မာရှိဘ အာယနဲ၏ မိဘအိမ်သည် သေသပ်လှပသော လူနေရပ်ကွက်တစ်ခုတွင် တည်ရှိသည်။ အဆောက်အအုံများမှာ
လေးထောင့်စပ်စပ်များ
ဖြစ်ကြပြီး အိမ်ဝင်တံခါးမကြီးသည် လှေကား၏ အထက်တွင် ရှိသည်။ အောက်ဆုံးထပ်ကို ကားဂိုဒေါင်အဖြစ် အသုံးပြုပြီး ၎င်းကို မြေအောက်ခန်းအဖြစ်လည်း အသုံးပြုကြသည်။ ဆိုလိုသည်မှာ အမြင်အားဖြင့် သုံးထပ်တိုက်ဟု ခေါ်ရမည် ဖြစ်သော်လည်း နှစ်ထပ်သာ လူနေပြီး ကျန်တစ်ထပ်မှာ ဂိုဒေါင် ဖြစ်သည်။
“ဒီနားပတ်ဝန်းကျင်မှာ ရှိတဲ့ အိမ်တွေအများစုက အကုန်လုံး ဒီအတိုင်းချည်းပဲ” အာယနဲ၏ ဖခင်ဖြစ်သူ မီတာ ကာဇူဟီရိုသည် ဧည့်သည်များကို ဆန်မုန့်များဖြင့် ဧည့်ခံရင်း ပြောသည်။ “ဆောင်းရာသီ ဝင်ပြီ ဆိုတာနဲ့ ဒီမှာက နှင်းထူတော့ အိမ်တံခါးမကြီးကို မြေပြင်နဲ့ ကပ်ထားလို့ မဖြစ်ဘူး”
“အဲဒီလိုလား” ကုစာနာဂိက ခေါင်းညိတ်ပြီး လက်ဆန့်တန်းကာ အကြမ်းပန်းကန်ကို လှမ်းယူလိုက်သည်။ လက်ဖက်ရည်အိုး ချပေးသူမှာ အာယနဲ၏ မိခင် တိုကီကို ဖြစ်သည်။ ယခုအချိန်တွင် သူသည် ကာဇူဟီရို၏ နံဘေးတွင်
ဒူးတုပ်ထိုင်လျက်
ရှိပြီး သူ၏ ပေါင်ပေါ်တွင် လင်ပန်းအလွတ်တစ်ချပ်ကို တင်ထားသည်။
“မာရှိဘ အဲဒီလို ဖြစ်သွားတယ်လို့ သတင်းကြားလိုက်ရတော့ ဦးလေးတို့တောင် လန့်ဖျပ်သွားကြတယ်။ မတော်တဆ ဖြစ်တာလည်း မဟုတ်၊ နာမကျန်း ဖြစ်တာလည်း မဟုတ်ဘူး ဆိုတော့ ဦးလေးတောင် အူကြောင်ကြောင် ဖြစ်သွားတာ အမှန်ပဲ။ အခုတော့ ရဲအရာရှိတွေတောင် အိမ်ရောက်လာမှကိုး” ကာဇူဟီရို၏ နဖူးကြောသည် လှိုင်းတွန့်များအလား ရှုံ့တွလာလေသည်။
“အခုချိန်ထိတော့ လူသတ်မှုရယ်လို့ မသတ်မှတ်နိုင်သေးပါဘူး” ကုစာနာဂိက သူတို့ကို ပြောပြသည်။
ကာဇူဟီရိုက မျက်မှောင်ကြုတ်လိုက်သည်။ ပိန်လှီနေသောကြောင့်လား မသိ။ မျက်နှာပေါ်ရှိ အရေးအကြောင်းများသည် ပိုမို၍ နက်ရှိုင်းသွားသည်ဟု မှတ်ထင်ရသည်။
“ကြည့်ရတာ သူ့မှာ ရန်သူတွေ သိပ်များလွန်းတယ် ထင်ပါရဲ့။ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တိုင်းက အဲဒီလိုမျိုးတွေချည်းပဲ။ ဒါပေမယ့် ဘယ်လိုလူက အဲဒီလို ဘုရားမကြိုက်တဲ့ ဒုစရိုက်မျိုးကို လုပ်ခဲ့တာလဲ မသိဘူး”
ကာဇူဟီရိုသည် ထိုဒေသရှိ ရှင်ယိုကင်ကို (ဂျပန်နိုင်ငံ၏ ငွေချေးသမဂ္ဂ) တွင် လွန်ခဲ့သော ငါးနှစ်ခန့်အထိ တစ်လျှောက်လုံး အလုပ်လုပ်ကိုင်နေခဲ့သည်။ ထို့ကြောင့် စီးပွားရေး လုပ်ငန်းရှင် အတော်များများနှင့် ဆုံတွေ့ခဲ့ဖူးပေလိမ့်မည်။
“ဟို …” တိုကီကိုက ခေါင်းမော့လာသည်။ “သမီး အာယနဲရော ဘယ်လိုနေလဲ မသိဘူး။ ဖုန်းထဲမှာတော့ သူက ဘာမှ မဖြစ်ဘူးလို့ ပြောနေတာပဲ”
မိခင်တစ်ဦးအနေဖြင့် မိမိ၏ သားသမီးသည်သာ ပထမဦးစားပေး ဖြစ်သည်
မဟုတ်ပါလား။
“အန်တီ့သမီး နေကောင်းပါတယ်။ အခုဖြစ်သွားတဲ့ ကိစ္စက သူ့အပေါ် ရိုက်ခတ်မှု အတော် ပြင်းထန်ပုံ ရတယ်။ ဒါပေမယ့် သူက အတတ်နိုင်ဆုံး ကြိုးစားပြီး ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးရေး ကိစ္စတွေမှာ အစွမ်းကုန် ကူညီပေးနေပါတယ်”
“ဟုတ်လား။ အဲဒါဆိုရင်တော့ ကျွန်မ စိတ်ချပါပြီ” စကားအဖြစ်သာ ပြောနေသည်။ ဤမိခင်၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သည့် အရိပ်အယောင်များက လွင့်ပါးသွားခြင်း မရှိသေးပေ။
“ပြီးခဲ့တဲ့ စနေနေ့က သူ ဦးလေးတို့ဆီ ပြန်လာသေးတယ် မဟုတ်လား။ အဲဒါ ဦးလေး ကျန်းမာရေးမကောင်းလို့ လာကြည့်တာဆို” ကုစာနာဂိသည် ကာဇူဟီရို၏ မျက်နှာကို တည့်တည့်ကြည့်ကာ လုပ်ငန်းစလိုက်သည်။ ကာဇူဟီရိုသည် ပိန်လှီပြီး မျက်နှာမှာ အနည်းအကျဉ်း ဖြူဖပ်ဖြူရော် ဖြစ်နေသော်လည်း မစားနိုင် မသောက်နိုင်သော ဒုက္ခိတတစ်ယောက် အသွင်မျိုး ပေါက်မနေပေ။
“ဦးလေးရဲ့ ပန်ကရိယက သိပ်မကောင်းတော့ဘူး။ လွန်ခဲ့တဲ့ သုံးနှစ်က ပန်ကရိယကင်ဆာ ဖြစ်ပြီးကတည်းက ကျန်းမာရေးကတော့ တရှောင်ရှောင်ပဲ။ အဖျားတက်လိုက် ဗိုက်နာလိုက် ကျောအောင့်လိုက်နဲ့။ အခုဆိုရင် တစ်ရက်နေရလည်း တစ်ရက်ပေါ့ ဆိုပြီး ကိုယ့်ဘာသာကိုယ် အားတင်းထားရတယ်”
“ဒါဆို အခုဟာက တကူးတက အိမ်ပြန်လာရလောက်အောင် ထူးခြားတဲ့ အခြေအနေမျိုး မရှိဘူးပေါ့”
“အင်း၊ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ ဟုတ်တယ် မဟုတ်လား” ကာဇူဟီရိုက တိုကီကိုကို ကြည့်လျက် အတည်ပြုချက် ရယူနေသည်။
“သမီးက မနက်ဖြန် အိမ်ပြန်လာခဲ့ဦးမယ် ဆိုပြီး သောကြာနေ့ညက ဖုန်းဆက်လာတော့ သူ့အဖေရဲ့ ကျန်းမာရေးကို စိတ်ပူလို့ဆိုပြီး ထည့်ပြောခဲ့သေးတယ်။ သူ မင်္ဂလာဆောင်ပြီးကတည်းက ဒါ ပထမဆုံး အိမ်ပြန်လာတာပဲ”
“အဲဒါအပြင် တခြား အကြောင်းအရင်းတွေရော သူ့ဆီက ကြားမိသေးလား”
“တခြား ဘာအကြောင်းအရင်းမှ မပြောပါဘူး”
“သူက ဒီမှာ ဘယ်လောက် ကြာကြာနေမယ်လို့ ပြောလဲ”
“အတိအကျတော့ မပြောဘူး။ … … ဘယ်အချိန် တိုကျိုပြန်မှာလဲလို့ မေးကြည့်တော့ သူက မဆုံးဖြတ်ရသေးဘူးတဲ့။ အဲဒါပဲ ပြောတယ်”
သူတို့နှစ်ဦး၏ ပြောစကားအရဆိုလျှင် အာယနဲသည် မိဘအိမ်သို့ အပြေးအလွှား ပြန်သွားရန် ခိုင်လုံသော အကြောင်းပြချက် မရှိပေ။ သို့ဆိုလျှင် သူသည် အဘယ်ကြောင့် မိဘအိမ်သို့ အပြေး ပြန်သွားခဲ့ရသနည်း။ အိမ်ထောင်ကျပြီးသော အမျိုးသမီးများသည် ဤသို့ ပြုမူဆောင်ရွက်ခဲ့ပါလျှင် အများစုမှာ သူ၏ လင်သားနှင့် ပဋိပက္ခ ဖြစ်နေသောကြောင့်သာ။
“ဒါနဲ့ …” ကာဇူဟီရိုက မေးရန် မဝံ့မရဲ ဖြစ်နေသည်။ “ခင်ဗျားက အာယနဲ အိမ်ပြန်လာတဲ့ ကိစ္စကို အတော်လေး စိတ်ဝင်စားနေပုံ ရတယ်။ ဘာများ ပြဿနာ ရှိနေလို့လဲ”
ကာဇူဟီရိုသည် ယခုအချိန်တွင် ပင်စင်ယူပြီး ဖြစ်သော်လည်း တစ်ချိန်တစ်ခါက အမျိုးမျိုး အစားစားသော လူတန်းစားပေါင်းစုံနှင့် ဆက်ဆံပေါင်းသင်းခဲ့ဖူးသူ ဖြစ်သည်။ တိုကျိုမှလာသော ဤမှုခင်းရဲ၏ လာရင်း ရည်ရွယ်ချက်ကို သူ၏ ဦးနှောက်ထဲတွင် အမျိုးမျိုး ချိန်ထိုးတွက်ဆ ပြီးလောက်ပေပြီ။
“တကယ်လို့သာ ဒီအမှုက လူသတ်မှုအဖြစ် သတ်မှတ်လို့ ရသွားမယ် ဆိုရင် လူသတ်တရားခံဟာ အာယနဲ မိဘအိမ် ပြန်လာတဲ့အချိန်ကို တမင်ရွေးပြီး လုပ်ကြံခဲ့တာ ဖြစ်ဖို့များတယ်” ကုစာနာဂိက ဖြေးဖြေးမှန်မှန် ရှင်းပြသည်။ “အဲဒီလိုဆိုရင်တော့ မေးစရာ မေးခွန်းတစ်ခု ရှိလာတယ်။ တရားခံက အာယနဲရဲ့ သွားလာလှုပ်ရှားမှုကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ။ ဒါကြောင့် ဦးလေးတို့ နှစ်ယောက်ဆီကနေ အသေးစိတ် အချက်အလက်တွေကို တောင်းခံနေရတာပါ။ လုပ်ငန်းသဘောအရ လုပ်ရတာဆိုတော့ အမှားပါခဲ့ရင်၊ အလိုမကျတာ ရှိရင် ကျွန်တော့်ကို ခွင့်လွတ်ပေးစေချင်ပါတယ်”
“အဲဒီလိုလား” ကာဇူဟီရိုသည် အမှန်တကယ်ပင် နားလည်သွားပါ၏လော။ သူကတော့ ခေါင်းတဆတ်ဆတ် ညိတ်နေလေသည်။
“အဲဒီတုန်းက ဦးလေးတို့သမီး ဒီမှာ ဘယ်လို နေသွားခဲ့တာလဲ” ကုစာနာဂိသည် အဘိုးအို၊ အဘွားအိုတို့၏ မျက်နှာကို တစ်လှည့်စီ စိုက်ကြည့်လိုက်သည်။
“စရောက်ရောက်ချင်း နေ့ကတော့ အိမ်မှာ တစ်နေကုန် နေသွားတာပဲ။ ညရောက်တော့ ကျွန်မတို့သုံးယောက်သား ဒီအနီးနားက ဆူရှီဆိုင်တစ်ဆိုင်မှာ ညစာသွားစားကြတယ်။ သမီးက အဲဒီဆိုင်ကို ဟိုအရင်ကတည်းက အရမ်း သဘောကျတာ” တိုကီကိုက ပြန်ဖြေသည်။
“ဆိုင်နာမည်က ဘာလဲ မသိဘူး”
ကုစာနာဂိ၏ အမေးကြောင့် တိုကီကိုက သူ့ကို သံသယမျက်လုံးများဖြင့် ငေးစိုက်ကြည့်နေသည်။ ကာဇူဟီရိုလည်း ထိုနည်းလည်းကောင်းပင်။
“ဆောရီးပါဗျာ။ ဘယ်အချက်အလက်က အမှုအတွက် နောင်တစ်ချိန်မှာ အသုံးဝင်လာနိုင်မလဲ ဆိုတာကို တိတိပပ မပြောနိုင်သေးတော့ တတ်နိုင်သမျှ အနုစိတ်ပြီး လေ့လာနေရပါတယ်။ စိတ်ချပါဗျာ။ ကျွန်တော်တို့ ခဏခဏ လာနှောင့်ယှက်နေမှာ မဟုတ်ပါဘူး”
တိုကီကို၏ မျက်နှာတွင် ရတက်မအေးသော အမူအရာများ ပြည့်နှက်နေသေးသော်လည်း ဆူရှီဆိုင်၏ ဆိုင်နာမည်ကို ပြောပြလေသည်။
“တနင်္ဂနွေနေ့မှာ သူက သူ့သူငယ်ချင်းနဲ့ ရေပူစမ်းကို သွားခဲ့သေးတယ်လို့ သတင်းကြားမိတယ်။ ဟုတ်လား မသိဘူး”
