“သူက ကျွန်မကို မေးခွန်း မေးရတဲ့ ရည်ရွယ်ချက်ကို မေးလာတော့ ကျွန်မလည်း ဘာပြန်ဖြေရမှန်း မသိတော့ဘူး။ ကျွန်မကိုယ်တိုင်တောင် ဘာကြောင့် မေးနေလို့ မေးနေရမှန်း မသိဘူး ဖြစ်နေတယ်။ တကယ်ဆို မေးခွန်းမေးမယ့်သူ ကိုယ်နှိုက်က ရည်ရွယ်ချက်ကို နားလည်အောင် လေ့လာပြီးမှ မေးခွန်း မေးသင့်တာ မဟုတ်လား” ဥကျုမိသည် ကော်ဖီခွက်ကို ကောက်ကိုင်လိုက်သည်။ ထိုအချိန်က သူသည် ယုကာဝါ၏ ဓာတ်ခွဲခန်းထဲတွင် ရောက်ရှိနေသည်။ လွန်ခဲ့သောနှစ်ရက်က ယုကာဝါ တောင်းဆိုခဲ့သော စုံစမ်းစစ်ဆေးမှုများ၏ ရလဒ်ကို သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
“ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါကိုတော့ ကြည့်ရဦးမှာပေါ့” မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ယုကာဝါသည် အစီရင်ခံကို ဖတ်နေရာမှ ခေါင်းထောင်လာသည်။ “အဲဒီလို လုပ်ရတာကလည်း အကြောင်းရှိတယ်လေ။ တစ်ခါသားမှ မဖြစ်ဖူးသေးတဲ့ ပြစ်မှုမျိုး၊ အင်မတိ အင်မတန်မှ ဖြစ်နိုင်ခဲတဲ့ ရှားပါးပြစ်မှုမျိုးကို ကျူးလွန်ခဲ့ခြင်း ရှိမရှိ အတည်ပြုနိုင်ဖို့ အဲဒီလို လုပ်ရတာပဲ။ အဲဒီလို ဖြစ်နိုင်ခြေ ရှိမရှိ ဆိုတာကို အတည်ပြုနိုင်ဖို့ တော်ရုံတန်ရုံ လူမျိုးက လုပ်နိုင်တာ မဟုတ်ဘူး။ အဲဒီလူမျိုးတွေက ကိုယ်ပိုင် အယူအဆ၊ ကိုယ်ပိုင် ယုံကြည်ချက်တွေကြောင့် တစ်ခါတလေမှာ ဘက်လိုက်ပြီး ဆုံးဖြတ်သွားတတ်ကြတယ်။ ရယ်နေး-ပရောစပါး ဘလွန်လော့ (René-Prosper Blondlot) ဆိုတဲ့ ရူပဗေဒပညာရှင်ကို သိလား။ အဲ … ခင်ဗျား မသိနိုင်လောက်ဘူး ထင်တယ်”
“ကျွန်မ ကြားတောင် မကြားဖူးဘူး”
“သူက ၁၉ ရာစုရဲ့ နောက်ပိုင်း ရာစုနှစ်ဝက်ထဲမှာ အင်မတန်မှ တက်ကြွခဲ့တဲ့ ပြင်သစ် သုတေသနပညာရှင် တစ်ယောက်ပေါ့။ ၂၀ ရာစု ဝင်ခါစနှစ်မှာပဲ ဘလွန်လော့က ဖြာထွက်ရောင်ခြည် အသစ်တစ်မျိုး တွေ့ရှိကြောင်း ကြေညာခဲ့တယ်။ N-rays လို့ နာမည်ပေးထားတဲ့ အဲဒီ ဖြာထွက်ရောင်ခြည်ဟာ ပိုပြီး အားကောင်းတဲ့ လျှပ်စစ်မီးပွားကို ထုတ်လုပ်နိုင်တယ်လို့ အဆိုရှိတယ်။ သူရဲ့ အဲဒီတွေ့ရှိချက်က အဲဒီခေတ်ရဲ့ ရူပဗေဒလောကမှာ သိမ့်သိမ့်တုန်အောင် ဟိုးလေးတကြော် ဖြစ်သွားခဲ့တယ်။ ခေတ်တစ်ခေတ်မှာ စာတင်လောက်တဲ့ တွေ့ရှိမှုကြီးလို့ ချီးကျူးခဲ့ကြတယ်။ ဒါပေမယ့် နောက်ဆုံးကျတော့ N-rays ဆိုတဲ့ ရောင်ခြည်မျိုး ဘယ်မှာမှ မရှိနိုင်ဘူးလို့ တွေ့ရှိလာရတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားနိုင်ငံမှာ ရှိတဲ့ သိပ္ပံပညာရှင်တွေက ဘယ်လောက်ပဲ စမ်းသပ်စမ်းသပ်၊ လျှပ်စစ်မီးပွင့်ကို ပိုပြီးတောက်ပအောင် ဘယ်သူမှ မလုပ်နိုင်ခဲ့ကြဘူး”
“ဒါဆို ဘလွန်လော့က အင်ထုခဲ့တာပေါ့”
“အင်ထုခဲ့တယ်လို့ ပြောလို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကိုယ်တိုင်က N-rays ရဲ့ တည်ရှိနေမှုကို အပြည့်အဝ ယုံကြည်ထားတယ်”
“ဘယ်လိုကြီးလဲ”
“ဒီလိုလေ။ မူလစမ်းသပ်စဉ် အခါတုန်းက လျှပ်စစ်မီးပွင့်ရဲ့ အလင်းကို ဘလွန်လော့ တစ်ယောက်တည်းကပဲ မြင်ခဲ့ရတယ်။ အဲဒါ အမှားရဲ့ ဇာစ်မြစ်ပဲ။ N-rays ကို အသုံးချပြီး လျှပ်စစ်မီးပွင့်ကို တောက်ပမှု အားကောင်းအောင် လုပ်နိုင်တယ် ဆိုတဲ့ အဆိုက သူရဲ့ ဆန္ဒသက်သက်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ရဲ့ လှည့်စားမှုပဲ ဆိုတာကို နောက်ပိုင်းကျတော့ လူတွေက သက်သေပြနိုင်ခဲ့တယ်”
“ဪ … ကြီးမြတ်တဲ့ ရူပဗေဒပညာရှင်ကြီးတောင်မှ
သေးနုပ်တဲ့
အမှားမျိုး မှားတတ်သေးတာပဲ”
“တင်ကူးမှန်းဆထားချက်ကြောင့် ဖြစ်ပေါ်လာတဲ့ ဘက်လိုက်မှုတွေက သိပ်ကို အန္တရာယ်ကြီးတဲ့ အရာတွေပဲ။ အဲဒါကြောင့် ကျွန်တော်က ခင်ဗျားကို ဘာမှ ကြိုအသိမပေးခဲ့တာ။ အဲဒီလို အသိမပေးထားလို့ပဲ ဓမ္မဓိဋ္ဌာန်ကျတဲ့ သတင်းအချက်အလက်တွေကို အခု ရလာခဲ့တာပေါ့”
ယုကာဝါ၏ အကြည့်များသည် ဥကျုမိ ပို့လာပေးသော အစီရင်ခံစာပေါ်သို့ ပြန်လည်
ရောက်ရှိသွားသည်။
“ဒါဆို ရလဒ်ကရော … ။ စိတ်ကူးယဉ်အဖြေ ဖြစ်နေပြီလား”
ယုကာဝါသည် ချက်ချင်း ပြန်မဖြေသေးဘဲ မျက်မှောင်ကို ကြုတ်လျက် အစီရင်ခံစာကို ပေါက်ထွက်လုမတတ် စိုက်ကြည့်နေလေသည်။
“အဲဒီတုန်းက ရေခဲသေတ္တာထဲမှာ ရေဗူးတွေ အများကြီး ကျန်သေးတာပဲ” သူက
တိုးညင်းစွာ
ရေရွတ်လိုက်သည်။
“အဲဒီအချက်ကို ကျွန်မလည်း ထူးဆန်းနေတာ။ မစ္စစ်မာရှိဘက ပြောဖူးတယ်။ သူတို့အိမ်မှာ ဘယ်တုန်းကမှ ရေသန့်ဗူး ပြတ်တယ်ရယ်လို့ မရှိခဲ့ဘူးတဲ့။ ဒါပေမယ့် သူ့မိဘအိမ်ကို ပြန်သွားတဲ့ ဒုတိယမြောက်ရက်မှာ ရေသန့်ဗူးက တစ်ဗူးပဲ ကျန်တော့တယ်။ အဲဒါ ဘာကြောင့် ဖြစ်နိုင်လဲ”
ယုကာဝါသည် လက်နှစ်ဖက်ပိုက်လျက် မျက်လုံးကို စုံမှိတ်ထားသည်။
“ဆရာ …”
“အဲဒါ မဖြစ်နိုင်ဘူး”
“ရှင်”
“အဲဒီလို ကိစ္စမျိုးက ဘယ်လိုမှ မဖြစ်နိုင်လောက်ဘူး။ ဒါပေမယ့် …”
ယုကာဝါသည် မျက်မှန်ကို ချွတ်ပြီး လက်ချောင်းများဖြင့် မျက်ခွံများကို နှိပ်နယ်နေလေသည်။ ထို့နောက် တုတ်တုတ်မျှ လှုပ်ရှားခြင်း မပြုတော့ပေ။