မာတိကာကြည့်ရန်

(၂၅)

“ကျုကူအိ ယိုကိုက ပြောတယ်။ သူ့သမီးက တက္ကသိုလ်ကနေ ဘွဲ့ရပြီးပြီးချင်း သုံးနှစ်လောက် အလုပ်ဝင်လိုက်သေးတယ်။ နောက်တော့ အလုပ်ထွက်ပြီး ပါရီမှာ နှစ်နှစ် ကျောင်းသွားတက်တယ်။ အဲဒီပို့စ်ကတ်က အဲဒီအချိန်တုန်းက သူ့ဆီ ပို့လာပေးခဲ့တာတဲ့”

ကုစာနာဂိသည် တက်ကြွစွာ ရှင်းလင်းပြောဆိုနေသော ဥကျုမိကို စိုက်ကြည့်နေသည်။ ရင်ထဲတွင်တော့ အောင့်သက်သက် ဖြစ်နေမိသည်။ သူ့အတ္တ၏ တစ်စိတ်တစ်ဒေသသည် ဥကျုမိ၏ တွေ့ရှိချက်အပေါ် ချီးကျူးလိုစိတ် အလျင်း မရှိကြောင်းကိုမူ သူ မဖြစ်မနေ ဝန်ခံရပေမည်။

မာမီယာသည် ထိုင်ခုံတွင် မှီထိုင်လျက် သူ၏ တောင့်တင်းခိုင်မာသော လက်နှစ်ဖက်ကို ပိုက်ထားလေသည်။ “ကျုကူအိ ဂျွန်ကိုနဲ့ မာရှိဘ အာယနဲတို့က သူငယ်ချင်းတွေလို့ နင် ပြောချင်နေတာလား”

“ကျွန်မအထင်တော့ ဖြစ်နိုင်ခြေ တော်တော် များတယ်။ ပို့စ်ကတ်ပေါ်မှာ ရိုက်ထားတဲ့ ရက်စွဲနဲ့ မစ္စစ်မာရှိဘ လန်ဒန်မှာ ကျောင်းတက်နေတဲ့ အချိန်က တစ်ထပ်တည်းပဲ။ နောက်ပြီး ဟော့ကိုင်းဒိုးသူလည်း ဖြစ်နေတော့ ဒါ တိုက်ဆိုင်မှုသက်သက်တော့ မဖြစ်နိုင်လောက်ဘူး”

“သေချာလို့လား” ကုစာနာဂိက မေးသည်။ “အဲဒီလို တိုက်ဆိုင်တာမျိုးက လုံးဝ မဖြစ်နိုင်တာမှ မဟုတ်ဘဲ။ လန်ဒန်မှာ ပညာသင်နေတဲ့ ဂျပန်လူမျိုး ဘယ်နှယောက်လောက် ရှိသလဲဆိုတာ နင် သိလား။ ရာဂဏန်းလောက်ပဲ ရှိနေတယ် ထင်ရင် မှားသွားလိမ့်မယ်”

“ကဲပါ” မာမီယာက လက်မြှောက်ကာ ဝင်တားလိုက်သည်။ “သူတို့နှစ်ယောက်က သူငယ်ချင်းတွေ ဖြစ်နေကြပြီပဲ ထားပါတော့။ ဒါဆို ဒီလူသတ်မှုနဲ့ ဘယ်လိုမျိုး ပတ်သက်နေမယ်လို့ နင် ထင်လဲ” ခွဲမှူးက ဥကျုမိကို မေးခွန်းထုတ်လိုက်သည်။

“အခုဟာက မှန်းဆနေရတဲ့ အဆင့်မှာပဲ ရှိနေသေးတာဆိုပေမယ့် ဂျွန်ကို သတ်သေဖို့ အသုံးပြုခဲ့တဲ့ အာဆန်နစ်မှုန့် လက်ကျန်တွေက နောက်ပိုင်းမှာ အာယနဲရဲ့ လက်ထဲ ရောက်သွားနိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ခြေကိုတော့ ငြင်းကွယ်လို့ မရနိုင်ဘူး”

