မာတိကာကြည့်ရန်

(၃၁)

ဥကျုမိသည် တံခါးဝရှေ့အရောက်တွင် ခြေလှမ်းကို တုံ့ရပ်လိုက်သည်။ တံခါးရွက်ပေါ်တွင် ‘အန်နာဂေဟာ’ ဟူသော ဆိုင်းဘုတ်ကို ချိတ်မြဲ ချိတ်ထားသေးသော်လည်း ကုစာနာဂိ၏ ပြောစကားအရဆိုလျှင် ယခုအခါ ဤစပ်ထည်သင်တန်းကျောင်းကို လုံးဝ ရပ်နားထားသည်။

အနားတွင် ရပ်နေသော ကုစာနာဂိက ခေါင်းဆတ်ပြသဖြင့် ဥကျုမိသည် လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်သည်။ တစ်ခဏမျှ ကြာသည်အထိ အထဲမှ တုံ့ပြန်သံ မကြားရပေ။ ဥကျုမိသည် ခေါင်းလောင်းကို နောက်တစ်ကြိမ်နှိပ်ရန် လက်ကို ဆန့်တန်းလိုက်သည်။ ထိုစဉ် “လာပြီ” ဟူသော အသံတစ်သံ ထွက်ပေါ်လာသည်။ အာယနဲ၏ အသံပင် ဖြစ်သည်။

“ကျွန်မ ရဲဌာနချုပ်က ဥကျုမိပါ” သူသည် အင်တာကွန်း၏ မိုက်ခွက်အနီးတွင် နှုတ်ခမ်းကို တေ့ပြီး ပြောလိုက်သည်။ အိမ်နီးနားချင်းများ မကြားမိစေရန်အတွက် အသံကို တိုးနိုင်သမျှတိုးအောင် ပြောနိုင်ရန်အတွက် ဤသို့ ပြုလုပ်ရခြင်း ဖြစ်သည်။

တဒင်္ဂမျှ ဆိတ်ငြိမ်သွားပြီးနောက် အခန်းထဲမှ စကားသံ ထွက်ပေါ်လာပြန်သည်။ “ဪ၊ ရဲဘော်ဥကျုမိပါလား။ ဘာကိစ္စများ ရှိလို့လဲ မသိဘူး”

“ကျွန်မ ရှင့်ကို မေးမြန်းချင်တာလေး ရှိလို့ပါ။ အခုချိန် အဆင်ပြေမလား မသိဘူး”

တိတ်ဆိတ်မှုက လွှမ်းမိုးသွားပြန်သည်။ တံခါးတစ်ဖက်မှ အင်တာကွန်းအနီးတွင် ရပ်လျက် တွေးဆနေသော အာယနဲ၏ ပုံရိပ်သဏ္ဌာန်သည် ဥကျုမိ၏ အတွေးအာရုံထဲတွင် ထင်ပေါ်လာသည်။

“ဟုတ်ကဲ့။ ကျွန်မ အခုပဲ တံခါးဖွင့်ပေးပါ့မယ်”

ဥကျုမိသည် ခေါင်းငဲ့လျက် ကုစာနာဂိကို လှမ်းကြည့်လိုက်သည်။ ကုစာနာဂိက သူ့ကို အသာအယာ ခေါင်းဆတ်ပြသည်။

သော့ဖွင့်သံများ ထွက်ပေါ်လာပြီးနောက် တံခါးပွင့်လာသည်။ အာယနဲသည် ကုစာနာဂိကို မြင်လိုက်ရသည့်အခါတွင် အတော်အတန် အံ့အားသင့်သွားဟန် တူသည်။ တံခါးရှေ့တွင် ဥကျုမိ တစ်ယောက်တည်းသာ ရှိနေသည်ဟု သူ ယူဆထား၍လား မဆိုနိုင်။

ကုစာနာဂိသည် ခေါင်းကို ငုံ့လျက် အာယနဲကို တောင်းပန်စကား ဆိုသည်။ “တောင်းပန်ပါတယ်ဗျာ။ ရုတ်တရက်ကြီး အနှောင့်အယှက် လာပေးသလို ဖြစ်နေပြီ”