“အဲဒါ သူရဲ့ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းပါ။ နာမည်က ဆာကီကိုတဲ့။ ဆာကီကိုရဲ့ မိဘအိမ်ကလည်း ဒီနဲ့ သိပ်မဝေးဘူး။ လမ်းလျှောက်သွားရင် ငါးမိနစ်လောက်ပဲ။ အခုတော့ သူက အိမ်ထောင်ကျပြီး တောင်ပိုင်းရပ်ကွက်ကို ပြောင်းသွားတယ်။ စနေနေ့ညက အာယနဲ သူ့ဆီ ဖုန်းဆက်ပြီး ဂျိုဇန်ကဲအိကို သွားဖို့ ချိန်းလိုက်တယ် ထင်ပါရဲ့”
ကုစာနာဂိသည် သူ၏ မှတ်စုစာအုပ်ကို ကြည့်လျက် ခေါင်းညိတ်လိုက်သည်။ မာမီယာသည် အာယနဲထံမှ သူ့သူငယ်ချင်း၏ နာမည်ကို မေးမြန်းထားခဲ့ပြီး ဖြစ်သည်။ နာမည် အပြည့်အစုံမှာ မိုတိုအိုကာ ဆာကီကို။ ဥကျုမိသည် ဂျိုဇန်ကဲအိ ရေပူစမ်းသို့ အရင်သွားပြီး အပြန်တွင် ထိုအမျိုးသမီးထံသို့ ဝင်ရောက်စုံစမ်းပေလိမ့်မည်။
“အာယနဲက အိမ်ထောင်ကျပြီးကတည်းက ပထမဆုံးအကြိမ် အိမ်ပြန်လာတာဆိုတော့ သူက ဦးလေးတို့နှစ်ယောက်ကို မစ္စတာမာရှိဘအကြောင်း ပြောမပြဘူးလား”
တိုကီကိုက တစ်ခဏမျှ စဉ်းစားပြီး ပြန်ဖြေလေသည်။ “သူ့ယောက်ျားက အလုပ် သိပ်များတယ် ဆိုတာတော့ ပြောတယ်။ နောက်ပြီး တစ်နေကုန် ဂေါက်ရိုက်နေတတ်တယ် ဆိုတာမျိုးရောပဲ”
“ဒါဆို အဲဒီအချိန်တုန်းက အိမ်မှာ ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာမျိုးတော့ မပြောပြဘူးပေါ့”
“မပြောဘူး။ ပြောရရင် အဲဒီကောင်မလေးက ကျွန်မတို့ အကြောင်းကိုပဲ မေးတာ ပိုများတယ်။ ဖေကြီးရဲ့ ကျန်းမာရေးက သက်သာရဲ့လားတို့၊ မောင်လေးရော အဆင်ပြေရဲ့လားတို့ အဲဒီလိုဟာမျိုးတွေပေါ့။ ဪ … သူ့မှာ မောင်လေးတစ်ယောက် ရှိတယ်။ အခု အလုပ်ကိစ္စနဲ့ အမေရိကား ရောက်နေတယ်”
“အရင် အာယနဲက တစ်ခါမှ ပြန်မလာခဲ့ဖူးဘူး ဆိုတော့ အန်တီတို့လည်း မစ္စတာမာရှိဘနဲ့ သိပ်မဆုံဖူးဘူး ထင်တယ်”
“ဟုတ်တယ်။ သူတို့နှစ်ယောက် မင်္ဂလာမဆောင်ခင် အစောပိုင်းလောက်ကတော့ ကျွန်မတို့ မာရှိဘအိမ်ကို တစ်ခေါက်ရောက်ခဲ့ဖူးတယ်။ အဲဒီနောက်တော့ သူနဲ့ အေးအေးဆေးဆေး စကားမပြောဖြစ်တော့ဘူး။ မာရှိဘက ကျွန်မတို့ကို အချိန်မရွေး လာလည်ပါလို့ ဖိတ်ခေါ်ထားပေမယ့်လည်း အဖေကြီးက နေသိပ်မကောင်းတော့ နောက်ပိုင်း တစ်ခေါက်မှကို မရောက်ဖြစ်တော့ဘူး”
“ကျွန်တော်တို့ သူ့နဲ့ လေးခေါက်လောက်ပဲ ဆုံခဲ့ဖူးတယ်” ကာဇူဟီရိုက ပြန်တွေးကြည့်ပြီး ပြောလာသည်။
“သူတို့နှစ်ယောက်က အိမ်ထောင်ပြုကြတာ မြန်တယ်နော်”