“အဲဒီကိစ္စအတွက် ငါ မနက်ဖြန်မနက်ကျရင် ထ.ရ.ဖကို သွားတွေ့မယ်။ သူတို့ အဖြေရှာနိုင်ပါ့မလား ဆိုတာတော့ မသေချာဘူးပေါ့လေ။ ဒါပေမယ့် အခြေအနေတွေက နင် ယူဆထားသလို ဖြစ်လာခဲ့မယ်ဆိုရင် သေဆုံးသူရဲ့ ဇနီးက သတ်သေသွားတဲ့ သူငယ်ချင်းရဲ့ ရည်းစားဟောင်းနဲ့ လက်ထပ်ခဲ့တယ် ဆိုတဲ့ သဘောမျိုး သက်ရောက်သွားတာပေါ့”

“အဲဒီသဘောပေါ့”

“နင့်ဟာ ပုံပြင်ဆန်လွန်း မနေဘူးလား”

“မဆန်ပါဘူး”

“ဘာဖြစ်လို့လဲ”

“ကိုယ့်သူငယ်ချင်းရဲ့ ရည်းစားဟောင်းနဲ့ တွဲနေကြတဲ့ မိန်းမတွေမှ အများကြီးပဲ။ ကျွန်မနဲ့သိတဲ့ လူတွေထဲမှာကို အဲဒီလိုမျိုး ရှိတယ်။ တချို့မိန်းမတွေက ဘယ်လိုတောင် ပြောသလဲဆိုရင် ကိုယ့်သူငယ်ချင်းဆီကနေ ရထားတဲ့ အချက်အလက်တွေကြောင့် ကြိုကြိုတင်တင် အဲဒီယောက်ျားကို ပိုပြီး နားလည်ထားနိုင်လို့ အကျိုးတောင် ပိုရှိသေးတယ်တဲ့”

“သတ်သေသွားတဲ့ သူငယ်ချင်းရဲ့ ရည်းစားဟောင်း ဖြစ်နေလည်း အရေးမကြီးဘူး ဆိုတဲ့ သဘောလား” ကုစာနာဂိက ကြားဖြတ် ဝင်ပြောလိုက်သည်။ “သတ်သေတဲ့ အကြောင်းအရင်းက အဲဒီယောက်ျားကြောင့်လည်း ဖြစ်ချင် ဖြစ်နေမှာ”

“ယောက်ျားကြောင့် မဟုတ်ဘူး ဆိုရင်ရော”

“အင်မတန်မှ အရေးပါတဲ့ အချက်တစ်ချက်ကို နင် မေ့နေတယ်” ကုစာနာဂိက ပြောသည်။ “အာယနဲနဲ့ သူ့ယောက်ျားက ပါတီပွဲတစ်ပွဲမှာ တွေ့ပြီး ခင်ခဲ့ကြတာလေ။ ဒီတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူငယ်ချင်းရဲ့ ရည်းစားဟောင်းကို အဲဒီလို နေရာမျိုးမှာ ဆုံတွေ့ခဲ့တယ်လို့ နင် ပြောချင်တာလား”

“တကယ်လို့သာ သူတို့နှစ်ယောက်စလုံးက တစ်ကိုယ်ရေ တစ်ကာယသမား ဖြစ်နေသေးတယ်ဆိုရင် ဒါက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စမှ မဟုတ်ဘဲ”

“နောက်ပြီး တိုက်တိုက်ဆိုင်ဆိုင် ချစ်သူတွေ ဖြစ်သွားကြတယ် ဆိုပါတော့ … နင့်ဇာတ်လမ်းက တိုက်ပဲ တိုက်ဆိုင်လွန်း အားကြီးနေပြီ”

“အဲဒီအချက်ကတော့ တိုက်ဆိုင်တာ မဟုတ်လောက်ဘူး”

“နင့်စကားက ဘာအဓိပ္ပာယ်လဲ”

ကုစာနာဂိ၏ အမေးကို တုံ့ပြန်ရန်အတွက် ဥကျုမိသည် သူ့ကို စိုက်ကြည့်လိုက်လေသည်။ “အစကတည်းက အာယနဲက မစ္စတာမာရှိဘကို တွေ့ချင်လို့ တမင် အဲဒီပါတီပွဲကို အရောက်သွားခဲ့တာ ဖြစ်နိုင်တယ်။ ကျုကူအိ ဂျွန်ကိုနဲ့ မစ္စတာမာရှိဘတို့ သမီးရည်းစား မဖြစ်ခင်ကတည်းက မစ္စတာမာရှိဘကို သူက သဘောကျနေခဲ့တာ မဟုတ်ဘူးလို့ မပြောနိုင်ဘူး။ နောက်ပိုင်းကျတော့ ဂျွန်ကို သတ်သေတဲ့ကိစ္စကို အကြောင်းပြုပြီး သူနဲ့ နီးစပ်အောင် ကြိုးစားလိမ့်မယ်။ နောက်ဆုံး ပြောရရင် သူတို့နှစ်ယောက် ပါတီပွဲမှာ ဆုံတွေ့ပြီး ခင်မင်သွားကြတယ် ဆိုတာတောင်မှ တိုက်ဆိုင်မှုသက်သက် မဟုတ်ဘူးလို့ ယူဆနိုင်သေးတယ်”