“ဆရာကုစာနာဂိလည်း အတူပါလာတာပဲ” အာယနဲ၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။ “အထဲကို ကြွကြပါရှင်”

“မဝင်တော့ပါဘူး။ တကယ်တော့ …” ကုစာနာဂိက ပြောသည်။ “ခင်ဗျားကို ကျွန်တော်တို့နဲ့အတူ မဲဂူရိုကို လိုက်ခဲ့ဖို့ ခေါ်မလို့ပါ”

အပြုံးပန်းများသည် အာယနဲ၏ မျက်နှာပေါ်မှ လုံးဝ ပျောက်ကွယ်သွားသည်။ “ရဲစခန်းကို လိုက်ရမှာလား”

“ဟုတ်ပါတယ်။ ကျွန်တော်တို့နဲ့ မဲဂူရိုရဲစခန်းကို လိုက်ခဲ့ပြီး အဲဒီမှာ အေးအေးဆေးဆေး စကားပြောကြမလားလို့။ ကျွန်တော်တို့ ပြောမယ့်ကိစ္စကလည်း နည်းနည်း အကဲဆတ်နေတာကြောင့်ပါ”

အာယနဲသည် မျက်တောင်မခတ်ဘဲ ကုစာနာဂိကို စိုက်ကြည့်နေသည်။ ဥကျုမိလည်း ရောယောင်လိုက်ကာ သူ့ဆရာ၏ မျက်နှာကို ငေးကြည့်နေမိလေသည်။ ကုစာနာဂိ၏ မျက်ဝန်းများထဲတွင် ဝမ်းနည်းကြေကွဲမှု၏ အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။ ပူဆွေးနောင်တပင် ပါကောင်း ပါပေလိမ့်မည်။ သူသည် မည်မျှ အားတင်း၍ ဤနေရာသို့ အရောက်လာခဲ့ရသည်ကို ယခုအခါ အာယနဲပင် ရိပ်စားမိနေလောက်ပြီ။

“ဟုတ်လား” အာယနဲ၏ မျက်ဝန်းများသည် ပြန်လည်၍ နွေးထွေးနူးညံ့လာသည်။ “အဲဒီလိုဆိုရင်တော့လည်း ကျွန်မ ဆရာမတို့နှစ်ယောက်နဲ့ လိုက်ခဲ့ရမှာပေါ့။ ဒါပေမယ့် ကျွန်မကို ပြင်ဆင်ချိန် နည်းနည်းလောက်တော့ ပေးပါဦးလား။ ဧည့်ခန်းထဲမှာ ခဏလောက် ထိုင်ပြီး စောင့်ပေးလို့ ရတယ်မလား။ ဧည့်သည်ကို အပြင်မှာ မိုးတိုးမတ်တတ်နဲ့ ရပ်စောင့်ခိုင်းရရင် ကျွန်မ ဘယ်လိုမှ စိတ်ကောင်းနိုင်မှာ မဟုတ်ဘူး”

“ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ အထဲမှာ ထိုင်စောင့်ပါ့မယ်” ကုစာနာဂိက ပြောသည်။

အာယနဲသည် “အထဲကို ကြွပါ” ဟု ဆိုပြီး တံခါးကို ခပ်ကျယ်ကျယ် ဖွင့်ပေးလိုက်သည်။

အခန်းထဲတွင် အရာအားလုံးမှာ သူ့နေရာနှင့်သူ သန့်ပြန့်ရှင်းလင်းနေသည်။ ကြည့်ရသည်မှာ မလိုအပ်သော ပရိဘောဂပစ္စည်းများနှင့် တခြားပစ္စည်းပစ္စယများကို အခန်းတွင်းမှ ရှင်းလင်းသုတ်သင်ပြီး ဖြစ်ပေမည်။ သို့သော် ဧည့်ခန်းအလယ်တွင် ချထားသည့် အလုပ်စားပွဲအဖြစ် ယခင်က အသုံးပြုခဲ့သော စားပွဲကြီးမှာ မူလနေရာတွင် ရှိမြဲ ရှိနေဆဲပင်။

“ဟိုစပ်ထည်ပန်းချီကားကို ခင်ဗျား အခုချိန်ထိ နံရံမှာ မချိတ်ရသေးဘူးပဲ” ကုစာနာဂိက ဧည့်ခန်းနံရံကို ကြည့်လျက် ပြောနေသည်။

