မာရှိဘအိမ်တွင် ပြုလုပ်နေသော အာယနဲအပေါ် မာမီယာတို့၏ မေးမြန်းစုံစမ်းမှုသည်လည်း ဆုံးခန်းတိုင်လေပြီ။ ဟိရောမိသည် နေထိုင်မကောင်း၍ အိမ်သို့ ပြန်သွားပြီ ဖြစ်ကြောင်း အာယနဲကို ပြောပြလိုက်သည်။
“ဟုတ်လား။ အခုကိစ္စကြောင့် သူလည်း အတော်လေး တုန်လှုပ်နေပုံရတယ်” အာယနဲသည် လက်နှစ်ဖက်ဖြင့် လက်ဖက်ရည်ခွက်ကို ဆုပ်ကိုင်လျက် အဝေးသို့ ငေးကြည့်ရင်း ပြောလိုက်သည်။ စိတ်ဆင်းရဲနေသည့် သူ၏ ပုံပန်းသဏ္ဌာန်မှာ စိုးစဉ်းမျှ ပြောင်းလဲခြင်း မရှိသေး။ သို့သော် ဆိုဖာခုံပေါ်တွင် မတ်မတ်ထိုင်နေသော သူ၏ ဟန်ပန်သည် ကြံ့ခိုင်တောင့်တင်းသော သူ၏ အတွင်းစိတ်ကို လှစ်ဟဖော်ပြနေသည်။
အာယနဲ၏ နံဘေးတွင် ချထားသော လက်ကိုင်အိတ်ထဲမှ ဖုန်းမြည်သံ ထွက်ပေါ်လာသည်။ သူသည် ဖုန်းကို ဆွဲထုတ်လိုက်ပြီး ခွင့်ပြုချက် တောင်းခံနေသည့်နှယ် မာမီယာကို စိုက်ကြည့်နေသည်။ မာမီယာက သဘောတူသည့် အနေဖြင့် ခေါင်းညိတ်ပြသည်။
“ဟယ်လို … ဟုတ်၊ အဆင်ပြေပါတယ်။ … … အခု ရဲဌာနက လူတွေလည်း ဒီကို ရောက်နေကြတယ်။ … … အခုထိတော့ မသေချာသေးဘူး။ ကြားတာတော့ ဧည့်ခန်းထဲမှာ လဲကျသွားတာတဲ့။ … … ဟုတ်ကဲ့၊ အကျိုးအကြောင်း သိရရင် သမီး ဖုန်းဆက်ခဲ့မယ်။ … … ဖေဖေ့ကိုလည်း ပြောလိုက်ပါဦး။ စိတ်မပူနဲ့လို့။ … … ဟုတ်ကဲ့၊ သမီး ဖုန်းချလိုက်တော့မယ်” ဖုန်းချပြီးနောက် အာယနဲက မာမီယာကို ကြည့်၍ ပြောသည်။ “ကျွန်မအမေဆီက”
“ခင်ဗျားအမေကို ဖြစ်ကြောင်းကုန်စင် ပြောပြပြီးသွားပြီလား” ကုစာနာဂိက မေးသည်။
“ရုတ်တရက် ဆုံးသွားတယ် လို့ပဲ သူ့ကို ပြောထားတာ။ သူက အကြောင်းအကျိုး သိချင်နေတော့ ကျွန်မလည်း ဘယ်လို ပြောပြရမှန်း မသိတော့ဘူး” အာယနဲသည် နဖူးကို လက်ဖြင့် အုပ်လိုက်သည်။
“ခင်ဗျားအမျိုးသားရဲ့ ကုမ္ပဏီကိုရော အကြောင်းကြားပြီးပြီလား”
“ဒီမနက် ဆပ်ပိုရိုကနေ ထွက်မလာခင် သူရဲ့ ဥပဒေအကြံပေးကို ကျွန်မ ဖုန်းဆက်ပြီး အကြောင်းကြားထားတယ်။ ကျွန်မ အစောပိုင်းက ပြောခဲ့ဖူးတဲ့ မစ္စတာအီကာအိပဲ”
“မိသားစုညစာစားပွဲကို တက်ခဲ့တယ် ဆိုတဲ့တစ်ယောက်လား”
“ဟုတ်တယ်။ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌက ရုတ်တရက် ကွယ်လွန်သွားတာဆိုတော့ ကုမ္ပဏီထဲမှာလည်း ယောက်ယက်ခတ်နေလောက်ပြီ။ ခက်တာက ကျွန်မလည်း ဘာမှ ကူညီမပေးတတ်ဘူး …”
အာယနဲ၏ မျက်နှာပေါ်တွင် သောက၏ အရိပ်အငွေ့များ လွှမ်းမိုးနေသည်။ သူသည် တစ်နေရာသို့ ငေးမိငေးရာ ငေးစိုက်ကြည့်နေသည်။ အများ၏ အမြင်တွင် စိတ်ဓာတ်ခိုင်မာသော လူတစ်ဦးအဖြစ် တွေ့မြင်နိုင်စေရန်အတွက် သူ အစွမ်းကုန် ကြိုးစားနေခဲ့သော်လည်း အခြားသူများက သူ၏ ပြိုကျလုဆဲဆဲ စိတ်အခြေအနေကို ရိပ်စားမိနေကြသည်။ သူ့အား ဖေးမကူညီလိုစိတ်များက ကုစာနာဂိ၏ ရင်တွင် တဖွားဖွား ဖြစ်ပေါ်လျက် ရှိသည်။
“မစ္စဝါကာယာမာ နေမကောင်း ဖြစ်နေတဲ့ အတောအတွင်းမှာ ခင်ဗျားရဲ့ ဆွေမျိုးသားချင်း ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်ကို အဖော်အဖြစ် အနားမှာ ခေါ်ထားရင် ကောင်းမယ် ထင်တယ်။ အခုလို အချိန်မျိုးမှာ နေ့စဉ်လုပ်နေကျ ဝေယျာဝစ္စမျိုးကို လုပ်ရတာတောင် အတော်လေး ပင်ပန်းခက်ခဲနေတတ်တယ်”
“ကျွန်မအတွက်က ပြဿနာ မရှိပါဘူး။ နောက်ပြီး ဒီလိုအချိန်မျိုးမှာ အိမ်ထဲ တခြားလူတွေ ရှိမနေတာက ရှင်တို့အတွက် ပိုကောင်းလိမ့်မယ် ထင်တယ်။ ဟုတ်တယ် မဟုတ်လား” အာယနဲက မာမီယာကို မေးသည်။
မာမီယာက ကသိကအောက် ဖြစ်နေသော မျက်နှာထားဖြင့် ကုစာနာဂိကို လှမ်းကြည့်သည်။ “ဒီနေ့ညနေကျရင် ထ.ရ.ဖက ဒီကို ဒုတိယအကြိမ်မြောက် လာစစ်ကြဦးမှာ။ မစ္စစ်မာရှိဘလည်း သဘောတူထားပြီးပြီ”
အာယနဲအား တစ်ယောက်တည်း ပူဆွေးခွင့်ပင် ပေးရန် အစီအစဉ် ရှိကြဟန် မတူ။ ကုစာနာဂိသည် မျက်နှာကို အောက်ချလျက် မုဆိုးမအသစ်စက်စက်ကို တိတ်တဆိတ် တောင်းပန်နေမိသည်။
မာမီယာက မတ်တတ်ထရပ်လိုက်သည်။ “အနှောင့်အယှက် ပေးမိတာလည်း အချိန်တော်တော် ကြာသွားပြီ။ ကိရှိတာနိက ဒီမှာ နေခဲ့လိုက်တော့။ မစ္စစ်မာရှိဘအနေနဲ့ အကူအညီ လိုအပ်ရင် သူ့ဆီမှာ တောင်းဆိုနိုင်ပါတယ်။ အားမနာပါနဲ့။ သူ့ကို လက်တိုလက်တောင်း ခိုင်းစရာ ရှိရင် ခိုင်းနိုင်ပါတယ်”
အာယနဲက ကျေးဇူးတင်ကြောင်း တိုးညင်းစွာ ပြန်ပြောသည်။
အိမ်အပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် မာမီယာက ကုစာနာဂိနှင့် ဥကျုမိတို့ကို မေးလေတော့သည်။ “အခြေအနေ ဘယ်လိုလဲ”
“ဝါကာယာမာ ဟိရောမိက သူနဲ့ မစ္စတာမာရှိဘတို့ရဲ့ အကြောင်းကို ဝန်ခံလိုက်ပါပြီ။ လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ဇာတ်လမ်းစခဲ့ကြတာတဲ့။ သူပြောပုံအရတော့ သူတို့နှစ်ယောက်အကြောင်းကို အပြင်လူတွေ ဘယ်သူမှ မသိကြသေးဘူး”
ကုစာနာဂိ၏ တင်ပြချက်များကို နားထောင်ပြီးသည့်အခါတွင် မာမီယာက ဟင်းချလိုက်သည်။ “အဲဒီလိုဆိုတော့ လက်ဆေးကန်ထဲက ကော်ဖီခွက်တွေက …”
“သူတို့နှစ်ယောက် တနင်္ဂနွေနေ့ မနက်က သောက်ခဲ့ကြတာ။ အဲဒီအချိန်တုန်းက သောက်တဲ့ ကော်ဖီကို မစ္စဝါကာယာမာက ဖျော်ခဲ့တာ။ နောက်ပြီး ကော်ဖီမှုန့်ကလည်း ဘာမှ ထူးခြားမှု မရှိဘူးလို့ ပြောတယ်”
“ဒီလိုဆိုရင်တော့ အဲဒီနောက်ပိုင်းမှာမှ အဆိပ်ခတ်တယ် ဆိုတဲ့ သဘောပေါ့” မာမီယာသည် မုတ်ဆိတ်မွေးများ တောထနေသည့် မေးစေ့ကို ပွတ်ရင်း စကားကို နိဂုံးချုပ်လိုက်သည်။
“မစ္စစ်မာရှိဘဆီကရော ဘာတွေ မေးလို့ရခဲ့လဲ” ကုစာနာဂိက သူ့ကို မေးခွန်းပြန်ထုတ်လိုက်သည်။
မာမီယာက မျက်မှောင်ကြုတ်လျက် ခေါင်းကို တွင်တွင် ခါယမ်းနေသည်။ “ဘာမှ ဟုတ်တိပတ်တိ မေးမရခဲ့ဘူး။ သူ့ယောက်ျား ခြေလှမ်းပျက်နေတာကို သူ သတိထားမိ၊ မထားမိ ဆိုတာကိုတောင် မှန်းဆလို့ မရသေးဘူး။ အဲဒီတုန်းက ငါ သူ့ကို တဲ့တိုးမေးခဲ့တာပဲ။ သူ့ယောက်ျားက တခြားမိန်းကလေးတွေနဲ့ အပြင်မှာ ရှုပ်ရှုပ်ယှက်ယှက် လုပ်ခဲ့ဖူးတာမျိုး ရှိသလားပေါ့။ သူက တစ်ခွန်းတည်းနဲ့ အပြတ် ငြင်းလိုက်လိမ့်မယ်လို့ ထင်တောင် ထင်မထားခဲ့ဘူး။ တစ်ချက်ကလေးတောင် တွန့်ဆုတ်နေတာမျိုး မရှိခဲ့ဘူး။ ကြည့်ရတာ ဟန်ဆောင်နေတာနဲ့ နည်းနည်းလေးမှ မတူဘူး။ တကယ်လို့သာ ဟန်ဆောင်နေတယ်ဆိုရင်လည်း အတော်ကို တော်တဲ့ သရုပ်ဆောင်ပဲလို့ ပြောရတော့မှာပဲ”
ကုစာနာဂိသည် ဥကျုမိ၏ မျက်နှာကို တိတ်တခိုး လှမ်းကြည့်လိုက်သည်။ အာယနဲက ဟိရောမိကို ဖက်၍ အော်ကြီးဟစ်ကျယ် ငိုယိုခဲ့ခြင်းသည် အာယနဲ၏ သရုပ်ဆောင်မှု သက်သက်သာ ဖြစ်ကြောင်း ဥကျုမိ ပြောခဲ့ဖူးသည် မဟုတ်လား။ ယခု ခွဲမှူး၏ စကားကို ကြားရသည့်အခါတွင် သူ မည်သို့ တုံ့ပြန်ခံစားရမည်နည်း။ ကုစာနာဂိ သိချင်နေမိသည်။ သို့သော် ငယ်ရွယ်နုပျိုသော ရဲမေ၏ အမူအရာသည် စိုးစဉ်းမျှ ပြောင်းလဲသွားခဲ့ခြင်း မရှိပေ။ စာအုပ်နှင့် ဘောပင်ကို ကိုင်လျက် အမိန့်နာခံရန် အသင့် စောင့်မျှော်နေရုံမျှသာ။
“မစ္စတာမာရှိဘ အပြင်မှာ မိန်းမရှုပ်ခဲ့တဲ့ အကြောင်းကို သူ့မိန်းမကို ပြောပြသင့်တယ် ထင်တာပဲ”
ကုစာနာဂိ၏ စကားကို ကြားရသည့်အခါတွင် မာမီယာက ချက်ချင်း ခေါင်းခါလိုက်သည်။ “ငါတို့က သူ့ကို တကူးတက ပြောပြနေဖို့ မလိုအပ်ပါဘူး။ အဲဒီလို လုပ်လိုက်လို့ အမှုအတွက်လည်း ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။ နောက်ကျရင်လည်း မင်းတို့ သူနဲ့ မကြာမကြာ တွေ့နေရဦးမှာ။ စကားမကျွံမိအောင် သတိထားနေကြ”
“အဲဒီလိုဆိုတော့ သူ မသိအောင် ဖုံးကွယ်ပေးနေရမယ့် သဘောလား”
“ငါ ဆိုလိုတာက မင်း သူ့ကို သွားမပြောမိစေနဲ့လို့ ပြောတာ။ တကယ်လို့ သူ့ဟာသူ ရိပ်မိသွားတယ် ဆိုရင်တော့လည်း တစ်မျိုးပေါ့” ပြောပြီး မာမီယာသည် အိတ်ကပ်ထဲမှာ စာရွက်ပိုင်းတစ်ရွက်ကို ဆွဲထုတ်လိုက်သည်။ “မင်းတို့ အခုချက်ချင်း ဒီအိမ်ကို သွားလိုက်ကြ”
စာရွက်ပေါ်တွင် အီကာအိ တတ်ဆုဟီကို၏ နာမည်၊ ဖုန်းနံပါတ်နှင့် အိမ်လိပ်စာကို ရေးမှတ်ထားသည်။ “မစ္စတာမာရှိဘ မဆုံးခင်က ဘာတွေ လုပ်ခဲ့သလဲ ဆိုတာနဲ့ သောကြာနေ့ညက ညစာစားပွဲအကြောင်း ရအောင် စုံစမ်းခဲ့”
“အခုဆို မစ္စတာအီကာအိက ကုမ္ပဏီကိစ္စနဲ့ အလုပ်ရှုပ်နေတယ်လို့ ပြောသံကြားလိုက်တယ်”
“သူ့မိန်းမကတော့ အိမ်မှာ ရှိလောက်ပါတယ်။ မင်းတို့ သူ့အိမ်ကို ဖုန်းဆက်ပြီး အဲဒီကို အရင်သွားကြည့်ကြည့်လိုက်။ မစ္စစ်မာရှိဘ ပြောတာတော့ မီးဖွားပြီးတာမှ နှစ်လပဲ ရှိသေးတယ်တဲ့။ သူလည်း ကလေးထိန်းတာနဲ့ ဘာနဲ့ဆိုတော့ မြန်မြန်သာ ပြီးပြတ်အောင် လုပ်ခဲ့လိုက်”
အီကာအိတို့ ဇနီးမောင်နှံထံသို့လည်း ရဲဘက်မှ သွားရောက် စုံစမ်းမေးမြန်းဦးမည်ကို အာယနဲသည် ကြိုတင် တွက်ဆပြီး ဖြစ်ပေလိမ့်မည်။ အာယနဲသည် သူကိုယ်တိုင် ဒုက္ခပင်လယ် ဝေနေစဉ်အတွင်းမှာပင် သူ၏ သူငယ်ချင်းအပေါ် စာနာထောက်ထားမှု ပြုပေးနေသေးသည်ကို တွေ့ရသည့်အခါတွင် ကုစာနာဂိသည် သူ့ကို ကျိတ်၍ ချီးကျူးနေမိသည်။
ဥကျုမိ၏ ကားသည် သူတို့နှစ်ဦးကို တင်ဆောင်လျက် အီကာအိအိမ်သို့ ဦးတည် ရွေ့လျားနေသည်။ ကုစာနာဂိသည် ကားပေါ်မှ အီကာအိအိမ်သို့ ဖုန်းခေါ်လိုက်သည်။ ရဲဘက်မှ ဖုန်းဆက်လာသည်ဟု သိရသည်နှင့် တစ်ပြိုင်နက် အီကာအိ ယူကီကို၏ အသံမှာ
ခက်ထန်မာကြောလာသည်။
မေးခွန်းတချို့ မေးမြန်ရန် လာရောက်ခြင်း ဖြစ်ကြောင်း လာရင်းကိစ္စကို ကုစာနာဂိက အလျင်အမြန် ရှင်းပြလိုက်ရသည်။ ထိုအခါမှ သူက စိတ်မပါ့တပါဖြင့် သဘောတူလိုက်သည်။ သို့သော် သူတို့ကို နောက်တစ်နာရီကြာမှ လာတွေ့ရန် ပြောကြားထားသောကြောင့် သူတို့နှစ်ယောက်သည် ကော်ဖီဆိုင်တစ်ဆိုင်သို့ ဝင်၍
အချိန်ဖြုန်းနေကြရသည်။
“ခုနက စကားကို ဆက်ပြောရရင် မစ္စစ်မာရှိဘက သူ့ယောက်ျား ခြေရှုပ်နေတာကို သိထားပြီးပြီလို့ နင် တကယ် ယူဆထားတာလား” ကုစာနာဂိက ကိုကိုး တစ်ငုံသောက်ပြီး မေးလိုက်သည်။ မဆွက ဟိရောမိနှင့် စကားပြောခဲ့ကြစဉ် ကော်ဖီတစ်ခွက် သောက်ထားပြီး ဖြစ်သောကြောင့် ယခုတစ်ခါတွင် ကိုကိုးအပူတစ်ခွက်ကိုသာ မှာယူခဲ့သည်။
“ကျွန်မက အဲဒီလို ခံစားမိတယ်လို့ ပြောတာပါ”
“ဒါပေမယ့် နင့်စိတ်ထဲမှာ အဲဒီလိုပဲ ယုံထားတာ မဟုတ်လား”
ဥကျုမိက ပြန်လည်ဖြေကြားခြင်း မရှိဘဲ မျက်စိရှေ့ရှိ ကော်ဖီခွက်ကိုသာ စူးစိုက်ကြည့်နေသည်။
“တကယ်လို့သာ သူ သိထားပြီးပြီ ဆိုရင် သူက ဘာဖြစ်လို့ သူ့ယောက်ျားနဲ့ မစ္စဝါကာယာမာကို ပြဿနာ မရှာရတာလဲ။ စနေညက မိတ်ဆုံစားပွဲမှာတောင် မစ္စဝါကာယာမာကို ဖိတ်လိုက်သေးတယ် မဟုတ်လား။ ပုံမှန်ဆိုရင်တော့ ဘယ်သူမှ အဲဒီလို လုပ်မယ် မထင်ဘူး”
“ဟုတ်မှာပါ။ တကယ်လို့သာ သာမန်မိန်းမတစ်ယောက်ဆိုရင် ကိုယ့်ယောက်ျားက အပြင်မှာ အငယ်အနှောင်း ရှိနေတာကို သိလိုက်တာနဲ့ တစ်ပြိုင်နက် မိုးမီးလောင်တဲ့အထိ ဝုန်းဒိုင်းကြဲနေတော့မှာ”
“နင့်သဘောက မစ္စစ်မာရှိဘက သာမန်မိန်းမ မဟုတ်ဘူးလို့ ပြောချင်တာလား”
“လက်ရှိအခြေအနေအရ ဘာကိုမှ ယတိပြတ် မပြောနိုင်သေးပေမယ့် ကျွန်မ အထင်အရတော့ သူက အင်မတန်မှ ဖြတ်ထိုးဉာဏ် ကောင်းတယ်။ ဉာဏ်ကောင်းရုံတင် မကဘူး။ လက်ဖျားခါလောက်အောင် သည်းခံနိုင်စွမ်း ရှိတယ်”
“သူက အဲဒီလို သည်းခံနိုင်လွန်းလို့ပဲ သူ့ယောက်ျား နောက်မီးလင်းတာကိုလည်း သည်းညည်းခံနေတယ်လို့ ပြောချင်တာလား”
“
ဝုန်းဒိုင်းကြဲပြီး
ပြဿနာ ရှာခဲ့ရင်တောင် သူ့အတွက် အကျိုးအမြတ် ရမလာနိုင်ဘူးလို့ သူ ကောင်းကောင်း သိထားတယ်။ အဲဒီအပြင် တန်ဖိုးရှိတဲ့ အရာနှစ်ခုကိုလည်း သူ လက်လွှတ်ဆုံးရှုံးသွားနိုင်သေးတယ်။ တည်ငြိမ်တဲ့ အိမ်ထောင်သည်ဘဝရယ်၊ နောက်ပြီး ထူးချွန်ထက်မြက်တဲ့ တပည့်ရယ်”
“ဟုတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ယောက်ျားရဲ့ ချစ်သူ၊ လင်လုဖက်တစ်ယောက်ကို ကိုယ့်အနားမှာ နေခွင့်ပေးထားတာ မြွေပွေးခါးပိုက်ပိုက်သလို ဖြစ်မနေဘူးလား။ နောက်ပြီး အခုလို အတုအယောင် အိမ်ထောင်သည်ဘဝကရော ဘာများ တန်ဖိုးထားစရာ ရှိနေသေးလို့လဲ”
“တန်ဖိုးထားမှုနဲ့ ပတ်သက်ပြီး လူတွေရဲ့ အမြင်တွေက ပုံစံအမျိုးမျိုး ရှိနိုင်ကြတာပဲ။ တကယ်လို့သာ အိမ်တွင်းပဋိပက္ခတွေ ရှိနေခဲ့မယ် ဆိုရင်တော့ တစ်မျိုးပေါ့လေ။ ဒါပေမယ့် ဒီလင်မယားကို ကြည့်ရတာ နှစ်ကိုယ်ကြား ဘာပြဿနာမှ ကြီးကြီးမားမား ရှိနေတာ မတွေ့ရဘူး။ နောက်ပြီး သူငယ်ချင်းတွေနဲ့ ပါတီပွဲတွေတောင် လုပ်လိုက်သေးတယ်။ အနည်းဆုံး အပြင်ပန်းအရတော့ အဲဒီလို မြင်ရတာပေါ့။ အဲဒါအပြင် ငွေရေးကြေးရေးအတွက် ပြေးရလွှားရတာမျိုးလည်း မရှိဘူး။ ဒီတော့ သူ ဝါသနာပါတဲ့ စပ်ထည်ပန်းချီကားကို စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်နေနိုင်တာပေါ့။ ကျွန်မအထင်တော့ သူက ဒီလိုဘဝမျိုးကို
ကြေမွပျက်ဆီးသွားအောင်
စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ ငတုံးငအမျိုး မဟုတ်ဘူး။ ဒါမှမဟုတ် သူ့ယောက်ျားနဲ့ သူ့တပည့်အကြားမှာ ရှိတဲ့ အချစ်ဇာတ်လမ်းကို သူ့အလိုလို မီးအရှိန်သေသွားအောင် စောင့်နေတာလည်း ဖြစ်နိုင်တာပဲ။ အဲဒီလိုဆိုရင်လည်း သူ့အနေနဲ့ ဘာတစ်ခုမှ ဆုံးရှုံးသွားမှာ မဟုတ်ဘူး”
ဥကျုမိသည် စကားများကို မကြုံစဖူး ထူးကဲစွာ ခရားရေလွှတ် တတွတ်တွတ် ပြောနေလေသည်။ သူ၏ ယူဆချက်များက ရဲတင်းပြတ်သားလွန်းလှသည်။ ထို့ကြောင့် သူကိုယ်နှိုက်ပင် မလုံမလဲဖြစ်သွားသောကြောင့်လား မဆိုနိုင်။ စကားဆုံးသွားသည့်အခါတွင် နောက်တစ်ခွန်း ထပ်ဖြည့်လိုက်သည်။ “အဲဒါတွေက ကျွန်မရဲ့ ထင်မြင်ချက်ပါ။ မှန်ချင်မှလည်း မှန်မှာပေါ့လေ”
ကုစာနာဂိက ကိုကိုးကို တစ်ငုံ မော့သောက်လိုက်သည်။ သူ မျှော်လင့်ထားသည်ထက် အချိုကဲနေသည်ကို မထင်မှတ်ဘဲ ကြုံတွေ့လိုက်ရသည့် အခါတွင် သူ မျက်မှောင်ကို ကြုတ်လိုက်မိသည်။ ထို့နောက် ခံတွင်းရှင်းသည့် အနေဖြင့် သောက်ရေတစ်ခွက်ကို အလျင်အမြန် မော့သောက်လိုက်ပြန်သည်။ “မစ္စစ်မာရှိဘကို ကြည့်ရတာ အကြံကြီးမယ့် မိန်းမမျိုးတော့ မဟုတ်ဘူး ထင်ရတာပဲ”
“ဒါက အကြံကြီးတာ မဟုတ်ဘူး။ ဖြတ်ထိုးဉာဏ်ကောင်းတဲ့ မိန်းမတွေမှာမှ ရှိတတ်တဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ စွမ်းရည်တစ်မျိုးပါ”
“ဥကျုမိ၊ နင့်မှာရော အဲဒီလို စွမ်းရည်မျိုး ရှိတယ် မဟုတ်လား”
သူက တခစ်ခစ်ရယ်ပြီး ခေါင်းခါပြသည်။ “ဘယ်ကလာ ရှိရမှာလဲ။ ကျွန်မရဲ့ ယောက်ျားကသာ အဲဒီလို အချိုးမျိုး လာချိုးရင် မိုးမီးလောင်ပြီသာ မှတ်ပေတော့”
“အဲဒီကောင်ကိုတောင် ကြိုပြီး သနားသွားမိပြီ။ ထားပါတော့လေ။ ကိုယ်ရဲ့အိမ်ထောင်ဖက်က ဖောက်ပြန်နေတာကို သိနေပါလျက်နဲ့ ဟန်ဆောင်ပြီး ဘာမှ မဖြစ်သလို ဆက်နေနေနိုင်တာကို ငါတော့ ဘယ်လိုမှ နားလည်ပေးလို့ မရဘူး”
ကုစာနာဂိက နာရီကို ငုံ့ကြည့်လိုက်သည်။ အီကာအိ ယူကီကိုထံသို့ ဖုန်းခေါ်ခဲ့သည်မှာ နာရီဝက်ခန့် ကြာညောင်းခဲ့ချေပြီ။
***
အီကာအိဇနီးမောင်နှံတို့၏ အိမ်သည်လည်း အထက်တန်းစား အိမ်ကောင်းတစ်လုံး ဖြစ်သည်။ မာရှိဘအိမ်ထက် တစ်ချက်ကလေးမျှ အဆင့်မနိမ့်ပေ။ အရောင်အသွေး စုံလင်တောက်ပသော ကြွေအုတ်ချပ်များနှင့် အလှဆင်ထားသည့် အိမ်ဝင်ပေါက် တံခါးမကြီး၏ နံဘေးတွင် ဧည့်သည်များအတွက် ကားထားရာ ကားဂိုဒေါင်တစ်လုံးလည်း ပြင်ဆင်ပေးထားသည်။ ထို့ကြောင့်ပင် ဥကျုမိအတွက် အခပေး ယာဉ်ရပ်နားကွင်းကို လိုက်ရှာရမည့် ဒုက္ခမှ
ကင်းဝေးသွားစေသည်။
အိမ်ထဲတွင် အီကာအိ ယူကီကို တစ်ယောက်တည်းတင် မကဘဲ ခင်ပွန်းဖြစ်သူ တတ်ဆုဟီကိုလည်း ရှိနေသည်။ ရဲအရာရှိများ လာရောက်မည်ဟု ဇနီးထံမှ ဖုန်းရသောကြောင့် အပြေးအလွှား ပြန်လာခဲ့ခြင်း ဖြစ်သည်ဟု သိခဲ့ရသည်။
“ကုမ္ပဏီဘက်မှာ အဆင်ပြေတယ် မဟုတ်လား” ကုစာနာဂိက မေးသည်။
“ကုမ္ပဏီမှာက အရည်အချင်း ရှိတဲ့သူ များတော့ ပူစရာ မရှိပါဘူး။ ဒါပေမယ့် နောက်ပိုင်းကျရင် ဖောက်သည်တွေကို အချိန်ပေးပြီး ရှင်းပြစရာ ရှိတာ ရှင်းပြရဦးမှာပေါ့။ ဒါကြောင့် ကျွန်တော်တို့လည်း အမှုမှန် မြန်မြန် ပေါ်ပေါက်ပါစေလို့ ဆုတောင်းနေကြတာ” အီကာအိက ပြောရင်း မှုခင်းရဲနှစ်ဦး၏ မျက်နှာရိပ် မျက်နှာကဲကို အကဲခတ်နေသည်။ “ဘယ်လို ဖြစ်သွားခဲ့တာလဲ ဆိုတာကို ပြောပြပေးလို့ ရမလား”
“မစ္စတာမာရှိဘက သူ့အိမ်ထဲမှာ ကွယ်လွန်သွားခဲ့တယ်”
“အဲဒါ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒီကိစ္စက မှုခင်းဌာနက လူတွေကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့တာဆိုတော့ ကြည့်ရတာ မတော်တဆမှု ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုတော့ မဟုတ်တန်ရာဘူး”
ကုစာနာဂိက သက်ပြင်းကို တိတ်တဆိတ် မှုတ်ထုတ်လိုက်သည်။ သူနှင့် စကားပြောနေသူမှာ ရှေ့နေတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သာမန်ကာလျှံကာ ရှင်းပြရုံမျှဖြင့် ထိုသူကို လှိမ့်ရန် လွယ်ကူနိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် သူသာ ဆန္ဒရှိမည်ဆိုလျှင် တခြားနည်းလမ်းကို အသုံးပြု၍ ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းသိရှိနိုင်သည်။
ကုစာနာဂိသည် သတင်းမပေါက်ကြားစေရန် သူ့ထံမှ ကတိတောင်းပြီးနောက်တွင် အာဆန်နစ်အဆိပ် သင့်သည့်ကိစ္စနှင့် ကော်ဖီထဲတွင် အဆိပ်များ ဓာတ်ခွဲတွေ့ရှိကြောင်းတို့ကို သူ့အား ပြောပြလိုက်သည်။
သားရေဆိုဖာပေါ်တွင် ထိုင်နေသော အီကာအိ၏ နံဘေးရှိ ယူကီကိုသည် ဖောင်းအိနေသော သူ၏ ပါးနှစ်ဖက်ကို လက်များဖြင့် အုပ်ကိုင်ထားသည်။ ပြူးကျယ်နေသော သူ၏ မျက်ဝန်းတစ်စုံတွင်လည်း သွေးရောင်များ လွှမ်းနေသည်။ ကုစာနာဂိသည် သူ့ကို ယခင်က မမြင်ဖူးခဲ့။ သူ၏ ဖောင်းကားနေသော ကိုယ်ခန္ဓာသည် ကလေးမွေးပြီးခါစ ဖြစ်သောကြောင့်ပေလော။ ကုစာနာဂိက တွေးကြည့်နေမိသည်။
အီကာအိသည် ကောက်ထားသည်ဟု ယူဆရသော ဆံပင်များကို အနောက်ဘက်သို့ သပ်တင်လိုက်သည်။ “ထင်တော့ ထင်သားပဲ။ တကယ်လို့သာ ၉၆ ပါးရောဂါနဲ့ သေခဲ့မယ် ဆိုရင် မှုခင်းရဲတွေ အိမ်ရောက်လာပြီး အလောင်းကို ရင်ခွဲရုံ ပို့ရတဲ့ ကိစ္စကို ရှင်းပြဖို့ တော်တော် ခက်သွားလိမ့်မယ်။
နောက်ပ
ြီး အဲဒီကောင်က ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ့်ကောင်မျိုး မဟုတ်ဘူး”
“ခင်ဗျား ဆိုလိုချင်တာက သူများသတ်လို့ သေရတာ ဖြစ်နိုင်တယ်ပေါ့”
“ဘယ်သူ့လက်ချက်လဲ၊ ဘာရည်ရွယ်ချက်နဲ့ သတ်တာလဲ ဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ ပိုထူးဆန်းတာက အဆိပ်ခတ် သတ်တာဆိုတော့ …” အီကာအိသည် မျက်မှောင်ကြုတ်လျက် ခေါင်းကို ခါယမ်းနေသည်။
“ဒါဆို မစ္စတာမာရှိဘအပေါ် အငြိုးအတေး ထားနေတဲ့သူများ ရှိမလား”
“တကယ်လို့ ခင်ဗျားရဲ့ မေးခွန်းက လုပ်ငန်းကိုင်ငန်းဘက်မှာ တစ်ယောက်ယောက်နဲ့
များ
ပဋိပက္ခ ဖြစ်ခဲ့ဖူးတာ ရှိသလားလို့ မေးတာ ဆိုရင်တော့ လုံးဝ မရှိခဲ့ပါဘူးလို့တော့ ဖြေဖို့ မဖြစ်နိုင်ဘူး။ စီးပွားရေးလုပ်ငန်း ဆိုတာမျိုးက တစ်ယောက်ကိုတစ်ယောက် အနိုင်မခံ အရှုံးမပေး လုပ်ကြရတာလေဗျာ။ ဒီတော့ တစ်ဖက်လူကလည်း သူ့တစ်ယောက်တည်းကိုပဲ ပစ်မှတ်ထားပြီး မုန်းတီးနေတာမျိုးတော့ ဘယ်ဟုတ်ပါ့မလဲ။ နောက်ပြီး တကယ့်တကယ် အရှုပ်အရှင်း ဖြစ်လာကြပြီ ဆိုရင်လည်း ခေါင်းခံပြီး ဖြေရှင်းပေးရတဲ့သူက သူမဟုတ်ဘူး။ ကျွန်တော်ဗျ” အီကာအိက သူ့ရင်ဘတ်ကို ပုတ်ပြသည်။
“ဒါဆို လုပ်ငန်းပြင်ပမှာရော။ မစ္စတာမာရှိဘက တခြားလူနဲ့ ပြဿနာ တက်ဖူးတာ ရှိလား”
ကုစာနာဂိ၏ အမေးစကားကို ကြားရသည့်အခါတွင် အီကာအိသည် ဆိုဖာခုံတွင် ကျောမှီချကာ ခြေထောက်တစ်ဖက်ကို ချိတ်တင်လိုက်သည်။ “ဒါတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ ကျွန်တော်နဲ့ မာရှိဘက အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက်တွေ ဆိုပေမယ့် လုပ်ငန်းပြင်ပက ကိစ္စတွေကို အပြန်အလှန် စွက်ဖက်လေ့ မရှိကြဘူး။ ကျွန်တော်တို့ အဲဒီလို ကိုယ့်စည်းနဲ့ကိုယ် နေခဲ့ကြတာ”
“ဒါပေမယ့် သူက ခင်ဗျားတို့လင်မယားကို မိသားစု ညစာစားပွဲကိုတောင် ဖိတ်ခဲ့သေးတာ မဟုတ်လား”
လူ့သဘောမနောကို နားမလည်ရန်ကော ဟူသည့် သဘောမျိုးဖြင့် ကုစာနာဂိကို တအံ့တဩ ငေးစိုက်ကြည့်ရင်း အီကာအိက ခေါင်းကို ခါးယမ်းနေသည်။ “ပုံမှန်နေ့ရက်တွေမှာ ကျွန်တော်တို့က တစ်ယောက်အပေါ်တစ်ယောက် ဘာသိဘာသာ နေခဲ့ကြလို့လည်းပဲ အခုလို မကြာမကြာ တွေ့ဆုံပွဲမျိုး လုပ်ပေးရတာပေါ့ဗျာ။ ကျွန်တော်တို့ နှစ်ယောက်လို တစ်နေကုန် တစ်နေခမ်း အလုပ်နဲ့ပဲ နပန်းလုံးနေကြတဲ့ လူတွေအတွက် တစ်ခါတလေတော့လည်း အပန်းဖြေဖို့ လိုအပ်သေးတာပဲ မဟုတ်လား”
တစ်နည်းပြောရမည်ဆိုလျှင် ဘော်ဒါကဏ္ဍအတွက် အချိန် များများစားစား မပေးနိုင် ဟူလို။
“ညစာ အတူစားခဲ့ကြတုန်းက ဘာတွေများ ထူးထူးခြားခြား သတိထားမိခဲ့တာ ရှိသလဲ”
“သူ ဒုက္ခရောက်တော့မယ့် အဖြစ်ကို အဲဒီတုန်းက ကြိုတင်ပြီး သတိထားမိခဲ့သလားလို့ ခင်ဗျားက အဲဒီလို မေးချင်တာ ဆိုရင်တော့ ကျွန်တော့်အနေနဲ့ နိုး လို့ပဲ အဖြေ ပေးရလိမ့်မယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ အရမ်း ပျော်ရွှင်ခဲ့ကြတယ်။ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ပါ” ပြောပြီး သူ မျက်မှောင်ကြုတ်လိုက်သည်။ “ဒါပေမယ့် နောက်သုံးရက်အတွင်းမှာပဲ သူ အဲဒီလိုအဖြစ်မျိုးနဲ့ ကြုံလာရမယ်လို့ ကျွန်တော် လုံးဝ ထင်မထားခဲ့ဘူး”
“အဲဒီတုန်းက မစ္စတာမာရှိဘက လာမယ့် စနေနဲ့ တနင်္ဂနွေမှာ ဘယ်သူတွေနဲ့ တွေ့စရာရှိတယ်လို့ ခင်ဗျားကို ပြောပြခဲ့သေးလား”
“အဲဒါတော့ မကြားမိဘူး” အီကာအိက သူ့ဇနီးကို လှမ်းကြည့်လိုက်သည်။
“ကျွန်မလည်း မကြားမိဘူး။ အာယနဲက သူ့အမေအိမ်ကို ပြန်မယ် ဆိုတာပဲ သိတယ်”
ကုစာနာဂိက ခေါင်းညိတ်ပြီး ဘောပင်၏ ဖင်ပိုင်းဖြင့် နားထင်ကို ကုတ်လိုက်သည်။ ထိုသူနှစ်ဦးထံမှ အသုံးတည့်မည့် သတင်းအချက်အလက်များကို မည်သို့မျှ ရနိုင်တော့မည် မဟုတ်ဟု တဖြည်းဖြည်း နားလည်လာသည်။
ထိုစဉ် ဥကျုမိ၏ စကားသံ ထွက်ပေါ်လာသည်။ “မိတ်ဆုံစားပွဲက မကြာမကြာ လုပ်တတ်တာလား”
“နှစ်လ၊ သုံးလကို တစ်ကြိမ်လောက် လုပ်တတ်တယ်”
“အမြဲတမ်း မာရှိဘအိမ်မှာပဲ လုပ်တာလား”
“သူတို့ မင်္ဂလာဆောင်ပြီးလို့ သိပ်မကြာသေးခင်မှာပဲ ကျွန်တော်တို့အိမ်မှာ တစ်ခါ ဧည့်ခံခဲ့ဖူးတယ်။ အဲဒီနောက်ပိုင်းတော့ သူတို့အိမ်မှာချည်းပဲ လုပ်ခဲ့တာ။ ကျွန်တော့်အမျိုးသမီးမှာ ကိုယ်ဝန်ရှိလာလို့ပါ”
“မစ္စစ်မာရှိဘကို မင်္ဂလာ မဆောင်ခင်ကတည်းက ရင်းနှီးနေခဲ့တာလား”
“ဟုတ်တယ်။ မာရှိဘနဲ့ အာယနဲတို့ စတွေ့တဲ့ အချိန်တုန်းက ကျွန်တော်လည်း အနားမှာ ရှိနေခဲ့တယ်”
“ရှင်ဆိုလိုချင်တာက …”
“အဲဒီတုန်းက ကျွန်တော်နဲ့ မာရှိဘက ပါတီပွဲတစ်ပွဲကို သွားတက်ခဲ့ကြတယ်။ အဲဒီပွဲမှာ အာယနဲလည်း ရှိနေခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ သူတို့နှစ်ယောက် တွဲဖြစ်ခဲ့ကြတာပဲ”
“ဘယ်အချိန်လောက်ကလဲ”
“ကျွန်တော့်အထင် …” အီကာအိက ပြန်စဉ်းစားကြည့်ပြီး “တစ်နှစ်ခွဲလောက်တော့ ရှိပြီ ထင်တယ်။ အဲဒီလောက်လည်း ကြာချင်မှ ကြာဦးမှာ”
သူ၏ စကားကို ကြားရသည့်အခါတွင် ကုစာနာဂိက ဝင်ထောက်လိုက်သည်။ “သူတို့က လွန်ခဲ့တဲ့ တစ်နှစ်လောက်က မင်္ဂလာဆောင်တာ မဟုတ်ဘူးလား။ အတော်မြန်တာပဲ”
“ဟုတ်တယ်”
“မစ္စတာမာရှိဘက ကလေးလိုချင်နေတာ တစ်ပိုင်းသေလို့” ယူကီကိုက ဝင်ပြောလိုက်သည်။ “သင့်လျော်မယ့်သူကို ရှာနေတာနဲ့တင် အချိန်တွေ မနည်း ကုန်သွားခဲ့တာ။ ဒါကြောင့် သူက အဲဒီကိစ္စမှာ သိပ်ပြီး စိတ်ရှည်တာ မဟုတ်ဘူး”
“နင်က မဆိုင်တာတွေ လျှောက်ပြောပြန်ပြီ” အီကာအိသည် သူ့ဇနီးကို အပြစ်တင်လိုက်ပြီး မှုခင်းရဲနှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။ “သူတို့ လင်မယားနှစ်ယောက် ဘယ်လို ဆုံဆည်းကြသလဲ ဆိုတာနဲ့ သူတို့ရဲ့ အိမ်ထောင်ရေး အခြေအနေက အခုအမှုနဲ့ ဘယ်လိုများ ပတ်သက်နေလို့လဲ”
“အဲဒီလို သဘောမျိုး မဟုတ်ပါဘူး” ကုစာနာဂိက လက်ခါပြသည်။ “အခုလောလောဆယ် အချိန်ထိ ဘာသဲလွန်စမှ လက်ဆုပ်လက်ကိုင် ရှာမတွေ့သေးတော့ သူတို့ရဲ့ အိမ်ထောင်ရေးအခြေအနေကို မဟုတ်သော်ရှိ ဟုတ်သော်ရှိ နားလည်နိုင်ဖို့ ကြိုးစားကြည့်တဲ့ သဘောလောက်ပါပဲ”
“လုပ်ကြံခံရသူနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ခင်ဗျားတို့ စုံစမ်းထောက်လှမ်းချင်တဲ့ စိတ်ဆန္ဒကို ကျွန်တော် နားလည်ပေးလို့ ရနိုင်ပါတယ်။ ဒါပေမယ့် အတိုင်းအတာတစ်ခုကို လွန်သွားရင်တော့ ပြဿနာ ရှိလာနိုင်တယ်” အီကာအိသည် ရှေ့နေတစ်ယောက်ရဲ့ မျက်နှာထားမျိုးဖြင့် ခြိမ်းခြောက်နေသည့်နှယ် သူတို့ကို စိုက်ကြည့်နေသည်။
ကုစာနာဂိက တောင်းပန်သည့် အနေဖြင့် မျက်နှာကို အောက်ချလျက် “အဲဒီအချက်ကို ကျွန်တော်တို့ နားလည်ပါတယ်” ဟု ပြောလိုက်သည်။ ထို့နောက် အီကာအိ၏ အကြည့်ကို ပြန်လည် ရင်ဆိုင်လိုက်ပြီး “ဆောရီးပါဗျာ။ ကျွန်တော်တို့ ခင်ဗျားကို မေးစရာ ကျန်နေသေးတယ်။ အလုပ်သဘောအရ မေးရတာဆိုတော့ စိတ်မရှိပါနဲ့။ ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေ နှစ်ရက်စလုံးကို ခင်ဗျားတို့ ဘယ်လို ဖြတ်သန်းခဲ့သလဲ ဆိုတာ ကျွန်တော်တို့ကို ပြောပြပေးနိုင်မလား”
အီကာအိသည် ခေါင်းကို အသာအယာ ညိတ်၍ နှုတ်ခမ်းကို မဲ့လိုက်လေသည်။ “ကျွန်တော်တို့ရဲ့ အလီဘိုင်ကို စစ်ဆေးနေတာလား။ ခင်ဗျားတို့က သိချင်သပ ဆိုရင်လည်း ပြောရတော့မှာပေါ့။ ဘယ်တတ်နိုင်ပါ့မလဲ” ပြောပြီး အင်္ကျီအိတ်ကပ်ထဲမှ မှတ်စုစာအုပ်ကို ဆွဲထုတ်လိုက်သည်။
စနေနေ့ အစောပိုင်းတွင် သူသည် သူ၏ ရုံးခန်းအတွင်း၌ အလုပ်များကို လက်စသတ်ပြီးနောက် ညနေပိုင်းတွင် ဖောက်သည်တစ်ဦးနှင့်အတူ ညစာထွက်စားခဲ့သည်။ တနင်္ဂနွေနေ့တွင်မူ တခြား ဖောက်သည်တစ်ဦးနှင့် ဂေါ့ဖ်ကစားပြီး ည ၁၀ နာရီကျော်မှ အိမ်ပြန်ရောက်ခဲ့သည်။ ယူကီကိုကမူ တစ်နေကုန်လုံး အိမ်ထဲတွင်သာ ရှိကြောင်း၊ တနင်္ဂနွေနေ့တွင် သူ၏ မိခင်နှင့် ညီမတို့ အလည်လာကြောင်း ပြောကြားလေသည်။
***
ထိုနေ့ညက မဲဂူရိုရဲစခန်းတွင် မာရှိဘအမှုအတွက် စုံစမ်းစစ်ဆေးမှုဆိုင်ရာ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။ တိုကျိုမြို့တော် ရဲဌာနချုပ်၏ အမှတ် (၁) ဌာနမှူးက အဖွင့်အမှာစကားတွင် ဤအမှုကို လူသတ်မှုအဖြစ် သံသယရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ဤယူဆချက်အတွက် အကြီးမားဆုံးသော သက်သေ အထောက်အထားမှာ အသုံးပြုပြီးသော ကော်ဖီမှုန့်ထဲတွင် အာဆန်နစ်အဆိပ်များကို တွေ့ရှိခဲ့ရခြင်းပင် ဖြစ်သည်။ အကယ်၍သာ သေဆုံးသူသည် သူ့ကိုယ်သူ သတ်သေခဲ့ခြင်းသာ ဖြစ်မည်ဆိုလျှင် အဆိပ်ကို ကော်ဖီအတွင်းသို့ ဖျော်ထည့်ပြီးမှ သောက်သုံးခဲ့မည် မဟုတ်ပေ။ ထို့အပြင်ကော်ဖီအတွင်းသို့ အဆိပ်ခတ်ထည့်မည် ဆိုလျှင်လည်း ပုံမှန်အားဖြင့် ဖျော်ပြီးသား ကော်ဖီခွက်အတွင်း၌သာ အဆိပ်ကို ခတ်ထည့်ပေလိမ့်မည်။
သို့ဆိုလျှင် အဆိပ်ကို မည်သူ ခတ်ခဲ့သနည်း။ ထ.ရ.ဖသည် အစည်းအဝေးအတွင်း၌ သူတို့၏ တွေ့ရှိချက်များကို အစီရင်ခံခဲ့သည် မှန်သော်လည်း နောက်ဆုံးပိတ် ရလဒ်မှာ ‘မဖော်ထုတ်နိုင်သေး’ ဟူ၍သာ ဖြစ်သည်။ ထိုနေ့ နေ့ခင်းတွင် ထ.ရ.ဖသည် မာရှိဘအိမ်သို့ နောက်တစ်ကြိမ် ထပ်သွားပြီး အစားအစာများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ဖျော်ရည်များ၊ သောက်ဆေးများ စသည့် ပါးစပ်ထဲသို့ ထည့်မျိုသောက်သုံးနိုင်သည့် ပစ္စည်းမှန်သမျှကို အဆိပ်ရှိမရှိ ဓာတ်ခွဲစစ်ဆေးခဲ့ကြသည်။ ထို့အပြင် မီးဖိုချောင်သုံး ပန်းကန်ခွက်ယောက်များ အားလုံးကိုလည်း ထိုနည်းအတူ စစ်ဆေးခဲ့ကြသေးသည်။ အစည်းအဝေး စတင် ကျင်းပသည့် အချိန်တွင် ဓာတ်ခွဲစစ်ဆေးမှု၏ ၈၀% ကို ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်သော်လည်း မည်သည့် အဆိပ်ကိုမျှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။ လက်ရှိ အနေအထားအရ စစ်ဆေးရန် ကျန်ရှိနေသေးသော ပစ္စည်း ၂၀% တွင် အဆိပ်တွေ့နိုင်ခြေ အလွန် နည်းပါးသည်ဟု ထ.ရ.ဖမှ တာဝန်ရှိသူများက ယူဆကြသည်။
ထိုသို့ဆိုလျှင် ထိုစဉ်က လူသတ်တရားခံသည် အဆိပ်ခတ်ရန်အတွက် မာရှိဘ သောက်မည့် ကော်ဖီကိုသာ ပစ်မှတ်ထားခဲ့သည်ဟု ဆိုရပေမည်။ အဆိပ်ခတ်သည့် နည်းလမ်းမှာ နှစ်မျိုး ဖြစ်နိုင်သည်။ (၁) ကော်ဖီမှုန့် သို့တည်းမဟုတ် ရေစစ်စက္ကူပေါ်တွင် အဆိပ်ကို ကြိုတင် ထည့်ထားခဲ့ခြင်း ဖြစ်နိုင်သည်။ (၂) ကော်ဖီဖျော်နေစဉ် အဆိပ်ခတ်ထည့်ခဲ့ခြင်း ဖြစ်မည်။ တရားခံသည် မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သနည်း။ ယခုအချိန်ထိ ယတိပြတ် မဆုံးဖြတ်နိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်ထိ တခြား မည်သည့်နေရာတွင်မှ အာဆန်နစ်အဆိပ်ကို မတွေ့ရှိရသေးသောကြောင့် ဖြစ်သည်။ ထို့အပြင် ကော်ဖီဖျော်စဉ်အခါက မာရှိဘ၏ အနီးအနားတွင် တခြားလူတစ်ဦးတစ်ယောက် ရှိနေခဲ့ပါသည် ဟူသော အထောက်အထားကိုလည်း ယခုအချိန်ထိ ရှာမတွေ့နိုင်သေးပေ။
မာရှိဘအိမ်၏ အနီးပတ်ဝန်းကျင်တွင်လည်း စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ကြသေးသည်။ အခင်းမဖြစ်ပွားခင် မာရှိဘအိမ်သို့ လူတစ်ဦးတစ်ယောက်ဝင်ထွက်ခဲ့သည်ကို တွေ့မြင်ခဲ့ရသူ တစ်ဦးတစ်ယောက်မျှ မရှိကြောင်း တွေ့ရှိခဲ့ရသည်။ သို့သော် မာရှိဘအိမ်သည် လူအသွားအလာ ကျဲပါးသော ဆိတ်ငြိမ်ရပ်ကွက်တွင် တည်ရှိနေခြင်း ဖြစ်သောကြောင့် အနီးအပါးတွင် နေထိုင်ကြသော မိသားစုများသည် သူတို့နှင့် တိုက်ရိုက် ပတ်သက်မှု မရှိလျှင် တခြားအိမ်များ၏ ကိစ္စများကို စိတ်ဝင်တစား ရှိကြမည် မဟုတ်ပေ။ ထို့ကြောင့် တွေ့မြင်သူ မရှိ ဆိုရုံမျှဖြင့် မာရှိဘအိမ်တွင် ဧည့်သည်မရှိဟု ဆိုလိုရာ မရောက်ပေ။
ကုစာနာဂိသည် အာယနဲနှင့် အီကာအိဇနီးမောင်နှံတို့ထံမှ စုံစမ်းသိရှိခဲ့ရသော အချက်အလက်များကို အစည်းအဝေးတွင် တင်ပြခဲ့သည်။ သို့သော် ဟိရောမိနှင့် မစ္စတာမာရှိဘတို့၏ တိတ်တိတ်ပုန်း ဇာတ်လမ်းကိုမူ မပြောဘဲ ထိမ်ချန်ထားခဲ့သည်။ မာမီယာသည် ကုစာနာဂိအား ယင်းကိစ္စကို ယာယီလျှို့ဝှက်ထားရန် အစည်းအဝေး မစခင်က ညွှန်ကြားထားခဲ့သည်။
အမှန်ဆိုရသော် မာမီယာသည် ယင်းကိစ္စကို အထက်လူကြီးများထံသို့ တင်ပြထားပြီး ဖြစ်သည်။ ဤကိစ္စသည် ထိလွယ်ရှလွယ်သော ကိစ္စဖြစ်သောကြောင့် အမှုနှင့်
ပတ်သက်ဆက်နွှယ်နေကြောင်း
အထောက်အထား မရသေးခင် စပ်ကြားအတွင်း ယင်းကိစ္စကို သိရှိသူဦးရေ နည်းနိုင်သမျှ နည်းအောင် ထိန်းချုပ်ထားခြင်းသာ အကောင်းဆုံး ဖြစ်မည်ဟု အထက်လူကြီးများက ယူဆထားကြသည်။ အကယ်၍သာ မီဒီယာများထံသို့ သတင်းပေါက်ကြားသွားခဲ့မည် ဆိုလျှင် အားလုံးအတွက် ခေါင်းခဲစရာ ဖြစ်သွားပေလိမ့်မည်။
အစည်းအဝေး ပြီးသည့်အခါတွင် မာမီယာသည် ကုစာနာဂိနှင့် ဥကျုမိတို့ကို အနားသို့ ဆင့်ခေါ်လိုက်သည်။ “မနက်ဖြန် မင်းတို့ ဆပ်ပိုရိုကို သွားလိုက်ကြဦး”
ဆပ်ပိုရိုဟူသော အသံကို ကြားလိုက်သည်နှင့် ကုစာနာဂိသည် ခရီးစဉ်၏ ရည်ရွယ်ချက်ကို ချက်ချင်း ရိပ်မိသွားသည်။ “မစ္စစ်မာရှိဘရဲ့ အလီဘိုင်ကို သွားစစ်ဆေးရမှာလား”
“ဟုတ်တယ်။ အခု လုပ်ကြံသတ်ဖြတ်ခံရတဲ့ သူက အိမ်ထောင်ရေး ဖောက်ပြန်တဲ့ ယောက်ျားတစ်ယောက် ဆိုတော့ကာ သူ့မိန်းမနဲ့ သူရဲ့ တိတ်တိတ်ပုန်း ချစ်သူကို မသင်္ကာဖြစ်တာက သဘာဝ ကျပါတယ်။ သူ့ချစ်သူရဲ့ အလီဘိုင်ကို စစ်ဆေးပြီးပြီ ဆိုတော့ သူ့မိန်းမရဲ့ အလီဘိုင်ကိုလည်း စစ်ဆေးသင့်တာပေါ့။ အထက်က ငါတို့ကို စုံစမ်းစစ်ဆေးနိုင်တာ မှန်သမျှကို မြန်နိုင်သမျှ မြန်အောင် လုပ်ထားစေချင်တယ်။ တစ်ခု ကြိုပြောထားရဦးမယ်။ မင်းတို့ နေ့ချင်းပြန် ပြန်လာနိုင်အောင် လုပ်စရာရှိတာကို သွက်သွက် လုပ်ကြ။ ဒေသခံရဲတွေကိုလည်း မင်းတို့ကို အကူအညီ ပေးနိုင်အောင် ကြိုတင်ပြီး အကြောင်းကြားထားပြီးပြီ”
“မစ္စစ်မာရှိဘက ရေပူစမ်းမှာ ရှိနေတုန်း ရဲဌာနက အကြောင်းကြားတဲ့ ဖုန်းကို လက်ခံရခဲ့တာဆိုတော့ ကျွန်တော့်အထင် ရေပူစမ်းကိုလည်း သွားကြည့်ဖို့ လိုလိမ့်ဦးမယ်”
“ဂျိုဇန်ကဲအိ ရေပူစမ်းမဟုတ်လား။ ဆပ်ပိုရိုဘူတာကနေ ကားစီးသွားရင် တစ်နာရီပိုပိုလောက်ဆိုရင် ရောက်ပြီ။ သူ့ဇနီးရဲ့ မိဘအိမ်က မြို့အနောက်ဘက်ရပ်ကွက်မှာ ရှိတာ။ မင်းတို့နှစ်ယောက် လူခွဲပြီး လှုပ်ရှားကြပေတော့။ နေ့တစ်ဝက်လောက်နဲ့ ကိစ္စပြီးနိုင်ပါတယ်”
ကုစာနာဂိက ခေါင်းကုတ်ကာ “ပြီးနိုင်လောက်ပါတယ်” ဟု ပြန်ဖြေလိုက်သည်။ မာမီယာသည် သူ၏ လက်အောက်ငယ်သားများကို ရေပူစမ်းတွင်
တစ်ညနေခွင့်ပေးရန်
လုံးဝ အစီအစဉ် ရှိပုံ မရပေ။
“ဘယ်လိုလဲ၊ ဥကျုမိ။ နင့်မှာ ပြောစရာ တစ်ခုခု ရှိနေသလိုပဲ” မာမီယာက မေးသည်။
ကုစာနာဂိသည် နံဘေးရှိ ဥကျုမိကို လှမ်းကြည့်လိုက်သည့်အခါ နှုတ်ခမ်းကို တင်းတင်းစေ့လျက် မကျေမလည် ဖြစ်နေသော မျက်နှာထားနှင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် နှုတ်ခမ်းတစ်စုံ ပွင့်ဟလာသည်။
“ကျွန်မတို့က သူ့ရဲ့ အဲဒီနေ့က အလီဘိုင်ကို စစ်ဆေးရုံလောက်နဲ့တင် လုံလောက်သွားပြီလား”
“အန် … နင့်စကားက ဘာအဓိပ္ပာယ်လဲ” မာမီယာက မေးသည်။
“မစ္စစ်မာရှိဘက စနေနေ့ မနက်မှာ တိုကျိုကနေ ထွက်ခွာသွားပြီး တနင်္လာနေ့ မနက်မှာ ပြန်ရောက်လာတယ်။ ကျွန်မတို့က သူရဲ့ အဲဒီကာလအတွင်းက အလီဘိုင်ကို စစ်ဆေးရုံနဲ့ လုံလောက်ပါ့မလား”
“နင်က မလုံလောက်ဘူး ထင်လို့လား”
“ကျွန်မလည်း အတိအကျတော့ မပြောပြတတ်ဘူး။ ကျွန်မတို့က အခုချိန်ထိ အဆိပ်ခတ်တဲ့ နည်းလမ်းနဲ့ အချိန်ကိုတောင် သေချာအောင် မလုပ်နိုင်သေးတော့ အဲဒီကာလအတွင်း သူ့မှာ အလီဘိုင်ရှိပါတယ် ဆိုပြီး သူ့ကို သံသယစာရင်းထဲကနေ ဖယ်ထုတ်ထားလိုက်မယ် ဆိုရင် အလောတကြီး လုပ်လွန်းရာ ကျနေမယ် ထင်တယ်”
“နေပါဦး။ အဆိပ်ခတ်တဲ့ နည်းလမ်းကို အတိအကျ မသိသေးဘူး ဆိုပေမယ့် အဆိပ်ခတ်တဲ့ အချိန်ကိုတော့ ငါတို့ ကောင်းကောင်း သိထားပြီးပြီလေ” ကုစာနာဂိက ပြောသည်။ “တနင်္ဂနွေနေ့ မနက်မှာ ဝါကာယာမာ ဟိရောမိနဲ့ မစ္စတာမာရှိဘတို့နှစ်ယောက် အတူတူ ကော်ဖီသောက်ခဲ့ကြသေးတာပဲ ဥစ္စာ။ အဲဒီတုန်းက ကော်ဖီမှာ ဘာမှ ထူးခြားမှု မရှိခဲ့ဘူး။ ဒီတော့ အဆိပ်က အဲဒီနောက်ပိုင်းကျမှ ခတ်တာပဲ ဖြစ်ရတော့မှာပေါ့”
“အဲဒီလို ကောက်ချက်ချတာ အတင့်ရဲလွန်းတယ် ထင်တာပဲ”
“အတင့်ရဲလွန်းတယ် … ဒါဆို နင့်အမြင်ကို ပြောကြည့်စမ်းပါဦး။ တရားခံက ဘယ်အချိန်မှာ အဆိပ်ခတ်နိုင်မလဲ”
“အဲဒါလား … ကျွန်မလည်း မပြောတတ်ဘူး”
“ဝါကာယာမာ ဟိရောမိက ညာပြောခဲ့တယ်လို့ နင် ဆိုလိုချင်တာလား” မာမီယာက ပြောသည်။ “အဲဒီလိုသာဆိုရင် ယောက်ျားလုဖက် နှစ်ယောက်က အလိုတူ အလိုပါတွေ ဖြစ်ကုန်တော့မှာပေါ့။ အဲဒီ ဖြစ်နိုင်ခြေက ရှိကော ရှိနိုင်ပါ့မလား”
“မရှိနိုင်ဘူး ထင်တယ်”
“ဒါဆို နင်က ဘာကို အလိုမကျ ဖြစ်နေရတာလဲ” ကုစာနာဂိ၏ အသံက ကျယ်လောင်လာသည်။ “စနေနေ့နဲ့ တနင်္ဂနွေနေ့ရဲ့ အလီဘိုင်ကို ရရင် လုံလောက်ပြီပေါ့ဟ။ တကယ်လို့ တနင်္ဂနွေနေ့ တစ်နေ့တည်းရဲ့ အလီဘိုင်ကိုပဲ ရတယ် ဆိုရင်တောင် မစ္စစ်မာရှိဘကို အပြစ်ကင်းသူအဖြစ် သတ်မှတ်လို့ ရနေပြီ။ အဲဒီယူဆချက်က ဘာများ လွဲမှားနေလို့လဲ”
ဥကျုမိက ခေါင်းကို ခါယမ်းလိုက်သည်။ “မဟုတ်ဘူး။ လွဲမှားနေတယ်လို့ ကျွန်မ မယူဆပါဘူး။ ဒါပေမယ့် အဆိပ်ခတ်နိုင်တဲ့ တခြား နည်းလမ်းမျိုး မရှိနိုင်တော့ဘူးလား။ ဥပမာ မလှိမ့်တပတ်နဲ့ မစ္စတာမာရှိဘကို သူ့ဘာသာသူ ကော်ဖီထဲ အဆိပ်ထည့်အောင် လုပ်ထားမယ် ဆိုရင်ရော”
ကုစာနာဂိက မျက်မှောင်ကို ကြုတ်ထားလိုက်သည်။ “သူ့ဟာသူ သတ်သေအောင် လုပ်မယ် ဆိုတဲ့ သဘောလား”
“မဟုတ်ဘူး။ အဲဒါကို အဆိပ်ပါလို့ မစ္စတာမာရှိဘကို အသိပေးမထားရုံပဲ။ အဆိပ်လို့ မပြောဘူး။ ကော်ဖီကို အနံ့အရသာနဲ့ ပိုပြီး ပြည့်စုံအောင် လုပ်ပေးနိုင်တဲ့ ရသာမှုန့်တစ်မျိုးလို့ ပြောထားမယ် ဆိုရင်ရော”
“ရသာမှုန့် …”
“ကာလီဟင်းထဲမှာ ထည့်သုံးတဲ့ ဂါရမ်မဆလာ ဆိုတာ ရှိတယ် မဟုတ်လား။ စားခါနီးမှာမှ ဟင်းထဲကို အဲဒီမဆလာ အနည်းအကျဉ်း ဖြူးလိုက်ရုံနဲ့ အနံ့မွှေးကြိုင်ပြီး အရသာလည်း ပိုကောင်းသွားတယ်လေ။ တကယ်လို့သာ မစ္စတာမာရှိဘကို အဆိပ်တွေ ပေးထားပြီး အဲဒါကို ကော်ဖီထဲထည့်တဲ့ ရသာမှုန့်ပါလို့ ပြောထားခဲ့မယ် ဆိုပါတော့။ ဒါပေမယ့် မစ္စဝါကာယာမာနဲ့ အတူ သောက်တုန်းက ထည့်သုံးဖို့ မေ့နေပြီး သူတစ်ယောက်တည်း ကော်ဖီသောက်တော့မယ် ဆိုမှ သတိရသွားလို့ ကော်ဖီထဲ နည်းနည်း ထည့်သောက်လိုက်တယ် ဆိုရင် … … နည်းနည်းတော့ အတင်းအကျပ် လုပ်ယူသလို ဖြစ်နေတယ်”
“နင့်ဟာက အတင်းအကျပ် လုပ်ယူရုံတင် ဘယ်ကမလဲ။ တကယ့်ကို ပရမ်းပတာနဲ့” ကုစာနာဂိက အားမနာတမ်း ဝေဖန်လိုက်သည်။
“ဟုတ်လား”
“ငါဖြင့် ကော်ဖီထဲ ထည့်လို့ရတဲ့ ရသာမှုန့်မျိုး တစ်ခါ့တစ်ခါမှ မကြားဖူးဘူး။ နောက်ပြီး မစ္စတာမာရှိဘကလည်း အဲဒီလို မုသားမျိုးကို ယုံကြည်နိုင်ပါ့မလား။ ငါတော့ မထင်ဘူး။ တကယ်လို့ သူ ယုံခဲ့တယ် ဆိုရင်တောင် ဝါကာယာမာ ဟိရောမိကို အစောကြီးကတည်းက ပြောပြခဲ့ဖူးမှာပဲ။ အဲဒီတုန်းက သူတို့နှစ်ယောက်က ကော်ဖီကို ပိုပြီး သောက်လို့ကောင်းအောင် ဘယ်လို ဖျော်ရမလဲ ဆိုတဲ့အကြောင်းကို ဆွေးနွေးခဲ့ကြသေးတယ်။ နောက်ပြီးတော့ ရှိသေးတယ်။ တကယ်လို့သာ မာရှိဘ ယိုရှီတာကာက သူ့ဘာသာသူ အဆိပ်ခတ်ခဲ့တာပါ ဆိုရင် လက်စလက်န တစ်ခုခုတော့ ကျန်ခဲ့ရမှာပဲ။ အာဆန်နစ်အဆိပ်က အမှုန့်ဆိုတော့ အိတ် ဒါမှမဟုတ် စက္ကူနဲ့ပဲ
ထုပ်ပြီး
သိမ်းလို့ရမှာ။ ဒါပေမယ့် အခင်းဖြစ်တဲ့ နေရာမှာ အဆိပ်မှုန့် ကပ်နေတဲ့ အိတ်နဲ့ စက္ကူ ဘာဆို ဘာတစ်ခုမျှ မတွေ့ခဲ့ရဘူး။ အဲဒီအချက်ကိုရော နင် ဘယ်လို ဖြေရှင်းမလဲ”
ကုစာနာဂိ၏ တရစပ် ပစ်ခတ်လာသော စကားလုံးများကို နားထောင်ပြီးသွားသည့် နောက်တွင် ဥကျုမိက အသာအယာ ခေါင်းညိတ်လိုက်သည်။ “ဝမ်းနည်းပါတယ်။ ဆရာရဲ့ မေးခွန်းကို ကျွန်မ ဘာတစ်ခုမှ ပြန်မဖြေနိုင်ဘူး။ ဆရာ့စကားတွေက အင်မတန်မှ အဓိပ္ပာယ် ရှိပါတယ်။ ဒါပေမယ့် တစ်နည်းနည်းနဲ့တော့ လုပ်လို့ ရလိမ့်မယ်လို့ ကျွန်မ အာရုံရနေတယ်”
ကုစာနာဂိသည် တစ်ဘက်သို့ မျက်နှာ လွှဲလိုက်ပြီး သက်ပြင်းချလိုက်လေသည်။ “နင်တို့ မိန်းကလေးတွေရဲ့ ဗီဇသိကို ယုံကြည်ပေးရမယ် ဆိုတဲ့ သဘောလား”
“ကျွန်မ အဲဒီလို မပြောပါဘူး။ ဒါပေမယ့် မိန်းကလေးတွေမှာလည်း မိန်းကလေးတွေရဲ့ တွေးပုံခေါ်ပုံက သီးခြား ရှိနေတယ်လေ …”
“နေ နေ နေစမ်းပါဦး” မာမီယာက စကားကို ဝင်ဖြတ်လိုက်သည်။ “သူ့အမြင် ကိုယ့်အမြင် အပြန်အလှန် ဆွေးနွေးတာမျိုးကို ကြိုဆိုပါတယ်။ ဒါပေမယ့် ကတ်သီးကတ်ဖဲ့ ငြင်းနေကြတဲ့အဆင့်ထိ မရောက်စေနဲ့ပေါ့ကွာ။ ဥကျုမိ၊ နင့်အမြင်မှာ မစ္စစ်မာရှိဘက မသင်္ကာစရာ ကောင်းနေလို့လား”
“ကျွန်မလည်း သိပ်တော့ မသေချာဘူး”
ကုစာနာဂိက “ဗီဇသိပဲ မဟုတ်လား” ဟု ဝင်ပြောလိုက်ချင်သော်လည်း ကြိုးစားပြီး မျိုသိပ်ထားလိုက်သည်။
“ဘာအထောက်အထား ရှိနေလို့လဲ” မာမီယာက မေးသည်။
ဥကျုမိက ပင့်သက်ရှိုက်လိုက်သည်။ “ရှန်ပိန်ဖန်ခွက်”
“ရှန်ပိန်ဖန်ခွက် … ဘာဖြစ်နေလို့လဲ”
“ကျွန်မတို့ အခင်းဖြစ်တဲ့ နေရာကို ရောက်တဲ့အချိန် မီးဖိုဆောင်ထဲမှာ ဆေးကြောထားတဲ့ ရှန်ပိန်ဖန်ခွက်တွေ ချထားတာ တွေ့တယ်။ စုစုပေါင်း ၅ ခွက်” သူသည် ကုစာနာဂိဘက်သို့ လှည့်လာသည်။ “အဲဒါကို ဆရာ မှတ်မိသေးတယ် မဟုတ်လား”
“မှတ်မိတယ်။ သောကြာနေ့ညက မိတ်ဆုံစားပွဲမှာ သုံးခဲ့တဲ့ ခွက်တွေ”
“အဲဒီရှန်ပိန်ဖန်ခွက်တွေက ပုံမှန်ဆိုရင် ဧည့်ခန်းထဲက ဖန်ခွက်ဗီဒိုထဲမှာ သိမ်းထားနေကျ။ ဒါကြောင့် ကျွန်မတို့ ရောက်သွားတဲ့အချိန် အဲဒီဗီဒိုထဲမှာ နေရာတချို့ လစ်လပ်နေတယ်”
“အဲဒီတော့ …” မာမီယာက စကားကို ဆက်ပြောသည်။ “ငါ့ဦးနှောက်ကပဲ အလုပ်လုပ်တာ နှေးနေပြီလား မပြောတတ်ဘူး။ ငါဖြင့် ထူးခြားတာ ဘာမှ မတွေ့မိသလိုပဲ”
ကုစာနာဂိလည်း ထိုနည်းတူ ခံစားနေရသည်။ သူသည် ပြတ်သားခိုင်မာသော ဥကျုမိ၏ မျက်နှာတစ်ခြမ်းကို စိုက်ကြည့်နေမိသည်။
“မစ္စစ်မာရှိဘက ဘာဖြစ်လို့ အရက်ခွက်တွေကို ဗီဒိုထဲ အသေအချာ ပြန်မသိမ်းဘဲ ခရီးထွက်သွားရတာလဲ”
ကုစာနာဂိနှင့် မာမီယာတို့ထံမှ “အန်” ဟူသော အာမေဍိတ်သံ ပြိုင်တူထွက်ပေါ်လာသည်။
“မသိမ်းဘဲ ဒီအတိုင်း ပစ်ထားခဲ့တော့ရော ဘာများ ပြဿနာ ရှိနေလို့လဲ” ကုစာနာဂိက ပြောသည်။
“ကျွန်မအထင် ပြောရရင်တော့ ပုံမှန်ဆိုရင် သူ မဖြစ်မနေ သိမ်းခဲ့မှာပဲ။ အဲဒီတုန်းက ဆရာလည်း ဗီဒိုထဲကို ကြည့်ခဲ့သေးတယ် မဟုတ်လား။ အဲဒီအထဲမှာ ပစ္စည်းတွေအားလုံးက သူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ် ရှိနေကြတယ်။ လွတ်နေတဲ့ နေရာမှာ ရှန်ပိန်ဖန်ခွက်တွေ လိုနေတယ် ဆိုတာကို တစ်ချက်ကြည့်ရုံနဲ့ တန်းသိနိုင်တယ်။ မစ္စစ်မာရှိဘလို အိမ်ရှင်မမျိုးက တန်ဖိုးကြီးတဲ့ ပန်းကန်ခွက်ယောက်တွေကို သူ့နေရာသူ စည်းကမ်းတကျမှ မသိမ်းရရင် စိတ်ကျေနပ်မယ့် မိန်းမမျိုး မဟုတ်ဘူး။ ဒါပေမယ့် ဘာဖြစ်လို့ ရှန်ပိန်ခွက်တွေကို နေရာတကျ မသိမ်းခဲ့ရတာလဲ။ အဲဒီအချက်က နားလည်ရခက်နေတယ်”
“မေ့သွားတာမျိုးရော မဖြစ်နိုင်ဘူးလား”
ကုစာနာဂိ၏ စကားကို ကြားရသည့်အခါတွင် ဥကျုမိသည် အခိုင်အမာ ခေါင်းကို ခါယမ်းလိုက်သည်။ “မဖြစ်နိုင်ဘူး”
“ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ”
“သာမန် အခြေအနေမှာ ဆိုရင်တော့ ဖြစ်ကောင်း ဖြစ်နိုင်တာပေါ့။ အခုဟာ သူက အချိန်အပိုင်းအခြား တစ်ခုလောက် အိမ်ကို ပစ်ထားခဲ့ရမှာလေ။ ဒီတော့ ရှန်ပိန်ခွက်တွေကို ဒီအတိုင်း ပစ်စလက်ခတ် ထားပစ်ခဲ့လိမ့်မယ်လို့ ဘယ်လိုမှ တွေးဆကြည့်လို့ မရဘူး”
ကုစာနာဂိနှင့် မာမီယာတို့ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။ တအံ့တဩ ဖြစ်နေသည့် မာမီယာ၏ မျက်နှာကို မြင်ရသည့် အခါတွင် မိမိ၏ အမူအရာသည်လည်း ဤနည်းအတိုင်းသာ ဖြစ်နေလိမ့်မည်ဟု ကုစာနာဂိက တွေးနေမိသည်။ ဥကျုမိ တင်ပြလာသည့် သံသယမေးခွန်းကို ယခင်က ကုစာနာဂိ၏ ဦးနှောက်ထဲတွင် တစ်ကြိမ်တစ်ခါမျှ ထွက်ပေါ်လာခဲ့ဖူးခြင်း မရှိပေ။
“ရှန်ပိန်ခွက်တွေကို မစ္စစ်မာရှိဘက ဘာဖြစ်လို့ သေသေချာချာ မသိမ်းဆည်းခဲ့တာလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေက တစ်ခုတည်း ရှိတယ်” ဥကျုမိက ဆက်ပြောသည်။ “အိမ်ကို အကြာကြီး ခွဲခွာရမှာ မဟုတ်ဘူးလို့ သိထားနှင့်လို့ပဲ။ ဒါကြောင့် ရှန်ပိန်ခွက်တွေကိုလည်း အလောတကြီး သိမ်းဆည်းနေစရာ မလိုတော့ဘူး”
မာမီယာသည် ထိုင်ခုံနောက်မှီတွင် မှီချပြီး လက်နှစ်ဖက်ကို ခပ်တင်းတင်း ပိုက်ထားလိုက်သည်။ ထို့နောက် ကုစာနာဂိကို မော့ကြည့်ကာ “စီနီယာ ရဲအရာရှိကြီးရဲ့ ချေပချက်ကိုလည်း ကြားချင်သေးတယ်”
ကုစာနာဂိက ခေါင်းကုတ်နေသည်။ သူ့တွင် ပြန်လည် ချေပစရာ စကားလုံး မရှိ။ တန်ပြန်မေးခွန်းသာ ထွက်ပေါ်လာသည်။ “နင် ဘာဖြစ်လို့ အစောကြီးကတည်းက ပြောမပြခဲ့တာလဲ။ အခင်းဖြစ်တဲ့နေရာကို ရောက်စအချိန်ကတည်းက စပြီး နင် သံသယ ရှိနေခဲ့တာ မဟုတ်လား”
ဥကျုမိသည် ဦးခေါင်းကို ငဲ့စောင်းလျက် သူ့တွင် မြင်ရခဲလှသော ရှက်ပြုံးဖြင့် ပြုံးပြနေလေသည်။ “ဆရာက ကျွန်မကို အဲဒီလို အသေးအမွှား ကိစ္စလေးတွေမှာ အချိန်မဖြုန်းဖို့ ခဏခဏ ဆူခဲ့ဖူးတာ ဆိုတော့ နောက်တစ်ခါထပ်ပြီး အဆူခံထိမှာ စိုးလို့ မပြောဖြစ်တာပါ။ နောက်ပြီးတော့ တကယ်လို့သာ မစ္စစ်မာရှိဘက တရားခံ ဖြစ်နေမယ်ဆိုရင် တစ်နေရာမဟုတ် တစ်နေရာမှာ သဲလွန်စ တွေ့လာနိုင်တယ်လို့ ယူဆမိလို့လည်း ပါပါတယ်။ ကျွန်မ တောင်းပန်ပါတယ်”
မာမီယာက လေကို အားရပါးရ ရှူသွင်းလိုက်ပြီး ကုစာနာဂိကို နောက်တစ်ကြိမ် စိုက်ကြည့်လိုက်သည်။ “ကြည့်ရတာ ငါတို့လည်း စိတ်သဘောထားတွေ ပြင်ဆင်မှ ရတော့မယ် ထင်တယ်။ အထက်လူကြီးတွေက ငါတို့ဆီကို ရဲမေတစ်ယောက် ရှားရှားပါးပါး လွှတ်ပေးထားတာလေကွာ။ ငါတို့က သူ့ကို မပြောရဲ မဆိုရဲအောင် လုပ်ထားမိမယ်ဆိုရင် အတော်ကို ရှက်စရာ ကောင်းနေပြီ”
“မဟုတ်ပါဘူး။ ကျွန်မ အဲဒီလို ဆိုလို … …”
မာမီယာက ဥကျုမိကို ဆက်ရှင်းမပြရန် လက်မြှောက်ကာ တားမြစ်လိုက်သည်။ “နောက်ကျရင် ပြောချင်တဲ့စကားကို လွတ်လွတ်လပ်လပ်သာ ပြောပါ။ အမှုကိစ္စနဲ့ ပတ်သက်လာရင် ယောက်ျားမိန်းမ၊ စီနီယာဂျူနီယာ၊ ဘာမှ ခွဲခြားနေစရာ မလိုဘူး။ စောစောက နင်ပြောခဲ့တဲ့ နင့်ရဲ့ ယူဆချက်ကို အထက်လူကြီးဆီ ငါ တင်ပြလိုက်မယ်။ ဒါပေမယ့် ဘယ်နေရာမှာမဆို အစွန်းရောက်လွန်းတာတော့ မကောင်းဘူး။ မစ္စစ်မာရှိဘက ရှန်ပိန်ခွက်တွေကို ပြန်မသိမ်းခဲ့ဘူး ဆိုတဲ့ အချက်က မသင်္ကာစရာ ကောင်းတာ မှန်ပေမယ့် အဲဒီတစ်ချက်တည်းနဲ့တော့ ဘာကိုမှ သက်သေပြလို့ မရသေးဘူး။ ငါတို့ လိုအပ်နေတာက သက်သေပြလို့ ရနိုင်တဲ့ အထောက်အထား တစ်ခုခုပဲ။ နောက်ပြီး စောစောက ပေးခဲ့တဲ့ ငါရဲ့ ညွှန်ကြားချက်က မစ္စစ်မာရှိဘရဲ့ အလီဘိုင်သက်သေကို ခိုင်လုံခြင်း ရှိမရှိ သိရအောင် သွားပြီး စစ်ဆေးခိုင်းတာ။ အဲဒီကိစ္စကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ နင် ဘာမှ စိတ်ပူပန်နေစရာ မလိုသေးဘူး။
သဘောပေါက်လား
”
ဥကျုမိသည် မျက်လွှာချကာ နှစ်ချက် သုံးချက်မျှ မျက်တောင်ခတ်လိုက်ပြီးနောက် အထက်အရာရှိကို မော့ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်”