ယုကာဝါသည် ဇွန်းတစ်ချောင်းဖြင့် ကော်ဖီမှုန့်များကို ကော်၍ စက္ကူရေစစ်ထဲသို့ လောင်းထည့်လိုက်သည်။
“ဆရာက စစ်ခွက်နဲ့ ကော်ဖီဖျော်တာ အတော်တောင် အသားကျနေပြီပဲ” ဥကျုမိသည် သူ၏ အနောက်မှ နေ၍ ကောက်ချက်ချနေသည်။
“ဟုတ်တယ်။ အတော် အသားကျနေပြီ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူ့ရဲ့ အားနည်းချက်တစ်ခုကိုလည်း သတိထားမိလာတယ်”
“ဘာများပါလိမ့်”
“ကော်ဖီမနှပ်ခင်မှာ ဘယ်နှခွက်စာ ဖျော်မလဲ ဆိုတာကို အရင်ဆုံး ဆုံးဖြတ်ချက် ချရတယ်။ နောက်ထပ် နှစ်ခွက်၊ သုံးခွက်လောက် ထပ်လိုချင်တယ် ဆိုရင် ကော်ဖီမှုန့် အသစ်ပြန်ထည့်ပြီး အစကနေ ပြန်စရတာတော့ ကိစ္စ မရှိဘူးပေါ့လေ။ ဒါပေမယ့် ကော်ဖီတစ်ခွက်စာအတွက် အစအဆုံး ပြန်လုပ်နေရတာကတော့ မစားသာဘူး။ ဒါကြောင့် ကော်ဖီမှုန့် ပိုထည့်ရင်လည်း လက်လွန်သွားမှာ စိုးရသေးတယ်။ ပိုသွားရင် လွှင့်ပစ်ရမှာကလည်း နှမြောစရာကြီး။ ကြာကြာ သိမ်းထားရင်လည်း အရသာ ပြောင်းသွားနိုင်တယ် ဆိုတော့ အတော်တော့ ခေါင်းခဲစရာပဲ”
“ဒီနေ့အတွက်တော့ မပူပါနဲ့ဆရာ။ ပိုတာတွေအားလုံးကို ကျွန်မ သောက်ပေးမယ်”
“အဲ … ဒီနေ့အတွက်တော့ အဲဒီကိစ္စကို နည်းနည်းမှ စိတ်မပူဘူး။ ကျွန်တော် လေးခွက်စာ ဖျော်ထားတယ်။ ခင်ဗျားအတွက်ရယ်၊ ကျွန်တော်အတွက်ရယ်၊ နောက်ပြီး ကုစာနာဂိအတွက်ရယ်၊ စုစုပေါင်း သုံးခွက်။ ကျန်တဲ့တစ်ခွက်ကိုတော့ ခင်ဗျားတို့ ပြန်သွားမှ ကျွန်တော် ဖြည်းဖြည်းချင်း အရသာခံ သောက်တော့မယ်”
ကြည့်ရသည်မှာ ယုကာဝါသည် ယနေ့ စကားကြောရှည်ရန် ဆန္ဒရှိပုံ မရပေ။ သို့သော် ပြဿနာသည် ဤမျှ လွယ်လွယ်နှင့် ပြေလည်သွားနိုင်ပါမည်လောဟု ဥကျုမိက သင်္ကာမကင်း ဖြစ်နေမိသည်။
“ထ.ရ.ဖက လူတွေက ဆရာ့ကို အရမ်း ကျေးဇူးတင်နေကြတာ။ တကယ်လို့ ဆရာသာ ပြတ်ပြတ်သားသား မပြောခဲ့ဘူးဆိုရင် သူတို့က ရေသန့်စက်ကို Spring-8 ကို ပို့ပြီး စစ်ဆေးကြည့်ကြမှာ မဟုတ်တော့ဘူး”
“ကျေးဇူးတင်စရာ မလိုပါဘူးဗျာ။ ကျွန်တော်က သိပ္ပံပညာရှင်တစ်ယောက်အနေနဲ့ ခင်ဗျားတို့ကို အကြံပေးရုံ သက်သက်ပါ”
ယုကာဝါသည် ဥကျုမိ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ သူသည် အလုပ်စားပွဲပေါ်တွင် တင်ထားသော စစ်တုရင်ဗန်းပေါ်မှ အဖြူရောင် မြင်းကို ကောက်ကိုင်ပြီး လက်ထဲ၌ လူးလိမ့်ကစားနေသည်။ “သူတို့ အာဆန်နစ်အက်ဆစ်ကို တွေ့တယ်ပေါ့”
“ကျွန်မတို့ Spring-8 က လူတွေကို ပါဝင်ပစ္စည်းနဲ့ ပါဝင်နှုန်းထားကို စေ့စေ့စပ်စပ် တိုင်းတာကြည့်ခိုင်းပြီးသွားပြီ။ မာရှိဘ ယိုရှီတာကာကို လုပ်ကြံတဲ့နေရာမှာ သုံးတဲ့ အာဆန်နစ်နဲ့ လုံးဝ ထပ်တူညီနေတယ်လို့ သူတို့ ယူဆကြတယ်။ အဲဒီအချက်တော့ မှားစရာ မရှိဘူး”
ယုကာဝါသည် မျက်လွှာချကာ ခေါင်းတစ်ချက် ညိတ်ပြီး အဖြူရောင်မြင်းကို စစ်တုရင်ဗန်းပေါ်သို့ ပြန်ချလိုက်သည်။
“ရေသန့်စက်ရဲ့ ဘယ်အစိတ်အပိုင်းမှာ အဆိပ်ကို တွေ့ခဲ့တာလဲ။ အဲဒါကိုရော သိရပြီလား”
“အစီရင်ခံစာအရတော့ ရေထွက်ပေါက် ပတ်ဝန်းကျင်လောက်မှာ ဖြစ်လိမ့်မယ်။ ရေသန့်စက်ထဲမှာ ရေစစ်ပြွန် တပ်ထားတာ ဆိုပေမယ့် အဲဒီအထဲမှာ ရှာမတွေ့ခဲ့ဘူး။ ဒါကြောင့် တရားခံဟာ ရေသန့်စက်နဲ့ ပိုက်ပျော့ကို ချိတ်ဆက်တဲ့ အဆက်နေရာကနေ အဆိပ်ခတ်ခဲ့တာ ဖြစ်မယ်လို့ ထ.ရ.ဖက တွက်ဆထားကြတယ်”
“အဲဒီလိုလား”
“ဒါပေမယ့် ပြဿနာက …” ဥကျုမိက ဆက်ပြောသည်။ “အဆိပ်ခတ်ပုံ ခတ်နည်းကို အခုချိန်ထိ စဉ်းစားလို့ မရသေးဘူး။ တရားခံက အဆိပ်ကို ဘယ်လို ခတ်ခဲ့တာလဲ။ အခုဆိုရင် Spring-8 ဘက်ကလည်း လိုချင်တဲ့ အဖြေကို ရပြီဆိုတော့ ဆရာ ကျွန်မတို့ကို ရှင်းပြဖို့ အချိန်တန်ပြီ ထင်တယ်”
ယုကာဝါသည် အဖြူရောင်
ကုတ်အင်္ကျီ၏ လက်ရှည်ကို
အထက်သို့ ခေါက်တင်ပြီး လက်နှစ်ဖက်ကို ရင်ခွင်အထက်တွင် ပိုက်ထားလိုက်သည်။
“ဒီလိုဆိုတော့ ထ.ရ.ဖကလည်း အဖြစ်မှန်ကို နားမလည်သေးဘူး ဆိုတဲ့ သဘောပေါ့”
“ထ.ရ.ဖက ပြောတယ်။ ဖြစ်နိုင်စရာ နည်းလမ်းတစ်ခုပဲ ရှိတယ်တဲ့။ အရင်ဆုံး ရေသန့်စက်ကို နံရံကနေ ဖြုတ်ချပစ်ရမယ်။ ပြီးတော့ အာဆန်နစ်ထည့်ပြီး နဂိုနေရာမှာ ပြန်တပ်ရမယ်။ အဲဒီလို ဆိုရင်လည်း ရေသန့်စက်ပေါ်မှာ ထိတွေ့ကိုင်တွယ်ထားတဲ့ အရေးအကြောင်းတွေ မကျန်ဘဲ နေမှာ မဟုတ်ဘူး”
“အဆိပ်ကို ဘယ်လို ခတ်ခဲ့သလဲဆိုတာ သိကို သိရမှ ဖြစ်မှာလား”
“ဒါပေါ့။ အဆိပ်ကို ဘယ်လို ခတ်ခဲ့သလဲဆိုတာ မသိဘူးဆိုရင် တရားခံက ဘယ်သူပဲ ဖြစ်နေပါစေ၊ ကျွန်မတို့ ဘာမှ ဆက်လုပ်လို့ ရမှာမဟုတ်ဘူး”