“ချိတ်ဖို့ အချိန်မပေးနိုင်သေးဘူး ဖြစ်နေတာ” အာယနဲက ပြန်ဖြေသည်။

“ဟုတ်လား။ အဲဒီနေရာမှာ ချိတ်ထားရင် အတော်ကို ပနံရမှာပဲ။ ပန်းချီကားက တော်တော်ကို လှတာ။ ပုံနှိပ်စာအုပ်ထဲမှာတောင် ထည့်သုံးလို့ ရနိုင်တယ်”

အာယနဲသည် အပြုံးမပျက်ဘဲ ကုစာနာဂိကို ကြည့်လျက် ပြောသည်။ “ကျေးဇူးတင်ပါတယ်ရှင်”

ကုစာနာဂိ၏ အကြည့်သည် ဝရန်တာဘက်သို့ ရောက်ရှိသွားသည်။ “ဪ … ပန်းအိုးတွေကိုတောင် ဒီဘက်ကို ရွှေ့လာပြီးပြီပဲ”

ဥကျုမိလည်း ဝရန်တာဘက်သို့ လှမ်းကြည့်လိုက်မိသည်။ မှန်တံခါး၏ အပြင်ဘက်တွင် ပန်းရောင်စုံများ ဖူးပွင့်နေသည့် ပန်းအိုးအမြောက်အမြားကို တွေ့မြင်နေရသည်။

“ဟုတ်တယ်။ တချို့တလေကိုတော့ ရွှေ့ပြီးသွားပြီ” အာယနဲက ပြောသည်။ “အိမ်ပြောင်းကုမ္ပဏီကလူတွေ ရွှေ့လာပေးတာ”

“ဪ … ကြည့်ရတာ ခုနလေးတင်ကမှ ရေလောင်းထားပြီးတာ ထင်တယ်” ကုစာနာဂိသည် အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။ မှန်တံခါး၏ အခြေတွင် ရေပန်းခရာအိုးကြီးကို တွေ့မြင်နေရသည်။

“ဟုတ်တယ်။ အဲဒီခရားအိုးကြီးက သုံးရတာ အတော်ကို အဆင်ပြေတာပဲ။ ကျေးဇူးပါပဲရှင်”

“ရပါတယ်ဗျာ။ အသုံးတည့်တာ ကြားရရင်ကိုပဲ ဝမ်းသာလှပါပြီ” ကုစာနာဂိသည် အာယနဲကို လှည့်ကြည့်ပြီး “ကျွန်တော်တို့ကို ဧည့်ခံနေစရာ မလိုပါဘူး။ လုပ်စရာရှိတာ သွားလုပ်လိုက်ပါ”

အာယနဲသည် ခေါင်းညိတ်ပြပြီး “ဟုတ်ကဲ့” ဟူ ဆိုကာ လှည့်၍ ဧည့်ခန်းထဲမှ ထွက်ခွာသွားသည်။ သို့သော် ဧည့်ခန်းတံခါးကို ဖွင့်ရန် လက်ဆန့်တန်းလိုက်စဉ်မှာပင် နောက်သို့ ပြန်လှည့်ကာ စကားဆိုလိုက်သည်။ “ရှင်တို့ ဘာတွေများ အသစ်တွေ့ထားပြီလဲ”

“ဗျာ …”

“အမှုအကြောင်းကို မေးတာပါ။ သဲလွန်စအသစ် ဒါမှမဟုတ် တခြားထူးခြားတာတွေများ တွေ့ထားပြီလားလို့။ ရှင်တို့နှစ်ယောက်က တွေ့ရှိချက်အသစ်တွေ ရထားလို့ ကျွန်မကို ရဲစခန်းခေါ်နေတာ မဟုတ်ဘူးလား”

ကုစာနာဂိက ဥကျုမိကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထို့နောက် အာယနဲကို စိုက်ကြည့်ပြီး “အဲဒီလိုပဲ ဆိုပါတော့ဗျာ”

“ဘာတွေများ တွေ့ထားပြီးပြီလဲ။ ကျွန်မကို ပြောပြလို့ ရမလား။ ဒါမှမဟုတ် ရဲစခန်းရောက်မှပဲ ကျွန်မကို ပြောပြဖို့ စိတ်ကူးထားတာလား”

အာယနဲ၏ အသံမှာ ဝမ်းသာစရာ သတင်းစကားကို ပြောကြားနေသကဲ့သို့ ပေါ့ပါးလွတ်လပ်နေသည်။

ကုစာနာဂိသည် မျက်လွှာကိုချလျက် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေပြီးနောက် နောက်တစ်ကြိမ် စကားဆိုလိုက်သည်။ “လူသတ်တရားခံက အဆိပ်ကို ဘယ်နေရာမှာ ခတ်ခဲ့သလဲ ဆိုတာ ကျွန်တော်တို့ စုံစမ်းလို့ ရသွားပါပြီ။ ရှုထောင့်ပေါင်းစုံကနေ သိပ္ပံနည်းကျကျ စစ်ဆေးအတည်ပြုပြီးသွားပြီ ဆိုတော့ကာ ရေသန့်စက်ရဲ့ အတွင်းပိုင်းမှာ အဆိပ်ခတ်ခဲ့တယ် ဆိုတဲ့အချက်က မှားနိုင်စရာ မရှိတော့ပါဘူး”

ဥကျုမိသည် အာယနဲ၏ မျက်နှာကို စေ့စေ့စပ်စပ် စိုက်ကြည့်နေသည်။ သူ၏ မျက်နှာပေါ်တွင် စိုးရွံ့ထိတ်လန့်သွားသော ဟန်ပန်အမူအရာသည် စဉ်းငယ်မျှ ဖြတ်သန်းလှုပ်ခတ်သွားခြင်း မရှိပေ။ ကန်ရေပြင်တမျှ တည်ငြိမ်အေးဆေးသော အကြည့်ဖြင့် ကုစာနာဂိကို ယခင်ကအတိုင်း ငေးမြဲ ငေးစိုက်ကြည့်နေသည်။

“အဲဒီလိုလား။ ဒါဆို ရေသန့်စက်ထဲမှာ အဆိပ်ခတ်ခဲ့တာပေါ့” သူ၏ အသံက အေးစက်နေသည်။ တည်ငြိမ်နေသည်။ တွန့်ဆုတ်ခြင်း၊ စိုးရွံခြင်း စသည့် လက္ခဏာများကို တစိုးတစိမျှ မတွေ့ရပေ။

“အဓိကပြဿနာက ဘာလဲဆိုတော့ ရေသန့်စက်ထဲကို ဘယ်လိုလုပ်ပြီး အဆိပ်ခတ်ခဲ့တာလဲ ဆိုတဲ့ အချက်ပဲ။ အမှုသွားအမှုလာအရ ကြည့်မယ်ဆိုရင်တော့ လုပ်နိုင်တဲ့ နည်းလမ်းက တစ်ခုပဲ ရှိတယ်။ အဲဒါကြောင့်လည်း သံသယစာရင်းက ကျုံ့သထက် ကျုံ့သွားတယ်။ ဘယ်လောက်တောင် ကျုံ့သွားသလဲ ဆိုတော့ အဲဒီသံသယစာရင်းထဲမှာ လူတစ်ယောက်ပဲ ကျန်တော့တဲ့ အထိပဲ” ကုစာနာဂိသည် အာယနဲ၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ပြီး ပြောနေသည်။ “ဒါကြောင့် ကျွန်တော်တို့က ခင်ဗျားကို ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့ဖို့ လာခေါ်တာပါ”

အာယနဲ၏ ပါးပြင်တွင် သွေးရောင်များ ဖျတ်ကနဲ ယှက်သန်းသွားသည်။ သို့သော် သူ၏ နှုတ်ခမ်းမှာ အပြုံးဖြင့် ကွေးညွတ်မြဲ ကွေးညွတ်နေဆဲ။

“တရားခံက ရေသန့်စက်ထဲမှာ အဆိပ်ခတ်ခဲ့ပါတယ် ဆိုတာကို သက်သေပြနိုင်တဲ့ အထောက်အထား ရှင်တို့ဆီမှာ ရှိနေပြီလား”

“အနုစိတ် လေ့လာစမ်းသပ်လိုက်တဲ့အခါမှာ ကျွန်တော်တို့ အာဆန်နစ်အက်ဆစ်ကို ရှာတွေ့ခဲ့တယ်။ တစ်ခုတော့ ရှိတာပေါ့။ အဲဒီအချက် တစ်ချက်တည်းနဲ့တော့ သက်သေအဖြစ် ဘယ်လိုမှ အမှုကို တည်ဆောက်လို့ မရဘူး။ တရားခံကလည်း အဆိပ်ကို လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ခတ်ခဲ့တာ ဆိုတော့ ကျွန်တော်တို့ အခု သက်သေပြဖို့ လိုအပ်နေတာက အဲဒီအဆိပ်ဟာ အခင်းဖြစ်တဲ့နေ့မှာ လူကို သေစေနိုင်လောက်အောင် အစွမ်းသတ္တိ ရှိနေသေးသလား ဆိုတဲ့ အချက်ပဲ။ တစ်နည်းပြောရရင် ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ အဲဒီရေသန့်စက်ကို တစ်ခါကလေးမှ မသုံးဖူးခဲ့ရုံတင် မကဘူး။ စက်ထဲမှာ ခတ်ထားတဲ့ အဆိပ်တွေကလည်း အခင်းမဖြစ်ခင်အထိ အပြင်ကို တစ်ခါမှ ရေနဲ့မျောမပါခဲ့ဖူးဘူး ဆိုတာကို သက်သေပြနိုင်ဖို့ လိုအပ်လာတယ်”

“ဒါဆို ရှင်တို့က အဲဒါကို သက်သေပြနိုင်ပြီလား”

“ခင်ဗျားကိုကြည့်ရတာ တစ်ချက်ကလေး အံ့ဩသွားပုံ မရဘူး” ကုစာနာဂိက ပြောသည်။ “တရားခံဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်က အဆိပ်ကို ခတ်ခဲ့ပါတယ် ဆိုတဲ့ သုံးသပ်ချက်ကို ပထမဆုံးအကြိမ် စကြားရခါစက ကျွန်တော်ဖြင့် နားကြားများ လွဲသွားသလားလို့တောင် ကိုယ့်ကိုယ်ကိုယ် သံသယ ဖြစ်ခဲ့မိသေးတယ်”

“ရှင်က ဒီနေ့တစ်နေ့လုံး ကျွန်မ မထင်မှတ်ထားတာတွေချည်းပဲ ပြောနေခဲ့တာဆိုတော့ ကျွန်မရဲ့ ခန္ဓာကိုယ်က အလျင်မီအောင် မတုံ့ပြန်နိုင်တော့တာ ဖြစ်လိမ့်မယ်”

“ဟုတ်လား” ကုစာနာဂိသည် ဥကျုမိကို မျက်စပစ်ပြလိုက်သည်။ ဥကျုမိသည် သယ်ဆောင်လာသော အိတ်ထဲမှ ပလတ်စတစ်အိတ်တစ်လုံးကို ဆွဲထုတ်လိုက်သည်။

ထိုအခိုက်အတန့်တွင်မှ အာယနဲ၏ နှုတ်ခမ်းပေါ်တွင် အပြုံးများ လုံးဝ ပျောက်ကွယ်သွားတော့သည်။ ပလတ်စတစ်အိတ်ထဲတွင် မည်သည့်အရာကို ထည့်သွင်းသိမ်းဆည်းထားကြောင်း သူ ရိပ်စားမိသွားဟန် တူသည်။

“ဒီအထဲမှာ ဘာထည့်ထားသလဲ ဆိုတာကို ခင်ဗျား သိနေလောက်ပြီ ထင်တယ်” ကုစာနာဂိက ပြောသည်။ “ဒါက အရင် ခင်ဗျား ရေလောင်းတဲ့အခါမှာ သုံးတဲ့ သံဗူးခွံလေ။ အောက်ခြေမှာ အပေါက်ကလေးတွေ ဖောက်ထားသေးတယ်”

“အဲဒီဟာကို ရှင် လွှင့်ပစ်လိုက်ပြီ မဟုတ်ဘူးလား”

“တကယ်တော့ ကျွန်တော်က အဲဒါကို သိမ်းထားခဲ့တာ။ တစ်ခါမှတောင် ရေမဆေးရသေးဘူး” ကုစာနာဂိက ပြုံးလိုက်သည်။ ထို့နောက် အပြုံးများ ရုတ်ခြည်း ပျောက်ကွယ်သွားပြန်သည်။ “ခင်ဗျား ယုကာဝါကို မှတ်မိသေးတယ် မဟုတ်လား။ ကျွန်တော်ရဲ့ သူငယ်ချင်း၊ ရူပဗေဒပညာရှင် ဆိုတာလေ။ ကျွန်တော်က အဲဒီသံဗူးခွံကို သူ ရှိတဲ့ တက္ကသိုလ်ကို ယူသွားပြီး အဲဒီမှာ ဓာတ်ခွဲလေ့လာကြည့်ခဲ့တယ်။ ရလဒ်ကတော့ ခွက်မျက်နှာပြင်ပေါ်မှာ အာဆန်နစ်တွေကို တွေ့ခဲ့ရတာပဲ။ နောက်တော့ ကျွန်တော်တို့ နောက်တစ်ဆင့်တက်ပြီး ဓာတ်ပါဝင်နှုန်းကို လေ့လာခဲ့ကြတယ်။ ခင်ဗျားတို့အိမ်မှာ ရှိတဲ့ ရေသန့်စက်ထဲက ထွက်ခဲ့တဲ့ ရေတွေထဲမှာ အာဆန်နစ်တွေ ပါနေတယ် ဆိုတာကိုလည်း ကျွန်တော်တို့ တွေ့ရှိထားပြီ။ ခင်ဗျား ဒီသံဗူးခွံကို နောက်ဆုံးတစ်ကြိမ် သုံးခဲ့တုန်းက အခြေအနေတွေ အားလုံးကို ကျွန်တော် အခုထိ မှတ်မိနေတုန်းပဲ။ အဲဒီတုန်းက ခင်ဗျား ဒီဗူးခွံနဲ့ အပေါ်ထပ် လသာဆောင်ပေါ်က ပန်းပင်တွေကို ရေလောင်းခဲ့တာ မဟုတ်လား။ ခဏနေတော့ ဝါကာယာမာ ဟိရောမိ ရောက်လာတာပဲ။ အဲဒီနောက်တော့ ခင်ဗျား ရေ ဆက်မလောင်းတော့ဘူး။ နောက်ပိုင်းမှာကျတော့ ကျွန်တော်က ဟိုရေပန်းခရားအိုးကြီး ဝယ်လာခဲ့တာဆိုတော့ အဲဒီအချိန်က စပြီး ဒီသံဗူးခွံကို နောက်တစ်ကြိမ် ထပ်မသုံးဖြစ်တော့ဘူး။ ပြီးတော့ ကျွန်တော်က အဲဒီသံဗူးခွံကို ကျွန်တော့်စာရေးစားပွဲရဲ့ အံဆွဲထဲမှာ ထည့်သိမ်းထားခဲ့တယ်”

အာယနဲက မျက်လုံးပြူးလျက် “ဘာဖြစ်လို့ အံဆွဲထဲမှာ သိမ်းထားခဲ့တာလဲ”

