားမှုကို နားလည်နိုင်ဖို့ ကြိုးစားကြည့်တာပေါ့ဗျာ။ ရေတောင် သောက်ရေသန့်ကိုပဲ သုံးထားတာ” ယုကာဝါသည် လက်ထဲမှ ခွက်တစ်ခွက်ကို ဥကျုမိထံသို့ ကမ်းပေးသည်။
ဥကျုမိက ကျေးဇူးတင် စကားဆိုပြီး တစ်ငုံသောက်ကြည့်လိုက်သည်။ ဘာမျှ ထူးခြားမနေဟု သူ ခံစားရသည်။
“ဘယ်လိုနေလဲ” ယုကာဝါက မေးသည်။
“အရသာက မဆိုးပါဘူး”
“အရင်ကနဲ့ စာရင်ရော”
ဥကျုမိသည် တစ်ခဏမျှ ငြိမ်သက်နေပြီးမှ ပြန်မေးလိုက်သည်။ “ဆရာက အမှန်အတိုင်း ကြားချင်တာလား”
ယုကာဝါသည် စိတ်မရှည်တော့သည့် အမူအရာဖြင့် ကော်ဖီခွက်ကို လက်မှ ကိုင်လျက် ထိုင်ခုံပေါ် ထိုင်ချလိုက်သည်။ “ခင်ဗျား ဖြေဖို့ မလိုတော့ပါဘူး။ ခင်ဗျားလည်း ကျွန်တော့်လိုပဲ ခံစားနေရလောက်ပါတယ်”
သူသည် ခွက်ထဲမှ ကော်ဖီကို ငုံ့ကြည့်သည်။ “စောစောကတင် ရိုးရိုးရေနဲ့ တစ်ခွက်ဖျော်ခဲ့သေးတယ်။ အမှန်အတိုင်း ပြောရရင် အရသာက ဘာမှ မထူးဘူး။ အနည်းဆုံးတော့ ကျွန်တော်အနေနဲ့ ကွာခြားချက်ကို ခံစားလို့ မရဘူး”
“ကျွန်မအထင်တော့ တော်တန်ရုံလူက ခွဲခြားနိုင်လိမ့်မယ် မထင်ဘူး”
“ဒါပေမယ့် နိုင်ငံကျော် စားဖိုမှူးကြီးတွေကတော့ အရသာက ခြားနားမှု ရှိတယ်လို့ တရားဝင် ထုတ်ပြန်ထားကြတယ်” ယုကာဝါသည် စာတမ်းတစ်စောင်ကို ကောက်ယူလိုက်သည်။ “ရေမှာက အစေးဓာတ်ဆိုတာ ရှိတယ်။ ရေတစ်လီတာမှာ ပါတဲ့ ကယ်စီယမ်အိုင်ယွန်နဲ့ မဂ္ဂနီစီယမ်အိုင်ယွန်တွေကို ရေတွက်ကြည့်ပြီး ရေရဲ့ ကယ်စီယမ် ကာဗွန်နိတ်ပမာဏကို တွက်ယူတယ်။ အဲဒီ ပမာဏ အနည်းအများပေါ် မူတည်ပြီး ရေကို ရေစေး၊ ရေသွက် စသဖြင့် ခွဲခြားထားတယ်”
“ကျွန်မ ကြားဖူးတယ်”
“ပုံမှန် ထမင်းဟင်းတွေအတွက်ဆိုရင် ရေသွက်က ပိုပြီး သင့်လျော်တယ်။ အဓိကကတော့ ကယ်စီယမ်ရဲ့ ပါဝင်မှု ပမာဏပဲ။ ထမင်းချက်တဲ့အခါမှာ ကယ်စီယမ်ဓာတ်များတဲ့ ရေကို သုံးလိုက်ရင် ကယ်စီယမ်တွေက ဆန်ထဲမှာပါတဲ့ အမျှင်ဓာတ်နဲ့ ဓာတ်ပြုသွားတာကြောင့် ကျက်သွားတဲ့ ထမင်းတွေက မာဆတ်ဆတ်တွေ ဖြစ်ကုန်တယ်”
ဥကျုမိက မျက်မှောင်ကြုတ်လိုက်သည်။ “အဲဒီလိုဆိုရင် ဘယ်လိုလုပ်ပြီး စားလို့ကောင်းပါတော့မလဲ”
“သူနဲ့ ဆန့်ကျင်ဘက်က အမဲသားစွပ်ပြုတ် ချက်တဲ့အခါမှာကျတော့ ရေစေးကို သုံးရတယ်လို့ ကြားဖူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသားနဲ့ အရိုးထဲမှာ ရှိတဲ့ သွေးတွေက ရေစေးထဲမှာ ပါဝင်တဲ့ ကယ်စီယမ်တွေနဲ့ ဓာတ်ပြုသွားမယ် ဆိုရင် ရေမျက်နှာပြင်အထက်ကို တက်လာကြတယ်။ ဒီတော့ အလွယ်တကူ ဖယ်ရှားပစ်လို့ ရသွားတာပေါ့။ ဟင်းရည်ကြည် ရဖို့အတွက်ဆိုရင်တော့ အင်မတန်မှ ကောင်းတဲ့ နည်းလမ်းပဲ”
“ဆရာက ထမင်းဟင်းကို ကိုယ့်ဘာသာ ချက်စားတာလား”
“တစ်ခါတလေပေါ့ဗျာ” ယုကာဝါသည် စာတမ်းကို စားပွဲပေါ် ပြန်တင်လိုက်သည်။
မီးဖိုဆောင်ထဲတွင် မတ်တတ်ရပ်လျက် အိုးထဲမှ ရေပမာဏနှင့် မီးအပြင်းအပျော့ကို မျက်မှောင်ကြုတ်ရင်း ချိန်ညှိနေမည့် ယုကာဝါ၏ ရုပ်ပုံလွှာကို ဥကျုမိက မှန်းဆကြည့်နေမိသည်။ သိပ္ပံစမ်းသပ်ချက်တစ်ခု ပြုလုပ်နေသည့်နှယ်
ရှုသိုးသိုးနှင့်
ဖြစ်နေမည်မှာ သေချာသလောက်ပင်။
“ဒါနဲ့ ရှေ့တစ်ခေါက်က ကိစ္စက ဘာတွေ ထူးသေးလဲ”
“ထ.ရ.ဖရဲ့ အစီရင်ခံစာ ထွက်လာပါပြီ။ ဒီနေ့ ကျွန်မ ဆရာ့ကို အဲဒီအကြောင်း လာပြောပြတာ” ပြောပြီး ဥကျုမိသည် အိတ်ထဲမှ စာဖိုင်တစ်ဖိုင်ကို ဆွဲထုတ်လိုက်သည်။
“ပြောစမ်းပါဦး” ယုကာဝါက ကော်ဖီတစ်ငုံ မော့သောက်လိုက်သည်။
“ရေစစ်နဲ့ ပိုက်ပျော့ထဲမှာ အဆိပ်မတွေ့ရဘူး။ ဒါပေမယ့် အဆိပ်ခတ်ခဲ့ဖူးမယ် ဆိုရင်တောင် ရေဝင်ရေထွက် အမြဲ ရှိနေနိုင်တဲ့အတွက်ကြောင့် ရေနဲ့ ဆေးကြောပစ်လိုက်သလို ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ဓာတ်ခွဲခန်းအဖြေကို အတည်ယူဖို့ ခက်တယ်။ အဲဒီထက် ပိုပြီး ကြီးတဲ့ ပြဿနာတစ်ခု ရှိနေသေးတယ်”
ဥကျုမိသည် အသက်ကို အားရပါးရ ရှူသွင်းလိုက်ပြီး စာဖိုင်ကို ပြန်ငုံ့ကြည့်လိုက်သည်။ “ရေစစ်ပြွန်နဲ့ ပိုက်ပျော့ရဲ့ အပြင်မျက်နှာပြင်မှာ နှစ်နဲ့ချီတဲ့ ဖုန်မှုန့်တွေ ကပ်နေတယ်။ အဲဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဒီတစ်လ နှစ်လအတွင်းမှာ လူတစ်ဦးတစ်ယောက်က အဲဒီပစ္စည်းတွေကို ကိုင်တွယ်ခဲ့တယ် ဆိုတဲ့ ဖြစ်နိုင်ခြေက အင်မတန်ကို နည်းတယ်။ တစ်နည်းပြောရရင် တကယ်လို့သာ တစ်ဦးတစ်ယောက်က အဲဒါကို ဖြုတ်ခဲ့၊ ဖွင့်ခဲ့မယ် ဆိုရင် ခြေရာလက်ရာကတော့ ကျန်ကို ကျန်ခဲ့မှာပဲ။ နောက်ပြီး ဖြည့်စွက် စဉ်းစားရဦးမယ့် အချက်တချို့ ရှိသေးတယ်။ အခင်းဖြစ်ပြီး မကြာခင်မှာပဲ ထ.ရ.ဖက အဆိပ်အကြွင်းအကျန်ကို ရှာဖွေဖို့ ဆိုပြီး လက်ဆေးကန်ရဲ့ အောက်ဘက်ကိုလည်း စစ်ဆေးကြည့်ခဲ့သေးတယ်။ အဲဒီတုန်းက ရေစစ်ပြွန်ရဲ့ အရှေ့နားမှာ ချထားတဲ့ ဆပ်ပြာမှုန့်ထုပ်နဲ့ ဗူးခွံလို ပစ္စည်းတချို့ကို သူတို့ နေရာရွှေ့ခဲ့ကြသေးတယ်။ သူတို့ရဲ့ စကားအရ ဆိုရင် အဲဒီပစ္စည်းတွေ ချထားတဲ့ နေရာကလွဲလို့ ကျန်တဲ့ ကြမ်းပြင်တစ်ပြင်လုံးမှာ ဖုန်တွေချည်းပဲတဲ့”
“အချုပ်ပြောရရင် လောလောလတ်လတ် အတွင်းမှာ ရေစစ်ပြွန်တင် မကဘဲ လက်ဆေးကန် အောက်ဘက် နေရာတစ်ခုလုံးကို ဘယ်သူမှ မထိမတို့ခဲ့ဖူးဘူး။ အဲဒီလို မဟုတ်လား”
“ထ.ရ.ဖက အဲဒီလို ယူဆတာပဲ”
“ကျွန်တော် တွက်ဆထားတဲ့ အတိုင်းပါပဲ။ သူ့အိမ်ရဲ့ လက်ဆေးကန် အောက်ဘက်ကို မြင်ကတည်းက အဲဒီလို ယူဆမိခဲ့တာပဲ။ ကျွန်တော် ခင်ဗျားကို စိစစ်ခိုင်းတာ နောက်တစ်ခု ကျန်သေးတယ် မဟုတ်လား”
“ဟုတ်။ ရေပိုက်ခေါင်းရဲ့ အပေါက်ကနေ ရေသန့်စက်ထဲကို အဆိပ်ထည့်လို့ ရနိုင်၊ မရနိုင် ဆရာ သိချင်တာ မဟုတ်လား”
“အဲဒီအချက်က သိပ်ကို အရေးကြီးတယ်။ အဖြေက ဘာတဲ့လဲ”
“သီအိုရီအရတော့ ဖြစ်ကောင်း ဖြစ်နိုင်တယ်တဲ့။ ဒါပေမယ့် လက်တွေ့ လုပ်ဖို့တော့ လုံးဝ မလွယ်လောက်ဘူးလို့ ပြောတယ်”
ယုကာဝါက ကော်ဖီတစ်ငုံ မော့သောက်လိုက်သည်။ ခါးလွန်းနေသောကြောင့်လား မသိ။ သူ၏ နှုတ်ခမ်းများ တွန့်ကနဲ ဖြစ်သွားသည်။
“ဆရာရဲ့ အိုင်ဒီယာအတိုင်း ပိုက်ပျော့အရှည်ကို ရေပိုက်ခေါင်းထိပ်ကနေ ရေသန့်စက်ရဲ့ ပိုက်ပျော့အထိ ရောက်အောင် ထိုးထည့်ကြည့်သေးတယ်။ လက်တွေ့မှာကျတော့ အဲဒီလို လုပ်ဖို့ မလွယ်ဘူး ဆရာ။ မဖြစ်နိုင်ဘူး။ ရေသန့်စက်ထဲကို သွားတဲ့ ပိုက်တွေက ထောင့်မှန်ချိုး ချိုးထားတဲ့ နေရာတွေ အတော်များများ ရှိတယ်။ ပိုက်ပျော့က အဲဒီလမ်းကြောင်းအတိုင်း
လျှောကနဲ
ဝင်သွားဖို့ မဖြစ်နိုင်သလောက်ပဲ။ တကယ်လို့သာ ဦးပိုင်းကို လိုသလို ကွေးနိုင်ဆန့်နိုင်တဲ့ ကိရိယာတစ်ခု ထွင်နိုင်မယ် ဆိုရင်တော့ ဖြစ်ကောင်း ဖြစ်နိုင်လောက်တယ်”
“ရပြီ။ ကျွန်တော် သဘောပေါက်ပါပြီ” ယုကာဝါက ခေါင်းကုတ်နေသည်။ “ဒီအမှုရဲ့ တရားခံက ဒီလောက် အလုပ်ရှုပ်ခံနေလိမ့်မယ် မထင်ဘူး။ ဒါဆို ရေသန့်စက်ကိစ္စကိုလည်း ပလပ်လိုက်ရတော့မယ် ထင်တယ်။ ကိုယ့်ဟာကိုယ်တော့ ဟုတ်လှပြီလို့ အောက်မေ့နေတာ။ အတွေးလမ်းကြောင်းကို ပြောင်းဖို့ လိုအပ်လာပြီ ထင်ပါရဲ့။ တစ်နေရာရာမှာတော့ ကျွန်တော်တို့ မျက်စိလျှမ်းနေခဲ့တာ ဖြစ်ရမယ်”
ယုကာဝါသည် ကော်ဖီခရားအိုးအတွင်းတွင် ကျန်ရှိနေသေးသည့် ကော်ဖီများ အားလုံးကို သူ၏ ကော်ဖီခွက်ထဲသို့ လောင်းထည့်လိုက်သည်။ လက်တုန်နေသောကြောင့် ဖြစ်မည်။ ကော်ဖီတချို့ အပြင်သို့ ဖိတ်စင်ကုန်သည်။
ယုကာဝါ၏ အံကြိတ်နေသော အသံကို ဥကျုမိ ကြားနေရသည်။ သူကဲ့သို့သော ပညာရှင်တစ်ဦးပင်လျှင် စိတ်ကသိကအောက် ဖြစ်ရသည်မျိုး ရှိတတ်နေသေးပါပကော။ ဥကျုမိ တွေးကြည့်လိုက်မိသည်။ အဆိပ်ကို မည်သည့် နေရာတွင် ထည့်ခဲ့သနည်း ဟူသည့် အင်မတန် ရိုးရှင်းသော ပုစ္ဆာကိုပင် အဖြေမထုတ်နိုင်သောကြောင့် ပေါက်ကွဲနေခြင်း ဖြစ်ရပေလိမ့်မည်။
“ငါတို့ရဲ့ စုံထောက်ကျော်ကြီး ဘာလုပ်နေလဲ” ယုကာဝါက မေးသည်။
“မစ္စတာမာရှိဘရဲ့ ကုမ္ပဏီကို သွားတယ်။ စုံစမ်းစရာ ရှိလို့ ဆိုလားပဲ”
“အန် …”
“ဆရာကုစာနာဂိဆီက ဘာများ ကြားထားလို့လဲ”
ယုကာဝါက ခေါင်းခါပြသည်။ ကော်ဖီတစ်ငုံ သောက်ပြီး “ဘာရယ် မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်ရက်က ကျွန်တော်နဲ့ ကုစာနာဂိ အတူရှိနေကြတုန်း မစ္စစ်မာရှိဘနဲ့တောင် ဆုံဖြစ်ကြသေးတယ်”
“ကျွန်မ ကြားလိုက်တယ်”
“အဲဒီတုန်းက သူနဲ့ စကားပြောလိုက်ရသေးတယ်။ တကယ့် မိန်းမချောပဲဗျ။ ပြီးတော့ ဆွဲဆောင်မှုလည်း အပြည့်ရှိတယ်”
“ဆရာလည်း ပြုစားခံလာရပြီ ထင်တယ်”
“ကျွန်တော်က ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ပြတာပါဗျာ။ ပြောရရင်တော့ ကုစာနာဂိအတွက် စိတ်ပူလာသလိုပဲ”
“ဘာဖြစ်လို့လဲ”
“ကျောင်းသားဘဝမှာတုန်းက ကုစာနာဂိ ကြောင်ကောက်ရခဲ့ဖူးတယ်။ မွေးကင်းစ ကြောင်လေးနှစ်ကောင်ပေါ့။ သူတို့လေးတွေက သိပ်ကို အားပျော့နေတဲ့ အချိန်လေ။ အသက်ရှင်ဖို့ မလွယ်ဘူးဆိုတာကို ကြည့်ရုံနဲ့ လူတိုင်း သိတယ်။ ဒါပေမယ့် ကုစာနာဂိက သူတို့ကို အသင်းတိုက်ကို သယ်လာတယ်။ အတန်းချိန် အပျက်ခံပြီးတော့ကို သူတို့ကို စောင့်ရှောက်ခဲ့တာ။ သူက မျက်စဉ်းပုလင်း တစ်ပုလင်း ရအောင် ရှာပြီး ကြောင်လေးတွေကို ကြိုးစားပမ်းစားနဲ့ နို့တိုက်ရှာတယ်။ သူငယ်ချင်းတွေကလည်း ဝိုင်းပြီး သူ့ကို ဖျောင်းဖျကြသေးတယ်။ မင်း ဘယ်လောက် ပြုစုပြုစု အရာထင်မှာ မဟုတ်ပါဘူးကွာလို့ သူ့ကို ပြောရင် သူက ‘အဲဒီတော့ ဘာဖြစ်လဲ’ လို့ ဘုပြောတတ်တာမျိုး”
ယုကာဝါသည် မျက်တောင်ကို နှစ်ကြိမ်၊ သုံးကြိမ်မျှ ခတ်လိုက်ပြီး အဝေးတစ်နေရာသို့ ငေးကြည့်နေသည်။ “အဲဒီနေ့က သေဆုံးသူရဲ့ ဇနီးကို ကြည့်နေတဲ့ ကုစာနာဂိရဲ့ အကြည့်တွေက ကြောင်ကလေးတွေကို စောင့်ရှောက်နေတုန်းက ကြည့်ခဲ့တဲ့ အကြည့်တွေနဲ့ တထေရာတည်းပဲ။ သူကိုယ်တိုင်က သေဆုံးသူရဲ့ ဇနီးဆီကနေ တစ်ခုခု သတိထားမိပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူ့စိတ်ထဲမှာ ‘အဲဒီတော့ ဘာဖြစ်လဲ’ ဆိုတဲ့ ခံစားချက်ကလည်း သူ့ဆီမှာ ရှိနေတယ်လို့ ကျွန်တော် ထင်တယ်”