“အဆိပ်ရှိတဲ့ ဓာတ်ကြွင်းတွေကို သက်သေအဖြစ်နဲ့ တွေ့ထားပြီးပြီပဲ ဥစ္စာ။ အဲဒီလောက်နဲ့ မလုံလောက်သေးဘူးလား”
“တကယ်လို့သာ အဆိပ်ခတ်တဲ့နည်းကို မဖော်ထုတ်နိုင်ရင် တရားရုံးမှာ တရားခံကို တရားစွဲဖို့ လုံးဝ မဖြစ်နိုင်ဘူး။ တရားခံရှေ့နေက အဲဒါကို ရဲဌာနရဲ့ လုပ်ငန်းပေါ့လျော့မှုအဖြစ် လျှောက်လဲလို့ ရနိုင်သေးတယ်လေ”
“ပေါ့လျော့မှု …”
“သေဆုံးသူ သောက်သုံးခဲ့တဲ့ ကော်ဖီခွက်ထဲက အာဆန်နစ်တွေဟာ ရဲတွေဘက်က ပေါ့လျော့လို့ ရေသန့်စက်ထဲကို မတော်တဆ ဝင်ရောက်သွားခဲ့တာ ဖြစ်လိမ့်မယ်လို့ တရားခံရှေ့နေက လျှောက်လဲလာနိုင်တယ်။ အခုဟာကလည်း မော်လီကျူးအဆင့်ထိ အနုစိတ် စစ်ဆေးထားတာ မဟုတ်လား”
ယုကာဝါသည် ထိုင်ခုံတွင် နောက်မှီချလျက် ခေါင်းကို ညင်ညင်သာသာ ညိတ်နေလေသည်။ “အေးပေါ့။ တရားခံဘက်က အဲဒီလို လျှောက်လဲလာနိုင်တာပဲ။ တကယ်လို့သာ တရားလိုဘက်က အဆိပ်ခတ်နည်းကို ဂဃနဏ ရှင်းမပြနိုင်ဘူး ဆိုရင်တော့ တရားသူကြီးကလည်း တရားခံရှေ့နေရဲ့ အဆိုကို သဘောတူရတော့မှာ”
“ဒါကြောင့် ကျွန်မတို့အနေနဲ့ အဆိပ်ခတ်နည်းကို မသိမဖြစ် သိကိုသိမှ ဖြစ်မယ်။ ကျွန်မတို့ကို ရှင်းပြပေးပါတော့။ ထ.ရ.ဖကလည်း ဆရာရဲ့အဖြေကို စောင့်မျှော်နေကြတာ။ ဆရာနဲ့ တွေ့နိုင်ဖို့ ကျွန်မနဲ့ အတူတူ လိုက်ခဲ့ဖို့တောင် ပြောနေကြသေးတယ်”
“အဲဒါတော့ ဘယ်ဖြစ်မလဲဗျ။ ရဲတွေ တစ်ပြုံကြီး ရောက်လာတော့ ကျွန်တော့်ကို ယုန်ထင်ကြောင်ထင် ထင်ကုန်ကြမှာပေါ့”
“ကျွန်မလည်း အဲဒါကို တွေးမိလို့ ကျွန်မတစ်ယောက်တည်း ဆရာ့ကို လာတွေ့တာပေါ့။ ကျွန်မအပြင်ဆိုလို့ ဆရာကုစာနာဂိပဲ ပါမယ်”
“အဲဒီလို ဆိုရင်လည်း သူ ရောက်အလာကို စောင့်ကြသေးတာပေါ့။ အကြောင်းအရာတစ်ခုကို ထပ်ခါထပ်ခါ ရှင်းပြနေရတာ စိတ်ပျက်ဖို့ ကောင်းတယ်။ နောက်ပြီး နောက်ဆုံးအနေနဲ့ အချက်တစ်ချက်ကိုလည်း ကျွန်တော် စစ်ဆေးကြည့်ချင်သေးတယ်” ယုကာဝါက လက်ညှိုးတစ်ချောင်း ထောင်လျက် “ခင်ဗျားတို့ … ခင်ဗျားတစ်ယောက်တည်းရဲ့ အမြင်ဆိုရင်လည်း ကိစ္စ မရှိပါဘူး။ ကျွန်တော် ခင်ဗျားကို မေးမယ်။ မာရှိဘ ယိုရှီတာကာကို သတ်ရတဲ့ အကြောင်းအရင်းက ဘာဖြစ်မယ်လို့ ခင်ဗျား ထင်သလဲ”
“အကြောင်းအရင်းလား … ကျွန်မအထင်တော့ အချစ်ကြီးလို့ အမျက်ကြီးတာပဲ ဖြစ်လိမ့်မယ်”