သို့သော် ကုစာနာဂိသည် သူ၏ မေးခွန်းကို ဖြေကြားခဲ့ခြင်း မရှိပေ။ ရင်ထဲမှ ခံစားချက်များကို ကြိုးစား၍ မျိုသိပ်ထားရသည့် လေသံမျိုးဖြင့် စကားဆိုသည်။ “အထက်မှာ ပြောပြခဲ့တဲ့ အကြောင်းအချက်တွေကို လေ့လာကြည့်မယ်ဆိုရင် ကျွန်တော်တို့ ဘယ်လို သုံးသပ်လို့ ရလာသလဲဆိုတော့ ရေသန့်စက်ထဲမှာ အာဆန်နစ်တွေ အမှန်တကယ်ကို ထည့်ထားခဲ့ဖူးတယ်။ အခင်းဖြစ်တဲ့နေ့မှာ ရေသန့်စက်ထဲက ထွက်လာတဲ့ ရေတွေထဲမှာလည်း လူကို သေစေနိုင်လောက်တဲ့ အာဆန်နစ်တွေ ပျော်ဝင်နေတယ်။ အဲဒါအပြင် တခြားသော သက်သေအထောက်အထားတွေအရ အဲဒီအဆိပ်တွေကို လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ရေသန့်စက်ထဲမှာ ထည့်ထားခဲ့တယ်။ အဲဒီလို လုပ်နိုင်ဖို့ဆိုတာ … နောက်ပြီး အဲဒီတစ်နှစ်အတွင်းမှာ ရေသန့်စက်ထဲက ရေကို ဘယ်သူမှ မသောက်မိအောင် စောင့်ရှောက်ထားနိုင်ဖို့ဆိုတာ လူတစ်ယောက်တည်းကလွဲလို့ ဘယ်သူမှ မတတ်နိုင်ဘူး”

ဥကျုမိသည် ခေါင်းတဆတ်ဆတ်ညိတ်လျက် အာယနဲ၏ အမူအရာကို အကဲခတ်နေသည်။ ထိုအခိုက်အတန့်တွင် ချောမောလှပသော သံသယတရားခံသည် မျက်လွှာအစုံကို ချလျက် နှုတ်ခမ်းနှစ်လွှာကို တင်းတင်းစေ့ကာ ပြုံးယောင်ယောင် မျက်နှာထားဖြင့် တုဏှိဘာဝေ နှုတ်ဆိတ်မြဲ နှုတ်ဆိတ်နေသည်။ သို့သော် သူ၏ ခန္ဓာကိုယ်အနှံ့တွင် ဖြန့်ကျက်နေခဲ့ဖူးသော ခန့်ညားတင့်တယ်သည့် ကိုယ်ဟန်အမူအရာတို့သည် အနောက်ဂေါယာကျွန်းသို့ လျှိုးဝင်ပျောက်ကွယ်သွားတော့မည့် နေမင်းကြီးကဲ့သို့ ဆည်းဆာမြူခိုးထု၏ တအိအိ ဝါးမျိုမှုကို ခံနေရရှာလေသည်။

“အခြေအနေ အတိအကျကိုတော့ ရဲစခန်းရောက်မှ ပြောကြတာပေါ့ဗျာ” ကုစာနာဂိသည် စကားကို ဤမျှနှင့် ရပ်တန့်ထားရန် ဆုံးဖြတ်ထားသည်။

အာယနဲသည် ခေါင်းမော့ကြည့်ကာ ပင့်သက်ကို အားပါးတရ မှုတ်ထုတ်လိုက်သည်။ ထို့နောက် ကုစာနာဂိကို တည့်တည့် စိုက်ကြည့်လျက် ခေါင်းညိတ်ပြသည်။

“ကျွန်မ သဘောပေါက်ပါပြီ။ ကျေးဇူးပြုပြီး ကျွန်မကို ခဏလောက် စောင့်ပေးနိုင်မလား”

“ရပါတယ်။ သိမ်းစရာရှိတာကို အေးအေးဆေးဆေး သိမ်းနိုင်ပါတယ်”

“သိမ်းဆည်းရုံတင် မကပါဘူး။ ကျွန်မရဲ့ ပန်းပင်လေးတွေကိုလည်း ရေလောင်းပေးလိုက်ချင်တယ်။ စောစောက ရေလောင်းနေတာ တစ်ဝက်ပဲ ရှိသေးတယ်”

“လုပ်စရာ ရှိတာ လုပ်ပါ။ ကျွန်တော်တို့ကို အားမနာပါနဲ့”

အာယနဲသည် “ဆောရီးပါရှင်” ဟု ပြောပြီး ဝရန်တာ၏ မှန်တံခါးကို တွန်းဖွင့်လိုက်သည်။ သူသည် လက်နှစ်ဖက်ဖြင့် ရေပန်းခရားအိုးကြီးကို ကိုင်မြှောက်လျက် ပန်းပင်များကို ဖြည်းဖြည်းချင်း ရေလောင်းပေးနေလေသည်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *