ကုစာနာဂိ အခန်းထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ယုကာဝါသည် သူ၏ စုံစမ်းရရှိမှု အခြေအနေများကို မေးမြန်းလေတော့သည်။ ကုစာနာဂိသည် ပြောသင့် မပြောသင့် တစ်ခဏ တွေဝေနေပြီးမှ အီကာအိထံမှ သိခဲ့ရသော သတင်းအချက်အလက်များကို ယုကာဝါအား ပြောပြလိုက်သည်။
“အဲဒီတုန်းက ပထမဆုံး စကား စပြောတဲ့သူက မာရှိဘ ယိုရှီတာကာပဲ။ ဒါကြောင့် အာယနဲက ပါတီပွဲကို အသုံးချပြီး မာရှိဘ ယိုရှီတာကာကို ချဉ်းကပ်ခဲ့တယ် ဆိုတဲ့ ဥကျုမိရဲ့ ယူဆချက်ကို ချောင်ထိုးပစ်လိုက်လို့ ရပြီ”
ကုစာနာဂိသည် နံဘေးရှိ အငယ်တန်းရဲမေကို မျက်လုံးစွေကြည့်ကာ ပြောနေသည်။
“ယူဆချက်ရယ်လို့ မဟုတ်သေးပါဘူး။ အဲဒီလို ဖြစ်နိုင်ခြေ ရှိတယ်လို့ပဲ ကျွန်မ ပြောချင်တာပါ”
“ဟုတ်လား။ ဒါပေမယ့် အဲဒီလို ဖြစ်နိုင်ခြေလည်း လုံးဝ မရှိတော့ဘူးလို့ ပြောရမှာပဲ။ ကဲ ထားပါ။ နင် နောက် ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ” ကုစာနာဂိက ဥကျုမိကို စိုက်ကြည့်ရင်း ပြောသည်။
ယုကာဝါသည် ငှဲ့ထားပြီးသော ကော်ဖီတစ်ခွက်ကို ကုစာနာဂိ၏ အရှေ့သို့ ချပေးလိုက်သည်။
ကုစာနာဂိသည် “ကျေးဇူးပဲ” ဟု ဆို၍ ခွက်ကို လှမ်းယူသည်။
“အဲဒီတော့ မင်းကရော ဘယ်လိုမြင်လဲ” ယုကာဝါက မေးသည်။ “တကယ်လို့သာ အဲဒီ ရှေ့နေ အီကာအိရဲ့ စကားကို လုံးဝ မှန်ကန်ပါတယ်လို့ ယုံကြည်ထားလိုက်မယ် ဆိုရင် အာယနဲကလည်း မစ္စတာမာရှိဘကို ပါတီပွဲမှာ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ ဖြစ်ရမယ်လို့ ယူဆရတော့မှာပေါ့။ အဲဒီလိုဆိုတော့ အာယနဲက မစ္စတာမာရှိဘရဲ့ ရည်းစားဟောင်းရဲ့ သူငယ်ချင်းဖြစ်နေတယ် ဆိုတဲ့ အချက်က လုံးဝ တိုက်ဆိုင်မှုသက်သက် ဖြစ်သွားပြီ ဆိုတဲ့သဘောပေါ့။ မင်းက အဲဒါကို ယုတ္တိရှိတယ်လို့ ယူဆထားတာလား”
ကုစာနာဂိသည် သူ၏ မေးခွန်းကို ပြန်မဖြေသေးဘဲ ကော်ဖီကို တစ်ငုံ မော့သောက်လိုက်သည်။ ထို့နောက် အတွေးများကို ပြန်လည် နေရာချနေလေသည်။
ယုကာဝါက ပြုံးလျက် “ကြည့်ရတာ မင်းလည်း အဲဒီရှေ့နေရဲ့ စကားကို ယုံပုံ မရဘူး”
“အီကာအိက ညာနေတယ်လို့တော့ ငါ မယူဆဘူး” ကုစာနာဂိက ပြောသည်။ “ဒါပေမယ့် သူ ပြောတဲ့စကားက အမှန်တွေပါလို့ သက်သေပြစရာ အထောက်အထားလည်း ရှိမနေဘူး”
“ဒါဆို မင်းသဘောက …”
ကုစာနာဂိသည် အသက်ကို မှန်မှန်ရှူလိုက်ပြီး စကားဆက်သည်။ “တစ်ယောက်ယောက်ကတော့ လုပ်ဇာတ်ခင်းခဲ့တာ ဖြစ်မယ်”
“လုပ်ဇာတ် …”
“သူတို့နှစ်ယောက်က တစ်ခါမှ မမြင်မတွေ့ဖူးတဲ့ သူစိမ်းတွေအလား လုပ်ဇာတ်ခင်းခဲ့ကြတယ်။ သူတို့နှစ်ယောက် အရင်ကတည်းက ရင်းနှီးခင်မင်နေခဲ့တာကို ဖုံးကွယ်ထားချင်တာကြောင့် ပါတီပွဲရောက်မှ ပထမဆုံးအကြိမ် ဆုံတွေ့ကြသယောင် တမင် သရုပ်ဆောင်ခဲ့ကြတာ။ ရှေ့နေအီကာအိကို မျက်မြင်သက်သေအဖြစ် ထားပြီးတော့ပေါ့။ အဲဒီလို တွေးကြည့်လိုက်ရင် အားလုံးက ကွင်းဆက်မိသွားရော။ ဘားကောင်တာပေါ် တင်ထားတဲ့ ဖုန်းအိတ်တစ်လုံးကို အကြောင်းပြုပြီး သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မခွဲနိုင် မခွာရက်အောင် ချစ်မိသွားကြတယ် ဆိုတာကတော့ ပုံပြင်ဆန်လွန်းအားကြီးနေတယ်”
“မိုက်တယ်ကွာ” ယုကာဝါ၏ မျက်လုံးများ တဖျပ်ဖျပ် လင်းလက်နေသည်။ “ငါလည်း အဲဒီလို ခံစားနေရတယ်။ အမျိုးသမီးတစ်ဦးရဲ့ အမြင်ကို ငါတို့ တောင်းခံကြည့်ကြဦးစို့” ပြောပြီး သူသည် ဥကျုမိဘက်သို့ ခေါင်းကို လှည့်လိုက်သည်။
ဥကျုမိက ခေါင်းညိတ်ပြသည်။ “အဲဒီလို ဖြစ်နိုင်ခြေ ရှိတယ်လို့ ကျွန်မလည်း ယူဆတယ်။ ဒါပေမယ့် သူတို့က ဘာဖြစ်လို့ အဲဒီလို လုပ်ရတာလဲ”
“သိပ်ဟုတ်တာပေါ့။ သူတို့နှစ်ယောက်က အဲဒီလို လုပ်ဇာတ်ခင်းဖို့ ဘာကြောင့် လိုအပ်နေရတာလဲ” ယုကာဝါသည် ကုစာနာဂိကို စိုက်ကြည့်နေသည်။ “အဲဒီအချက်ကို မင်း ဘယ်လို မြင်လဲ”
“အကြောင်းအရင်းကတော့ ရိုးရိုးလေးပါ။ သူတို့အနေနဲ့ အဖြစ်မှန်ကို လူသိခံလို့ မဖြစ်လို့ပေါ့”
“အဖြစ်မှန်ဆိုတာက …”
“သူတို့ ဘယ်လို ဆုံတွေ့ခဲ့ကြသလဲ ဆိုတဲ့ တကယ့်အဖြစ်မှန်ကိုပေါ့။ သူတို့နှစ်ယောက်က ကျုကူအိ ဂျွန်ကိုကနေတစ်ဆင့် ခင်ခဲ့ကြတာ ဖြစ်လိမ့်မယ်လို့ ငါ ထင်တယ်။ ဒါပေမယ့် ကျုကူအိက မာရှိဘ ယိုရှီတာကာရဲ့ ရည်းစားဟောင်း ဖြစ်နေတဲ့အတွက် သူတို့က အဲဒီအကြောင်းကို လူသိရှင်ကြား အသိမပေးရဲဘူး။ ဒီတော့ သူတို့အတွက် ပထမဆုံးအကြိမ် ဆုံတွေ့ဖြစ်ကြတယ် ဆိုတဲ့ အခွင့်အရေးတစ်ခုကို သီးသန့် ဖန်တီးဖို့ လိုအပ်လာတယ်။ ဒါနဲ့ အဲဒီ အတွဲရှာတဲ့ ပါတီပွဲကို အသုံးချခဲ့ကြတာပဲ”
ယုကာဝါက ဖျောက်ကနဲ မြည်အောင် လက်ဖျောက်တီးလိုက်သည်။ “သုံးသပ်ချက်က အမိုက်စားပါလား။ ခုခံချေပဖို့တောင် မဖြစ်နိုင်သလောက်ပဲ။ ဒါဆို သူတို့နှစ်ယောက်က ဘယ်အချိန်မှာ စတွေ့ခဲ့ကြတာလဲ။ အဲ … မဟုတ်သေးဘူး။ ပိုပြီး အရေးကြီးတာက သူတို့နှစ်ယောက်က ဘယ်အချိန်မှာ ချစ်ကြိုးသွယ်ခဲ့ကြတာလဲ။ အတိအကျ ပြောကြေးဆိုရင် ကျုကူအိ ဂျွန်ကို သတ်မသေခင်မှာလား၊ သတ်သေပြီးမှလား”
ဥကျုမိသည် ဝင်သက်ကို အားရပါးရ ရှူသွင်းလိုက်သည်။ ခါးကို မတ်မတ်ဆန့်ပြီး ယုကာဝါကို စေ့စေ့ကြည့်လျက် စကားဆိုလေသည်။ “ဆရာ့သဘောက မစ္စတာမာရှိဘနဲ့ အာယနဲတို့ တွဲပြီးနောက်ပိုင်းမှ ကျုကူအိက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်လို့ ပြောချင်တာလား”
“အဲဒီလို ယူဆမှ ပိုပြီး နေရာကျမှာပေါ့။ အဲဒီအချိန်မှာ သူ့ခမျာ ရည်းစားနဲ့ သူငယ်ချင်းရဲ့ သစ္စာဖောက်မှုကို တစ်ချိန်တည်း တစ်ပြိုင်တည်း ခံလိုက်ရတာဆိုတော့ သူ ဘယ်လောက်တောင် ခံစားသွားရမလဲဆိုတာ ခန့်မှန်းကြည့်လို့ ရနိုင်ပါတယ်”
ယုကာဝါ၏ စကားကို ကြားရသည့်အခါတွင် ကုစာနာဂိသည် အဆုံးအစမဲ့သော ချောက်နက်ကြီးအတွင်းသို့ ပြုတ်ကျသွားသည့်အလား ခံစားလိုက်ရသည်။ သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော သူငယ်ချင်းဟောင်းကြီး၏ အယူအဆသည် အမှန်တရားနှင့် လွန်စွာမှ နီးစပ်နေကြောင်း သူကိုယ်တိုင် ခံစားသိရှိနေသည်။ အီကာအိ၏ စကားကို ကြားခဲ့ရစဉ်ကတည်းက စိတ်ကူးထဲတွင် သူကိုယ်တိုင် ဤသို့ မှန်းဆကြည့်ခဲ့ဖူးသည်။
“အဲဒီလိုဆိုရင် အတွဲရှာတဲ့ ပါတီပွဲရဲ့ ရည်ရွယ်ချက်ကလည်း ပိုပြီး ထင်ရှားလာတယ်” ဥကျုမိက ပြောသည်။ “တကယ်လို့ လူတစ်ယောက်ယောက်ကများ မစ္စတာမာရှိဘနဲ့ ကျုကူအိတို့ရဲ့ အချစ်ဇာတ်လမ်းကို သိနေတဲ့အပြင် တစ်ချိန်တည်းမှာပဲ ကျုကူအိနဲ့ အာယနဲတို့ သူငယ်ချင်းတွေ ဖြစ်ကြောင်း သိနေတယ်ပဲ ထားဦး။ တကယ်လို့သာ အီကာအိက မျက်မြင်သက်သေအဖြစ်နဲ့ ရှေ့နေလိုက်ပေးမယ်ဆိုရင် သူတို့နှစ်ယောက်ရဲ့ ဆုံဆည်းမှုကို လူအများက တိုက်ဆိုင်မှုသက်သက်ပဲလို့ ယူဆသွားကြမှာ ဧကန်ပဲ။ ဘယ််သူကမှ လွန်ခဲ့တဲ့လအနည်းငယ်က ဖြစ်သွားခဲ့တဲ့ ကျုကူအိရဲ့ သတ်သေမှုနဲ့ ချိတ်ဆက်ပြီး စဉ်းစားမိကြတော့မှာ မဟုတ်ဘူး”
“မဆိုးဘူးပဲ။ သုံးသပ်ချက်တွေက အဆင့်မြင့်သထက် မြင့်လာပြီ” ယုကာဝါက ကျေနပ်စွာ ခေါင်းညိတ်နေသည်။
“ဆရာ အာယနဲဆီသွားပြီး စုံစမ်းကြည့်ပါလား” ဥကျုမိသည် ကုစာနာဂိဘက်သို့ လှည့်ကြည့်လိုက်သည်။
“ငါက ဘယ်လိုလုပ်ပြီး စုံစမ်းရမှာလဲ”
“ဥပမာ … ဆရာ ရှေ့တစ်ခေါက်က ရှာတွေ့ခဲ့တဲ့ ရုပ်ပြစာအုပ်ကို ပြကြည့်ရင်ရော။ အဲဒီမှာ ဆွဲထားတဲ့ နံရံကပ်ပန်းချီကားက ဒီကမ္ဘာပေါ်မှာ နောက်တစ်ချပ် ရှိဖို့ လွယ်တာမဟုတ်ဘူး။ အာယနဲက ကျုကူအိကို မသိဘူးဆိုတာ ဖြစ်ကို မဖြစ်နိုင်တာပဲ”
ကုစာနာဂိက ခေါင်းကို ခါယမ်းနေသည်။ “အာယနဲက ‘ကျွန်မ မသိဘူး’ ဆိုပြီးတော့ပဲ ဘူးခံနေလိမ့်မယ် ထင်တယ်”
“ဒါပေမယ့် …”
“သူ ဟိုးအရင်ကတည်းက လူတွေအားလုံးကို ဖုံးကွယ်ထားခဲ့တာ။ မာရှိဘ ယိုရှီတာကာရဲ့ ရည်းစားဟောင်း အကြောင်းကို ပြောမပြခဲ့တဲ့အပြင် အဲဒီအမျိုးသမီးက သူရဲ့ သူငယ်ချင်းပါ ဆိုတာကိုလည်း လူသိ မခံခဲ့ဘူး။ အခုချိန်မှာမှ သူ့ကို အဲဒီ ရုပ်ပြစာအုပ် သွားပြလည်း သူက ဘူးခံနေဦးမှာပဲ။ ဇွတ်အတင်း သွားလုပ်ရင် သူ့ကို အချက်ပြလိုက်သလို ဖြစ်သွားလိမ့်မယ်”
“ကုစာနာဂိရဲ့ အမြင်ကို ကျွန်တော်လည်း သဘောတူတယ်” ယုကာဝါသည် စစ်တုရင်ဗန်းအနီးသို့ သွားကာ အနက်ရောင် စစ်တုရင်ရုပ်တစ်ရုပ်ကို ကောက်ယူလိုက်သည်။ “တရားခံကို ချောင်ပိတ်ဖမ်းချင်ရင် လုံးဝ ခုခံတွန်းလှန်နိုင်စွမ်း မရှိအောင် တစ်ကွက်တည်းနဲ့ အသေ ပိတ်ဖမ်းနိုင်ဖို့ လိုတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ သူ့ကို ဘယ်တော့မှ ချက် (chess) နိုင်မှာ မဟုတ်ဘူး”
ကုစာနာဂိသည် သိပ္ပံပညာရှင်ဖြစ်သူ သူ၏ ငယ်သူငယ်ချင်းကို စိုက်ကြည့်ရင်း မေးလိုက်သည်။ “မင်းက သူ့ကို လူသတ်တရားခံလို့ ထင်နေတုန်းပဲလား”
သို့သော် ယုကာဝါသည် သူ၏ မေးခွန်းကို ဖြေကြားခြင်း မရှိဘဲ အကြည့်ကို အခြားတစ်နေရာသို့ လွှဲထားလိုက်သည်။ “နောက်အချက်တွေက ပိုပြီး အရေးကြီးတယ်။ အခုဆိုရင် အာယနဲရဲ့ အတိတ်ကို ငါတို့ နည်းနည်းလေး ပိုပြီး သိလာရပြီ။ သိထားတဲ့ အဲဒီအချက်အလက်တွေက ဒီအမှုနဲ့ ဘယ်ပုံဘယ်နည်း ပတ်သက်ဆက်စပ်နေသလဲ။ အာဆန်နစ်အပြင် တခြားဆက်သွယ်ချက်တွေ လုံးဝ မရှိနိုင်တော့ဘူးလား”
“အာယနဲရဲ့ နေရာကနေ ကြည့်မယ်ဆိုရင် သူနဲ့ မစ္စတာမာရှိဘတို့ အတူနေနိုင်ဖို့အတွက် သူရဲ့ သူငယ်ချင်းကို သေကြောင်းကြံတဲ့ လမ်းပေါ် တွန်းပို့ခဲ့မိတယ်။ အခုတော့ မစ္စတာမာရှိဘက သူ့ကိုလည်း သစ္စာဖောက်လာပြန်တာဆိုတော့ သူ့အနေနဲ့ ဘယ်လိုလုပ်ပြီး နားလည်ခွင့်လွှတ် ပေးနိုင်ပါတော့မလဲ” ဥကျုမိက တွေးတွေးဆဆ ပြန်ဖြေသည်။
“အမှန်ပဲပေါ့။ အဲဒီလို စိတ်ထားမျိုးကို နားလည်ပေးဖို့ မခက်လှပါဘူး” ယုကာဝါက ခေါင်းညိတ်ရင်း ပြောသည်။
“မဟုတ်ဘူး။ ငါ့အထင်တော့ သူ့မှာ တခြားအကြံတစ်ခုခု ရှိလိမ့်ဦးမယ်” ကုစာနာဂိက ပြောသည်။ “သူ အရင်က သူငယ်ချင်းကို သစ္စာဖောက်ပြီး အဲဒီသူငယ်ချင်းရဲ့ ရည်းစားကို လုယူသွားခဲ့တယ်။ ဝဋ်များ လည်ချင်တော့ သူ့လက်ထောက်ရဲ့ သစ္စာဖောက်မှုကို ပြန်ခံရပြီး လင်လုခံလိုက်ရတယ်”
“ဆရာက အဲဒါကို ကံကံရဲ့အကျိုးလို့ ပြောချင်နေတာလား။ ကံမကောင်း အကြောင်းမလှလို့ ဖြစ်ရတာပဲ ဆိုပြီး အာယနဲက တရားရသွားလို့ သူ့ယောက်ျားနဲ့ သူ့လင်လုဖက်အပေါ် ရန်ငြိုးမထားတော့ဘူး။ အဲဒီလို ဆိုလိုချင်တာလား”
“အဲဒီလိုတော့လည်း မဟုတ်ဘူးပေါ့ကွာ”
“မင်းတို့ရဲ့ စကားကို နားထောင်ရင်း ငါ့ခေါင်းထဲ မေးခွန်းတစ်ခု ဖျတ်ကနဲ ပေါ်လာတယ်” ယုကာဝါသည် ကျောက်သင်ပုန်းကို ကျောမှီလျက် သူတို့နှစ်ဦး၏ မျက်နှာများကို တစ်လှည့်စီ ငေးကြည့်နေသည်။ “မစ္စတာမာရှိဘက ဘာဖြစ်လို့ ကျုကူအိကို ဖြတ်ချပြီး အာယနဲနဲ့ တွဲဖို့ ဆုံးဖြတ်ခဲ့တာလဲ”
“စိတ်ပြောင်းသွားတာ …” စကားမဆုံးခင်မှာပင် ဥကျုမိသည် ပါးစပ်ကို လက်ဖြင့် အုပ်ထားလိုက်မိသည်။ “မဟုတ်သေးဘူး။ အဲဒီလို မဖြစ်နိုင်ဘူး …”
“မဟုတ်ဘူး” ကုစာနာဂိက ပြောသည်။ “ကလေးမွေးမပေးနိုင်လို့ ဖြစ်မယ် ထင်တယ်။ ကိုယ်ဝန်ရှိတာနဲ့ တစ်ပြိုင်နက် ကျုကူအိကို လက်ထပ်ယူမယ်လို့ မာရှိဘ ယိုရှီတာကာက အစောကြီးကတည်းက ကြံစည်ထားပြီးသား။ ခက်တာက ကိုယ်ဝန်ရဖို့ မဖြစ်နိုင်တော့တဲ့အတွက် သူက တခြား မိန်းမတစ်ယောက်ဆီကို
မြားဦးလှည့်သွားခဲ့တယ်။
အဲဒီလိုပဲ ဖြစ်လိမ့်မယ်”
“လက်ရှိ သိထားရသလောက် အချက်အလက်တွေအရ ဆိုရင်တော့ အခြေအနေက အဲဒီအတိုင်းပဲ ဖြစ်ပါလိမ့်မယ်။ ဒါဆို အဲဒီတုန်းက အာယနဲကရော အဲဒီအချက်ကို သူ့စိတ်ထဲမှာ ရှင်းရှင်းပြတ်ပြတ် နားလည်ထားရဲ့လား။ ဆိုလိုတာက မစ္စတာမာရှိဘက ဘာဖြစ်လို့ ကျုကူအိကို လမ်းခွဲပြီး သူ့ကို ရွေးချယ်ခဲ့ရတာလဲ။ အခြေခံအကြောင်းအရင်းက သူ့အတွက် ကလေးမွေးပေးရုံ သက်သက်ပဲ ဆိုတာကို အာယနဲက အမှန်တကယ်ရော နားလည်ထားရဲ့လား”
“ဒါကတော့ …” ကုစာနာဂိ၏ နှုတ်မှာ ထစ်ငေါ့ဆွံ့အနေသည်။
“ကျွန်မအထင်တော့ သူ အဲဒီအချက်ကို ကောင်းကောင်း နားလည်ထားပုံ မရဘူး” ဥကျုမိက တုံ့ဆိုင်းနေခြင်း မရှိဘဲ ရဲတင်းစွာ ပြောဆိုလိုက်သည်။ “ဒီလောကမှာ ဘယ်မိန်းမကများ အဲဒီလို အကြောင်းအရင်းနဲ့ ကိုယ့်ကို လာတွဲနေတာ သဘောကျနိုင်ပါ့မလဲ။ ကျွန်မ ထင်တာ မမှားဘူးဆိုရင် သူတို့နှစ်ယောက် မင်္ဂလာဆောင်ခါနီး အချိန်နားကပ်မှ တစ်နှစ်အတွင်း ကလေးမရရင် လမ်းခွဲပေးရမယ်ဆိုတဲ့ ကတိဝန်ခံချက်ကို မာရှိဘ ယိုရှီတာကာက သူ့ကို တောင်းဆိုခဲ့တာ ဖြစ်မယ်။ အဲဒီအချိန်ကျမှ အာယနဲက အခြေအနေမှန်ကို သဘောပေါက် နားလည်သွားတာ ဖြစ်ရမယ်”
“ကျွန်တော်လည်း အဲဒီလို မြင်မိတာပဲ။ ကဲ အဲဒီကိစ္စကို ခဏ ထားလိုက်ကြဦးစို့” ယုကာဝါက ပြောသည်။ “သေစေလိုတဲ့ ပင်မအကြောင်းအရင်းကို ကျွန်တော်တို့ သုံးသပ်ကြည့်ကြရအောင်။ ဥကျုမိ စောစောက ပြောခဲ့တဲ့ ပြောစကားအရဆိုရင် မစ္စတာမာရှိဘရဲ့ သစ္စာဖောက်မှုက လူသတ်မှုကို ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းအရင်းပေါ့။ ဒါပေမယ့် သူရဲ့ လုပ်ရပ်ကို သစ္စာဖောက်တယ်လို့ အမှန်တကယ် ခေါ်လို့ ရနိုင်ပါ့မလား။ တစ်နှစ်ပြည့်သွားတဲ့ အခါမှာ ဇနီးမယားလုပ်သူက ကိုယ်ဝန်ဆောင်မပေးနိုင်လို့ အဲဒီဇနီးကို ကွာရှင်းပြီး တခြားမိန်းမတစ်ယောက်ကို အသစ်ထပ်ရှာတယ်။ အဲဒါက သူတို့ရဲ့ မင်္ဂလာမဆောင်ခင်က ကတိကဝတ်ကို အကောင်အထည် ဖော်သွားရုံသက်သက်ပဲလို့ ပြောလို့ မရဘူးလား”
“ဒါတော့ ဒါပေါ့။ ဒါပေမယ့် စိတ်ထဲမှာတော့ လွယ်လွယ်နဲ့ ဘယ်လက်ခံနိုင်ပါ့မလဲ”
ဥကျုမိ၏ စကားကို ကြားရသည့်အခါတွင် ယုကာဝါက ခပ်သဲ့သဲ့ ပြုံးလိုက်သည်။ “အဲဒီလို ပြောလို့ ရနိုင်ပါတယ်။ တကယ်လို့သာ အာယနဲက လူသတ်တရားခံ ဖြစ်နေခဲ့မယ် ဆိုရင် လူသတ်ရတဲ့ အကြောင်းအရင်းက သူ့ယောက်ျားနဲ့ နှစ်ဦးသဘောတူထားတဲ့ ကတိကဝတ်ကို လက်မခံနိုင်တော့လို့ပေါ့။ အဲဒီလိုလား”
“ဟုတ်တယ်”
“နေစမ်းပါဦး။ မင်းက ဘာပြောချင်နေတာလဲ” ကုစာနာဂိသည် ငယ်သူငယ်ချင်း၏ မျက်နှာကို တည့်တည့်စိုက်ကြည့်လျက် မေးခွန်းထုတ်လိုက်သည်။
“မင်္ဂလာမဆောင်ကြခင်က အာယနဲရဲ့ စိတ်ခံစားချက်ကို အရင်ဆုံး မှန်းဆကြည့်ရအောင်လား။ သူ အဲဒီတုန်းက ဘယ်လို စိတ်သဘောထားမျိုးနဲ့ အဲဒီသဘောတူညီချက်ကို လက်ခံခဲ့တာလဲ။ တစ်နှစ်အတွင်းမှာ ကိုယ်ဝန်ဆောင်နိုင်လိမ့်မယ်လို့ သူ့ကိုယ်သူ အပြည့်အဝ ယုံကြည်ထားလို့လား။ ဒါမှမဟုတ် ကိုယ်ဝန်မဆောင်နိုင်လည်း သူ့ယောက်ျားက အဲဒီကတိကဝတ်အတိုင်း သူ့ကို အတင်းအကျပ် ကွာရှင်းခိုင်းမှာ မဟုတ်ပါဘူးလို့ အကောင်းမြင်ထားတာလား”
“ကျွန်မအထင်တော့ နှစ်ခုစလုံး ပါလိမ့်မယ်” ဥကျုမိက ပြန်ဖြေသည်။
“အဲဒီလိုလား။ ဒါဆို ကျွန်တော် ခင်ဗျားကို မေးရဦးမယ်။ သူက ကိုယ်ဝန်မဆောင်နိုင်လည်း ကိစ္စမရှိပါဘူးလို့ ယူဆထားလို့ ဆေးရုံဆေးခန်းကိုတောင် တစ်ခါမှ သွားမပြခဲ့တာလား”
“ဆေးရုံ …” ဥကျုမိက မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်သည်။
“ခင်ဗျားတို့ ကျွန်တော့်ကို ပြောပြထားသလောက် အချက်အလက်တွေအရဆိုရင် အာယနဲက ဒီတစ်နှစ်အတွင်းမှာ ကိုယ်ဝန်မရလို့ဆိုပြီး ဆေးရုံမှာ ဆရာဝန်နဲ့ သွားပြတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။ ကျွန်တော့်အထင် ပြောရရင် သူ့အနေနဲ့ အဲဒီလို ကတိကဝတ်မျိုး ထားထားပြီးပြီ ဆိုမှတော့ မင်္ဂလာဆောင်ပြီး သုံးလေးလလောက်ရှိပြီ ဆိုရင်ပဲ သားဖွားမီးယပ်ဆရာဝန်ဆီကို သွားမပြဘဲ နေမှာ မဟုတ်ဘူး”
“ဝါကာယာမာ ဟိရောမိကို ပြောပြတဲ့ အာယနဲရဲ့ စကားအရဆိုရင် သူတို့လင်မယားက အဲဒီလို ဆေးကုရတာကို အလကား အချိန်ဖြုန်းတယ်လို့ ယူဆကြတာတဲ့။ ဒါကြောင့် အစကတည်းက အဲဒီကိစ္စကို ထည့်မစဉ်းစားခဲ့ကြဘူး။ …”
“မစ္စတာမာရှိဘအတွက်တော့ ဟုတ်ချင် ဟုတ်မှာပေါ့။ အဲဒီလို အလုပ်ရှုပ် ခံနေမယ့်အစား မိန်းမအသစ်တစ်ယောက် လဲလိုက်တာကမှ ပိုမြန်လိမ့်ဦးမယ်လေ။ ဒါပေမယ့် အဲဒီကိစ္စက အာယနဲအတွက်တော့ အဲဒီအတိုင်း ယူဆလို့ ရနိုင်ပါ့မလား။ အဲဒါက သူ့အတွက်တော့ အားကိုးစရာ ကောက်ရိုးတစ်မျှင်ပဲ မဟုတ်ဘူးလား”
“အဲဒါတော့ ဟုတ်တယ်” ကုစာနာဂိက တစ်ယောက်တည်း ရေရွတ်နေသကဲ့သို့ ပြောနေသည်။
“အာယနဲက ဘာဖြစ်လို့ ဆေးရုံကို သွားမပြချင်ခဲ့ရတာလဲ။ ဒီအမှုရဲ့ အဓိကသော့ချက်က အဲဒါပဲ” ယုကာဝါသည် လက်ညှိုးထိပ်ဖြင့် မျက်မှန်ကို တည့်မတ်အောင် ပင့်တင်လိုက်သည်။ “နည်းနည်းလောက် ဆက်တွေးကြည့်ရအောင်လား။ ပိုက်ဆံလည်း ရှိတယ်။ အချိန်လည်း ရှိပါလျက်နဲ့ ဆေးရုံသွားသင့်တဲ့ လူတစ်ယောက်က လုံးလုံး သွားဖို့ စိတ်ကူးမရှိဘူး ဆိုရင် အဲဒီလို မသွားရတဲ့ အကြောင်းအရင်းက ဘာဖြစ်နိုင်မလဲ”
ကုစာနာဂိက အသည်းအသန် တွေးကြည့်နေသည်။ သူသည် အာယနဲဘက်မှ ဖြည့်တွေးပေးရန် မျှော်လင့်ထားသည်။ သို့သော် ယုကာဝါ၏ သံသယမေးခွန်းကို ဖြေကြားရန် လုံလောက်သည့် အကြောင်းပြချက်ကို ရှာမတွေ့နိုင်အောင် ဖြစ်နေရသည်။
ဥကျုမိက ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။ “မဟုတ်မှလွဲရော … သွားပြလည်း အပိုပဲလို့ တွေးထားလို့ များလား”
“အပိုပဲ ဆိုတာ ဘာကိုပြောတာလဲ” ကုစာနာဂိက မေးသည်။
“ဆေးရုံကို သွားကုလည်း ကုမရနိုင်ဘူးဆိုတာ သိထားလို့ ဖြစ်မယ်။ အဲဒီလို အချိန်မျိုးကျရင် လူတွေက ဆေးရုံကို သွားချင်စိတ် ရှိတော့တာ မဟုတ်ဘူး”
“အဲဒါပဲပေါ့” ယုကာဝါက ပြောသည်။ “ဆေးရုံကို သွားပြလည်း ဘာမှ အကျိုးထူးနိုင်မှာ မဟုတ်ဘူးလို့ အာယနဲက အစောကြီးကတည်းက သိထားပြီး ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သူ မသွားတာပေါ့။ အဲဒီလို တွေးဆကြည့်တာ ယုတ္တိအရှိဆုံးပဲ”
“မင်းရဲ့ သဘောက သူ … အာယနဲမှာ ကိုယ်ဝန်မဆောင်နိုင်တဲ့ ချွတ်ယွင်းချက် ရှိနေတယ်။ အဲဒီလိုလား”
“အာယနဲက အခုဆို အသက် ၃၀ ကျော်သွားပြီ။ အရင်က သူ သားဖွားမီးယပ်ဌာနကို တစ်ခါမှ သွားမပြဖူးဘဲ နေမှာ မဟုတ်ဘူး။ သူ့အနေနဲ့ ကိုယ်ဝန်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ဆရာဝန်ကလည်း သူ့ကို ပြောပြခဲ့ဖူးမှာပဲ။ အဲဒီလိုဆိုမှတော့ ဆေးရုံသွားပြလည်း အပိုပဲ ဖြစ်နေတော့မှာပေါ့။ အပို ဖြစ်နေတဲ့အပြင် သူ့မှာ အဲဒီလို ချွတ်ယွင်းချက်မျိုး ရှိနေတယ် ဆိုတာကို သူ့ယောက်ျား သိသွားမှာကိုလည်း စိုးရိမ်ရသေးတယ်”
“နေစမ်းပါဦး။ မင်းရဲ့သဘောက အာယနဲဟာ သူ ကိုယ်ဝန်မဆောင်နိုင်တာကို သိနေပါလျက်နဲ့ အဲဒီလို ကတိကဝတ်မျိုးကို သူ့ယောက်ျားနဲ့ သဘောတူခဲ့တယ်လို့ ဆိုလိုချင်တာလား” ကုစာနာဂိက မေးသည်။
“အဲဒီလိုပေါ့။ တစ်နည်းပြောရရင် သူရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က ဘာလဲဆိုတော့ သူ့ယောက်ျားအနေနဲ့ သူရဲ့ ကတိကဝတ်ကို ပြန်လည် ရုတ်သိမ်းပစ်ဖို့ပဲ ရှိတယ်။ ဒါပေမယ့် အာယနဲခမျာ နောက်ဆုံးအချိန်ထိ သူ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ဘူး။ သူ့ယောက်ျားက သူတို့ထားခဲ့တဲ့ ကတိကဝတ်အတိုင်း မဖြစ်မနေ အကောင်အထည် ဖော်မှာဆိုတော့ သူ့အနေနဲ့ သူ့ယောက်ျားကို သတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကဲ … ငါ မင်းတို့ကို မေးခွန်းတစ်ခု မေးဦးမယ်။ သူ သူ့ယောက်ျားကို သတ်ပစ်မယ်လို့ ဘယ်တုန်းက ဆုံးဖြတ်ချက် ချခဲ့တာလဲ”
“မာရှိဘ ယိုရှီတာကာနဲ့ ဝါကာယာမာ ဟိရောမိတို့ရဲ့ တိတ်တိတ်ပုန်း ဇာတ်လမ်းကို သိလိုက်ရတဲ့ အချိန်မှာ …”
“ဟင့်အင်း၊ မဟုတ်သေးဘူး” ဥကျုမိက ကုစာနာဂိ၏ စကားကို ဝင်ဖြတ်လိုက်သည်။ “သူ့ယောက်ျားက ကတိကဝတ်အတိုင်း အကောင်အထည် ဖော်လာတာနဲ့ သတ်ပစ်ဖို့ ရည်ရွယ်ထားတယ် ဆိုရင် အဲဒီဆုံးဖြတ်ချက်ကို ကတိကဝတ် စလုပ်တုန်းကတည်းက ချခဲ့တာပဲ ဖြစ်ရလိမ့်မယ်”
“ကျွန်တော် ကြားချင်နေတာ အဲဒီအဖြေပဲ” ယုကာဝါ၏ မျက်နှာထားမှာ ပြန်လည်၍ တည်ကြည်လေးနက်သွားသည်။ “အတိုချုပ် ပြောရမယ် ဆိုရင်တော့ ဒီလိုရှိတယ်။ အာယနဲက တစ်နှစ်ဆိုတဲ့ ကာလအတွင်းမှာ သူ့ယောက်ျားကို လုပ်ကြံရလိမ့်မယ်လို့ သူ ကြိုတွက်ထားပြီးသား။ တစ်နည်းပြောရမယ်ဆိုရင် အာယနဲဟာ သူ့ကို သတ်ဖို့ အစောကြီးကတည်းက ပြင်ဆင်ထားခဲ့တာ ဖြစ်နိုင်တယ်”
“သူ့ကို သတ်ဖို့ ပြင်ဆင်ထားတယ် …” ကုစာနာဂိ၏ မျက်လုံးများ ပြူးထွက်လာသည်။
ယုကာဝါသည် ဥကျုမိကို ကြည့်လျက် စကားကို ဆက်ပြောသည်။ “ခင်ဗျား စောစောတုန်းက ထ.ရ.ဖရဲ့ အမြင်ကို ကျွန်တော့်ကို ပြောခဲ့တယ်နော်။ သူတို့ရဲ့ အမြင်က ရေသန့်စက်ထဲမှာ အဆိပ်ခတ်ထားဖို့ဆိုရင် ဖြစ်နိုင်တဲ့နည်းလမ်းက တစ်နည်းပဲရှိတယ်။ ပိုက်ပျော့ကို စက်ပေါ်ကနေ ဖြုတ်ချပြီး ထည့်ချင်တဲ့အဆိပ် ထည့်ပြီးတဲ့နောက်မှာ အဲဒါကို သူ့နေရာနဲ့သူ ပြန်တပ်ထားလိုက်ရုံပဲ။ အဲဒီလို မဟုတ်လား။ ထ.ရ.ဖရဲ့ အမြင်က သွေးထွက်အောင် မှန်နေတယ်။ လုံးဝ ကွက်တိပဲ။ လူသတ်တရားခံဟာ အဲဒီနည်းအတိုင်း လွန်ခဲ့တဲ့တစ်နှစ်ကတည်းက အဆိပ်ကို ခတ်ခဲ့တယ်”
“မဖြစ်နိုင်တာ …” ထိုသို့ စကားလေးလုံးသာ ပြောထွက်ပြီး ကုစာနာဂိ၏ နှုတ်မှ မည်သည့် စကားလုံးမျှ ဆက်မထွက်တော့ပေ။
“အဲဒီလိုသာဆိုရင် အဲဒီရေသန့်စက်ကိုလည်း သုံးဖို့ မဖြစ်နိုင်တော့ဘူး” ဥကျုမိက ပြောသည်။
“သိပ်ဟုတ်တာပေါ့။ ဒီတစ်နှစ်အတွင်းမှာ အာယနဲက အဲဒီရေသန့်စက်ကို တစ်ခါကလေးမှ မသုံးခဲ့ဖူးဘူး”
“ဒါပေမယ့် သဘာဝမကျတာ တစ်ခု ရှိနေတယ်။ ရေသန့်စက်ရဲ့ ရေစစ်ပြွန်ထဲမှာ အကြိမ်ကြိမ် သုံးထားခဲ့ဖူးတဲ့ အထောက်အထားတွေ တွေ့နေရတယ်”
“အဲဒီရေစစ်ပေါ်မှာ တွယ်ကပ်နေတဲ့ ကြေးညှော်တွေက ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာ ကျန်ခဲ့တဲ့ ဟာတွေ မဟုတ်ဘူး။ ရှေ့တစ်နှစ်ကဟာတွေ” ယုကာဝါသည် စာရေးစားပွဲ၏ အံဆွဲကို ဆွဲဖွင့်ပြီး အထဲမှ စာတမ်းတစ်စောင်ကို ဆွဲထုတ်လိုက်သည်။ ထို့နောက်
“ကျွန်တော် ခင်ဗျားကို အရင်က အဲဒီရေစစ်ပြွန်ရဲ့ ကုန်ထုတ်အမှတ်စဉ်ကို စုံစမ်းခိုင်းခဲ့ဖူးတယ် မဟုတ်လား။ နောက်တော့ ကျွန်တော် အဲဒီအမှတ်စဉ်နဲ့ စက်ရုံမှာ စုံစမ်းကြည့်တယ်။ အဲဒီအမှတ်စဉ်နဲ့ ကုန်ပစ္စည်းကို ဈေးကွက်ထဲ ဘယ်အချိန်လောက်က ဖြန့်ခဲ့သလဲပေါ့။ သူတို့ရဲ့ အဖြေက လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတဲ့။ နောက်ပြီး ပြောသေးတယ်။ တကယ်လို့သာ လွန်ခဲ့တဲ့တစ်နှစ်က အဲဒီရေစစ်ပြွန်ကို လဲခဲ့မယ်ဆိုရင် အဲဒီလောက် စောတဲ့ အမှတ်စဉ်ကို ရနိုင်မှာ မဟုတ်ဘူးတဲ့။ လွန်ခဲ့တဲ့တစ်နှစ်လောက်က တရားခံဟာ လူခေါ်ပြီး ရေစစ်ပြွန်ကို အသစ်လဲခဲ့တယ် ဆိုပေမယ့် ချက်ချင်းပဲ အဟောင်းနဲ့ သူ့ဘာသာ ပြန်လဲပစ်လိုက်တယ်။ တကယ်လို့ အမှုလုပ်ပြီးတဲ့အခါမှာ ရေစစ်ပြွန်ကို အသစ်အတိုင်း မြင်နေရရင် ရဲဘက်က အဆိပ်ခတ်ပုံခတ်နည်းကို ချက်ချင်း ရိပ်မိသွားနိုင်တယ် မဟုတ်လား။ သူ အဆိပ်ခတ်တယ် ဆိုတာကလည်း အဲဒီ အဟောင်းနဲ့အသစ် ပြန်လဲတဲ့ အချိန်မှာပဲ”
“မဖြစ်နိုင်တာကွာ” ကုစာနာဂိက ပြောသည်။ သူ၏အသံမှာ အနည်းငယ် ကွဲအက်နေသည်။ “လုံးဝ မဖြစ်နိုင်ဘူး။ လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက အဆိပ်ခတ်ထားပြီးတော့ အဲဒီရေသန့်စက်ကို ဒီတစ်နှစ်အတွင်းမှာ တစ်ခါလေးတောင်မှ မသုံးခဲ့ဘူး ဆိုတာကတော့ လုံးဝ ဖြစ်နိုင်စရာ မရှိဘူး။ သူ့ဘာသာသူ ရေသန့်စက် မသုံးခဲ့ဘူး ဆိုတာကတော့ ဖြစ်ချင် ဖြစ်နိုင်သေးတယ်။ တခြားလူ လုံးဝ မသုံးအောင်ကတော့ ဘယ်လိုသွားပြီး အာမခံနိုင်မှာလဲ။ အဲဒီလောက် အန္တရာယ်များတဲ့ အလုပ်ကို သူ လုပ်ပါ့မလား”
“အဲဒီနည်းလမ်းကတော့ တော်တော့ကို အန္တရာယ်များတာ အမှန်ပဲ။ ဒါပေမယ့် နောက်ဆုံးတော့ သူ အောင်မြင်သွားတာပဲ မဟုတ်ဘူးလား” ယုကာဝါက အေးတိအေးစက် ပြန်ပြောသည်။ “ဒီတစ်နှစ်အတွင်း သူ့ယောက်ျား အိမ်မှာ ရှိတဲ့အခါတိုင်း သူက အပြင်ကို ဘယ်တော့မှ မထွက်ဘူး။ ဘယ်သူ့ကိုမှလည်း ရေသန့်စက်နား ချဉ်းကပ်ခွင့် မပြုခဲ့ဘူး။ မိသားစု မိတ်ဆုံစားပွဲ လုပ်တဲ့အချိန်မှာတောင် သူကိုယ်တိုင်ပဲ မီးဖိုချောင် ဝင်ခဲ့တယ်။ နောက်ပြီး ရေသန့်ဗူးတွေကိုလည်း အမြဲတမ်း ပိုလျှံနေအောင် ဝယ်ထားတယ်။ သောက်ရေ မလုံလောက်မှာ စိုးလို့။ အဲဒီလုပ်ရပ်တွေ အားလုံးက သူရဲ့ အကြံအစည်ကို အောင်မြင်အောင် ပံ့ပိုးပေးနေတဲ့ လုပ်ရပ်တွေချည်းပဲ”
ကုစာနာဂိက ခေါင်းကို ယမ်းခါနေသည်။ ခေါင်းကို ပြုတ်လုမတတ် ယမ်းခါနေသည်။ “ဒါမျိုးကိစ္စက … မဖြစ်နိုင်ပါဘူးကွာ။ ဘယ်လိုမှ ဖြစ်နိုင်စရာ အကြောင်းမရှိဘူး။ ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ အဲဒီလို လုပ်မှာ မဟုတ်ဘူး”