ဥကျုမိ၏ အဖြေကို ကြားရသည့်အခါတွင် ယုကာဝါသည် နှုတ်ခမ်းကို သိသိသာသာ မဲ့လိုက်လေသည်။ “ခင်ဗျားဟာက ဘာအဓိပ္ပာယ်လဲ။ ကျွန်တော်ကို စိတ်ကူးယဉ်ဆန်ဆန် စကားလုံးတွေနဲ့ ဝါးချဖို့ စိတ်ကူးနေတာလား။ ဘယ်သူက ဘယ်သူ့ကို ချစ်တာလဲ။ နောက်ပြီး ဘယ်သူကရော ချစ်သူကို သတ်ပစ်ချင်လောက်အောင် အမျက်ကြီးသွားခဲ့တာလဲ။ အဲဒီလို ရှင်းရှင်းလင်းလင်း ပြောမှ လိပ်ပတ်လည်မှာပေါ့ဗျ”
“ကျွန်မလည်း အဲဒီကိစ္စကို အခုချိန်ထိ မှန်းဆကြည့်နေတုန်းပဲ ရှိသေးတယ်”
“ကိစ္စ မရှိပါဘူး။ ရဲရဲသာ ပြောကြည့်စမ်းပါ။ ကျွန်တော်က ခင်ဗျားရဲ့ ပုဂ္ဂလိကအမြင်ကို သိချင်တာပါလို့ စကားပလ္လင် ခံပြီးသားပဲဥစ္စာ”
ဥကျုမိသည် “ဟုတ်” ဟု ဖြေပြီး ခေါင်းကို အောက်သို့ ငိုက်ထားလိုက်သည်။
ကော်ဖီဖျော်စက်မှ ရေငွေ့မှုတ်သံများကို ကြားလာရသည်။ ယုကာဝါသည် မတ်တတ်ထရပ်ပြီး လက်ဆေးကန်ထဲမှ ကော်ဖီခွက်များကို ထုတ်ယူလာသည်။ ဥကျုမိသည် သူ၏ ကျောပြင်ကို ငေးကြည့်လျက် စကားဆိုသည်။
“ကျွန်မကတော့ အခုချိန်ထိ အာယနဲကို သံသယရှိနေတုန်းပဲ။ သေစေလိုတဲ့ အကြောင်းအရင်းကတော့ မာရှိဘ ယိုရှီတာကာက သူ့အပေါ် သစ္စာဖောက်ခဲ့လို့ပဲ ဖြစ်ရမယ်။ သူကိုယ်နှိုက်က ကိုယ်ဝန်မဆောင်နိုင်လို့ ကွာရှင်းဖို့ အသိပေး ခံခဲ့ရတဲ့အပြင် တခြား မိန်းမတစ်ယောက်နဲ့ ဖောက်ပြန်နေတာကို သိလိုက်ရတဲ့ အတွက်ကြောင့် သူ့ကို သတ်ပစ်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာဖြစ်မယ်”
“မိသားစုမိတ်ဆုံစားပွဲ ညမှာ အဲဒီဆုံးဖြတ်ချက်ကို ချခဲ့တယ်လို့ ခင်ဗျား ထင်လား” ယုကာဝါသည် ခွက်ထဲသို့ ကော်ဖီကို ငှဲ့ထည့်ရင်း မေးလိုက်သည်။
“ကျွန်မအထင်တော့ နောက်ဆုံး ဆုံးဖြတ်ချက်ကို အဲဒီညက ချခဲ့တာပဲ ဖြစ်လိမ့်မယ်။ အဲဒီမတိုင်ခင်ကတည်းက သတ်ဖို့ ရည်ရွယ်ချက် ရှိခဲ့တာလည်း ဖြစ်ကောင်း ဖြစ်နိုင်တာပဲ။ အဲဒီအချိန်မှာ အာယနဲက မစ္စတာမာရှိဘနဲ့ ဝါကာယာမာ ဟိရောမိတို့ရဲ့ တိတ်တိတ်ပုန်း ဇာတ်လမ်းကို သိထားပြီးတဲ့အပြင် ဝါကာယာမာ ဟိရောမိမှာ ကိုယ်ဝန်ရှိနေပြီ ဆိုတာကိုလည်း သိနေခဲ့ပြီ။ ဒါကြောင့် မစ္စတာမာရှိဘက ကွာရှင်းဖို့ စကားစလာတဲ့ အချိန်မှာ ယမ်းပုံမီးကျသလို ဖြစ်သွားခဲ့တာ ဖြစ်မယ်”