“ဟုတ်တယ်။ အဲဒီတုန်းက အာယနဲကလည်း အသက် ၃၀ တောင် ရှိနေပြီလေ။ အိမ်ထောင်ပြုသင့်နေပြီပေါ့။ ကျွန်မတို့ကလည်း သူ့အတွက် စိတ်ပူနေကြတာ။ နောက်တော့ သူက ဆိုင်းမဆင့် ဗုံမဆင့်နဲ့ အိမ်ထောင်ပြုတော့မယ် ဆိုပြီး ဖုန်းဆက်လာတယ်” တိုကီကိုက နှုတ်ခမ်းကို စူ
လျက်
ပြောနေသည်။
အာယနဲသည် လွန်ခဲ့သော ရှစ်နှစ်ခန့်က အိမ်မှ တိုကျိုသို့ ထွက်ခွာသွားခဲ့သည်ဟု သူ၏ မိဘများထံမှ သိရှိရသည်။ ထိုနှစ်မတိုင်ခင်ကလည်း သူသည် ဆပ်ပိုရိုတွင် အမြဲတမ်း ရှိနေခဲ့သည် မဟုတ်။ တက္ကသိုလ်မှ ဘွဲ့ရပြီးသည့်အခါတွင် သူသည် အင်္ဂလန်တွင် ပညာတော်သင်အဖြစ် နှစ်အတော်ကြာ နေနေခဲ့သေးသည်။ စပ်ထည်ပန်းချီကို အထက်တန်း ကျောင်းသူဘဝကတည်းက ဝါသနာပါခဲ့သည်ဟု ဆိုသည်။ ထိုအချိန်ကတည်းက သူသည် ပြိုင်ပွဲပေါင်းများစွာတွင် လူအများ၏ ချီးကျူးဩဘာပေးခြင်းကို ခံခဲ့ရပြီး နာမည်ကျော်ကြား လူသိများလာခဲ့သည်။ အင်္ဂလန်မှ ပြန်ရောက်သောအခါတွင် စပ်ထည်နှင့် ပတ်သက်သော စာအုပ်ကို ရေးသားထုတ်ဝေခဲ့သောကြောင့် စပ်ထည်မြတ်နိုးသူများ၏ အဝန်းအဝိုင်းအတွင်း၌ လေးစားဂုဏ်ပြုထိုက်သူတစ်ယောက် ဖြစ်လာခဲ့လေတော့သည်။
“အဲဒီတုန်းကတော့ သူက တစ်နေကုန် အလုပ်ပဲ စိတ်ဝင်စားနေခဲ့တာ။ သူ့ကို ဘယ်တော့ အိမ်ထောင်ပြုမှာလဲလို့ မေးလိုက်ရင်လည်း အိမ်ထောင်ရှင်မတစ်ယောက် မဖြစ်ချင်ဘူးလို့ပဲ ပြန်ဖြေတတ်တယ်။ သူ့အတွက် ကူဖော်လောင်ဖက်ရမယ့် အိမ်ထောင်ရှင်မတစ်ယောက်တောင် ပြန်ရှာချင်နေတာတဲ့လေ”
“ဪ” တိုကီကို၏ စကားသည် ကုစာနာဂိအတွက် မထင်မှတ်ထားသော စကားတစ်ခွန်း ဖြစ်နေသည်။ “ဒါပေမယ့် သူ့ကို ကြည့်ရတာ အိမ်မှုကိစ္စတွေ နိုင်နင်းမယ့်ပုံပါပဲ”
ထိုစကားကြောင့် ကာဇူဟီရိုက နှုတ်ခမ်းကို ရွဲ့ကာ လက်ခါပြသည်။ “သူက လက်မှုပညာလောက်ပဲ ကျွမ်းကျင်တာ။ အဲဒါကိုကြည့်ပြီး အိမ်မှုကိစ္စပါ ကျွမ်းလိမ့်မယ် မထင်လိုက်နဲ့ဦး။ သူ ဒီအိမ်မှာ နေခဲ့တုန်းက ဘယ်တုန်းကမှ အိမ်မှုကိစ္စ လုပ်ခဲ့ဖူးတာ မဟုတ်ဘူး။ တိုကျိုမှာ တစ်ယောက်တည်း နေရပြီ ဆိုတော့လည်း ဟင်းတောင် ဟုတ်တိပတ်တိ ချက်ခဲ့ဖူးတာ မဟုတ်ဘူး”
“ဗျာ၊ တကယ်ကြီးလား”
“တကယ်ပေါ့” တိုကီကိုက ပြောသည်။ “သူနေခဲ့တဲ့ နေရာကို ကျွန်မတို့ ခဏခဏ ရောက်ခဲ့ဖူးတယ်။ ကိုယ့်ဟာကိုယ် ချက်စားပုံ မရပါဘူး။ အပြင်မှာ ဝယ်စားချင်စား၊ မဟုတ်ရင်လည်း မုန့်ဆိုင်ကနေ အလွယ်စားလို့ရတဲ့ အစားအစာတွေ ဝယ်စားတာ။ အဲဒီလိုဟာမျိုးတွေပဲ နေ့တိုင်း စားနေတာ”
“ဒါပေမယ့် မစ္စတာမာရှိဘရဲ့ သူငယ်ချင်းဆီကနေ ကြားခဲ့တာကတော့ သူတို့ မိတ်ဆုံစားပွဲကို မကြာမကြာ လုပ်ပြီး များသောအားဖြင့် အာယနဲကပဲ ချက်ပြုတ်ရေးကို တာဝန်ယူတယ်လို့ ပြောတယ်”
“ကျွန်မတို့လည်း အာယနဲဆီကနေ အဲဒါ ကြားဖူးတယ်။ သူက မင်္ဂလာမဆောင်ခင် စာဖိုမှူးသင်တန်းကို သွားတက်လိုက်သေးတယ် ဆိုပဲ။ ဒါကြောင့် အချက်အပြုတ် ပိုင်နိုင်လာတာ ဖြစ်မယ်။ ကျွန်မတို့ အဲဒီတုန်းကတောင် ပြောဖြစ်သေးတယ်။ ကိုယ်ချစ်တဲ့လူကို ကိုယ်တိုင် ဟင်းချက်ကျွေးနိုင်ဖို့အတွက် ဒီကောင်မလေးက အတော်တော့ ကြိုးစားသားပဲလို့”
“အခုကျ ဒီလိုအဖြစ်မျိုးနဲ့ ကြုံလာရတော့ သူ အတော်ကို ခံစားနေရလောက်တယ်” ကာဇူဟီရိုသည် သူ့သမီး၏ ဖြစ်အင်ကို မျက်မြင်ဒိဋ္ဌ တွေ့မြင်နေရသည့်နှယ် ကြေကွဲဆို့နင့်သော မျက်နှာဖြင့် မျက်လွှာကို အောက်သို့ ဆွဲချပစ်လိုက်သည်။
“ဒါနဲ့ ကျွန်မတို့ သမီးကို သွားတွေ့လို့ ရမလား။ ကျွန်မတို့လည်း သူ့ကို ကူစရာရှိတာ ကူလုပ်ပေးချင်တယ်။ ဈာပနကိစ္စလည်း လုပ်ရဦးမှာ မဟုတ်လား”
“ရတာပေါ့ခင်ဗျာ။ ဒါပေမယ့် ရုပ်အလောင်းကို မိသားစုဝင်တွေဆီ ဘယ်အချိန်မှ ပြန်အပ်နိုင်မလဲ ဆိုတာကိုတော့ ကျွန်တော် မပြောတတ်သေးဘူး”
“အဲဒီလိုလား”
“ခဏနေလောက်ကျရင် နင် သမီးဆီ ဖုန်းခေါ်လိုက်လေ” ကာဇူဟီရိုက သူ့ဇနီးကို လှမ်းပြောသည်။
ရည်ရွယ်ချက်
ပြည့်မြောက်ပြီ
ဖြစ်သောကြောင့် ကုစာနာဂိသည် မတ်တတ်ရပ်ကာ ပြန်ရန် နှုတ်ဆက်လိုက်သည်။ အိမ်ပေါက်ဝတွင် ဖိနပ်စီးနေစဉ် အင်္ကျီချိတ်၌ ချိတ်ဆွဲထားသော စပ်ထည်ဖြင့် ပြုလုပ်ထားသည့် အပေါ်ဝတ်အနွေးထည် တစ်ထည်ကို သတိထားမိသွားသည်။ အနွေးထည်၏ အောက်ပိုင်းမှာ လွန်စွာ ရှည်လျားပြီး လူကြီးတစ်ယောက် ဝတ်ထားမည် ဆိုလျှင် သူ၏ ဒူးခေါင်းကိုပင် ဖုံးအုပ်ထားနိုင်သည်။
“ဒီအင်္ကျီကို သမီးချုပ်ပေးထားတာ။ အတော်တောင် ကြာရောပေါ့” တိုကီကိုက ပြောသည်။ “ဆောင်းရာသီမှာ အိမ်ပြင်ထွက်ပြီး သတင်းစာတို့၊ စာတို့ သွားယူရင် သူ့အဖေ ဝတ်ရအောင်တဲ့”
“သူ အဲဒီလို ကြောင်ကြောင်ကြားကြားကြီး ချုပ်ပေးဖို့ မသင့်ပါဘူးကွာ” ပြောလို့သာ ပြောနေရသည်။ ကာဇူဟီရို၏ မျက်နှာတွင် ပီတိများ ပြည့်လျှမ်းနေသည်။
“သူ့အဖေ ဆောင်းတွင်းတုန်းက တစ်ခါ ချော်လဲခဲ့ဖူးတယ်။ တင်ပါးဆုံရိုးတောင် ကျိုးသွားခဲ့တာ။ အာယနဲက အဲဒါကို မေ့နိုင်သေးပုံ မရဘူး။ ဒါကြောင့် သူ့အဖေအတွက် အင်္ကျီချုပ်ရင် ခါးနေရာမှာ ကူရှင်ထည့်ချုပ်ပေးလေ့ ရှိတယ်” တိုကီကိုသည် အနွေးထည်၏ အတွင်းပိုင်းကို ကုစာနာဂိအား လှန်ပြရင်း ပြောနေသည်။
စေစပ်သေချာလိုက်သည့် ဖြစ်ခြင်း။ သူမှ သူအစစ်။ ကုစာနာဂိက တွေးနေမိသည်။
မီတာအိမ်မှ ထွက်ခွာလာပြီးသည့်နောက်တွင် ကုစာနာဂိသည် သူတို့ပြောခဲ့သော ဆူရှီဆိုင်သို့ ဝင်လိုက်သည်။ ဆိုင်ဝတွင် ‘ပိတ်’ ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲထားသည်။ အသက် ၅၀ ခန့် အရွယ်ရှိသော ကတုံးဆံတောက်ကေနှင့် စားဖိုမှူးသည် မီးဖိုချောင်ထဲတွင် ဟင်းလျာများကို ပြင်ဆင်နေသည်။ သူက မီတာတို့ မိသားစုကို မှတ်မိနေသေးသည်။
“အာယနဲကို မတွေ့တာ ကြာပြီ။ ဒါကြောင့် တတ်သမျှ ကျွန်တော်ရဲ့ အစွမ်းတွေ အကုန်ထုတ်ပြီး သူ့ကို ချက်ကျွေးခဲ့တာ။ သူတို့ အဲဒီနေ့က ၁၀ နာရီ ပတ်ဝန်းကျင်လောက် ပြန်သွားတယ် မှတ်တာပဲ။ ဘာပြဿနာများ ရှိနေလို့လဲ”
ကုစာနာဂိသည် သတင်း မပေါက်ကြားစေရန်အတွက် ဟိုဟိုဒီဒီ လှီးလွှဲပြောဆိုပြီး ဆိုင်ထဲမှ ထွက်လာခဲ့သည်။ ဆပ်ပိုရိုဘူတာ နံဘေးရှိ ဟိုတယ်တစ်လုံး၏ ဧည့်ခန်းမဆောင်တွင် ဥကျုမိနှင့် ပြန်ဆုံရန် ချိန်းထားသောကြောင့် ဘူတာရုံ ရှိရာအရပ်သို့ ထွက်ခွာလာခဲ့သည်။ ဟိုတယ်သို့ ရောက်သည့်အခါတွင် ဥကျုမိသည် ခေါင်းငုံ့ကာ တစ်စုံတစ်ခု ရေးမှတ်နေသည်ကို တွေ့ရသည်။
“အိုကေလား” ကုစာနာဂိသည် ဥကျုမိနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
“အာယနဲက တကယ်ပဲ ဂျိုဇန်ကဲအိက တည်းခိုခန်းမှာ တစ်ညအိပ်ခဲ့တယ်။ အဲဒီက ဝန်ထမ်းတွေကိုလည်း ကျွန်မ မေးခဲ့သေးတယ်။ သူနဲ့ သူ့သူငယ်ချင်းနဲ့ အဲဒီမှာ နေခဲ့တာ ပျော်ပျော်ရွှင်ရွှင်ပဲတဲ့”
“သူ့သူငယ်ချင်း မိုတိုအိုကာ ဆာကီကိုဘက်ကရော”
“တွေ့ပြီးသွားပြီ”
“သူပြောတဲ့စကားက အာယနဲ ပြောတာနဲ့ ကွဲပြားတာ ရှိလား”
ဥကျုမိသည် မျက်လွှာကို အောက်သို့ ချကာ ခေါင်းခါပြသည်။ “မရှိဘူး။ အာယနဲရဲ့ ထွက်ဆိုချက်နဲ့ အခြေခံအားဖြင့် ထပ်တူကျတယ်”
“ငါ့ဘက်လည်း အတူတူပဲ။ အဲဒီတုန်းက တိုကျိုကို အသွားအပြန် လုပ်ဖို့ သူ့မှာ အချိန် မရှိနိုင်ဘူး”
“မစ္စစ်မိုတိုအိုကာက ပြောတယ်။ တနင်္ဂနွေနေ့ တစ်မနက်လုံး မစ္စစ်မာရှိဘနဲ့ အတူ ရှိနေခဲ့တယ်တဲ့။ နောက်ပြီး ညဉ့်နက်မှ မစ္စစ်မာရှိဘက သူ့ဖုန်းမှာ မစ်ကောတွေ ဝင်ထားတာကို သတိထားမိတယ်လို့ ပြောတယ်။ အဲဒီအချက်ကလည်း ထွက်ဆိုချက်နဲ့ တထေရာတည်းပဲ”
“ဒါဆို ပြည့်စုံသွားပြီပေါ့” ကုစာနာဂိက ထိုင်ခုံပေါ် မှီချကာ အငယ်တန်းရဲမေ၏ မျက်နှာကို ကြည့်လျက် စကားဆိုလိုက်သည်။ “မာရှိဘ အာယနဲက တရားခံ မဟုတ်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ နင့်စိတ်က ဘဝင်ကျချင်မှ ကျဦးမယ်။ ဒါပေမယ့် အဖြစ်မှန်ကို ဓမ္မဓိဋ္ဌာန်ကျကျ ကြည့်ရမယ် မဟုတ်လား”
ဥကျုမိသည် လေကို အားရပါးရ ရှူသွင်းပြီး အကြည့်ကို တခြားတစ်နေရာသို့ ဖယ်ခွာပစ်လိုက်သည်။ ထို့နောက် ပြူးကျယ်သော မျက်လုံးအစုံဖြင့် ကုစာနာဂိကို ပြန်ကြည့်ကာ စကားစလိုက်ပြန်သည်။ “မစ္စစ်မိုတိုအိုကာရဲ့ စကားတွေထဲမှာ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တချို့ ပါနေတယ်”