“ဟင့်အင်း၊ ဖြစ်နိုင်ခြေ အများကြီး ရှိတယ်” ဥကျုမိက ပြောသည်။ “ကျွန်မ အရင်က ဆရာယုကာဝါရဲ့ ညွှန်ကြားချက်အတိုင်း အာယနဲရဲ့ အိမ်ထောင့်ရှင်ဘဝ နေပုံထိုင်ပုံတွေကို စုံစမ်းကြည့်ခဲ့တယ်။ နောက်ပြီး ဟိရောမိကိုလည်း အကြောင်းကိစ္စတွေ အများကြီး မေးခဲ့သေးတယ်။ ဆရာက ဘာဖြစ်လို့ အဲဒီလို အကြောင်းအရာတွေကို စုံစမ်းခိုင်းနေပါလိမ့် ဆိုတာ အဲဒီတုန်းကတော့ ကျွန်မ နားမလည်ခဲ့ဘူး။ အခုတော့ ဆရာရဲ့ ရည်ရွယ်ချက်ကို ကျွန်မ သဘောပေါက်သွားပြီ။ ဆရာ အဲဒီလို စုံစမ်းခိုင်းရတဲ့ ရည်ရွယ်ချက်က အာယနဲအပြင် တခြား ဘယ်သူများ ရေသန့်စက်အနားကို ချဉ်းကပ်နိုင်တဲ့ အခွင့်အရေး ရှိသလဲ ဆိုတာ သိချင်လို့ မဟုတ်လား”
“ဟုတ်တယ်။ အဲဒါ သိချင်လို့ပဲ။ ဒါပေမယ့် နောက်ဆုံးပိတ် ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့တဲ့ အကြောင်းအရင်းကတော့ မစ္စတာမာရှိဘ အိမ်မှာ အနားယူတဲ့ ရက်တွေအတွင်းမှာ အာယနဲ ဘယ်လို နေထိုင်ခဲ့သလဲ ဆိုတဲ့ အချက်တွေကြောင့်ပဲ။ ခင်ဗျားတို့ထဲက တစ်ယောက်ယောက် ပြောခဲ့ဖူးတာ ကျွန်တော် မှတ်မိနေသေးတယ်။ အာယနဲက အဲဒီလို ရက်မျိုးတွေမှာ ဧည့်ခန်းထဲက ဆိုဖာခုံပေါ်မှာပဲ တစ်နေကုန်ထိုင်ပြီး စပ်ထည်ချုပ်နေတတ်တယ်တဲ့။ ကျွန်တော် သူ့အိမ်ကို ကိုယ်တိုင် ရောက်သွားတဲ့အခါမှ ဘာကို သတိထားမိသွားသလဲဆိုတော့ သူက စပ်ထည်ချုပ်နေတဲ့ တစ်ချိန်တည်းမှာပဲ သူ့ယောက်ျားကို မီးဖိုဆောင်ထဲ ဝင်မသွားအောင် အနီးကပ် စောင့်ကြည့်နေခဲ့တယ် ဆိုတဲ့ အချက်ပဲ”
“မင်းစကားတွေက စိတ်ကူးယဉ်လွန်းရာ ကျနေပြီ” ကုစာနာဂိ၏ လေသံမှာ ညည်းညူနေသည့်နှယ်။
“အကျိုးသင့် အကြောင်းသင့် ပြောကြေးဆိုရင်တော့ ဖြစ်နိုင်စရာ နည်းလမ်းက ဒီတစ်နည်းပဲ ရှိတယ်။ သူရဲ့ ဇွဲနပဲကြီးမှုနဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒက ကြောက်စရာကောင်းလောက်အောင် တစ်ဖက်စွန်းကို ရောက်နေတယ်”
ကုစာနာဂိသည် “မဖြစ်နိုင်တာပဲကွာ” ဟူ၍သာ ပြောမြဲ ပြောနေသည်။ သို့သော် သူ၏ အသံမှာ တဖြည်းဖြည်းနှင့် ချိနဲ့နွမ်းဟိုက်လာသည်။
အာယနဲသည် သူ၏ အချိန်များအားလုံးနီးပါးကို သူ့ယောက်ျား တစ်ဦးတည်းအပေါ်၌သာ မြှုပ်နှံထားကြောင်း အီကာအိ ပြောခဲ့ဖူးသော စကားများကို သူ ပြန်လည် ကြားယောင်လာသည်။
“အာယနဲက တကယ်ကို စံတော်ဝင်လောက်တော့ အိမ်ထောင်ရှင်မတစ်ယောက်ပါ။ သူက အပြင်မှာ ရှိရှိသမျှ အလုပ်အားလုံးကို ထွက်ပစ်လိုက်ပြီးတော့ အိမ်မှုကိစ္စတွေကိုပဲ စိတ်နှစ်ပြီး လုပ်လာခဲ့တယ်။ မာရှိဘ အိမ်မှာ ရှိနေတဲ့ အချိန်ဆိုရင် သူလည်း တစ်နေကုန်လုံး ဧည့်ခန်းထဲက ဆိုဖာခုံမှာ ထိုင်နေတတ်တယ်။ စပ်ထည်တွေ ချုပ်နေရင်းနဲ့ လင်သားတစ်ယောက်ကို ပြုစုဖို့အတွက် အခါအခွင့်ကို ထိုင်စောင့်နေတတ်တယ်”
ကုစာနာဂိသည် အာယနဲ၏ မိခင်ထံမှ စုံစမ်းသိရှိခဲ့ရသော သတင်းအချက်အလက်များကို ပြန်လည် သတိရလာသည်။ သူ့မိဘများ၏ ပြောစကားအရဆိုလျှင် အာယနဲသည် မူလက ထမင်းဟင်းချက်ရန် ဝါသနာပါလှသူတစ်ယောက် မဟုတ်ပေ။ သို့သော် မင်္ဂလာဆောင်ခါနီး အချိန်တွင် သူသည် စာဖိုမှူးသင်တန်းတစ်ခုသို့ သွားတက်ခဲ့သည်။ ထို့ကြောင့် ဟင်းများကိုလည်း အတော်လေး ချက်တတ်လာခဲ့သည်။ အကယ်၍သာ ဤအကြောင်းအရာများ အားလုံးကို စုစည်း၍ ချိန်ထိုးစဉ်းစားကြည့်မည် ဆိုပါက ဤလုပ်ရပ်များသည် တခြားသူများ မီးဖိုဆောင်အနီးသို့ ချဉ်းကပ်ခွင့် မရစေရန် ကြိုတင်ပြင်ဆင်ထားသော အာယနဲ၏ ကြိုးပမ်းအားထုတ်မှုများ ဖြစ်သည်ဟု ယူဆကြည့်မည်ဆိုလျှင် ဤအမှု၏ ရုပ်လုံးသဏ္ဌာန်သည်လည်း ပို၍ ထင်ရှားပေါ်လွင်လာသည်။
“တစ်နည်းပြောရရင် … တကယ်လို့သာ အာယနဲက မစ္စတာမာရှိဘကို ဘယ်နေ့ ဘယ်ရက်မှာ လုပ်ကြံမယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် သူ့အနေနဲ့ ဘာကိုမှ တကူးတက ထပ်လုပ်နေစရာ မလိုတော့ဘူး။ အဲဒီလိုလား” ဥကျုမိက ပြောသည်။
“ဟုတ်တယ်။ သူ ဘာမှ ထပ်လုပ်နေစရာ မလိုတော့ဘူး။ သူ့ယောက်ျားကို အိမ်မှာ တစ်ယောက်တည်း ပစ်ထားလိုက်ရုံနဲ့ ကိစ္စပြီးပြီ။ အဲ … မဟုတ်သေးဘူး။ သူ အလုပ်တစ်ခု လုပ်စရာ လိုသေးတယ်။ သူ အရင်က ဝယ်ပြီး ထည့်ထားတဲ့ ရေသန့်ဗူးတွေကို တစ်ဗူး၊ နှစ်ဗူးလောက်ပဲချန်ပြီး ကျန်တာ အကုန်လုံးကို သွန်ပစ်ရမယ်။ မစ္စတာမာရှိဘက အဲဒီရေသန့်ဗူးတွေကို သောက်နေတဲ့ အတောအတွင်းတော့ ဘာမှ ပြဿနာတက်မှာ မဟုတ်ဘူး။ ကျွန်တော့်အထင်ပြောရရင် ပထမဆုံးအကြိမ် ကော်ဖီဖျော်တုန်းက သူ ရေသန့်ဗူးထဲက ရေကို သုံးခဲ့တာ ဖြစ်မယ်။ ဒါပေမယ့် ဒုတိယအကြိမ် သူ့ဘာသာသူ ကော်ဖီဖျော်တဲ့ အချိန်မှာကျတော့ ရေသန့်စက်ထဲက ရေနဲ့ ရေနွေးကျိုခဲ့တယ်။ အဲဒီအချိန် ရေခဲသေတ္တာထဲမှာ ရေသန့်ဗူးတစ်ဗူးပဲ ကျန်တော့တာကြောင့်မို့ ချွေတာတဲ့အနေနဲ့ ရေသန့်စက်ကို သူ ဖွင့်သုံးခဲ့တာ ဖြစ်မယ်။ ဒါနဲ့ပဲ လွန်ခဲ့တဲ့တစ်နှစ်လောက်က ခတ်ထားခဲ့တဲ့ အဆိပ်တွေရဲ့ အစွမ်းပြချိန် ရောက်လာတော့တာပဲ”
ယုကာဝါသည် စားပွဲပေါ်မှ ကော်ဖီခွက်ကို ကောက်ကိုင်လိုက်သည်။ “ဒီတစ်နှစ်အတွင်းမှာ အာယနဲက မစ္စတာမာရှိဘကို အချိန်မရွေး သတ်ပစ်လို့ ရတယ်။ ဒါပေမယ့် သူက အဲဒီလို ဖြစ်မလာအောင် သတိကြီးကြီးထားပြီး မတော်တဆ အဆိပ်မသောက်မိရလေအောင် သူ့ယောက်ျားကို ကာကွယ်စောင့်ရှောက်ထားခဲ့တယ်။ သာမန်လူသတ်သမားတစ်ယောက် ဆိုရင်တော့ သူသတ်ချင်တဲ့လူကို ဘယ်ပုံဘယ်နည်းနဲ့ အသေသတ်ပစ်ရမလဲဆိုတာ ဉာဏ်နီဉာဏ်နက် သုံးပြီး အသည်းအသန် စဉ်းစားနေမှာပဲ။ ဒါပေမယ့် ဒီအမှုရဲ့ လူသတ်တရားခံကတော့ လုံးဝကို ပြောင်းပြန်ကြီးပဲ။ သူကကျတော့ မသတ်မိဖို့အတွက် ရှိရှိသမျှ ခွန်းအားတွေအားလုံးကို စိုက်ထုတ်ထားတယ်။ အခုလို လူသတ်တရားခံမျိုးကိုတော့ မှုခင်းသမိုင်းမှာ တစ်ခါမှ မမြင်ဖူးသေးဘူး။ ဒီနေ့ဒီအချိန်ထိ ပြည်တွင်းရော ပြည်ပမှာပါ လုံးဝ ရှိခဲ့ဖူးမယ် မထင်ဘူး။ သီအိုရီအရ ဖြစ်နိုင်ပေမယ့် လက်တွေ့ အကောင်အထည် ဖော်ဖို့ကျတော့ မဖြစ်နိုင်သလောက်ပဲ။ အဲဒါကြောင့် ကျွန်တော်က အဲဒါကို စိတ်ကူးယဉ်အဖြေလို့ ခေါ်ခဲ့တာပေါ့”
ဥကျုမိသည် ကုစာနာဂိ၏ အရှေ့သို့ သွားပြီး စကားဆိုလိုက်သည်။ “အခုချက်ချင်း အာယနဲကို ဖမ်းဖို့ ဝရမ်းထုတ်ရအောင်လား”
ဝင့်ကြွားသော ဟန်အမူအရာဖြင့် လည်တမော့မော့ ဖြစ်နေသည့် အငယ်တန်းရဲမေ၏ မျက်နှာကို တစ်ခဏမျှ စိုက်ကြည့်နေပြီးနောက် ကုစာနာဂိသည် အကြည့်ကို ယုကာဝါ၏ မျက်နှာထက်သို့ ပြောင်းရွှေ့လိုက်သည်။ “မင်းမှာ သက်သေရှိလား။ သူ အဲဒီလို နည်းလမ်းမျိုးကို အသုံးပြုခဲ့ပါတယ် ဆိုတဲ့ သက်သေအထောက်အထား ပြနိုင်ပါ့မလား”
သူ၏ ပြောစကားကို ကြားရသည့်အခါတွင် ရူပဗေဒပညာရှင်သည် မျက်မှန်ကို ချွတ်ကာ နံဘေးရှိ စားပွဲပေါ်သို့ တင်ထားလိုက်သည်။
“သက်သေ မရှိဘူး။ ရှိလည်း ရှိနိုင်မှာ မဟုတ်ဘူး”
ဥကျုမိက သူ့ကို တအံ့တဩ ငေးကြည့်နေသည်။ “ဟုတ်လား”
“သေသေချာချာ စဉ်းစားကြည့်ရင် သဘောပေါက်လာပါလိမ့်မယ်။ တကယ်လို့သာ သူက တစ်ခုခု လုပ်ခဲ့တာပါ ဆိုရင်တော့ လက်စလက်နက မကျန်ဘဲ နေမှာ မဟုတ်ဘူး။ ဒါပေမယ့် ခက်တာက သူက ဘာမှကို မလုပ်ခဲ့တာပဲ။ ဘာမှ မလုပ်ဘဲ လူတစ်ယောက်ကို သတ်ပစ်ခဲ့တဲ့ သတ်နည်းမျိုး။ ဒီတော့ လူသတ်ခဲ့တဲ့ သဲလွန်စကို ရှာဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်စရာ မရှိဘူး။ ကျွန်တော်တို့အတွက် တစ်ခုတည်းသော ရုပ်ဝတ္ထုသက်သေက ရေသန့်စက်ထဲမှာ တွေ့ထားရတဲ့ အာဆန်နစ် မော်လီကျူးတွေပဲ။ ဒါပေမယ့် အဲဒီအာဆန်နစ်တွေကလည်း ပြီးပြည့်စုံတဲ့ သက်သေတစ်ခုအဖြစ်နဲ့ သုံးလို့ မရပြန်ဘူး။ အဲဒီအချက်ကို စောစောကလေးတင် ဥကျုမိကိုယ်တိုင် ရှင်းပြခဲ့ပြီးပြီ မဟုတ်လား။ နောက်ပြီး ရေစစ်ပြွန်ရဲ့ ကုန်ထုတ်အမှတ်စဉ်ကလည်း ယုံမှတ်နိုင်လောက်တဲ့ သက်သေတစ်ခု အဖြစ်လောက်ပဲ သုံးလို့ ရလိမ့်မယ်။ ဆိုတော့ကာ … သူ အဲဒီလို နည်းလမ်းကို အသုံးပြုခဲ့ပါတယ်လို့ သက်သေပြဖို့ရာ လက်တွေ့မှာ လုံးဝ မဖြစ်နိုင်ဘူး”
“ဒါဆို …” ဥကျုမိသည် ဘာဆက်ပြောရမှန်း မသိအောင် ဆွံ့အသွားသည်။
“ကျွန်တော် ပြောခဲ့ပြီးပါပကော။ ဒီအမှုက စင်းလုံးချောတဲ့ ပြစ်မှုတစ်ခုပါလို့”