ယုကာဝါသည် လက်တစ်ဖက်စီတွင် ကော်ဖီခွက်တစ်ခွက်စီ ကိုင်လျက် အနားသို့ ရောက်လာသည်။ လက်ထဲမှ ခွက်တစ်ခွက်ကို ဥကျုမိ၏ အရှေ့တွင် ချပေးလိုက်သည်။
“ကျုကူအိ ဂျွန်ကို ဆိုတဲ့ အမျိုးသမီးကရော ဘယ်လိုလဲ။ သူကရော ဒီအမှုနဲ့ လုံးဝ မပတ်သက်ဘူးလား။ ဒီမနက်တင် ကုစာနာဂိက သူ့အကြောင်းကို သွားစုံစမ်းနေသေးတယ် မဟုတ်လား”
ကျုကူအိ ဂျွန်ကိုနှင့် မာရှိဘ အာယနဲတို့နှစ်ယောက်၊ တစ်ယောက်ကိုတစ်ယောက် သိကျွမ်းရင်းနှီးထားသူများ ဖြစ်ရမည်ဟု ဥကျုမိသည် ယနေ့ ဤနေရာသို့ ရောက်ခါစ အချိန်တွင် ယုကာဝါအား ပြောပြထားသည်။
“လုံးဝ ပတ်သက်မှု မရှိဘူးလို့လည်း မပြောနိုင်ဘူး။ ဒီအမှုမှာ လူသတ်တရားခံ အသုံးပြုခဲ့တဲ့ အာဆန်နစ်တွေက ကျုကူအိ သတ်သေတုန်းက သုံးခဲ့တဲ့ဟာတွေ ဖြစ်နေတယ်။ နောက်ပြီး ကျုကူအိနဲ့ ရင်းရင်းနှီးနှီး ခင်မင်နေတဲ့ အာယနဲအနေနဲ့ အဲဒီအာဆန်နစ်တွေကို သူ့လက်ထဲရောက်အောင် တစ်နည်းနည်းနဲ့ လုပ်ဆောင်နိုင်စွမ်း ရှိလိမ့်မယ်လို့ ကျွန်မ ထင်တယ်”
ယုကာဝါသည် ကော်ဖီခွက်ကို လက်ထဲတွင် ကိုင်လျက် ဥကျုမိကို ငေးကြည့်နေသည်။ “ပြီးတော့ရော”
“ပြီးတော့ ……”
“ကျုကူအိ ဂျွန်ကိုဆိုတဲ့ အမျိုးသမီးက ဒီအမှုနဲ့ အဲဒီလောက်ပဲ ပတ်သက်ဆက်စပ်နေတာလား။ အမှုလုပ်ရတဲ့ အကြောင်းအရင်းနဲ့ တိုက်ရိုက် ပတ်သက်ဆက်စပ်နေတာမျိုး မရှိနိုင်ဘူးလား”
“အဲဒီအချက်ကိုတော့ လတ်တလော ပြောရခက်သေးတယ်”
ယုကာဝါက ပြုံးလျက် ကော်ဖီတစ်ငုံ မော့သောက်လိုက်သည်။ “အဲဒီလိုဆိုရင်တော့ ခင်ဗျားကို အဆိပ်ခတ်နည်း ပြောပြလို့ မဖြစ်သေးဘူး”
“ဘာဖြစ်လို့လဲ”
“ခင်ဗျားက ဒီအမှုရဲ့ အခြေခံ အကြောင်းတရားကို နားမလည်သေးဘူး။ အဲဒီလို လူမျိုးကို အမှုလုပ်ပုံလုပ်နည်း ပြောပြလိုက်ရင် သိပ်ကို အန္တရာယ် များသွားနိုင်တယ်”
“ဒါဆို ဆရာက နားလည်ထားပြီ ဆိုတဲ့ သဘောပေါ့”
“အနည်းဆုံးတော့ ခင်ဗျားထက် ပိုသိတယ် ဆိုပါတော့”
ဥကျုမိသည် ယုကာဝါကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေစဉ်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။
“သူ ရောက်လာတာနဲ့ အတော်ပဲ။ သူက ဒီအမှုရဲ့ အခြေခံ အကြောင်းတရားကို သဘောပေါက်ချင် ပေါက်နေလောက်ပြီ” ပြောပြီး ယုကာဝါသည် မတ်တတ်ရပ်ကာ တံခါးရှိရာသို့ လျှောက်သွားလေတော့သည်။