“ဥပမာ …”
“မစ္စစ်မိုတိုအိုကာက မစ္စစ်မာရှိဘနဲ့ မဆုံဖြစ်ကြတာ တော်တော်ကို ကြာနေပြီ။ မစ္စစ်မာရှိဘ အိမ်ထောင်ကျကတည်းက မတွေ့ဖြစ်ကြတော့ဘူးလို့ ပြောတယ်”
“သူ့မိဘတွေကလည်း အဲဒီလို ပြောတာပဲ”
“မစ္စစ်မိုတိုအိုကာရဲ့ အမြင်မှာ မစ္စစ်မာရှိဘက ပြောင်းလဲသွားတယ်တဲ့။ သူ အရင်တုန်းက အခုထက်ပိုပြီး သွက်လက်ချက်ချာတယ်။ အခု ဒီတစ်ခေါက် ပြန်တွေ့ရတော့ အတော်ကြီးကို ရင့်ကျက်တည်ငြိမ်ပြီး သူ့ကို ကြည့်ရတာ စိတ်နဲ့လူနဲ့ မကပ်သလိုပဲ တဲ့”
“အဲဒီတော့ ဘာဖြစ်လဲ” ကုစာနာဂိက ပြောသည်။ “မစ္စစ်မာရှိဘက သူ့ယောက်ျား ဖောက်ပြန်နေတာကို ရိပ်မိထားပြီးပြီ ဆိုတဲ့ ဖြစ်နိုင်ခြေက တော်တော်ကို များတယ်။ ဒီတစ်ခေါက် မိဘအိမ် ပြန်တယ် ဆိုတာကလည်း စိတ်ညစ်လို့ ပြန်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်တာပဲ။ အဲဒီလို ဖြစ်နေတော့ရော ဘာဖြစ်သေးလဲ။ ခွဲမှူးလည်း နင့်ကို ပြောခဲ့ဖူးတယ် မဟုတ်လား။ ငါတို့ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က သူရဲ့ အလီဘိုင်သက်သေကို မှန်၏၊ မမှန်၏ အတည်ပြုပေးရုံပဲ။ အခု အဲဒီအချက်က ဘာမှ သံသယဝင်စရာ မရှိတော့ဘူး။ ပြီးပြည့်စုံနေပြီ။ အဲဒီလောက်ဆိုရင် ရနေပြီပဲ ဥစ္စာ”
“နောက်တစ်ချက် ကျန်သေးတယ်” ဥကျုမိက မတုန်မလှုပ် ဆက်ပြောသည်။ “လက်ကိုင်ဖုန်းကို မစ္စစ်မာရှိဘ ခဏခဏ ဖွင့်ကြည့်တာကို မစ္စစ်မိုတိုအိုကာက မျက်စိနဲ့ တပ်အပ် မြင်ခဲ့တယ်တဲ့။ တစ်ခါစက်ဖွင့်ကြည့်တိုင်း စာတို ဝင်မဝင်၊ မစ်ကော ဝင်မဝင် စစ်ပြီး ချက်ချင်း ဖုန်းကို ပါဝါပြန်ပိတ်ထားတယ်တဲ့”
“ဖုန်းအား မကုန်အောင် ချွေတာတာ နေမှာပေါ့။ ဒါလည်း အထူးအဆန်း မဟုတ်ပါဘူး”
“အဲဒီလို ဟုတ်နိုင်ပါ့မလား”
“အဲဒါအပြင် ဘာရော ဖြစ်နိုင်သေးလို့လဲ”
“သူ့ဆီကို တစ်ယောက်ယောက် ဆက်သွယ်လာလိမ့်မယ်လို့ ကြိုသိနေတာရော မဖြစ်နိုင်ဘူးလား။ ဒါပေမယ့် အဲဒီဖုန်းကောကိုလည်း တိုက်ရိုက် လက်မခံချင်ဘူး။ အသံသွင်းထားတာကို နားထောင်ပြီး အခြေအနေကို သုံးသပ်ပြီးမှ ကိုယ်ဘာသာ ပြန်ဆက်သွယ်ဖို့ စိတ်ကူးထားရင်ရော။ အဲဒါ သူ ဖုန်းပိတ်ပစ်ရတဲ့ ရည်ရွယ်ချက်ပဲ”
ကုစာနာဂိက ခေါင်းခါလိုက်သည်။ သူ၏ မျက်စိရှေ့တွင် ထိုင်နေသော မှုခင်းရဲမေသည် အမှန်ပင် ဉာဏ်ထက်မြက်သည်ဟု သူ ယူဆသည်။ သို့သော် ခေါင်းမာလွန်းနေသည်။ သူသည် လက်ပတ်နာရီကို ကြည့်ပြီး မတ်တတ်ထရပ်လိုက်သည်။
“သွားရအောင်။ လေယာဉ်ချိန်နီးပြီ”