“အဓိပ္ပာယ် မရှိတာ” ကုစာနာဂိ ပေါက်ကွဲလေပြီ။ “သူက အဲဒီလို မိန်းမမျိုး မဟုတ်ဘူး”

“ဒါဆို သူက ဘယ်လို မိန်းမမျိုးလဲ။ ဆရာက မစ္စစ်မာရှိဘကို ဘယ်လောက်တောင် နားလည်ထားလို့လဲ”

“နှစ်ယောက်စလုံး တော်တော့” မာမီယာသည် မတ်တတ်ရပ်ကာ ငေါက်ငန်းလိုက်လေသည်။ “ဥကျုမိ၊ နင့်ရဲ့ အမြင်တွေက သိပ်ကို စူးရှလွန်းတယ်ဆိုတာကို ငါ အသိအမှတ် ပြုပါတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ နင့်အတွေးတွေက တစ်ဖက်စွန်း ရောက်နေတယ်။ နင့်အနေနဲ့ ယူဆချက်တစ်ခုကို မတင်ပြခင်မှာ ခိုင်လုံအားကောင်းတဲ့ အထောက်အထားတွေကို အရင်ဆုံး စုစည်းထားသင့်တယ်။ ပြီးတော့ ကုစာနာဂိ … ထစ်ကနဲရှိ ဒေါသထွက်ဖို့ပဲ အရင် စဉ်းစားမနေနဲ့။ တစ်ဖက်လူရဲ့ စကားကို အရင် ဆုံးအောင် နားထောင်ဦး။ တစ်ခါတလေမှာ အမှန်တရားဆိုတာမျိုးက အပြန်အလှန်
ဆွေးနွေးငြင်းခုန်ကြရင်းနဲ့
ထွက်ပေါ်လာတတ်တာ။ မင်းဆိုတဲ့ကောင်က သူများစကားကို စိတ်ရှည်လက်ရှည် နားထောင်တတ်တဲ့ လူစားမျိုးပါ။ အခု မင်းဟာက ဘယ်လို ဖြစ်နေရတာလဲ”

ဥကျုမိသည် “ဆောရီးပဲ ဆရာ” ဟု ဆိုကာ ခေါင်းကို ငိုက်စိုက်ချထားသည်။ ကုစာနာဂိလည်း နှုတ်ဆိတ်လျက် ခေါင်းညိတ်လိုက်သည်။

မာမီယာသည် နေရာတွင် ပြန်ထိုင်လိုက်သည်။ “ဥကျုမိရဲ့ စကားက စိတ်ဝင်စားဖို့ အကောင်းသား။ ဒါပေမယ့် အထောက်အထား မခိုင်လုံဘူး။ နောက်ပြီး အာယနဲက အမှန်ပဲ လူသတ်တရားခံတစ်ယောက် ဖြစ်တယ် ဆိုကြပါစို့။ သူ့လက်ထဲကို အဆိပ် ဘယ်လို ရောက်လာခဲ့သလဲ ဆိုတဲ့ အချက်က လွဲလို့ တခြား ဘာအထောက်အထားမှ ငါတို့ လက်ထဲမှာ ရှိမနေဘူး။ ဒါမှမဟုတ် နင့်သဘောက … ” သူသည် တံတောင်နှစ်ဖက်ကို စားပွဲပေါ် ထောက်လျက် ဥကျုမိကို ငေးစိုက်ကြည့်လိုက်သည်။ “အာယနဲက သူ့သူငယ်ချင်းအတွက် လက်စားချေချင်တာနဲ့ မာရှိဘ ယိုရှီတာကာကို ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်ခဲ့တယ်လို့ ဆိုလိုချင်တာလား”

“ဟင့်အင်း။ အဲဒီလို မဟုတ်ဘူး။ လက်စားချေချင်ရုံ သက်သက်နဲ့ ကိုယ့်ရန်သူကို လက်ထပ်ခဲ့တယ် ဆိုတာမျိုးက အတော်ကို သဘာဝမကျတာပဲ”

“အဲဒီလိုဆိုရင်တော့ နင့်ရဲ့ စိတ်ကူးယဉ်ဇာတ်လမ်းကို ဒီမှာပဲ ရပ်တန်း ရပ်လိုက်တော့။ နောက် ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်ကိုတော့ ကျုကူအိအိမ်ရဲ့ ဂိုဒေါင်ကို စစ်ဆေးပြီးတဲ့ အခါကျမှ ဆက်ဆွေးနွေးကြမယ်” မာမီယာက နိဂုံးချုပ်လိုက်သည်။

***

ကုစာနာဂိ အိမ်သို့ ပြန်ရောက်သည့် အချိန်တွင် ‘ယနေ့’ ဟူသော အချိန်ကာလကို ညွှန်ပြနေသည့် ပြက္ခဒိန်မှ ရက်စွဲသည် အရှေ့သို့ တစ်ကွက်စာ တိုးရွေ့သွားခဲ့ချေပြီ။ သူသည် ရေချိုးရန် ပြင်းပြင်းပြပြ ဆန္ဒရှိနေသော်လည်း ကုတ်အင်္ကျီကို ချွတ်ပြီးသည်နှင့် တစ်ပြိုက်နက် ခုတင်ပေါ်သို့ ဗုန်းကနဲ လဲကျသွားလေသည်။ ရုပ်ခန္ဓာ၏ ပင်ပန်းနွမ်းနယ်ခြင်းပေလော။ သို့တည်းမဟုတ် စိတ်ဝိညာဉ်၏ လက်မြှောက် အရှုံးပေးခြင်းလော။ သူကိုယ်တိုင် ဝေခွဲမရ ဖြစ်နေခဲ့သည်။

“ဆရာက မစ္စစ်မာရှိဘကို ဘယ်လောက်တောင် နားလည်ထားလို့လဲ”

ဥကျုမိ၏ စကားက သူ၏ ဦးနှောက်ထဲ၌ ယခုတိုင် ပဲ့တင်ထပ်နေဆဲ။

‘ငါ အာယနဲအကြောင်းကို တစ်စက်ကလေးတောင် နားလည်တာ မဟုတ်ဘူး’ သူ တွေးနေမိသည်။ အာယနဲနှင့် တွေ့ဆုံကြစဉ် သူနှင့် စကားအနည်းအကျဉ်း ပြောမိရုံမျှဖြင့် သူ၏ အတွင်းသဘောကို နားလည်နေသည်ဟု ကုစာနာဂိက မှတ်ထင်ထားမိသည်။ အာယနဲသည် မိမိကိုယ်မိမိ သတ်သေခဲ့သော သူငယ်ချင်း၏ ရည်းစားဟောင်းနှင့် ဘာကိုမျှ ဂရုမစိုက်ဘဲ အိမ်ထောင်ပြုခဲ့သော မိန်းမတစ်ယောက် ဖြစ်သည်ဟု သူ မည်သို့မျှ မှန်းဆကြည့်၍ မရနိုင်ပေ။ သူငယ်ချင်း၏ သေကြောင်းကြံစည်မှုသည် မာရှိဘ ယိုရှီတာကာနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိပါဟု ဆိုစေဦးတော့။ သူ့ရင်ထဲ၌ ယင်းကိစ္စနှင့် ပတ်သက်၍ တနုံ့နုံ့ ခံစားနေရပေလိမ့်မည်။ အာယနဲသည် ဤသို့သော လူစားမျိုး။

ကုစာနာဂိသည် ကိုယ်ကို ပြန်လည် မတ်ထူပြီး လည်စည်းဖဲကြိုးကို ဖြေလျှော့လိုက်သည်။ သူ၏ အကြည့်သည် စားပွဲပေါ်တွင် ဖြစ်သလို ပစ်တင်ထားခဲ့မိသော ရုပ်ပြစာအုပ်နှစ်အုပ်အပေါ်သို့ ရောက်ရှိသွားသည်။ ၎င်းတို့သည် စာအုပ်တိုက်မှ ယူဆောင်လာခဲ့သော ကျုကူအိ ဂျွန်ကို၏ စာအုပ်များ ဖြစ်ကြသည်။

သူသည် ခုတင်ပေါ်သို့ ပြန်လှဲချလိုက်ပြီး ရုပ်ပြစာအုပ်ကို ဟိုဟိုဒီဒီ လျှောက်လှန်ဖတ်ကြည့်နေသည်။ ‘နှင်းလူလဲကျပြီ’ ဟူသော ရုပ်ပြစာအုပ်ထဲတွင် ပါရှိသော ပုံပြင်မှာ နှင်းပြည်မှ နှင်းလူတစ်ယောက်သည် တစ်နေ့တွင် နွေးထွေးသော နယ်သစ်ပယ်သစ်ကို ရှာဖွေရန်အတွက် မိမိ၏ တိုင်းပြည်မှ စွန့်စားထွက်ခွာလာသော ခရီးစဉ်အကြောင်း ဖြစ်သည်။ ပုံပြင်ထဲတွင် နှင်းလူသည် တောင်ဘက်သို့ ဆက်လက်၍ ခရီးထွက်လိုသော်လည်း အရှေ့သို့ ဆက်တိုးလျှင် ကိုယ်ခန္ဓာမှာလည်း အရည်ပျော်သွားနိုင်သည့် ဘေးကျပ်နံကျပ်နှင့် ကြုံတွေ့နေရသည်။ သို့ဖြင့် နှင်းလူသည် ခရီးစဉ်ကို ရှေ့ဆက်မသွားရန် ဆုံးဖြတ်၍ မိမိ၏ မွေးရပ်မြေဖြစ်သော ရေခဲသည့် ဒေသသို့ လှည့်ပြန်ရန် ပြင်ဆင်ရတော့သည်။ အိမ်အပြန်လမ်းပေါ်တွင် ကြုံရတွေ့ရသော အိမ်တိုင်းအိမ်တိုင်း၏ ပြတင်းပေါက်မှ အတွင်းသို့ လှမ်းကြည့်လိုက်လျှင် မိသားစုဝင်တိုင်းသည် မီးပုံကို ပတ်လည်ဝိုင်း၍ ထိုင်နေကြသည်ကို တွေ့မြင်နေရသည်။ မိသားစုဝင်တိုင်း၏ မျက်နှာများပေါ်တွင် ပျော်ရွှင်ချမ်းမြေ့မှုက အထင်းသား ပေါ်လွင်နေကြသည်။ ရယ်ရယ်မောမောနှင့် စကားလက်ဆုံ ကျနေကြသည်။

“အိမ်အပြင်ဘက်မှာတော့ ဘယ်နေရာကြည့်ကြည့် ဖြူဖွေးပြီး အေးခဲနေကြတယ်။ အခုမှ အိမ်တွင်း အနွေးဓာတ်ရဲ့ အဖိုးတန်မှုကို ပိုပြီး နားလည်သဘောပေါက်တော့တယ်ဗျာ” အိမ်တွင်းမှ လူများ ဤသို့ ပြောဆိုနေကြသည်။

ထိုစာမျက်နှာပေါ်မှ ကာတွန်းရုပ်ပုံများကို စူးစူးစိုက်စိုက် ကြည့်ရှုလိုက်သည့် အခါတွင် ကုစာနာဂိသည် ခုတင်ပေါ်မှ ထခုန်လုမတတ် ဖြစ်သွားခဲ့သည်။

ယင်းရုပ်ပုံကားချပ်ထဲ၌ နှင်းလူသည် အိမ်၏ ပြတင်းပေါက်မှ ခေါင်းထိုး၍ အတွင်းသို့ လှမ်းကြည့်နေသည်။ ထိုအိမ်၏ နံရံပေါ်တွင် ကုစာနာဂိ မြင်ခဲ့ဖူးသော အရာတစ်ခုကို ချိတ်ဆွဲထားလေသည်။ အညိုရောင် နောက်ခံပေါ်တွင် ရောင်စုံမှန်ပြောင်းထဲမှ အရောင်အသွေး အမျိုးမျိုးသော မှန်ကူကွက်များကဲ့သို့ ပွင့်ဖတ်များအလား အလှဆင်ထားသော ပန်းချီကားတစ်ချပ်။

ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ရစဉ် အခါက ဖြစ်ပေါ်ခဲ့သော စိတ်ခံစားမှုကိုပင် ယခုအချိန်ထိ ကုစာနာဂိ မှတ်မိနေသေးသည်။ မည်သည့်နေရာတွင် တွေ့မိခဲ့ပါလိမ့် … ။

မာရှိဘလင်မယား၏ အိပ်ခန်း။ ဟုတ်ပေသည်။ သူတို့အိပ်ခန်း၏ ခေါင်းရင်းနံရံပေါ်တွင် ယင်းသို့သော အသွင်အပြင်ရှိသည့် စပ်ထည်ပန်းချီကားတစ်ချပ်ကို ချိတ်ဆွဲထားသည်။

နေ့ခင်းကပင် အာယနဲသည် ယင်းပန်းချီကားကို သင်တန်းကျောင်း၏ နံရံတစ်ခုပေါ်တွင် ချိတ်ဆွဲရန်အတွက် ကုစာနာဂိကို အကူအညီ တောင်းနေခဲ့သေးသည်။ သို့သော် နောက်ပိုင်းတွင် ရုတ်တရက် စိတ်ပြောင်းသွားကာ နောက်မှ သူ့ဘာသာသူ ချိတ်တော့မည်ဟု ပြောဆိုခဲ့သည်။

ကျု
ကူ
အိ ဂျွန်ကိုဟူသော နာမည်ကို ကြားသွား၍ပေလော။ ရုပ်ပြစာအုပ်တွင် ယင်းပန်းချီကားကို ထည့်ဆွဲထားသောကြောင့် ကုစာနာဂိကို မမြင်စေလို၍ ဖြစ်ပေလိမ့်မည်။

ကုစာနာဂိသည် လက်နှစ်ဖက်ဖြင့် မိမိဦးခေါင်းကို ဆုပ်ကိုင်ထားလိုက်သည်။ ပြင်းထန်လွန်းသော နှလုံးခုန်သံများကို နားထဲတွင် တဒိတ်ဒိတ် ကြားနေရသည်။

***

နောက်တစ်မနက်တွင် ဖုန်းမြည်သံကြောင့် ကုစာနာဂိ လန့်နိုးလာသည်။ ၈ နာရီကျော်လေပြီ။ သတိဝင်လာ၍ ကြည့်လိုက်သည့်အခါတွင် သူသည် ဆိုဖာပေါ်တွင် လဲလျောင်းနေသည်။ သူ၏ မျက်စိရှေ့တွင် ရှိသော စားပွဲခုံပေါ်တွင် ဝီစကီတစ်ပုလင်းနှင့် ဖန်ခွက်တစ်လုံး ချထားသည်။ ယင်းဖန်ခွက်ထဲတွင် ဝီစကီတစ်ဝက်ခန့် ကျန်ရှိနေသေးသည်။

သူ ပြန်လည်၍ သတိရလာသည်။ ယမန်နေ့ညက တစ်ညလုံး ဘယ်စောင်းညာလှိမ့်ဖြင့် မည်သို့မျှ အိပ်မရခဲ့။ နောက်ဆုံးတွင် အိပ်ပျော်စေရန်အတွက် ဝီစကီကို မဖြစ်မနေ မှီဝဲခဲ့ရသည်။ သူ့ကို အိပ်မရအောင် တားဆီးနှောင့်ယှက် နေခဲ့သော အကြောင်းအရာကိုမူ ပြန်လည် တွေးဆကြည့်ရန် လိုမည် မဟုတ်ပေ။

သူသည် လေးလံထိုင်းမှိုင်းနေသော ခန္ဓာကိုယ်ကြီးကို အားယူထူမလျက် စားပွဲပေါ်တွင် အဆက်မပြတ် အော်မြည်နေသော လက်ကိုင်ဖုန်းဆီသို့ လက်လှမ်းလိုက်သည်။ ဖုန်းခေါ်နေသူမှာ ဥကျုမိ ဖြစ်သည်။

“အေး … ပြော”

“ကျွန်မ ဥကျုမိပါ။ နံနက်စောစော အနှောင့်အယှက် ဖြစ်သွားလား မသိဘူး။ အရေးကြီးကိစ္စ ရှိလို့ ဆရာ့ကို မဖြစ်မနေ ဖုန်းလိုက်ရတာပါ”

“ဘာထူးခြားလို့လဲ”

“အဖြေထွက်လာပြီ ဆရာ။ Spring-8 ဆီက အစီရင်ခံစာ ထွက်လာပြီ။ ရေသန့်စက်ထဲမှာ အာဆန်နစ်တွေ့တယ်တဲ့”

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *